❝ ဆင်ခြေ နဲ့ သောက်သူ ❞
“ ဒီ ကိစ္စ ကို ပြန် တောင် မပြောချင်ဘူး ။ မေ့ ထားလိုက် ချင်တယ် ။ တကယ် မေ့ သွားရင် လည်း ရူး မှာ စိုး ရသေးတယ် ။ ဒါ့ကြောင့် တစ်ခါတစ်ခါ ပြန်ပြန် တွေးရသေးတယ် ” လို့ အငြိမ်းစားရဲမှူး ဦးပန်းမွှေး က ပြောပါတယ် ။
လူ တစ်ယောက် ဟာ လူ သိ မခံဝံ့တဲ့ ရှက်စရာ အကြောင်း တစ်ခု ခု ကြုံခဲ့ပြီး ဒီ အကြောင်း ကို ဝှက်ထား မေ့ထား လို့ ရရင် စိတ်ချမ်းသာစရာ ရှိနိုင်ပေမယ့် ဒီ ကိစ္စ ကို လုံးလုံးကြီး သတိ မရတဲ့ အထိ တကယ် မေ့ သွားရင် ရူး သွား တတ်တယ် ။ ဒါကြောင့် ရှက်စရာ ဖြစ်ပေမယ့် ပြန်ပြန် တွေး နေရသေးတယ် လို့ သူ ဆိုလို တာ ဖြစ်ပါတယ် ။
“ ဒီလိုဗျ ၊ ကျုပ် က အရက် ကို အစ ကတည်း က ဆင်ခြေ နဲ့ သောက်တဲ့ လူ ။ မိုက် လို့ သောက်တာ မဟုတ်ဘူး ဟေ့ ၊ ကြိုက် လို့ သောက်တာ ဆိုတဲ့ ဆင်ခြေပေါ့ ။ ကြိုက်လို့ သောက်တဲ့ လူ ကို ဘယ်လို တား မလဲ ”
“ နောက်ပြီး မြို့ကလေး တစ်မြို့ကို အုပ်ချုပ်ရတဲ့ ရဲအရာရှိ တစ်ယောက် ဆိုတော့ အရက် သောက် တဲ့ နေရာ မှာ ဘယ်သူ့ ကို မှ မကြောက်ရဘူး ၊ ဒါ့ကြောင့်လည်း အလွန်အကျွံ ဖြစ်တာပဲ ။ ဒီရုပ် ဒီရေ မျိုး ဖြစ်တာပဲ ”
ဦးပန်းမွှေး ပြောမှ သူ့ ကို သေသေချာချာ ကြည့် မိတယ် ။ ဘုန်းတော်ကြီး ကျောင်းတွေ ၊ ဘုရားတန်ဆောင်း တွေ မှာ ထားလေ့ ရှိတဲ့ သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်းရုပ်တု တွေ ထဲ က သူနာ ရုပ်တု မျိုး နဲ့ တထေရာ တည်း ပဲ လို့ စိတ် ထဲ က နှိုင်းယှဉ် ကြည့် မိတယ် ။
“ ကျုပ် က အရက် သောက် ရင် ရေချိန် ကိုက်ရုံ တင် မဟုတ်ဘူး ၊ ရေချိန် လွန် တဲ့ အထိ သောက်ရ မှ ကျေနပ်တာ ။ ဒီတော့ ဘယ်လို ဖြစ်သလဲ ဆိုရင် ညစာ စားလို့ မှ စားမှန်း မသိ ၊ နံနက်အိပ်ရာ က နိုးတော့ မှ ငါ ည က ထမင်း စားရဲ့ လား လို့ တွေး ယူရတာ မျိုး ”
အရက် ရဲ့ သဘော သဘာဝ က ည ဘက် မှာ အလွန်အကျွံ သောက် ထားရင် မိုး လင်း လို့ နိုးလာတဲ့ အခါ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေ တတ်တယ် ။ မအီမသာ နဲ့ ဝေတေတေ ဖြစ်နေ တတ်တယ် ။ အများကြီး သောက် ထားတာ ၁ဝ နာရီ လောက် အိပ်ရုံ နဲ့ အရှိန် က ဘယ် ကုန် နိုင် မလဲ ။ ဒီတော့ နေသာ ထိုင်သာ ရှိအောင် တူးပက် လောက် တော့ ခေါင်းကိုက် ဖြေ ဆိုတဲ့ ဆင်ခြေ နဲ့ သောက် လိုက် ရတယ် ။
“ ခုလို သောက် လိုက်ရင် ၂ မိနစ် အတွင်း လောက် မှာ နေသာ ထိုင်သာ တော့ ရှိသွားပါ ရဲ့ ။ ဒါပေမဲ့ ကိစ္စ က ဒါနဲ့ မပြီးသေးဘူး ၊ လန်းလန်းဆန်းဆန်းကလေး ပြန် ဖြစ်လာလို့ နာရီဝက် လောက် ကြာတယ် ဆိုရင် ပဲ နည်းနည်း လောက် ပိုပြီး နေပျော် ထိုင်ပျော် ရှိအောင် ထပ် ဆင့် ချင် လာတယ် ။ ဒါနဲ့ ထပ် ဆင့် လိုက်ရော ၊ ဒီတော့ အရှိန် တက် လာပြီး ရေချိန် ရလာ ပြန်တယ် ။ ကိုယ့် ချည်း မပြီး သေးဘူး ၊ အပေါင်းအဖော် နဲ့ သောက်ချင် လာတယ် ။ လိုက် ရှာပြီး သောက်ကြတာပေါ့ ။ ဒီ ဝိုင်း ဟာ နောက်ဆုံး မိုးချုပ် လို့ လွန်ကျွံ ကုန် မှ ပြီးတဲ့ ဝိုင်း ဖြစ်သွား ရော ။
နောက် တစ်နေ့ မိုး လင်းတော့ လည်း ခေါင်းကိုက် ဖြေရာ က ဒီလိုပဲ တစ်နေ ကုန် ပြီး တစ်မိုးသောက် သွား ပြန်တာပဲ ။ အရက်သမား သံသရာ ဟာ ဒီအတိုင်း ပဲ ။ ဒီ အသောက် မျိုး ရက် ဆက် နေတဲ့ အခါ ထမင်း မှန်မှန် စားတယ် လို့ ဘယ် ရှိမလဲ ။ ထမင်း စား နေတုန်း အရက် သောက်တယ် ဆိုတာ ဟုတ် မှ မဟုတ်ဘဲ ။ အရက် သောက် တယ် ဆိုတာ အရက် ကို သောက်တာ ၊ အရက် က အဓိက ပေါ့ ။ အများအားဖြင့် အမြည်း တော့ စားကြတယ် ။ ဒါလည်း အရက်သမား စစ်စစ် က အမြည်း ကို မစား ဘူး ။ အမြည်း များများ စားရင် အမြည်း က ဗိုက် ထဲ မှာ ပြည့် နေပြီး အရက် သောက် လို့ မမူးနိုင် ဖြစ်နေ တတ်တယ် ။ မူးအောင် သောက်ပါတယ် ၊ မမူးဘူး ဆိုရင် ဘယ် ကောင်း မလဲ ။ ဒါကြောင့် သူတို့ က အမြည်း ကို မစားကြဘူး ။ ပဲလှော်ကလေး တစ်စေ့ နှစ်စေ့ လောက်တော့ စားကြပါတယ် ။ အမြည်း သိပ် စားရင် အန် တတ်တဲ့ လူ လည်း ရှိတယ် ။ အဲဒီလို လူ က လည်း သူ့ အကြောင်း နဲ့ သူ မစားဘူး ။
အရက် သောက် တဲ့ အခါ မူးချင် လွန်း လို့ အမြည်း ကို တောင် မစားဘူးလို့ ဆိုတော့ ဒီ အရက် ဟာ ဘယ်လောက် အစွမ်း ရှိတယ် ဆိုတာ သိဖို့ လိုမယ် ။ အရက် တစ်ဆ နဲ့ ရေအဆ တစ်ရာ ရော ထားတဲ့ ရေအိုး ထဲ ကို တီကောင် တစ်ကောင် ဖြစ်ဖြစ် ၊ ငါး တစ်ကောင် ဖြစ်ဖြစ် ထည့် လိုက်ရင် ဒီ တီကောင် ဒါမှမဟုတ် ဒီ ငါးဟာ မကြာခင် သေ သွားတာပဲ ။ အရက် တော်တော်ပြင်းပြင်း ထဲ ကို ကြက်ဥ အကာ ထည့် လိုက်ရင် လည်း ခဏ နဲ့ ခဲပြီး မာ သွားတာပဲ ။ ကြက်ဥ ကို ရေနွေးဆူဆူ ထဲ ထည့် လိုက် သလို ၊ သံပူ ပြား ပေါ် တင် ထားလိုက်သလို ဖြစ် သွား တာပေါ့ ။
လူ ရဲ့ နှလုံး ၊ အသည်း ၊ ကျောက်ကပ် နှင့် အကြောအခြင် တွေ ဟာ ကြက်ဥ အကာ လို ဝတ္ထုပစ္စည်းတွေ ပဲ မဟုတ်လား ။ ဒီတော့ အရက် သောက် ချ လိုက်တဲ့ အခါ ဘယ်လို ဖြစ်နေမလဲ ။
အစား မစားဘဲ အရက် ချည်း သောက် နေ နိုင်ပါ့မလား လို့ မေးစရာ ရှိပါတယ် ။ ကျွန်တော်တို့ လို အလွန်အကျွံ သောက်နေသူ ဟာ အစာ ကို လုံးလုံး မစားဘူးတော့ မဟုတ်ဘူး ၊ စားတော့ စားတယ် ။ ဒါပေမဲ့ အရက် လောက် မမက်ဘူး ။ ဒါကြောင့် အစား မမှန်ဘူး ။ စားတဲ့ အခါ စားလိုက် ၊ မစားဘဲ တစ်ရက် ၊ နှစ်ရက် အရက် ချည်း သောက် နေလိုက် လုပ်ချင် လုပ် နေတာပဲ ။
ဒီတော့ လူ ဟာ မူလ အင်အား မရှိတော့ဘူး ။ ဆုတ်ယုတ် ကုန်ရော ။ မော်တော်ကားများ ဓာတ်ဆီ ထည့် မှ မောင်း လို့ ရ သလို ၊ လူ လည်း ဓာတ်ဆီ ထည့် မှ စကား ပြော တော့တယ် ။ လှုပ်ရှား နိုင် တော့တယ် ။ အရက် အား ဆိုတာ တကယ်ကတော့ အဟုတ် အား မဟုတ်ဘူး ။ စိတ် ဆောင် နေတဲ့ စိတ် အင်အား လောက်ပဲ ။
အရက် စိတ် ဆိုတာ က ဘယ်အခါ မဆို သဘာဝ နဲ့ ပြောင်းပြန် အမြင် ၊ အပျက် အမြင် ဘက် က မြင်တတ် ၊ ကြားတတ် ၊ သိတတ် တာပါ ။ အကောင်း ပြော ရင် လည်း မကောင်း ထင် တတ်တယ် ။ အကောင်း လုပ်ပေးတာ ကို လည်း မကောင်း မြင် တတ် တယ် ။ သူ့ ကို ဘယ်သူ က မှ ဘာမှ မပြောနဲ့ ၊ သူ ပြောရင် သာ နာခံ ၊ သူ သာ ဗိုလ် ၊ သူ သာ ခေါင်ချုပ် ၊ အထွတ်အထိပ် ၊ သူ ပြောတာ မှ အမှန် ၊ ဒီလို ဘဝင် မြင့် အောင် အရက် က လုပ် ပစ် လိုက်တယ် ။ အရက်သမား အချင်းချင်း ငြင်းကြခုံကြ ၊ ရန်ဖြစ်ကြ တာတွေ ဟာ ဒါကြောင့် ပဲ ။ သူ လည်း ဗိုလ် ၊ ငါ လည်း ဗိုလ် ၊ နောက်ဆုံးတော့ ဗိုလ် နှစ်ယောက် ဆေးရုံ ရောက် ၊ ဂါတ် ရောက် ၊ ရုံး ရောက် ကြရော ။ မဆူမညံ တဲ့ အရက်ဝိုင်း ၊ အငြင်းအခုံ မဖြစ်တဲ့ အရက်ဝိုင်း ဆိုတာ က ရှားသား ကလား ။
အရက် သောက် လို့ အလုပ် ဝတ္တရား ပျက်ကွက်တာတို့ ၊ သားမယား နဲ့ မိသားစု အပေါ် တာဝန် မကျေတာ တို့ တော့ အထူး ပြောစရာ မလိုဘူး ။ သောက်တတ် ပြီ ဆိုရင် ဒါမျိုး ဟာ မုချ ဖြစ်ရမှာ ကိုး ။ တစ်နေ့တော့ ကျွန်တော် ဟာ အပေါင်းအသင်း တွေ နဲ့ မိုးလင်း က မိုးချုပ် တဲ့ အထိ တစ်နေ့လုံး သောက် နေလိုက်တယ် ။ မကြာခဏ ဆိုသလို ဒီလို သောက်လေ့ ရှိတယ် ဆိုကြပါစို့ ။
အဲဒီ နေ့ က သောက် တာ ခါတိုင်း လို မမူးဘူး ။ အရက်သမားတွေ တစ်ခါ တလေ ဒီလိုပဲ ဖြစ်တယ် ။ သွေး ထိုင်းပြီး ထုံသွားတဲ့ သဘော ပေါ့ ။ ဘယ်လောက် ထပ် သောက်သောက် ဒီ အတိုင်း ပဲ ။ အမူး ဒီဂရီ ထပ် မတက်ဘူး ။ ရောက်တဲ့ အဆင့် မှာ ရပ် နေတဲ့ ပုံ နဲ့ တူပါတယ် ။ ဒီလို ဖြစ် နေရင် ဣန္ဒြေ မပျက်လှဘူး ။ ကိုယ့် ဟာ ကိုယ် တည့်တည့် လျှောက် လို့ ဖြစ်တယ် ။ မယိုင်ဘူး ။ ပြီးတော့ ငါ မှ ငါ ဆိုတဲ့ ဘဝင် မျိုး ဖြစ် မလာဘူး ။ ချိန်ချိန်ဆဆ ပြောနိုင် လုပ်နိုင်တယ် လို့ ကိုယ့် ကို ကိုယ် ထင်တယ် ။ ဒါပေမဲ့ အပြင် လူ ကတော့ မူး နေတာ ကို အမှန် အတိုင်း ပဲ မြင်မှာ ပဲ ။
အဲဒီ ည က အိမ် ပြန် ရောက်တော့ အိပ်လို့ မပျော်ဘူး ။ မယား က သားသမီး တွေပါ ခေါ်ပြီး သူ့ အမေ အိမ် သွား နေတဲ့ နေ့ ပေါ့ ။ အိပ်ရာ ပေါ် မှာ မျက်စိ ကြောင် နေတယ် ။ ကြက်အိပ် ကြက်နိုး ဆိုတာမျိုး လို ဖြစ် နေတယ် ။ နိုး တစ်ဝက် ပျော် တစ်ဝက် လိုပဲ ။ အိပ် လို့ လည်း မပျော်ဘူး ။ ကြည်ကြည်လင်လင် နိုး နေတာ လည်း မဟုတ်ဘူး ။ မျက်စိ မှိတ် ထားလို့ ဘာမှ မမြင်ပေမယ့် နား ကတော့ အားလုံး ကြား နေတယ် ။ သန်းခေါင် နား နီးနီး လာပြီး လူခြေ တိတ်ဆိတ် နေတဲ့ အချိန် မှာ အိပ်ရာ ဘေးက ကြွက်ကလေး တစ်ကောင် ဖြတ် ပြေးတဲ့ ခြေသံ ကြား ပြီး လန့် တယ် ။
အိပ် မပျော်နိုင်ဘူး ။ ဒီတော့ နာရီ တဒက်ဒက် မြည် တာ ကို စည်းချက် လိုက်ပြီး မှတ် နေမိတယ် ။ တော်တော်ကလေး ကြာတော့ အိမ်ရှေ့ လမ်းမ ပေါ်က နေပြီး “ မအေ့ လင် ပန်းမွေးပုလိပ် ဘယ် မှာ ပုန်း နေ သလဲ ၊ ခွေးမသား ကို သ,တ်ရမယ် ” လို့ အော်ပြော လိုက်တဲ့ အသံကြီး ကို ကြား လိုက်ရတယ် ။
ငါ့ ကို သ,တ်မယ့် ရန်သူတွေ လာနေပါကလား လို့ ကြောက်စိတ် ဝင်ပြီး မွှန်ထူ သွားတယ် ။ အိပ်ရာဘေး က လှံ ကို ထ ဆွဲပြီး ပွင့် နေတဲ့ ပြတင်းပေါက် က ချောင်း ကြည့်တယ် ။ ဘာမှ မတွေ့ ဘူး ။ လူရိပ်လူယောင် လည်း မမြင်ဘူး ၊ ဘာမှ မမြင် တာ နဲ့ ငါးမိနစ် လောက် နေတော့ အိပ်ရာ ထဲ ပြန် လှဲ နေ လိုက်တယ် ။
မျက်စိ မှိတ်ပြီး နေလို့ မကြာသေးဘူး ၊ အိမ်ရှေ့ ဘက် က “ ဒီ ပုလိပ် ခွေးမသား မလွတ်စေနဲ့ ၊ မှောင် ထဲ က နေပြီး ဝိုင်းထား ၊ ဒီကောင် ကို ငါ ကိုယ်တိုင် သ,တ်မယ် ” ဆိုတဲ့ အသံကြီး ကို ကြားရ ပြန်တယ် ။ အကျယ်ကြီး အော် နေတဲ့ အသံ ပါ ။
အသံရှင် ဟာ အခြား လူ မဟုတ်ဘူး ။ တလောက ဓားပြမှု နဲ့ ဖမ်းပြီး သက်သေ မခိုင်လုံ လို့ ရုံးတော် က လွှတ် ပစ်လိုက်တဲ့ ဖိုးတင်ကြီး ရဲ့ အသံ ပဲ ။ ဖိုးတင်ကြီး အသံ ဆိုတာ သိလိုက်တာ နဲ့ ငါ သေရတော့မှာပါလား လို့ အကြောက်ကြီး ကြောက် သွား ပါတော့တယ် ။ ဒီ အိမ် မှာ ငါ တစ်ယောက် ထဲ မလုံခြုံဘူး ။ ထွက်ပြေး မှ လို့ စဉ်းစား မိတယ် ။ ဒါနဲ့ နောက်ဖေး တံခါး ကို အသာ ဖွင့်ပြီး တုန်တုန်ချိချိ နဲ့ အိမ် ပေါ် က ဆင်းပြီး ရဲကြပ်ကြီးဘထွန်း တို့ အိမ် ကို အသာပြေး ကပ် လိုက်တယ် ။ ပြီးတော့ ဘထွန်း တံခါး ဖွင့်ပါဦးကွ လို့ မကျယ့်တကျယ် ပြောပြီး ဘထွန်း ကို နိုး လိုက်တယ် ။ ဘထွန်း က ကျွန်တော့် အသံ ကို မှတ်မိတယ် ။ ဒါကြောင့် ချက်ချင်း ထပြီး လသာ မှန်အိမ်မီး ကို မြှင့် လိုက်တယ် ။ တံခါးကို ဖွင့်ပေးရင်း “ ဆရာ ကလည်း အချိန် မတော်ကြီး ... အထဲ ကို ဝင်ပါ လို့ ပြောတယ် ”
“ အိမ် ထဲ ရောက်တော့ ကျွန်တော် က ဖိုးတင်ကြီး ငါ့ ကို သ,တ်မလို့ ခုနက တို့ အိမ်ရှေ့ လာပြီး ကြိမ်းနေ ဆဲနေ တာ မင်း မကြားဘူးလား ” လို့ မေး လိုက်တယ် ။ ရဲကြပ်ကြီးဘထွန်း တို့ အိမ် က ကျွန်တော်တို့ အိမ် နဲ့ ပေ ၂ဝ လောက် သာ ဝေးမှာပါ ။
“ သူ က မကြားမိပါကလား ဆရာ ၊ ဖိုးတင်ကြီး ဒီ မြို့ မှာ မရှိပါဘူး ၊ ဆရာ နားကြား လွဲလို့ ဖြစ်ပါလိမ့်မယ် ။ ဒီ အကောင်ကြီး မန္တလေး ဘက် တက် သွားတာ တစ်လ လောက် ရှိပြီ ၊ ပြန်ရောက် လာရင် ကျွန်တော် သိမှာပေါ့ ” တဲ့ ။
“ ငါ့ နားထဲ ဆတ်ဆတ် ကြားရတာ ကွ ”
“ ဟုတ်ပါ့မလား ဆရာ ”
“ ကဲ ဒါ နောက်ထားဦး ၊ ငါ ရင် တုန်လိုက်တာ ကွာ ၊ မင်း မှာ လက်ကျန်ကလေးများ ရှိသေးလား ”
တပည့်ကောင်း ပီသ တဲ့ ဘထွန်း က ဗီရို ထဲ က အရက် ထုတ် ပေးတယ် ။ ကျွန်တော် လည်း စိတ် ငြိမ်အောင် လက် ၂ လုံး လောက် ဖန်ခွက် ထဲ လောင်း ထည့်ပြီး မော့ချ လိုက်ပါတယ် ။ အဲဒီလို သောက်လိုက် ရတော့ နေသာ ထိုင်သာ ရှိ သလိုလို ဖြစ် သွားတယ် ။ ဖိုးတင်ကြီး အကျယ်ကြီး အော်ဟစ် ကြိမ်းမောင်း တာ ကို ကျွန်တော့် နား နဲ့ ဆတ်ဆတ် သေသေချာချာ ကြားရက် နဲ့ အိမ်ချင်း ကပ် နေတဲ့ ဘထွန်း က မကြား ဘူး ဆိုတာ ကို သာ အံ့သြ နေတယ် ။ “ ကဲ ... ငါ ဒီမှာပဲ အိပ်မယ် ၊ မင်း နည်းနည်း သတိထားစမ်း ၊ ဘယ်သူဖြစ်ဖြစ် လမ်းမ ပေါ် တွေ့ရင် ဖမ်းသာ ချုပ်ထားလိုက် ” လို့ အမိန့် ပေး လိုက်တယ် ။
ဘထွန်း က အဝတ်ခုတင် ( ကင်းကော့ ) တစ်လုံး ကို ပြတင်းပေါက် နား မှာ ကျွန်တော် အိပ်ဖို့ ပြင် ပေးပါတယ် ။ ဆရာ စိတ်ချလက်ချ သာ အိပ်ပါ လို့ ပြောပြီး သေနတ် တစ်လက် နဲ့ ဂါတ်တဲ ဘက် ကို ထွက် သွားတယ် ။
“ ကျွန်တော် ဟာ လက်နက် နဲ့ ပတ်သက်လို့ အင်မတန် သတိ ထား ပါတယ် ။ အရာရှိ တစ်ယောက် ဖြစ်လို့ သေနတ် ဆောင်နိုင်ပေမယ့် အရက် သောက် တဲ့ ဝိုင်း ကို လက်နက် ဘယ်တော့ မှ ယူ မသွားဘူး ။ အိမ် မှာ လည်း ဘယ်တော့မှ မထားဘူး ။ ကိုယ်ပိုင် ခြောက်လုံးပြူး တောင် ဌာနာ မှာ ပဲ ထားတယ် ။ အရက် မူး တဲ့ အခါ လက်နက် နဲ့ ပတ်သက်ပြီး အမှားအယွင်း မရှိနိုင်အောင် အဲဒီ အထိ သတိ ထားပါတယ် ။ ဒါကြောင့် ကျွန်တော့် အိမ် မှာ လှံ တစ်ချောင်း က လွဲပြီး ဘာ လက်နက် မှ မရှိတာဘဲ ”
“ ဘထွန်း ထွက် သွားတော့ ကင်းကော့ ပေါ် ထိုင်ပြီး ပြတင်းပေါက် ကနေ အပြင် ကို ကျွန်တော် ကြည့် နေပါတယ် ။ လ က လည်း သာ လိုက်တာ ထိန် လို့ ၊ ပြတင်းပေါက် နဲ့ ပေ ၂ဝ လောက် အကွာ ခြံစည်းရိုးနား မှာ ဘထွန်း တို့ စိုက် ထားတဲ့ မဟော်ရာ ပိန်းပင်ကြီး တစ်ပင် ရှိတယ် ။ အင်မတန် သန် တဲ့ အပင်ကြီး ပေါ့ ။ အဲဒီ မဟော်ရာပိန်းပင်ကြီး ကို ကျွန်တော် စိုက်ပြီး ကြည့်နေ မိတယ် ။ လရောင် အောက် မှာ ပိန်းရွက်ကြီး တစ်ရွက် ဟာ မျက်နှာချွန်းချွန်း လူ တစ်ယောက် နဲ့ သေသေချာချာ တူ နေတာ တွေ့ ရတယ် ။ ပြီးတော့ ဒီ လူ မျက်နှာချွန်းချွန်း က ကျွန်တော့် ကို မဲ့ပြ ရွဲ့ပြ လုပ်နေ တယ်လေ ။
မျက်တောင် ခတ်ပြီး သတိ နဲ့ သေသေချာချာ ကြည့် လိုက်တယ် ။ ဟုတ်ပါ တယ် ။ မျက်နှာ စုတ်ချွန်းချွန်း နဲ့ လူ ဟာ ဟိုယိမ်း ဒီယိမ်း နဲ့ ကျွန်တော့် ကို လှောင်ပြောင် နေပြီး ဒီ အချိန် မှာ ကျွန်တော့် နား ထဲ ကို အဝေး က အသံချဲ့စက် နဲ့ ဖွင့် နေတဲ့ သီချင်း သံတွေ ဝင် နေတယ် ။ သီချင်း က ကျွန်တော် အင်မတန် ကြိုက် တဲ့ မရယ်ချင်ပေမယ့် ဇာတ်ထုပ် ဇာတ်ကွက် အလိုက် ရယ်ရတယ် ။ မငိုချင်ပေမယ့် ငိုရတယ် ဆိုတဲ့ ကချေသည် သီချင်း ပါ ။
ကျွန်တော် ဖြန်းခနဲ သတိ ရ လိုက်တယ် ။ ငါ ဘာ ဖြစ် နေတာလဲ ၊ အရက် သိပ် မူး နေတာလား ။ မူးတော့ ငါ မမူးဘူး ။ ငါ သည်းခြေ ပျက် နေပြီ ထင်တယ် ။ ရူး ဖို့ စတာ နဲ့ တူတယ်လို့ ကိုယ့် ကို ကိုယ် ပြန် သတိ ထား မိတယ် ။ ဒီလို သတိ ထားမိ တော့ နား ထဲ မှာ ကြား နေတဲ့ သီချင်းသံ ကို မကြားတော့ဘူး ။ မျက်နှာ စုတ်ချွန်းချွန်း နဲ့ လူ ဟာ လည်း မဟော်ရာရွက်ကြီး အတိုင်း ပြန် ဖြစ် နေပြီ ။
ဟုတ်ပြီ ၊ ဒါ့ကြောင့်ပဲ ၊ ငါ အရက်တွေ ၂ ရက် ဆက် သောက် လို့ ဒီလို ဖြစ်တာပဲ ။ ဘာမှ လည်း မစားဘူး ဟုတ်လား ။ ခုနေ ငါ အိပ်ပျော် သွားရင် အားလုံး ကောင်းသွား မှာပဲ ။ အိပ် မပျော် သမျှတော့ တောက်တီး တောက်တဲ့ တွေ မြင်နေ ကြားနေ မှာပဲ ။ ငါ အိပ်မယ် ၊ ပျော်အောင် အိပ်မယ် ဆိုပြီး အိပ်ချ လိုက်တယ် ။
မပျော်ဘူးလေ ။ ၂ မိနစ် လောက် ကြာတော့ အဝေးအသံချဲ့စက် က လာတဲ့ ကချေသည် သီချင်းသံ ကို ကြားရ ပြန်တယ် ။ ဖိုးတင်ကြီး ကျွန်တော့် ကို အော်ဆဲ လိုက်တဲ့ အသံ ကို လည်း ကြား ရတယ် ။ ကျွန်တော့် ကို တစ်တစ်ခွခွ ဆဲနေတဲ့ အသံ ။
အသာကလေး ထ ပြီး ပြူတင်းပေါက် က ကျွန်တော် ကြည့် လိုက်တယ် ။ ဖိုးတင်ကြီး မျက်နှာ က ကျွန်တော့် ကို စားတော့မယ့် အတိုင်း ကြည့် နေတယ်လေ ။ ဒီတင် ဖိုးတင်ကြီး ငါ့ ကို သ,တ်ဖို့ လာ နေပြီ ၊ ငါ့ ကို သတ်တော့မှာ ပဲ ၊ ငါ တော့ သေရတော့မှာပဲ လို့ ထင်ပြီး တံခါး ကို အမြန်ဆုံး တွန်း ဖွင့် တယ် ။ ဂါတ်တဲ ဘက် ကို တစ်ချိုး တည်း ပြေးတယ် ။ ပါးစပ် က လည်း ဘထွန်း ရေ ဖိုးတင်ကြီး ငါ့ သ,တ်မလို့ နောက် က လိုက် လာပြီ ၊ သေနတ် နဲ့ ထိုးပစ်ပါ လို့ အော် လို့ ။
ကြေးနန်းတိုင် ၃ တိုင် လောက်သာ ဝေးတဲ့ ဂါတ်တဲဝ ရောက်တော့ ကျွန်တော် အော်တာ ကြား လို့ သေနတ် နဲ့ ထွက်စောင့်နေတဲ့ ဘထွန်း က နောက် က ဘယ်သူ မှ လိုက် မလာဘဲ ကျွန်တော် တစ်ယောက် ထဲ သေပြေး ရှင်ပြေး ပြေး လာတာကို မြင်တာ ပေါ့ ။ ကျွန်တော့် ကို ဆီး ဖမ်းပြီး ဆရာ သတိ ထားပါ ။ နောက်က ဘယ်သူ မှ လိုက် မလာပါဘူး လို့ ပြောရင်း ဆွဲထား ပါတယ် ။ သူ ဆွဲလိုက် လို့ ကိုယ်ရှိန် သေသွား တော့ မှ ကိုယ့် ကိုယ် ကိုယ် ပြန် ကြည့်မိတယ် ။ လုံချည် ပါ မလာဘူးဗျာ ။ ဒါပေမဲ့ မရှက်အားဘူး ၊ အင်မတန် ကြောက်နေတဲ့ အရှိန် က မပြေသေးဘူး ။ ဖိုးတင်ကြီး ကျွန်တော့် နောက် က ထက်ကြပ် မကွာ ပြေး လိုက်လာတာ ကို ကျွန်တော် သေသေချာချာ မြင်ပါရဲ့ နဲ့ ဘထွန်း က ဘယ်သူမှ လိုက် မလာပါဘူး ဆိုတော့ အံသြ သွားတယ် ။ သူ ပြောလို့ ပြန် ကြည့်တော့ လည်း ဟုတ်တယ် ဘယ်သူ မှ မရှိဘူး ။
ကျွန်တော် ခုလို ဖြစ် နေတာကို ဘထွန်း က နား မလည်ဘူး ။ ဒါပေမဲ့ ကျွန်တော် တစ်ခု ခု ဖြစ်နေပြီလို့ တော့ သူ ထင်တယ် ။ ဒါနဲ့ ကျွန်တော့် ကို သူ့ အိမ် ပြန် ခေါ်သွားပြီး လုံချည် အသစ် တစ်ထည် ထုတ် ပေးတယ် ။ ပြီးတော့ ဆရာ ဘာမှ မစိုးရိမ်နဲ့ ကျွန်တော် ရှိတယ် ၊ သေနတ် နဲ့ စောင့် နေမယ် ၊ ဆရာ တစ်ရေး အိပ်လိုက် ပါဦးလို့ ပြော ရှာတယ် ။
ကျွန်တော် က မင်း မှာ အိပ်ဆေး ရှိသလား လို့ မေးတော့ သူ က မရှိဘူးတဲ့ ။ အင်မတန် မူး နေတဲ့ လူ အိပ်ဆေး သောက်ရင် ဘယ်လို ဖြစ်တတ်တယ် ဆိုတာ လည်း ကျွန်တော် မသိဘူး ။ ကင်းကော့ ပေါ် တက် ထိုင် လိုက်တယ် ။ လုံချည်ဟောင်း မရှိဘူး ၊ ပြေးတုန်း က ပဲ ကျွတ်သလား ဘာလား ဘာမှ မဝေခွဲတတ်တော့ဘူး ။ အိပ်ပျော် မှ ဖြစ်မယ် ဆိုပြီး ကျွန်တော် မျက်စိ မှိတ် အိပ်ချ လိုက်ပါတယ် ။ အိပ်ချင်ရက် နဲ့ အိပ်လို့ မပျော်တဲ့ ဒုက္ခ ဟာ အင်မတန် ကြီးတယ် ။ အိပ် မပျော် တော့ စိတ်ကူး သမျှ ဟာ ရုပ်ပုံတွေ ဖြစ်ပြီး လှုပ်လှုပ်ရှားရှား မြင်မြင် နေ ရတယ် ။ စိတ်ကူး ဆိုတာ က ဘာရယ် လို့ မဟုတ်ဘူး ။ လွင့်ချင် သလို လွင့် ၊ သွားချင် သလို သွား နေတဲ့ စိတ် အတိုင်း ရုပ်ပုံတွေ ကလည်း ပေါ် ပေါ် သွားတာပဲ ။ ရုပ်ရှင် ကြည့်နေရ သလိုလို လည်း ဆိုနိုင်လိမ့်မယ် ။ ခုလို မြင်နေတုန်း ကချေသည်ညသီချင်း ကို ခပ်သဲ့သဲ့ ပြန် ကြားနေ ပြန်တယ် ။
ငါ တော့ သည်းခြေ ပျက်စ ပြုပြီ နဲ့ တူတယ် လို့ ကိုယ့် ကို ကိုယ် သတိ ထား လိုက် ပြန်တယ် ။ အခု ငါ မြင်နေတာ ကြားနေတာ တွေ ဟာ တစ်ခု မှ အစစ် မဟုတ်ဘူး ၊ အရက် ရှိန် နဲ့ အစာ မစားလို့ အားပြတ်ပြီး နုံးနေတာ နဲ့ အိပ် မပျော်နိုင်လို့ ဒီလို ဖြစ်ဖြစ်နေတာ ၊ ငါ အိပ်ပျော် သွားရင် ဒီ ဒုက္ခ က လွတ် မှာ အမှန်ပဲလို့ တွေးမိတဲ့ အခါ အဲဒီ တွေးမိတုန်း အခိုက်အတန့် မှာ တော့ အသံဗလံတွေ ပျောက် သွား ပြန်တယ် ။ မြင် နေရတာတွေ လည်း မရှိတော့ဘူး ။
အဲဒီမှာ ဘာ သတိရ ပြန်သလဲ ဆိုတော့ အခု ငါ မြင်နေတာတွေ ကြားနေတာ တွေ ဟာ တကယ့် ဥစ္စာတွေ ကို မြင်တယ် ၊ တကယ့် အသံတွေ ကို ကြားတယ် လို့ များ စွဲ သွားရင် ငါ ရူး မှာ အမှန်ပဲ ။ အရူး တစ်ယောက် လမ်း မှာ စက္ကူစုတ်တွေ ကောက် နေတာ အလကား ဟုတ်ဘူး ၊ သူ့ အဖို အဓိပ္ပာယ် ရှိတယ် ။ သူ့ မျက်စိ ထဲမှာ အခု ငါ မြင် ရသလို မဟုတ်တာ ကို အဟုတ် ထင်ပြီး အဖိုးတန် ပစ္စည်း ဖြစ်ချင် ဖြစ်နေမယ် ၊ ဒါ့ကြောင့် သူ မြင်တာ ကို အဟုတ်အမှန် အောက်မေ့ပြီး ကောက်တာ နေ မှာ ၊ လူကောင်း က သာ အဖိုး မတန်တဲ့ စက္ကူစုတ် မှန်း သိတာ ကိုး ။ အရူး အဖို့တော့ တကယ့် အဖိုးတန် ပစ္စည်း ဖြစ် နေမှာပဲ ။ ငါ အခု မြင်တာ ကြားတာ တွေ ကို အဟုတ် မမှတ်လေ နဲ့ ၊ အဲဒီလို အဟုတ် မမှတ် သေး ရင် ငါ မရူးသေးဘူး လို့ ကိုယ့် ကို ကိုယ် သတိ ပေး ရပါတယ် ။
သတိ လည် လာလို့ ခုလို ကိုယ့်အဖြစ် ကို အမှန် အတိုင်း တွေးမိတာ ဟာ ကံကောင်းတယ် လို့ ဆို ရ မလား ၊ ငယ်ငယ် က စာတွေပေတွေ ဖတ်ထား တဲ့ အကျိုး လို့ ဆို ရ မလား မပြောတတ်ဖူး ။ စိတ် ချောက်ချားပြီး အခုလို တောက်တီး တောက်တဲ့ ကြားတာ မြင်တာ တွေ ဟာ တကယ့် အဖြစ်အပျက်တွေ မဟုတ်ဘူး ၊ လူ နေမကောင်း လို့ ဖြစ်နေတာ ။ ဒါကို သိနေ သတိ ရှိနေ ရင်တော့ မရူး နိုင်ပါဘူး ။ အဲဒါတွေ ကို အမှန် တွေ လို့ မတားနိုင် မဆီးနိုင် ထင်သွား ရင်တော့ သွက်သွက် လည် အောင် ရူးတော့ မှာ အမှန်ပဲ ။ ကျွန်တော့် ကိုယ်တွေ့ မို့ အရက် သောက် လို့ ရူးသွားတယ် ဆိုတာ ဧကန် ဖြစ်နိုင် တယ်လို့ ကျွန်တော် ဆို ပါတယ် ။
ဒိနောက် ဖြစ်တာတွေ တော့ ပြောဖို့တောင် မကောင်းတော့ ပါဘူး ။ အဲဒီ ည က ဘထွန်း ရဲ့မယား က အိမ် မှာ မရှိဘူး ။ သူငယ်ချင်း တစ်ယောက် ရဲ့ မီးနေ အိမ် မှာ သွား အိပ် နေတယ် ။ ဝေလီဝေလင်း မှာ သူပြန် လာတော့ ပြတင်းပေါက်ဝ က ကင်းကော့ ပေါ် မှာ ကျွန်တော့် ကို ငုတ်တုတ် တွေ့ တာပေါ့ ။ အဲဒီ အချိန်မှာ ကျွန်တော် က ခြံစည်းရိုး က မဟော်ရာ ပိန်းရွက်ကြီး ကို မျက်နှာစုတ်ချွန်းချွန်း နဲ့ လူ လို့ မြင်နေတယ် ။ နား ထဲ မှာ လည်း “ ရယ်ချင်ရက်နဲ့ ဇာတ်ကွက်ကိုက ငိုလိုက်ရတယ် ၊ လွမ်းတသက်သက် ငိုချင်ရက်နဲ ကွယ် ... ခိုင်းစေချက် ညီမျှရန် တကယ် ရယ်ရပြန်တယ် ” ဆိုတဲ့ အသံ ကို သဲ့သဲ့ ကြား နေရတယ် လေ ။ ကျွန်တော့် မှာ တစ်ခါတလေ ဇွတ် လုပ်တတ်တဲ့ ဉာဉ် ရှိတယ် ။ “ ကဲ စုတ်ချွန်းကောင် မင်း ငါ့ ကို လုပ်ချင်သလို လုပ် ပြစမ်း ၊ မင်း လုပ်သမျှ ကို ငါ မျက်စိ ဖြဲပြီး ကြည့်နေမယ် ။ ငါ မကြောက်ဘူးကွ ” လို့ စိတ် တင်းပြီး ဒီ ပိန်းမဟော်ရာရွက် မျက်နှာစုတ်ချွန်း ကို မျက်တောင် မခတ်ဘဲ ပြူး ကြည့် နေတာ ကိုး ။ ဘထွန်း ရဲ့ မိန်းမ က သူ့ အိမ် ထဲ ခေါက်ခုတင် ပေါ် မှာ ကျွန်တော် ရောက် နေပြီး ပြူးကြောင်ကြောင် ဖြစ် နေတာ ကို မြင်တော့ မီးဖို ထဲ မှာ မီးမွှေး နေတဲ့ သူ့ ယောက်ျား ဆီ ခြေသံ မကြား အောင် ဝင် သွားပြီး အကျိုးအကြောင်း မေး တော့ တာပေါ့ ။ ဘထွန်း က ည က ကျွန်တော် ရောက်လာပုံတွေ ပြောပြတဲ့ အခါ မိန်းမ ဖြစ်သူ က မျက်ကလဲဆန်ပျာ ဖြစ်ပြီး ဆရာ တော့ တစ်ခု ခု ဖြစ်ပြီ ၊ ပယောဂဆရာ ခေါ်မှ ဆိုပြီး လင်မယား နှစ်ယောက် ပယောဂဆရာ ပြေး ခေါ် ကြတာ ကလား ။
အင်း ပယောဂဆရာ ရောက် လာတော့ ပြဿနာ ဟာ မသေးဘူး ။ ဆရာ က အသား ညိုပေမယ့် ခန့် ခန့် ချောချောကြီး ။ နှုတ်ခမ်းမွေး ကားကား နဲ့ ဆေးလွယ်အိတ်ကြီး ကလည်း မနည်းပါဘူး ။ အဲဒီ လွယ်အိတ်ကြီး ထဲ မှာ ဘုရားရုပ်တုတော်တွေ လည်း ပါရဲ့ ။
ကျွန်တော့် ကို မြင်တော့ သူ က အင်စပက်တော်မင်း ပါ လား ၊ ကဲ ကွမ်းတစ်ယာ ပေးလို့ ဘထွန်း ဆီ က ကွမ်း တစ်ယာ လှမ်း တောင်းလိုက်ပြီး ဥုံ ဥုံ နဲ့ တော်တော် ကြာကြာ ရွတ် တယ်လေ ။ ပြီးတော့ ကွမ်းယာ ကို စားပွဲ ပေါ် အသာ တင် ထားလိုက်ပြီး ကျွန်တော့် ကို ဆေးတိုက်ဖို့ လုပ် တာပါပဲ ။ ဒီတော့ ကျွန်တော် က ကျွန်တော့် ကို ဘာမှ မလုပ်ကြပါနဲ့ ၊ ကျွန်တော် အိပ်ပျော် သွားရင် ကောင်းသွားမှာပါ လို့ ပြောတယ် ။
မရပါဘူး ၊ သူတို့ က အတင်း တိုက်ကြ မှာပါ ။ ဇွတ် လုပ်တော့ မှာ ။ တောင်းပန်လို့ မရတဲ့ အဆုံး မဆိုင်တာတွေ လုပ်ကြမှာ သိတော့ ကျွန်တော် က ဆေးခွက် ကို ပုတ် ပစ် လိုက် တယ် ။ ဒီတင် ဆရာကြီး က ပူးဟဲ့ ၊ ကပ်ဟဲ့ နဲ့ ပါးစပ် က တဖွဖွ ရွတ်ပြီး ကျွန်တော့် ကို ကြိုး နဲ့ တုပ်ဖို့ လုပ်ကြတယ် လေ ။ ကြိုးချည် ပြီး ရင် ရိုက် တော့ မှာ ပေါ့ ဗျာ ။ ရဲအင်စပက်တော်ကြီး မို့ အငြိုး နဲ့ ရိုက်ဖို့ လုပ်သလား မှ မသိတာ ။
တစ်ယောက် နဲ့ အများ လေ ။ ဝုန်းဝုန်းဒိုင်းဒိုင်း ဖြစ်တော့ အိမ်နားနီးချင်းတွေ လည်း ရောက် လာ ကြတာပေါ့ ။ တောင်းပန် လို့ လည်း မရဘူး ။ တောင်းပန်တာ ကို ဆေး ကြောက် လို့ ပယောဂကောင် က မူရာမာယာ လုပ်တာ တဲ့ ။ ပယောဂဆရာ ရဲ့ ကြိမ်လုံးစာ ဖြစ်တော့မယ့် ဆဲဆဲ မှာ မိတ်ဆွေ တစ်ယောက် ရောက် လာတယ် ၊ ကိုဖေခင် တဲ့ ၊ မြေတိုင်းအင်စပက်တော် ပါ ။
မနက် လမ်း လျှောက်လာရင်း ဘထွန်း တို့ အိမ် မှာ လူဝင်လူထွက် များတယ် ၊ ဘာများ ဖြစ်သလဲ လို့ သိ ရအောင် ဝင် လာတာပါ ။ အဲဒီမှာ ကျွန်တော့် အဖြစ် ကို မြင်တော့ ဒါ ပယောဂ မဟုတ်ပါဘူး ။ ဆရာဝန် သာ ခေါ် ပါ ၊ အရက်ရူး ဖြစ်ခါ နီးနေပြီ ၊ အရက် အသောက် လွန်တဲ့ ရောဂါ ပါ လို့ သေသေချာချာ ရှင်းလင်း ပြောပြတော့ မှ ပယောဂ ဆရာကြီး လည်း ဆေးအိတ်ကြီး ဆွဲပြီး မကျေမနပ် နဲ့ ထ ပြန် သွားပါတယ် ။ နောက် ကိုဖေခင် ကပဲ ဆရာဝန် သွား ပင့်တယ် ။ ဆရာဝန် က မေးမြန်း စမ်းသပ် ကြည့်ပြီး ဆေး တစ်လုံး ထိုး ပေးတယ် ။ ဆရာဝန် ထ ပြန် သွားပြီး မကြာခင် မှာဘဲ ကျွန်တော် အိပ်ပျော် သွားတယ် နဲ့ တူပါတယ် ။
နောက် တစ်နေ့ မနက် ၅ နာရီလောက် မှာပဲ ကျွန်တော် အိပ်ရာ က နိုးလာ ပါတယ် ။ ၂၄ နာရီ လောက် အိပ်ပျော် သွားတာပဲ ။ အိပ်ရာ က နိုး လာတော့ လူကောင်း လောက် နီးနီး ဖြစ်ပြီပေါ့ ။ ခဏ မှိန်းပြီး နေကြည့်တယ် ။ အသံဗလံ တွေ လည်း မကြားတော့ပါဘူး ။ ထ ထိုင်ပြီး ပိန်းမဟော်ရာပင်ကြီး ကို ကြည့်တယ် ။ စုတ်ချွန်း ချွန်းမျက်နှာ ကို လည်း မမြင်တော့ဘူး ။ အစာ မရှိလို့ ရင်ထဲ က တော့ လှပ်လှပ် လှပ်လှပ် နဲ့ ။
ခု ပြောတာ ဟာ အရက် သောက် လို့ အရက်ရူး ရူးတတ်တယ် ဆိုတာ ခုလို က စ ဖြစ်ပြီး ရူးတာပဲ ဆိုတဲ့ အကြောင်း အကြမ်းသဘော ပေါ့ ။ တကယ်လို့ ဆရာဝန် သာ မပင့် ရင် ကျွန်တော် ရူး မှာ သေချာတယ် ။ ပယောဂဆရာ က ရိုက်မယ် ၊ ကျွန်တော် က လည်း ခံ နေမှာ မဟုတ်ဘူး ။ ဒီတော့ သူတို့ က ကျွန်တော် အာမခံ နိုင်အောင် ၊ မလှုပ် နိုင်အောင် ကြိုး နဲ့ တုပ် ထားမယ် ။ ကိုယ် ရှင်းပြတာ ကို ဘာမှ မစဉ်းစားဘဲ အရိုက်အနှက် ခံ နေ ရရင် တော့ ကျွန်တော်လည်း ဒေါသ ကြီး ပြီး လုပ်မိ လုပ်ရာ လုပ် ၊ ပြောမိ ပြောရာ ပြော တော့ မှာ ပေါ့ ။ ရှင်းပြသမျှ ၊ ပြောပြသမျှ ဟာ ပယောဂကောင် က ပြောတာတွေ လို့ စွပ်စွဲပြီး ထပ် ရိုက်ကြမှာ ဆိုတော့ မရူးဘဲ ဘယ် ခံနိုင်တော့မလဲ ။ အဲဒီ အထဲ မှာ ပယောဂစက်ဖြတ်ဆေး ဆိုတဲ့ ကနခို ဝမ်းနုတ်ဆေး သာ တိုက် ကြရင် ဗိုက် ထဲ မှာ အစာ မရှိလို့ ခုလိုဖြစ် နေရ တဲ့ အထဲ ဒလဟော ဝမ်း သွားရဦးမယ် ဆိုတော့ နုံး ချည့် ပြီး သေတောင် သေလိမ့်မယ် ။
အဲဒီ နေ့ မနက် မှာ ပဲ ကျွန်တော် ဆေးရုံ တက် လိုက်တယ် ။ ဒါမှ အစိုးရအမှုထမ်း တို့ လုပ်ထုံး နဲ့ညီ မှာ ကိုး ။ ဆေးရုံ မှာ ၂၅ ရက် လောက် ဆေးဝါး အကုအသ ခံတယ် ။ အနား ယူတယ် ။ ဆေးရုံ မှာ ကျွန်တော် မသောက်ဘူး ။ သောက်ဖို့ လည်း မကြိုးစားဘူး ။ ဆေးရုံ က ဆင်းတော့ ဆေးလက်မှတ် နဲ့ ခွင့်ရက်ရှည် ယူတယ် ။ ဆေးခွင့် ကုန်တော့ ပင်စင်ခွင့် ဆက် ယူပြီး ပင်စင် ယူ လိုက်တာပဲ ။ ဒီလောက် ဆိုရင် ကျွန်တော် ဘာကြောင့် အရက် ကို စွန့် လိုက်တယ် ၊ အရက် ရဲ့ ကောင်းကျိုး ဟာ ဘယ်မှာ အဆုံးသတ်တယ် ဆိုတာ သိလောက်ပါပြီ ။ အရက် နဲ့ ပတ်သက်ပြီး အမှန် ကို အမှန် အတိုင်း သိကြဖို့ တော့ လိုတာပဲ ” လို့ ဦးပန်းမွှေး က သူ့ စကား ကို နိဂုံး ချုပ် ပါတယ် ။
၁၉၇၂ ခု ၊ ဇူလိုင်လ ထဲ မှာ ဦးပန်းမွှေး ဆုံးရှာ ပါတယ် ။ သားသမီး ၅ ယောက် နဲ့ မုဆိုးမ ဒေါ်ခင်လှ ကျန်ရစ်ခဲ့တယ် ။ သူ ဆုံးတဲ့ အချိန် မှာ အသက် ၅ဝ ကျော်ကလေး ရှိပါသေးတယ် ။
◾လူထုဦးလှ
📖 အရက်သမား အမှားတစ်ထောင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment