❝ အလှည့် ❞
ပြီးခဲ့သည့် နွေရာသီ ကျောင်းပိတ်ရက် က ဆွေမျိုး များ ရှိရာ မွန်ပြည်နယ် ရှိ ရွာကလေးတစ်ရွာ သို့ သူတို့ မိသားစု အလည် သွားခဲ့ကြသည် ။ တောရွာ ထုံးစံ အတိုင်း လာသည့် ဧည့်သည် ကို တစ်စက်မှ စိတ် မငြိုငြင်ရအောင် ဧည့်ဝတ် ကျေပွန်လွန်းလှသည် မှာ သူတို့ အားနာယူရသည် အထိ ။ ကျိုက္ခမီ ၊ စက်စဲ ၊ ကျိုက်မရော အစရှိသော နေရာများ ကို သွားလည်မည် ဆိုတော့လည်း ကား ငှားပြီး စားစရာများ ကို ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်ဖြင့် ထည့်ကာ လိုက်လံ ပို့ဆောင်ပေးကြပြန်သည် ။ သူတို့ ပြန် တော့လည်း ရန်ကုန် ပြန် လက်ဆောင် အဖြစ် ဒေသ ထွက်ကုန်များ ကို တစ်ပွေ့တစ်ပိုက် ထည့် ပေးလိုက်ကြ သေးသည် ။ ထို့ကြောင့် သူတို့ ကလည်း ရွာ မှ ဆွေမျိုး များကို ရန်ကုန် သို့ အလည် လာကြပါရန် ၊ ပြန်လည်ကာ ဖိတ်မန္တက ပြုခဲ့ကြပါသည် ။
သို့ သော် ရွာ မှ ဧည့်သည်များ ရန်ကုန် ရောက် လာကြသည့် ဒီဇင်ဘာ ကျောင်းပိတ် ရက် တွင် သူတို့ တစ်မိသားစုလုံး လုံးဝ မအားခဲ့ကြ ။ ဆယ်တန်း ဖြေမည့် သမီး နှင့် ရှစ်တန်း ဖြေမည့် သား တို့ ကျူရှင် အကြိုအပို့ နှင့် ပိတ်ရက် မရသည့် သူ့ အလုပ် တို့ကြောင့် ရန်ကုန် သို့ ဘုရားဖူး လာကြသူ ရွာ မှ ဆွေမျိုးများ ကို ပြန်လည်ကာ ဧည့်ဝတ် မကျေနိုင်ခဲ့ပါ ။ ပို အရေးကြီးသည် က မကြာခင် အလုပ်မှ လွှတ်မည့် အမေရိကား မှာ သူ သွား တက်ရ မည့် သင်တန်း တစ်ခု အတွက် ပြင်ဆင်နေရခြင်းပင် ။
ရန်ကုန်သား တို့ အလွန် အလုပ် ရှုပ်လှသည့် အကြောင်း ကို ကြားဖူးနားဝ ရှိပြီး ဖြစ်သော သူတို့ ရွာသားများ ကလည်း နားလည်မှု ရှိစွာ တစ်စက်ကလေးမှ စိတ် မကွက်ကြဘဲ သူတို့ အစီအစဉ်နှင့် သူတို့ ဘုရား ဖူးကြ ၊ တိရစ္ဆာန်ဥယျာဉ် သွားကြ ၊ လည်ကြပတ်ကြသည် ။ သူ့ အဖို့ သူတို့ ဘက် မှ ပျက်ကွက်မှုများ ကို အားနာလှသော် လည်း မည်သို့မှ မတတ်နိုင်ပါ ။ ထို့ကြောင့် ဒီလို အဖြစ်မျိုးတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါ ဟု သာ စိတ် ကို လျှော့ချပြီး ဥပေက္ခာ ပြုထားလိုက်ရပါတော့သည် ။
••• ••• ••• •••
အလွန်အမင်း စိတ်လှုပ်ရှားရသော သူ့ အတွက် ပထမဆုံး နိုင်ငံရပ်ခြားခရီး ဖြစ်ပါသည် ။ သို့သော် ကိစ္စ မရှိ ။ သူ သင်တန်း တက်ရမည့် နယူးယောက်မြို့ မှာ သူ့ သူငယ်ချင်း တွေ ရှိ သည် ။ သင်တန်းကာလ က လည်း တစ်လ မျှသာ ။ သူ့ ကို လာ ကြိုပေးသူများ ပြန်သွား သည် နှင့် တည်းခိုခန်း ရှိ ဖုန်း ကို ကိုင်ကာ သူ့ သူငယ်ချင်း တစ်ဦး ပေး ထားသည့် နံပါတ် သို့ လှည့်လိုက်သည် ။
တစ်ဖက် မှ သူငယ်ချင်း က သူ အလုပ် အရမ်း များ နေကြောင်း ၊ ဒီ တစ်လ လုံး သူ မအားကြောင်း ၊ သို့သော် သူ မပြန်မီ တစ်ခေါက်လောက်တော့ လာ တွေ့နိုင်အောင် ကြိုးစားမည် ဖြစ်ကြောင်း လောလော လောလော နှင့် ပြောပြီး ဖုန်း ချသွားသည် ။ နောက် တစ်ယောက် ကို ဆက်တော့လည်း ထိုနည်းလည်းကောင်းမို့ သူ တော်တော် စိတ်ဓာတ် ကျသွားသည် ။ ဒါပေမယ့် သူ နားလည်ပေးရမှာပေါ့ ။ သူတို့က နိုင်ငံရပ်ခြား မှာ လာပြီး အလုပ် လုပ် နေကြရတဲ့ သူ တွေ လေ ။ အချိန် ဆင်းရဲကြရှာပေမည် ။ အင်းလေ ... သူ လာတဲ့ အချိန် က သူတို့ အားတဲ့ ရက် နဲ့ မှ မတိုက်ဆိုင်တာ ၊ ဘယ် တတ်နိုင်ပါ့ မလဲ ။ မည်သို့ပင် ဖြေတွေး တွေးသော်လည်း ရင်ထဲမှာ တော့ မကောင်း ။
အချိန် ကွာခြားမှုကြောင့်လား ၊ ရေမြေ ပြောင်းလဲမှု နှင့် စိတ် လှုပ်ရှားမှုများကြောင့်လား ။ နောက်တစ်နေ့ သင်တန်း စ တက်ရတော့မည်ကို သိသော်လည်း သူ မည်သို့ မှ ကြိုးစား အိပ်၍ မရ ။ သူ့ သူငယ်ချင်းတွေ မြန်မာပြည် ခေတ္တ ပြန်လာကြစဉ် မှာ သူတို့ သွားလိုရာ မြန်မာပြည် တစ်နံတစ်လျား ကို သူ အလုပ်အကိုင်တွေ ဖျက် ကာ လိုက် ပို့ပေးခဲ့သည်များ ကို ပြန် မြင်ယောင်လာ မိသည် ။ စိတ် ထဲတွင် ခု သလိုလို ရှိလိုက်စဉ်မှာ ရွာ မှ ဆွေမျိုးများ ၏ မျက်နှာများ က သူ့ စိတ်အာရုံထဲ သို့ အလို အလျောက် ဝင် ရောက်လာကြလေသည် ။
အခုတော့ နယူးယောက်မြို့တော်မဟာ ရဲ့ ညလယ်ခေါင် မှာ သူ တစ်ယောက်တည်း အတွေး တွေ နဲ့ ယောင် ချာချာ ။
◾ ကျွန်း
📖 မဟေသီမဂ္ဂဇင်း
ဧပြီလ ၊ ၂ဝဝ၁
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment