Saturday, December 31, 2022

အချစ် မရှိရင်


 ❝ အချစ် မရှိရင် ❞


“ သမီး မိုးသွယ်… ပြန်လာပြီလား ... ခဏ လာပါဦး ... ”


ခြေကုန်လက်ပန်း ကျ ကာ ဆေးရုံ မှ ပြန် လာသည် မို့ အိပ်ရာ ဆီ သို့ သာ ပြေးကာ ပစ်လှဲ လိုက်ချင်သည် ။


“ ဘာလဲ မေမေ ရ ... ဒီမှာ အရမ်း ပင်ပန်း လာတာ ကို ... ”


ထုံးစံ အတိုင်း စူပွပွ လုပ် လိုက်မိပြီး မှ ဧည့်သည် ရှိ မှန်း သတိ ထား မိသည် ။ မေမေ့သူငယ်ချင်း အန်တီမြင့် ပဲ ။ ဒါဆို ဘာကိစ္စ နဲ့ လာ သလဲ မေး စရာပင် မလို ။


“ အဲဒါသာ ကြည့်တော့ မြင့်ရေ ... ဒီ အရွယ်ကြီး ရောက်ပြီ ၊ လူမှုရေး လည်း နားမလည်ဘူး … ကလေး လို ပဲ အရင် က လည်း ကျောင်း နဲ့အိမ် ၊ အခုလည်း ဆေးရုံ နဲ့ အိမ် နဲ့ တင် ပြီး နေတာ ...  ဒီလောက် အကြာကြီး တက်ရ တဲ့ ကျောင်း ပို့ ထား တာတောင် သူ့ ဘာသာ သူ စွံအောင် လုပ် မလာဘူး ...”


“ မေမေ က လည်း မရှိမဲ့ ရှိမဲ့ သိက္ခာတွေ ချ ပြန်ပြီ ”


မေမေ့ အနား မှာ တိုးကပ် ထိုင် ရင်း ရယ်ကျဲကျဲ ဖြင့် ပြော လိုက်သည် ။


“ ဘာလဲ အန်တီမြင့် … ခါတိုင်းလိုပဲလား ...  စိတ် မပျက် သေးဘူးလား ... ”


အန်တီမြင့် က အောင်သွယ် အလုပ် ကို အလွန် ဝါသနာ ပါသူ ။ ပိုက်ဆံ တစ်ပြား မှ မရဘဲ ဘယ်သူ့ သား နှင့် ဘယ်သူ့ သမီး သင့်တော်တယ် ဆိုတာမျိုး ကို အချိန် ကုန် ၊ ဓာတ်ဆီ အကုန် ခံ မမောမပန်း သူ မို့ လုပ်နိုင်သည် ။


အခုလည်း သူ့သူငယ်ချင်း ၏ သမီး အပျိုကြီး ဖြစ်လု ဖြစ်ခင် ကို မကြည့်နိုင်စွာ ခဏခဏ လာ ပြီး ဓာတ်ပုံ တွေ ပြ ရတာ အမော ။ မိုးသွယ် လည်း ခေါင်း ခါ ရသည် မှာ ခေါင်းပင် အတော် ညောင်းနေပြီ ။


မိမိ ဉာဏ်ရည် က အကောင်းစားကြီး မဟုတ်သည် မို့ ဆေးတက္ကသိုလ် တက်ခွင့် ရကတည်း က တစ်နှစ် တစ်တန်း အောင် အောင် အနိုင် နိုင် ကြိုးစား ခဲ့ရသည် ။ စာမေးပွဲကြီး မတိုင်ခင် ကြုံတွေ့ ရသော စာမေးပွဲကလေး များ ကို လည်း မိန်းကလေး ပီသစွာ ကြောက် သေးသည် ။ ဤမျှ များပြားလှသော စာတွေ ဖိစီး နှိပ်စက် နေချိန်တွင် ရည်းစား ထား ဖို့ ယောင် လို့ တောင် စိတ် မကူးမိခဲ့ ။ အနည်းငယ် စိတ်ကူး မိသည့်အချိန် ကျ တော့ ကိုယ့် ကို စိတ်ဝင်စားသည် ဟု ဆိုခဲ့ သူတွေ က အတွဲ ကိုယ်စီ နှင့်


“ သူတို့ မှ မိုးသွယ် ကို တကယ်မကြိုက်ခဲ့တာပဲ ... ပြန် မကြိုက်မိတာ ကံကောင်း လို့ .. အင်း ယောက်ျား တွေ က ဒီလိုပဲ ထင်တယ်.. ” 


အစရှိသဖြင့် အပျိုကြီး ဖြစ် သွား စေနိုင်သော အတွေးများ စိတ်ကူး ထဲ ဝင်ရောက်လာသည် ။


အခုလည်း အန်တီမြင့် လာ စပ်သည့် လူ ကို ကြည့် ဦး ... “ ဆရာဝန်မ လိုချင်သည် ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ။


မိုးသွယ် ခေါင်း ခါတော့ အန်တီမြင့် က


“ နည်းနည်းလောက်များ စဉ်းစားပါဦး ဟယ် ... လူချင်း တွေ့ပြီး စကားလေး ဘာလေး ပြောပြီး အကဲခတ် ကြည့်ပါဦး.. ” 


ဟု တိုက်တွန်းသည် ။


သူတို့ က မိုးသွယ် ကို စိတ်ဝင်စားသည် မှ မဟုတ်ပဲ ။ “ ဆရာဝန်မ ” ဆိုတာ ကို စိတ်ဝင်စားခြင်း သာ ။ ဒါမျိုး ကို မိုးသွယ် လုံးဝ လက် မခံနိုင် ။ မိုးသွယ် ဆိုသည့် မိန်းကလေး မှာ ဆရာဝန်မ ဆိုသည့် ဂုဏ်ဖြင့် တွဲ ထုတ်ရမည့် ရောင်းကုန် ပစ္စည်း မဟုတ် ။ သည်လို ဆိုလျှင် ဖြင့် အပျိုကြီး ပဲ လုပ်တော့မည် ဟု ဆုံးဖြတ် ထားပြီးသား ။


မေမေ က တော့ သူ့ သမီး ကို အပျိုကြီး မဖြစ်စေချင် ။ သူတို့ မရှိလျှင် ဒုက္ခ ရောက်မည် ။ မောင်နှမ က လည်း နှစ်ယောက် တည်း ရှိသည် ။ မောင်လေး က မိန်းမ ယူပြီး လျှင် ပြန် ကြည့်နိုင်မည် မဟုတ် အစ ရှိသဖြင့် ပူပန်၍ ရ သမျှ အတွေး များစွာဖြင့် ပူပန် နေသည် ။


ယခုလို အန်တီမြင့် မကြာခဏ လာ စပ်နေသော ကိစ္စ မှာ မေမေ့ ပယောဂ မကင်း ။


“ သင့်တော်တာ တွေ့ရင် ပြောစမ်းပါကွယ် ... ” ဟု သူ ပဲ မကြာခဏ မှာ မှာ နေတာ ကိုး ။ ကြာတော့ ကာယကံရှင် က စိတ် ရှုပ် လာသည် ။


“ အမေတို့ ကျွေး မထားချင်လည်း အလုပ် ရ တော့ သွား မှာပါ ...  ” ဆိုတော့လည်း စိတ် မကောင်း ဖြစ်ကာ အပ်ကြောင်း ထပ် နေသော စကားများ နှင့် ပူပန်ရကြောင်း ဆို ပြန်သည် ။


သည်တော့လည်း မေမေ့ ကို အပြစ် မတင်ရက် ပြန် ။


အောင်သွယ် နှင့် ရှာ မှ ရသည် ။ စပ်ပြီး ပေးစား မှ ရသည် ဆိုသည် မှာ လည်း သူမ ဂုဏ်သိက္ခာ ကို ထိခိုက် သလို ခံစား ရသည် ။


ငယ်ငယ်တုန်း က စိတ်ကူးယဉ်သလို ကိုယ့် ကို အမှန်တကယ် ချစ်မြတ်နိုး သူ နှင့် ဖူးစာ ဆုံ ဖို့ ဆိုတာ အခု အရွယ် မှာ မဖြစ်နိုင်တော့ဘူးလား ။


ဆေးရုံ က လူနာတွေ ကြား မှာ လူကြီး လုပ် ကာ ပြောဆို နေရသဖြင့် အပြင်ပန်း အမြင် မှာ ရင့်ကျက် သယောင် ထင်ညရသော်လည်း သူမ စိတ် ထဲ မှာတော့ ကလေး ဆန်ချင်တုန်း ။ စိတ်ကူး ယဉ်ချင်တုန်း ။


သူမ အိပ်မက် တွေ ထဲ က မင်းသားလေး ကို ရှာ မတွေ့ နိုင်တော့ဘူးလား ။


မှန် ထဲ သို့ လှမ်း ကြည့်မိသည် ။ “ ၂၈ နှစ် ” ဆိုသည့် အရွယ် ကို ဟိုင်းပြီ ဟု ဆိုနိုင် ပြီလား ။ မှန် ထဲ မှ သူမ ရုပ်သွင် က ကလေး ဆန် ကာ နုပျို နေဆဲပါ ။ ပြီးတော့ ဒီလောက် လည်း ရုပ် မဆိုးပါဘူးနော် ။ “ ဒါပေမယ့် ဘာလို့များ ... ဟူး ...  ” ။ သက်ပြင်း တစ်ချက် ချပြီး မှန် ကို မျက်နှာ လွှဲ လိုက်မိသည် ။


•••••   •••••   •••••


“ ကောင်မကလေး ဒီ တစ်ခါတော့ အရမ်း ခေါင်း မခါနဲ့ဦး ...  နည်းနည်း လူချင်း တွေ့ အကဲခတ် ကြည့်ဦး ”


ဟု အန်တီမြင့် က စကားပလ္လင် ခံ သည် ။


“ ဘာလဲ ဆရာဝန်မ လိုချင်တာပဲ မဟုတ်လား ”


ဟု စိတ် မပါစွာ ပြန် မေးလိုက်သည် ။


“ ဒီ တစ်ခါ တော့ လွဲပြီ ၊ သူ ကိုယ်တိုင် က ဆရာဝန် ၊ သူ့ မိဘတွေ က အဝေး မှာ တာဝန် ကျ ရင် မသင့်တော်တဲ့ မိန်းမ နဲ့ တွေ့ သွား မှာ စိုးလို့ ဆိုပြီး အလုပ် မဝင်ခင် မိန်းမ ပေးစား ချင်နေကြတာ ...”


“ ဆရာဝန် ဟုတ်လား ... ဘယ်ကျောင်း က အောင်တာလဲ ...  အလုပ် မဝင်ရသေးဘူး ဆိုရင် မိုးသွယ် တို့ အရှေ့တန်း က ပေါ့ ”


“ ဆေး ( ၁ ) က ပဲ ...  မိုးသွယ် သိ မလား မသိဘူး သူ့ နာမည် က လမင်း တဲ့ ... ”


“ လမင်း ... ”


ရင် ထဲ က ဒိန်းခနဲ ဆောင့်ခုန်သည် ။ သိပ် သိတာပေါ့ ။ အရမ်း တည် သည့် အဲသည် လူကို မိုးသွယ် တို့ အလုပ်သင် ဆရာဝန် အဖြစ် စဆင်း တော့ သူတို့ အတန်း က မပြီးသေး ။ ခွဲစိတ်ဆောင် တွင် အတူ တာဝန် ကျ သဖြင့် ဆုံ ကြခြင်း ဖြစ်သည် ။ အခြား Senior အစ်ကို ၊ အစ်မ တွေ နှင့် အလုပ် အတူ လုပ် ရင်း ခင်သွားသော်လည်း သူ နဲ့ ကတော့ မခင် ၊ စကား ကို အလုပ် ကိစ္စ ထက် တစ်ခွန်း မှ ပို မပြောတဲ့ သူ ၊ မှတ်မှတ်ရရ သူ့ နာမည် ကို နားကြား လွဲ ကာ “ ကိုလှမင်း ” ဟု ခေါ်မိသည့် နေ့ က မျက်နှာ ရှုတည်တည် နှင့် မျက်မှောင် ကြုတ် ကြည့်ကာ “ လှမင်း မဟုတ်ဘူး ... လမင်း မှတ်ထား ” ဟု အပြော ခံ ခဲ့ရတာ အမှတ် ရ နေသေးသည် ။ သူ့ နာမည် ကို မှား ခေါ် မိလို့ စိတ်ဆိုး ပုံ က ရယ်ချင်စရာ ။


“ ကဲ အခုတော့ အကြိုက်တွေ့ ပြီ မဟုတ်လား ... ရယ်လို့ ပြုံးလို့ …. ”


အန်တီမြင့် အသံ ကြောင့် သတိ ဝင် လာပြီး ရှက် သွား မိသည် ။


“ အာ ... မဟုတ်ပါဘူး ။ house အတူ ဆင်း ခဲ့တုန်းက အကြောင်း တွေး မိပြီး ရယ်ချင်လို့ပါ … ဒါနဲ့ နေပါဦး အန်တီ့ လူ က ဒီ အရွယ် အထိ ရည်းစား မရှိဘူးတဲ့လား ”


“ ရည်းစား က လက်ရှိ မှာ တော့ မရှိတာ သေချာတယ် အရင် က တော့ ကျုပ် လည်း မသိဘူး ...  ကိုယ်တိုင် မေး ကြည့် ဆေးလိပ်  မသောက် ၊ အရက် မသောက်တတ်ဘူး … သူ့ ဘက် က လည်း မိုးသွယ် ကို လက်ခံနိုင်တဲ့ အခြေအနေ ရှိ ပါတယ် တဲ့ ”


ဆေးလိပ် မသောက် ၊ အရက် မသောက် ဆို တာ ကတော့ တကယ့် ရှားပါး ပစ္စည်းပဲ ။ တကယ် မှ ဟုတ်ရဲ့လား ၊ မိဘတွေ ရှေ့ မို့ ပြောတာ နေမှာ ။ ဆေးရုံ မှာ အတူ ဆင်း တုန်း က လည်း ဆေးလိပ် သောက် တာ တစ်ခါ မှ မတွေ့မိပါဘူး …. ပြီးတော့ သူ က ဘောလုံးသမား ၊ ကျောင်း ရဲ့ ရှားရှားပါးပါး အားကစားလှုပ်ရှားမှုတွေ ထဲ က တစ်ခု ဖြစ်တဲ့ ဘောလုံးပွဲ တွေ မှာ သူ့ ကို တွေ့ ရသည် ။ သူ့ အနေနှင့် မိုးသွယ် ကို လက်ခံ နိုင်တဲ့ အနေအထား မှာ ရှိပါတယ် ဆိုတဲ့ စကား က တော့ ရင် ထဲ မှာ အောင့် သွားသည် ။


တကယ်ဆို … အင်းလေ သူများ က တစ်ဆင့် ပြောတော့ သည်လောက် ပဲ ပြော မှာ ပေါ့ ။ ရင်ခုန်မှု နှင့် မကျေနပ်မှု တွေ ရောထွေး နေသည် ။ သည်ကြား ထဲ အန်တီမြင့် က မေမေ့ ကို “ တွေ့လား ” ဆိုသည့်သဘော ဖြင့် မျက်စ ပစ်တာ ကို မြင် ဖြစ်အောင် မြင်လိုက်သေးသည် ။


“ ဘာလဲ ... အန်တီမြင့် နော် ...  ”


“ ကဲပါ ...  ဒီ တစ်ခါ တော့ လူချင်း တွေ့ပြီး အကဲခတ် ကြည့်မယ် မဟုတ်လား ...  ” 


မေမေ က ပြုံး၍ မေးသည် ။


“ မေမေ့ သဘော ဟင် ဘာ ရယ်ကြတာလဲ ...  သွား ... ” 


ရင်ထဲ က ခံစားမှု ကို မဖုံးနိုင်သဖြင့် ရှက် ကာ အိမ် ထဲ ပြေး ဝင် လာမိသည် ။ ခက်လိုက်တာနော် ။ သူ က ဖြင့် ဘယ်လို သဘောထား ရှိမှန်း မသိဘဲ နဲ့ ဘာလို့ ဒီလောက် တောင် ဣန္ဒြေ မရ ဖြစ် နေရတာလဲ ။ သူမ ရဲ့စိတ်ကူးယဉ် အိပ်မက် ထဲ က မင်းသားလေး က သူ ဖြစ်နိုင်ပါ့မလား ။


ထို့နေ့ ည က သူမ အိပ် မပျော် ။


•••••   •••••   •••••


“ အမှန်အတိုင်း ပြော ရင် ချစ်သူ ရှိခဲ့ဖူးတယ် ... ”


သူ့ စကား ကြောင့် သူမ ရင်ထဲ စိုးထိတ် သွားသည် ။


သူ က ဆက် ပြောသည် ။


“ ကြာပါပြီ … ၁၀ တန်း အောင် စ တုန်း က ... ”


“ အခုကော သူ က …”


သံယောဇဉ် မှ ပြတ်သေး ရဲ့လား ဟု ပူပန်စိတ်များ ဖြင့် မေး မိသည် ။


“ အိမ်ထောင် ကျ သွားတာ ကြာပါပြီ ... ”


ဟူး ... တော်ပါသေးရဲ့ ။ ဘယ်လို ကွဲ သွားကြတာလဲ အခု ထက် ထိ ကော လွမ်း နေတုန်း လား ဆိုသည့် မေးခွန်းများ အတွက် သူမ သတ္တိ မရှိပါ ။


“ ခင်ဗျား က ကော ပြောပါဦး ... ”


ခေါ် ပုံ ကို က ကြည့်ပါဦး ၊ လေသံ က မနူးမညံ့ သော်လည်း သြဇာသံ ပါသည့် သူ့ အသံ ခပ်သြသြ က နားထောင် ၍ ကောင်း နေသည် ။


“ ကျွန်မ က တော့ ရည်းစား ထားဖို့ အချိန် မရခဲ့ဘူး ”


စိတ် ထဲ ရှိသည့် အတိုင်း ဖြေ လိုက်တော့ သူ က ခပ်တိုးတိုး ရယ် သည် ။ ရယ်လိုက်တော့ သူ့ မျက်နှာ က နူးညံ့သိမ်မွေ့ ပြီး ကလေး ဆန် သွားသည် ။ မေးစေ့ က အချိုင့်လေး နဲ့ နှုတ်ခမ်း ဘေး က အရစ်ကလေး က သူမ ကြိုက်သည့် မင်းသား ဘင်အဲဖလက် နဲ့ တူ သလိုလို ။


“ ကိုယ် က နယ် မှာ ပဲ နေချင်တာ ... လိုက်နိုင်ပါ့မလား ”


ဟင် ... ဘယ်လိုကြီးလဲ ။ ချစ်ပါတယ် လက်ထပ် ချင်ပါတယ် ဆိုတဲ့ အဆင့်တွေ ကျော် ကုန်ပြီလေ ။ သူ့ ကိုယ် သူ အပိုင် တွက် ထားပုံပဲ ။ ဒီ က ကော အဲဒီလောက် တွက် ရ လောက် အောင် ဣန္ဒြေ မရ ဖြစ် နေပြီလား ။


“ ဒါကတော့ အများကြီး စဉ်းစား ရဦးမှာပေါ့ ... ”


ခပ်ချဉ်ချဉ် ရှိ လာသဖြင့် ပြောလိုက်သည် ။


“ ဟာဗျာ ... ခင်ဗျား က လဲ ... နယ် မှာ ဆရာဝန်တွေ ပို လိုအပ်တာ ...  ” 


အစ ရှိ သဖြင့် နယ် သို့ သွားသင့် ကြောင်း တရား ကို တရစပ်ဟော ပါတော့သည် ။ ဒီ က မသွားချင် လို့ ပြောတာ မှ မဟုတ်တာ ။ တမင် ပြောလိုက် တဲ့ ဟာ ကို ။ အခုတော့ ကိုယ့် အပြစ် နဲ့ ကိုယ် ခံပေတော့ ။ တစ်နာရီ ကျော် ကျော် လောက်ကြာ မှ ပဲ သူ့ ညီမ ကို ကြို ရ ဦးမည် ဟု ဆိုကာ စကား စဖြတ် ၍ တော် တော့သည် ။ ချစ် စကား ၊ ကြိုက် စကားလေးများ ကြား မလားလို့ ခုန် နေ မိတဲ့ ရင်လည်း သွားကော ။ သူ့ အနေ နဲ့ ဒါတွေ ကို မလိုအပ်ဘူး လို့ ထင် လို့လား ။ ဒါမှမဟုတ် သူ့ ရင် ထဲ မှာ သူမ အတွက် အချစ် မရှိတာလား ။ သူမ က စလို့ မေး လိုက်ချင်ပေမယ့် အဲသလောက် သတ္တိ မရှိ တာ အသေအချာ ။ သူ့ မျက်ဝန်း ထဲ မှာ တွေ့ ရသည့် နွေးထွေးသော အရိပ်အယောင်များ ကို ပဲ အချစ်တွေ လို့ တစ်ဖက်သတ် ယူဆ လိုက်မိသည် ။


•••••   •••••   •••••


ခု နောက်ပိုင်း သူ ဆေးရုံ ကို လာ ကြို ပေး နေသဖြင့် မောင်လေး က သက်သာ ကာ သဘော ကျနေသည် ။ အိမ် ကို သူ လာ လျှင် သူမ နှင့် စကား ပြောတာ က နည်းနည်း ၊ မောင်လေး နှင့် ဘောလုံးပွဲ အကြောင်း ၊ ဘောလုံးသမားများ အကြောင်း ပြော ရသည်က တမေ့တမော ။ ပြီးတော့ ကွန်ပျူတာ ၊ နိုင်ငံတကာရေးရာ စသည့် သူမ ဘယ်လို မှ ပါဝင် ဆွေးနွေးနိုင် စွမ်း မရှိသော အကြောင်းအရာများ ။


သူမ နှင့် နှစ်ယောက် တည်း ရှိချိန် တွင် ပြောသည့် စကားများ က လည်း တော်တော် ရင်ခုန်စရာ ကောင်းပါသည် ။ သူ ဆေးရုံ ဆင်း ခဲ့သည့် အတွေ့အကြုံများ ၊ သူ ကြိုက်သည့် ဝတ္ထုများ ၊ ရုပ်ရှင်များ အကြောင်း ။ သူမ ထင် ခဲ့ သလောက်တော့ သူ က စကား မနည်းပါ ။ သူ စိတ်ဝင်စားသည့် အကြောင်းအရာ များ ဆိုလျှင်တော့ တော်တော် ပြောသည် ။ သူမ ကြား ချင်သည့် စကားများ သာ  ... 


အခုတော့ သူ နှင့် သူမ ကို သူမအိမ် ၊ သူ့ အိမ် နှင့် သူမ သူငယ်ချင်းများ က ပါ လက်ထပ်ကြမည့် သူ များ အဖြစ် မြင် နေကြပြီ ။


သူမ စိတ် ထဲ မှာ တော့ မသေချာသေး ။ သူမ သူ့ ကို ရင်ခုန်တာ ၊ သူ အနား မှာ ရှိရင် ပျော် နေတာ အမှန်ပါပဲ ။ ဒါပေမယ့် ဒီလောက် နဲ့ မလုံလောက်သေး ။ စိတ်ကူး ယဉ် ရမယ့် အရွယ် မဟုတ်တော့ဘူး လို့ ဘယ်လောက် ပြောပြော သူမ က တော့ စိတ်ကူး ယဉ် ချင်သေးသည် ။


သူ က သာ သူမ ကို မချစ်ဘူး ဆို လျှင် သူမ က လည်း အပျိုကြီး ပဲ ဆက် လုပ်ဖို့ ဝန်မလေးပါ ။


•••••   •••••   •••••


ဒီနေ့ သူ က ကိစ္စ ရှိသည် ဟု ဖုန်း ဆက် ကာ သူမ ကို လာ မကြို ။


ခါတိုင်း မောင်လေး မအားလည်း လိုင်းကား နှင့် ပြန် နေကျ မို့ ကိစ္စ မရှိ ဟု သာ ပြော လိုက်သည် ။ ညနေ ဂျူတီ ချိန် ပြီးတော့ သူငယ်ချင်း က ဗိုလ်ချုပ်အောင်ဆန်းဈေး သွား မည် ။ အဖော် လိုက်ခဲ့ပါ ဆို၍ လိုက်သွားခဲ့သည် ။


ဈေး ထဲ မှာ သူငယ်ချင်း ဖြစ်သူ ပါတိတ် အဆင် ရွေး နေစဉ် သူမ ဟိုငေး သည်ငေး လုပ်နေမိသည် ။ မမျှော်လင့်သော မြင်ကွင်း က မျက်ဝန်း ထဲ တိုက်ရိုက် ဝင် လာသည် ။


သူမ ကို လာ မကြိုနိုင်ရလောက်အောင် ကိစ္စ ရှိသည် ဆိုသည့် “ သူ ” ။ ကောင်မလေး တစ်ဦး နှင့် ရယ်မော လို့ ။ ကောင်မလေး က သိပ် လှသည်ဟု မဆိုသာ သော်လည်း အသား ဖြူဖြူ ၊ ဆံပင် ရှည်ရှည် နှင့် ချစ်စရာလေး ။ မနာလို စိတ် လား ၊ ရင်ထဲ မှာ ဓာတ် လိုက် သလို ကျင်ခနဲ ဖြစ် သွားသည် ။ မျက်ရည် ဝေ့ လာသဖြင့် မြင်ကွင်း က မှုန်ဝါး သွားသည် ။


“ မိုးသွယ် ... ဒီဟာ နှစ်ခု ဘယ်ဟာ က ငါ နဲ့ လိုက်လဲ ကြည့် ပေးပါဦး ... ”


သူငယ်ချင်း က သူ့ အာရုံ နှင့် သူ မို့ သတိ ထားမိဟန် မတူ ။ မျက်တောင် ခတ် ကာ ဝဲလာသည့် မျက်ရည် တွေ ကို ကမန်းကတန်း ဖယ်ရှား ပစ် လိုက်သည် ။


အချစ် ဆို တာ ဒီလိုပဲ ရင် ကို နာကျင် စေသလား ။


ထိုနေ့ က သူမ ထမင်း မစားချင် ။ သူ လာတော့လည်း အိပ်ချင် ယောင် ဆောင် နေခဲ့သည် ။ အမှန်ကတော့ အိပ် မပျော်နိုင်ဘဲ တစ်ည လုံး မျက်ရည် ကျ နေ မိသည် ။


သူမ သူ့ ကို တကယ် ချစ်မိနေပြီလား ။


•••••   •••••   •••••


မိုးလင်း မှ မှေးခနဲ အိပ်ပျော် သွား သဖြင့် နိုးလာတော့ ခေါင်းတွေ အုံ နေသည် ။ သည် နေ့ က ပိတ် ရက် မို့ တော်ပါသေး ရဲ့ ။ မျက်နှာ သစ် ပြီး အောက် ဆင်းလာ တော့ မေမေ က


“ သမီးရေ ... မောင်လမင်း ရောက် နေတယ် ... ”


ဟု ဆီး ပြောသည် ။


သူမ စိတ် ညစ်သွားသည် ။ ည က ကောင်းကောင်း အိပ် မရသည့် အပြင် ငို ပါ ငို ထား သေးသော သူမ ရုပ်သွင် ဘယ်လို ရှိ နေပါလိမ့်မည်နည်း ။ သူ ရောက်နေမည် မထင် ၍ သနားခါး ပင် လိမ်း မလာခဲ့မိ ။ သူ က တော့ မနာလိုချင် စရာ သန့်စင်လန်းဆန်း ကာ ချောမောနေသည် ။


သူ က ဘာ အပြစ် မှ မရှိတဲ့ အတိုင်း ရယ်ပြုံး ကာ ...  


“ အိပ်ပုပ်မလေး … ည က ဖုန်း ဆက် တော့လည်း အစောကြီး အိပ် နေတယ် ...  ” 


ဟု ပြောသည် ။


“ စောစောစီးစီး ဘာကိစ္စ ရှိလို့လဲ ... ”


မကျေနပ် လက်စ နှင့် မို့ ခပ်တည်တည်နှင့် ပြန် မေးလိုက်သည် ။


“ အရေးကြီးတဲ့ ကိစ္စ ပြော မလို့လာတာ ... ကိုယ် တို့ order တွေ ထွက်ပြီ ... ကိုယ် တောင်ကြီး ရောက်တယ် အဲဒါ မသွားခင် စေ့စပ် သွားချင်တယ် ...  အန်တီ က လည်း သဘော တူတယ် ... ”


“ စေ့စပ်မယ်… ဘယ်သူ က သူ့ကို လက်ထပ်မယ် လို့ ပြော သေး လို့လဲ ...  ”


“ ဟာ … မနောက်နဲ့ကွာ … ”


အပြစ် ကင်းစင် ပုံ ဖမ်း နေတဲ့ သူ့ ကို ကြည့်ရင်း အသည်း ယား လာသည် ။


“ မနေ့ က ဘယ် သွားလဲ ... ”


မအောင့်နိုင်စွာ မေး လိုက်မိသည် ။


“ သူငယ်ချင်း အတွက် ဗိုလ်ချုပ်အောင်ဆန်းဈေး မှာ ပစ္စည်းတွေ လိုက် ဝယ်ပေးနေတာ ... ”


“ နေပါဦး ... အဲဒီ သူငယ်ချင်း ဆိုတာ မိန်းမ လား ၊ ယောက်ျား လား ... ”


သူမ ထက် ပို ဦးစားပေး ရ တဲ့ သူငယ်ချင်း လား ဟု စိတ် ထဲ က ရန် တွေ့ နေ မိသည် ။


“ ဪ ..ဒါကြောင့်ကိုး ... ”


သူ က သူမ ကို ကြည့်ပြီး သဘောကျစွာ ရယ်သည် ။


“ ဘာ ရယ်တာလဲ ... ”


“ အဲဒါ ကိုယ့် သူငယ်ချင်း နဲ့ လက်ထပ် မယ့် မိန်းကလေး ...  သူငယ်ချင်း မအား လို့ အကူအညီ တောင်းတာ နဲ့ လိုက် သွား ပေးရတာ ... သူ တို့လက်ထပ်မယ့် ရက် က သိပ် ကပ်နေပြီ ...  ဒီမှာ မင်္ဂလာဆောင် ဖိတ်စာ .. မိုးသွယ် ကို ပါ ဖိတ် တာ ... ”


သည်လို ဆိုတော့လည်း သံသယ စိတ် များ ပြယ်လွင့် သွားရသည် ။


“ ဒီ ကောင်မလေး ဒါကြောင့် စိတ် ကောက် နေတာကိုး ...  ”


“ ဒါကြောင့်ချည်းပဲ မဟုတ်ဘူး ... ”


သူမ စကား ကြောင့် သူ က မျက်ခုံး ပင့် ကာ ကြည့်သည် ။


“ ကိုလမင်း … မိုးသွယ် ကို လက်ထပ် မှာ ဘာကြောင့် လဲ မိုးသွယ် သိ ချင်တယ် ...”


“ အာ ... သိသားနဲ့  ... ”


သူ က ဆံပင် ကို လက် ဖြင့် ထိုးဖွ နေသည် ။


“ မိုးသွယ် မသိဘူး ...  လက်ထပ်ဖို့ သင့်တော်တယ် လို့ ထင် လို့လား ... မိဘတွေ က ကြည်ဖြူ လို့လား ... ဆရာဝန် အချင်း ချင်း မို့လား ..ပြော ပါ…အဲဒါကို မသိရ ရင် မိုးသွယ် ရှင့် ကို လက် မထပ်နိုင်ဘူး ... ”


“ ဟာ ဒါတွေ တစ်ခု မှ မဟုတ်ဘူး ... တကယ်ဆို ကိုယ် က အပြင် က မိန်းကလေး ပဲ လိုချင်တာ ... ဒါမှ ကိုယ့် ကို အချိန် ပို ပေးနိုင်မှာ ...  ”


“ ဒါဆို ဘာလို့ …. ”


“ မိုးသွယ် ကို သဘော ကျလို့ ...  ”


“ ဘာရယ်  ...  ”


“ ဟုတ်တယ် …. ခွဲစိတ်ကုဆောင် မှာ အတူတူ တာဝန် ကျခဲ့ ကတည်း က စိတ်ဝင်စား ခဲ့တာ အခုမှ သိတာ ဆိုတော့ ဖွင့် မပြောဖြစ်ခဲ့ဘူး ... ကိုယ်တို့ အလုပ်သင် ဆရာဝန် ပြီး သွားတော့ မိုးသွယ် ကို လိုက်ရှာသေးတယ်… ဘယ် ဆေးရုံ မှာ မှန်း မသိတော့ ရှာလို့ မတွေ့ခဲ့ဘူး .. နောက်မှ အရှေ့ပိုင်းဆေးရုံ မှာလို့ ကြားတယ် ...  အဲဒီမှာ ခင်တဲ့ သူ မရှိတော့ လာဖို့ ခက်နေတယ် ”


သူ တကယ် ပြော နေတာလား ၊ သူမ အိပ်မက်များ မက် နေတာလား ။


“ နောက် … အန်တီမြင့် ဓာတ်ပုံတွေ လာ ပြတော့ မိုးသွယ် ပုံ ကို တွေ့ လိုက်တယ် ... သူ က ပြောတယ် .…. မိုးသွယ် က အားလုံး ကို ခေါင်း ခါ နေတာ ဆိုတော့ ကိုယ့် ကို များ ခေါင်း ခါမလား လို့ ကိုယ် အရမ်း စိတ် ပူ လိုက်ရတာ ... ”


“ အခုကော ဘယ်သူ က ခေါင်း ညိတ် သေးလို့လဲ ”


“ ညိတ် လိုက်ပါကွာ ... မဟုတ်ရင် ကိုယ် ရူးလိမ့်မယ် ”


အံမယ် သူ က များ ။ ဒီ က သူ အဲသလို ဖွင့် မပြောလို့ ရူးလု ရူးခင် ဖြစ် နေတာဖြင့် ကြာပြီ ။


ဒါတောင် သူ က “ ချစ်တယ် ” ဆိုတဲ့ စကား ကို တိုက်ရိုက် မဆို ။


သိပ် အမြင်ကတ် ဖို့ ကောင်း တဲ့ လူကြီး ။


ဒီ က လည်း ဟန်ဆောင် မကောင်း တော့ ခေါင်း မညိတ် ရ သေးခင် က သူ သိ နေ နှင့် မှာ ပါ ။


◾ကျွန်း


📖 လုံမလေးမဂ္ဂဇင်း        

      စက်တင်ဘာလ ၊ ၂ဝဝဝ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment