Sunday, September 25, 2022

စိန်ကြည် နော် စိန်ကြည်


 ❝ စိန်ကြည် နော် စိန်ကြည် ❞


“ စိန်ကြည် နော် ... စိန်ကြည် ၊ လင် ယူ ပက်စက်သည် ” 


ဂျပန်ခေတ် က ကျွန်မတို့ မြို့တွင် ယခု ခေတ် လမ်းသူရဲ ခပ်ဆန်ဆန် သူငယ်ကလေးများ အတော်များများ ရှိသည် ။ သူတို့ သည် ကျွန်မတို့ လမ်း ထဲ ရောက် လျှင် ထို သီချင်း ကို ဟစ် ၍ ဆို တတ်ကြသည် ။ ညဉ့် ၈ နာရီ လောက် လူပျိုပေါက်လေးများ လမ်းသလား ချိန် ဖြစ်၍ ထို သီချင်းသံ ကို ကျယ် လောင်စွာ ကြားရသည် ။  


နှိုင်းသာ နှိုင်း ရသော်လည်း ယခု ခေတ် လမ်းသူရဲလေးများ နှင့် လုံးဝ တူသည် ဟု မဆိုသာပါ ။ လမ်းသူရဲလေးများ သည် ဘောင်းဘီဖင်ကျပ် ဝတ် ပရက်စလေ လို လှုပ်၍ အမောက် တစ်တောင် လောက် နှင့် မကောင်းတာ ဟူသမျှ အားလုံး လုပ် ကြသည် ။


ဂျပန်ခေတ် ကျွန်မ တို့ မြို့ က သူငယ်လေးများ မှာ သူတို့ မျက်စိ စပါးမွေး စူးသော မိန်းမပျိုလေးများ နေသော လမ်းများ တွင် စောင်းမြောင်း သီချင်း ဆို သည်က လွဲ၍ နံနက် တွင် မူ သူတို့ သည် ဣန္ဒြေ ရစွာ နေ၍ အများ နှင့် သက်ဆိုင်ရာ လုပ် ကြသော လူငယ်လေးများ လုပ်ငန်း တွင် ဝင်ရောက် ပါဝင် သည် ကို တွေ့ရ၏ ။ ထို့ကြောင့် မြို့ က သူတို့ အော်သည် ကို ခွင့်လွှတ် ထားကြခြင်း ဖြစ်သည် ဟု ထင်ပေသည် ။


တစ်ခါက လည်း စာ သာ နှစ်တန်း လောက် တတ်သည် ၊  ဖောင်တိန် တကားကား စတိုင် ခပ်များများ နှင့် မိန်းကလေး အိမ် ရှေ့ တွင် ...


“ ရုပ်ရည် လှပတဲ့သူ ခင်ပျိုဖြူရယ် ၊  ဖောင်တိန်ကြီး လက်ကိုင်ထား လို့ အတန်းမြင့် တဲ့ ဂုဏ်ကြီးရှင် ရယ် ၊  အောက်က လူ တစ်ဖက်သား ကို သနားစိတ် နဲ့ ချစ်စမ်း စေချင်တယ် ” 


ဥပမာ ရှုစရာ ၊  ယခုအခါ ပြရမှာဖြင့် မိုင်တာကွင်း က မြင်းကျား ကြီးနဲ့ ပုံသဏ္ဍာန် တူတယ် ဟူ၍ ဟစ်အော် ဆို တတ်ကြသည် ။ ကျွန်မတို့ မှာ အပျိုဖော် အချင်းချင်း ထို သီချင်း အကြောင်း ပြော မိကြသော အခါ ကြိတ်၍ ရယ် ရ ပေသေးသည် ။


ယခု ဆိုသော သီချင်း မှာ မူ ကျွန်မတို့ လမ်း ထဲ တွင် ဆိုသော သီချင်း ဖြစ်၍ ကျွန်မ တို့ လမ်း ထဲမှ အပျို တစ်ယောက် ယောက် ကို တော့ ထိ လေပြီ ၊ သူ့ ကို လော ၊  ကိုယ့် ကို လော နှင့် အပျို အချင်းချင်း အတော် ဂယက် ရိုက် သွားသည် ။ ကျွန်မတို့ ညီအစ်မတွေ ကလည်း အပျိုပေါက်စ များ ဖြစ်သည် ။


မျက်စောင်းထိုး အိမ် မှ မငွေ ရင် က လည်း ဖြူဖြူလုံးလုံး နှင့် ပျိုပျိုမျစ်မျစ် ချစ်စရာ ပင် တည်း ။ သူ့ အသက် က ထိုစဉ်က နှစ်ဆယ် လောက် ရှိပြီ ။ ဒါပေမယ့် အစ်မကြီးများ အုပ်ထိန်း ထား၍ မငွေရင် သည် အပြင် ကို မှ မထွက်ရ ။ တစ်အိမ် ကျော် မှ အပျိုကြီး မမစန်း ကတော့ တရား လွန် လွန်း သည် ။ ဇီးကွက် ဝင်စားသလား မသိ ၊  ညဉ့် မှ ပင် သူ လမ်း လျှောက်သည် ကို မြင် ရတော့သည် ။ ထိုမျှ အိမ်တွင်းပုန်း သူ တည်း ။  


ကျွန်မတို့ အိမ် တွင် လည်း ကျွန်မ တို့ မှာ အပျိုပေါက်စ သာ ဆိုသည် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ဖြစ်၍ လင် ယူ ဖို့ ခက်သော အရွယ် များ ဖြစ်၏ ။ မမ တစ်ယောက် သာ အပျို ဖြစ်ဖြစ်မြောက်မြောက် ရှိသည် ။ သူ့ ကို ဆို ရအောင်ကလည်း အိမ် က စပ်ဟပ် ပေးစား သည် ကို ပင် ယောက်ျား ကို စကား ပြော ရသည် မှာ ပျင်းသည် ဆို ၍ သေသည် အထိ အပျိုကြီး ဘဝ နှင့် အရိုး ထုတ် တော့သည် ။


တစ်လမ်း တည်း ဖြစ် သော်လည်း ခုံးတံတား ခြားနေသော မြင့်မြင့် နှင့် မြိုင်မြိုင် တို့ ကလည်း ခေတ်သာ ဆန်သည် ။ ရှုပ်ရှုပ်ပွေပွေ မကြားမိသေး ။


" ကျွန်မတို့ အပျိုအုပ်စု မှာ နောက် နေ့ မမစန်း အိမ် တွင် ဆုံ မိကြ လျှင်တော့ ထို သီချင်းသံ အတွက် အတော် ကသိကအောင့် ဖြစ် ကြရသည် ။


“ နာမည် ဖွင့် ဆိုတာတောင် နင်တို့ က ကျွက်စီကျွက်စီ ဖြစ်ကြ ရသေးတဲ့ ၊  အ လိုက်တဲ့ သူငယ်မတွေ ၊  ဒါကြောင့် ဝါးခယ်မ တစ်မြို့လုံး အပျိုတွေ လင် ရတာတောင် ဘုရားကြီးလမ်း က ဟာတွေ ပုပ်သိုး ကုန် မှာ လို့ ကောင်လေးတွေ က ပြောတာ ” 


အပျိုကြီးဒေါ်ကျေး က ခုနစ်သံ နှင့် ပြော ပါတော့သည် ။ ဒေါ်ကျေး မှာ လေးဆယ် နီး ပေပြီ ။ ဖြူဖြူချောချော နှင့် ငါးပိ ငါးခြောက် ဈေးထဲ တွင် ရောင်း သော အပျိုကြီး ဖြစ်သည် ။ သူ သည် စိတ်သဘော ကောင်း ၍ သွက်လက်၏ ။ ကျွန်မ တို့ ပွဲ သွားလျှင် သူ က အပျိုအုပ် ပေ တည်း ။


“ ဟင်  ...  စိန်ကြည် ဆိုတဲ့ နာမည် ဘုရားကြီး မှာ မရှိပါဘူး ” 


ကျွန်မ က အိမ်တွင်းပုန်း မဟုတ် “ မလည်ရောက် ”  ဖြစ်၍ သွက်လက်စွာ ပြော၏ ။


“ နောက် ပြောင်း လာတဲ့ ယစ်မျိုး ဝန်ထောက် သမီးလေး နာမည် က စိန်ကြည် တဲ့ ” 


ဒေါ်ကျေး က ပြော ၏ ။


“ ကျွန်မ တို့ သိရတော့ မချော ပဲ ” 


မငွေရင် က ပြန် ပြောပြန်သည် ။


“ အမယ်လေး အာရှလူငယ်အသင်း မှာ နာမည် ပေးထားတာ ၊  ခင်စိန်ကြည် တဲ့ ၊  ကဲ .. သိပလား ၊  မချောစာ တို့ ” 


ယခုမှပင် ကျွန်မ တို့ ရှင်း ကြတော့သည် ။ သို့သော်လည်း ဤကဲ့သို့ နာမည် ဖွင့်၍ ဟစ် သီချင်း ဆိုချင်း မှာမူ ရိုင်းပြသည် ဟူ၍ ကျွန်မ တို့ အပျို တစ်စု က မှတ်ချက် ချမိသည် ။ ခင်စိန်ကြည် သည် အတော် လှပသည် ။ ကျွန်မတို့ ညီအစ်မ တစ်သိုက် နှင့် လည်း အတော် အကျွမ်းတဝင် ဖြစ် လာ သည် ။ သူ့ ကိုယ် မှ ပေါင်ဒါနံ့ မှာ ကျွန်မတို့ အပျို အုပ်စု သုံး တတ်သော သမာရိုးကျ ပွန်ပီယာ နှင့် အီးဗနင်းအင်ပဲရစ် ရနံ့များ မဟုတ် ၊  အတော် ဆန်း သော ပန်းရနံ့ တစ်မျိုး ဖြစ်သည် ။ ဂျပန်ခေတ် က နိုင်ငံခြားပေါင်ဒါ ရှား ၍ ဆန်းနစ်ခဲ ၊  ဆင်းသိဂီ နှင့် မှိုင်းဝေဝေ ပေါင်ဒါများ ကို နေ့စဉ် သုံး၍ တစ်ခါတစ်ရံ မှ သိမ်းထားသော ပွန်ပီယာ ကို ကျွန်မ တို့ ထုတ် သုံးကြ၏ ။


အာရှလူငယ်ပွဲများ တွင် ခင်စိန်ကြည် သည် ကျွန်မ တို့ မသုံးနိုင်သော ပန်းနုရောင် ပါးဆိုးဆေးများ ကို ပင် သုံး လာသည် ။


တစ်ခါတစ်ရံ ဂျော်ဂျက်လုံချည် နှင့် အင်္ကျီ ကို တစ်ဆင်တည်း ဝတ်၍ လာသောအခါ သူ ၏ တင် လုံးလုံးလေး မှာ ညက်ညက်ညောသော ရွေ့လျား သွားသည် ကို အတိုင်း သား မြင် နေရသည် ။


တခြားလမ်း က ဟယ်လင် နှင့် ဆင်နီ တို့ မှာ ယခင် က အလှသရဖူ ဆောင်း ကြသူတို့ တည်း ။ ယခုတော့ ကျွန်မတို့ လမ်း က ခင်စိန်ကြည် ကို သူတို့ လက် မြောက်ကြပြီ ။


ညဉ့်ဦး ရောက်လျှင်တော့ -


“ စိန်ကြည် နော် စိန်ကြည် .. လင်ယူ ပက်စက်သည် ”  


ဟူသော သီချင်း ကို ပိုမို ကျယ်လောင်စွာ ကြားရ၏ ။ ကျွန်မ တို့ မှာ တို့ နှင့် မဆိုင် ဟူ၍ သိပ် တုန်လှုပ်ခြင်း မရှိတော့ပေ ။ သို့သော် ... အလကားနေ အလကား ကျွန်မ သည် သောက များ တတ်သူ ပီပီ ခင်စိန်ကြည် အတွက် စိတ် မကောင်း တတ်ပေ ။


အပျိုကြီး ဒေါ်ကျေး သတင်း အရ ၊  နောက် ပြောင်းလာသော ဂုံအိတ် ကုန်သည် ရာမာရှီတား မှာ ကီတဂဝါး အိမ်တွင် နေသော်လည်း ညဉ့်စာ ကို ခင်စိန်ကြည် တို့ အိမ် မှာ လိုလိုကြီး စား ကြောင်း သိ ရသောအခါ ကျွန်မ စိတ် မကောင်း ဖြစ် ရပြန်သည် ။  


ကျွန်မ သည် အာရှလူငယ်အသင်း တွင် ဉာဏဗလမှူး ဖြစ်၍ ဂျပန် စာ သင်တန်း ကို ဖွင့်လှစ် ပေးရသော်လည်း ဂျပန်စာ ကို အအိအုအဲအော် မှ လွဲ၍ မတတ်ပေ ။ အင်္ဂလိပ်စာ မသင်ရ ဆိုတော့မှ ကျွန်မ သည် ပုန်းလျှိုး ကွယ်လျှိုး ဆရာမ မာဂရက် နှင့် အင်္ဂလိပ်စာ သင်ပါသည် ။  


စိန်ကြည် ကတော့ ဂျပန်စကား ကို အတော် ပင် ပြော တတ်နေ၏ ။ ကျွန်မတို့ ညီအစ်မ တစ်သိုက် ထဲ တွင် သူ သည် ကျွန်မ ကို ပို ခင်ပေသည် ။  


သူ့ အလှ ကို မြင် ရသောအခါ ဂျပန် နှင့် သူ ငြားမည် ကို ကျွန်မ ပို စိုး ရိမ်မိ၏ ။ ထိုအထဲ ညဉ့်တိုင် ကျ ၍ ...  


“ စိန်ကြည်နော် ... စိန်ကြည် လင်ယူပက်စက်သည် ” 


ဟူသော တဘောင် ကို သူငယ်လေးများ ရွတ် သောအခါ ကျွန်မ ပို၍ ရင်လေး၏ ။ 


သူ နှင့် တစ်နေ့ တွေ့ချိန် တွင် မူ


“ ဂျပန်တွေ ဟာ သိပ် ပါး ရိုက်တာပဲနော် ” 


ဟု ကျွန်မ ပြောမိ၏ ။ သူ သည် ပြုံး ၍ပဲ နားထောင် နေလေသည် ။ 


“ သူတို့ ရဲ့ ဒိုင်းတို့ဝကျိုအေးကင် ကလည်း စိတ်ညစ်စရာကြီး ”  


ဟူ၍ ပြော လျှင်လည်း သူ ရယ်မော နေတတ်ပါသည် ။  


သခင်ဝတင်ကြီး ဝါးခယ်မ ဘက် ဆင်း လာ၍ လူပေါင်း မှားပြီ ဟူသော တရား လာ ဟောချိန် တွင် မူ .. ခင်စိန်ကြည် တို့ ရန်ကုန် ကို ပြောင်း ကြရသည် ။


ကျွန်မ သည် ဂျပန်တော်လှန်ရေး အတွက် ငွေ လှူဖို့ ဆော်သြချိန် တွင် ကျွန်မ မိတ်ဆွေများ ထဲ မှ မခင်ဝေ ဆရာမ တို့ သည် ဂျပန်တော်လှန်ရေး အတွက် ငွေများ ထည့်ဝင် လှူဒါန်း လိုက်ကြ၏ ။ ကျွန်မ သည် ဂျပန် တော်လှန်ရေး တွင် ကိုယ်ထိလက်ရောက် ပါဝင်သူ မဟုတ်ပါ ။ ဟိုမှာဘက် တွင် မူ ခင်စိန်ကြည် သည် ရန်ကုန် ၌ ရာမာရှိတာ နှင့် လက်ထပ်လိုက်သည် ဟု သတင်း ကြား လိုက်ရပါသည် ။  


     •••••   •••••   •••••   •••••


စစ်ပြီး၍ ကျွန်မ ရန်ကုန် ရောက်ချိန်တွင် ခင်စိန်ကြည် သတင်း ကို ကြား ရပြန်သည် ။ ခင်စိန်ကြည် သည် တခြား ဂျပန်ကတော်များ လို မစားသာ လိုက် ၊ မြန်မာစစ်ဗိုလ် တစ်ယောက် ကို ကြိုက်မိ၍ ၊ သူ ၏ ရာမာရှီတား က သူ့ အား ပါး နာနာ ရိုက်သွားသည် ဟု ကြား ရသောအခါ ကျွန်မ အတော် စိတ် မချမ်းမသာ ဖြစ်ရပြန်သည် ။


နှင်းဆီရောင် ပြေးသော သူ့ ပါးလုံးလုံး မို့မို့လေး ကို မျက်စိ ထဲ တွင် မြင်ယောင် မိပါသည် ။  


ယခုအချိန် တွင် တော့ ကျွန်မ သည် ပင် အိုးအိမ် အတည်တကျ နှင့် လူကြီးဆန်ဆန် နေရသော အချိန် ဖြစ်၏ ။ တစ်ခါတစ်ရံ တွင် ဂျပန်ခေတ် အကြောင်း တွေး မိသောအခါ ခင်စိန်ကြည် ကို သတိရ၏ ။ ပြီးတော့ ဂျပန် က ရိုက်သွားသည် ဆိုသော ပန်းနုရောင်သွေး ၊ သူ့ပါးလေးများ ကို လည်း သတိ ရ၏ ။


သူ့ သတင်း ကို ဆက်၍ မကြားမိ ၊ သူ ကြိုက်သော မြန်မာစစ်ဗိုလ် နှင့် ပင် ယူ နေလေသလား ။


တစ်နေ့တွင်မူ ခြံဝ တွင် မာစီဒီကားနက်ကြီး တစ်စင်း ဆိုက် လာ သည် ။


“ မကြေးမှုံ ကို ခင်စိန်ကြည် က တွေ့ချင်လို့ တဲ့ ”  


မာလီအဘိုးကြီး က ပြောလာ၏ ။


“ ခင်စိန်ကြည် ”   


ကျွန်မ သည် သူ့ နာမည် ကို ရေရွတ်ရင်း အလန့် တကြား ပင် ဖြစ် သွားမိ၏ ။  


“ ဖွင့်ပေးလိုက်ပါ ဘကြီး ရယ် ” 


ကား ပေါ် က ဆင်းလာသူ မှာ ခင်စိန်ကြည် မှ ခင်စိန်ကြည် စစ်စစ် ပင်တည်း ။ ယခု စစ်ပြီးခေတ် တွင် အလှပြင်ကရိယာများ မှာ ဂျပန်ခေတ် က ထက် စုံ နေသော အခါဖြစ်၍ ခင်စိန်ကြည် သည် ပို၍ လှ ပို၍ နုပျို နေသည် ။


“ မှုံ ကြည့် ကို သတိ မရဘူးလားကွယ် ”  


သူ့ အသံ က ခပ်ချွဲချွဲအေးအေး လေး ဖြစ်၏ ။ သူ့ ရင် သည် ချွန် ၏ ။ တင် သည် မို့ ၍ ပေါင်တံ သည် သွယ် ၏ ။ စီး ထားသော ပန်းနုရောင်ခုံမြင့် က ချွန် လွန်း၍ မညီညာသော ကျွန်မ ၏ ခြံလမ်း ပေါ် တွင် သူ ချော်လဲ မှာ ကျွန်မ စိုးရိမ်၏ ။


သူ့ မျက်လုံး ပတ်ဝန်းကျင်တွင် ဘာရောင်တွေ မှန်းမသိ ဖြိုးပြိုးပြက် ပြက် အရောင် ထွက်နေသည် ထင်၍ ၊  ကျွန်မ ရဲရဲ မကြည့်ရဲ ၊  ပြီးမှ စူး စိုက် ကြည့်လိုက်သောအခါ မျက်ခွံ သည် ငွေမှုံရောင် ရောသော ပြာလဲ့လဲ့ အရောင် တစ်မျိုး ထွက်နေသည် ။  


နှုတ်ခမ်း မှာ နုပြေသော နှင်းဆီပန်းရောင်သွေး ဖြစ်၏ ။ ဂျပန် ရိုက် သွား သော သူ့ ပါးလေးများ သည် အသွေးအရောင် မလျှော့ ၊ ပဒုမ္မာကြာ ချပ် လို အဖြူတွင် နီရောင် သန်းနေလေသည် ။


“ မှုံ ဘာကို ငေး နေတာလဲ ဟင် ... ”  


သူ သည် ဧည့်ခန်းအတွင်းသို့ ဝင် ထိုင်၏ ။ 


“ ကြည်ကြည် သိပ် လှနေလို့ပေါ့ ၊  ခုလို နှစ်ယောက် ယှဉ် ရပ်နေလိုက်တော့ ကျွန်မ ပြင်ဆင်ပုံ က ၁၉ ရာစု နှစ် လောက်က ဟန်ပန် ဖြစ်နေတယ် ၊  ကြည် ကတော့ ၂၁ ရာစု ကို တောင် ခြေ ပြင်နေသလိုပဲ ” 


“ ဟား ... ဟား ... ဟား ... ဟား ” 


သူ သည် ပက်ပက်စက်စက် ရယ်၏ ။


“ ဒီ အပြောတွေ ကြောင့် ထင်တယ် ၊  မှုံ့ ကို ကိုယ် မေ့လို့ မရတာ ၊  တစ်ခါတစ်ခါ ဂျပန်ခေတ် မှာ ဝါးခယ်မ နေခဲ့ရတဲ့ အကြောင်းတွေ တွေး ရင်း ၊  အထူးပဲ မင်း ကို သတိရပါတယ်ကွယ် ၊  မင်း ကို ကြည့်ရတာ ၊  ဘာမှ မပြောင်းလဲဘူးနော် ” 


ကျွန်မ သည် သူ့ ကို ပြုံး၍ ကြည့်နေ၏ ။ 


“ ခေတ်မီ တယ် ဆိုတာ ဟာ အပြင်အဆင် ကို မဆိုလိုပါဘူးကွယ် ... သူ့ အတွေးအခေါ် အယူအဆ ထင်မြင်ပုံ ဟာ ခေတ် မီသလား ... မမီ ဘူးလား ဒါ ကို ကြည့် ရမှာပါ ” 


ဘုရား ... ဘုရား သူ လို မိန်းမ ပါးစပ် က ပေမယ့် ဤ စကားလုံး မျိုး ထွက် လာပါတကား ။ ကျွန်မ သူ့ ကို စောစောက ကိုယ် အလှ မှ လွဲ၍ ဘာ ကိုမှ ဂရု စိုက်မည့် မိန်းကလေး တစ်ယောက် မဟုတ် ဟု ထင်ခဲ့မိသည် ။


“ အပြော က လည်း ဆိုးဘူး ဆရာ ” 


ဟု ကျွန်မ က ဆိုလိုက်၏ ။ 


“ မဆိုး ဆို စစ်ဗိုလ် က သင် ခဲ့တာလေ ”  


“ ရာရှီတာ က သင်ခဲ့တာလား ”  


“ မဟုတ်ဘူး ၊ မြန်မာစစ်ဗိုလ် ” 


သူ သည် စီးကရက် တစ်လိပ် ဆွဲညှိသောက်လိုက် ကာ မီးခိုးများ ကို လှပစွာ ကြည့်ရင်း သူ သည် စကား ဆက်ပြော၏ ။


“ မှုံ့ ကို သတိ ရစေ တာက ရာမာရှီတာ က ကြည့် ကို ပါး ရိုက်တိုင်း ၊  မှုံ တစ်ယောက် ငါ့ ကို  သတိ ပေးခဲ့ပါကလား ဆိုတာ အမြဲ သတိရနေတယ်ကွယ် ” 


“ အခု ကြည်ကြည် ဘယ်မှာ နေလဲ ၊ ကြည်ကြည် ယောက်ျား တပ် က ဘာ တပ်လဲ ” 


သူ သည် မျက်လုံးများ ကို ပြူးတူးပြဲတဲလေး လုပ်ကာ 


“ ဘာ တပ်လဲ ဟုတ်လား ၊  မင်း စစ်ဗိုလ်လား ၊ ကိုယ့် ကို မာစီဒီ ဝယ် ပေးနိုင် မှာ ” 


“ ဟင် ဒါဖြင့် အဲဒီ စစ်ဗိုလ် နဲ့ မညားဖြစ်လိုက်ဘူးပေါ့ ” 


သူ သည် ဖြည်းညှင်းစွာ ခေါင်း ခါလိုက်၏ ။


“ ဒါတွေလည်း ဘာမှ မမေးနဲ့ မှုံ ရေ ၊ အဟောင်းတွေ အားလုံး မေ့ လိုက် ၊  ကိုယ် ကတော့ အမြဲ အသစ် အသစ် ပဲ ”  


သူ သည် အတည်ပေါက် ပြော နေရာ မှ ခပ်သောသော ရယ်ရင်း ... 


“ လောကကြီး သည် အမြဲ သစ်နေရမည့် ကြောင်လိမ်လှေကား သဖွယ် ကွေ့ကွေ့ပြီး အပေါ် ကို သာ မြင့် တက်သွားရမယ် ” 


ဟု ဆိုတော့၏ ။


“ အတည် စကား ပြော စမ်းပါ ကြည်ကြည် ရာ အရွှတ်ဘလွတ်တွေ ဖောက် လိုက်တာ ”  


ကျွန်မ က သူ့ ပခုံး ကို ပုတ် လိုက်လျှင် သူ သည် တခစ်ခစ် ရယ်တော့သည် ။


“ သိဘူး လေကွယ် ၊  ဂျပန် က သင် ခဲ့တာကော မြန်မာစစ်ဗိုလ် က သင် ခဲ့တာကော ၊  ကိုယ် က အစုံ ရွတ်တတ် ဖတ်တတ် နေတာ ” 


“ အခု ဘယ်မှာ နေလဲ မေးတာတော့ မဖြေဘူး ” 


“ မာတင် ၊ အဲဗင်းနယူး မှာ လေကွယ် ၊ မင်း ကလည်း ကိုယ့် အဆက် ကို မသိဘူးလား ” 


“  ဘယ့်နဲ့ လုပ် သိရမှာလဲ ”  


“ ကိုကြည်လင် လေ ... ကိုကြည်လင် ကို မသိဘူးလား ... ” 


“ ဘယ်က ကိုကြည်လင် လဲ ”  


“ မင်း တို့ ဝါးခယ်မ နား က ကျုံမငေး က စက်ပိုင်ရှင် တရုတ်သူဌေး ဦးစစ်ကူး သား လေ ...” 


“ ကိုကြည်လင် က ပက်ပက်စက်စက် ကို စီးပွား ဖြစ်တာ ဆရာ ၊ ဆန်စက်အမတော်ကြေးတွေ လည်း သူ သိပ်ရ ၊  ဒီ ရန်ကုန် မှာ ဓာတ်ဆီဆိုင် ဆိုတာ သုံးခု တောင် ရှိတယ် ။ ပြီးတော့ အင်ပို့လိုင်စင် လည်း လုပ်တယ် ။ သူ့ ကုမ္ပဏီ က ကမ်းနားလမ်း မှာ ” 


“ ဪ ... ကိုယ် သတင်း ကြားမိတယ် ”  


“ ဒါကြောင့် မရွှေကြည် မာစီဒီ နဲ့ ဘာနဲ့ ဖြောင့် နေတာပေါ့ ” 


သူ ပြော လိုက်သည်မှာ ပေါ့ပါးသွက်လက် လိုက် သည့် ဖြစ်ခြင်း ၊ သူ က သွက်လက်ပေါ့ပါးစွာ ပြော သလောက် ကျွန်မ က ရင်လေး ၏ ။ ကိုကြည်လင် ကို ကျွန်မ သိ၏ ။ ကိုကြည်လင် ၏ လက်ထပ် မယားကြီး မီမီ မှာ ရန်ကုန်သူ ဖြစ်၏ ။ ကိုကြည်လင် တွင် အငယ် ကျွန်မ သိရ သလောက် သုံးယောက် ရှိသည် ။ သူတို့ တွင် အထည်ဆိုင်များ နှင့် အင်ပို့လိုင်စင် ဆိုင်းဘုတ် ရှိသည် ။ ကိုကြည်လင် သည် ငွေ ပစ် ပေးသည် နှင့် အမျှ သူ့ မိန်းမများ ဖောက်ပြန်လျှင် ပါး နာနာ ရိုတ်သည် ဟု ကျွန်မ သတင်း ကြားရ၏ ။


ဇာတိမြို့နားနီးချင်း ပင် ဖြစ်သော်လည်း အသွင်ချင်း မတူကြ၍ ၊ ကျွန်မ နှင့် ကိုကြည်လင် သည် မေးထူးခေါ်ပြော တွေ့သော အခါ နှုတ်ဆက် သည် က လွဲ၍ မရင်းနှီးကြပေ ။


“ ဒီ မနက် ... ဒီမှာ ထမင်း စားနော် ” 


“ မစားတော့ဘူး ၊  မင်း ဆီ လာ ချင်နေတာ ကြာပြီ ၊  မင်း စာတွေ ရေး နေတယ် ဆိုလို့ ကိုယ် က စာရေးဆရာတွေ ကို ချစ်တယ် ကွဲ့ ၊ ဟိုလေ ... ” 


သူ သည် စာရေးဆရာ တစ်ယောက် ၏ နာမည် ကို ကျွန်မ နား နား ကပ်၍ ဖွင့် ပြောလိုက်၏ ။


“ အေး ... သူ နဲ့ ကိုယ် ပျင်းတဲ့ အခါ တွဲ တယ် ၊  အရက်တစ်ခွက် တိုက် ရင် သူ ပြောတဲ့ စကားတွေ ဟာ တယ် လှတယ် ၊ ကိုယ် ကလည်း နားထောင် ချင်တယ် ၊ သူ နဲ့  ကိုယ် နဲ့ ဘက်ကျနေတာပေါ့ ” 


ခက်ကပြီ ၊  သူ က စာရေးဆရာ ကို သူ ၏ ပျော်တော်ဆက် ဟူ၍ သဘော ထားလေပြီ ။ ကျွန်မ စိတ် ထဲ တွင် ခင်စိန်ကြည် ၏ ပင်ကိုယ် အကျင့် မကောင်း သော်လည်း မိတ်ဆွေ လို တော့ ခင်သည် ။ ရာမာရှီတ က သူ့ ကို ပါး ရိုက်သွားသလို ၊ ခု တစ်ကြိမ် ကိုကြည်လင် က သူ့ ကို ပါး ထပ် ရိုက်မှာ စိုးသည် ။ ကျွန်မ သည် မိတ်ဆွေ ဝတ္တရား အတိုင်း ကြိုတင် သတိ ပေးရ ကောင်း မည်လား ။ အရိုက် ဖြင့် မခံရသေးဘဲ နှင့် ကျွန်မ က ဗေဒင် တွက် သလို ကြိုတင် ထား လျှင် မမဘုရား က ကျွန်မ ကို စိတ် ကောက်ချင် ကောက်မည် ။ ကျွန်မ တို့ မိန်းမများ မှာ ခပ်ရူးရူး သာ တည်း ၊  သူတို့ လင်သား အကြောင်း ကို သူတို့ နှင့် အဆင်မပြေ ဖြစ်စဉ် တွင် အရပ် ကူပါ လူ ထပ်ပါ အကူအညီ တောင်းကြသော်လည်း သူတို့ လင် နှင့် အဆင် ပြေသော တစ်နေ့ တွင် ကူညီခဲ့သူ ၊ ကြားဝင်၍ သနားခဲ့ သူ ကို ပင် ပြန် ရန်ထောင် တတ်သေး သည် ။


ယခု ကိစ္စမှာ သူ နှင့် ကိုကြည်လင် တို့ အဆင်ပြေဆဲ အခါ ဆိုတော့ ပို၍ ဆိုးသည် ။ ဖြစ်ခဲ့ပြီးသော သာဓက တွေ ထောက်ထား ၍ ဒီလို နေပုံ နှင့် ဆို လျှင် တစ်နေ့ ကိုကြည်လင် က ပါး ရိုက်လိမ့်မည် ဟု ကျွန်မ ကြို ပြော ရမှာ မခက်ပါလား ။


သို့သော် မိတ်ဆွေချင်း ချစ်လျှင် ဖြစ် လာမည့် အန္တရာယ် ကို ကြိုတင် ပြောရမည် မှာ ကျွန်မ တွင် ဝတ္တရား ရှိသည် ဟု လည်း ကျွန်မ တွက် မိသည် ။ ခုချိန်တွင် တော့ မာစီဒီ နှင့် စိန်ကြည် နှင့် ပဏာ စားနေ၏ ။ တော်ကြာ ကျ ခါ မှ “ စိန်ကြည် နှစ်ကြိမ်မြောက် ပါးရိုက် ခံရခြင်း ” အဖြစ် ရောက်လျှင် မသက်သာလှ ။


ဂျပန်ခေတ် တုန်း က ကျွန်မ တို့ လမ်း တွင် သီချင်း ဆိုသော သူငယ်လေးများ ကို ခေါ် လိုက်ချင်သည် ။  


“ စိန်ကြည် နော် ... စိန်ကြည် ၊ လင် ယူ ပက်စက်သည် ” 


ယခုတော့ ကျွန်မ စိတ် ထဲ မှ ထို သီချင်းကို ရွတ်ဆို မိ၏ ။ ခင်စိန်ကြည် သည် လောလော လတ်လတ် ဒီ မျက်မြင် လောက် ကိုသာ ကြည့် နေလျှင်တော့ ကြာလျှင် လမ်းပေါ် က စိန်ကြည် ဖြစ်တော့မည် ။  


“ ကြည်ကြည့် စိတ် ထဲမှာ အဲဒီ စာရေးဆရာ ကို တကယ် သာယာတယ် ဆိုရင် အတည် ယူကြပါလားကွာ ၊  .. မှုံ တော့ ဒီလို စခန်း သွားနေတော့ မကြိုက်ဘူး ၊  ကိုကြည်လင် မသိရင်တော့ ကောင်းသား ...” 


“ မင်း စာရေးဆရာ ကတော့ လည်း တခြား ကိုယ် ကြိုက်တာတွေ ကျ တော့ မပေးနိုင်ပြန်ဘူး ”

  

ကျွန်မ သည် သက်ပြင်း ချလိုက်၏ ။


“ အေးလေ ... ကိုယ့် မှာ တော့ ဝတ္တရား ရှိတယ် ကြည်ကြည် ၊ ဗေဒင် အတွက် စော လေခြင်းလို့ အပြစ် တင် ချင် တင် ၊  မင်း ကိုကြည်လင် သတင်း ကြား ဖူးမှာပေါ့ ၊  နာမည်တော့ အလွန် လှပဲ ၊ ပါး ရိုက်တဲ့ နေရာ မှာတော့ သူ လည်း ရာမာရှိတ နဲ့ သူ မသာ ငါ မသာ ပဲ ။ ကိုယ် က တော့ ပွင့်ပွင့်လင်းလင်း ပြော ပြရတာပဲ ၊  ကိုယ်တို့ မြို့က ခေါက်ဆွဲသည် သမီး မချွန်ကြည် လေ ။ မင်း သိ ချင်မှ သိမယ် ၊ သူ လည်း အရင်းအနှီးလေး ဘာလေး ထုတ်ပေးပြီး ယူ ထားတာပဲ ။ သူ က ရန်ကုန် က အပြန် နည်း လေတော့ အဲဒီ ကောင်မလေး က သူ နဲ့ ရွယ်တူလေး နဲ့ တွဲ တာပေါ့ ၊ ရိုက် လိုက်တာ မှ ပက်ပက်စက်စက် ပဲ ” 


ခင်စိန်ကြည် သည် ကျွန်မ မျက်နှာ ကို စူးစိုက် ၍ လေးလေးနက်နက် ကြည့် ၏ ။ သူ့ ပါးလေး ကို ဖြည်းညှင်းစွာ ပွတ်၏ ။ သို့သော်လည်း ဝေခွဲ မရနိုင်သလို ကျွန်မ ကို ကြည့် ပြန်သည် ။  


“ ကဲ ပါလေ ... ကိုယ် ပြောတဲ့ စာရေးဆရာ အိမ် ကို မသိဘူးလား ၊ ကြည် ချိန်းထား တဲ့ နေရာ ကို သူ မလာတာ နှစ်ခါ ရှိပြီ ” 


“ ဘယ် သိမလဲကွ ၊ တို့များ စာရေးဆရာတွေ က တစ်ယောက် နဲ့ တစ်ယောက် သာ သိတာ ၊  အိမ်ပေါက်စီ တော့ ဘယ် သိမလဲ ” 


“ ဘယ်သူတွေ က ဘာ ပြောပြော ၊ မွဲတယ် ပြော ပြော ၊ စာရေးဆရာ ပေါင် ဟာ ခေါင်းအုံး အိပ် လို့တော့ ကောင်းသား ” 


“ ဟယ် ... ”  


သူ့ စကားလုံး မှာ ကြမ်းလွန်း၍ ကျွန်မ လန့် သွားသည် ။


“ ပြီးတော့ နှင်းမှုန်အောက်မှာ ပန်းပွင့်လွှာတွေ ခြုံပြီး ဘာ ဖြစ်ရတာ ညာ ဖြစ်ရတာ ၊ သူ ပြောတာတွေ ကိုယ် လည်း ခပ်ထွေထွေ နဲ့ နား ထောင် ရတာ ကောင်းသား ၊ ကဲ  ... သွားမယ် မှုံ ... ၊ ကိုကြည်လင် ပါး ရိုက်တော့ မှပဲ ကိုယ် မင်း ဆီ ပြေး လာခဲ့ဦးမယ် မှုံ ”   


ပြောပြောဆိုဆို နှင့် သူ သည် သွက်လက်စွာ ထ , ပြေး ၍ မာစီဒီ ပေါ် တက် သွားတော့သည် ။  


ကျွန်မ အဖို့တော့ ကား ကို ကြည့်ရင်း  ... 


“ စိန်ကြည် နှစ်ကြိမ် မြောက် ပါး ရိုက် ခံရခြင်း ဘဝ မရောက်ပါစေနှင့် ” 


ဟု ဆုတောင်း ရပါ သတည်း ။ 


______________________


ခင်နှင်းယု


ကြာတော၌ ရွာသောမိုး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment