❝ ကာရန်မဲ့ ❞
စွဲလမ်းမှု တစ်ခု ဘယ် အချိန် က အမြစ်တည် ခဲ့တယ် ဆိုတာ ကို တိတိကျကျ မမှတ်မိပေမယ့် မိုးတွေ ရွာ နေတဲ့ ဆောင်းတွင်း ကာလ တစ်ခု မှာ ကိုယ် မင်း ကို ချစ်နေခဲ့ပြီ ဆိုတာ က တော့ အသေအချာ ပဲ ။
မိုး မရွာ သင့် တော့ တဲ့ ဆောင်း တွင်း လို ကာလ တစ်ခု မှာ မိုး ရွာ ခဲ့ သလို ကိုယ် လည်း မချစ်သင့်တော့ တဲ့ အချိန် ရောက် မှ မင်း ကို ချစ်ခဲ့ မိတယ် ။
အချစ် ဆိုတာ ဖန်တီး ယူ လို့ မရ သလို ၊ ဖျက်ဆီး ပစ် လို့ လည်း မရဘူး လို့ ကိုယ့် ကို ယုံကြည်စေ ခဲ့ သလား ။ တစ်ချိန် မှာ ကိုယ် ချစ်ရမည့် သူ တစ်ယောက် တွေ့ လာဦးမှာ ဆိုတဲ့ ပတ်ဝန်းကျင် စကား ကို အလေးအနက် မထားခဲ့ မိလို့ သက်သေ ပြ တာလား ။
ဘာပဲ ဖြစ်ဖြစ် မင်း ကို ကိုယ် ချစ်ခဲ့ မိပြီ ၊ အသိ စိတ် နဲ့ ထိန်းချုပ် နိုင် တဲ့ ပြော စကား ၊ အပြုအမူတွေ ကို ကိုယ် ထိန်းချုပ် ထားနိုင် ပေမယ့် စိတ်ကို ထိန်းချုပ်ဖို့ ဆိုတာ ကို တော့ ကိုယ် မတတ်နိုင်ခဲ့ဘူး ။
တတ်နိုင်သမျှ မေ့ ထားရင်း မုန်းလို့ ရအောင် ကြိုးစား ကြည့်ရင်း နဲ့ တစစ ရင် ထဲ ပိုမိုတိုးဝင် နှောင်တွယ် လာ တာ ကိုယ့် ကုသိုလ် ဆိုး လို့ပဲ ပေါ့ ။
ဟုတ်တယ်လေ ... အခု အချိန် မှာ ကိုယ် မင်း ကို ချစ်နေတယ် ဆိုတာ အပြစ် ဖြစ်ရုံ သာ မက အကုသိုလ် တစ်ခု ကို ပါ ကျူးလွန် နေမိတာ မဟုတ်ဘူးလား ။
မုန်း တာပဲ ဖြစ်ဖြစ် ချစ် တာပဲ ဖြစ်ဖြစ် အဲဒီ လူ ဟာ ကိုယ် နဲ့ ပတ်သက် နေတော့တာပဲ လို့ သူငယ်ချင်း တစ်ယောက် ပြော ဖူးတယ် ။ အဲဒါကြောင့် မင်း နဲ့ကိုယ် ပတ်သက် ခဲ့ လေ သလား ။
မင်း ကို အရမ်း မုန်း လွန်း ရာ က စတင် သတိထား မိခဲ့တာ မို့ ကိုယ် ဒီလို တွေး မိတာပါ ။ မုန်းတီးမှု တစ်ခု ဟာ စွမ်းအင် တစ်ခု လို ပဲ ချစ်ခြင်း အဖြစ် ပြောင်းလဲ သွား နိုင်စွမ်း ရှိ သလား ။ အဲဒါ ကို သာ ကိုယ် ကြို သိခဲ့ရင် မင်း ကို မမုန်း ဘဲ နေဖို့ ကိုယ် ကြိုးစားခဲ့မိမှာပါ ။
အခုတော့ ရေး မိ သမျှ ကဗျာတွေ ၊ မက် သမျှ အိပ်မက် တွေ အားလုံး မင်း နဲ့ စပ်ဆိုင်ပတ်သက် လာ မှ ကိုယ့် ရင် ထဲ မင်း ထိုးဖောက် ဝင်နေပြီ မှန်း သိ လိုက်ရတော့ သိပ် ကို နောက်ကျ သွားခဲ့ပြီ လေ ။
ဘယ်လို မှ ရင်ဖွင့် စရာ မကောင်း တဲ့ အကြောင်း တစ်ခု ကို ကြိတ် ခံစား ရင်း ကဗျာတွေ ၊ စာတွေ အဖြစ် ရေး မိတဲ့ အခါ လျှို့ဝှက် သိမ်းဆည်း ဖျောက်ဖျက် ရင်း ရင် ပွင့် မတတ် ခံစားရတဲ့ အခါ ကိုယ် ဘယ်လို နေပါ့ မလဲ ။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် အပြစ် ဒဏ် ကို ကိုယ် သာ ခံစား ရုံ ပေါ့ လေ ။
တကယ်ပဲ ဟုတ် သလား ၊ ကိုယ် စိတ် ထင်စွာ တစ်ဖက်သက် ဆွဲ တွေး တာလား မသိနိုင် တဲ့ မင်း ရဲ့ အကြည့်တွေ ထဲ မှာ ကိုယ် သာယာ နစ်မျော နေ မိတာ ၊ အခြား မိန်းကလေးတွေ နဲ့ စကား ပြောတဲ့ အခါ အလိုလို အူတို ဒေါပွ နေ မိတာ ... ၊ မင်း အနား မှာ ရှိ နေတဲ့ အချိန် တွေ မှာ အယောင်ယောင် အမှားမှား နဲ့ ဘာမှ မလုပ် တတ် မကိုင်တတ် သလို ဖြစ် နေတာ ... ၊ အဲဒါတွေ ကို ကိုယ် ခံစား နေရတယ် လို့ သူများတွေ ကို သွား ပြောရင် ရယ်ကြ မလား ။ အထင်သေး ရှုတ်ချတဲ့ အကြည့် နဲ့ ကြည့် ကြ မလား ။ ထိတ်လန့်စွာ တစ်ယောက် တည်း မျိုသိပ် ခံစားရင်း ကိုယ် ပေါက်ကွဲရာ တစ်နေရာ တည်း ဖြစ်တဲ့ စာရွက်ကလေးတွေ သာ တစ်ရွက်ပြီး တစ်ရွက် ကုန်ခန်း သွားခဲ့ပါတော့တယ် ။
တကယ်တော့ လည်း ကိုယ် နဲ့မင်း ဘယ်လို မှ ချစ် ခွင့် မရှိတာ ကို ပဲ တစ်ခါတစ်ရံ ကိုယ် ကျေနပ် နေ မိတယ် ။ မင်း မှာ ကိုယ် မနှစ်သက် တဲ့ အချက်တွေ အများကြီး ရှိနေ တယ် ။ ကိုယ့် ဦးနှောက် နဲ့ စဉ်းစား ဆုံးဖြတ်မယ် ဆိုရင် ဘဝ ခရီးဖော် တစ်ယောက် အဖြစ် ကိုယ် ဘယ်လို မှ ဆုံးဖြတ် ရဲ မှာ မဟုတ်ဘူး ။ ( ဆုံးဖြတ်ခွင့် ရှိခဲ့ရင်ပေါ့ လေ )
ဒါပေမယ့် ကိုယ် မင်း ကို စွဲလမ်းတာ က အဲဒါတွေ နဲ့ ဘာမှ မပတ်သက် သလို ပဲ သီးခြား ဝေးလွင့် နေ ရဲ့ ။ တကယ်လို့ များ မင်း ကိုယ်တိုင် က ကိုယ့် ကို တုံ့ပြန် ခံစားပြီး ချစ်နေခဲ့တယ် ဆိုရင် တောင် ကိုယ် ကျေနပ် ရုံ က လွဲလို့ ဘာမှ ပို မှာ မဟုတ်ဘူးလေ ။
“ ချစ်လား ” လို့ မေး လာ ခဲ့ရင်လည်း ကိုယ် မင်း ကို ချစ်လွန်း လို့ အသက် ထွက် သွားပါစေ ငြင်း ရမှာပဲ လေ ။ စိတ် ကို မထိန်းချုပ် နိုင် ပေမယ့် နှုတ် အရ ၊ အပြုအမူ အရ ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ် မှာ ပါ ။ မင်း ကို ခိုး ကြည့် မိတဲ့ မျက်လုံးတွေ က လွဲလို့ ပေါ့ ။ ဘယ်လို မှ မထိန်းချုပ် နိုင် စွာ ကလေးလေး လို ချစ်ဖို့ ကောင်း တဲ့ မင်း မျက်နှာ ကို ငေးကြည့် နေမိတာ အပြစ် ရှိ မှန်း သိလျက် နဲ့ ကိုယ် မရှောင်နိုင်ဆုံး အချက်ပါပဲ ။ မင်း ကိုယ်တိုင် ကော အခြား လူတွေ ကော ဘယ်သူမှ မမြင် နိုင် မသိ နိုင် တဲ့ အရပ် ဒေသ တစ်ခု မှာ ပုန်းအောင်း ပြီး မင်း ရဲ့လှုပ်ရှားမှု မှန်သမျှ ကိုယ် ငေး ကြည့် နေချင် လိုက်တာ ။
မင်း နဲ့ မတွေ့ ရတဲ့ နေ့တွေ မင်းရဲ့ အသံ မကြား ရ တဲ့ နေ့ တွေ မှာ ရင် ထဲ အရမ်း လစ်ဟာ ပြီး အရာရာ အဓိပ္ပာယ် ကင်းမဲ့ နေ သလို ခံစားရတယ် ။ အနား မှာ ရှိနေတယ် ဆိုတာ ကို သိ ရင် မင်း ကို မတွေ့ ရရင် တောင် မှ ရင် ထဲ မှာ ကျေနပ်တယ် ။ အရာရာ ပြည့်စုံ နေ သလို ပဲ ။ ဒါတွေဟာ အပြစ်တွေ ပဲ လို့ သိ နေ ပေမယ့် ကိုယ် ကျူးလွန်ခဲ့ မိပြီ လေ ။
နီး နေလို့ သာယာ နေတာ ဝေး သွား ရင် မေ့ သွား မှာ ပဲ လို့ ကိုယ့် ကို ကိုယ် နှစ်သိမ့် ထား သမျှတွေ ဝေး မှ မမှန် နိုင်မှန်း သိ လာ ရ တော့တယ် ။
ကျောင်း ရက်ရှည် ပိတ် တဲ့ ကာလတွေ မှာ အရမ်း လွမ်း နေတာ ၊ သတိ ရ နေတာတွေ ကို ကိုယ်တိုင် ပဲ သိတယ် ။ “ သတိရတယ် ” ဆိုတဲ့ စကားတွေ ရင် ထဲ မှာ ပြည့် ပြီး ပွင့်ထွက် မတတ် ခံစား ရတဲ့ အခါ “ I Miss You ” ဆိုတဲ့ သီချင်း ကို ပဲ အခါခါ ဖွင့် ရင်း ကက်ဆက်ကလေး ကို ကိုယ့် ကိုယ်စား အော် ခိုင်း ထား ရတယ် ။
ကိုယ် သိထားခဲ့ တဲ့ ဂဏန်း ငါးလုံး ကို လှည့် ဖို့ သတ္တိ မရှိတိုင်း ဖုန်းခွက်ကလေး ကို ကိုင်လိုက် ချလိုက် နဲ့ ရက်များစွာ ဖြတ်ကျော်ခဲ့ရတယ် ။ ကဗျာပေါင်း များစွာ ရေး ဖြစ်တဲ့ နေ့တွေ မှာ ဘယ် သွားသွား မင်း နဲ့ များ တွေ့ မလား ဆိုပြီး ရှာဖွေ မိတဲ့ ရက်တွေ မှာ တစ်ဖက်သတ် နားလည် ခံစားထားတဲ့ အမှတ်တရ အကြောင်းတွေ ကို ပြန် တွေးနေ မိ တဲ့ ရက်တွေ မှာ ကိုယ့် ကို ကိုယ် ထိန်းချုပ် နိုင်မှု ကင်းမဲ့ နေ ခဲ့တယ် ။
ပိုင်ဆိုင် လို တဲ့ စိတ်ဆန္ဒ ကင်းမဲ့ နေလျက် ပိုင်ဆိုင် နိုင်စွမ်း မရှိမှန်း သိလျက် နဲ့ ကိုယ် ဘာကြောင့် သည်လို ဖြစ် နေတာလဲ ။ ဘယ်သူ့ ကို မှ အဖြေ ရှာ မခိုင်းရဲ ကိုယ့် ဘာသာ ကိုယ် လည်း အဖြေ ထုတ် နိုင်စွမ်း မရှိတဲ့ ပုစ္ဆာ တစ်ပုဒ် ကို ရင် ထဲ မှာ ကြာရှည် သိမ်းဆည်း ရင်း နှစ်များ စွာ သာ ကုန်ဆုံး လွန်မြောက် သွားပါတော့တယ် ။
ဝါသနာ အရ ရေး မိ တဲ့ ဝတ္ထုတွေ မှာ မင်း အကြောင်း နဲ့ ကင်းကွာပြီး မရေးတတ်တော့ သလို ဖြစ်နေ တာမို့.စာ မရေး ရဲ ခဲ့တာ ကြာ ပြီ ။ ရေးထား သမျှတွေ ကို လည်း ဘယ် မဂ္ဂဇင်းတိုက် မှ မပို့ ရဲ ဘဲ သိမ်းဆည်း ထား ခဲ့ရတာ လည်း ကြာခဲ့ပါပြီ ။
မတော်တဆ ဖတ် မိလို့ သူငယ်ချင်းတွေ က မေး တဲ့ အခါ ကိုယ့် ခံစားချက် နဲ့ ဘာမှ မပတ်သတ် သလို ရယ်မော ဖြေရှင်း နေရာ တာ ကိုယ် လိပ်ပြာ မသန့်ပါဘူး ။
မင်း ကိုယ်တိုင် လည်း မသိ ၊ တခြား ဘယ်သူ မှ လည်း မသိနိုင်တဲ့ ကိုယ့် ရင် ထဲ က ခံစားမှုတွေ ဘယ်တော့ ကြေပျက် သွားမှာလဲ ။ အဲသည် နေ့ ကို ကိုယ် စောင့်စား ရင်း ရင်မော လာတယ် ။ အဲဒီ နေ့ ဆိုတာ ရော ရှိ လာ နိုင်ပါ ဦး မလား ။ ပိုင်ဆိုင် လို စိတ်ကင်းစွာ နဲ့ စွဲလမ်း။ခဲ့ တာ မို့ မင်း မှာ သက်ဆိုင် သူ ရှိ လာ ခဲ့လည်း ကိုယ် စွဲလမ်း နေဆဲ ဖြစ် မှာ ပါပဲ ။
မင်း ကို မေ့ နိုင် မယ့် နေရာ ကို ကိုယ် ထွက်ပြေး သွားချင် တယ် ။ ထွက်ပြေး သွား ရင် ကော လွတ် နိုင်ပါ့မလား ။
ကိုယ့် ကို ကိုယ် သာ မုန်း လာပြီး မင်း ကို မမုန်း နိုင် တာ ဘယ် လို ဝဋ်ကြွေး ကြောင့် လဲ ။
“ အချစ် ” ဆိုတဲ့ အရာ ကို ကိုယ် အမှန်တကယ် တွေ့ ရှိ ခဲ့တာ လား ။ ကိုယ် ဘယ်လို မှ မဖြေရှင်း နိုင် တော့ တဲ့ ပဟေဠိတွေ ပါ ပဲ ကွာ ။
တစ်စ တစ်စ နဲ့ ဟောင်းနွမ်း လာတဲ့ ရက် များစွာ မှာ ကိုယ် ဟာ အကုသိုလ် အပြည့် နဲ့ လူ တစ်ယောက် ဖြစ် လာတယ် ။ ထိန်းချုပ် လို့ မရတဲ့ ကိုယ့် စိတ်တွေ ကို လည်း ထိန်း မနေချင်တော့ဘူး ။ မျှော်လင့်ချက် ကင်းစွာ နဲ့ တစ်သက်လုံး စွဲလမ်း ဖို့ ကိုယ့် ကို ကိုယ် ခွင့်ပြု လိုက် မိ ပြီ ။
ဒါဟာ အပြစ် ရှိတယ် ... မှားတယ် ဆိုတာ ကို သိလျက် နဲ့ ဖျောက်ဖျက် မရတဲ့ စွဲလမ်းမှု တွေ အတွက် ကိုယ် အမြဲ မှား နေ တော့ မှာ ... ။
◾ကျွန်း
📖 ဆေးတက္ကသိုလ် ( ၁ ) နှစ်လည် မဂ္ဂဇင်း
၁၉၉၃ - ၁၉၉၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment