Saturday, February 18, 2023

နှစ်ယောက် မရှိပါ


 ❝ နှစ်ယောက် မရှိပါ ❞


နာမည်တူ ကိစ္စ မှာ ကလောင်နာမည် တူ သည့် ကိစ္စ ဟာ အတော် အရှင်းရ ခက် သလို အခံရ ခက်သည့် ကိစ္စ လည်း ဖြစ်သည် ။ စာရေးဆရာ ၊ ကဗျာဆရာ တစ်ယောက် ဟာ မိမိ ရဲ့ ကလောင်အမည် ကို ရွေးချယ်တော့မည် ဆိုလျှင် မိမိ ရွေးချယ်မည့် ကလောင်အမည် ရှိနှင့် ပြီးပြီလား ဆိုတာ တိတိကျကျ သိ ရအောင် အချိန်ယူ လေ့လာ စုံစမ်းပြီး မှ ရွေးချယ်သင့်သည် ။ မိမိ အသုံးပြုမည့် ကလောင်အမည် သည် နာမည်တူ မရှိ လွတ်လွတ်ကင်းကင်း ဆိုတာ သေချာတော့ မှ သာ ကလောင်နာမည် ရွေးချယ်သင့်ပါသည် ။

 

ကလောင် နာမည်တူ ကိစ္စတွေ မကြာခဏ ကြားဖူးသည် ။ ဆရာမောင်ခိုင်မာ ၊ ဆရာလူအောင် ၊ ဆရာမင်းရွှေမင်း တို့ တောင် ကလောင်နာမည် တူ ပေါ် ဖူးသည် ။ မင်းရွှေမင်း နှစ်ယောက် ကတော့ နှစ်ဦး သဘောတူ တိုင်ပင်ပြီး မင်းရွှေမင်း ( အင်းစိန် ) နှင့် ( တောင်ကုတ် ) ဆိုပြီး ခွဲခြား လိုက်ကြသည် ။ ဆရာမောင်ခိုင်မာ ဆရာလူအောင် တို့ က တော့ ဘယ်လို ပုံစံ ဖြင့် ဖြေရှင်း လိုက်ကြသည် မသိပါ ၊ ငြိမ်သွားကြပုံ ထောက်တော့ ပြေလည်သွားကြပြီ ဟု ယူဆ ရသည် ။

 

ကိုအဏ္ဏဝါ မှာ လည်း ကလောင် နာမည်တူ ရှိနေ သလို ကြားသိ လာ ရသည် ။ အဏ္ဏဝါစိုးမိုး ဆိုလား ၊ စိုးမိုးအဏ္ဏဝါ ဆိုလား စာရေးဆရာ လိုလို ၊ ရေလုပ်ငန်းကုမ္ပဏီ နာမည် လိုလို တစ်ခု ရှိ သည် ဟု ပြောကြသည် ။

 

အဏ္ဏဝါစိုးမိုး ဆိုတဲ့ နာမည် နဲ့ စာရေးဆရာ သို့မဟုတ် ရိုးရိုး သာမန်လူ တစ်ယောက် ရှိနေသည် ဆိုလျှင်တော့ ဒီ ကိစ္စ ကို ရှင်းရ တော့မည် ဖြစ်သည် ။ ကိုအဏ္ဏဝါ က တော့ ဒီနေ့ ထိ နာမည်တူ မရှိ သေး ဟု ထင်နေ မိသည် ။ သို့ သော် ကိုအဏ္ဏဝါ မသိသေး ၍ ဖြစ်ကောင်း ဖြစ်မည် ။ နာမည်တူ ရှိ နေလျှင်တောင်မှ နောက် တစ်ယောက် သည် ရိုးရိုး သာမန် စာဖတ် ပရိတ်သတ် မျှ သာ ဆိုလျှင် အကြောင်း မဟုတ်သော်လည်း စာရေးဆရာ ဆိုလျှင်တော့ ရှင်းရမည့် ပြဿနာ က နှစ်ပေါင်း ( ၂၀ ) ကျော်မျှ ကြီးမားရှည်လျားမည် ဖြစ် သည် ။  

 

၁၉၈၀ - ခုနှစ် က သင်္ဘောသား ဖြစ်ရန် ရုန်းကန်လှုပ်ရှား နေသော ကိုအဏ္ဏဝါ ကို ဆရာနန္ဒမိတ် က ပြောသည် ။

 

“ စိုးကြီး စာ ရေးပါလားကွ ၊ မင်း စာ ရေးရင် ဖြစ်မယ် ”

 

“ စာ ရေးတယ် ဆိုတာ ပါရမီ အရာပါ ၊ ကျွန်တော် ဖြစ်မှာ ဟုတ်ပါဘူး ”

 

“ မင်း မှာ ပါရမီ ရှိတယ် ။ ငါ သိတယ် ။ ရှိတဲ့ ပါရမီ ကို လေ့ကျင့်မှု နဲ့ ပေါင်းစပ် ပေးရတယ် ။ ပတ်ဝန်းကျင် စေ့ဆော်မှု လည်း ပါတာ ပေါ့ ။ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ဆည်း ခဲ့တဲ့ မြတ်စွာဘုရား တောင် ပါရမီတော်တွေ အားကိုး နဲ့ ဒီအတိုင်း နေရင် ဘာမှ ဖြစ်လာ မှာ မဟုတ်ဘူး ။ ပါတ်ဝန်းကျင် စေ့ဆော်မှု ဆိုတဲ့ နိမိတ်ကြီး လေးပါး ရယ် ၊ လေ့ကျင့်မှု ဆိုတဲ့ ဒုက္ခရစရိယာ ခြောက်နှစ် ရယ် ပေါင်းစပ်လိုက်တဲ့ အခါ ဘုရား ဖြစ်သွားတာပဲ ၊ မင်း က ပါရမီ ရှိပေမယ့် မကြိုးစားတဲ့ အတွက် ဘာမှ ဖြစ် မလာဘူး ၊ ပါတ်ဝန်းကျင် စေ့ဆော်မှု အနေ နဲ့ ငါ က ရေးခိုင်း ပြီပဲ ၊ မင်း ဘက် က လေ့ကျင့်ကြိုးစားဖို့ ပဲ လိုတော့တယ် ” 

 

ဆရာနန္ဒမိတ် သည် မူဆလင်ဘာသာ ကိုးကွယ်သူ ဖြစ်သည် ။ မူဆလင်ဆရာ က ဘုန်းကြီးကျောင်းသား ကိုအဏ္ဏဝါ ကို တရား ပြပြီး နားချ နေခြင်း ဖြစ်သည် ။

 

“ ကျွန်တော် စာ ရေးတော့ ဘယ်သူ က သုံးမှာလဲ ”

 

“ ငါ သုံးမယ် ၊ ငါ့ ကို ပေး ”

 

အဲဒီတုန်းက ဆရာနန္ဒမိတ် သည် စစ်ပြန်မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဝင် လုပ်နေသည် ။ ဒီလိုဖြင့် ကိုအဏ္ဏဝါ စာ ရေး ချင် စိတ် ပေါက်လာသည် ။ စာ ရေး တော့မည် ဆိုတော့ ကလောင် နာမည် ရွေးချယ်ရတော့သည် ။ ကိုအဏ္ဏဝါ သည် တပ်မတော် ( ရေတပ် ) အငြိမ်းစား ဖြစ်လို့ အဏ္ဏဝါ ဆိုသည့် စကားလုံး ကို အလွန် သဘော ကျ သည် ။ သမီးငယ် နာမည် က စိုးမိုး ဖြစ်၍ ( အဏ္ဏဝါစိုးမိုး ) ဟု ကလောင် နာမည် ကို ရွေးချယ်လိုက်ပါသည် ။ တစ်ချိန်တစ်ခါ မှာ သင်္ဘောသား ဖြစ် ပါက အဏ္ဏဝါကြီး စိုးမိုး နိုင်ကောင်း ရဲ့ ဆိုသည့် ရည်ရွယ်ချက် လည်း ပါသည် ။ စာပေ လောက မှာ အနေ ကြာ လို့ စာရေးဆရာ တိုင်း ကို သိသည့် ဆရာ နန္ဒမိတ် ကို မေးစမ်း ကြည့်သည် ။

 

“ ဆရာ့တို့ စာရေးဆရာ လောက မှာ ဒီ နာမည် မျိုး ရှိသလား ဆရာ ” 

 

“ မကြားဖူးဘူးကွ ”

 

ဆရာနန္ဒမိတ် က လည်း မကြားဖူးဘူး ဟု ဆိုသည် ။ မိမိ ကိုယ်တိုင် လည်း မကြားဖူးသည့် အတွက် ( အဏ္ဏဝါစိုးမိုး ) ဆိုသည့် နာမည် ကို ၁၉၈၀ - ခုနှစ် မှာ ရွေးချယ် ခဲ့ ပါသည် ။ ထို နှစ် မှာ စပြီး ရေးပါသည် ။ ဆရာနန္ဒမိတ် နှင့် ဆရာအောင်သာမိုး တို့ အယ်ဒီတာ လုပ်နေကြသည့် စစ်ပြန်မဂ္ဂဇင်း မှာ ဝတ္ထုတို တွေ ဖော်ပြ ခြင်း ခံရသည် ။

 

စစ်ပြန်မဂ္ဂဇင်း မှ အပ ဖြစ်သော တစ်ခြား မဂ္ဂဇင်း စာမူ ပို့ကြည့်သည် ။ ဒီ ကလောင် နာမည် ကြားတောင် မကြားဖူး၍ ထင်သည် ။ အားနာပါးနာ လက်ခံ ထားလိုက်ကြသည် ။ သုံးလ လောက် ကြာ ပြီး သွား မေးသော အခါ မဖတ်ရသေး ဟု ပြောသည် ။ ခြောက်လ လောက် ကြာပြီး မှ သွား မေးသော အခါ မကြိုက်၍ ပယ်ထားတာ တွေ့ရ သဖြင့် ပြန် ယူ ခဲ့ရသည် ။

 

ရုပ်ရှင်မဂ္ဂဇင်း တစ်စောင် ကတော့ ဝတ္ထုတိုတွေ များ နေ လို့ လက်မခံနိုင်သေးပါ ဟု ဆိုသည် ။ ဆရာကြီး လင်းယုန်မောင်မောင် ၏ အကူအညီ ဖြင့် သွား ပေးတော့ မှ အားနာပါးနာ လက်ခံ ထား လိုက်သည် ။ ကိုအဏ္ဏဝါ သင်္ဘော တက်ရန် နိုင်ငံခြား ကို ထွက် သွားသည် ။

 

တစ်နှစ် ကျော် ပြီးမှ မြန်မာပြည် ကို ပြန် ရောက် လာသည် ။ အဆိုပါ မဂ္ဂဇင်းတိုက် ကို သွားမေး တော့ စာမူ ပျောက် နေတာ တွေ့ရသည် ။ သူတို့ ဆီ မှာ မှတ်တမ်း မရှိ ဟု ဆိုသည် ။

 

ကိုအဏ္ဏဝါ စိတ်ဓါတ် ကျ လာ ၍ ဘယ်ကို မှ မပို့တော့ဘဲ ရေးပြီးသား စာမူတွေ ကို စုပုံ ထား လိုက်တော့သည် ။ ဝတ္ထုတို နှင့် ဆောင်းပါး အပုဒ် ( ၂၀ ) ခန့် ကို ဆရာကြီး လင်းယုန်မောင်မောင် လာ ယူ သွားသည် ။ သူ အယ်ဒီတာ လုပ် နေသည့် လုံမလေးမဂ္ဂဇင်း မှာ ပါတာ တွေ့ ရသည် ။ သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း မှာ သုံး တာ လည်း တွေ့ ရသည် ။ တစ်ချို့ တစ်ဝက် က တော့ ဘယ် ရောက် သွားသည် မသိ အစအန ပျောက် သွားသည် ။ သူ ပို့ထားသည် ဆိုတဲ့ နေရာ တွေ ကို သူ နှင့် အတူ သွားကြသည် ။ မဂ္ဂဇင်းတိုက် ပြောင်းသွားပြီ တိုက် ပျက်သွား ပြီ စသည်ဖြင့် သိခဲ့ ရသည် ။

 

စာရေးဆရာ အဖြစ် ကလောင်နာမည် တစ်ခု ရဖို့ အတွက် နှစ်ရှည်လများ ကျားကုတ်ကျားခဲ ကြိုးစား လာ ခဲ့ ရသည် ။ နှစ်ပေါင်း နှစ်ဆယ် ကျော် ကြာပြီး မှ နာမည်တူ ရှိနေ သလိုလို ကြားသိ ရသော အခါ စိတ်ဓါတ် ကျ သွားရသည် ။ အဏ္ဏဝါစိုးမိုး ဆိုလား စိုးမိုးအဏ္ဏဝါ လား မသေမချာ မရေမရာ ဖြစ်နေသည် ။

 

စာရေးဆရာ နာမည် လား ၊ ရေလုပ်ငန်းကုမ္ပဏီ လား ဆိုတာ ကို ပါ သိ ရအောင် စုံစမ်း ရဦးမည် ဖြစ်သည် ။

 

စုံစမ်းနေဆဲ မှာ ပဲ သာကေတမြို့ က သတင်း တစ်ခု ကြားသိ ရသည် ။ ၁ - ရပ်ကွက် ၊ အနော်မာလမ်း ထဲ က အိမ် တစ်အိမ် ကို သူခိုး ကပ် သည် ။ အိမ်ရှင် အဖိုးကြီး က မင်္သကာ လို့ ထ ကြည့် တော့ သူခိုး က အိမ်နောက်ဖေး ပေါက် က ခုန်ဆင်းပြေး သည် ။ သူခိုး သူခိုး လို့ အော် လိုက်တော့ သူခိုး က ရပ်ကွက် ထဲ က လူတွေ ကြား အောင် အော် ပြော သွားသည် ။ 

 

“ အဏ္ဏဝါစိုးမိုး ဆိုတာ သင်္ဘောသား ကွ ”

 

အိမ်ရှင် အဘိုးကြီး တွေဝေ သွားသည် ။ သူ့ အိမ်ပေါ် တက် သည့် သူခိုး သည် သင်္ဘောသား ဆိုသည့် အတွက် သူ့ သမီး အပျိုမ ကို မသင်္ကာ ဖြစ် လာသည် ။ သူ့ သမီး နှင့် ပတ်သက် နေသည့် သူခိုး ဖြစ် မည် ဟု တွေးမိသည် ။ ငှက် မသိ လို့ ဆက်ရက် ( ဇရက် ) ကို ချိုး ထင် လေသလား ၊ ချက် မသိလို့ သားမက် ကို သူခိုး ထင်မိပြီလား စဉ်းစားရ တော့သည် ။ သို့သော် အဏ္ဏဝါစိုးမိုး ဆိုတာကြီး က ပါ နေ ပြန် သည် ။ ဘာကောင်ပါလိမ့် ဟု တွေး နေသည် ။

 

ဘာကောင် ဖြစ်ဖြစ် ၊ သင်္ဘောသား ဆိုလျှင် လက်ခံနိုင်သည် ။ သမီး နှင့် ရည်ငံ ပတ်သက်နေသည် ဆိုလျှင် တောင် သဘောတူ ခွင့်ပြုမည် ဟု တွေးမိ ပြန်သည် ။ ဘာပဲဖြစ်ဖြစ် ပိုင်နက်ကျူးလွန် ဝင် ရောက်မှု ဖြစ်နေ၍ သက်ဆိုင်ရာ က မေးလား စမ်းလား လုပ် လာလျှင် သဲလွန်စ ကို ချပြ ရတော့မည် ဖြစ်သည် ။ သင်္ဘောသား ဆိုတာ ကတော့ ဟုတ်ပါပြီ ၊ အဏ္ဏဝါစိုးမိုး ဆိုတာကြီး က ဘာကြီး မှန်း မသိ ဖြစ် နေသည် စက်လှေ နာမည် လား ၊ မော်တော် နာမည် လား ၊ မြစ်ဝကျွန်းပေါ် သွား သည့် နှစ်ထပ်သင်္ဘော နာမည် လား ၊ ကွဲကွဲပြားပြား မသိရသေး၍ စိတ်ညစ် နေသည် ။

 

အခင်း ဖြစ်ပွားသည့် နေရာ က လည်း ၇ - ရပ်ကွက် က ကိုအဏ္ဏဝါ နေထိုင် ရာ ခိုင်ရွှေဝါလမ်း နှင့် မလှမ်းမကမ်း မှာ ဖြစ်နေ၍ သက်ဆိုင်ရာ က ကိုအဏ္ဏဝါ ကို ခေါ်ယူ စစ်မေးသည် ၊ ပိုင်နက်ကျူး လွန်မှု ၊ ဖောက်ထွင်း ဝင်ရောက်မှု ၊ ခိုးရန်ကြံစည်မှု တို့ဖြင့် သံသယ အဖြစ် ခံရသည့် တရားခံ ကိုအဏ္ဏဝါ က စစ်ဆေးခံရန် ကိုယ်ပိုင် ဆလွန်းကားကြီး စီးပြီး ရောက် လာသည် ။

 

တာဝန် ရှိသူတွေ တွေဝေ သွားကြသည် ။ သံသယ အဖြစ် ခံ ရသူ သည် ကိုယ်ပိုင် ဆလွန်းကား စီးနိုင်သူ သင်္ဘောသား စာရေး ဆရာ ဖြစ် နေသည် ။ ပိုင်နက် ကျူးကျော် ဝင်ရောက် ခံရပါသည် ဆိုသည့် အိမ် သည် ဝါးထရံကာ ၊ ဓနိမိုး အိမ်ငယ်ကလေး မျှ သာ ဖြစ်သည် ။ ခိုးချင်စရာ ပစ္စည်း ဆို လို့ တီဗွီ လိုဟာမျိုး ရှိဖို့ မပြော နှင့် ရေနွေးအိုး တောင် နှုတ်သီး ကျိုး နေသည် ။ ဒီလို အိမ်မျိုး ကို အဏ္ဏဝါစိုးမိုး ဆိုတဲ့ သင်္ဘောသား စာရေးဆရာ က ဝင် ခိုးဖို့ ကြိုးစား တယ် ဆိုတာ မဖြစ်နိုင်ဘူး ဟု တညီတညွတ် တည်း သဘောတူ ဆုံးဖြတ်ကြသည် ။

 

တရားလို အိမ်ရှင် အဖိုးကြီး က သူ့ သမီး အပျို ကို မသင်္ကာ ဖြစ်ပြီး စစ်မေးတော့ မှ အမှုမှန် ပေါ် လာသည် ။ သူ့ ချစ်သူ ရည်းစား တင်သောင်း နှင့် အိပ်ခန်း တွင်း မှာ ချိန်းတွေ့ နေကြစဉ် သူ့ အဖေ နိုး သွား လို့ တင်သောင်း က အိမ် ပေါ် က ဆင်းပြေး သွားတာ ဖြစ်ကြောင်း ထွက်ဆို ဝန်ခံသည် ။  

 

တင်သောင်း ဆိုတော့ ဘယ်သူများ လဲ အောင့်မေ့ ပါတယ် ။ လက်စသတ် တော့ ကိုအဏ္ဏဝါ ၏ တပည့် ဘော်ဒါ ၊ သောက်ဖေါ် သောက်ဖက် ၊ ကိုအဏ္ဏဝါ ဘာညာဘာညာ အလို ရှိလျှင် ရှာ ပေး နေသည့် ဆိုက်ကားသမား တင်သောင်း ဖြစ် နေသည် ။ ကိုအဏ္ဏဝါ ရေချိန် လွန် လို့ ကား မမောင်း နိုင် လမ်း မလျှောက် နိုင် ဖြစ်သွားပြီ ဆိုလျှင် ဆိုက္ကား ဖြင့် အိမ်ပြန် ပို့ ပေးရသူ ဖြစ်သည် ။

 

၇ - ရပ်ကွက် ဈေးထိပ် က ဆိုက္ကားဂိတ် မှာ ဂိတ်စောင့် နေသည့် တင်သောင်း ကို သွား ခေါ် ပြီး စစ်မေးတော့ ဝန်ခံသည် ။ မိမိ ဟာ တင်သောင်း ပါ လို့ မအော်ဘဲ ဘာကြောင့် အဏ္ဏဝါစိုးမိုး လို့ အော်တာ လဲလို့ မေး ကြည့်သည် ။ တင်သောင်း ၏ အဖြေ က ရှင်းသည် ။

 

“ အော်တာ မဟုတ်ပါဘူး ၊ အဏ္ဏဝါစိုးမိုး ဆိုတာ သင်္ဘော သား လို့ ရက်ကွက် ထဲ က လူတွေ သိအောင် ပြောခဲ့တာပါ ”

 

တင်သောင်း သည် ကိုအဏ္ဏဝါ ကို ချစ်ခင်ရုံ သာ မက လေးစားသူ လည်း ဖြစ်သည် ။ သူ့ ဆရာ ကို ကြော်ငြာ ချင် တာ လည်း ပါသည် ။ သာကေတ တစ်မြို့လုံး က ကိုအဏ္ဏဝါ ကို စာရေးဆရာ ဆို တာ ရော ၊ သင်္ဘောသား ဖြစ်တယ် ဆိုတာကို ပါ မသိကြ၍ တင်သောင်း က အားမလို အားမရ ဖြစ်နေဟန် တူသည် ။ အခုလို အခွင့်သာ ခိုက် မှာ သူ့ ဆရာနာမည် ကို သုံးလိုက်ခြင်း ဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ဟန် တူသည် ။ သူ့ ဆရာ ကိုအဏ္ဏဝါ လည်း နာမည် ကြီး စေ ၊ သူ့ နောက် ကို ဝိုင်းလိုက် ကြမည့် သူခိုး ဖမ်းသူတွေ လည်း တွေ တုံ့ဆိုင်းသွားစေ လိုသည့် ဆန္ဒ ဖြင့် ရည်ရွယ်တာ ဖြစ်မည် ။

 

တာဝန် ရှိသူတွေ နှင့် ရက်ကွက်သူ ရပ်ကွက်သားတွေ က တော့ အဏ္ဏဝါစိုးမိုး ဆိုတာ နှစ်ယောက် မရှိဘူး ဆိုတာ ကို ယုံကြည် လက်ခံသွားသည့် အတွက် ကိုအဏ္ဏဝါ ကျေနပ်သည် ။

 

◾အဏ္ဏဝါစိုးမိုး


📖 သောကြာ စာစောင်

      ၂၀၀၄ ၊ ဇန္နဝါရီ

 

#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment