Monday, March 14, 2022

အလင်း ကွယ် ရာ


 

❝ အလင်း ကွယ် ရာ ❞

ဘုရား ကို ဝတ်ပြုနေတဲ့ လူတွေရဲ့ စိတ် ထဲမှာတော့ အေးချမ်း တဲ့ စိတ်သန္တာန်တွေ ကိန်းဝပ် နေမှာပဲလို့ ကျုပ် တွေးမိတယ် ။ ကျုပ် ရင် ထဲ မှာတော့ တမြည့်မြည့် ပူလောင်နေလေရဲ့ .. ။ ရင်ပြင်တော် ပေါ် မှာ ထောင်ထားတဲ့ ကျုပ် ရဲ့ ဆိုင်းဘုတ်လေး ပေါ် က ...

“ ရွှေပုံရိပ် ဓာတ်ပုံဆိုင်

ခုရိုက် ခုယူ

အမြန်ရပြီ”

ဆိုတဲ့ စာလုံးလေးတွေတောင် နေစားလို့ အရောင် ဖျော့တော့ တော့ ဖြစ်နေပြီး ကျုပ် ရဲ့ ဓာတ်ပုံဆရာ ဘဝ ကိုလည်း နေစား သွား သလား မသိပါဘူးဗျာ ။ ဖျော့တော့ လို့ .... ။

ကျုပ် လည်ပင်းမှာ တွဲလောင်းခိုနေတဲ့ Olympus E-30 DSLR ကင်မရာ အဟောင်းကလေး ကလည်း အသက် ရှူရ တစ်ချက် မရှူရ တစ်ချက် ပဲ ။ ကျုပ် ကတော့ ဘုရားပေါ် ကို လာတဲ့ စုံတွဲကလေးတွေများ တွေ့ရင် ...

“ ညီလေး ဓာတ်ပုံ ရိုက်သွားပါဦးလား ”

"သမီးတို့ ဓာတ်ပုံ ရိုက်သွားကြဦးလေ”

ဆိုပြီး မျှော်လင့် တကြီး တတွတ်တွတ် လိုက် ပြောနေမိတာပဲ ။ ဒါပေမဲ့ အားလုံးက ခေါင်းခါ ပြသွားကြတာတွေ ချည်းပါပဲလေ ။

ဒီ ခေတ်ကြီး က ဓာတ်ပုံဆရာ ဆီမှာ ဓာတ်ပုံ ရိုက်တဲ့ ခေတ် မဟုတ်တော့ဘူး ။ လူ တိုင်း နီးပါးရဲ့ လက် ထဲမှာ ဒစ်ဂျစ်တယ်ကင်မရာ လေးတွေ ၊ Smart ဖုန်းတွေ ရှိနေကြပြီပဲ ။ ဓာတ်ပုံ ရိုက်တယ် ဆိုတာ ဟို ခေတ်ကလို တကူးတက ရိုက်ပြီး ဓာတ်ပုံတွေကို Album ထဲမှာ တရိုတသေ သိမ်းတဲ့ ခေတ် မဟုတ်တော့ဘူးကိုး... ။

ဓာတ်ပုံ ရိုက်တယ် ဆိုတာ ကျုပ် ကို တစ်သက်လုံး ထမင်း ကျွေး လာတဲ့ ပညာဗျ ။ အို .. ကျုပ် တင် မက ပါဘူးလေ ။ ကျုပ်တို့ လင်မယား ရော ကလေး ၃ ယောက် စလုံး အရွယ် ရောက်တဲ့ အထိ ဒီ ပညာ နဲ့ပဲ ရှာဖွေကျွေးခဲ့တာ ။ အခုတော့ ကျုပ်တို့ကို ထမင်းကျွေးတဲ့ ပညာ က လူတကာ ရဲ့ လက်ထဲမှာ ပညာရပ် တစ်ခု မဟုတ်တော့ဘဲ အပျော်တမ်း ကစားနည်း တစ်ခု လောက် သာသာ ဖြစ်နေတာကို မြင်ရတော့ ရင်ထဲမှာ ခြောက်ကပ်ကပ်ကြီး ဗျာ ...  ။

ဟော .... ပြောရင်း ဆိုရင်း အသက် ၂၀ ကျော် ကလေးမ တစ်သိုက် က ကျုပ် ရပ်နေတဲ့ ရာဟုထောင့် ဘက်ဆီ ကို ရယ်ကာမောကာ နဲ့ တစ်ယောက် ကို တစ်ယောက် ရိုက်ပုတ်တွန်းထိုးရင်း လျှောက်လာ နေကြတယ် ။ ကျုပ် အနား ကို ဖြတ်သွားတုန်း ..

“ သမီး တို့ ဓာတ်ပုံ ရိုက်သွားကြဦးလေ ”

အကျင့် ပါနေတဲ့ ကျုပ် ပါးစပ်က လွှတ် ခနဲ ဈေး ခေါ် ခေါ်လိုက် မိတယ် ။ စိတ်ထဲ မှာတော့ သိပ် မျှော်လင့်ချက် မထားပါဘူး ။ ထင်တဲ့ အတိုင်းပဲ ။ သူတို့ကလည်း လှည့်တောင် မကြည့်ဘူး ။ သုံးလေးလှမ်းလောက် လျှောက်သွားကြပြီးတော့ အသားညိုညို ဝဝ နဲ့ ကောင်မလေး က မျက်မှန် နဲ့ ကောင်မလေး ကို လှမ်းပြီး ...

“ ငါ့ ကို ဒီနားလေးမှာ ဓာတ်ပုံ ရိုက်ပေး .. ရော့ ” ဆိုပြီး သူ့ လက်ထဲက ဖုန်း ကို လှမ်းပေးလိုက်တယ် ။ မျက်မှန် နဲ့ ကောင်မလေး က ...

“ အေး .. အေး” လို့ ပြောပြီး ဖုန်းထဲ က ကင်မရာ နဲ့ ရှေ့တိုး နောက်ဆုတ် ချိန်ဆနေတယ် ။

ဘာရယ် မဟုတ်ဘူး ။ ကျုပ် က လှမ်းကြည့်မိတော့ နေရောင် ရဲ့ အလင်း အားကလည်း အကျဘက် အချိန် ရောက်နေ ၊ ကောင်မလေး အသားကလည်း ညိုညို နဲ့ အလင်း ကို ဘေးတိုက် ပေးပြီး ရိုက်နေတာဟာ ဘယ်လိုမှ ပုံကောင်းတစ်ပုံ ထွက်မှာ မဟုတ်ဘူးလို့ ကျုပ်ရဲ့ အတွေ့ အကြုံအရ သိလိုက်တယ် ။ အဲဒါကြောင့် ကျုပ် ပါးစပ် က လွှတ်ခနဲ ..

“ ဟဲ့ .. သမီးလေး က ဒီဘက် နားကနေ လာ ရိုက်လေ ။ ဟို သမီးလေး က ညာဘက် နည်းနည်း တိုးလိုက် ၊ Contrast တွေ အရမ်းများ နေလိမ့်ဦးမယ် ။ သတိထား ”

လို့ လှမ်းပြီး သတိပေးမိသွားတယ် ။ မျက်မှန် နဲ့ ကောင်မလေး က ကျွန်တော့် ကို ဖျတ်ခနဲ လှည့်ကြည့်တယ် ဆိုရုံ ကြည့်ပြီး သူ့ အဖော် ကို ဖုန်း နဲ့ ရွယ်မြဲတိုင်း ရွယ်နေတယ် ။ ကျုပ် ပြောတာကို တစ်စက်မှ ဂရု မစိုက်ပေါင်ဗျာ ၊ အသားညိုညို နဲ့ ကောင်မလေး က ...

“ ဟဲ့ .. ငါ့ ကို လှလှလေး ရိုက်ပေးနော်” လို့ လှမ်းပြောတော့ သူ က ...

“ အောင်မလေး .... နင် ကလည်းဟာ ပူစရာမရှိ ကြံဖန် ပူနေ ပြန်ပြီ ။ နင့် ပုံကို Computer ထဲ ထည့်ပြီး Photoshop နဲ့ ပြင် လိုက်ရင် နင့် တစ်ကိုယ်လုံး ရေရေ လည်လည် လှသွားမှာ"

“  ဪ .. အေး .. အေး ”

ပြောပြောဆိုဆို နဲ့ ဖုန်း က ကင်မရာခလုတ် ကို ဖျတ်ခနဲ နှိပ်ချလိုက်တယ် ၊ ကျုပ် ရဲ့ နှလုံးသားထဲ ကိုလည်း တစ်စုံတစ်ရာ ဖျတ်ခနဲ နှိပ်ချလိုက်သလိုပဲ ။

“ Photoshop နဲ့ ပြင်လိုက်ရင် လှသွားမှာတဲ့လား ။ ကျုပ် တစ်သက်လုံး ဆည်းပူးလာတဲ့ ပညာတွေဟာ Photoshop လောက် တောင် အသုံး မတည့်တော့ဘူးလား မသိပါဘူးဗျာ ”

လို့ တွေးရင်း ဘုရားရင်ပြင်ပေါ်မှာ သွားလာနေကြတဲ့ စုံတွဲတွေ သက်ကြီးရွယ်အိုတွေ ၊ မြီးကောင်ပေါက် ကောင်လေး ၊ ကောင်မလေး တွေကို ကျုပ် ငေးမော ကြည့်နေမိတယ် ။ ဘာမှ အဓိပ္ပာယ် မရှိဘူး ။ ဒီ ရင်ပြင်တော် ပေါ်မှာ ကျုပ် ရပ်နေတာဟာ အလကား အပို သက်သက် ဖြစ်နေ တယ် ။ ယောင်ယမ်းပြီး အင်္ကျီ အိပ်ကပ် ထဲကို စမ်းကြည့်လိုက်တော့ ၁၀၀၀ တန် တစ်ရွက်နဲ့ ၂၀၀ တန် ခပ်နွမ်းနွမ်း တစ်ရွက် ရှိနေတယ် ။ ဒါတောင် မနက်ပိုင်းတုန်းက နယ် က ဘုရား လာ ဖူးတဲ့ မိသားစု တစ်စု အမှတ်တရ ဆိုပြီး ဓာတ်ပုံ ဝင် ရိုက်သွားကြလို့ ...  ။

ကဲပါလေ ... ရသလောက်နဲ့ပဲ တင်းတိမ် ရတော့မှာပေါ့ ။ နေရောင်ကလည်း တော်တော် စောင်းလာပြီး ဒီအချိန် ဓာတ်ပုံ ရိုက်လို့ ကလည်း ပုံထွက် သိပ် ကောင်းစရာအကြောင်း မမြင်တော့ဘူး ။ အိမ် ကို ပြန်ဖို့ပဲ ကျုပ် ဆုံးဖြတ်လိုက်တော့တယ် ။

ooooo   ooooo   ooooo

( ၂ )

ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်း က လှေကားထစ်တွေ အတိုင်း ကျုပ် တစ်လှမ်းချင်း ဆင်းလာခဲ့တယ် ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ် က တုန်းကတော့ ဟောဒီ လှေကားထစ်တွေ အပေါ်မှာ ကျုပ် ခြေလှမ်းတွေဟာ ပြိုင်မြင်း တစ်ကောင် လို ကြွကြွရွရွ လှမ်းနေခဲ့တာပေါ့ ။

အဲဒီတုန်းက ကျုပ် ခြေထောက်တွေ အနှုတ်အသိမ်း မြန်လိုက် ပုံများ အခု ပုံနဲ့ဆို ဘာမှ မဆိုင်ဘူး ၊ ဪ .. ဇရာ ပေါ့လေ ။ ခုဆို ကျုပ် တောင် အသက် ၅၀ ကို ၄ နှစ် စွန်းခဲ့ပြီပဲ  ။ ဟိုတုန်းကတော့ ၁၆ နှစ် ၊ ၁၅ နှစ် သားလေး မြင့်ရွှေ ဟာ ဆရာ့ ကင်မရာပုံး ကို ထမ်းပြီး မမောတမ်း မပန်းတမ်း ပညာ သင်ယူနေတဲ့ ကာလပေါ့ ... ။

ကျုပ် ရဲ့ ဆရာဦးစိန်ခို က ညောင်လေးပင် ဇာတိ လို့ ပြောတယ် ။ ဘယ် အရွယ် ကတည်းက ရန်ကုန် ရောက်နေသလဲတော့ မသိဘူး ။ ငယ်ငယ်လေး ကတည်းကပဲ ဖြစ်မယ် ထင်တယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ ပြောတဲ့ စကားထဲမှာ ဟိုးခေတ်တုန်းက အင်မတန် ထင်ရှားတဲ့ ' အဟူဂျာ ' အင် ဓာတ်ပုံတိုက် မှာ ပညာ သင်ဖူးတဲ့အကြောင်းတွေ ဘာတွေ ပါတာကိုး ။

ကျုပ် ဆရာ က သိပ် စေ့စပ်တယ် ။ ခိုင်းတာလည်း ရက်စက် တယ် ။ သူ ခိုင်းတာကို ဖင်ပေါ့ပေါ့ မလုပ်လို့ ကတော့ နီးရာပစ္စည်း နဲ့ ကောက်ပေါက်တာ ၊ ဓာတ်ပုံ ဆေးသား တင်တာတို့ ၊ ခဲစိုးတာတို့များ အချိုး မကျရင် ဆွဲ ထိုးတာတောင် ခံရသေးတယ် ။ ကျုပ် မှာ နှုတ်ခမ်း ပေါက် ရ သွား နဲ့ ရ နဲ့ ပေါ့ဗျာ ၊ ကျုပ် ကလည်း ပညာ လိုချင်တဲ့ သူ ဆိုတော့ ဘယ်လိုပဲ လုပ်လုပ် ကပ်ပြီး နေတာပဲဗျ ။ ဆရာ ကလည်း သူ့ ပညာကို တော်တော်နဲ့ ပေးတာ မဟုတ်ဘူး ။ သူ့ အိမ်မှာ ရေနွေးကျို ၊ ထမင်းချက် အဝတ်လျှော် နဲ့ နှစ် နှစ် လောက် အထိသာ ကြာလာတယ် ကင်မရာ ကို ကျုပ် မှာ လက်ဖျားနဲ့တောင် ထိခွင့် မပေးဘူး ။ အဲဒီတုန်းက ဆရာ့ဆီမှာ Compack Kodak Folding Camera တစ်လုံး ရှိတယ် ။ ၁၉၉၂ ခုနှစ် က ထုတ်တာမို့လို့ အိုတော့ အိုနေပါပြီး ၊ ဒါပေမဲ့ သူ့ခေတ် နဲ့ သူဆိုတော့ အဲဒါကိုပဲ အကောင်း လုပ်ပြီး ကိုင်ရတာပေါ့ ။ အခုခေတ် ခင်ဗျားတို့ မြင်ဖူးနေတဲ့ ကင်မရာတွေ နဲ့ တစ်စက်မှ မတူဘူးဗျ ။ ကင်မရာ မှန်ဘီလူး နဲ့ ဖလင်ကော်ပြား ထည့်တဲ့ သေတ္တာကို ဘာဂျာခေါက် ပုံစံ ကိုယ်ထည်နဲ့ စပ်ထားတာ ။ ဓာတ်ပုံ ရိုက် မယ့် လူ က ခေါင်းပေါ်မှာ အဝတ်မည်းကြီး ခြုံပြီး မှန်ဘီလူး ချောင်းကြည့် ပေါက် ကနေ ကြည့် ရတယ် ။ ထင်တဲ့ ပုံရိပ်ကလည်း စောက်ထိုးကြီး ဗျ ။ အဲဒီလို .... ။

အဲဒီ ကင်မရာ အပေါက်ကနေ ပထမဦးဆုံး စပြီး ချောင်းကြည့် ခွင့် ရတဲ့ နေ့က ဆို ကျုပ် ဖြင့် ပျော်လိုက်တာဗျာ ရင်တွေ ဘာတွေတောင် တလှပ်လှပ် နဲ့ ...  ။

ဟုတ်တယ်လေ .. ။ အရင်တုန်းကဆို ဆရာ က ...

“  မြင့်ရွှေရေ .. လက်ဖက်ရည် သွားဝယ်စမ်းဟေ့ ”

“ ဟုတ်ကဲ့ .. ဆရာ ”

ဒါက နေ့လယ်နေ့ခင်ပိုင်း နဲ့ ဧည့်သည်တွေ ဘာတွေ လာတဲ့ အခါမျိုး ၊ အဲ ... ညနေကျရင်တော့ ...

“ မြင့်ရွှေရေ .. လမ်းထိပ်ဆိုင် သွားစမ်းဟေ့ ”

ဒါဆိုရင်တော့ ကျုပ် အထာပေါက်ပြီး လွယ်အိတ်ထဲမှာ ငှက်ပျောဖူးပုလင်း တစ်လုံး ထည့်ပြီး ရပ်ကွက်ထိပ်က တရုတ်မဆိုင် မှာ အရက် သွားဝယ်ပေးရတယ် ။ အဲဒီလို လက်ဖက်ရည် ဝယ် အရက် ဝယ် နဲ့ အကြာကြီး နေလာခဲ့ရတာပေါ့ ။ ညဘက် ဆရာ အိပ်ခါနီးရင်လည်း နင်းနှိပ် ပေးရသေးတယ် ။

အဲ .. အဲဒီလို အနင်းအနှိပ်ခံရင်းနဲ့ မှ ဆရာ က စိတ်လိုလက်ရ ရှိတဲ့ အခါမျိုးဆို ဓာတ်ပုံပညာ နဲ့ ပတ်သက်တာ တစ်ခွန်းစ နှစ်စွန်းစ သင် ပေးလေ့ရှိတယ် ။ အဲဒါကို အမိ ဖမ်းပြီး နည်းနည်းချင်းစီ သင်ခဲ့ရတာပါ ။

နေပူ ( ၁၁ )  ၊ မိုးအုံ့ ( ၈ ) ဆိုတဲ့ လင်္ကာ ကို အလွတ် ကျက်ပြီး ဘယ်လို အခါမှာ အပါချာ ဘယ်လောက် ထားရမယ် ၊ ရှပ်တာ Speed က နှေးရင် ဘယ်လို မြန်ရင် ဘယ်လောက် စတဲ့ဟာတွေပေါ့ ။

ဘာ ဖလင် အမျိုးအစား ကို သုံးမှာလဲ ၊ ဘယ်လို မှန်ဘီလူးအမျိုး အစား ကို သုံးမှာလဲ ဆိုတာတွေ ဆုံးဖြတ်တတ်ဖို့ ကျုပ်မှာ နားထင် နားရင်းတွေ ပူစိမ့်နေအောင် အထိုးခံပြီး သင်ခဲ့ရတာပါဗျာ ။

ဓာတ်ပုံသမား မှာလည်း အမျိုးမျိုး ရှိတာပေါ့လေ ။ ဖက်ရှင် ဓာတ်ပုံတို့ ၊ မှုခင်းဓာတ်ပုံ ၊ သက်ငြိမ်ပုံတို့ စသဖြင့်ပေါ့ ။ ကျုပ် ကတော့ ပေါ့ထရိတ်သမား သက်သက်ပဲ ၊ လူပုံပဲ.. ။ တစ်ခါတလေ မင်္ဂလာဆောင် လိုက် ရိုက်တယ် ။ ကျုပ် ရဲ့အိမ်သူ နဲ့ စတွေ့တာလည်း ကျုပ်ဆရာ ရဲ့ ဓာတ်ပုံ ဆိုင် မှာ သူ က ပေါ့ထရိတ် လာ ရိုက်ရင်းနဲ့ တွေ့တာလေ ။

သူ နဲ့ ချစ်ကြ ၊ ကြိုက်ကြပြီး နှစ်နှစ်လောက် ကြာတော့ ယူကြ မယ်တွေ ၊ ဘာတွေ ဖြစ်ကရော ၊ ဆရာ က တောင် ...

“ ဟေ့ကောင် .. မြင့်ရွှေ မင်း က ဘာများ အဖြစ် ရှိသေးလို့ မိန်းမ ယူချင်ရတာတုန်း ”

လို့ မေးတယ် ။ ကျုပ် လည်း ရှိခိုးဦးတင် နဲ့ ဓာတ်ပုံဆိုင်လေး တစ်ဆိုင် ခွဲထောင်ချင်ပါတယ် ဆိုတဲ့ အကြောင်း ခခယယ ပြောရတော့ တာပဲ ။ ဒီတော့မှ ဆရာ က ..

“ မင်းတို့ ကိစ္စ တစ်နှစ်လောက် ဆိုင်းကြဦး ”

လို့ ပြောတယ် ။ အဲဒီက စလို့မှ ဖလင်ဆေးကူးတဲ့ ပညာကို  ကျကျနန သင် ပေးတော့တာပဲ ။ အရင်တုန်း ကလည်း ဆေးတော့ ဆေး ဖူးသပေါ့ ။ ဒါပေမဲ့ တတ်လို့ မဟုတ်ဘူး ။ ဆရာ က ဒါ လုပ်လိုက် ဆို လုပ် လိုက်တာပဲ ။ သီအိုရီတွေ ဘာတွေလည်း နား မလည်ပါဘူး ။

အချုပ်ကတော့ဗျာ ... ဖလင်ကော်ပြားပေါ်မှာ ငွေ ပါတဲ့ ဓာတ်ဆားတွေ ကပ် ထားတာပါပဲ ။ အဲဒီ ဓာတ်ဆားမှုန့်တွေ ကွာ မသွား အောင် ဂျယ်လတင် လို့ ခေါ်တဲ့ ဟာ နဲ့ အုပ်ထားတာ ။ အလင်း နှင့် ထိ လိုက်တော့ ငွေဓာတ်ဆားမှုန့်လေးတွေ က လင်းတဲ့ နေရာ လင်း ၊ မှောင်တဲ့ နေရာ မှောင်နဲ့ ပုံပေါ်လာတယ် ။ အဲဒါကိုမှ အမှောင်ခန်းထဲမှာမှ ဆေးရ ကူးရတာ  ။ ငွေဓာတ်ဆားတွေ ဆိုတာက Silver Bromide တို့ Silver Cloride တို့ကို ခေါ်တာပါပဲ ။ အမှောင်ခန်းထဲမှာ ဆေးတဲ့ အခါကျတော့ ဖလင်သားပေါ် က Silver Halide တွေကို လျှော့ချပေးနိုင်မယ့် Solution ကို သုံးရတာပေါ့ ။ ဘယ်လောက် ပြင်းအားနဲ့ ဆေးမယ် ၊ ဘယ်လောက် အပူချိန်မှာ ဆေးမယ် ၊ ဘယ်လောက် ကြာကြာ ဆေးမယ် ဆိုတာတွေ ကို ဆုံးဖြတ်ရတာ အရေးကြီးတယ် ။ နောက်ဆုံး ပုံထွက်ကောင်း ၊ မကောင်း ၊ Contrast များသလား နည်းသလား ဆိုတာတွေကို အဲဒါ တွေက ဆုံးဖြတ်ပေးတာပါပဲ ။

ပြီးသွားရင် ဓာတ်ဆားတွေ ကို Sodium သိုင်ယိုဆာလဖိတ် နဲ့ ဆေးပစ်ရတယ် ။ တစ်ခါတလေတော့လည်း အမိုးနီးယမ်း ကို သုံးတယ် ။ ပြီးရင် ရလာတဲ့ နဂ္ဂတစ်ဖလင် ကို ရေသန့်သန့် နဲ့ ဆေးရတယ် ။ အဲဒီ အဆင့်တွေ အားလုံး လက်စ လက်န မှန်မှန် နဲ့ ပုံကောင်း တစ်ပုံ ထွက်ဖို့ ကျုပ် မှာ ၅ နှစ် ကျော် ၆ နှစ်နီးပါး ထမင်းစား ကျွန်ခံ သင်လာရတာတဲ့ အချိန်ကာလ က မဟာ ဆိုလား ၊ ဘာ လား အဲဒီ ဘွဲ့မျိုးတောင် ရဖို့ ကောင်းနေပြီ ။ ဒါတောင် သူများ ခိုင်းဖက် အဖြစ် အထိုးအကြိတ် ခံပြီးမှ သင်လာခဲ့ရတာနော် ။

အခု ခေတ်များတော့ လွယ် လိုက်တာဗျာ ။

ဘာ ဓာတ်ဆားတွေရဲ့ နာမည်ကို မှ ကျက်နေ မှတ်နေ စရာ လည်း မလိုဘူး ၊ ဆေးရည်တွေ စပ်နေစရာလည်း မလိုဘူး ။ ကင်မရာ က Memmory ( မန်မိုရီ ) ကတ် လို့ ခေါ်တဲ့ ဟာလေးကို ကွန်ပျူတာ ထဲ ကူး ထည့်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ Printer ( ပရင်တာ ) လို့ ခေါ်တဲ့ ဟာထဲ ကနေ ဓာတ်ပုံ ချက်ချင်း တန်း ထွက်လာတော့တာပါပဲ ။

တစ်ခုတော့ ရှိတာပေါ့လေ ။ အခုခေတ်မှာ အဲဒီလို နည်းနဲ့ ထွက်လာတဲ့ ဓာတ်ပုံတွေ ဟာ ဘယ်လောက် ကြာကြာ ခံမယ်တော့ မသိ ဘူး ကျုပ်တို့ တုန်းကတော့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေဟာ ဗြုတ်ထ နေတဲ့ Printer Paper ( ပရင်းပေပါ ) အကောင်းစားနဲ့ ကူးထား သားစဉ်မြေးဆက် ကြည့်လို့ ရတဲ့အထိတောင် ခံ တာဗျ ။

ကျုပ်တို့ တုန်းက ပလတ်စတစ်အကြည်နဲ့ ဓာတ်ပုံ Album တွေ မပေါ်သေးဘူး ။ စက္ကူ ထူထူနဲ့ ချုပ်ထားတဲ့ စာအုပ်မှာ ဓာတ်ပုံ အရွယ်အစား ကို လိုက်ပြီး ထောင့်လေးထောင့်မှာ ဘရိတ်ထားနဲ့ ခွဲထား တဲ့ ပြီးတော့ ဓာတ်ပုံအပေါ်က ဆီစိမ်စက္ကူ နဲ့ အုပ်ပြီး သိမ်းတာ ။ ကျုပ် အိမ်ထောင် ကျ စက ကျုပ် မိန်းမ ကို ကိုယ်တိုင် ရိုက်ပေးတဲ့ ဓာတ်ပုံ အခုထိ အကောင်းအတိုင်း ရှိနေသေးတယ် ။ အဲဒီတုန်းက ကျုပ် ကိုင် ခဲ့တဲ့ ကင်မရာ Leica-11 Camera လေ ။ 135 ဖလင် ထည့် ရိုက်ရတဲ့ ကင်မရာပေါ့ ။ တစ်အိုးတစ်အိမ် တစ်စီးပွား စ ထူထောင်တော့မယ် ဆိုပြီး ရှိစုမဲ့စုလေးတွေ ရောင်းချပြီး ဝယ်လိုက်ရတာ ၊ အိမ်ထောင်ဦး ပစ္စည်းလို့ ပြောရင် ရတာပေါ့ ။ အခုများတော့ ဒစ်ဂျစ်တယ်ခေတ် တဲ့ ။

ဖလင် နဲ့ ရိုက်တဲ့ ကင်မရာတွေ အသုံး မတည့်တော့ဘူး ။ ကျုပ် တို့ သဘောကျဖူးတဲ့ Nikon တောင် မှ Nikon FM 10 နဲ့ Nikon F6 အမျိုးအစား နှစ်ခု နောက်ပိုင်း မှာ ဖလင် ထည့် ရိုက်တဲ့ နေရာတွေ ထပ် မထုတ်တော့ဘူး ။

ဖလင် ကင်မရာ ခေတ် ကုန်ပြီလေ ။ အခု ကျုပ် လူရာ မဝင် ဖြစ်နေသလိုပေါ့ ....  ။

ooooo   ooooo   ooooo

( ၃ )

ဘတ်စ်ကားပေါ်က တိုးတိုးဝှေ့ဝှေ့ ဆင်းလာခဲ့ပြီးတော့ ချက်ချင်း တန်းပြီး အိမ်ဆီ ကို လမ်း မလျှောက်နိုင်သေးဘူး ၊ မောတာ နဲ့ ဘတ်စ်ကားမှတ်တိုင် မှာ ခဏ ထိုင်နေရသေးတယ် ။ တမင် အချိန် ဆိုင်း နေတာလည်း ပါပါတယ်လေ ။ ကျုပ် အိပ်ကပ်မှာ ပါလာတဲ့ ပိုက်ဆံလေး မဖြစ်စလောက် နဲ့ အိမ် က ဇနီးသည် ကို ဘယ်လို မျက်နှာ ပြရ ဦးမယ် မသိဘူး ။

သား ၃ ယောက် ကလည်း မိဘ ကို တစ်ပြား မှ ပြန် မထောက် နိုင်တော့ ခက်တာပေါ့ ။ ဓာတ်ပုံသမားအတွေး နဲ့ ပြောရရင် ကျုပ် အဖြစ် က ရှေးခေတ် ကင်မရာသုံး မီးလုံးကြီးတွေလိုပဲ .. ။ မီး ထိုးလိုက်တာ နဲ့ အားပြင်းလွန်း လို့ ဓာတ်ပုံ အရိုက်ခံရတဲ့သူ ခမျာ မျက်လုံးတွေ ဘာ တွေတောင်  ပြာ သွားတဲ့အထိ ။ သားသမီးတွေ အရွယ်ရောက်လို့ သူတို့ ပြန် လုပ်ကျွေးရမယ့် အလှည့်ကျတော့ အခုခေတ် ဓာတ်ပုံသုံး မီးသီး တွေလိုပါပဲဗျာ ။ ဟို LED ဆိုလား အရောင်ဖျော့ဖျော့ နဲ့ မီးလုံး ပေါက်စနလေးတွေလေ ။

အင်း ... အဲဒီ အတိုင်းပဲ ။

ကျုပ် က သက်ပြင်း ကို လေးလေးပင်ပင် ချရင်း ဘတ်စ်ကား မှတ်တိုင်ကနေ တစ်လှမ်းချင်း ထပြီး ထွက်လာခဲ့တယ် ။ ကျုပ် တို့ ရပ်ကွက်ထဲ ဝင်တဲ့ လမ်းကတော့ ချိုင့်တွေ ခွက်တွေ အပြည့်ပဲ ။ လမ်းထဲ ကို ဝင်ကတည်းက မီးပျက်နေတာကို သတိထားမိတယ် ။ အိမ်ပေါ် ကို ကျုပ် လှမ်း တက်လိုက်တော့ ဖယောင်းတိုင် မထွန်းဘဲ ဒီအတိုင်း ထိုင် နေတဲ့ အိမ်သူ ဇနီးသည် ကို တွေ့လိုက်ရတယ် ။ ဒါနဲ့ ကျုပ် က ...

“ ဟဲ့ .. မယ်တင် မှောင်ကြီးမည်းကြီးထဲ ဘာ ထိုင် လုပ်နေတာလဲ”

ကျုပ် ရဲ့ အိမ်သူ က နည်းနည်း တုန်ယင်နေတဲ့ အသံ နဲ့ ခပ် တိုး တိုး ပြန်ပြောတယ် ။

“ မလေးရှား မှာ လှစိုးဦး အသတ် ခံရသတဲ့ တော်”

“ ဘယ် က လှစိုးဦး လဲ”

“ ကျွန်မတို့ သား အလတ်ကောင် နဲ့ အတူတူ မလေးရှား သွားတဲ့ တစ်ယောက်ပေါ့ ”

ကျုပ် ရဲ့ ပါးစပ် က “ ဪ ” လို့ ပဲ ခပ်တိုးတိုး ညည်းမိတယ်  ။ ဘာ ပြောရမယ်မှန်း မသိဘူးလေ ။ ကျုပ် ရဲ့ အိမ်သူ ကတော့ .....

“ အလတ်ကောင် အတွက်ပါ ။ ကျွန်မ စိတ် မချဘူး အဖေကြီး ရယ် ၊ ပြန် ခေါ်လိုက်ရင် ကောင်းမလား ”

လို့ အားကိုးတကြီး လေသံနဲ့ မေးတယ် ။ ခက်တာပဲ ... ကျုပ် ဘယ်လို ဆုံးဖြတ်ပေးရမှာလဲ ... ။

ဟိုကောင် လှစိုးဦး ကများ အရှုပ်အရှင်း တစ်ခုခု နဲ့ ငြိစွန်းခဲ့လို့ သတ်ခံရတာလား .. ။

ပစ္စည်း လုရင်း အသတ် ခံရတာလား .. ။

ဒါမှမဟုတ် ဘာကြောင့်လဲ ။

အခုတစ်လော မလေးရှား မှာ လူသတ်မှု ဖြစ်တဲ့ သတင်းတွေ ကိုတော့ ကြား ကြားနေရတယ် ။

ဟိုအရင် နှစ် ကလည်း မြန်မာတွေ အသတ်ခံရတယ် ဘာညာ နဲ့ ဖြစ်ပြီး စိတ်ပူတဲ့ သူတွေ စေတနာရှင်တွေ ဘုန်းတော်ကြီးတွေ က ထောက်ပံ့ကူညီတာ နဲ့ အလတ်ကောင်ရော ၊ သူ့ သူငယ်ချင်းပါ တစ်ပြား မှ မကုန်ဘဲ မြန်မာပြည် ပြန် ရောက်လာကြသေးတယ် ။

အဲဒါ ပြီးတဲ့နောက် ဘာကြာလို့လဲ ။ မလေးရှား ကိုပဲ ပြန် ထွက် ကြတာပဲ ။ ဘဝ နဲ့ ပတ်သက်လို့ ဆုံးဖြတ်ကြပုံတွေက ဒီဂျစ်တယ်ကင်မရာ ခလုတ် နှိပ်သလို ဖျတ်ခနဲ ဖျတ်ခနဲ ပဲ ။ နောက်မှ ကွန်ပျူတာ ထဲမှာ ပြင်မယ် ဆိုတဲ့ သဘောလား မသိဘူး ။ ကျုပ်တို့ တုန်းကတော့ ကင်မရာ ခလုတ် နှိပ်ဖို့ မီးရောင်တွေ ၊ အထားအသိုတွေ ကြည်လင်ပြတ်သားမှုတွေ ကို အကြာကြီး အချိန်ယူ ပြင်ဆင်ရသေးတာ ပိုင်နိုင်ပြီ ဆိုမှ ခလုတ် ပေါ်ကို လက် က နှိပ် ချလိုက်တာ ။ ဘဝ နဲ့ ပတ်သက်လာရင်လည်း ဒီ အတိုင်းပဲ ။ ကျုပ် က စိတ်မောမောနဲ့ ဦးခေါင်း ကို အသာ ယမ်းမိတယ် ။

ဘဝ နဲ့ ပတ်သက်လာရင် ကျုပ် ကတော့ ဒစ်ဂျစ်တယ်နည်းပညာ ကို မယုံဘူးဗျာ.. ။ ဘဝ ဆိုတာ Photoshop နဲ့ ပြင်လို့ ရတဲ့ အစားထဲက မဟုတ်ဘူး ။ ကျုပ် ခေါင်းခါတာကို မြင်သွားတဲ့ ဇနီးသည် က မျက်နှာ ပျက်ပျက်နဲ့ ...

“ ဘာဖြစ်လို့လဲ အဖေကြီး ရယ် လေယာဉ်စရိတ် နဲ့ ပွဲစားခ မကြေမှာ စိုးလို့လား .. ။ တော့် ဗီရိုထဲမှာ သိမ်းထားတဲ့ ဟို ကင်မရာ နှစ်လုံး ကို ထုတ် ရောင်းလိုက်ရင်ရော ရှင် ဘယ့်နှယ့်လဲ ”

သူ ပြောနေတဲ့ ကင်မရာ နှစ်လုံး ဆိုတာက ကျုပ် ရဲ့ မင်္ဂလာဦး ပစ္စည်း Leica 11 ကင်မရာနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က မစားရက် မသောက်ရက် ခြိုးခြံစုဆောင်းပြီး ဝယ်ထားတဲ့ Contax S ကင်မရာကို ပြောနေတာပါ ။ နှစ်ခုစလုံး က ဖလင် ထည့် ရိုက်ရတဲ့ ကင်မရာ တွေ ချည်းပဲလေ ။ ကင်မရာ ပေမဲ့ ကင်မရာ မဟုတ်တော့ဘူး ။ အလကား ပေးရင်တောင် ယူမယ့် လူ မှ မရှိတော့တာ ။

“ အဲဒီ ကင်မရာ နှစ်လုံး က မင်း နဲ့ ငါ့ လို ပါပဲ မိန်းမ ရယ် ...  ။ လူ ဖြစ်ပေမဲ့ ငါတို့ ဟာ လူရာ မဝင်ကြတော့သလိုပေါ့ .. ”

လို့ စိတ်ထဲကနေ ပြောနေမိတယ် ။ ပါးစပ်ကတော့ ထုတ် မညည်းမိဘူး ၊ ဇနီးသည် က ကျုပ်ဘာများ ပြောလေမလဲလို့ အားကိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ် ။ အခန်းထဲမှာ မီး မထွန်းထားတော့ သူ့ မျက်နှာဟာ မှုန်မှုန်မွှားမွှား နဲ့  ၊ အလင်းရောင် နည်းနေတယ် .... ။

ကင်မရာသမားစကားနဲ့ပြောရရင် လိုက်တင် ( Lighting ) မကောင်းဘူး ။ ပြီးတော့ ဘဝ ကလည်း လိုက်တင် ( Lighting ) မကောင်းဘူး  ။

◾ထက်မြတ်နိုင်ဇင်
      ၂၀၁၄

📖 ကျွန်တော့်ကို အမေသတ်ခဲ့တယ်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment