Friday, February 17, 2023

ဦးဖိုးစိန် နှင့် ဦးဖိုးသာ


 

❝ ဦးဖိုးစိန် နှင့် ဦးဖိုးသာ ❞

“ ဘုရားဒကာ ဦးဖိုးစိန်ကြီး များ ဦးလေး တို့ မြို့ ကို လာပြီလား ဆိုမှ ဖြင့် သင်္ဘောဆိပ် တောင် ဆင်း ကြည့်စရာ မလိုဘူး ၊ အိမ် မှာ ထိုင်နေရင်း ကို က သိနိုင်တာပဲ ”

ဦးလေး ဦးဖိုးသာ သည် စကား ကို ခဏ ရပ်သည် ။ ကြမ်းခင်း ကို ဖြတ်၍ ပတ္တာ တပ် ထားသော ပျဉ်ပြား ကို လှပ် ပြီး ကြမ်းပေါက် မှ ကွမ်းတံတွေး ထွေး ချ သည် ။ နှုတ်ခမ်းထောင့်စွန်း မှာ သီး နေသော ကွမ်းသွေးစ ကို လက်ဖမိုး ဖြင့် သုတ် လိုက်၏ ။

“ ဘာဖြစ်လို့လဲ ဦးလေး ”

ကျွန်တော် က စကား ဝင် ထောက် ပေးသည် ။

“ ဘာကြောင့် ဆို သင်္ဘောဦး မှာ ကြေးအမြောက် တစ်လက် ပါလာတာ ကိုး ၊ မြို့ အဝင် မှာ  ထိန်းခနဲ အမြောက် တစ်ချက် ဖောက် ပြီး မှ ဝင်လာတာ ၊ ပြီးတော့ ရေကင်းတီး ၊ ယိမ်းသမတွေ က,ရင်း သင်္ဘော ဝင် လာတာ တယ် ကျက်သရေ ရှိတာကိုး ”

ကျွန်တော် ဆက် နားထောင် နေသည် ။

“ သင်္ဘော ပေါ် က ဆင်းလာတဲ့ အခါကျတော့ လဲ ဘေး တစ်ဖက် တစ်ချက် စီ က ဘော်ဒီဂတ် နှစ်ယောက် ပါသေးတယ် ၊ အင်္ဂလိပ် အစိုးရ က ပေး ထားတဲ့ မျက်နှာဖြူ စစ်ဗိုလ်တွေ ပေါ့ ၊ အဲဒီ ကာလ မှာ မြန်မာလူမျိုး ကို အင်္ဂလိပ်မျက်နှာဖြူ က သက်တော်စောင့် ပေးရ တယ် ဆိုတာ တော်တော့ ဘုန်းကံလား ကွာ ”

သည်လောက်တော့ .. မဖြစ်နိုင်ဟု စိတ် ထဲ က တွေးလိုက်သည် ။ ဦးဖိုးစိန် ဇာတ်အဖွဲ့ ထဲ မှာ ကပြားတွေ ကို အလုပ် ခန့်ထား သည်ဟု ကြားဖူးသည် ။ ဒါကို အင်္ဂလိပ်လူမျိုး သက်တော်စောင့် ဟု ထင်ကြတာ ဖြစ် နိုင်သည် ။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်တွေ အုပ်စိုးနေ ချိန် တွင် အင်္ဂလိပ်လူမျိုး ကို မိမိ လက်အောက် မှာ အခစား လုပ်စေ ခြင်း ကတော့ ဦးဖိုးစိန် ၏ အရှိန်အဝါ ကို ဖော်ပြ နေ လေသည် ။

ကျွန်တော် ဘာမျှတော့ ပြန် မပြောလိုက် ။

“ အဲဒီ အခါမှာ ကြိုဆိုကြတဲ့ ပရိသတ် က ကမ်းလုံးညွတ်မျှ ပေါ့ စကား အဖြစ် ပြောတာ မဟုတ်ဘူး ၊ တကယ့်ကို .. ကမ်းလုံး ညွတ် တာ ၊ အဲဒီ လူအုပ် ထဲ မှာ ရှေ့ဆုံးတန်း က တိုးဝှေ့ ကြည့်နေတာ ဦးလေး ပေါ့ ၊ ဒီတုန်းက ဦးလေး က လူပျိုပေါက် အရွယ် ၊ဘုရားဒကာ ဦးဖိုးစိန်ကြီး ကို တစ်ခါမှ မမြင်ဖူးသေးဘူး ၊ ဟေ , တော်တော်ထူးခြား တဲ့ ပုဂ္ဂိုလ်ကွယ့် ၊ မှင်မောင်း ကလဲ တယ် ကောင်းတာပဲ ၊ ပြီးတော့ အသက်အရွယ် ကို လဲ ခန့်မှန်းလို့ မရဘူး ၊ ပါရမီ ထူးတဲ့ သူတွေ သာ ဒါမျိုး ဖြစ်တတ်တာ ၊ ပရိသတ် ကြား ထဲ က ဖြတ်လျှောက်ရင်း ဦးလေး တို့ ဘက် လှည့် ကြည့်ပြီး ပြုံးပြ သွားတာ ခုထိ မျက်စိ ထဲ က မထွက် ဘူး ၊ ဘယ်သူ ပြုံးပုံ နဲ့မှ မတူတာ အမှန်ပဲ ”
နှုတ်ခမ်းစွန်း တွင် ကွမ်းသွေး သီး လာ ပြန်သည် ။ သည်တစ်ခါ တော့ မထွေးဖြစ်သေးဘဲ ဦးဖိုးစိန်ကြီး ၏ အပြုံး ဆိုတာ ကို ပြန်လည် မြင်ယောင် ကြည့်နေဟန် တူ၏ ။ ဦးဖိုးစိန်အပြုံး ကတော့ ဘယ်လို နေမည် မသိ ။ ယခု ဦးလေး ဦးဖိုးသာ ၏ အပြုံး ကား တခြား ဘယ်သူ နှင့် မှ မတူတာ အမှန်ပင် ။

     •••••   •••••   •••••   •••••

ဦးလေး ဦးဖိုးသာ သည် ကျွန်တော့် သူငယ်ချင်း စိုးသောင်း တို့ အဖေ ဖြစ်သည် ။

ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်သည် တစ်ပတ် လျှင် တစ်ခါ နှစ်ခါ တော့ သူတို့ အိမ်မှာ ဆုံမြဲ ဖြစ်၏ ။ စိုးသောင်း က လမ်း များ တတ်သူ ဖြစ်သည် ။ မကြာခဏ ဆိုသလို အိမ် မှာ သူ မရှိဘဲ ဖြစ် နေ တတ်သည် ။ ဒေါ်လေး က လည်း သူ့ ချက်ရေးပြုတ်ရေး အလုပ် ဖြင့် သာ ရှုပ်နေ တတ်၏ ။ ထိုအခါ ဦးလေး ဦးဖိုးသာ နှင့် သာ စကား လက်ဆုံ ကျရင်း စိုးသောင်း အလာ ကို စောင့်ရတတ် လေသည် ။
စကားလက်ဆုံ ကျသည် ဆိုသော်လည်း လူကြီးသူမ တို့ ထုံးစံ အတိုင်း သူ ပြောသည် ကို ကျွန်တော် က နားထောင်ရခြင်း ဖြစ်၏ ။ ဦးလေး ဦးဖိုးသာ ပြောလေ့ ရှိသည့် အကြောင်းအရာများ ကား အစုံပင် ။ သူ စကား ပြောလျှင် လေးလေးမှန်မှန် သာ ပြောလေ့ ရှိသည် ။ သို့ရာတွင် ပျင်းစရာ မကောင်း ။

တချို့ လူတွေ လို သွက်သွက်လက်လက် မပြောတတ် သော် လည်း အကြောင်းအရာတွေ ဟိုရောက် သည်ရောက် မဟုတ်ချေ ။ စလယ်ဆုံး ရှင်း နေအောင် ပြောတတ်သည် ။

     •••••   •••••   •••••   •••••

ဦးဖိုးစိန် ကို ဘုရားဒကာဦးဖိုးစိန်ကြီး ဟု သူ သုံးနှုန်းလေ့ ရှိသည် ။

“ အဲဒီလို မင်းသားမျိုး က ရှားတယ်ကွ ၊ အေးလေ ၊ ရှားတာ မဟုတ်ဘူး ၊ သူ့ အပြင် ရှိကို မရှိတာ ၊ ပြောစရာ အပြစ် ကို ရှာလို့ မရဘူး ၊ ရုပ် လဲ ရှိတယ် ၊ အရပ် က မနိမ့် မမြင့် ၊ ကိုယ်လုံး က မပိန် မဝ ၊ ဇာတ် မင်းသားများ မှာ ကိုယ်လုံးကိုယ်ပေါက် အနေနဲ့ က လဲ လို သေးတယ် ၊ ဘုရားဒကာ ဦးဖိုးစိန်ကြီး ကျ တော့ မင်းသား အဆက်အပေါက်မျိုး ကွက်တိ ပဲ ၊ အသံ က လဲ ကောင်းတယ် ၊ ဘယ်လောက် အော် အော် အော် သလောက် ထွက် တာပဲ ။ အသံ ဝင်တယ် တိမ်တယ် မရှိဘူး အက , ကျတော့ ကော .. သူ့ ခြေ က , ဟာ တယ် ကြည့်ကောင်းတာ ကလား ၊ သူ မက ဘဲ လက်ပိုက် ပြီး ရပ် နေရင်တောင် က , နေ သလို လှတယ် ၊ အပြော လဲ ကောင်းတယ် ၊ လွမ်းပြီ ဆိုရင်လဲ ပရိသတ် ကျေနပ်လောက်အောင် လွမ်း နိုင်တာ ”

ဦးလေး ဦးဖိုးသာ သည် ဦးဖိုးစိန် ၏ “ အဟဲ ” ကို ဘယ်လောက်ထိ စွဲခဲ့သလဲ မသိ ။ သူ့ စကား တစ်ခွန်း နှင့် တစ်ခွန်း အဖြတ်အတောက် ကြား တွင် “ ဟဲ .. ဟ ” စသည်ဖြင့် “ ဇာတ်လေ ” ကလေးတွေ ပါ နေတတ် လေသည် ။

“ အပြောအဆို အငိုအက တွင် မကဘူး ၊ အသော လဲ ရတယ် ၊ များသော အား ဖြင့် ဇာတ်မင်းသား တွေ မှာ လူပြက်တွေ သောတာ ကို သာ ခံရတာ များတယ် ၊ ပြန် မပြောတတ်ဘူး ၊ ဘုရားဒကာ ဦးဖိုးစိန်ကြီး က တော့ လူပြက်တွေ နဲ့ ပြိုင် သော နိုင်တယ် ” ဆိုပြီး သူ အလွတ် မှတ် ထားသည့် ဦးဖိုးစိန် နှင့် မအေးစိန် နှစ်ပါးသွား မှ အကွက် တစ်ကွက် ကို ပြောပြ၏ ။

“ မအေး ရေ ”

“ ကိုကြီးစိန် ”

“ ကိုကြီးစိန် ကိုကြီးစိန် နဲ့ မအေး ဆိုတဲ့ အတိုင်း အေး ပေ့ဗျာ ”

(လူပြက် ကိုကြုံတိုင်း)
“ အေးတာ ကောင်းတယ် ဆရာ ရဲ့ ၊ ပူတာ မကောင်းဘူး ”

“ နားပူ နားဆာ တော့ မရှိပါဘူးကွယ် ၊ သနားစရာကလေး ပါပဲ ၊ ‘ သနားစရာလေးမို့ မယားကညာ အေး ရယ် ၊ တစ်ဖဝါးမှ မကွာ ထွေးမယ်ကွယ့် မယ်အေးရယ်' နော် ၊ မယ်အေး .. ”

( လူပြက် ) “ ကျွန်တော် က ဆရာ့ ဓားစာ သာ ကျွေး လိုက်ချင် တော့တာပဲ ”

( ဦးဖိုးစိန် ) “ ခွေးမသားကြီး ... သေသွားမယ် ၊ နင် က ငါ့ ဘာကြောင့် ဓားစာ ကျွေးချင်ရတာတုံး ”

( လူပြက် ) “ မယ်အေး အတွက်တွေ ပေါ့ ”

( လူပြက် - ၂ ) “ တို့ကတော့ ဆရာစိန် ကို အားသာ ပေးချင် တော့ တာပဲ ”

“ ဘာဖြစ်လို့လဲ ”

“ ရအောင် .. ရအောင် .. မယ်အေးကို ”

( ဦးဖိုးစိန် ) “ ဒါဖြင့် နင်တို့ ကုလားရှာပေးလိုက်လေ ”

( လူပြက် ) “ ဒါဖြင့် တို့ သိကြား ပါသေး လား ”

( ဦးဖိုးစိန် ) “ ကြုံတိုင်းတို့က ပေါနေပေါ့ကိုး ”

     •••••   •••••   •••••   •••••

ဦးဖိုးစိန် သည် ပထမ ကျောင်းသားသပိတ် ကို မထောက်ခံ ခဲ့ သဖြင့် ကျောင်းသားများ နှင့် ပြဿနာ ဖြစ်သည် ။ ကျောင်းသား များ က ဦးဖိုးစိန်ဇာတ် ကို မကြည့်ကြဘဲ သပိတ်မှောက် ကြရန် လှုံ့ ဆော်သည် ။ ပွဲကြည့်ပရိသတ်များ သည် ဦးဖိုးစိန်ဇာတ် ကို အလွန် ကြည့်ချင်ကြ သော်လည်း ကျောင်းသားများ ၏ ဆန္ဒ အတိုင်း သပိတ် မှောက် ကြ၏ ။ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ် သည် ပြည်သူများ တွင် တညီတညွတ်တည်း ရှိနေကြောင်း ဦးဖိုးစိန် သိ သွားသည် ။

သူ သည် ဗြိတိသျှအစိုးရ ကို ဂုဏ်ပြုသော သီချင်းများ သီဆို ခြင်း ၊ သူ့ ဇာတ် ထဲ တွင် ယူနီယံဂျက် အလံယိမ်း ကပြခြင်း များ ပြု လုပ် ခဲ့၏ ။ နောက်ပိုင်းတွင် မူ ဂျီစီဘီအေ အသင်း သို့ အလှူငွေများ လျှို့ဝှက်စွာ ထည့်ဝင် ခဲ့သည် ။

ထို့ကြောင့် သူ သည် အင်္ဂလိပ်အစိုးရ နှင့် သင့်မြတ်အောင် နေပြီး တစ်ဖက် က နယ်ချဲ့ ဆန့်ကျင်သူများ နှင့် ပြဿနာ မဖြစ် အောင် ကြားနေ နေကြောင်း သိ ရ၏ ။

ဦးလေး ဦးဖိုးသာ ၏ ပြောပြချက် အရ လူမှုရေး ကိစ္စများ မှာ တော့ ဦးဖိုးစိန် ရက်ရက်ရောရော ရှိတတ်သည် ဟု ဆို၏ ။ “ ကျောင်းသားတွေ နဲ့ ကိစ္စတုန်း က တော်တော် နာမည် ပျက် သွား သေးတယ် ၊ ပရိသတ်တွေ က ပါ ကျောင်းသားတွေ ဘက် က ပါပြီး ပွဲ မကြည့်ဘဲ နေကြတာ သုံးလေးလ လောက်ကြာတယ် ၊ ဦးဖိုး စိန်ကြီး ကိုယ်တိုင် ဝန်ချ တောင်းပန် မှ ပြေလည် သွားတယ် ၊ နိုင်ငံရေး တွေ ဘာတွေ သိပ် နားမလည် ရှာလို့ ဒီလို ဖြစ်ရတယ် ထင်ပါရဲ့ကွာ ၊ စိတ်ရင်း က တကယ် ကောင်းပါတယ် ၊ အင်္ဂလိပ်အစိုးရ နဲ့ အဆင် ပြေ တယ် ၊နာမည် ကျော်ကြားတယ် ချမ်းသာတယ် ဆိုပြီး မောက်မောက် မာမာ မရှိပါဘူး ၊ ပရိသတ် ကို သိပ် လေးစားတာ ၊ နေ မကောင်းလို့ ၊ ပွဲကူး လာရတာ ပင်ပန်းတယ် ဆိုပြီး လျှော့ က , တာမျိုး ဘယ်တော့မှ မလုပ်ဘူး ၊ သူ ပြောတာ တစ်ခု ရှိတယ် ၊ ကိုယ် က လျှော့ က , မှာ မို့ ရုံဝင်ခ ကို ကျတော့ လျှော့ ယူကြတာ မဟုတ်ဘူး ၊ အပြည့် ပဲ ယူကြ တာပဲ ၊ ဒီတော့ ကိုယ် ကလဲ အပြည့်ပဲ က , ပေးရမှာပေါ့ တဲ့ ၊ နောက် ပြီး ရှိသေးတယ် ၊ ငါ က မင်းသား ဆိုပြီး ဟိတ်ဟန် မလုပ်ဘူး ၊ပွဲ မက , ခင် ရုံနောက် က နေ သူ့ ကို သွား နှုတ်ဆက်တဲ့ လူတိုင်း ကို ဆင်းရဲချမ်းသာ မရွေး ကောင်းကောင်းမွန်မွန် ဧည့်ခံ လွှတ်လိုက်တာချည်းပဲ ၊ တစ်ခါ လဲ မှတ်မိသေးတယ် ... ”

ထိုနေ့က ပွဲသိမ်း ည ဖြစ်သည် ။

ဦးလေး ဦးဖိုးသာ သည် ပထမ နှစ်ည ဆက်တိုက် ကြည့်ခဲ့ပြီးပြီ ။ အားမရသေး ။ ဒီ ည ပါ ကြည့်ချင်သည် ။ နောက်ပိုင်းဇာတ် ကလည်း မင်းကုသ ဆိုတော့ သူ့ အသည်းစွဲ ။ သို့ရာတွင် ရုံဝင်ခ ပေး စရာ ပိုက်ဆံ ခြောက်ပဲ မရှိ ။ ပထမ နှစ်ည ကြည့်လိုက် သဖြင့် ကုန် သွားပြီ ။ မိဘတွေ ဆီ က ထပ် တောင်း လို့ လည်း ရတော့မည် မဟုတ်ချေ ။
ထို့ကြောင့် ရုံ နောက်ဘက် သွားပြီး ဦးဖိုးစိန် ကို ချောင်းကြည့် ခြင်း ဖြင့်သာ အာသာ ဖြေ ရလေသည် ။

ဦးဖိုးစိန် သည် ထရံကြား မှ ပြူတစ် ပြူတစ် လုပ်ရင်း ချောင်း ကြည့် နေကြသော ချာတိတ် တစ်သိုက် ကို မြင်သော အခါ ..

“ မင်းတို့ ဘာ ကြည့်ကြတာလဲ ကွယ့် ”

နှုတ်သွက်သော လူငယ်လေး တစ်ယောက် က ...

“ ဆရာကြီး ကို မမြင်ဖူးလို့ လာ ကြည့်ကြတာပါ ”

“ ဇာတ် ကနေတုန်း က မြင်ဖူးသား မဟုတ်လား ”

“ ဇာတ် ထဲ မှာ တော့ မြင်ဖူးတာပေါ့ ၊ ဒါပေမယ့် ကျွန်တော် တို့ က ဟိုး နောက်က ကြည့်ရတာ ဆိုတော့ ဘယ် သဲသဲကွဲကွဲ ရှိပါ့ မလဲဗျ ”

“ ဒါဆို .. ဒီ ည ရှေ့တန်း က ရအောင် လာ ကြည့်လှည့်ပေါ့ ”

“ မကြည့်နိုင်တော့ပါဘူး ဆရာကြီး ရာ ၊ ဟို နှစ်ည ကြည့်လိုက် တာ ကုန်ပါရောလား ၊ ဒီ ည အတွက်တော့ ရုံဝင်ခ တောင် မရှိတော့ ဘူး ၊ ဒါကြောင့် ဆရာကြီး အဝတ် လဲ တာပဲ အာသာပြေ ကြည့်ရ တော့မှာပဲ ”

“ ဩော .. ဒီလိုကိုး ... ကိုင်း .. ကိုင်း .. ဒီ ည အဖို့တော့ ကျုပ် က ပဲ ဒကာ ခံပြီး ပြပါ့မယ်ဗျာ ၊ ဟောဒီ နောက်ပေါက် က သာ ရုံ ထဲ ဝင်ကြပေတော့ ၊ ပွဲထွက်ချိန် လဲ နီး နေပြီ ၊ ဆိုင်းဝိုင်း နောက်နား မှာ ကျုပ် ဧည့်သည်တွေ အတွက် သီးသန့် နေရာ ရှိတယ် ၊ သွား ထိုင် ကြပေတော့ ၊ တစ်ယောက် ယောက် က လာ မေးရင် ကျုပ်တို့ ဖိုးစိန် ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ပဲ လို့ ခပ်တည်တည် သာ ပြော ၊ ကြားလား ”

ဒါကြောင့်လည်း ဦးဖိုးစိန် ကို ဦးလေး ဖိုးသာ တို့ စွဲတာပဲ ဟု ကျွန်တော် တွေး မိသည် ။

“ အဲဒီ နေ့က ဦးလေး တို့ မြင် လိုက်ကာ တစ်ခု ရှိတယ် ၊ ဦးလေး တို့ မြို့ပေါ် က ကြီးကြီး မာစတာကတော်ကြီး တွေ ၊ သူဌေးမကြီး တွေ ၊ သူတို့ သမီးတွေ ဦးဖိုးစိန် ကို လာပြီး မိတ်ဖွဲ့ကြတာ ၊ စားစရာ မုန့်ပဲသရေစာတွေ ၊ လက်ဆောင်ပစ္စည်းတွေ နဲ့ ပေါ့ ၊ တချို့ဆို ပွဲထိုင်ဆေး ပေါ့လိပ်ကြီးတွေ ပေးကြသကွယ့် ”
ကျွန်တော် ဣန္ဒြေ ဆည်ထားသည့် ကြား က .. မျက်နှာ ပြုံး ယောင်ယောင် ဖြစ် သွားသည် ။ ခုခေတ် မင်းသားကျော် များ ဖြစ် ကြသော သစ္စာမေတ္တာ ရွှေညီအစ်ကိုများ ၊ မိုးဝင်း ၊ နန်းဝင်း တို့ နှင့် တကွ ဦးဖိုးစိန် ၏ မြေးများ ဖြစ်ကြသော ရဲစိန် ၊ ညီဝင်းစိန် တို့ ဆိုလျှင် ပရိသတ် က ပန်းကုံး စွပ်ခြင်း ၊ ပန်းစည်းများ ပစ်ပေးခြင်း ၊ ဇာတ်စင် ပေါ် သို့ ဆီးသီးထုပ် ၊ မရန်းပြားထုပ်များ ပစ် တင်ခြင်း စသည် တို့ အပြင် ဇာတ်ရုံ နောက်ဘက် မှ လည်း လက်ဆောင်ပစ္စည်းများ ပို့ တတ် ကြရာ ၊ ဆေးလိပ် ဆို လျှင် ငါးသုံးလုံး စီးကရက် တစ်တောင့် လောက် က အနိမ့်ဆုံး ။ ခု ဦးဖိုးစိန် ကို ဆေးပေါ့လိပ် လက်ဆောင် ပေးတယ် ဆိုသဖြင့် ကျွန်တော် ပြုံးမိခြင်း ဖြစ်သည် ။

သို့ရာတွင် ...

“ ဆေးပေါ့လိပ် ဆိုလို့ ပေါ့သေးသေး မမှတ်နဲ့ ကွ ၊ ဆေးပေါ့လိပ် ဖင် မှာ ရွှေဒင်္ဂါးပြား ကပ်ပြီး ပေးတာ ”

“ ခင်ဗျာ ”

ထိုအခါ ကျ မှ ကျွန်တော် အံ့ဩ ရသည် ။ ရွှေဒင်္ဂါး တစ်ပြား လျှင် ငါးမူးသား ရှိသည် ဟု ကျွန်တော် သိထားသည် ။ ဟိုအရင် က တော့ မသိ ။ ခုခေတ် ဈေး နှင့် ဆိုလျှင် သုံးထောင် ပတ်ဝန်းကျင် လောက် တန်မည် ။ ဦးလေး ဦးဖိုးသာ ကတော့ ကျွန်တော် အံ့ဩ သွားသည် ကို ကြည့်၍ ကျေနပ်စွာ ပြုံး နေ လေသည် ။

     •••••   •••••   •••••   •••••

“ ငါတို့ .. လူပျိုပေါက် ဘဝ က နန်းရင်းဝန် ဖြစ်ချင် သလား ၊ ဦးဖိုးစိန် ဖြစ်ချင်သလား မေးရင် ဦးဖိုးစိန် ပဲ ဖြစ်ချင်တယ် လို့ ဖြေကြမှာ ပဲ ကွယ့် ”

.. ဟု ပြောခဲ့သော ဦးလေး ဦးဖိုးသာ သည် ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါသည် ။

သူ ကွယ်လွန် သွားပြီး .. တစ်လခန့် အကြာ တွင် ကျွန်တော့် သူငယ်ချင်း စိုးသောင်း သည် သူ့ အဖေ ထံ မှ အမွေ ရ လိုက်သော သေတ္တာကလေး ကို ဖွင့် ကြည့်လေ၏ ။

ဦးလေး ဦးဖိုးသာ အမြတ်တနိုး ထားသော ပစ္စည်းကလေး တွေ စုဆောင်း ထည့်သွင်းထားသည့် သေတ္တာကလေး ဖြစ်ပါသည် ။ ကျွန်းသား ဖြင့် ပြုလုပ်ထားပြီး ကြေးဝါ လက်ကိုင် နှစ်ဖက် တပ်ထား သည် ။ မူလ သော့ပေါက် က ပျက် နေ သဖြင့် မျောက်လက် အသစ် တပ်ပြီး သော့ခလောက် နှင့် ခတ် ထားသည် ။

ထိုအချိန် က ကျွန်တော် လည်း ရှိနေ သဖြင့် သေတ္တာ ဖွင့်ရာ တွင် ကြည့်ခွင့် ရခဲ့သည် ။

သေတ္တာ ထဲ မှာ ငွေ ကွမ်းအစ်ကလေး တစ်လုံး ၊ တရားစာအုပ် လေးငါးဆယ်အုပ် ၊ စိပ်ပုတီး တစ်ကုံး ၊ မှတ်စုစာအုပ် တစ်အုပ် ၊ အိုဂျီဗယ် လက်ပတ်နာရီ တစ်လုံး ။ ပြီးတော့ ပလတ်စတစ်အိတ် ဖြင့် ထုပ်ထားသော ဦးဖိုးစိန်ဇာတ် ကြော်ငြာစာရွက်များ ၊ သူ့ လက်ရေး ဖြင့် ကူး ထားသော ဦးဖိုးစိန် သီချင်းများ ၊ ကတ္တီပါအိတ်ရှုံ့ကလေး ဖြင့် ထည့်ထားသော ခပ်ပြားပြား ခပ်ဝိုင်းဝိုင်း အရာ တစ်ခု ကို ကျွန်တော် တို့ စိတ်ဝင်စား မိ ကြသည် ။ စိုးသောင်း က အိတ် ကို ဖွင့်ပြီး ဆွဲ ထုတ် လိုက်သည် ။

ဓာတ်ပြား တစ်ချပ် ၊ ခွေးတံဆိပ် ဓာတ်ပြား ကုမ္ပဏီတံဆိပ် နှင့် ကာလကတ္တား တွင် အသံ သွင်းထားခြင်း ဖြစ်သည် ။ ဓာတ်ပြား တစ်ဖက် တွင် “ မောင်ဖိုးစိန် နှစ်ပါးသွား ဆို ” ဟု လည်းကောင်း ၊ ကျန် တစ်ဖက် တွင် “ မောင်အောင်ဗလ နှစ်ပါးသွား ဆို ” ဟု လည်းကောင်း မြန်မာအင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေး ထားသည် ။ ဓာတ်ပြား ပေါ် တွင် အင်္ဂလိပ်စာတန်း တစ်ခု ပါ သေးသည် ။

ဇာတ် နာမည် ကို ရေး ထားခြင်း ဖြစ်မည် ။ ကျွန်တော်တို့ နှစ်ယောက်သည် ထို စာတန်း ကို အမျိုးမျိုး အသံထွက် ကြည့်ကြ ၊ အမျိုးမျိုး အဓိပ္ပာယ် ဖွင့် ကြည့်ကြ သော်လည်း မရဘဲ ဖြစ်နေလေသည် ။ " Yamanezeshoe ' zat " ဟု ရေး ထား၏ ။ မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့ အဖို့ အဖိုးတန်သော ပစ္စည်း တစ်ခု ရရှိခြင်း ပင် ဖြစ်သည် ။ ထို ဓာတ်ပြား ကို ဖွင့် နားထောင် နိုင်ရန် အတွက် ဓာတ်စက် လိုက် ရှာကြရသည် ။

ခု ခေတ် မှာ ကက်ဆက် ရီကော်ဒါခေတ် ဖြစ်၍ ဓာတ်စက် ကို လွယ်လွယ်ကူကူ ရှာ မရ ။ ကံအားလျော်စွာ တစ်ရက် တွင် ကျွန်တော်တို့ ရပ်ကွက် ထိပ် က ရေဒီယိုကက်ဆက် ပြင်ဆိုင် မှာ လာ အပ် ထားသော လက်လှည့် ဓာတ်စက် တစ်လုံး ကို တွေ့ ရသည် ။

တောင်းတောင်းပန်ပန် နှင့် ခဏ ငှားပြီး ဦးဖိုးစိန် ဓာတ်ပြား ကို ဖွင့် နားထောင် ကြည့် ကြ၏ ။ ဓာတ်စက် က သိပ် မကောင်း ။ ဓာတ်ပြား က လည်း ဟောင်း နေပြီ ။ နည်းနည်း အက်ကွဲ နေသည် ။ အချို့ နေရာများ တွင် အသံ ပီပီသသ ထွက် မလာ သဖြင့် သီချင်းစာသား ကို သဲသဲကွဲကွဲ မကြားရ ။ အက်ကွဲ နေသည့် နေရာ ကို အပ်သွား ဖြတ် သွားသည့် အခါ တွင် ဒုတ်ခနဲ ဒုတ်ခနဲ မြည် နေသည် ။

မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့ နှစ်ယောက် သည် ထို ဓာတ်ပြား ကို အခေါက်ပေါင်း များစွာ နားထောင် ကြသည် ။ ဦးလေး ဦးဖိုးသာ တွင် ကိုယ်ပိုင် ဓာတ်စက် မရှိချေ ။

သို့ဖြစ်လျှင် ထို ဓာတ်ပြား ကို အဘယ်ကြောင့် သိမ်းဆည်း ထားရပါ သနည်း ။ အချို့ နိုင်ငံများ တွင် ကမ္ဘာကျော် အနုပညာရှင် တို့ ၏ အသုံးအဆောင်ပစ္စည်းများ ၊ လက်ရေးမူများ ၊ သူတို့ နှင့် ပတ်သက် နေသော ပန်းချီကားများ ၊ ဓာတ်ပုံများ ကို ငွေ သိန်းသန်း ချီ၍ ပေးဝ ယ်ပြီး အမြတ်တနိုး စုဆောင်း ထားကြသူများ ရှိသည် ။

ဦးလေး ဦးဖိုးသာ သည် လည်း ထို သဘောမျိုး ပင် ဖြစ်ပေလိမ့် မည် ။ အသေအချာ ပြောနိုင်တာ တစ်ခု တော့ ရှိသည် ။

ဦးလေးဦး ဖိုးသာ သည် ထို ဓာတ်ပြား ကို မကြာခဏ ထုတ် ကြည့်ပြီး ဓာတ်ပြား ပေါ် မှ အရေးအကြောင်းကလေးများ ကို ကြည့် ရင်း ဦးဖိုးစိန်ကြီး ၏ ဆိုဟန် ၊ ငိုဟန် ၊ ပြောဟန် များ ကို ကြားယောင် တတ်ပေ လိမ့်မည် ။

ခြေ တစ်ဖက် ရှေ့ ကို ထိုးပြီး ပြုံးပြုံးကလေး က , နေသည့် ဟန် ကို ကွမ်းတမြုံ့မြုံ့ ဝါးရင်း မြင်ယောင် ကြည့်တတ်ပေလိမ့်မည် ။

ကျွန်တော်တို့ သည် ဦးလေး ဦးဖိုးသာ ၏ ကျေးဇူးကြောင့် အဖိုးတန်သော ဓာတ်ပြား တစ်ချပ် ကို နားထောင်ခွင့် ရခဲ့ပါသည် ။

     •••••   •••••   •••••   •••••

( ဖိုးစိန် ဆို )

“ သစ္စာတော် ထား လို့ .. ယုံလောက်ဖွယ် စကား .. မောင့် မယား ဆိုပါ့မကွယ် နှမရယ် ”

“ ပြောစမ်းပါ မောင်ရေ့ ”

“  ... မြကျောက်စေတီ ၊ တူစုံဖူးမယ်လေး ၊ လက်လဲ လက် အုပ်ချီ ၊ လက်လဲ လက်အုပ်ချီ ၊ လက်လဲ လက်အုပ်ချီ .. သွေမဖည် မောင်လေးမောင် ရဲ့ စေတီငယ် မြကျောက်သံ ကို ကွယ် .. လေး လေး .. ဗလရယ် ... မောင်မောင့် မှာ .. ချစ်သူရယ် ယုံဖို့ နှင်း ပါတော့မယ် ... အလိုဗျ .. ပျိုဗလ သက်လယ် ၊ ပေါက္ကံပြည်ဝယ် စံကြစို့ရဲ့ ကွယ် ၊ တစ်သက်လုံးသာ မမုန်းအောင် ချစ်ပါ့မယ် ”

( အောင်ဗလ ဆို )

“ မောင်ကြုံတိုင်း တို့ ..

“ ဟုတ်ပါဗျ ”

“ ဪ ခုကာလ မှာ ရှေ့က ကြည့်ရင် ခပ်ပြုံးပြုံး ဆိုတဲ့ သီချင်း သွား ၊ အများက ကြားချင်ကြတယ် ”

“ တက္ကသိုလ် ကိုအောင်သိန်း က တောင် မှ ရှေ့က ကြည့်ရင် ... တဲ့ ၊ ဒီ အသွားများ အာရုံ နှစ်သက်ကြတယ် ”

“ ဟုတ်ပါ့ ..”

“ ဒါကြောင့် ခင် မူဦးမယ်နော် ”

“ မှန်ပါ ကောင်းပါဗျ ”

“ ဗလခင် လင် နဲ့  ခင်တွယ်ဇော ၊ မနောညွတ်စေဖို့ကွယ် ... ဗလခင် လင် နဲ့ ခင်တွယ်ဇော ၊ မနောညွှတ်စေဖို့ကွယ် .. သစ် .. သစ္စာ ဆိုမယ် ၊ မေတ် .. မေတ္တာ ပိုတယ် ၊ ချစ် .. ချစ်ပါ ကိုယ်ရယ် ............. ကိုယ့် လင် သာပင် ချောတယ် လှတယ် ထင် ၊ ကိုယ့် လင် သာပင် ချောတယ် လှတယ်ထင် ၊ ကိုယ့် လင် ကိုယ် ပင် ချောတယ် လှတယ်ထင် ၊ ကိုယ့် လင် ကိုယ်ပင် ချောတယ် လှတယ် ထင် ... ရှေ့ က ကြည့်ရင် ခပ်ပြုံးပြုံး .. နောက် က ကြည့်ရင် ခပ် ကုန်းကုန်း .. အထက်အောက် ...... ဖနောင့် ထိ ကြည့်လို့ ပင် မဆုံး ၊ ရှုလို့ ပင် မဆုံး ၊ ဗလင် ကိုစိန် အလှတကာ့ အလှဆုံး မမုန်းပေါင် .. မခွဲပေါင် .. မလွှဲပေါင်. . မသွေပေါင် .. ရယ် ရယ် .. ရယ် .. ရယ် ရယ် ရယ် ... တော့ .. တော့ .. တော့ သဘောတူ ချစ်စို့ကွယ် ... မမုန်းပေါင် .. မခွဲပေါင် .. မလွှဲပေါင် မသွေပေါင် .. ရယ် ရယ် ရယ် ၊ တော့ တော့ တော့ သဘောတူ ချစ်စို့ကွယ် ၊ .... တူနှစ်ဖြာ ၊ ကြည်ဖြူသဒ္ဓါတော် .. အခါခါတော် .. ဗလတစ်သက် ဖြင့် ခဏမကွက် နဲ့ မပစ်ပါနော် ၊ သဘောတူ ချစ် စို့ တော် ”

◾ မင်းလူ

📖 သဘင်မဂ္ဂဇင်း
      ၁၉၈၄ ခု ၊ ဇန်နဝါရီလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment