Monday, February 27, 2023

ရွှေရင်နုနယ် ကြွေလုငယ်


 

❝ ရွှေရင်နုနယ် ကြွေလုငယ် ❞

“ အနုပညာ ဆိုတာ လူ့ စိတ် ကို ဖမ်းစားနိုင်တဲ့ အစွမ်း ရှိရမယ် ရုပ်ရှင် မှာ ဒီ ခွန်အား ဟာ အရေးအကြီးဆုံး ပဲ ။ မင်းသား ဆိုရင် မိန်းမတွေ စွဲမက်ဖို့ အဓိက အရေးကြီးတယ် ။ မင်းသမီး ဆိုရင် ယောက်ျားတွေ ရဲ့ စိတ် ကို ဆွဲဆောင် နိုင် ရမယ် ၊ ဗမာကား တွေ မှာ ဒီလို ဆက်ဇီးလ် ဖြစ် အောင် ရိုက် နိုင်ကာ နည်း သေးတယ် ။ ကနေ့ ရိုက် မယ့် အခန်း ဒီ သဘော ကို မိအောင် ရိုက်မှာပဲ ”

ဒါရိုက်တာလေး ကိုသော်က သည် သူ ရိုက်မည့် အခန်း အတွက် အသေးစိတ် ရှင်းပြ နေရင်း မင်းသား ၊ မင်းသမီး များ ၏ အကဲ ကို ခတ်လိုက် ပြန်သည် ။

မင်းသား ကိုမြမောင် သည် ကိုသော်က ၏ စကားများ ကို စိတ်ဝင်စား ပုံ မရပေ ။ “ ဒါတွေ က ဖြစ်တယ် ၊ သိပ် ပြောစရာ မလိုပါဘူး ” ဆိုသော စိတ်ထားမျိုး က သူ့ မျက်နှာ တွင် ပေါ်လွင် ၍ နေသည် ။ မင်းသမီး မြမြခင် ကမူ သူ့ အတွက် အကွက် ကောင်း ဖြစ်သည် ဆို၍ စိတ်ဝင် တစား နားထောင် နေရှာသည် ။ ကင်မရာ ဆရာ နှင့် မီးသမားများ က ကိုသော်က ကို အထူးအဆန်း ကြည့် နေကြသည် ။ အသံဖမ်းဆရာ က မူ သရော်ဟန် ဖြင့် ပြုံး ၍ နေသည် ။

ကိုသော်က က မူ ဒါရိုက်တာ ပေါက်စ မျှသာ ဖြစ်၍ နာမည်ကြီး မင်းသား မင်းသမီးများ နှင့် ဆရာ့ ဆရာများ အား နူးညံ့ ပျော့ပျောင်းစွာ ဆက်ဆံ နေရ ရှာသည် ။

“ တပ်မက်တဲ့ စိတ် ၊ ဒါမှမဟုတ် ချစ်ကြိုက်မှု ကို နှိုးဆွ ဖြစ်ပေါ်စေတဲ့ သဘော ဟာ စာပေ ၊ ကဗျာ ၊ အလင်္ကာ တို့ မှာ ရှိတယ် ၊ ဒါကို အနုဘာဝ လို့ လည်း ခေါ်တယ် ၊ သဘော ကတော့ မိန်းမ ယောက်ျား တို့ ရဲ့ ချစ်မှု ကြိုက်မှု လပ် ( ဒ် ) ဆင်း ပေါ့ ဗျာ ၊ စာ သဘော ပြော ရရင်တော့ သိင်္ဂါရ ရသ လို့ ခေါ်ရမှာ ပေါ့ ။ ဒီ ရသဂုဏ် ဟာ စာပေ မှာ သာမက ဇာတ်သဘင် အရာ မှာ တောင် အကျုံး ဝင်တယ် လို့ ရှေးဆရာကြီးများ မိန့်ဆိုခဲ့ ဖူးတယ် ၊ အဲဒီ အနုဘာဝ ကို အသေးစိတ် လိုက် ရင် အမူအရာ နဲ့ ပတ်သက်ပြီး မင်းသမီးတွေ နဲ့ သက်ဆိုင်တာ တွေ ကို တွေ့ရတယ် ၊ အနုဘာဝ လေးဆယ် ဆိုတာ အမူအရာ နဲ့ ပတ်သက်ပြီး ယောက်ျားတွေ ရဲ့ စိတ် ကို နှိုးဆွ ချော့မြူ တဲ့ အမူအရာ ပေါင်း ၄၀ ၊ ဒါ့ကြောင့် သူ့ ကို မာယာ လေးဆယ် လို့ ခေါ်တယ် ”

မြမြခင် သည် စီးကရက် ကို မီးငြှိလု ဆဲဆဲ မှ မီး ကို ငြိမ်း လိုက် ပြီး လျှင် ကိုသော်က ကို သာ ပြူးကြောင်ကြောင် ကြည့်နေ ရှာသည် ။

“ နေပါဦး ဆရာ ၊ ဒါဖြင့် အမူအရာ လုပ်နည်းဟာ ရှေး ကတည်း က ရှိတာပေါ့ ” 

“ အသေးစိတ်တော့ မဟုတ်ဘူးပေါ့ ၊ အခြေခံသဘော က တော့ ရှေးကတည်း ရှိတာ ပေါ့  ။ ဥပမာ အီတလီ မင်းသမီးတွေ နှုတ်ခမ်း ကိုက် တာမျိုး ၊ အမေရိကန် မင်းသမီး တွေ ရင် ဖော် ၊ ပေါင် ဖော် တာမျိုး မာယာ လေးဆယ် ထဲ မှာ ပါတယ် ၊ ဒီ မာယာ လေးဆယ် ထဲ က လေး ငါး ခြောက် မျိုး လောက် ကနေ့ ရိုက်မယ့် အခန်း ထဲ မှာ ထည့်ပြီး သုံး မယ် ။ ဒီနေရာ မှာ ကင်မရာ ဆရာ နဲ့ မြမြခင် တို့ အရေးကြီးတယ် ”

ကင်မရာဆရာ သည် ကိုသော်က အား တစ်ချက် မျှ မျက်မှောင် ကြုတ်၍ ကြည့် လိုက်သည် ။ သူ့ စိတ် ထဲ ၌ မကျေနပ်ဟန် ရှိ သော်လည်း ပြန် ငြင်းရန် အချက် ကို ရှာ၍ မရချေ ။

“ ဒါမျိုး ကျွန်တော်တို့ ရိုက်ဖူးပါတယ် ကိုသော်က ၊ အမြ ကို သာ ရအောင် သင်ပါ ၊ ဟို အရင် တစ်ခါ ပုဇွန်တုပ်ကြီး နဲ့ တုန်း က သိပ် မိတာပဲ ”

မြမြခင် သည် နှုတ်ခမ်း ကို စေ့၍ မဲ့ပြုံးကလေး ပြုံး လိုက်သည် ။ ကိုသော်က သည် ဘေး တွင် ချ ထားသော စာအုပ်ပုံ ထဲ မှ စာအုပ် တစ်အုပ် ကို ဆွဲယူ လိုက်သည် ။

“ ဒီတစ်ခါ ပြ နည်း က ဒီလို မဟုတ်ဘူး ထင်တယ် ၊ ကင်မရာ နဲ့ မီး အရေးကြီးတယ် ၊ ကင်မရာ သဘော ကို ကျွန်တော် သိပ်တော့ နားမလည်ပါဘူး ၊ ဒါပေမဲ့ ခင်ဗျား ကို ကျွန်တော် တစ်ခု မေးမယ် ။ ယောက်ျား တစ်ယောက် ဟာ မိန်းမ တစ်ယောက် ကို ကြည့် ချင် ရင် ဖုံး ထားတဲ့ အရာ နဲ့ ဖော် ထား တဲ့ အရာ ဘယ်ဟာ ကို ပိုပြီး ကြည့်ချင် သလဲ ”

“ ဗျာ ကျုပ် တော့ သတိမထားမိပါဘူး ”

ကင်မရာ ဆရာ သည် မျက်လုံး ကို ပြူး ၍ ကြောင် နေသည် ။ မြမြခင် က မပွင့်တပွင့် ရယ် လိုက်လေသည် ။

“ ဖုံးထားတဲ့ အရာ ကို ကြည့်ချင်မှာပေါ့ ရှင် အို ပဲ သေတော့မယ် ဒါလောက်မှ မသိဘူး ”

“ ဘယ် သိမလဲ ၊ ဒါမျိုးမှ မလိုက်စားဘဲ ”

အားလုံးက ကင်မရာ ဆရာ အဘိုးကြီး ကို ဝိုင်း ကြည့်ပြီး ပြုံး ကြသည် ။ ကိုသော်က ဣန္ဒြေ မပျက် ဆက်၍ ပြောလိုက်သည် ။

“ အရာ တစ်ခု ကို လင်း နေတဲ့ နေရာ မှာ မြင် ရတာနဲ့ မလင်းတလင်း နေရာ မှာ မြင် ရတာ ဘယ်ဟာ က လူ့ စိတ် ကို ပိုပြီး ဝင်စားစေ သလဲ ။ ဥပမာဗျာ နေ့လယ် အချိန် မှာ ယောက်ျား တစ်ယောက် နဲ့ မိန်းမ တစ်ယောက် စကား ပြောနေတာ ကို မြင်ရတာ နဲ့ ည အချိန် မှောင်ရိပ် တစ် နေရာ မှာ ယောက်ျား တစ်ယောက် နဲ့ မိန်းမ တစ်ယောက် စကား ပြောနေ တာ ကို မှုန်ဝါးဝါး မြင် ရတာကို ဘယ်သင်း က ပို ပြီး စိတ်ဝင်စားစေသလဲ ” 

“ ည မြင် ရတာက ပိုပြီး စိတ်ဝင်စားတာပေါ့ ဗျာ ”

“ အမယ် အဘိုးကြီး က ဒါ ကျတော့ မြန် လိုက်တာ ၊ ချောင်းကြည့်နေကျ ထင်တယ် ”

အသံဖမ်းဆရာ သည် နေရာမှ ထ လိုက်လေသည် ။ ကိုသော်က က အသံဖမ်းဆရာ ကို ကြည့်လိုက်ရင်း -

“ မစ္စတာ စမစ် ခဏ နေပါဦး ၊ အသံ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်း ဆွေးနွေး ပါရစေ ၊ ခါတိုင်း မစ္စတာစမစ် ဖမ်းတာ ဟာ ဂီလသာနိုမီတာ ဘယ်လောက် နဲ့ ဖမ်းလဲ ” 

မစ္စတာ စမစ် သည် ကိုသော်က အား မကြည့်ဘဲ တစ်ချက် စဉ်းစားဟန် ပြုလိုက် သည် ။ ပြီးမှ မဖြေချင့် ဖြေချင့် ပြန်၍ ဖြေလိုက်သည် ။

“ ဒါဟာ ဘယ်အမှန် ရှိမလဲ ၊ များသော အားဖြင့် ၅၀ - ၇၀ ကြားလောက် ဟာ ကောင်းတာပဲ  ”

ကိုသော်က သည် တစ်ရက်မျှ ပြုံး လိုက်သည် ။ ပြီးမှ စာအုပ် တစ်အုပ် ကို ဆွဲ၍ လိုသော စာမျက်နှာ ကို ဖွင့်လိုက်သည် ။

“ ကနေ့ ရိုက်မယ့် အခန်း အတွက် ကျွန်တော် လိုချင်တာ က တော့ ၂၅ ထက် မကျော်ချင်ဘူး ”

“ ဟာ ဘယ်ဖြစ်မလဲ ၊ ၂၅ အောက် ဆိုရင် အသံ ဘယ် ကောင်းမလဲ ၊ ညီလည်း မညီတော့ဘူး ”

မစ္စတာ စမစ် သည် ကိုသော်က အား မကျေမနပ် ဖြင့် ပြောလိုက်သည် ။ ကိုသော်က သည် အေးဆေးစွာ ပြုံး လိုက်သည် ။

“ ကျွန်တော်တို့ စကား ပြော တဲ့ အသံ ဟာ တစ်ညီ တည်း ခင်ဗျား ကြားနေရ သလား ၊ ပြောတဲ့ စကားတိုင်း ကျယ်ကျယ်ကြီး ပြော သလား ၊ အနိမ့် အမြင့် မရှိဘူးလား ၊ အတိုး အကျယ် မရှိဘူးလား ”

“ ဟာ ဘာဆိုင်လဲ ၊ ဒါက ရုပ်ရှင်ပဲ ၊ အပြင် မှာ ပြော သလို ဘယ် ရမလဲ ၊ ရလည်း ပရိသတ် က အသံ မညီဘူး ၊ ညံ့တယ် လို့ ပြောမှာပဲ ၊ ပြီးတော့လည်း ၂၅ အောက် ဖမ်းဖို့ ဆိုတာ ကျုပ် တာဝန် မယူဘူး ”

ခု တစ်ကြိမ် တွင် ကိုသော်က သည် သူ့ စိတ် ကို သူ အတော်ပင် ချုပ်တည်း ထားရဟန် ရှိလေသည် ။ လက် ထဲ မှ စာအုပ် ကို လှန် ၍ ဇယားကွက် တစ်ခု ကို မစ္စတာ စမတ် အား ပြ လိုက်သည် ။

“ ဒီမှာ ကြည့်လေ ၊ အသံထွက် ရုပ်ရှင် အသံ ဖမ်းယူတာ နဲ့ ပတ်သက်ပြီး ဖရီကွန့်စီ အနိမ့်ဆုံး အမြင့်ဆုံး ဇယား နဲ့ တွက်ပြ ထားတယ် ။ ဒါဟာ ကမ္ဘာ့ အသံဖမ်း ပါရဂူတွေ ဟာ ပြဋ္ဌာန်း ထားတဲ့ အတိုင်း ပြရတာပဲ ”

“ ဒီမှာ အိုင်ဆေး စာအုပ်ကြီးတွေ အတိုင်း ပြောလို့ တော့ မဖြစ်ဘူး ၊ ခင်ဗျား ဖမ်း နိုင်ရင် ဝင် ဖမ်း ၊ ဒါပဲ ရှိတယ် ”

“ ကျွန်တော် ဖမ်း နိုင်တယ်လို့ မပြောပါဘူး ၊ ဒါပေမဲ့ ကျွန်တော် လိုချင်တာတော့ ပြော ရမယ် ၊ ဒါကိုတော့ တတ်နိုင် သမျှ ရအောင် လုပ်စေချင်တယ် ။ ဥပမာ မင်းသား က “ ငါ နင့် ကို ချစ်တယ် ဟာ ” လို့ တအား ဖက်ပြီး ကြိတ်မနိုင် ခဲမရတဲ့ အသံမျိုး နဲ့ ပြောမယ် ၊ မင်းသမီး ရဲ့ “ အဟင့် ”  လို တစ်ချက် တွန့် လိုက်တဲ့ အသံ ကို လိုချင်တယ် ။ ဒါကို ၆၀ - ၇၀ နဲ့ ဖမ်း ရင် “ ငါ နင့် ကို ချစ်တယ်ဟာ ” ဆိုတဲ့ လူပြက်တွေ အော် သလို ဖြစ်နေ မှာ ပေါ့ ။ ကနေ့ ကျွန်တော် လိုချင်တဲ့ အသံ က ရှိုက်သံ ၊ ညည်းသံ ၊ ကလိသံ ၊ တွန့်သံ မျိုး ကလေး တွေ ခပ်တိုးတိုး လိုချင်တာပဲ ၊ ဒါကို မရရင် နောက်မှ အသံ သွင်း ယူမယ် ၊ ကဲ မိတ်ကပ် လုပ်ကြ ”

အသံဖမ်းဆရာ သည် အသင့် ဖွင့်ထားသော သူ့ အသံဖမ်းစက်များ ကို ပိတ် လိုက် သည် ။ ကြိုးများ ကို အလုပ်သမားများ အား အခွေ ခိုင်းလိုက်သည် ။ အားလုံးက ကိုသော်က အား ရှိန်းသွားပုံ ရလေသည် ။

ကိုမြမောင် သည် သူ လုပ်ရမည့် မိတ်ကပ် နှင့် အဝတ်အစားများ ကို ကိုသော်က အား မေးမြန်း၍ အသင့် လုပ် နေတော့သည် ၊

မြမြခင် က လိမ်းဆေးဘူး တစ်ဘူး ကို ကိုသော်က အား ပြရင်း ခပ်ပြုံးပြုံး မေး လိုက်သည် ။

“ ဆရာ ဒါ လိမ်းရဦးမလား ”

ကိုသော်က သည် မြမြခင် ၏ အမေး ကို ရုတ်တရက် မဖြေသေးဘဲ အနီး မှ ပူစည်ပေါင်း တစ်ခု ကို လေ အနည်းငယ် လျှော့ လိုက်ပြီး လျှင် တစ်ပိုင်း ကို နှိပ်ပြ လိုက်ရာ ကျန် တစ်ပိုင်း က ဖောင်း လာသည် ။

“ ဒါ မလိုပါဘူး ၊ အတွင်း က တစ်ခုခု ခံပြီး ရင် ကို ခပ်တင်းတင်း ရှား ထားလိုက် ပေါ့  ၊ လုံချည် က ဒီ လုံချည် မဟုတ်ဘူးလေ ၊ ဟို ပိုးလုံချည် အပါးလေး ဝတ် ရမယ် ၊ ဒါမှ ရေ စို တော့ ကိုယ်လုံး ပိုလှမယ် ”

မိတ်ကပ် ကိစ္စများ ကို ပြောပြီးသော အခါ မီးသမားများ နှင့် ပြောရ ပြန်သည် ၊ လိုချင်သော မီး ကို ကင်မရာဆရာ နှင့် တိုင်ပင်ပြီး ပြင်ဆင် ရ ပြန်သည် ။ အားလုံး ပြီးသောခါ အစမ်း လုပ်ကြ ရ ပြန်သည် ။

မြမြခင် သည် ကိုသော်က လိုချင်သလို ကြိုးစား၍ လုပ်လေသည် ။ တစ်ခါတစ်ရံ ဘာမဟုတ် သော အကွက်ကလေး တစ်ကွက် နှင့် ပင် အခက် တွေ့ နေလျှင် ကိုသော်က က စိတ်ရှည် လက်ရှည် သင်ပေး လေသည် ။

ရေကန် မှ တတ်သော အကွက် တစ်ခု ကို ပင် အကြိမ်ကြိမ် လေ့ကျင့် ယူ ရသည် ။ မြမြခင် ရေကန် မှ လေးဖက် ထောက် တက်သည့် အခန်းတွင် ခါး ကို ကော့ ရမည် ။ ပခုံး ကို ဖွင့် ရမည်  ၊ ပြီးမှ ရင်းကလေး ကို ကြော့ နေအောင် ခေါင်း နှင့် အတူ မော့ ပေးရမည် ။ ၎င်းကို ကင်မရာ က မင်းသား ကိုမြမောင် အမြင် ဖြင့် အပေါ်စီး မှ ရိုက်ရမည် ။ ၎င်း တစ်ကွက် ကို ပင် အကြိမ်ကြိမ် ပြန် ရိုက်ပြီးမှ စိတ်ကြိုက် ကို ရ လေသည် ။

ထိုအခါတွင် အားလုံး က ကိုမြမောင် ၏ ရိုက်ကွက် စေ့စပ်ပုံ ၊ စိတ်ရှည်ပုံ ကို သိမြင် လာကြသည် ။

နောက်ဆုံး အကွက် တွင် မင်းသား ကိုမြမောင် သည် လက်လျှော့ ပေးရမလို ဖြစ် နေသည် ။ ရိုက်ရမည့် ဇာတ်လမ်း မှာ ကိုမြမောင် က မြမြခင် ၏ ပခုံး ၂ ခု ကို ဆုပ်ကိုင် ရမည် ။ သို့ ဆုပ်ကိုင် ရာ တွင် လည်း ရိုးရိုး မဟုတ် ပခုံးစွန်း ၂ ခု ကို နီးကပ် သွားအောင် ဆွဲ၍ ကိုင် ရမည် ။ ဤအခန်း တွင် ကိုမြမောင် သည် အားနာ သလို ရှက် သလို ဖြစ် နေ၏ ။

“ မြမောင် ဒီနေ့ ဘာဖြစ်နေလဲ ”  ဟု အားလုံးကပင် ညည်းယူ ရသည် အထိ ဖြစ်လေသည် ။

နောက်ဆုံးတွင် မူ ကိုသော်က ပင် ကိုယ်တိုင် လုပ်ပြ မှ လိုချင်သလို ရ လေသည် ။ ထို တစ်ကွက် ရပြန်တော့လည်း နောက် တစ်ကွက် မှာ တော်တော် နှင့် မရပြန်ချေ ။

ကိုမြမောင် သည် မြမြခင် ကို ငြိမ်၍ အတန်ကြာအောင် စိုက်ကြည့် နေပြီးမှ တအား ဆွဲ၍ နမ်းသော အကွက် ဖြစ်သည် ။ သို့ နမ်းပြီး မှ ကိုမြမောင် က တုန်ယင်သော အသံကြီး ဖြင့် မြမြခင် အား “ နင့် ကို ငါ ချစ်တယ်ဟာ ”  ဟု ပြောရမည် ၊ နောက် မြမြခင် က တွေ့လျှင် ခပ်ကြောင်ကြောင် စိုက်ကြည့် နေရာ မှ ပြုံး လာ ပြီးလျှင် မျက်ရည်များ တစ် ပေါက်ချင်း ကျလာရမည် ဖြစ်ရာ ကိုမြမောင် သည် မလုပ်ရဲ မကိုင်ရဲ ဖြစ် နေသည် ။

ကိုမြမောင် သည် မြမြခင် ၏ မျက်လုံး ကို ပင် စိုက်၍ မကြည့်ရဲချေ ။ တစ်ခါတစ်ရံ အရဲ စွန့်၍ ကြည့် လိုက် သော်လည်း မြမြခင် အကြည့် နှင့် တည့်တည့်မတ်မတ်ကြီး ဆိုင် သွားသော အခါတွင် ကိုမြမောင် ၏ မျက်လုံးများ က လွှဲရှောင်၍ သွားသည် ။ ပြီးမှ ဝတ္တရား ကျေ ဆွဲဖက် ပုံ မှာ လည်း ဟန် မပါလှချေ ။ နမ်း ပုံ မှာ လည်း ဟန်ဆောင် နမ်းပုံမှန်း ထင်ရှား လှပေသည် ။

ကိုသော်က သည် ၄ - ၅ ကြိမ် စမ်းပြီးသော အခါ ခဏ အာရုံ ပြောင်း သွားရန် နား လိုက်ပြီး လျှင် ကိုမြမောင် အား အေးဆေးစွာ သဘော ကို ရှင်းပြရလေသည် ။

“ ကိုမြမောင် ဒီဟာ ဘာမှ မခက်ဘူး ခင်ဗျာ ၊ ပထမဆုံး ငါ ငြိမ်နေရမယ် ဆိုတာ တစ်ထစ်ချ တွက်ဗျ ၊ ငြိမ်ပြီး မြမြခင် မျက်လုံး ကို ကြည့်  ခင်ဗျာ ။ ဖောက်ပြား တဲ့ စိတ် ကို ပြ မှာပဲ ၊ ပြီး မှ အမြန်ဆုံးနည်း နဲ့ ဆတ်ခနဲ ဆွဲ ဖက်လိုက်ပြီး နမ်းဗျာ ”

ကိုမြမောင် သည် ပင်ပန်းသော အလုပ် တစ်ခု ကို လုပ်နေရသူ ကဲ့သို့ ချွေးပြန် နေသည် ။

“ ဟုတ်တယ် ဆရာ ၊ ဒီ အခန်း က မမိရင် မြခင် နောက် ပြုံးပြီး ငို ရတာ အသား မပါလှဘူး ၊ မြခင် ကို မညှာပါ နဲ့ ကိုမြမောင် ရယ် ၊ ထိ ချင် ထိ သွားပါစေ  ၊ ကဲ လာ နား မနေနဲ့ သွေးပူတုန်း လုပ်ရအောင် ”

“ နေဦးလေ ကိုမြမောင် ၊ ခင်ဗျား စိတ် အိုက် နေသလား ၊ စိတ် အိုက်ရင် ခဏ နားဦး ”

“ ရပါတယ် ဆရာ ”

မြမြခင် သည် ကိုမြမောင် ၏ လက် ကို ဆွဲ၍ အတင်း ဆွဲခေါ် ၍ သွားလေသည် ။ ရိုက်ကွင်း ပေါ်သို့ ရောက်သော အခါ မြမြခင် က ပင် ကိုမြမောင် အား တအား ဖက် လိုက်ပြီးလျှင် ဟန်ပါပါ လုပ်ပြ လိုက် သေးသည် ။

“ ကဲ ဒီလို ဖက်ပြီးတော့ရော ဘာဖြစ်သေးလဲ ၊ မြခင် ကို ရှင် အလွန် ကြိုက်တဲ့ မိန်းကလေး တစ်ယောက် လို သဘောထား လိုက်စမ်း ၊ ရှင့် စိတ် ထဲ က တကယ် ပစ်ပြီးသာ လုပ်ပေတော့ ၊ ကဲ ဆရာ စမ်းရမလား ”

“ ဟုတ်ပြီ ၊ ရီဟာဇယ် ၊ ရယ်ဒီ ဂိုး ”

ခု တစ်ကြိမ် တွင် မြမြခင် ၏ အကြည့် သည် အသက် ပါ လှပေသည် ။ ယောက်ျား တစ်ယောက် အား မြှူဆွယ် သော အကြည့်မျိုး ဖြစ် လေသည် ။ ကိုမြမောင် သည် မြမြခင် ၏ အကြည့် အောက် တွင် မလှုပ်မယှက် ခံနေ ရ လေသည် ။ သူ့ မျက်လုံးများ သည် မြမြခင် ၏ မျက်လုံးများ မှ လွှဲဖယ်နိုင်စွမ်း မရှိတော့ချေ ။

ထိုအချိန်တွင် ကိုသော်က ၏ ပြင်းထန်သော အမိန့် ကို ကြားလိုက်ရသည် ။

“ ဖက် ဖက် ၊ တအား ခပ်ကြမ်းကြမ်း ဖက်လိုက် ”

ကိုမြမောင် သည် မြမြခင် ၏ ကိုယ်လုံးကလေး ကို အကြမ်းပတမ်း ဖက် လိုက်ပြီး လျှင် မာန်ပါပါ နမ်း လိုက်သည် ။

ကိုမြမောင် ၏ ဖက်ပုံ နမ်းပုံ က ဟန်ပါလှ သလို မြမြခင် ၏ အမူအရာ က လည်း အသက် ပါ လှသည် ။ ကိုမြမောင် ဖက်ထားရာ မှ လွှတ် လိုက်သော အခါ မြမြခင် မှာ ပျော့ခွေ၍ သွားမတတ်ပင် ရှိတော့သည် ။

“  အမယ်လေး ဆရာ ၊ လူ ကို အသက်တောင် မရှုနိုင်တော့ဘူး ၊ ကဲ ရိုက် ပါတော့ ဆရာ ၊ ဒါမှ မကြိုက်ရင် လည်း မြခင် သေလိမ့်မယ် ”

“ ပြီးပြီလေ တစ်ခါတည်း ရိုက် လိုက်တယ် ”

“ ဟင် ဟုတ်လား အမယ်လေး ၀မ်းသာလိုက်တာ ”

မြမြခင် သည် ကိုမြမောင် ကို မျက်စောင်းကလေး ချိတ် ၍ မထေ့တထေ့ ပြုံးလိုက် သည် ။ ကိုမြမောင် သည် ကား ရိုက်ပြီးသည့် တိုင်အောင် မလှုပ်မယှက် ရှိတော့သည် ။ မြမြခင် ကိုပင် စိုက်၍ ကြည့် နေတော့ သည် ။

“ ကိုယ် တို့ မင်းသား က ဒီတစ်ခါ တယ်ပြီး အသက် ပါတယ် ရှင် ၊ သူ့ ရည်းစားလို တကယ် သဘော ထားပြီး ပြစ်မှား လိုက်သလား မသိဘူး ၊ တကတဲ ဖက်လိုက် အသက် တောင် မရှူနိုင်တော့ဘူး ”

မြမြခင် က နောက်လိုက် မှ ပင် ကိုမြမောင် သည် နေရာမှ ရှက်ကိုးရှက်ကန်း ထွက် သွားလေသည် ။

ကိုသော်က က မူ ထို အဖြစ်ကို မသိချင်ဟန် ဆောင်၍ နောက်ဆုံး ရိုက်ကွက် ကို စိတ်ကြိုက် ရအောင် ရိုက်ယူ လိုက်လေသည် ။

ကားရိုက် ပြီးသောအခါ အားလုံးပင် ပြန်ရန် ပြင်ကြ လေသည် ။ ကိုသော်က က သူ့ ကား ပေါ် တွင် ထိုင်၍ ဆေးတံ ကို အေးဆေးစွာ သောက်နေ လေသည် ။ မြမြခင် က မူ မိတ်ကပ် လိမ်းသော အခန်း ထဲ တွင် အဝတ်အစားများ လဲ၍ ပြန်ရန် ဟန်ပြင် လိုက်သည် ။

ထို အချိန် တွင် ကိုမြမောင် သည် မြမြခင် ရှိရာသို့ ရောက်လာ လေသည် ။ သူ သည် မြမြခင် နှင့် ကပ်၍ မျက်နှာချင်း ဆိုင် ရပ် လိုက်လေသည် ။ မြမြခင် က ကိုမြမောင် ၏ အရိပ်အကဲ ကို ကြည့်၍ နား မလည် သလို ကြောင် နေမိသည် ။ ထိုအတွင်း ၌ ပင် ကိုမြမောင် သည် မြမြခင် အား ရုတ်တရက် တအား ပွေ့ဖက် လိုက်သည် ။ ပြီးတော့ လည်း အကြိမ်ကြိမ် ဖက် ၍ နမ်း လိုက်သည် ။

မြမြခင် မှာ ရုတ်တရက် ခံ လိုက်ရ သော်လည်း အား ရှိသမျှ ရုန်း၍ ကိုမြမောင် လက် မှ ထွက် လိုက်သည် ။

“ ငါ နင့် ကို တကယ် ချစ်တယ် မြခင် ခုန အခန်း ရိုက်တုန်းမှာ ကို ငါ့ စိတ်တွေ ဖောက်ပြား လာတယ် ၊ နင် လည်း ငါ့ လို ပဲ မဟုတ်လား ဟင် ”

မြမြခင် သည် ကိုမြမောင် အမေး ကို မဖြေ ဘဲ ကိုမြမောင် ၏ ပါးကို သူ့ လက် ဖြင့် တအား လွှဲ၍ ရိုက် လိုက်သည် ။

“ ကား ရိုက် တုန်း မှာ ကျွန်မ ရှင့် ကို ဖောက်ပြားတယ် ဆိုတာ မှန်တယ် ။ အဲဒီတုန်းက မြခင် ဟာ မြခင် မဟုတ်ဘူး ၊ ဇာတ်လမ်း ထဲ က ရှင့် ကို ချစ် နေတဲ့ ကောင်မလေး ၊ ဒါပေမဲ့ အပြင် မှာ လာ စမ်းရင် ဒီလို ခံမယ့် အစား မဟုတ်ဘူး ၊ အလုပ်စိတ် နဲ့ အပြင်စိတ် ကို မခွဲ တတ်တဲ့ ရှင့် လို လူမျိုး ကို စိတ်ကူး တောင် မထည့်ဘူး ”

မြမြခင် သည် ပြောပြောဆိုဆို ပင် အခန်းတွင်း မှ ထွက်သွား လေသည် ။ ကိုမြမောင် သည် ရုတ်တရက် ကြောင် ၍ ရပ်နေရာ မှ အပြင် သို့ ပြေးထွက် လိုက် မိသည် ။

အပြင်တွင် ကိုသော်က ၏ ကား ပေါ် တွင် ကိုသော်က နှင့် အတူ ယှဉ် ၍ ထိုင် လိုက် သော မြမြခင် ကို မြင်ရလေသည် ။ ထိုခဏ ၌ ပင် ကားလေး သည် အရှိန်ပြင်းပြင်း မောင်း ထွက် ၍ သွားလေသည် ။

ကား မထွက်မီ ကိုသော်က ပြော လိုက်သော စကားလေး က မင်းသား ကိုမြမောင် ၏ ရင်ဝ သို့ မြား ခ သလို ရှိလေတော့ သတည်း ။

“ ဒါလောက်တော့ သည်းခံလိုက်ပါ ကွာ ၊ ဒီကား ထွက်ရင် မင်း အကယ်ဒမီ ရမှာ သေချာပါတယ် ” 

◾အောင်လင်း

📖 ဝတ္ထုတိုများပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment