Monday, February 20, 2023

ရေကြည်တွင်းလေး နံဘေး မှာ


 

❝ ရေကြည်တွင်းလေး နံဘေး မှာ ❞

တစ်ဟုန်ထိုး စီးဆင်းနေသော ချောင်းရေ သည် ၎င်း ၏ အင်အားဖြင့် တိုက်စားဖျော်ယူ လာသော ရွှံ့များ ကို သယ်ဆောင်လျက် ဆက်လက် စီးဆင်း နေပေသည် ။ ချောင်း ၏ ဘေး မနီးမဝေး ၌ ကား လက်ယက်တွင်းလေး တစ်တွင်း ။ တွင်းလေး အနီးတွင် ကား ပုံ့ပုံ့ယုံ့ယုံ့ ထိုင်လျက် တွင်း ထဲ မှ ရေများ ကို သူ့ အိုးလေး ထဲ သို့ အသာ ခပ် ထည့် နေသော မိန်းကလေး တစ်ယောက် ။

“ ဪ ... ကိုသောင်းရွှေ ”

ငုံ့၍ ရေခပ် နေစဉ် ကျ လာသော လူရိပ် ကြောင့် မော့ ကြည့်ရင်း ရောက် လာ သူ ကို သူ က နှုတ်ဆက် လိုက်၏ ။

“ အေး .. ဒီနေ့ တော့ နင် တစ်ယောက်တည်း နော် နှင်းဥ ရဲ့ ”

“ ဟုတ်တယ် ၊ ကျွန်မ နုကြည် ကို ဝင် ခေါ်ဦးမလို့ဘဲ ၊ ဒါပေမဲ့ သူ နေမကောင်းတာ မပျောက်သေးဘူး ထင်တာနဲ့ ”

“ အေးပါ ... နုကြည် ကောင်းကောင်း မပျောက်သေးပါဘူး ”

ပြောပြောဆိုဆိုဖြင့် သောင်းရွှေ က နှင်းဥ အနား တွင် ဝင် ထိုင် လိုက်သည် ။

“ ဒါကြောင့်လည်း ငါ နင့် နောက်ကို လိုက်လာတာပေါ့ ဟာ ။ အရင် ဆိုရင် ငါ က နင် နဲ့ စကား လွတ်လွတ်လပ်လပ် ပြောချင်ပေမဲ့ နင် ရေခပ် သွားတိုင်း နုကြည် က ပါ နေတော့ ငါ က ငါ့ နှမ တစ်ယောက်လုံး ရှေ့မှာ ဘယ်လို ပြောတော့မလဲ ဟာ ”

“ ကျွန်မနဲ့ ဘာများ ထူးထူးထွေထွေ ပြောစရာ ရှိသေးလို့လဲ ကိုသောင်းရွှေ ”

“ ရှိတာပေါ့ နှင်းဥ ရာ ၊ နင် လည်း သိရက်သား နဲ့ ၊ နင် ငါ့ ကို ပေးထား တဲ့ အဖြေ ကို မပြင်နိုင်တော့ဘူးလား ဟင် ။ ငါ့ ကို နည်းနည်း မှ မစဉ်းစားနိုင် တော့ဘူးလား ဟာ ”

“ ဪ ... ကိုသောင်းရွှေ ရယ် ၊ တွေ့ တိုင်း ဒါကိုပဲ ပြော နေတာပဲ ၊ ကျွန်မ ကိုသောင်းရွှေ ကို အစ်ကို တစ်ယောက် လိုပဲ ခင်နိုင်မယ်လို့ ပြောဖူးပြီ ပဲ ။ ပြီးတော့ ကျွန်မ မှာ ... ”

“ ဘာလဲ နင် နဲ့ ထွန်းကျော် နဲ့ ကိစ္စ ကို ပြောဦး မလို့လား ။ ထွန်းကျော် ဟာ နင် နဲ့ ဆိုင်ချင်တော့ ဆိုင်လိမ့်မယ် ၊ မပိုင်သေးဘူး မဟုတ်လား နှင်းဥ ၊ ဒီတော့ ထွန်းကျော် ရှိနေပြီ ဆိုတာနဲ့ တော့ ငါ က နောက်ဆုတ် မပေးနိုင်ဘူး ၊ နောက် မဆုတ်နိုင်ရုံတင် မကဘူး ၊ နင့် ကို မရ ရအောင် ငါ ကြိုးစားမယ် ၊ ဒီမှာ ငါ ပြောဦးမယ် နှင်းဥ ၊ ထွန်းကျော် ဟာ နင့် ကို လောလောဆယ် လက် မထပ်နိုင်သေးပါဘူး ။ လက်ထပ်နိုင်တဲ့ တိုင်အောင် နင့် ကို တင့်တောင့်တင့်တယ် မထားနိုင်ပါဘူး ဟာ ”

“ ဒါတွေ ရှင် နဲ့ မဆိုင်ပါဘူး ကိုသောင်းရွှေ ရယ် ”

“ မဆိုင်ရင်ကော နှင်းဥ ရာ ၊ သူ့ ထက် ငါ က နင့် ကို တင့်တင့်တယ်တယ် ထားနိုင်မယ် ဆိုတာ နင် သိဖို့ ကောင်းတာပေါ့ ။ ငါ လေ အခု သစ်မွှေး အရောင်း အဝယ် မှာ ငွေ တစ်သောင်း လောက် မြတ် ထားတယ် ။ ဒီလို အရောင်းအဝယ် သွားရင်း နဲ့ ပဲ ခု ငါ့ အိမ် ရောက်နေတဲ့ မျိုးဝင်းအောင် ဆိုတဲ့ လူနဲ့ ပေါင်းမိ ပြန် ရော ။ သူ က စီးပွားရေး အကွက် မြင်တယ် ။ ဒါပေမဲ့ ငွေရင်း မရှိဘူး ၊ ဒီတော့ ငါ က ငွေ စိုက်မယ် ၊ သူ့ ကြံရည်ဖန်ရည် နဲ့ ပေါင်းရင် တို့ အများကြီး ပွနိုင်စရာ တွေ ရှိတယ် ။ အဲဒီအခါကျ နင့် ကို ငါ တစ်သောင်း လောက် တောင် တင်ပြီး ယူ နိုင် ပါတယ် ဟာ ”

“ စိတ်ညစ်ရပါလား ကိုသောင်းရွှေ့ ရယ် ၊ ဘာတွေ လာ ပြောနေတာလဲ ။ တကယ်ဆို တော့ ကိုထွန်းကျော် ဟာ ရှင့် သူငယ်ချင်း ပဲ ဟာ ရှင် သူ့ အပေါ် သစ္စာ ရှိသင့်ပါတယ် ရှင် ”

“ သစ္စာ မဲ့တယ် ပြောပြော ဘာပြောပြော ဟာ ၊ ငါ ကတော့ နင့် ကို ချစ်တာ ပဲ သိတယ် ။ နင့် ကို ငါ ရအောင် ယူ မှာပဲ ။ တကယ်ဆိုတော့ ထွန်းကျော် ရယ် ၊ ငါ ရယ် ၊ နင် ရယ် ၊ နုကြည် ရယ် လေးယောက် မိုးတား မှာ ကျောင်း သွား နေ ကတည်း က နင့် ကို ငါ ချစ်ခဲ့တာပါ ဟာ ။ ထွန်းကျော် က ငါ့ ထက် ဘာများ သာ လို့လဲ ဟယ် ။ တကယ်ဆို တော့ ထွန်းကျော် လို လှေကြီးထိုး ရိုးရိုးသမား ၊ နင် အားကိုးရင် မှား မှာပေါ့ ။ ခုလည်း သူ ကသာ ကို သင်တန်း ဆိုလား သွားတာဆို ၊ ဒီလို အပို အလုပ်တွေက သူ့ မှာ အများကြီး ၊ ရပ်ရေး ရွာရေး ဟိုအရေး ဒီအရေး နဲ့ အမြဲ ရှုပ် နေတာ ၊ သူ နဲ့ ဆို နင် ထမင်း တောင် နပ်မှန် အောင် စားရမှာ မဟုတ်ဘူး သိလား ”

“ တော်တော့ ကိုသောင်းရွှေ မပြော နဲ့ တော့ ခုလောက် ပြောတာကို လွန် နေပြီ သိလား ”

“ အေး .. ဒါဆို နင့် ကို ငါ နောက်ဆုံး ပြောခဲ့မယ် ၊ နင့် ကို တော့ ငါ ရအောင် ယူမှာပဲ ။ နင် သဘော တူတူ မတူတူ ငါ ဒီ တစ်ခေါက် ပြန်လာရင် မိဘ ချင်း နားဖောက် ခိုင်းတော့မှာ ပဲ ”

“ အို .. ဒီလို လုပ်လို့ ဘယ် ရ မလဲ ၊ ကျွန်မ သဘော မတူရင် ရှင် ဘာမှ လုပ်လို့ မရဘူး ။ ကျွန်မ မကျေနပ်ရင် အဖေ တို့ ကလည်း ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး သိလား ”

“ ဪ ... နှင်းဥ ရာ လုပ်ပေးအောင် ငါ က ကြံရမှာ ပေါ့ ။ အဲဒီ အခါကျ မှ ငွေ မျက်နှာ ဘယ်လောက် ကြီးတယ် ဆိုတာ နင် သိလာဦးမှာ ပေါ့ ”

     •••••   •••••   •••••   •••••

နှင်းဥ သည် ရေအိုးလေး ကို လက်ယက်တွင်းလေး အနီး သို့ ချ လိုက်၏  ။ ပြီးတော့ တစ်နေ့က ဤနေရာ မှာပင် သူ့ သူငယ်ချင်း နုကြည် ၏ အစ်ကို သောင်းရွှေ နှင့် ဆုံခဲ့ရသည့် အဖြစ် ကို ပြန် တွေး နေမိသည် ။ ဘာပဲဖြစ်ဖြစ် ဒီ အဖြစ်အပျက် က သူ့ ကို စိတ် အနှောင့်အယှက် ဖြစ်စေသည် ၊ သူ့ ချစ်သူ ထွန်းကျော် တစ်ယောက် ကသာ သို့ သင်တန်း တစ်ခု တက်ရန် ဆိုပြီး ထွက်သွားချိန် မို့ လည်း တစ်ယောက် တည်း အားငယ် မိ သလိုလို ။ ဒါပေမဲ့ ထွန်းကျော် က ၇ ရက် ၊ ၈ ရက် အတွင်း သူ ပြန်လာခဲ့မည် ဟု ဆိုသည် ။ ပြီးတော့ ထွန်းကျော် ပြန်လာခဲ့၍ ဤ အဖြစ်အပျက် ကို ပြောပြ လျှင် ထွန်းကျော် စိတ် မကောင်း ဖြစ်နေမလား ဟု လည်း တွေးနေမိပြန်သည် ။

ဘာပဲဖြစ်ဖြစ် သောင်းရွှေ က သူ ပြောသလို ဇွတ် လုပ်လာခဲ့ လျှင် ပင် သူ ငြင်း၍ ရလိမ့်မည် ဟု သူ ထင်သည် ။ သို့သော် သောင်းရွှေ နှင့် များ အဖေ တို့ က သဘောတူ နေမလား ဟု ပူရ ပြန်၏ ။ တကယ်တော့ လည်း သောင်းရွှေ ဆိုသည် မှာ အသောက်အစား ကင်း ၍ စာရိတ္တ ကောင်းသူ တစ်ဦး ဖြစ်သည် ။ သို့သော် အလုပ် ကို လက်ကြော တင်းအောင် မလုပ်ချင်ဘဲ အချောင်လမ်း ကို လိုက်ချင် တတ် သော သူ့ စိတ်ဓာတ် ကို တော့ နှင်းဥ မနှစ်သက်နိုင်ပါချေ ။ ပြီးတော့ သူ့ တွင် သူ ချစ်ရသော ထွန်းကျော် ရှိနေသေးသည် လေ ။

“ မနှင်းဥ ထင်တယ် နော် ”

“ ရှင် ... ဪ .. ဟုတ်ကဲ့ ”

နှင်းဥ ၏ အတွေးမျှင်များ ကို ဖြတ်တောက် လိုက်သော အသံရှင် ကား နုကြည် တို့ အိမ် မှ သောင်းရွှေ ၏ ဧည့်သည် မျိုးဝင်းအောင် ဆိုသူ ဖြစ်သည် ။

“ ဒီ တွင်းလေး မှာ ရေ ခပ်တာ ကို စိတ်ဝင်စားလို့ ပါ ဗျာ ”

“ ဪ ... ဟုတ်ကဲ့ ”

“ ရေ က ခဏလေး ကုန်သွားတာ နော် ”

“ ဟုတ်ကဲ့ ... ဒါပေမဲ့ ခဏပဲ စောင့်ရတာပါ ၊ ပြန်ပြည့်လာ တာပါပဲ ”

“ ဒါပေမဲ့ဗျာ ကျွန်တော် တို့ က တော့ ပန့် က ပိုက်ခေါင်း ဖွင့်ပြီး ရေ ကို အလွယ် သုံးလာသူတွေ ဆိုတော့ ဒီလို ခပ်ဖို့ကို စိတ် မရှည်ပါဘူးဗျာ ၊ သိပ္ပံ ခေတ် ဆိုတော့ မြန်နိုင် သမျှ မြန်လေ ကောင်းလေ ကိုး မနှင်းဥ ရဲ့ ”

“ ကျွန်မ က တော့ ဒီလို ခပ်ယူရတာ ပျော်ပါတယ် ၊ စိတ် မရှည်စရာလည်း မရှိပါဘူးရှင် ”

“ ဒါထက် မနှင်းဥ မြို့ မှာ ကျောင်း နေဖူးသလား ဟင် ”

“ မနေဖူးပါဘူး ၊ မိုးတား မှာ တော့ ခြောက်တန်း အောင် ထိ နေဖူးပါတယ် ”

“ မိုးတား ဆိုတာ က ဒီကို လာတော့ သင်္ဘော ဆိုက်တဲ့ ရွာကြီး ထင်တယ် နော် ၊ ရွာ ပေမဲ့ သူ က လည်း မြို့လေး လို ပါပဲ ။ ဟို ... ကျွန်တော် မေး မိတာ စိတ် မရှိနဲ့ နော် ။ မနှင်းဥ နေထိုင် ပြောဆိုတာက မြို့ ဆန်ပြီး ယဉ်ကျေးသိမ်မွေ့ တယ် လို့ တွေးမိလို့ပါ ”

“ ထင်လို့ပါ ရှင် ၊ ကျွန်မ ကသာ မှာ နေတော့ ကျွန်မ ကြီးကြီး နေမကောင်း တာ ပြုစုရင်း နှစ်နှစ် လောက် နေဖူးပါတယ် ။ ဒါပေမဲ့ ကျွန်မ နဲ့ ဒီ ရွာ က တခြား မိန်းကလေးတွေ နဲ့ ဘာမှ မကွာနိုင်ပါဘူး ”

“ အေးလေ ... ထင်လို့လည်း ဖြစ်နိုင်ပါတယ်လေ ။ ကျွန်တော် က မနှင်းဥ ကို ပဲ စိတ်ဝင်စား မိတာကိုး ။ ကျန်တဲ့ မိန်းကလေးတွေ ကို တော့ သိပ် သတိမထားမိပါဘူး ”

“ ကဲ ... ကျွန်မ ပြန်ဦးမယ် ရှင် ”

“ ဟာ .... ခဏ.. ခဏ နေပါဦးဗျာ ၊ ရေအိုး လည်း ရေမပြည့်သေးဘဲ နဲ့ ။ ကျွန်တော် ပြောတာ စိတ်ဆိုး သွားလို့လား ဟင် ။ ကျွန်တော် က စိတ်မြန် လက်မြန်သမား ဆိုတော့ စိတ် မထိန်းနိုင်ဘဲ ဖြစ်သွားရဘာ ။ တကယ်တော့ လည်း လေ ပြောရမယ် ဆိုရင်တော့ မနှင်းဥ ကို ကျွန်တော် စိတ်ဝင်စား ရုံ မက ပါဘူး ၊ ချစ်နေမိတဲ့ အထိပါ ဗျာ ”

“ ရှင် ... ”

“ တကယ်ပါဗျာ ၊ ကျွန်တော် ရွာ ရောက်စ ကတည်း က မနှင်းဥ ကို မြင် မြင်ချင်း ချစ်ခဲ့မိတာ ၊ ချစ်မိ ဆို မနှင်းဥ က လည်း ဒီ ရွာသူတွေ ထဲမှာ ချစ်စရာ အကောင်းဆုံး အလှဆုံး ဆိုတော့ ”

“ အမလေး ... တော်ပါတော့ ကိုမျိုးဝင်းအောင် ရယ် ၊ ရှင် နုကြည် ကို လည်း ဒီလိုပဲ ပြောခဲ့တာ မဟုတ်လား ”

“ ဗျာ ... ”

“ ဟုတ်တယ်လေ ၊ ရှင့် ကို ထမင်း ကျွေးထားတဲ့ အိမ်ရှင် နုကြည် ကို လည်း ရှင် ဒီလို ပြောဖူးတယ် မဟုတ်လား ။ ဒါလည်း နုကြည် တစ်ခါ ပြော ဖူးလို့ သိရတာလေ ။ ဒီ့ပြင် တခြား ဒီရွာသူ ဘယ်နှယောက် ကို ရှင် ပြောဖူးသေး လဲ တောင် မသိဘူး ။ ရှင်တို့ မြို့ကြီးသား ဆိုတဲ့ လူတွေဟာ လူပျိုစကား ကို ဒီလို ထမင်းစား ရေသောက် လို လိုက် ပြောနေတာပဲလား ရှင် ”

“ ကျွန်တော် ... ကျွန်တော် ”

“ ကဲ ... ကိုမျိုးဝင်းအောင် ၊ ဟိုမှာ နောက်ထပ် ရေခပ်မယ့် သူတွေ လာ နေပြီ ။ ရှင် ပြန်တော့ ။ ဒါပေမဲ့ ရှင် က စိတ်မြန်လက်မြန်သမား မို့ ကျွန်မ က လည်း အဖြေ ချက်ချင်း ပေးလိုက်ပါ့မယ် ။ ကျွန်မ မှာ ရည်စူးထားတဲ့ သူ ရှိပြီး သားပါ ။ ပြီးတော့ ကျွန်မ မှာ မရှိသေး ရင် တောင် ရှင့်လို လူ ကိုတော့ ထည့် မစဉ်းစားရဲပါဘူးတဲ့ ရှင် ”

    •••••   •••••   •••••   •••••

“ ကိုထွန်းကျော် ... နှင်းဥ ပြောတာတွေ နားထောင်ပြီး စိတ် ဆင်းရဲနေလား ဟင် ”

“ စိတ် မဆင်းရဲပါဘူး နှင်းဥ ရာ ၊ ငါ စဉ်းစား နေတာပါ ။ နင့် ကို ငါ ယုံပြီးသားပဲ ၊ စိတ်ဆင်းရဲ စရာ မရှိပါဘူး ။ နင့် ကို သောင်းရွှေ နဲ့ ငါ အပြိုင် ပိုး ခဲ့ရတာမို့ သူ ခု အချိန်အထိ လက် မလျှော့သေးတာ ငါ မအံ့ဩပါဘူး ၊ ပြီးတော့ ဟို လူ ကလည်း နင့် ကို ချစ်စကား ကြိုက်စကား လာ ပြောတာမျိုး ငါ ခွင့်လွှတ်နိုင်ပါတယ် ဟာ ။ နင် က မှ သိပ် ချစ်စရာ ကောင်းတာ ကိုး ။ မဟုတ် ဘူးလား နှင်းဥ ရဲ့ ”

“ အို ... ကိုထွန်းကျော် က လည်း ”

ထွန်းကျော် က ပြောပြောဆိုဆို ဖြင့် နှင်းဥ ၏ မေးဖျားလေး ကို လက် ဖြင့် အသာ ဆွဲ မော့လိုက်ရာ နှင်းဥ က သူ့ လက်ကလေး ဖြင့် ဆွဲဖယ် လိုက် ရင်း မျက်စောင်းလေး တစ်ချက် ထိုး လိုက်၏ ။

“ ဟုတ်တယ်လေ ၊ ဒါထက် နေပါဦး နှင်းဥ ရယ် ၊ သောင်းရွှေ က တကယ် လာ တောင်းရင် နင့် အိမ် သဘော က ဘယ်လို ရှိမယ် ထင်လဲဟင် ”

“ မပြောတတ်ပါဘူး ကိုထွန်းကျော် ရာ ၊ သူတို့ က သဘော ကျပြီး နှင်းဥ ကို များ နားချ နေဦးမလား မသိဘူး ”

“ တကယ်လို့ နားချရင် ကော ဟာ .. ”

“ နားချ ရင်တော့ ကိုထွန်းကျော် နဲ့ အကြောင်း ကို အတိအလင်း ဖွင့် ပြော ရမယ် ထင်တယ် ။  သိပ် လည်း စိတ် ပူ မနေပါနဲ့ ကိုထွန်းကျော် ရာ ၊ နှင်းဥ သဘော မတူဘဲ အဖေ တို့ က တော့ ဇွတ် မလုပ်တန် ကောင်းပါဘူး ”

ထွန်းကျော် က သက်ပြင်း ကို ချလိုက် မိသည် ။

“ စိတ် ပူရတာပေါ့ နှင်းဥ ရာ ၊ ဘယ့်နှယ် ပြောပါလိမ့် ။ မတော်တဆ နင် တခြား လူ လက် ထဲ ရောက်သွားရင် ငါ ရင်ကွဲ ရမှာ မဟုတ်လား ဟာ ၊ တကယ်တော့ မနှစ်က ရေ တအား ကြီးတော့ အခင်းတွေ နစ်ပြီး ဆုံး ကုန်လို့ နင့် ကို မတောင်းလိုက် နိုင်တာပါ ဟာ ၊ ဒီနှစ် တော့ ဒီလောက် ကံ ဆက် မဆိုး တန်ကောင်းပါဘူး ။ နတ်တော် ၊ ပြာသိုလ အခင်း ပေါ် ရင်တော့ အဆင်ပြေ ကောင်း ရဲ့ အောက်မေ့တာပါ ဟာ ”

ထွန်းကျော် က ရေဖြည့် ပြီး ဖြစ်သော နှင်းဥ ၏ ရေအိုးလေး ကို အဓိပ္ပာယ် မဲ့ ငေးနေ မိသည် ။ ပြီးတော့ မှ

“ တစ်ခုတော့ ရှိတယ် ၊ ငါ အခု ကသာ မှာ သွား တက်တဲ့ အခြေခံမွေးမြူရေးသင်တန်း ဆိုတာ တိရစ္ဆာန်ဆေးကုဌာန က ဦးစီးပြီး ဖွင့်တာလေ ။ မွေးမြူရေး နဲ့ပတ်သက်ပြီး ဗဟုသုတတွေ ငါ  အများကြီး ရ ခဲ့တယ် ၊ လယ်စိုက် ရုံ အခင်းစိုက် ရုံ အပြင် ငါ မွေးမြူရေး လည်း လုပ်မယ် ဟာ ၊ ရွာ မှာ ရောင်းဖို့ ဈေးကွက် မရှိလည်း မြို့ တက် ရောင်းရမှာပဲ ။ ပိုက်ဆံ ရဖို့ အရေး ကြီးတယ် နှင်းဥ ရဲ့ ၊ ပိုက်ဆံ ရှိ မှ နင် နဲ့ မြန်မြန် နီးနိုင်မယ် မဟုတ်လား ”

“ ဘာတွေ မွေးမြူရေး လုပ်မှာလဲ ကိုထွန်းကျော် ... ဟင် ”

“ နို့စားနွား တော့ တို့ ဒေသမှာ မွေးလို့ ကိုက်မှာ မဟုတ်ဘူး ။ ကြက် ၊ ဘဲ ၊ ဝက် လောက် တော့ မွေးလို့ ရမှာပါ ။ ငါ ခုချိန် ကတည်း က စ လုပ်မယ် လေ ။ နင် နဲ့ လက်ထပ်ပြီးတဲ့ အခါ ကျလည်း ဆက် လုပ်မှာပေါ့ ။ ဒါပေမဲ့ ကြက်တွေ ၊ ဘဲတွေ မွေးတဲ့ ကိစ္စ က ငါ့ ဘာသာ လုပ်မှာပါလေ ၊ နင့် ကို မခိုင်း ရက်ပါဘူး ။ နင် ပင်ပန်း နေမှာပေါ့ ။ နင့် ကို လွယ်လွယ် နဲ့ များများ မွေးလို့ရတဲ့ တခြား ဟာမျိုးပဲ မွေးခိုင်းမယ် ”

“ ဘာမွေးရမှာလဲဟင် ”

ထွန်းကျော် က ကိုယ် ကို အသာ နှိမ့် လျက် လေသံ ဖြင့် ...
“ လူ မွေးရမယ် လေ ... လူ မွေးမြူရေး ပေါ့ ”

“ သွား ... မဟုတ်တရုတ် ပြောဦး ”

နှင်းဥ က ရှက်ရှက် ဖြင့် ထွန်းကျော် ကို သဲဖြင့် ဆုပ်ပေါက် ပစ် လိုက်သည် ။

“ ကဲ ဗျာ ရေအိုး ထဲ သဲတွေ ကျ ကုန်ပြီ ၊ ရေတွေ တော့ ကောင်းတော့ မှာ မဟုတ်ဘူး ”

“ ဘာလို့ မဟုတ်တရုတ် ပြောသေးလဲ လို့ ”

“ အေးပါ ရေပြန် ခပ်ရအောင် လုပ်တာပါ ၊ ငါ သိပါတယ်  ၊ ကောင် မလေး တစ်ယောက် သူ့ ရည်းစား နဲ့ စကား ကြာကြာ ပြောချင်တိုင်း အမျိုးမျိုး လုပ် နေတာ ”

“ အံမယ် .... မဟုတ်ဘဲ နဲ့ ”

ပြောပြောဆိုဆို ဖြင့် ထွန်းကျော် က အိုး ထဲ မှ ရေများ ကို သဲပြင် ပေါ် သို့ သွန် ပစ် လိုက်သည် ။ နှင်းဥ တွင်းလေး ဆီ သို့ မျက်လုံး ရောက် သွားသည် ။ တွင်းလေး ထဲ တွင် ရေ ပြည့် နေပြန်ပြီ ။ နောက် တစ်ကြိမ် အိုး ထဲ သို့ ရေထပ် ထည့်ရ ပြန်ဦးမည် ။ ထို့အတူ သူတို့ ၏ ပြော မကုန်သော ချစ်စကားများ ကို လည်း တစ်ပတ်ပြန် ကျော့ကြရလိမ့်ဦးမည် ။

     •••••   •••••   •••••   ••••

“ နုကြည် ... နေကောင်း သွားပြီလား ”

“ ဪ .... ကိုထွန်းကျော် နေကောင်းသွားပါပြီ ၊ လာလေ ကျွန်မ ရေခပ်ပြီးပါပြီ ၊ ခု ပြန်တော့မှာပါ ၊ ဟောဒီမှာ နှင်းဥ သာ ဘယ်သူ့ စောင့် နေလဲ မသိ ၊ မခပ်ရသေးတာ ”

“ အမယ် ... နုကြည် နော် ၊ ငါ နင် ခပ်နေလို့ စောင့် နေ ရတာများ ”

နှင်းဥ က နုကြည် ကို မျက်စောင်း ထိုး လျက် တုံ့ပြန် စကား ဆိုလိုက် သည် ။ ထွန်းကျော် က လည်း ..

“ မပြန်ပါနဲ့ဦး နုကြည် ရာ ၊ ခဏ ထိုင်ပါဦး ”

“ အမယ် .. ဟန် ခေါ် ခေါ် မနေစမ်းပါ နဲ့ ၊ ပြောစရာ ရှိတာ သာ လွတ်လွတ်လပ်လပ် ပြောကြပါ ၊ ကျွန်မ တကယ် ပြန်မှာ ပါ ”

“ မဟုတ်ပါဘူး ၊ တကယ်ပါ ဟ ၊ ထိုင်စမ်းပါ ။ နင့် ကို မေးစရာလေး လည်း ရှိ လို့ပါ ။ ပြီးတော့ နင် ရှိတာ တစ်မျိုး ကောင်းပါ တယ် ။ တို့ စကားပြော ရတာ ပို ဣန္ဒြေ ရတာပေါ့ ”

“ အမလေး ... ဒီလောက် ရပ်သိ ရွာသိ ဖြစ်နေတဲ့ဟာ ၊ ဘာများ ဣန္ဒြေရ စရာ လိုသေးလို့ လဲ ”

“ လူငယ်ပိုင်း ကတော့ အားလုံး လို သိ နေကြတာမို့ မြင်လည်း အကြောင်း မဟုတ်ပါဘူး ဟာ ၊ လူကြီးတွေ များ ”

“ အံမယ် လူကြီးတွေ ကော မသိဘဲ နေမလား ကိုထွန်းကျော် ရဲ့ ၊ တော် က နှင်းဥ ရေခပ်တဲ့ နေရာတော့ နှစ်ရက် တစ်ခါ သုံးရက် တစ်ခါ လာ တွေ့ နေပြီး တော့ လူ သိမှာတော့ ကြောက် သလား ”

“ အေး .. ပြောတော့ နုကြည် ရာ ”

“ အဟုတ်ပြောတာ ကိုထွန်းကျော်  ၊ တော်တို့ အကြောင်း နှင်းဥ တို့ အိမ် က မသိသေးဘူး များ ထင် လို့လား ။ လူကြီးတွေ က ကျေနပ်လို့ မသိချင် ယောင် ဆောင်နေကြတာပဲ ဖြစ်မှာပေါ့ ၊ တကယ်တော့ လည်း ကိုထွန်းကျော် ကို ဘာများ သဘော မတူစရာ ရှိမလဲလေ ။ ကဲ ... ဆိုစမ်းပါဦး ၊ ကျွန်မ ကို မေးမယ် ဆိုတာ ဘာလဲ ”

“ အေးပါ ... ထိုင်စမ်းပါဦး ဆို နင် ကလည်း ”

ဒီတော့မှ နုကြည် က နှင်းဥ ဘေး တွင် ထိုင် လိုက်သည် ။

“ နင် ပြောမှ စိတ် နည်းနည်း အေးသွားတယ် ဟာ ၊ ဟုတ်မှာပါပဲ ။ လူကြီး တွေ သိတော့ သိနေမှာ ထင်တယ် ။ သူ့ အိမ် က သူ နဲ့ ငါ့ ကို သဘော မတူမှာ ငါ သိပ် စိုးတာ ဟာ ”

“ တူမှာပါ ကိုထွန်းကျော် ရယ် ၊ ဒါကိုတော့ ပူ မနေပါနဲ့ ။ ဒါထက် မေးမယ် ဆိုတာ ဘာလဲလို့ ”

“ ဪ ... နင့် အစ်ကို အကြောင်းပါ ၊ ဟို လူ နဲ့ လိုက်သွားပြန်ပြီ ဆို ၊ ဘာ အရောင်းအဝယ် သွားကြတာတဲ့လဲ ဟာ ”

“ ဪ .... အစ်ကို့ အကြောင်းတော့ မပြောချင်ပါဘူး ကိုထွန်းကျော် ရာ ၊ အဲဒီ လူ က သူ့ စီးပွားရေး ဖက် တဲ့  ၊ အရင် တစ်ခေါက် အရောင်းအဝယ် သွားရင်း လမ်း မှာ ခင်လာတာ တဲ့ ။ အဲဒါ ဒီ နယ် ဘက် က ရွှေတို့ ၊ ကျောက် တို့ ဝယ်ချင်လို့ ဆိုပြီး လိုက်လာတာ တဲ့ ၊ ဘယ်က လူမှန်း လည်း မသိပါဘူး ၊ မုံရွာ မှာ နေ သလိုလို ၊ ရှမ်းပြည်နယ် ဇာတိ လိုလို ၊ ရန်ကုန်သား လိုလို နဲ့ ပါ အမျိုးမျိုး ပြော နေတာပဲ ။ ကျွန်မ က တော့ ဒီ လူ့ ပုံ ကို မကြိုက်ပါဘူး ။ အစ်ကို့ ကို ကြောက်လို့ မပြောရဲ လို့သာ ၊ ကျွန်မ နဲ့ စကား ပြောရင်လည်း ရိသဲ့သဲ့ ချိတ် တိတ်တိတ် နဲ့ ။ ခု သွားကြတာ လည်း ပြောရမှာ အခက်သား ကိုထွန်းကျော် ရဲ့ ၊ အစ က တော့ အရောင်းအဝယ် ကိစ္စ သွားမလို့ ဆိုလား ။ ဒါနဲ့ ဟိုနေ့ ည က တော့ အဲဒီ လူ က ခင်ဗျား သတ္တိ ရှိ ရင်တော့ မရောင်း မဝယ် ရဘဲ ငွေ အချောင် ရမယ့် နည်း ရှိတယ် တဲ့ ။ အဲဒါက ငွေစက္ကူ အတု ဝယ်ဖို့တဲ့ ကိုထွန်းကျော် ရဲ့ ။ ကိုယ် က ငွေစက္ကူ အစစ် တစ်သောင်း ပေးရင် သူတို့ က နှစ်သောင်း ပြန် ပေးတယ် တဲ့ ”

“ ဟင် ... အဲဒါ ကို သောင်းရွှေ က သဘောကျပြီး ဝယ်မလို့ တဲ့ လား ”

“ ဟုတ်တယ် ကိုထွန်းကျော် ၊ ဟို လူ က လည်း အပြော ကောင်းလေ ၊ ဝယ်ချင် ရင် သူ့ ဆီ မှာတော့ မရှိဘူးပေါ့ ။ ဒါပေမဲ့ သူ့ အဆက်အသွယ်တွေ နဲ့ ရှာပေးမယ် တဲ့ ။ ဟို ရောက်လို့ ငွေ ကို ကြည့်ပြီး အစစ် နဲ့ မတူဘူး ထင်ရင် လည်း မဝယ်ဘဲ နေလို့ရတယ် တဲ့ ”

“ ဟ ... အဲဒါကို ဒီကောင် က ယုံပြီး လိုက်သွားတာ လား ၊ မိုက်ပါ့ ဟာ ၊ အစစ် နဲ့ တူ မှတော့ သူ့ ရောင်း နေတော့ မလား ၊ ဟို က သူ့ ဘာသာ သုံးတော့ မပေါ့ ”

“ ဒါတော့ မသိဘူး ကိုထွန်းကျော် ရယ် ။ ဟို လူ က အများကြီးတော့ ရှင်းပြတာပဲ ။ ကျွန်မ လည်း နား မလည်ဘူး ။ အစ်ကို က တော့ သဘောကျပြီး လိုက်သွားတာပဲ ။ သူ လည်း ဒီလောက်တော့ မအ တန် ကောင်းပါဘူးလေ ၊ သူ က ပြောသွားတော့ ဘာပဲဖြစ်ဖြစ် အဲဒီ ငွေအတု ကို မြင်ဖူးအောင် လိုက်သွား ဦးမယ် တဲ့ ။ သူ သစ်မွှေး က မြတ်ထား တဲ့ ငွေ တစ်သောင်း လည်း ယူသွားပဲ ။ သူ သဘောကျရင် လဲခဲ့ဖို့လား တော့ မသိဘူး ”

“ အင်း .... ဒီကောင် နဲ့ တော့ ခက်တာပဲ နုကြည် ရာ ၊ ဒီကောင် က ဖြတ်လမ်း တယ် ကြိုက်တာကိုး ၊ ဒီလို ရာဇဝတ်မှု မကင်းတာတွေ လျှောက် လုပ်နေ ရင် ဒီကောင် တစ်နေ့ ဒုက္ခ ရောက်တော့မှာပဲ ”

“ ဟုတ်တယ် ကိုထွန်းကျော် ။ ဒါကြောင့် ဒါတွေ လုပ်တာကို အဖေ နဲ့ ကျွန်မ က သဘော မတူဘူး ။ အမေ က တော့ သူ့ သား သစ်မွှေး မြတ်ခဲ့ ကတည်း က သူ့ သား ကို သိပ် သဘောကျ နေတာ ။ အတု ဖြစ်ဖြစ် အစစ် ဖြစ်ဖြစ် တော် သုံးလို့ ရရင် ပြီးတာပဲ ။ တစ်သောင်း ကို နှစ်သောင်း ရတယ် ဆို နည်းသလား လို့ အဖေ့ ကို ပြောနေသေးတယ် ”

“ အေး ... အဲဒီလို လောဘတွေ ကြောင့် ဒုက္ခ ရောက်ကြရ တာပဲ ။ တစ်ခု တော့ ရှိတာပေါ့ ဟာ ။ ငါတို့ ရိုးရိုး လုပ်ကိုင်စားကြသူတွေ က တော့ ချွေးဒီးဒီး ကျ ထိ အသက် ထွက်လု အောင် လုပ်တာ ကို ငွေ တစ်သောင်း ရဖို့ မလွယ်တာ ပဲဟာ ။ ဒီလို မသေချာတဲ့ အလုပ် ထဲ ငွေ ပုံ ထိုးဖို့ ဘယ် သတ္တိ ရှိမှာလဲ ။ ခုလည်း နင့် အစ်ကို တို့ ၊ နင့် အမေ တို့ က မက်လုံးလေး ပေးထား တာ သာ မြင်ကြတာ ကိုး ၊ သကြား အုပ် ထားတာလေး ကုန်လို့ ဆေးခါးကြီး တွေ့ တော့မှ မျို ရ ခက် ၊ ထွေး ရ ခက် ဖြစ်နေလိမ့်ဦးမယ် ဟာ ”

ထွန်းကျော် ၏ စကား ကို နုကြည် က မည်သို့မျှ မတုံ့ပြန်တော့ ဘဲ သက်ပြင်း ကို သာ ချလိုက်မိ၏ ။ ချစ်သူ နှစ်ဦး တည်း လွတ်လပ်ကြပါစေတော့ ဟု အလိုက်တသိ ပြန်ဖို့ လည်း သတိ မရဘော့ ။ အတွေး မော ထဲ ၌ နစ်ရင်းသာ ငေးနေ မိသည် ။ ထိုစဉ် တစ်ချိန်လုံး ငြိမ် နားထောင် နေခဲ့သော နှင်းဥ က လည်း ဘာမှ မပြောတော့ဘဲ ရေခပ် ရန် သာ ဟန်ပြင် နေသည် ။

တွင်းကလေး ထဲ ၌ ကား ရေပြန် ပြည့်နေပြန်လေပြီ ။

     •••••   •••••   •••••   •••••

“ နှင်းဥ ရာ စောင့်လိုက်ရတာ ဟယ် ၊ နင် ဘာဖြစ်လို့ နောက်ကျ နေရတာလဲ ”

ရေခပ် လမ်း တွင် မယောင်မလည် စောင့်နေသူ ထွန်းကျော် က နှင်းဥ ကို ဆီး၍ ပြော လိုက်သည် ။

“ နုကြည် တို့ အိမ် ဝင် နေလို့ပါ ကိုထွန်းကျော် ရဲ့ ”

“ နုကြည် ကော ဘာဖြစ်လို့ မလိုက်လာတာလဲ ”

“ မသိပါဘူး .... ရှက်လို့ ထင်ပါရဲ့ ၊ ခုလည်း အိမ် မှာ ငို နေတာ ၊ သူ့ အစ်ကို ကိုသောင်းရွှေ အကြောင်း ကိုထွန်းကျော် မကြားဘူးလား ”

“ ဟင် ... သောင်းရွှေ ဘာဖြစ်လို့လဲ ၊ ငါ မကြားပါဘူး ဟာ ”

“ ကျွန်မ လည်း ခု နုကြည် ပြောမှ သိတာပါ ၊ ကဲ ... သွားစို့ ၊ သွားရင်း နဲ့ ပြောပြမယ်လေ ၊ ဒီလိုတဲ့ ကိုထွန်းကျော် ရဲ့ ”

     •••••   •••••   •••••   •••••

မျိုးဝင်းအောင် နှင့် သောင်းရွှေ တို့ မန္တလေး ရောက်ပြီး ဒုတိယ နေ့ ၊ သူတို့ တည်း သော အေးမြသီတာ တည်းခိုခန်း နှင့် ကပ်လျက် ရသာ ပျော်ပွဲစားရုံ ၏ အတွင်းခန်း တစ်ခန်း တွင် ဖြစ်သည် ။

“ ကဲ .. ကိုသောင်းရွှေ ၊ အားမနာတမ်း စားပါ ဗျာ ။ ခင်ဗျား အလှည့် တုန်း က ခင်ဗျား ကျွန်တော့် ကို ဂရု စိုက်ခဲ့သလို ကျွန်တော် ကလည်း ခင်ဗျား ကို ပြန် ပြုစုပါရစေ ၊ ကဲ ... ဟင်း ထပ်မှာဦးစို့လား ဗျာ ”

“ ဟာ ... တော်ပြီ တော်ပြီ ၊ ခုကို များနေပြီ ကိုမျိုးဝင်းအောင် ”

“ အားမနာပါနဲ့ ကိုသောင်းရွှေ ရဲ့ ။ ဒီမှာ ကျွန်တော်တို့ အတွက်က ခင်ဗျား သိတဲ့ အတိုင်း ငွေ မရှားပါဘူး ဗျာ ။  ... ဟဲ ၊ ပြီးတော့ မန္တလေး ဆိုတာ က ကျွန်တော့် နေရာ ၊ ကျွန်တော့် အပေါင်းအသင်း ကျွန်တော့် မိတ်ဆွေ တွေ အများကြီးပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်မျိုး က လျှို့ဝှက်နိုင် မှ တော်ကာ ကျ မှာမို့ ဒီလို တည်းခိုခန်း မျိုး ကို ကျွန်တော် ခေါ်လာရတာပါ ။ ပြီးတော့ တည်းခိုခန်း မှာ လည်း ခင်ဗျား ကို ကျွန်တော် မနေ့ က ပြော ထားတဲ့ အတိုင်း လိပ်စာ အမှန် မပေးထားဘူး ။ ပါးစပ် ထဲ တွေ့ရာ ပေး လိုက်တာပဲ ။ ခင်ဗျား လိုချင်တဲ့ ကိစ္စ အတွက်လည်း မနေ့က တစ်နေ့လုံး ကျွန်တော့် လူတွေ နဲ့ ကျွန်တော် ပြန် ဆက်သွယ်ပြီး အစီအစဉ်တွေ လုပ်ထား ပြီးပြီလေ ။ ဒါပေမဲ့ အဲဒီ ငွေ လဲတဲ့ ကိစ္စ အတွက် ခင်ဗျား ကို ကျွန်တော် နည်းနည်း ရှင်းပြ ထားဦးမယ် ”

“ ဟုတ်ကဲ့ ပြောပါ ကိုမျိုးဝင်းအောင် ”

“ ဒီလိုဗျ ၊ ငွေ လဲတဲ့ နေရာမှာ ရာတန် ချည်း ပဲ ရမယ် ။ ပြီးတော့ သူတို့ ပေးတဲ့ ငွေ ဟာ အစစ် နဲ့ မတူဘူး လို့ ခင်ဗျား ထင်ရင် မလဲဘဲ နေနိုင်တယ် နော် ကျွန်တော်တို့ ဘာမှ အားနာစရာ မလိုဘူး ”

“ ဟို ရောက်ရင် ခင်ဗျား စိတ်ကြိုက် ဖြစ် မဖြစ် သေသေချာချာ စစ်ပေါ့ ဗျာ ။ ကျွန်တော် က တော့ အင်း ... ကျွန်တော် ကတော့ ရှင်းရှင်း ပြောရရင် ပွဲစား သက်သက် ပါ ပဲ ။ သူတို့ တစ်သောင်း လဲဖို့ စီစဉ် ပေး နိုင်ရင် ကျွန်တော် က တစ်ထောင် ရတယ် ။ သူတို့ တစ်ထောင် လဲ ဖို့ ဆိုရင် ကျွန်တော့် အတွက် တစ်ရာ ပေါ့ ဗျာ ”

“ ဪ ... ”

“ ဒါ ခင်ဗျား ကို ကျွန်တော် က အပွင့်လင်းဆုံး ဖွင့် ပြောတာပါ ။ မိတ်ဆွေကောင်း တစ်ယောက် အနေ နဲ့ ခင်ဗျား ကို ယုံ လည်း ယုံလို့ ပေါ့ ”

“ ဟာ ... ဒါတော့ စိတ်ချပါ ဗျာ ”

“ စိတ်ချပါတယ် ဗျာ ၊  ကဲ ... သူတို့က ဒီ ည ၇ နာရီ မှာ ဟေမာန် တည်းခိုခန်း မှာ တွေ့ဖို့ ချိန်းထားတယ် ဗျ ။ အခုတော့ အခန်း ကို ပြန်ပြီး အနားယူကြ စို့ ဗျာ ”

     •••••   •••••   •••••   •••••

သောင်ပြင်ကျယ်ကြီး ကို ဖြတ်ပြီး လက်ယက်တွင်းလေး အနီးသို့ ရောက်သော အခါတွင် တော့ နှင်းဥ က ပြောလက်စ စကား ကို ဖြတ်ကာ အိုးလေး ကို ချ၍ အသာ ထိုင်ချ လိုက်သည် ။ ထွန်းကျော် က လည်း သူ့ အနား တွင် ထိုင်ရင်း ...

“ ကဲ ... ဆက်ပါဦး ဟ ၊ အဲဒီနေ့ ကျတော့ သူတို့ သွားကြရော လား ”

“ အင်း ... ဟုတ်တယ် ၊ သွားတော့ ချိန်း ထားတဲ့ နေရာ မှာ လူ နှစ်ယောက် အိတ် တစ်လုံး နဲ့ ရောက်နှင့် နေ တယ် တဲ့ ။ နှစ်သောင်း ယူမယ် ဆိုပေမဲ့ လိုလို မယ်မယ် ငါးသောင်း ယူလာတယ် လို့ ပြောတယ် တဲ့ ။ ရာတန် အသစ်စက်စက် တွေ ချည်းပဲ ၊ ဘဏ် က ထုတ်ပေးတာမျိုး ပဲ တဲ့ ။ ဒါပေမဲ့ စက္ကူ နဲ့ မပတ်ဘဲ သားရေကွင်း နဲ့ စည်းထား တာ တဲ့ ။ ကိုသောင်းရွှေ က လည်း စိတ် ကျေနပ် အောင် အသေအချာ စစ်တာပဲ ၊ သူ့ အိတ် ထဲ က ရာတန် နဲ့ တောင် တိုက်ကြည့် သေးတယ် တဲ့ ။ နောက်တော့ ... ”

     •••••   •••••   •••••   •••••

သောင်းရွှေ သည် သူ့ လက် ထဲ က ရာတန်အုပ် ကို ကြည့်ရင်း တကယ် အံ့သြနေ မိသည် ။ သူတို့ က အတု ဆို၍သာ ။ သူ့ အမြင် အတိုင်း ကတော့ အစစ် လိုသာ ဖြစ်သည် ။ သူ့ အိတ် ထဲ က ရာတန် နှင့် လည်း လုံးဝ မကွဲပြား ၊ သူ့ အိတ် ထဲ က ငွေ တစ်သောင်း ပေး လိုက်လျှင် ဒီလို အသစ်စက်စက် ငွေမျိုး နှစ်သောင်း ရ လိမ့်မည် ။

“ ကဲ ... မိတ်ဆွေ ၊ ကျေနပ်အောင် စစ်ပေါ့ဗျာ ။ မကြိုက်ရင် လည်း မလဲ နဲ့  ။ အားမနာနဲ့ နော် ၊ စိတ်ကြိုက် စစ်ပြီးပြီ ဆိုရင်တော့ လဲမယ် ဆိုလည်း မြန်မြန် လေး အလုပ် လုပ် ရအောင် ။ ကျွန်တော်တို့ အလုပ် က မြန်လေ အန္တရာယ် ကင်း လေ ကိုး ဗျ ”

သောင်းရွှေ ခဏမျှ စဉ်းစား နေ မိသည် ။ နောက်တော့ ယတိပြတ် ဆုံးဖြတ် လိုက်သည် ။

“ လဲမယ်ဗျာ .... ”

“ ကဲ ... လဲရင်လည်း ရော့ .. နှစ်သောင်း ရေပြီး ယူနော် ၊ ကဲ ... ခင်ဗျား ငွေ တစ်သောင်း ပေး ၊ ရေရအောင် ”

နှစ်သောင်း မှာ ရာတန် နှစ်အုပ် သာ ရှိသည်မို့ ခဏလေး ပြီးသွားသည် ၊ သူတို့ က လည်း သူတို့ ငွေ ကို ရေ၍ သိမ်းဆည်း ပြီးပြီ ။

“ ကျွန်တော် ငါးရာ ထပ် လဲဦးမယ် ”

သောင်းရွှေ က သူ စရိတ် အဖြစ် အပို ယူလာသော ငါးရာ ပါ လဲရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည် ။

“ လဲလေ ... ကဲ ... ရော့ တစ်ထောင် ”

ထို သူ က ရာတန် ဆယ်ရွက် ရေတွက်၍ ပေး လိုက်သည် ။ သောင်းရွှေ က လည်း ငါးရာ ပြန် ပေး လိုက်သည် ။ ဒီနောက်တွင် တော့ ကိစ္စ အားလုံး ပြီးစီး သွားပြီ ။

“ ကဲဗျာ.. လမ်းခွဲကြရအောင် ၊ တစ်နေ့တော့ ပြန် ဆုံသေးတာပေါ့ ၊ ကဲ.. မောင်မျိုး သွားမယ် ဟေ့ ”

ထို သူ နှစ်ယောက် အနက်မှ တစ်ယောက် က သူ နှင့် မျိုးဝင်းအောင် ကို နှုတ်ဆက် လိုက်၏ ။

“ အေးကွာ .. သွားကြတော့ ၊ ငါ တော့ ဧည့်သည် ကို လိုက် ပို့လိုက်ဦးမယ် ”

ထို တည်းခိုခန်း ထဲ မှ ထွက် လာပြီး မျိုးဝင်းအောင် နှင့် သောင်းရွှေ တို့ လမ်းမ ပေါ် ရောက်ချိန် မှာတော့ ည ရှစ်နာရီ ခန့် ရှိတော့မည် ။

“ ကဲ .. လာ .. ကိုသောင်းရွှေ ၊ ဒီဘက် လမ်း က သွားရအောင် ၊ လမ်းမကြီး က သွားရတာ အန္တရာယ် မကင်းဘူးဗျ ၊ ဖြတ်လမ်းတွေ က သွား ရမယ် ၊ ကဲ ... လာ ခင်ဗျားအိတ် ကျွန်တော့် ပေး ထား ”

မျိုးဝင်းအောင် ၏ စကား ဆိုလျှင် သောင်းရွေ လက်ခံခဲ့မြဲ ဖြစ်သော်လည်း ဒီ တစ်ကြိမ်တော့ လက်တွန့် သွား မိသည် ။

“ ဪ ... ကိုသောင်းရွှေ ၊ ခင်ဗျား က လည်း ကျွန်တော့် ကို တောင် မယုံတော့ ဘူးလား ။ ကျွန်တော် ထွက် မပြေးပါဘူးဗျာ ၊ ကျွန်တော် ယူထားတော့ မပြောကောင်း မဆိုကောင်း တစ်ခုခု ဖြစ်ရင်တောင် ကျွန်တော့် လက် ထဲ မှာ ဆိုတော့ ကျွန်တော် အဆင် ပြေအောင် လုပ်နိုင်တယ် ၊ ခင်ဗျား လက်ထဲ မှာ ဆို ကျွန်တော် ကယ်နိုင်မှာ မဟုတ်ဘူး ”

အိတ် ထဲ တွင် ကား သူ ရွာ မှ လာစဉ် က ယူလာသော သူ့ အဝတ်အစား များ ရှိသည် ။ သူတို့ တည်းခိုခန်း သို့ ပြန်ဦးမည် ဖြစ်သော်လည်း ငွေများ ကို ဝှက် ယူနိုင်ရန် အတွက် မျိုးဝင်းအောင် ၏ အကြံ ပေးချက် အရ သူ့ အဝတ်အစား များ ကို ယူလာခဲ့ခြင်း ဖြစ်သည် ။ ထို့ကြောင့် အဝတ်အစားများ အောက် တွင် ကား မျိုးဝင်းအောင် ၏ ညွှန်ကြားချက် အတိုင်း ထည့်သို လာသော ငွေ နှစ်သောင်း ကျော် ။ သောင်းရွှေ သည် မပေးချင် ပေးချင် ဖြင့် အိတ် ကို မျိုးဝင်းအောင် သို့ ပေး လိုက်ရ၏ ။

“ ကဲ .. လာ ကိုသောင်းရွှေ ခပ်သုတ်သုတ် သွားရအောင် ၊ ဘာမှ မပူပါနဲ့ ၊ ဒီ ရပ်ကွက်တွေ က ကျွန်တော် ပိုင် ပါတယ် ။ ကျွန်တော့် ကို လည်း ယုံပါဗျာ ၊ ခင်ဗျား ကို ကျွန်တော် ပစ်ပြီး ငွေတွေ နဲ့ ထွက် မပြေးပါဘူး ”

သို့သော် သူတို့ တစ်တွေ ခြေလှမ်းပေါင်း နှစ်ဆယ် မှ မပြည့်မီ ...

“ ဟေ့ ... ။ ရပ်စမ်း ”

လက်နှိပ်ဓာတ်မီးရောင် နှင့် အတူ ကြား လိုက်ရသော အသံ ကြောင့် သောင်းရွှေ တစ်ကိုယ်လုံး တုန်တက် သွားသည် ။ ယူနီဖောင်းဝတ် တစ်ဦး နှင့် လူ နှစ်ယောက် ။

“ ပေးစမ်း ၊ မင်း တို့ အိတ် .. ”

“ ကျွန်တော်တို့ အရောင်းအဝယ်သမား တွေ ပါ ၊ ရိုးရိုးသားသား ပါ အစ်ကိုကြီး ရာ ၊ အကြံအဖန်သမားတွေ မဟုတ်ပါဘူး ”

တုန်ယင် နေသော မျိုးဝင်းအောင် ၏ အပြော ကို ယူနီဖောင်းဝတ် ပုဂ္ဂိုလ် က ဘာမျှ မတုံ့ပြန် ။ အသာ ထိုင်ချ လိုက်ပြီး မြေကြီး ပေါ် တွင် အိတ် ကို ချ အိတ် ထဲ ကို သာ မွှေနှောက် နေသည် ။ ခဏ အကြာ တွင် ...

“  ဟော ... ”

ငွေ နှစ်သောင်း ကျော် သည် အစည်းလိုက် သူ့ လက် ထဲ တွင် ပါလာ သည် ။ သူ က ငွေစက္ကူများ ကို ဒူး ပေါ် သို့ အသာ တင် လိုက်ပြီး သူ့ အင်္ကျီ အိတ် ထဲ မှ စက္ကူ တစ်ရွက် ကို ဆွဲထုတ်ကာ ဖြန့်လျက် လက်နှိပ်ဓာတ်မီးရောင် ဖြင့် ဖတ် ကာ ငွေစက္ကူထုပ် အပေါ်ဆုံး အရွက် နှင့် အောက်ဆုံး အရွက် နံပါတ်များ ဖြင့် တိုက်ကြည့် နေပြန်သည် ။

“ သတင်း ရထားတဲ့ အတိုင်းပါပဲ ၊ ဒီ နံပါတ်တွေ ပဲ ”

သူ က တစ်ယောက် တည်း စကား ပြောရင်း တစ်ဆက် တည်း ...

“ ကဲ .. မင်းတို့ ဒါ ငွေ အတုတွေ မဟုတ်လား ”

“ ဟာ ... မဟုတ်ပါဘူးဗျာ ”

“ ကဲကွာ.. နောက်မှ ရှင်းပေါ့ ၊ ဒါ ဘယ်သူ့ ငွေတွေလဲ ”

“ ကျွန်တော့် ငွေတွေပါ ဗျာ ”

ဝင် ပြောလိုက်သူ က သောင်းရွှေ မဟုတ် ၊ မျိုးဝင်းအောင် ... ။

“ သူ ကကော ”

“ သူ က ကျွန်တော့် သူငယ်ချင်းပါ ၊ သူ နဲ့ ဘာမှ မဆိုင်ပါဘူး ဗျာ ”

သောင်းရွှေ ကား ဘာ ပြောရမှန်း မသိဘဲ ချွေးတွေ ပြန်နေသည် ။

“ ကဲ.. ဒါဆို မင်း လိုက်ခဲ့ ၊ ကဲ .. ခင်ဗျားတို့ သက်သေ နော် ၊ ကျွန်တော် ငွေစက္ကူ နံပါတ် တွေ မှတ်မယ် ”

ထို ပုဂ္ဂိုလ် က ပင် သူ နှင့် ပါလာသူ နှစ်ယောက် ကို ပြောသည် ။

“ ကျွန်တော် ... ကျွန်တော် .... ကျွန်တော့် အိမ် ကို သူ နဲ့ စကား နည်းနည်း မှာ လိုက်ပါရစေ ဗျာ ”

“ ကဲ .. မှာ .. မှာ ”

မျိုးဝင်းအောင် ၏ ခွင့်တောင်းမှု ကို ယူနီဖောင်း နှင့် လူ က ခွင့်ပြု လိုက် သည် ။ ထို့ကြောင့် ထို သုံးယောက် ငွေစက္ကူနံပါတ်များ မှတ် နေစဉ် တွင် မျိုးဝင်းအောင် က သောင်းရွှေ ၏ နား နား သို့ ကပ်၍ လေသံ ဖြင့် ...

“ ဘာမှ မပူနဲ့ ကိုသောင်းရွှေ ၊ ခင်ဗျား တည်းခိုခန်း က ပြန် စောင့်ပါ ၊ ကျွန်တော် မနက်ဖြန် ပြန်လာခဲ့မယ် ။ ညတွင်းချင်း ပြေလည် သွား မှာပါ ၊ ခင်ဗျား ငွေတွေ ပြန် ရမှာပါ ၊ စိတ်ချ ”

ထို့နောက် မျိုးဝင်းအောင် ကို သူတို့ ခေါ်သွားကြတော့ ရာ သောင်းရွှေ တစ်ယောက် တည်း လမ်းမ ပေါ် တွင် ယောင်လည်လည် ကျန်ရစ်ခဲ့သည် ။ တစ်ကိုယ်လုံး လည်း ချွေးတွေ ပြန်လျက် လူ မှာ အား မရှိသလို နွမ်းခွေ ပျော့ကျ နေသည် ။ ထိုစဉ် မြင်းလှည်း တစ်စီး လာနေသည် ကို တွေ့ သဖြင့် တားပြီး ဈေးချို သို့ ပို့ခိုင်း ရသည် ။ တည်းခိုခန်း ရှိရာ လမ်းနံပါတ် ကို ကောင်းစွာ မမှတ် မိ တော့ ၍ ဈေးချို သို့ ပို့ခိုင်းရခြင်း ဖြစ်သည် ။ ဈေးချို ရောက် လျှင် တော့ တည်းခိုခန်း ကို သွားတတ်မည် ဟု သူ ထင်သည် ။

ကံကောင်းထောက်မ စွာ ပင် ဈေးချို မှ စမ်းတဝါးဝါး လျှောက်လာရင်း ဟိုမေး ဒီမေး ဖြင့် တည်းခိုခန်း သို့ သူ ပြန်ရောက် ခဲ့သည် ။ ထို ည က သောင်းရွှေ လုံးဝ အိပ် မပျော်ချေ ။ အတွေးချာချာ လည်ရင်း နံနက် လေးနာရီ ခန့် မှ အိပ် ပျော် သွားသည် ။ သူ နိုး လာတော့ နံနက် ခုနစ်နာရီ ထိုးပြီ ။ မျိုးဝင်းအောင် များ ရောက်နေမလား ဟု သူ ဧည့်ခန်းဘက် သို့ အပြေးအလွှား ထွက်ခဲ့သည် ။

မျိုးဝင်းအောင် က ဧည့်ခန်း တွင် သူ့ လက်ဆွဲအိတ် နှင့် အတူ သူ့ ကို ပြုံးရွှင်စွာ ကြိုဆို နေသည် ။

“ ဘာလဲ ကိုသောင်းရွှေ ၊ ခင်ဗျား သိပ် စိတ်ပူနေသလား ၊ ခင်ဗျား ငွေ တွေ ပြန်ရမယ်လို့ ကျွန်တော် အာမခံ ထားရက်သားနဲ့ ဗျာ ၊ ရော့ ဒီမှာ ”

ဤသို့ ဆိုလျှင်တော့ မည်မျှ ကောင်းမည်နည်း ၊ ယခု တော့ ဒီလိုမဟုတ် ၊ သူ မျိုးဝင်းအောင် ကို မတွေ့  ၊ သို့သော် ..

“ ဒီမှာ အစ်ကိုကြီး ၊ အစ်ကိုကြီး က အခန်း ( ၇ ) က ဦးသောင်းရွှေ ဆိုတာ ထင်တယ်နော် ”

တည်းခိုခန်း ကောင်တာ မှ လူ က သူ့ ကို မှတ်မိဟန်ဖြင့် မေးလာသည် ၊

“ ဪ ... အစ်ကိုကြီး နိုးရင် ပေးလိုက်ပါ ဆိုပြီး လူ တစ်ယောက် က စာ လာ ပေး ထားလို့ပါ ”

သောင်းရွှေ က ထိတ်လန့်တကြား ဖြင့် ထို သူ့ လက်ထဲ မှ စာ ကို ယူ၍ ဖောက်ဖတ် လိုက်သည် ။ စာ ဖတ်ရင်း သူ့ မျက်လုံးများ ပြာဝေ သွားပြီး ကမ္ဘာ ကြီး ချာချာလည် သွားသည် ဟု ထင် လိုက်ရသည် ။

ကိုသောင်းရွှေ
ကျွန်တော့် ကို အချုပ်ခန်း မှာ လာတွေ့ တဲ့ အစ်ကို ဝမ်းကွဲ တစ်ယောက် နဲ့ ဒီ စာ ကို ပါး လိုက်ပါတယ် ။ ကျွန်တော် တို့ ငွေတု ကိစ္စ ရဲ က သိ သွားပြီ ။ ည က ငွေအတု ရောင်း လိုက်တဲ့ လူ နှစ်ယောက် ကို လည်း ဖမ်းမိ ထားပြီ ။ ခု ခင်ဗျား ကို ရဲ က လိုက်ရှာ နေကြတယ်  ၊ ခင်ဗျား မန္တလေး ကနေ အမြန် ပြေးတော့ ။
          မျိုးဝင်းအောင်

    •••••   •••••   •••••   •••••

“ အဲဒါနဲ့ မီရာ ရထား နဲ့ ပြေး လာရတာ တဲ့ ကိုထွန်းကျော် ရဲ့ ။ စရိတ် လည်း မလောက်ဘော့ အငတ်ငတ် အပြတ်ပြတ်နဲ့ ဒုက္ခ သိပ်ရောက်တာပဲ တဲ့ ”

နှင်းဥ က သူ နုကြည် ဆီ က ကြားလာရသော သောင်းရွှေ ၏ ဇာတ်လမ်း ကို အဆုံးသတ် လိုက်၏ ။

“ ဪ ... သောင်းရွှေ သောင်းရွှေ .. တယ် မိုက်တဲ့ ကောင်ပဲ ခု သူ ရွာ ကို ပြန်ရောက်ပြီလား ”

“ ရွာ ကို တော့ မရောက်သေးဘူး ထင်ပါရဲ့  ။ မိုးတား မှာ လိုလို ပြောတာ ပဲ ။ ဒီလို ဖြစ်တာကို ရှက်လို့ ပြန် မလာတာလား ၊ ဟို လူ က ဖော်လို့ ရဲ က ရွာ ထိ လိုက် ဖမ်းမှာ ကြောက်လို့လား တော့ မသိဘူး ”

“ အမှန်တော့ တကယ် ရှက်ရ ကြောက်ရမှာ က အချောင် ရှာချင်တဲ့ စိတ် မွေး မိတာကို ဆိုတာ သူ စောစောက နားလည်ရင် ဒီလို မဖြစ်ရပါဘူး ဟာ ”

ဘာပဲဖြစ်ဖြစ် သူ့ သူငယ်ချင်း အတွက် တော့ ထွန်းကျော် စိတ် မကောင်း မိချေ ။

“ တောက် ... ။ ခုလည်း ဒီကောင် သက်သက် ခံ လိုက်ရတာပါ ။ သူ့ အကောင် က သူ့ ကို လိမ် သွားတာ ဖြစ်မှာပေါ့ ။ တကယ်တော့ သူ့ ကို ဟိုက ပေး လိုက်တာတွေ ဟာ ငွေ အတုတွေ ဟုတ်မှာ မဟုတ်ဘူး ၊ အစစ်တွေ ပဲ ဖြစ် လိမ့်မယ် ။ လမ်း မှာ တွေ့တဲ့ ရဲ ဆိုတာလည်း သူတို့ လူတွေပဲ ဖြစ်မှာပေါ့ ဟာ ။ အစစ် ကို အတုလို့ ပြောပြီး ပေးထားတော့ ဒီ ကောင် က လိပ်ပြာ မလုံ ဖြစ်နေတုန်း အတု မို့ ရဲ က ဖမ်းတယ် ဆိုပြီး သူ တို့ ငွေကို သူတို့ ပြန် ယူ သွားတာပေါ့ ။ သူတို့ လူ မျိုးဝင်းအောင် ကို လည်း တစ်ခါတည်း ခေါ်သွား လိုက်တာပေါ့ ။ ပြီးတော့ နောက် တစ်ရက် မှ “ ခင်ဗျား ကို ရဲ က ရှာနေပြီ ၊ ပြေးတော့ ” ဆိုပြီး ဒီကောင့် ကို မန္တလေး က မောင်းထုတ် လိုက်တာ ဖြစ်မှာ လေ ၊ နင် စဉ်းစားကြည့် ပါလား နှင်းဥ ရဲ့ ။ တကယ့် ရဲ က ဖမ်းတာ ဆို ဟို ကောင် တစ်ယောက်တည်း ဘယ် ကွက် ဖမ်း မှာလဲ ။ သူ့ ကိုပါ ဖမ်း မှာပေါ့ ။ အတူတူ တွေ့ တဲ့ ဟာ သူ့ကို ချန်ထားခဲ့ မှာတဲ့ လား ။ နောက်မှ သာ မဆိုင်ဘူး ဆိုပြီး ပြန် လွှတ်ချင် လွှတ်မယ် ၊ ပထမ တော့ ခေါ်သွားဦး မှာပဲ ။ ဟာ ဒီကောင် သက်သက် အလိမ်ခံ လိုက်ရတာ သိလား ”

“ အဲဒါ ဆိုရင် ရဲ ကို တိုင်လို့ မရဘူးလား မသိဘူးနော် ကိုထွန်းကျော် ”

“ ရတာပေါ့ဟာ ၊ ဒါပေမဲ့ သူ့ မျိုးဝင်းအောင် ဆိုတဲ့ ကောင် ကလည်း သူ့ ကို လိပ်စာမှန် ပေးမှာ မဟုတ်ဘူး ။ တည်းခိုခန်းတွေ မှာ လည်း ဒီကောင် တွေ က လိပ်စာမှန် ပေးမှာ မဟုတ်ဘူး ။ ပြီးတော့ သောင်းရွှေ အနေနဲ့ ကလည်း သူ ကိုယ်တိုင် ဥပဒေ မကင်းတာ လုပ်မိထားတာ ဆိုတော့ ဘယ် တိုင်ရဲမှာလဲ ဟာ ”

“ ခုလိုဆိုတော့ လည်း ကိုသောင်းရွှေ ကို သနားပါတယ် ။ သူ့ ခမျာ အဝတ်အစားတွေ နဲ့ ငွေတွေ လည်း ဆုံး ၊ လူ လည်း အရှက် ရ နဲ့ ရဲ က လိုက် မဖမ်းဘူးလို့ စိတ်ချရတောင် ရွာ ကို တော့ ဘယ် ပြန်လာရဲရှာမှာ လဲ ”

“ အေးပါ နှင်းဥ ရယ် ၊ ငါ လည်း စိတ် မကောင်းပါဘူး ။ ဒါပေမဲ့ ဖြတ် လမ်း ကနေ အချောင် ရှာ ထားရင် ဒီလို ဖြစ်တတ်တယ် ၊ ဒုက္ခ ရောက်တတ်တယ် ဆိုတာ သင်ခန်းစာပေါ့ ဟာ ”

“ ဟုတ်တယ်နော် ၊ အမှန်တော့ သူ့ စိတ် နဲ့ သူ့ အကျိုးပေး ဖြစ်တဲ့ သဘော ပါပဲ လေ ။ ဒီ အတွက် နှင်းဥ တွေး မိထားတာ တစ်ခု ရှိသေးတယ် ”

“ ဘာလဲ နှင်းဥ ရဲ့ ”

“ ဟိုမှာ ချောင်းရေတွေ တဝုန်းဝုန်း စီးတယ် မဟုတ်လား ၊ ရေ သွား ခပ်မယ် ဆို ချက်ချင်း ရမှာပဲ လေ ။ ဒါပေမဲ့ နွံ တွေ ပေါတဲ့ ချောင်းရေ နောက် ကို မလိုချင်ဘဲ ရေကြည် ရချင်တာ မို့ အပင်ပန်း ခံပြီး ဒီ တွင်းလေး မှာ စောင့်ခပ် နေရတာ မဟုတ်လား ”

“ အေးလေ ... အဲဒါ ဘာဖြစ်လဲ ”

“ ဪ .... ကိုထွန်းကျော် နဲ့ ကိုသောင်းရွှေ ကွာ တာ ကို တွေးမိလို့ ပါ ”

“ ဘယ်လို .. ဘယ်လို.. နှင်းဥ ရဲ့ ”

“ ဪ .... ကိုသောင်းရွှေ က အလွယ်လမ်း လိုက် ဆိုတော့ ချောင်းရေ ကို ပုံး လိုက် သွား ခပ်မိတဲ့ လူ လို ရွှံ့ရေ နောက်နောက် ပဲ ရ သွားတာလေ ”

“ ဪ ... နင် ပြောတာ ငါ သိပြီ နှင်းဥ ရဲ့  ။ ဒါဆို လက်ယက်တွင်းလေး မှာ အပင်ပန်း ခံပြီး စိတ်ရှည်ရှည် ဇွဲ နဲ့ ခပ်တဲ့ ထွန်းကျော် လို လူမျိုး မှ ရေကြည်လေး ကို ရမှာပေါ့ နော် ”

နှင်းဥ က ပြုံး၍ ခေါင်းညိတ် လိုက်သည် ။

“ ကဲ ... ဒါဆို ရေကြည်လေး က ခပ်မယ့် သူ နား ကို တိုးလေ ”

“ အို .. ကိုထွန်းကျော် က လည်း ”

ထွန်းကျော် က ပြောပြောဆိုဆို ဖြင့် နှင်းဥ ၏ လက်ကလေး ကို လက်ကောက်ဝတ် မှ ဖမ်း ကိုင်ရင်း သူ့ ဘက် သို့ ဆွဲယူ လိုက်ရာ နှင်းဥ က ဆတ်ခနဲ ပြန် ရုန်းရင်း ချစ် မျက်စောင်းလေး ထိုး လိုက်သည် ။ ဒါကိုပင် ထွန်းကျော် က သဘောတကျ ရယ်မော နေပြန်သည် ။

လက်ယက်တွင်းကလေး ကား စိတ်ရှည်ရှည် အပင်ပန်းခံ ခပ်ယူမည့် သူ အတွက် ရေကြည်လေးများ ဖြင့် အဆင်သင့် ပြည့် နေပြန်လေပြီ ။

◾မောင်လွင်မွန် ( ကသာ )

📖 ငွေတာရီမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၁၉၈၁ ခု
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment