Sunday, February 19, 2023

နှင်းစဲပြီ နွယ်


 ❝ နှင်းစဲပြီ နွယ် ❞


အခန်း - ၁


နံနက်ခင်း နှင်းထု သည် သိပ်သိပ်သည်းသည်း ။ တိုးဝှေ့ တိုက်ခတ် လာသော လေကြောင့် စိမ့်ခနဲ အေး သွား၏ ။ သစ်ရွက်တို့ လေတိုးသံ တဖျပ်ဖျပ် မှ လွဲ၍ ချမ်းစိမ့် တိတ်ဆိတ်နေသည် ။ ဝါကြန့်ကြန့် လမ်းမီးရောင် က နှင်းစက်တွေ ကြား ငိုက်မြည်း လျက် ကွန်ကရစ်လမ်းကျဉ်း ပေါ် ခပ်ဖျော့ဖျော့ ဖြာကျ နေ၏ ။


နွယ် နှင့် တွေ့ခွင့် မရခဲ့သည့် လ များစွာ အတွင်း ဒီ နေရာ အား သူ ခြေဦး ပင် မလှည့်ဖြစ်တော့ ။ ခပ်လှမ်းလှမ်း တွင် Ocean ကုမ္ပဏီလီမိတက် ဟူသော ဆိုင်းဘုတ် အား မြူမှုန် ကြား မှ ဝိုးတဝါး မြင်နေရသည် ။ ထို ကုမ္ပဏီ တွင် နွယ် နှင့် အတူ သူ အလုပ် လုပ်ခဲ့ဘူးသည် ။ နွယ် လျှောက်လာမည့် လမ်း ဖက် သူ ငေးမော ကြည့်နေ မိသည် ။ နွယ် လာမှာပါ ... ။ နွယ် ဒီ လမ်းလေး အတိုင်း သူ ရှိရာကို တရွေ့ ရွေ့ ရောက်လာခဲ့ မှာပါ ။ ဖြစ်ခဲ့သမျှတွေ က အမှန်တွေ မဟုတ်ဘူး ။


သူ မယုံဘူး ။ အရာအားလုံး က သူ့ ကို ပိပိရိရိ လိမ် နေကြတာ ။ ရှုပ်ထွေး နေ သည့် အတွေး အား ခပ်ကြမ်းကြမ်း ခေါင်း ခါ ၍ မောင်းထုတ် ပစ်လိုက်သည် ။ တစ်ချိန် က နွယ် နှင့် အတူ ရှိနေခဲ့ ဖူးသော အုတ်ခုံ ပေါ် ထိုင်လိုက်စဉ် ခိုး ရှိုက် ခဲ့ ဖူးသည့် ကိုယ်သင်း ရနံ့ ခပ်ပါးပါး က နှာသီးဝ တိုးဝင် လာ သလိုလို ။ သူ ကြည်နူးစွာ ပြုံးလိုက် မိသည် လား ၊ ဝမ်းနည်း ဆို့နစ် သွား သည်လား ။ မရေရာ ။ ခံစားမှု ထုံကျင် ကိုက်ခဲနေ၏ ။ အဝေး က နာရီသံချောင်း ခေါက်သံ ငါးချက် ကြားရ၏ ။ နောက် နာရီ အနည်းငယ် အတွင်း နေရောင်ခြည် နှင့်အတူ နွယ် သူ ရှိရာ ကို ရောက်လာခဲ့ မှာပါ ။ လက်ထဲ ကျစ်ကျစ်ပါ အောင် ဆုတ်ကိုင် ထားသည့် စာရွက်ခေါက်လေး အား ဖြန့် ကြည့်ရင်း တွန့်ကြေ နေ သည့် စာရွက် ပေါ် က နွယ် လက်ရေး ဝိုင်းဝိုင်းလေး တွေ ကို ပြန် ဖတ်ကြည့် မိသည် ။


“ ဒါ အဖြစ်မှန်တွေ မဟုတ်ဘူး ။ ဒါက ကံကြမ္မာ ရဲ့ လှည့်စားမှု ။ ဟုတ်တယ် ။ ဒါ ကံကြမ္မာ လှည့်စားမှု ။ ဟား ... ဟား ... ဟား ”


သူ အားပါးတရ အော် ရယ် ပစ်လိုက်သည် ။ သူ့ မျက်ဝန်း ထဲ မျက်ရည်တို့ လျှံ တက်၏ ။ လေ တစ်ချက်ဝှေ့ အတိုက် အုတ်ခုံ ထက် ရေတမာပင် ပေါ် မှ နှင်းစက် တစ်ချို့ ဆွယ်တာ အင်္ကျီ ပေါ် ခုန်ဆင်း လာ၏ ။ ပင့်တင် ထားသော အင်္ကျီ လက် ကို ဆွဲချ ရင်း ဆောင်းလေအေး နှင့် အတူ အတွေး က အတိတ် ကို လွင့်ပါ သွား၏ ။


အခန်း - ၂


“ ရော့ .. အခု ဝတ်လိုက် ဒီလောက် အေးနေတာ တစ်ခါ မှ အနွေးထည် ဝတ် မလာဘူး သိပ် ပေပေတေတေ နေတာပဲ ”


အုတ်ခုံ ပေါ် ဘေးချင်း ကပ် ယှဉ် ထိုင် လိုက်သည် နှင့် နွယ် က အပြစ်တင် စကား ဆိုရင်း စက္ကူအိတ် တစ်ခု လှမ်း ပေးကာ မျက်စောင်း ဝံ့ သည် ။ နွယ် လှမ်းပေးသော စက္ကူအိတ် ကို မယူမိ ။ နွယ့် မျက်နှာ ကို တဝကြီး ငေးကြည့် နေ မိသည် ။ မနက်ခင်း မြူမှုံနှင်းစက်တွေ ကြား နွယ် က လှလွန်း နေသည် ။


“ ဘာ စိုက်ကြည့် နေတာလဲ အခု ဝတ်လိုက် ဆို ”


နွယ် က စိတ်မရှည်ဟန်ဖြင့် ပြောရင်း စက္ကူအိတ် ဆွဲ ဖွင့်သည် ။ နွယ့် လက် ထဲ ကြက်သွေးရောင် ဆွယ်တာ အင်္ကျီ တစ်ထည် ပါ လာ၏ ။ သူ့ ခေါင်း ကနေ စွတ်ချ ပေးစဉ် မျက်နှာ ဝဲကျ လာသည့် နွယ့် ဆံနွယ် တို့ မှ သင်းမြမြ ရှန်ပူ ရနံ့ က သူ့ နှလုံးသား ကို လှုပ်ခါစေ၏ ။


“ မနေ့ က မသက် ခေါ် လို့ မင်္ဂလာဈေး ရောက်ခဲ့တယ် အဲ့ဒါ ဆွယ်တာ အင်္ကျီလေးတွေ တွေ့တာ နဲ့ ကိုညီ အတွက် တစ်ထည် ၊ ကိုဇော် အတွက် တစ်ထည် ဝယ် လာခဲ့ လိုက်တာ ”


“ ဘာ ... အဲဒီ ကောင် အတွက်ပါ ဝယ်လာတာလား ။ တော်ပြီ မဝတ်တော့ဘူး ”


စောစောက ကြည်နူးနေသည့် စိတ် က အနည်းငယ် နောက်ကျိကျိ ဖြစ် သွား သည် ။ ဝတ် ထားသည့် ဆွယ်တာ အင်္ကျီ အား ပြန် ချွတ်ဖို့ ဟန် ပြင်လိုက်သည် ။ 


“ အဲဒါ ဘာဖြစ်တာလဲ .. ကိုညီ အဲဒီလို ကလေး ဆန်တာကို နွယ် မကြိုက်တာ .. ”


နွယ် ၏ မာတောင့်တောင့် အသံ နှင့် အကြည့် စူးစူး အောက် သက်ပြင်း ငွေ့ငွေ့ ချ ရင်း သူ ငြိမ်နေခဲ့ရသည် ။


ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် နွယ် ၏ အရေးပေး ဂရုစိုက်မှုတို့ အား သူ တစ်ယောက် တည်း အတွက် သာ ဖြစ်ချင် မိသည် ။ ဇော်အောင် အား သူ့ ထက် ပို အရေးပေး နေသည်လား ဟု တွေး မိတိုင်း နှလုံးသား ကို အပ် နှင့် ထိုးဆွ နေသလို နာကျင်သည် ။ သူ နွယ့် အား နင့်နင့်သည်းသည်း ချစ်သည် ။ နွယ် နှင့် လက်ထပ်၍ သာယာသည့် ဘဝ တစ်ခု ထူထောင်ချင်သည့် ဆန္ဒ က အသွေးအသား ထဲ အစုန်အဆန် ဖြတ်သန်း စီးဆင်း နေသည် ။ နွယ့် အား ချစ်ခွင့် ပန်ခဲ့သည့် ဆောင်း မနက်ခင်း သည် လေ တဖြူးဖြူး တိုက်ခတ် နေသော်လည်း ဇော်အောင် နှင့် သူ့ ကြား တွင် တော့ အသံတိတ် မုန်တိုင်း တစ်ခု စ ခဲ့လေသည် ။


ဇော်အောင် သည် နွယ် နှင့် ပတ်သက် လာ လျှင် သူ့ ထက် ခြေ တစ်လှမ်း သာ နေခြင်း ကို ခံပြင်း ဒေါသ ထွက် မိသည် ။


“ နွယ့် ကို ကိုညီ ချစ်တယ် လက်ထပ်ပရစေ ” ဟု ဖွင့်ပြောသည့် နေ့ က နွယ် သည် ခပ်ဟဟလေး ရယ်ရင်း


“ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ကိုညီ တို့ နှစ်ယောက် ဖွင့် ပြောလာလိမ့်မယ် ဆိုတာ နွယ် ထင်တော့ ထင်သားပဲ ”


နွယ် သည် သူ့ အား ပြုံး ကြည့်ရင်း ဆိုသည် ။ နွယ် ပြောလိုက်သော စကား ကြောင့် သူ မပြုံး နိုင် ။


“ ဘာပြောတယ် နွယ် ကိုညီ နား မရှင်းဘူး ”


“ နွယ် လည်း အဲဒီ အကြောင်း ကိုညီ ကို ပြောပြ မလို့ ၊ ကိုဇော် မနေ့က နွယ် ကို ချစ်ရေး ဆို လာတယ် ’’


“ ဘာ ”


သူ့ အသံ တော်တော် ကျယ် သွားသည် ဖြတ်သွား ဖြတ်လာ တစ်ယောက်စ နှစ်ယောက်စ လှည့်ကြည့် သွားကြ၏ ။ အထိတ်တလန့် ဖြစ် သွားသော သူ့ အား နွယ် က မျက်လုံး အဝိုင်းသား နှင့် မော့ကြည့် လာ၏ ။ နွယ် အား ချစ်ရေး ဆို ဖို့ စဉ်းစား နေခဲ့တာ ကြာ ပြီ ။ ယခု ဖွင့် ပြောတော့လည်း ဇော်အောင် က သူ့ ထက် ဦး နေ ခဲ့သည် ။ နွယ် ဇော်အောင် ကို လက်ခံလိုက်ပြီးလား ဟူသော တုန်လှုပ်ခြောက်ခြား စိတ် ဖြင့် နွယ့် မျက်နှာ အား စူးစိုက် ကြည့်နေမိသည် ။


“ ကိုညီ့ ကို ကော ကိုဇော် ကို ပါ နွယ် သံယောဇဉ် ရှိ ပါတယ် ။ နွယ် စဉ်းစား ပါရစေဦး ကိုညီ ၊ နွယ် ကျောင်း မပြီးသေးဘဲ အဲဒါတွေ နွယ် မတွေးချင်သေးလို့ ပါ ကိုဇော် ကို လည်း နွယ် အဲဒီအတိုင်း ပြောခဲ့တယ် ”


နွယ့် စကား အဆုံး သူ သက်ပြင်း မှုတ်ထုတ်လိုက်မိ သော်လည်း သူ့ ရင် ထဲက ပူလောင်မှု က လွင့်ပါ မသွား ။ သူ ကုမ္ပဏီ တွင် အလုပ် စ ဝင်သည့် နေ့ က စ၍ နွယ့် အား စိတ်ဝင်စား ခဲ့သည် ။ နွယ် က ပွင့်လင်း ရိုးသားပြီး ဟန်ဆောင်မှု ကင်းသည် ။ နွယ် က ကုမ္ပဏီ တွင် ဝင် လုပ်ရင်း အဝေးသင် တက် နေခြင်း ဖြစ်သည် ။ နယ် တွင် ရှိသော နွယ့် မိဘတွေ က မပြေလည် ။ နွယ် က ကိုယ့် ကျောင်းစရိတ် ကိုယ် ရှာ ၍ ရိုးသား အေဆေးစွာ ဘဝ ရပ်တည် နေသူ မို့ မြတ်နိုး တန်ဖိုး ထား မိသည် ။


“ အလုပ် ဝင်ကြစို့ ကိုညီ ”


နွယ် က နာရီ ငုံ့ကြည့်ပြီး ကုမ္ပဏီ သို့ ထွက်သွားခဲ့သည့် တိုင် သူ လိုက် မသွားမိ ၊ နွယ့် ကျောပြင်အား ငေး ကြည့်ရင်း အုတ်ခုံ တွင် ငူငူငိုင်ငိုင် ထိုင်၍ ကျန်နေခဲ့သည် ။ “ ကိုယ် မျော်လင့်နေပါရစေ နွယ် ” သူ တိုး ဖွဖွ ဆိုလိုက်မိသည် ။ ဝေ့ခနဲ့ တိုက်ခတ် လာသော ဆောင်းလေ နှင့် အတူ အုတ်ခုံ ပေါ် တင်ထားသည့် စက္ကူအိတ်လေး ၊ ကွန်ကရစ် လမ်း ပေါ် တဖျပ်ဖျပ် လွင့်ပါ သွား၏ ။ ဆောင်း မနက်ခင်း သည် ရင် ကို ပွက်ပွက်ဆူ ပူလောင်မြိုက်မှု နှင့် အတူ ဇော်အောင် အကြောင်း က သူ့ အတွေး ထဲ ရိပ်ခနဲ တိုးဝင် လာ၏ ။


အခန်း - ၃


ဇော်အောင် နှင့် သူ က အလုပ် တွင် ဌာန အတူတူ မို့ တွဲ လုပ် နေရသော်လည်း ဇော်အောင် စရိုက်အား ကျွန်တော် မကြိုက် ။ ဇော်အောင် က မိန်းမရှုတ် သလို အရင် သူ နှင့် ညိစွန်း ခဲ့ ဖူးသော မိန်းကလေးများ အကြောင် အား လူ စုံ သည့် အခါ ။


“ အဲဒီ ဆော် ငါ ဘယ်လို လုပ်ခဲ့တာကွ ” ဟု ဆိုကာ မြိန်ရေရှက်ရေ ပြန် ပြောပြ တတ်သည် ။ ထို့အပြင် သူ့ အရှေ့ ဖြတ်လျောက် သွားသည့် ခပ်လှလှ မိန်းကလေးများ အား ပါးစပ် အရသာ ခံ၍ ညစ်ညစ်စုတ်စုတ် ပြောဆို ဝေဖန် တတ်သည် ။ ကုမ္ပဏီ တွင် အတူ လုပ်သော မျိုးမင်း ၊ သန်းကြီး ၊ လွင်မောင် တို့ သုံးယောက် က ဇော်အောင် နှင့် ကီး ကိုက်သည် ။ လွင်မောင် က ဇော်အောင် ညီ ဝမ်းကွဲ ဖြစ်၏ ။ ဇော်အောင် ပြောသမျှ သံယောင် လိုက်၍ လေပင့် တတ် သလို ဇော်အောင် နှင့် စရိုက် တူ ဖြစ်သည် ။


နယ် တွင် ရှိသော ဇော်အောင့် မိဘတွေ က ငွေကြေး ပြည့်စုံသည် ။ တစ်ဦး တည်း သော သား မို့ ဇော်အောင် အား အလို လိုက် ထားသည် ။ ဇော်အောင် ဒီ ကုမ္ပဏီ ကို မရောက်ခင် နယ် မှာ တုန်းက မိန်းကလေး တစ်ယောက် နှင့် ငြိစွန်းခဲ့ ဖူးသည် ။ ထို မိန်းကလေး နှင့် ကျူးကျူးလွန်လွန် ဖြစ်မိ၍ မဖုံးနိုင် ၊ မဖိနိုင် ဖြစ်သောအခါ ဇော်အောင် က တာဝန် မယူဘဲ ရှောင်ပြေး လာပြီး ကုမ္ပဏီ မှာ အလုပ် ဝင်ခဲ့ခြင်း ဖြစ်သည် ။ ထို အကြောင်းတွေ နွယ် မသိ ။ ရိုးသား ပွင့်လင်းသည့် နွယ် က ဇော်အောင် အပေါ် လေး လေးစားစား ဆက်ဆံသည် ။ တစ်နေ့ နေ့ ၊ တစ်ချိန် ချိန် နွယ် ရွေးချယ်လိုက်မည့် သူ သည် သူ မဟုတ်ခဲ့လျှင် တောင် ဇော်အောင် မဖြစ်စေချင်ပါ ။ ဇော်အောင် က နွယ့် အရှေ့ ရောက် လျှင် အလွန် သိမ်မွေ့နူးညံ့ ဟန် အပြည့် နှင့် မခုတ်တတ်သည့် ကြောင် ။ လိုအပ် သည့်ထက် ပို၍ ယဉ်ကျေး ပြ နေသော ဇော်အောင် အား ကြည့်ရင်း တလိပ်လိပ် တက် လာသော ဒေါသ အား ဖိသိပ် မြိုချ ထား ရသည် ။


တစ်ခါတစ်ရံ ဇော်အောင် နောက်ကြောင်း ရာဇဝင် ကို နွယ် အား ဖွင့် ပြော ပြ ချင်သော်လည်း နွယ် ယုံမည် မထင် ။ ဇော်အောင် ပေါ် မနာလို ၍ အပုတ်ချသည် ဟု နွယ် က သူ့ အား အပြစ် တင် မှာ စိုး သည် ။ တစ်ခါတစ်ရံ နွယ့် မျက်ဝန်းတို့ တွင် ဇော်အောင် အား အထင်ကြီး လေးစားသည့် အရိပ်အငွေ့ ကို မြင် နေရ၏ ။ သူ ရယ် ၊ နွယ် ရယ် ၊ ဇော်အောင် ရယ် သုံးယောက် ရှိနေသည့် အခါမျိုး တွင် ဇော်အောင် ပေါ် အရေးပေး ဆက်ဆံသည် ကို မြင်ရတိုင်း ရင် မှာ စူးစူးနစ်နစ် နာကျင် မိ သလို နွယ့် ကို လက်လွတ် ဆုံးရှုံးရမည်လား ဟု တွေး မိတိုင်း နှလုံးသား က ပြင်းပြင်ထန်ထန် ပူလောင် ရသည် ။ ထိုအခါ အောင့်အီး မြိုသိပ်နိုင်စွမ်း မဲ့ စွာ ဖွင့်ဟမိ ပြန်သည် ။


အခန်း - ၄


“ နွယ့် ကို ကိုညီ ချစ်တယ် လက်လွှတ်ဆုံးရှုံးလိုက်ရ မှာ ကို ကြောက်တယ် နွယ် ၊ ကိုညီ့ ကို အဖြေ ပေးပါ ။ ကိုညီ နွယ် ကျောင်းပြီးတဲ့ အထိ စောင့် မှာပါ ။ ပြီးတော့ မေမေ့ ကို ကိုညီ့ မှာ ချစ်သူ ရှိနေပြီလို့ ပြောပြထားတယ် ။ မေမေ က နွယ် ကို မြင်ဖူးချင် တယ် တဲ့ ၊ အိမ် ကို တစ်နေ့လောက် လိုက်ခဲ့ပါလား မေမေ နဲ့ မိတ်ဆက် ပေးချင်လို့ ၊ သိလား နွယ် ”


နွယ် က အလန့်တကြား ဆတ်ခနဲ လှည့် ကြည့်ရင်း


“ ဘာတွေ လျှောက် ပြောထားတာလဲ ၊ ကိုညီ ကလည်း လေ တကယ်ပဲ ၊ အဲဒါတွေ ခဏခဏ မပြောပါနဲ့ ဆို ၊ ကိုဇော် ဆို နွယ့် စကား ကို နားထောင်တယ် ။ နွယ် က မကြိုက်ဘူးဆို တစ်ခွန်း ပဲ ..  ။ တစ်သက်လုံး အိမ်ထောက်ဘက် အဖြစ် ရွေးချယ်ရမယ့် သူ က နွယ့် စကား ကို အလေးအနက် မထားရင် နွယ် ဘယ်လို စဉ်းစားရမလဲ ၊ ကိုဇော် လို လူကြီးလူကောင်း ဆန်စမ်းပါ ကိုညီ ရယ် ” 


ဇော်အောင် နှင့် ယှဉ် ပြောလာသည့် နွယ့် စကားကြောင့် ခံပြင်းစိတ် က ဖျင်းခနဲ တိုးဆောင့် လာကာ ထိုင်ရာ မှ ဆတ်ခနဲ ထ ရပ်လိုက်မိသည် ။


“ တောက် ... ၊ နွယ် ... ဒီကောင် အကြောင်း နွယ် ဘယ်လောက် သိ လဲ .. ။ ဒီကောင် လူကောင်း မဟုတ်ဘူး နွယ် အရှေ့ သူတော်ကောင်း ဟန် ဆောင် နေတာ ... ။ ဒီကောင် နဲ့ ကိုညီ မနှိုင်းနဲ့ နွယ် ”


ဒေါသ က ဗုံးတစ်လုံး လို ပေါက်ကွဲ သွားပြီး စကားတို့ လွှတ်ခနဲ ခုန်ထွက် သွား သည် ။ စိတ်လွတ် ကိုယ်လွတ် အော်ဟစ် ပြော နေ မိသော သူ့ အား ဖြတ်သွား ဖြတ်လာ တချို့ လှည့်ကြည့် သွား ကြသည် ။ ရှက်ဒေါသ ဖြင့် နွယ် မျက်နှာ တပြင်လုံး နီရဲ နေ၏ ။  


“ ကိုညီ က တော်တော် သွေးဆူ တတ် တာပဲ ၊ သိပ် စိတ်ပျက်ဖို့ ကောင်းတယ် ။ နွယ် ကြည့်ရင်း ကြောက်လာပြီ ”


“ မဟုတ်ဘူး နွယ် ကိုညီ ပြောတာ က  .... ”


“ တော်တော့ ကိုညီ ”


နွယ် က လက်ကာ ပြပြီး ချာခနဲ လှည့်ထွက် သွားသည် ။ သူ အုတ်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချ လိုက် မိသည် ။

“ သိပ် စိတ်ပျက်ဖို့ ကောင်းတယ် ” ဟူသော နွယ့် စကားသံ တို့ က နား ထဲ အထပ်ထပ် ပြန် ကြားယောင် နေ မိသည် ။


အခန်း - ၅


ညနေ ရုံးဆင်းချိန် တွင် နွယ့် အား လိုက်ရှာ မိသည် ။ မတွေ့ ။ သူ နွယ် ကျေနပ် အောင် တောင်းပန်း ချင်သည် ။ နွယ် ငှားနေသော အဆောင် သို့ လိုက်သွား တော့ မသက် ကို သာ တွေ့၏ ။ နွယ် မရောက်သေး ဟု ဆိုသည် ။

နွယ့် အား ဖုန်း ခေါ် ကြည့်တော့ မကိုင် ၊ ဇော်အောင် နှင့် အတူ ရှိနေသည်လား ဟူသော အတွေး က ရင် ကို လောင်မြိုက် လာ၏ ။ နွယ့် အဆောင် မှ လှည့်ပြန် လာသော ခြေလှမ်း တို့ က လေးပင် နေသည် ။


နွယ် တို့ လမ်းထိပ် အရောက် မရည်ရွယ် ဘဲ အရက်ဆိုင် ချိုးဝင် လိုက် မိသည် ။ စိတ် ညစ်ညစ် နှင့် တစ်ခွက် ပြီး တစ်ခွက် ဆင့် မော့ချ လိုက်၏ ။ လည်ချောင်း တစ်လျှောက် ပူခနဲ  ဆင်းသွားပြီး ကလီစာ တို့ အား လောင်မြိုက် နေ သလို ခံစားရသည် ။ မြင်သမျှ အရာ အားလုံး တို့ ချာချာလည် လာ၏ ။ လမ်းမ ဘက် အာရုံစိုက် ကြည့်နေ မိသည် ။


ည ဆယ်နာရီ ကျော် မှ နွယ် ပြန်လာသည် ။ သူ မမြင်ချင်ဆုံး မြင်းကွင်း က ရင် ကို မီးဟုန်းဟုန်း လောင်စေ၏ ။ နွယ် သည် ဇော်အောင် ဆိုင်ကယ် အနောက် က  ထိုင်၍ သူ့ အတွက် ဝေဒနာတွေ တပွေ့တပိုက် လက်ဆောင် ပါ လာ ခဲ့သည် ။


ခံပြင်း ဒေါသစိတ် နှင့် ဝုန်းခနဲ ထ ၍ ဆိုင်ကယ် အနောက် သို့ သူ ပြေးလိုက် သွားပြီး ဇော်အောင့် မျက်နှာ အား သူ စိတ်ရှိ လက်ရှိ ထိုးချ လိုက်သည် ။ လဲကျ သွားသော ဇော်အောင့် အပေါ် ခွ ၍ လည်ပင်း အား အားကုန် ညှစ်ထားလိုက် မိသည် ။


“ လွှတ် .. လွှတ် .. အရိုင်းအစိုင်းကောင်ကြီး အခု လွှတ် ”


နွယ် က စူးစူးဝါးဝါး အော်ရင်း သူ့ ကျောကုန်း ကို အားကုန် လွှဲ ထုသည် ။ 


“ အား  ...”


“ ညီလေး ဆိုင် သိမ်းတော့မယ် ”


သူ အတွေး ဘယ်လောက် လွန် နေသည် မသိ ဆိုင်ရှင် ဦးလေးကြီး ကျော လာ ပုတ်ပြီး ပြောမှ သူ သတိ ပြန် ဝင် လာသည် ။ စိတ်ကူး နှင့် ဇော်အောင် လည်ပင်း အား ညှစ်နေခဲ့ မိ၏ ။


သူ အရက်ဆိုင် ထဲ မှ ဒယီးဒယိုင် ဖြင့် ထွက်ပြီး ကြည့် လိုက်တော့ ဇော်အောင့် ဆိုင်ကယ် အနောက် မီး အား မှုံပြပြ သာ မြင်ရတော့သည် ။


အခန်း - ၆


ည က အရှိန် ကြောင့် ခေါင်း က တူ နှင့် ထု နေသလို ကိုက်ခဲ ပူထူ နေ၏ ။ ဒီ မနက် သူ နွယ့် ကို တောင်းပန် ချင် သည် ။


ပြီးတော့ ဇော်အောင် နောက်ကြောင်း တွေ နှင့် သူ့ အကျင့်စရိုက် အား နွယ် နားလည် သဘောပေါက် အောင် ရှင်းပြဖို့ သူ ဆုံးဖြတ် ထားသည် ။


သူ ကုမ္ပဏီ အတွင်း ကွေ့ဝင် လိုက်စဉ် ဇော်အောင် နှင့် လွင်မောင့် အသံ ကြောင့် ဆက် မဝင်သေးဘဲ တံခါး အကွယ် တွင် ရပ်၍ နားထောင် နေ လိုက်သည် ။ 


“ ကိုဇော် ည က မနွယ် နဲ့ အခြေအနေ ဘယ်လိုလဲ ”


“ အခု ရေတွင်းတူး အခု ရေကြည်သောက် လို့ ဘယ် ရမလည်း ငါ့ ညီ ရ နည်းနည်းတော့ စိတ်ရှည်ရတာပေါ့ ”


“ မလျို စမ်းပါနဲ့ ကိုဇော် ရာ ညီအကိုချင်း တွေ ကိုဇော် အစွမ်းအစ ကို ကျွန်တော် သိပြီးသား မှန်မှန် ပြော ဒီ မနက် မနွယ် ကြည့်ရတာ မျက်တွင်းလေးတွေ ချောင် လို့ .. ဟား .. ဟား ”


“ ဟား ... ဟား ... ဟား ... ငါ့ ညီ က ဘယ် ဆိုးလို့လဲ အကဲခပ် တော်သားပဲ ’’ 


“ တောက် ... ဘာစကား ပြောတာလဲကွ ”


ဇော်အောင် နှင့် လွင့်မောင့် စကား ကြောင့် သူ ဒေါသ ဘရိတ် ပေါက်ကာ ပြေးသွားပြီး ဇော်အောင့် မျက်နှာ ကို အားကုန် ပစ် ထိုးချ လိုက်သည် ။ 


“ ခွပ် ”


ကြောင်အမ်းအမ်း ရပ်ကြည့် နေသည့် လွင်မောင့် ကိုပါ ဆောင့်ကန် ပစ်လိုက်သည် ။


“ ဘုန်း ” 


“ အင့် ”


နှစ်ယောက် လုံး အတုံးအရုန်း လဲပြိုကျ သွား၏ ။ ခံပြင်း ဒေါသ ကြောင့် သူ့ တစ်ကိုယ်လုံး တုန်ယင် ယိမ်းထိုး နေသည် ။


“ မင်းတို့ နွယ့် ကို ဘယ်လို မိန်းမစားမျိုး ထင်နေလဲ .. ။ ငါ ရှိနေ သ၍ နွယ့် ကို လက်ဖျား နဲ့ ထိ ဖို့တောင် မစဉ်းစား နဲ့ .. ‌ေ-ွး မသားတွေ ‌ေ-ွး စကား မပြောနဲ့ မှတ်ထား ကွ မှတ်ထား ”


သူ ချုပ်တည်းနိုင်စွမ်း မဲ့ အော်ဟစ်ဆဲဆို ပြောနေ မိသည် ။ ကုမ္ပဏီ က လူ တစ်ချို့ ပြေး လာ၍ သူ့ ကို ဆွဲ ထားသည် ။ ဒေါသစိတ် ကြောင့် မျက်စိ ထဲ ဘယ်သူ ဘယ်ဝါ သဲသဲ ကွဲကွဲ မမြင်ရတော့ ။


“ ဖြန်း ”


အသံ နှင့် အတူ သူ့ ပါးတစ်ဖက် ပူထူ သွား သည် ။ လှည့် ကြည့်လိုက်တော့ နွယ် ။ သူ့ ကို မီး ဝင်းဝင်းတောက် မတတ် ကြည့် ရင်း


“ အရူး ... ရှင် ရူးနေပြီ ကျွန်မ ကို သိက္ခာ ကျအောင် အရှက် ရအောင် အော်ဟစ်သောင်းကျန် နေတာပေါ့လေ ၊ ရှင့် ကို တောင်းပန်ပါတယ် ၊ ဒီ တစ်သက် ကျွန်မ နဲ့ ဘယ်တော့မှ မပတ်သက်ပါနဲ့ တကယ် တောင်းပန်းပါတယ် ”


“ မ .. မဟုတ်ဘူး နွယ် ကိုညီ ပြောပြတာ ခဏလေး နားထောင်ပေးပါဦး ” 


သူ့ အသံတို့ လည်ချောင်း ထဲ က စို့စို့နစ်နစ် ထွက် လာသည် ။


“ တော်ပါတော့ ညီညီရယ် အခုအချိန် နင် ပြောလည်း ဘာမှ အကြောင်း ထူး လာမှာ မဟုတ်ဘူး ။ လာ နွယ် ”


သူ့ ကို ပြောရင်း မသက် က နွယ့် လက် ကို ဆွဲ ၍ ခေါ်သွားသည် ။ သူ ငူငူငိုင်ငိုင် ရပ်ရင်း ကျန် နေခဲ့သည် ။ နွယ့် စကား တို့သည် သူ့ ရင်နှစ်ခြမ်း ဖြန်းခနဲ ကွဲထွက် သွား မတတ် နာကျင် ရ၏ ။


“ စိတ်ချပါ နွယ် ကိုညီ နွယ် နဲ့ ဝေးဝေး မှာ နေပေးပါမယ် ”


အခန်း - ၇


သူ ကုမ္ပဏီ က အလုပ် ထွက်ပြီး နောက်ပိုင်း နွယ့် ကို တစ်နေ့ မှ မေ့ မရခဲ့ပါ ။ လွမ်းဆွတ်သတိရခြင်း တွေ က ရင် တစ်ခုလုံး စိစိ ညက်ညက် ကျေ လုပြီ ။ 


“ နွယ် .... နွယ့် စကား ကို ကိုညီ နားထောင်ခဲ့တယ် နော် ... နွယ် နဲ့ ကိုညီ မပတ်သက်တော့ဘူး ။ နွယ် ကျေနပ်တယ် မဟုတ်လား ... ကျေနပ်လိုက်ပါ နွယ် ... ကျေနပ်ပေးပါ ဟား .. ဟား .. ဟား ... ”


နာကျင်မှုတွေ နှင့် လည်ချောင်း ထဲ ခြောက်ကပ်ကပ် ရယ်သံ တိုး ထွက် လာ၏ ။ ဖုန်း စခရင် ပေါ် က နွယ့် ပုံ ကို ကြည့် ရင်း ပုလင်း ထဲ က လက်ကျန် အရက် အား တရှိန်ထိုး မော့ချ ပစ်လိုက်သည် ။ ဘယ်အချိန် က အနား ရောက်နေသည် မသိသော မေမေ က သူ့ အား


“ သား .. ညီညီ ထမင်း မစား ဟင်း မစား ဒီ အရက်တွေ ကို မင်း ဘယ်တော့ ထိ သောက်နေမှာလဲ ... ကြာရင် မင်း သေသွားလိမ့်မယ် သား ရဲ့ ၊ စိတ်ညစ်ပါတယ်ဟယ် ပြောလို့ လည်း မရဘူး ”


“ သေလည်း အေးတာပဲ မေမေ ရယ် အဲဒါမှ ဘာမှ မခံစားရတော့မှာ ”


မေမေ က သူ့ အား ကရုဏာသက်စွာ ကြည့်ရင်း သက်ပြင်းဖွဖွ ချ ၍ လှည့်ထွက် သွား၏ ။ မေမေ က သူ့ အား ပြောမရသည့် အဆုံး ရင်နာနာ နှင့် လက် လွှတ် ထားခဲ့တာ ကြာပြီ ဖြစ်သည် ။


နွယ် နှင့် မတွေ့ရသည့် လ များစွာ အတွင်း နွယ် နှင့် ဇော်အောင် တွဲ ရိုက်ထား သည့် ပုံ တို့ က ဖေ့ဘုတ် တွင် တစ်နေ့ တစ်မျိုး မရိုးအောင် သူ့ နှလုံးသား ကို လောင် မြိုက် စေသည် ။ ဒီနေ့ ဇော်အောင် မွေးနေ့ ဟူသော စတေတပ် တစ်ခု နှင့် အတူ ညမီး ရောင် အောက် နွယ် က သိပ် ကို လှ နေသည် ။ နေ့ ရှိသ၍ အရက် ထဲ ခေါင်း နစ် နေသော သူ နှင့် ဝေးရာ အရပ်တွင် နွယ် ပျော်ရွှင်ပါစေ ဆုတောင်း ပေး နေ မိသည် ။


အခန်း - ၈


နင်ပျော်ပါစေ .... ဆုတောင်းပေးမယ်  ...ငါ့ ရဲ့ ဘဝတွေ ခြောက်ကပ် လည်း ။ 


မနက် လေးနာရီ ပင် ရှိသေးသည် ။ ဖုန်း မြည်သံ ကြောင့် အိပ်ရာ မှ လူးလဲ ထ လိုက်မိ၏ ။ ဖုန်း နံပါတ် ကြည့်ပြီး ထိတ်ခနဲ ပျော် သွားသည် ။ 


“ နွယ် ”  


သူ ဖုန်း အမြန် ကိုင် လိုက်ပြီး


“ နွယ် .. နွယ် .. ကိုညီ ဆီ ဖုန်းဆက်တယ် နော် .. ဝမ်းသာလိုက်တာ နွယ် ရယ် ”


စိတ် လှုပ်ရှားမှုကြောင့် သူ့ အသံတို့ တုန်ရင် လှိုက်မော နေသည် ။  


“ နွယ် မဟုတ်ဘူး ညီညီ ငါ မသက် ပါ ”


“ ဗျာ ..  နွယ် ... နွယ် ကော ဟင် ”


“ နွယ် ရှိပါတယ် ... နင့် ကို တွေ့ချင်လို့ တဲ့ အဆောင် ကို လာခဲ့လိုက်ပါ နော် ” 


“ ဟာ ... ဝမ်းသာလိုက်တာ မသက် ရယ် .. ကျေးဇူးပါ ဗျာ .. တကယ် ကျေးဇူးပါ ၊ ကျွန်တော် အခု လာခဲ့မယ် အခု ထွက်လာခဲ့မယ် ”


ပျော်ရွှင်မှု တို့ ကြောင့် ပေါ့ပါးလန်းဆန်း သွားသည် ။ မရိတ်ဖြစ်တာ ကြာသည့် မုတ်ဆိတ်မွှေး ပါးသိုင်းမွေး တို့ အား အမြန် ရှင်းပစ်လိုက်ပြီး နွယ် ဝယ်ပေး ထားသည့် ဆွယ်တာ အင်္ကျီ အား ဝတ်၍ ထွက်ခဲ့ လိုက်သည် ။ အပြင် တွင် မြူနှင်း တို့ ပိတ်မှောင်၍ စိမ့် နေအောင် အေး၏ ။ သူ မျော်လင့်ထားသည့် ဆောင်းမနက်ခင်း တို့ ပြန်လည် အသက်ဝင် လာတော့မည် ။ နွယ် ပြော လာမည့် စကား တို့ အား တွေးရင်း ရင် က တဒိတ်ဒိတ် ခုန် နေ မိသည် ။ နွယ့် အဆောင် ရောက်တော့ မသက် နှင့် အတူ လူ လေးငါး ခြောက်ယောက် ကို တွေ့လိုက် ရသည် ။


“ ညီညီ နင် ရောက်လာပြီ လား ”


မသက် က ဆို့နစ် နေသည့် အသံ ဖြင့် ပြောရင်း စာ တစ်စောင် လှမ်း ပေးသည် ။ သူ အဆောင် အတွင်း နွယ့် ကို ဝေ့ ရှာရင်း စာ ကို လှမ်းယူ၍ ကမန်းကတန်း ဖတ်လိုက်သည် ။


“ နွယ့် ကို ခွင့်လွတ်ပါ ... ။


ကိုညီ ပြောခဲ့တဲ့ စကားတွေ ကို အမှတ်တမဲ့ နေခဲ့ မိတယ် ။ တကယ်တော့ ကိုညီ စေတနာတွေ ကို နားလည်အောင် မကြိုးစားခဲ့မိဘူး ။ ကိုဇော် နဲ့ လွင်မောင် ရဲ့ ယုတ်မာ ၊ ရက်စက်မှု တွေကြောင့် နွယ် အရှက် နဲ့ သိက္ခာ ကို အသက် နဲ့ လဲသွားခဲ့ပါပြီ ။ နွယ့် ကို ခွင့်လွတ်ပါ .. ကိုညီ ။ ကိုညီ ရဲ့  ... နွယ် ..... ”


“ ဟင် ”


စာ ဖတ် အပြီး သူ့ တစ်ကိုယ်လုံး အေးစက် တောင့်တင်း သွားသည် ။


ရင်ဘတ် နှင့် လည်ချောင်း တလျှောက် ဆို့နင့် ကျပ်ခဲ တက် လာပြီး ဒူး တို့ ကွေးညွတ်ကျ သွား၏ ။ မယုံကြည်နိုင်ခြင်း တွေ နှင့် စာ ကို တွေတွေကြီး ငေးကြည့် နေရင်း မျက်ရည်တို့ လိမ့်ဆင်းကျ လာသည် ။ သူ မျှော်လင့်ချက်တွေ နှင့် နွယ့် ဆီကို ထွက်လာခဲ့မိသည် ။ အခုတော့ သူ့ နှလုံးသားတို့ မီးဟုန်းဟုန်း တောက်၍ လောင်ကျွမ်း သွား သလို ခံစားရသည် ။


“ မသက် ... အခု နွယ် ဘယ်မှာလဲ ...ဘယ်လို ဖြစ်တာလဲ ...ဘာတွေ ဖြစ်ကုန်တာလဲ ကျွန်တော့် ကို ပြောပါဦးဗျာ .. ပြောပါဦး ”


သူ့ အသံတို့ ဆို့နင့် တုန်ယင် နေသည် ။ မသက် က အင့်ခနဲ ရှိုက်ရင်း


“ နင် ရောက်မလာခင် စောစောကပဲ နွယ့် အလောင်း ကို ဆေးရုံ သယ်သွား ကြပြီ ညီညီ ။ မွေးနေ့ပွဲ ည က ငါ ခေါင်းကိုက် နေလို့ နွယ် ကို ထားခဲ့ပြီး အစောကြီး ပြန်လာ ခဲ့ မိတယ် ။ ဇော်အောင် က နွယ် သောက်တဲ့ အအေးခွက် ထဲ ကို ဆေးခပ် ပြီး တိုက်ခဲ့တာ ။ ပြီးတော့ ဘာမှ မသိတော့တဲ့ နွယ့် ကို ဇော်အောင် က ယုတ်မာတယ် ။ အဲဒါကို လွင်မောင် က ဗွီဒီယို ခိုး ရိုက်ပြီး လိုင်း ပေါ် တင် လိုက်တာ ။ အဲဒါတွေ ကို နွယ် သိတော့ အခုလို လုပ် သွား တာပဲ ။ ငါ သာ ရှိ နေခဲ့ရင် နွယ် အခုလို အဖြစ်ဆိုး နဲ့ ကြုံမှာ မဟုတ်ဘူး ဟာ ။ အခုတော့ အဟင့် .. ဟင့် ”


မသက် ပြောသမျှ အား သူ ဆက် နားထောင် နိုင်စွမ်း မရှိတော့ ။ သူ ခေါင်းတွေ ချာချာလည် မူးနောက် လာသည် ။


“ အား ... မဖြစ်ရဘူး ၊ အဲဒီလို မဖြစ်ရဘူး ”


သူ ရင်ထဲ ဆို့နင့်ကျပ်ခဲ နေသမျှ အာခေါင်ခြစ် အော်ထုတ် လိုက်ပြီး ပြေး ထွက်လာခဲ့ မိသည် ။


အခန်း - ၉


နေရောင်ခြည် သည် မြူနှင်း တို့ အား တစ တစ ဖြိုခွဲ ထွက် လာ၏ ။ သူ ထိုင်ရာမှ ထ လိုက်ပြီး မျက်ဝန်းတို့ အား ခပ်တင်းတင်း စေ့ပိတ် ထား လိုက်သည် ။ နွယ် သည် ဟိုးဝေး မှ သူ ရှိရာ အုတ်ခုံလေး သို့ တရွေ့ ရွေ့ လျှောက်လာ နေသည် ။ နေခြည်နုနု အောက်ဝယ် နွယ် ၏ အလှ က သူ့ ရင် အား ကမောက်ကမ ခုန်စေ၏ ။ သူ နွယ့် အား လက်ဝှေ့ရမ်း နှုတ်ဆက် လိုက်သည် ။ ဆုတ်ကိုင် ထားသည့် စာရွက်ခေါက်လေး သည် လေ နှင့် အတူ တဖျပ်ဖျပ် လွင့်ပါ သွား၏ ။


◾မင်းညီညီ ( ဘိုကလေး )


📖 တစ်ယောက် တစ်ဘဝ ( ၁ )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment