ငတွတ်ထန်း တယ် ဆိုတာ ကြား ဖူးလား ။
အဓိပ္ပါယ် မသိ ဖြစ်နေလိမ့်မယ် ။
အမှန်တော့ ဘာမှ မဟုတ်ဘူးဗျ ။
ငထန်းတွတ် တာ ကို ပြောတာ ။ ငထန်းတွတ် တယ် ဆို တာ လည်း ဘာမှ မဟုတ်ဘူး ၊ ထန်းရည် သောက်တာ ဗျ ။ ဒါပေမယ့် ကျုပ်တို့ ဘက် မှာတော့ ငတွတ်ထန်းတယ် ဆိုတာ ခေတ် အစားသား လား ။ ငတွတ်ထန်း တယ် ဆို လူတိုင်း ထန်းရည် တွယ်မယ် ဆိုတာ သိတယ် ။ ကျွန်တော် တို့ လည်း သောက်ခဲ့ဖူးတယ် ။ ကြိုက် လည်း ကြိုက်တယ် ။ ကျွန်တော့် အစ်ကို ကိုဈာန် တစ်ယောက် ဆို ထန်းရည် ဘယ်လောက် ကြိုက်တယ် မှတ်လဲ ။ မြန်မာ့ အသံ မှာ လာတဲ့ မြန်မာ့အစာ နဲ့ အာဟာရအခန်း မှာ ထန်းရည် အကြောင်း ဘယ်တော့မှ မလာလို့ ဆိုပြီး စိတ်များ တောင် ကောက်သေး ။ ဟုတ်တယ်လေ ။ သူ ပြော မှ သိရတာ ။
ထန်းရည် ဆိုတာ ဝမ်းမီး ကို အလွန် ငြိမ်းစေ သဗျ ။ ဆီး မှန်တယ် ၊ ဝမ်း မှန်တယ် ၊ ဆောင်းရာသီ မှာ ထန်းရည် သာ မှန်မှန် သောက် ၊ အသား တောင် မပတ်ဘူးဗျ ။ အဲသည်လောက် ထိ သွေး လည်ပတ်မှု ကို မှန်ကန် စေတယ် ။ ဒါတင်ပဲလား ၊ မဟုတ်သေးဘူးဗျ ။ ကျောက်ကပ်ရောဂါ ကို လည်း နိုင်တယ် ။ မယုံလို့လား ၊ သောက်ကြည့် တကယ် ပြောတာ ။ ထန်းရည် က အခြား အရည်မျိုး နဲ့ မတူဘူး ။ ဆီး အလွန် သွားတာ ။ ကိုယ် သောက် သလောက် သူ က အားလုံး ပြန် သွား ပစ်တော့တာ ကိုး ။ မယုံ သောက် ကြည့် ၊ ထန်းရည်သမား ရဲ့ ဆီး ဟာ ထန်းရည်နံ့ ပြန် ထွက်တယ် ။ ဒါကြောင့် သူ့ အလို လို နေရင်း ကျောက်ကပ် ကို ဆေးပြီး သား ဖြစ်သွားရော တဲ့ ။ ကျွန်တော့် အစ်ကို ကိုဈာန် ပြောတာ ။
ကျွန်တော် ကိုယ်တိုင် ကျောက်ကပ် တစ်လုံး ရပ် ဖူးတယ် ။ ပါရဂူတွေ က ဆေးရုံ တက်ပြီး ခွဲ ခိုင်းတယ် ။ ပိုက်ဆံ က လည်း မရှိ ။ ဆေးရုံ က လည်း မတက်နိုင် တာ နဲ့ စိတ်ဓာတ် ကျ ပြီး နယ် ပြန် သွားခဲ့ရတယ် ။ အိမ် တောင် မရောက်ဘူး ပြန် ကောင်း သွားပြီ ။ အိမ် ပြန် နေကျ လမ်း မှာ ထန်းတဲကြီး ရှိ တာ ကိုး ။ ထန်းတဲ ရှိ ရင် ကိုဈာန် ရှိနေပြီ ပဲ ။ ကိုဈာန် ရှိ နေရင် ကောင်းပေ့ ဆိုတဲ့ ထန်းရည် က ရှိနေပြီ ဆိုတော့ ကာ ... ကိုဈာန် က ...
“ ဟကောင်ကြီး ရ ... ဝင်ဆွဲ သွားပါ ဟ ။ ကျောက်ကပ် လောက် က တော့ ဆေး ကုဖို့ မလိုပါဘူး ၊ ထန်းရည် နဲ့ တင် ကောင်းပါတယ် ။ လာ ... ရှိန်း တယ်ကွ ”
ဆိုတော့ ကျွန်တော် လည်း စိတ်ညစ်ညစ် နဲ့ ထန်းရည် နှစ်ခွက် ဝင်ချ ထည့်လိုက်တာ ရပ်နေတဲ့ ကျောက်ကပ် ချက်ချင်း ဗလောင် ဆူပြီး ပြန် ခတ် တော့တာ ။ သွား လိုက်တဲ့ ဆီး ၊ တဒီးဒီး နဲ့ ရေကာတာ ကျိုး တယ် တောင် မှတ် ရတယ် ။
တစ်လ လောက် နေပြီး ရန်ကုန် ပြန် လာတော့ ပါရဂူတွေ နဲ့ ပြန် စစ်သေးတယ် ။ ဘာ ရောဂါမှ မရှိတော့ဘူး ။ အသားလေး ဖြူဝင်းပြီး နုများတောင် နေသေး ။ ထန်းရည် က ဝက်ခြံ လည်း မထွက်ဘူးဗျ ။ ( ဟယ် ... ပြော ရင်းတောင် သောက်ချင် လာပြီ ) ထန်းရည် အကြောင်း ပြောရရင် ကုန် မှာ မဟုတ်ဘူး ။ ဒီတော့ တစ်ခွက် တစ်လေ သောက်ကြည့် ဖို့ အကြံ ပေးပါတယ် ။ များ ရင်တော့ ဘယ်အရာ မဆို မကောင်းဘူးပေါ့ ။ ( တန်ဆေး ... လွန်တော့လည်း ... အင်း ... တယ်ကောင်း ၊ အဲ ... လွန်ဘေး လေ ၊ တောက် ... အမှည့် ဟ )
ကျွန်တော်တို့ ငယ်ငယ်တုန်း က ထန်းရည် သိပ် သောက် ချင်တာ ။ အကျင့် မကောင်းပုံ ပြော ပါတယ် ။ ကိုယ့် လည်း ထန်း တက်တဲ့ လူတွေ က သိ နေတော့ ထန်းရည် မရောင်းဘူး ဗျ ။ မသိရင်တော့ ရောင်း မှာပဲ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် က ကလေး ကတည်း က မျက်ခွက် တစ်ကွက် တင် ကွက် အို နေတာ ။ မွေး ကတည်း က ကျွန်တော့် ကို မွေးပေးတဲ့ ဝမ်းဆွဲဆရာမ က တောင် အဘိုးကြီး တစ်ယောက် က မွေးခန်း ထဲ ဝင် နောက် နေတယ် ထင်ပြီး စိတ်ဆိုး ဖူးသေး ဆိုပဲဗျ ။ မွေး ကတည်း က အဲလို ကို အို တာ ။
ဒါနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုဇော် တို့ ၊ မောင်အေးသိုက် ၊ ကျော်ကျော် ၊ မင်းမင်း အမြွာညီအစ်ကို တွေ နဲ့ တိုင်ပင်တယ် ။ ဒီလောက် မရောင်း တဲ့ ထန်းရည် ခိုး သောက်ကြမယ် ဆိုပြီး ။
အားလုံး က လည်း စိတ်တူ ကိုယ်တူ တွေ ဆိုတော့ အလုပ် က ဖြစ်ကြပါလေရော လား ။
အဓိက ပစ်မှတ် ထားတာက မွန်အဘိုးကြီး ဦးထောပိုင် ထန်းတော ကို ဗျ ။
ဒီ လူကြီး ရဲ့ ထန်းရည် က သိပ် ကောင်းတယ် ဆိုပါရော လား ။ သူ့ ဆီ မှာ ထန်းရည် မှာ ရင် တစ်နွေစာ မှာ ရတယ် ။ အဲဒီလို မှာ ထားတဲ့ လူတွေ ကို ပဲ ရောင်းတယ် ။ မှာ မထားတဲ့ လူ ဆို မရောင်းဘူး ။ တစ်နေ့ နှစ်ကျည်တောက် ဆို နှစ်ကျည်တောက် ၊ တစ်နွေလုံး စာ မှာ ထား ရတာ ။ မှာ မထားရင် ဘယ်လောက် သောက်ချင် သောက်ချင် နိုး ပဲ ။ ဧည့်သည် အာဂန္တု လည်း နိုး ပဲ ။
ဒါတောင် သူ ကြိုက်တဲ့ ထန်းပင် ရှိသေးတယ် ။ ထန်းတော အစွန် မှာ ။ အဲဒီ ထန်းပင် က ထန်းရည် ဆို ဘယ်သူ့မှ မရောင်းဘူး ။ သူ ပဲ သောက်တယ် ။ သူ ထန်း တက်ပြီ ဆိုရင် အဲဒီ ထန်းပင် အရင် သွားတယ် ။ အဲဒီ အပင် က ထန်းရည် ကို အောက် တောင် ယူ မချဘူး ။ အပင် ပေါ် မှာ ပဲ အပြီး သောက် လိုက်တယ် ။ ပြီးမှ ကျန်တဲ့ ထန်းပင်တွေ လျှောက် တက် တော့တာ ။ သူ့ ထန်းပင် က ထန်းရည် ဆို တစ်ခါမှ ပိုတယ် မရှိဘူး ။ သူ သောက်ဖို့ ကွက်တိ ချည်း ပဲ ။
ကျွန်တော်တို့ အဖွဲ့ က လည်း အဲဒီ ထန်းပင် က ထန်းရည် ကို ပဲ စိတ်ဝင်စား တာ ။ ဒီလောက် ကောင်း တဲ့ ထန်းရည် သောက်ဖူးတယ် ရှိအောင် သောက်ဦး မှ ဆိုပြီး ။
ဒီလိုနဲ့ ဆောင်းဦး တစ်နေ့ က တော့ ကျွန်တော်တို့ အဖွဲ့ မနက် အစောကြီး ထပြီး အားကစား လုပ် သလိုလို ဘာလိုလို နဲ့ လူအလစ် စောင့် ကြည့်ပြီး လစ်လည်း လစ်ရော အပင် တက် အိတ်စပတ် ကိုဇော် က ဘုတ်ဘတ် ဘုတ်ဘတ် နဲ့ တက် သွားတယ် ။ ပြီးကျတော့ မွန်အဘိုးကြီး ဦးထောပိုင် တစ်သက်လုံး ဘယ်သူ့ ကို မှ မရောင်းပါဘူး ဆိုတဲ့ ထန်းရည်ကျည်တောက်ကြီး ဆွဲ လို့ ပြန် ဆင်းလာတယ် ။ သူ့ ထန်းရည်တွေ အကုန် သောက် ပစ် လိုက်တယ် ။ တောက် ... ချို လိုက်တာ ။ ရှိန်း တာ က လည်း စပရိုက် ထက် တောင် ရှိန်း သေး ။ ရီတီရီတီ နဲ့ ပေါ့ ဗျာ ။ ဟယ် ... သောက်တောင် သောက်ချင် လာပြီ ။ ပြီးတော့ ကျည်တောက် ကို ပုံ မပျက် ထန်းပင် ပေါ် ပြန် ချိတ် ထားတယ် ။
မွန်အဘိုးကြီး အချိန် ကျ တော့ ထန်းပင် လာ တက်တယ် ။ ထန်းပင် ပေါ် လည်း ရောက်ရော ကျည်တောက် ကို အားရ ပါးရ မ , လိုက်တာ ကံကောင်း လို့ ထန်းပင် ပေါ် က ပက်လက်လန် ကျတော့ မလို့ ။ သူ့ ထန်းပင် က ထန်းရည် မတွေ့တော့ ရုတ်တရက် သူ တော်တော် ကြောင်သွားတယ် ။ နောက် ... တော်တော် ကြာကြာ စဉ်းစားနေပြီး မှ တစိမ့်စိမ့်နဲ့ ဒေါမွှန် လာတယ် ။ နောက် ... ဆဲတာ မိုးမွှန် ရော ။ သူ ဆဲလေ ကျွန်တော်တို့ က ကျိတ် ရယ်လေပဲ ။ ရီဝေဝေ နဲ့ ။ လေ များတောင် တက် နေသေး ... အေ့ကနဲ ။ အင်း ... တယ်ကောင်း ။
နောက် နေ့ လည်း အဲလိုပဲ ။ အစောကြီး ထ မွန်အဘိုးကြီး အလစ် ချောင်းပြီး ၊ သူ့ ထန်းရည်တွေ ခိုး သောက်ပစ် ။ ထုံးစံ အတိုင်း မွန်အဘိုးကြီး ထန်းပင် တက်တယ် ။ ထန်းရည် မတွေ့တော့ အံ့အားသင့်တယ် ။ ပြီးတော့ မိုးမွှန်နေအောင် ဆဲ ။
နှစ်ရက် သုံးရက် လေးရက် ရဲ့ မနက်ခင်း မှာ မွန်အဘိုးကြီး ရဲ့ ဆဲသံ ဟာ ... စံတော်ချိန် ကျ နေတာပဲ ။အချိန် ကို မှန်လို့ ။ ကျွန်တော်တို့ လုပ်တာ က လည်း ပိရိ တော့ သူ ဘယ်လို မှ ဖမ်း မမိဘူး ။ ဒါနဲ့ပဲ ...
“ ထန်းရည် ခိုးသောက်တဲ့ ကောင်တွေ ၊ ဒီတစ်ခါ သောက်ရဲ သောက်ကြည့် ၊ ငါ့ အကြောင်း သိမယ် ၊ ထောပိုင် တဲ့ နော် ၊ ကမာဝက်သား ကွ ၊ ဒီ တစ်ခါ ခိုးသောက်ရဲ တဲ့ ကောင် သောက်ကြည့် ။ ထန်းရည် ထိ ဓား ကြည့် ပဲ ”
စသဖြင့် ဓား တယမ်းယမ်း နဲ့ ကြိမ်းဝါး ပါလေ ရော ။ ကျွန်တော်တို့ က လည်း သိတဲ့ အတိုင်း ခိုး ရယ် တာပေါ့ ။
“ နောက်နေ့ သောက်ရဲတဲ့ ကောင် သောက်ကြည့် ၊ ငါ့ အဆိုး မဆို နဲ့ ” တဲ့ ။
ဒါမျိုး ဘယ် ရမလဲ ။ လူလေးတွေ က လည်း သိုးဖော် ဝင်စ ဆိုတော့ ချို စမ်းချင်တဲ့ အရွယ် မလား ။
လူကြီးတွေ ကို ထီ မထင်တဲ့ အရွယ် ... ကပ် လာရင် ပခုံးချင်း ယှဉ်ချင်တဲ့ အရွယ်တွေ ကိုး ။ သူ စိန် ခေါ်လေ ကိုယ် စမ်းချင်လေ မို့ နောက် နေ့မနက် အစောကြီး ထပြီး သူ့ ထန်းရည် ကျည်တောက် ဖြုတ်ပြီး ချ လာတယ် ။ ပြီးတော့ စိမ်ပြေ နပြေ ထိုင် သောက် လိုက်တယ် ။
“ ဟား ... တယ် ခါးပါလား ”
ဒါနဲ့ မသင်္ကာ တာ နဲ့ပဲ ...
“ ဟေ့ကောင် ... ကိုဇော် ၊ ထန်းရည် က ခါတိုင်း နဲ့ မတူဘူးနော် ၊ ဒီနေ့ ပို ခါး နေသလိုပဲ ”
“ ဒါမှ ထန်းရည် အစစ် ကွ ၊ ထန်းရည် ဆိုတာ ဒီလို ခါးနေ မှ ပို ကောင်းတာ ။ အရသာ ကို တင်း နေတာပဲ ”
“ မဟုတ်သေးဘူး နော် ”
“ ဘာလို့ မဟုတ်ရမှာလဲကွ ၊ ပေးစမ်း ၊ မင်းတို့ မသောက်ရင် ငါ သောက်မယ် ”
ဆိုပြီး ထန်းရည် ကျည်တောက် ကို ဂွပ် ဂွပ် ဂွပ် ဆိုပြီး သောက်ချ လိုက်တယ် ။ သူ့ မျက်နှာ က ထန်းရည် အစွမ်း နဲ့ ချက်ချင်း ရဲ တက် လာတယ် ။ ထန်းရည် က မကုန်ဘူး ။ ဒါနဲ့ သူ့ ကျည်တောက် ယူပြီး ...
“ ကဲပါကွာ ၊ ငါတို့ လည်း ဝိုင်း သောက်ပါ့မယ် ”
ဆိုပြီး ငါယောက် သား မျှ သောက် လိုက်တယ် ။ ဟုတ်တယ် ... သိသာတယ် ၊ ထန်းရည် က အောက်ခြေ ရောက်လေ ပိုပြီး ပျစ်ခဲပြီး ခါး လာလေပဲ ။ ဒါကို မရ ရအောင် မျိုချ ရတယ် ။ အောင်မာ ... ကိုဇော် က ထန်းရည်ကျည်တောက် မှာ ကပ်နေတဲ့ ချိုးပါ ခွာ စား ခဲ့သေး ... ပြောသားပဲ သိုးစလေး တွေ ဆို ။
“ ကောင်းကွာ ” ဆိုသေးတယ် ။
သိပ်မကြာဘူး အစွမ်း က ပြ လာတယ် ။
လူ က ရိပ်တိတ် ရိပ်တိတ် နဲ့ ဘာမှ သိပ် မမြင်ရတော့ဘူး ။ သတိ က လည်း လွတ် တစ်ချက် မလွတ်တစ်ချက် နဲ့ ။
ဒီလိုနဲ့ နေပူ လို့ ဆိုပြီး ဘုန်းကြီးကျောင်း ဘေး ဝင် ခွေ နေလိုက်တယ် ။ ဆယ့်ငါးမိနစ် လောက် ပဲ ... ကိုဇော် ရုတ်တရက် ထပြီး အော်ပါလေ ရော ။
“ မင်းတို့ ဘယ်သူတွေ လဲ ”
သူ့ မျက်လုံး က ပြူးကြောင်ပြီး အရောင် လက် နေတယ် ။ အဲဒီတော့မှ ကျွန်တော် တို့ လည်း ပြန် စဉ်းစား မိတယ် ။
“ ငါတို့ ဘယ်သူတွေ လဲ ”
ရုတ်တရက် စဉ်းစားလို့ မရဘူး ။ အဲဒီ အချိန်မှာပဲ ဟို အမြွှာ နှစ်ကောင် ကျော်ကျော် နဲ့ မင်းမင်း က ဘာဖြစ်လို့လဲ မသိဘူး ။
“ ဓားပြတွေဗျို့ ... ဓားပြတွေ ၊ ကျွန်တော်တို့ ကို ဓားပြ တိုက်နေတယ် ၊ ကျွန်တော်တို့ အဝတ်အစားတွေ ချွတ်ယူ နေတယ် ”
ဆိုပြီး အဝတ်အစားတွေ ချွတ်ပြီး ထ ပြေး ပါလေရာ ။
သူ ပြေးတော့ ကိုယ် လည်း ပြေး ပေါ့ ။ မောင်အေးသိုက် လည်း တန်းလန်းတန်းလန်း နဲ့ ပြေး နေတယ် ။ တန်းလန်း မှာ ပေါ့ ... ပုဆိုး မှ မပါဘဲ ။ အဲဒီတော့ မှ ကမ္ဘာ ပျက်သလို ဖြစ်သွားတော့တယ် ။ ရွာ ထဲ က လူတွေ ကလည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး ။ ဗလွတ်ရွှတ်တတွေ အော် နေတယ် ။ အဖေ အမေ တွေလည်း ဘာ လုပ်ရမှန်း မသိကြတော့ဘူး ။ ဒီ အတိုင်း ဖမ်းချုပ် ထား ရတယ် ။
နောက်တော့မှ ကိုဇော့် အမေ က ...
“ မနေ့က အကောင်းကြီး ကနေ ဒီလောက် ပြင်းထန်တဲ့ ရောဂါ ဖြစ်လာတာ ဆိုတော့ ကြောက်စရာ ရောဂါဆိုးတွေ လား မသိဘူး ။ ဒီကောင်တွေ ကို ဆေးခန်း ပို့ မှ ဖြစ်မယ် ” ဆိုပြီး ဆေးခန်း ကို ဖမ်းချုပ် ပြီး ခေါ်သွား ကြတယ် ။ ဆေးခန်း ရောက်တော့ မှ လေးယောက်လုံး ကိုယ်တွေ ခြစ်ခြစ်တောက် ပူပြီး ကြောင်စီစီ တွေ ဖြစ် နေတယ် ။ စကားတွေ လည်း ကယောင်ကတမ်း နဲ့ ဘာ ပြောလို့ ပြောမှန်း မသိဘူး ။ ကိုဇော် ဆို သူ့ အမေ နဲ့ ဆရာဝန် ကို ပေးစား နေတယ် ။ ကျွန်တော် က လည်း ဆရာဝန် ခေါင်း ကို အုန်းသီး ဆိုပြီး ခွဲမယ် လုပ်နေတယ် ဆိုပဲ ။ ကျော်ကျော် နဲ့ မင်းမင်း ကတော့ ဆရာဝန် က သူတို့ ကို ဆေးထိုးအပ်ကြီး နဲ့ ဓားပြတိုက် နေတယ် ဆိုပြီး အော် နေတုန်း ။ ဆရာဝန် က လည်း ငါးယောက် လုံး ကောက်ကာ ငင်ကာ ဖြစ်တော့ ဘာ ရောဂါမှန်း မသိဘူး ။ ဒါနဲ့ ပဲ ... ။
“ ကောင်းလို ကောင်းငြား ဆေးတော့ ထိုးပေး လိုက်မယ် ၊ ဒါပေမယ့် ဒါမျိုး က ကျွန်တော့် ကိစ္စ မဟုတ်ဘူး ”
ဆိုပြီး ဆေး တစ်ယောက် တစ်လုံး စီ ထိုး ပေး လိုက်တယ် ။ ဆရာဝန် ဆီ က ပြန်လာတဲ့ အထိ ကျွန်တော်တို့ ငါးယောက် လုံး ကပေါက်တိ ကပေါက်ချာတွေ အော် နေ တုန်းပဲ ။ ဒီလိုပဲ ရမ်းတမ်း ရမ်းတမ်း တန်းလန်း တန်းလန်း နဲ့ ။
ဒါကို ကိုဇော့် အမေ က ပဲ ...
“ ဆရာဝန် ကိစ္စ မဟုတ်ရင် ပယောဂဆရာ ကိစ္စ ပဲ ဖြစ်လိမ့်မယ် ။ လာ ... ပယောဂဆရာ ဆီ ပို့မယ် ”
ဆိုပြီး ပယောဂကုဆရာ ဆီ ခေါ် သွားတယ် ။ ဟို ရောက်တော့ အဟုတ်ဗျ ။ ပယောဂဆရာ က စက္ကူ အဖြူ တစ်ရွက် ယူပြီး မြေမှုန့် ဖြူး ချ လိုက်တာ စာရွက် ပေါ် မှာ ဘီလူးရုပ်ကြီး ပေါ်လာပါ လေရာ ။ ဘီလူးရုပ် မြင်တော့ အားလုံး အံ့အားသင့် နေကြတယ် ။
ပယောဂဆရာ က မြိန့်မြိန့်ကြီး ခေါင်းညိတ် ပြီး ...
“ မြေဖုတ်ဘီလူး ဝင် စီး တာဗျ ။ မြေဖုတ်ဘီလူး ဆိုတာ မြေမှုန့် ဖြူးတာ နဲ့ တန်း ပေါ် လာ တာပဲ ... ဒီကောင်တွေ တောထဲ တောင်ထဲ မြေဖုတ်ဘီလူး မကြိုက်တာ ဘာ သွား လုပ်တယ် မသိဘူး ”
ဆိုတော့ အားလုံး လန့် ကုန်တယ် ။ ဒါနဲ့ ကတုန်ကယင် နဲ့ပဲ ...
“ ဒါ ... ဒါဆို ဘယ်လို လုပ်ရင် ကောင်းမလဲ ဆရာ ”
ပယောဂဆရာ က အေးဆေးပါ ဆိုတဲ့ စတိုင် နဲ့ မျက်လုံး တစ်ဖက် တည်း ကွက် မှေးပြီး ပြုံးပြတယ် ။ တည်ကြည်တဲ့ လေအေးလေး နဲ့ ပြောလိုက်ပုံက ...
“ ကြိမ် နဲ့ ဆွဲရမှာပေါ့ ။ ပြောနေ ကြာတယ် ၊ ဒီ ပုဆိုးကျွတ်ကောင်တွေ ကို ဖင် ကုန်း ခိုင်းစမ်း ”
စိမ်ပြေနပြေ လည်း ဖင် ကုန်း ပြီးရော ... ကြိမ်လုံးကြီး ယူပြီး အပီ ဆွဲတာ ၊ သူ့ ကြိမ်လုံး က လည်း သုံးနှစ် ကလေး လက်ကောက်ဝတ် လောက် ရှိတာ ဗျ ။ တင်ပါးဆုံ နဲ့ ကြိမ်လုံး ဖူးစာ ဆုံ တဲ့ အသံကြီး က “ ဖြောင်း ...ဖြောင်း ” နဲ့ မြိန်စရာကြီး ။ လူ က လည်း လျှာတွေ ကို ထွက်လို့ ။ ပယောဂဆရာ လက် အံသေ သွားတယ် ။ မြေဖုတ်ဘီလူး က မထွက်ဘူး ။ ပယောဂဆရာ လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီ ။ ပရိတ်ရေ လည်း တိုက် ပြီးပြီ ။ အထက်ဆရာ လည်း ပင့်ပြီး မောင်းထုတ် ခိုင်း ပြီးပြီ ။ အကြမ်းနည်း နဲ့ လည်း ကြိမ် နဲ့ ဆွဲ ပြီးပြီ ။ ကျွန်တော်တို့ ငါးယောက် လုံး က ဒုံရင်း က ဒုံရင်း ပဲ ။ အော်လို့ ဟစ်လို့ ကောင်း တုန်း ။ ဒီတော့မှ ပယောဂဆရာ က ...
“ ကျွန်တော် မနိုင်ဘူးဗျ ... ဒီ မြေဖုတ်ဘီလူး က ကျွန်တော့် ထက် စွမ်း နေပြီ ၊ ဒီတော့ ဟိုဘက်ရွာ မှာ ကျွန်တော့် ဆရာ ရှိတယ် ၊ သူ့ ဆီ သာ အမြန် ခေါ်သွားပေတော့ ၊ အရောက် မမြန်ရင် ဒီ ကလေးတွေ အသက် မီ မှာ မဟုတ်တော့ဘူး ”
ဆိုတော့ အားလုံး မျက်လုံး ပြူး သွားကြပြီး မောင်အေးသိုက် တို့ အမေ က ...
“ အောင်မလေး ... အဖြစ် ဆိုးလှချေလား ... သားရဲ့ ”
ဆိုပြီး ထ ငိုရော ။ လူတိုင်း နွားလှည်း ငှား တဲ့ လူ ငှား ၊ ပုခက် ဆင် တဲ့ သူ ဆင် နဲ့ ယောက်ယက်ခတ် ကုန်ပြီ ။ ဘယ်က စလို့ ဘယ်လို လုပ် ရမှန်း မသိတော့ဘူး ။ နောက် လူ ငါးယောက် ရဲ့ အသက် ကိစ္စ လေ ။ အကုန် ပြာတောက် ကုန်တာ ပေါ့ ။
အဲဒီတုန်း မှာ ကျွန်တော် တို့ နား ဖြတ် သွားတဲ့ ကိုယ်တော် တစ်ပါး က ...
“ ဟေ့ ... ဘာဖြစ်နေကြတာလဲ ”
ဆိုပြီး ဝင် လာတယ် ။ ဒါကို ကိုဇော့် အမေ က ဒီ ကလေး ငါးယောက် တော ထဲ သွားပြီး မဖွယ်မရာ လုပ် လာလို့ မြေဖုတ်ဘီလူး ဖမ်း ထားကြောင်း မျက်ရည်ရွှဲရွှဲ နဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှင်းပြတယ် ။
ကိုယ်တော် က ...
“ ဟယ် ... မဟုတ်တာ ”
ဆိုပြီး ကျွန်တော်တို့ အနား အသေအချာ ကပ် ကြည့်တယ် ။ ပြီးမှ ...
“ အာ ... ဘယ်နှယ့် မြေဖုတ်ဘီလူး ဖမ်းစား ရ မှာ လဲ ။ ဒီကောင် တွေ ပဒိုင်းသီး ထိ လာပြီး ရူး လာကြတာ ။ ဟိုကောင် ပယောဂဆရာ ... မင်း ပေါက်တတ်ကရတွေ လျှောက်ပြော လျှောက်လုပ် မနေနဲ့ ”
ဆိုတော့ မှ အားလုံး ဟားကနဲ ဟင်ကနဲ ဖြစ် ကုန်တယ် ။
“ ဒါ ... ဒါဆို သူတို့ ကို ဘယ်လို လုပ်ရမှာလဲ ဟင် ”
“ ဘယ်လိုမှ လုပ် မနေနဲ့ ၊ ဒီအတိုင်း သာ အိပ် ပျော်အောင် သိပ် ထားလိုက် ။ နောက် နေ့ မနက် ဆို သူ့ အလိုလို ကောင်းသွား လိမ့်မယ် ”
ဆရာတော် မိန့် မှ ကိစ္စ က ရှင်းတော့တယ် ။ အဲဒီတော့မှ ...
“ ဟင် ... မိဘတွေ ကို ဒုက္ခ ပေးတဲ့ ကောင်တွေ လာခဲ့ ”
ဆိုပြီး ကျွန်တော်တို့ ငါးယောက် လုံး ကို အိမ် တိုင် မှာ ကြိုးချည်ပြီး တစ်ရက် ဖမ်းချုပ် ထား လိုက်ကြတယ် ။
အဲဒီနေ့က ဘာဖြစ်လို့ ဖြစ်တယ် ကို မသိတော့ပါဘူး ။ နောက် တစ်နေ့ ကျတော့ မှ သတိ က သူ့ အလိုလို ပြန် လည် လာတယ် ။ ဒါပေမယ့် မျက်လုံးတွေ က ဘာမှ ကြည့်လို့ မရဘူး ။ အားလုံး အရုပ်တွေ က နှစ်ထပ် ဖြစ် နေတယ် ။ စာ ဆို လုံးဝ မမြင်ရတော့ဘူး ။ မနေ့က ဖြစ်ပျက်ခဲ့တာတွေ ကို လည်း ဘာမှ မမှတ်မိတော့ဘူး ။ ဆရာဝန် ဆေး ထိုးတာ ၊ ပယောဂဆရာ ကြိမ် နဲ့ ဆွဲတာ ၊ ဘာ တစ်ခု မှ သတိ မရဘူး ။ ခန္ဓာ ကိုယ် တစ်ခုလုံး ကိုက်ခဲ နာကျင်ပြီး ခေါင်းတွေ နောက် နေတယ် ။ ဒုက္ခ ကြီးပုံ ပြောပါတယ် ။ တကယ် ။
“ မွန်အဘိုးကြီး ဦးထောပိုင် ကောင်းမှု နဲ့ ပဒိုင်းသီး စားပြီး တစ်ရက် တော့ ရူးဖူး ရဲ့ ”
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment