❝ ခုတုံး ❞
ကိုမိုးတို့ အဖွဲ့ ဆိုရင် လူတွေ က မင်္ဂလာဆောင် တွေ ၊ ရှင်ပြုတွေ ကို မှတ်တမ်းတင် ဗီဒီယို လိုက်ရိုက်ပေး တဲ့ အဖွဲ့ လို့ ပဲ သိထားကြပါတယ် ။ တကယ်တော့ ကိုမိုး က ဂျပန် မှာ မီဒီယာထရိန်နင် ယူထားသူ တစ်ဦး ဖြစ်တဲ့ အပြင် တစ်ချိန်က သတင်းမှတ်တမ်းခွေ အမြောက် အမြား ကို ရိုက်ကူးပေးခဲ့ဖူးကြောင်း သိတဲ့ သူ အတော် ရှားပါးတယ် ။ အခုတော့ ပစ္စည်းပစ္စယ မပြည့်စုံတာ ကိုယ့် ဘာသာ ကိုယ် ထုတ်ဖို့ ငွေကြေး မလုံလောက်တာ ၊ အဆက်အသွယ် နည်းပါးတာ အစရှိတဲ့ အကြောင်း ကြောင်း တွေကြောင့် ကိုယ် ရိုက်ချင်တာတွေ ရိုက်ခွင့် မရဘဲ သင်ထားတဲ့ ပညာလေးတွေ တောင် မှို တက်ချင် သလိုလို ဖြစ်နေပါပြီ ။
တလောက ကံဇာတာ တက် လာတယ်ပဲ ဆို ရ မလား ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း တစ်ခု က လူ တစ်ဦး သူတို့ အဖွဲ့ ကို လာ ဆက်သွယ်ပါတယ် ။ အဲဒီ လူ က သူတို့ ဆီမှာ ပရောဂျက် တစ်ခု ရိုက်ဖို့ ရှိကြောင်း စိတ်ဝင်စားရင် လျှောက်လွှာ တင်ဖို့ အကြောင်း ပြောလာ တဲ့အတွက် သူတို့ တစ်ဖွဲ့ သားလုံး ပျော်ရွှင်တက်ကြွသွား ကြပါတယ် ။
အဲဒီ လူ ကို ရင်းရင်းနှီးနှီး မသိပေမယ့် စေတနာ အလွန် ကောင်းပုံ ရတဲ့ အဲဒီ လူ က သူတို့ အဖွဲ့ ရဲ့ လက်ရာ တွေ ကို သူ အရမ်း သဘောကျကြောင်း ၊ သူ့ ကို ညီလေး တစ်ယောက် လို သဘောထားကြောင်း စသဖြင့် သူတို့ အဖွဲ့ ကို လာ ဆက်သွယ်ရတဲ့ အကြောင်းအရင်း ကို သူတို့ တစ်ဖွဲ့လုံး ဘဝင်မြင့် ၊ စိတ်ကြီး ဝင် သွားလောက်အောင် ရွှန်းရွှန်းဝေ ပြောပါတယ် ။ ဒါ့အပြင် သူတို့ လျှောက်လွှာ ထဲ မှာ တစ်ခါတည်း ထည့် ပေးရမယ့် ဈေးနှုန်း ကို ဘယ်ရွေ့ဘယ်မျှတော့ အနည်းဆုံး ထား သင့်ကြောင်း ၊ မဟုတ်ရင် သိပ် နည်းနေမယ် ဆိုတဲ့အကြောင်း ကိုတောင် အကြံပေး ပြောကြားသွားပါသေးတယ် ။
လျှောက်လွှာ တင်ပြီး မျှော်လင့်ချက်တွေ နဲ့တုံ့ပြန် မှု ကို စောင့်နေတဲ့ သူတို့ ထံ ရောက်ရှိလာတဲ့ သတင်း ကတော့ စိတ်ပျက်ဝမ်းနည်းစရာ ပါ ။ အခြား အဖွဲ့ တစ်ဖွဲ့ ကို ရွေးချယ်လိုက်ပါတယ်တဲ့ ။ ဘယ်လိုအကြောင်း ကြောင့် ဆိုတာ သိခွင့် ရအောင် သူတို့ဆီ ဆက်သွယ် လာ သူကို စုံစမ်းကြည့်တော့ အဲဒီ လူ ခရီး ထွက်သွားတယ်လို့ပဲ သိရပြီး တော်တော် ကြာတဲ့အထိ ဆက်သွယ်လို့ မရပါဘူး ။
အဆက်အသွယ် ရတဲ့ နေ့ မှာ “ အများနဲ့ ဆုံးဖြတ်တာ ဆိုတော့ အစ်ကို လည်း ဘာမှ မတတ်နိုင်ဘူးလေ ... အစ်ကို လည်း အရမ်း စိတ် မကောင်းဘူးကွာ ... နောက် တစ်ကြိမ် ကျမှ အတူတူ လက်တွဲကြတာပေါ့ ... ” ဆိုတဲ့ စကားတွေ ကြောင့် သူ့ရဲ့ အတွင်း စိတ် ထဲက သံသယတွေ ဝင် နေမိတာ ကိုတောင် အလွန်အမင်း အားတောင့် အားနာ ဖြစ်သွားမိပါတယ် ။
ဒီလိုနဲ့ တစ်ရက်မှာ သူ့ လို ဗီဒီယိုကင်မရာမင်း တစ်ဦး ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက် နဲ့ လမ်းမှာ တွေ့ ပါတယ် ။ သူ က သူတို့ လုပ်ငန်း သိပ် အဆင်မပြေတဲ့ အကြောင်း ညည်းတွားရင်း အဲဒီ လူ ရဲ့ နာမည် နဲ့ အဖြစ် အပျက်တွေ ကို ပြောပြလိုက်တော့ သူငယ်ချင်း က ...
“ မင်း တော့ ခံ လိုက်ရပြီ ကိုမိုး .. ” တဲ့ ။
“ ဘယ်လို ... ဘယ်လို ခံလိုက်ရတာလဲ .. ”
“ မင်း ကလည်း သူ နဲ့ အကွက် ရိုက်ထားတဲ့ အဖွဲ့ ကို မင်းတို့ တင်တဲ့ ပိုက်ဆံ ထက် နည်းနည်း လျှော့ပြီး တင် ခိုင်းလိုက်တာပေါ့ ... ”
သူ့ ကို လိမ် ပြောမယ့် သူ မဟုတ်မှန်း သိနေပေမယ့် သူငယ်ချင်း ရဲ့ စကားတွေ ကို သူ ရုတ်တရက် ယုံလို့ မရ ပါဘူး ။
“ ဒါဆိုရင် သူ က ဘာလို့ ငါတို့ အဖွဲ့ ကို လာ ဆက်သွယ် နေသေးသလဲ ... အစကတည်း ဟိုအဖွဲ့ ကိုပဲ လက်သိပ် ထိုးပြီး တင်ခိုင်းလိုက်လည်း ရတာပဲ မဟုတ် လား ... ”
“ သူတို့မှာ အနည်းဆုံး သုံးဖွဲ့ တင်ခိုင်းပြီးမှ အသင့်တော်ဆုံး ဖြစ်တဲ့ အဖွဲ့ ကို အများသဘော နဲ့ ဆုံးဖြတ် ရွေးချယ်တဲ့ စည်းကမ်း က ရှိ နေတော့ မင်းတို့ လို နားမလည် ပါးမလည် နဲ့ သူ ပြောသမျှ လုပ်မယ့် သူတွေ လိုသေးတယ်လေ ... ”
သူငယ်ချင်း ဘယ်လောက်ပဲ ယုတ္တိရှိအောင် ပြော ပြော သူ ကတော့ အဲဒီ လူ ရဲ့ နောက်တစ်ကြိမ် ကျ မှ လက် တွဲကြတာပေါ့ ဆိုတဲ့ မျှော်လင့်ချက် ရှိသေးတဲ့ စကား ကို ယုံချင် နေပါသေးတယ် ။ ဒါကြောင့် သူငယ်ချင်း ကို “ မင်း က ဘယ်လို သိတာလဲ ၊ သေချာလို့လား .. ” ဆိုပြီး ထပ် ဆင်ခြေ တက်လိုက်မိပါတယ် ။
သူ့ ကို သနားသလို ကြည့်ပြီး ပြန် ဖြေလိုက်တဲ့ သူငယ်ချင်း ရဲ့ စကား အဆုံးမှာတော့ သူ မယုံချင်လို့ မရ တော့ပါဘူး ။
“ သိပ် သေချာတာပေါ့ကွာ ... ငါ ကိုယ်တိုင် ခံခဲ့ရတာ ပဲ ... ပြီးခဲ့တဲ့ ပရောဂျက် တုန်း က အဲဒီ လူ ခုတုံး လုပ်သွားတဲ့ နှစ်ဖွဲ့ ထဲ က တစ်ဖွဲ့ က ငါတို့ အဖွဲ့ ပဲ ကိုမိုး ... ” တဲ့ ။
◾ ကျွန်း
◾ ချယ်ရီမဂ္ဂဇင်း
ဧပြီလ ၊ ၂၀ဝ၁
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment