Wednesday, February 8, 2023

မွေးနေ့ မနက်ဖြန်


 

❝ မွေးနေ့ မနက်ဖြန် ❞

ကျွန်တော့် ရှေ့မှာ ရှိ နေတဲ့ မွေးနေ့ကိတ် ဟာ စားပွဲ တစ်လုံးစာ လောက် ကြီး တယ် ။ ပြောရင် ယုံမလား ။ လှချက်ဗျာ ၊ နှင်းဆီပွင့် ပန်းရောင်တွေ အဆုပ်ဆုပ် နဲ့ ချောကလက်မှုန်လေးတွေ ကြဲ ထားတာ အိမ်မက်ထဲ က ပန်းခင်းကြီးအတိုင်းပဲ ၊ နှင်းဆီခင်းကြီး ထဲ မှာ အပျော်လွန် လိပ်ပြာ တစ်ကောင် က တော့ ကျွန်တော် ကိုယ်တိုင် ပဲ ပေါ့ ။ ဖရောင်းတိုင်တွေ စိုက် ထားတာ ကျွန်တော် ရေ ကြည့်တယ် ။

တစ် နှစ် သုံး လေး ငါး အတိအကျပဲ

“ ကျွန်တော့် အသက် ဒီနေ့ ငါးနှစ် ပြည့်ပြီ လေ ”

ဒီ မွေးနေ့လေး ကျွန်တော် မှတ်မိ နေတာက အမေ နဲ့ နောက်ဆုံး တွေ့ရတဲ့ နေ့ မတိုင်ခင်လေး မှာ အမေ က သေသေချာချာ သင် ပေးခဲ့လို့ပါ ပဲ ။ မမြင်ဘူးခဲ့ တဲ့ အဖေ့ နာမည် ၊ အမေ့ နာမည် ၊ ကျွန်တော့် နာမည် နဲ့ မွေးနေ့တွေ ကို အထပ်ထပ် အခါခါ ရွတ်ခိုင်း နေတာ ဘာကြောင့် မှန်း မသိပေမယ့် ကျွန်တော် ရွတ် ပြရင် အမေ က

“ ငါ့ သားလေး က မှတ်ဉာဏ် ကောင်းတယ် တော်လိုက်တာ ကွယ် ” ဆိုပြီး ချီးမွမ်းတာလေး သဘော ကျ လို့ ခဏခဏ ရွတ်ပြရင်း နဲ့ မမေ့တော့ တာ ပါ ။

တစ်နေ့တော့ အမေ က အင်္ကျီ အသစ် တစ်ထည် ယူ လာပြီး ဝတ် ပေးတယ် ၊ ပြီးတော့ “ သွားကြရအောင် ” တဲ့

ဘယ်ကိုလဲ တော့ မသိဘူး ၊ အင်္ကျီအသစ် နဲ့ လမ်း ထွက် ရတော့ ကျွန်တော် တော်တော်လေး ပျော်နေတာ မှတ်မိသေးတယ် ။

တကယ်က အဲ့ဒီ နေ့ ကို ကျွန်တော် ဘယ်လို မှ မေ့ မရခဲ့တာပါ ။

     •••••   •••••   •••••   •••••

လိုင်းကား စီးပြီး သွား ရတာ တော်တော်လေး ဝေး လားတော့ မသိပါဘူး ။ ကျွန်တော် အိပ်ပျော် သွားတယ် ။ အမေ က အတင်း ပွေ့ချီ မှ ကျွန်တော် နိုးလာတယ် ၊ အိပ်ချင်မူးမူး နဲ့ အမေ့ ပခုံးပေါ် ခေါင်း မှီရင်း သန့်ရှင်း သပ်ရပ်တဲ့ လမ်းလေး အတိုင်း လျှောက်လာ ခဲ့ ကြတယ် ။ အဲ့ဒီ ရွာလေး နာမည် က ချမ်းသာကုန်း ခရစ်ယန် သာသနာပြုရွာလေး ဆိုတာ နောက်တော့ မှ ကျွန်တော် သိ ရတယ် ။

ရွာ ထဲ မှာ အိမ်တွေ က အကြီးကြီးတွေ ၊ ပန်းပင်ရောင်စုံတွေ နဲ့ သိပ် လှပြီး ကျယ်ဝန်း တဲ့ အိမ်ဝိုင်းကြီးတွေ မြင် ရတော့ ကျွန်တော် အံ့ဩသွားတယ် ။ သူတို့ အိမ် တွေ နားမှာ ဘာ အနံ့အသက် မှ ရှိမနေပဲ ပန်းနံ့လေး သင်းနေတာ ကျွန်တော် သတိ ထား မိတယ် ။

သူတို့ အိမ်တွေ နား မှာ အမှိုက်တွေ မရှိဘူးဗျ ။ အိမ် ဆိုတာ အမှိုက်ပုံကြီး ဘေး က ပီနံအိတ်တွေ ကာ ၊ ဝါးကြမ်ခင်း ၊ ပလပ်စတစ်တွေ မိုး ထားတာ လို့ သိထား တဲ့ ကျွန်တော့ အတွက် တော့ အရာရာဟာ နတ်ဘုံနတ်နန်း တမျှ လှပခန့်ညား နေတာ ပါပဲ ။ တစောင်း စီ ထားတဲ့ အုတ်ခဲအနီ နဲ့ အစိမ်း ကြား က ပန်းပင်ပုလေး တွေ နောက် က ကောင်မလေး တစ်ယောက် ခိုးခိုးခစ်ခစ် ရယ်မောပြီး သုံးဘီးဆိုင်ကယ်လေး မောင်း ရင်း ကွန်ကရစ်လမ်းလေး အတိုင်း ထွက် လာတယ် ။ သူ့ နောက် ကနေ အဖိုး တစ်ယောက် နဲ့ အဖွား တစ်ယောက် စိုးရိမ် ပူပန်တဲ့ မျက်နှာတွေ နဲ့ ပြေး လိုက်နေတာ တွေ့တော့ သူတို့ ကြည်နူး နေတာ ကို ကျွန်တော် အားကျ လိုက်တာ ဗျာ ။

ကျွန်တော့် မှာ အရင်းနှီးဆုံး အမျိုး ဆိုလို့ အမေ တစ်ယောက် ပဲ ရှိတာပါ ။ အမေ တစ်ယောက် သား တစ်ယောက် ဘဝ မှာ အမေ က ကျွန်တော့် ကို ထားခဲ့မယ် လို့ ဘယ်သူ က ထင်မှာလည်း နော့ ၊ ဒါပေမဲ့ အမေ ကျွန်တော့် ကို တကယ် ထား သွားခဲ့ ပါတယ်  ။

     •••••   •••••   •••••   •••••

ရွာလမ်းလေး အတိုင်း တော်တော်လေး လျှောက် မိတော့ ကျွန်တော် နေခဲ့ရ မယ့် စိန့်ပီတာလူငယ် စောင့်ရှောက်ရေး ကျောင်း ကို ရောက်တယ် ။ ကျောင်းဝိုင်းကြီး က အကျယ်ကြီးပဲ ။အဆောက်အဦ အကြီးကြီးတွေလည်း အများကြီးပဲ ။ ရောင်စုံပန်းပင် တွေ ၊ မြက်ခင်းစိမ်းစိမ်းတွေ ခြောက်ခြောက်သွေ့သွေ့နဲ့ ပြေးလွှားဆော့ ပစ်ချင်စိတ် ပေါက် သွားတယ် ။ ကျွန်တော် နေခဲ့တဲ့ အရပ် နဲ့ တော့ တခြားစီပါပဲ ။ ခြေ တစ်လှမ်း စာ အုတ်ကျိုး ခင်း ထားတဲ့ လမ်းလေး နဲ့ တစ်ချို့ နေရာတွေ ဆို ဝါးနှစ်လုံး ပူး ချီ ပြီး ချထား သေးတယ် ။ အောက် မှာ တော့ မဲညစ် နံစော် နေတဲ့ ရေတွေ ဟာ အမြဲတမ်း အဝင်အ ထွက် မရှိ ငြိမ် နေတယ် ။ လူ လာရင် ရုတ်ခနဲ ထ ပျံ တတ်တဲ့ ခြင်တွေ က မဲမဲလှုပ် ပေါ သေးတယ် ။

ကျွန်တော့် သူငယ်ချင်းတွေ ဟာ ကျွန်တော့် လို ဗိုက်ပူလေးတွေ ပဲ ။ အင်္ကျီ ဘောင်းဘီ မရှိကြဘူး ။ ကျွန်တော် လည်း အတူတူပါပဲ ။ တစ်ခါတစ်လေ မှ အင်္ကျီ ဝတ်ဖူးတာပါ ။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် မျက်နှာသစ် သွားတိုက် ရမယ် ရေချိုး ရမယ် လို့ ဘယ်သူ က မှ သင် မပေးဖူးပါဘူး ။ မိုး ရွာတဲ့ နေ့ ဆိုရင်တော့ ကျွန်တော် တို့ အားလုံး ပျော်ပျော်ပါးပါး ရေ ချိုးကြ ပါတယ် ။ ထမင်း ဘယ် အချိန် စားလဲ မမေး နဲ့ ထမင်း ရှိတဲ့ အချိန် စားပြီး မရှိတဲ့ အချိန်ဆို မုန်ချပ်လေးတွေ စားပြီး ရေသောက် အိပ် ကြရတာပါပဲ ။ ကျွန်တော့် အမေ က တော့ ကျွန်တော့် ကို ထမင်း ဂရုတစိုက် ကျွေး တတ် ပါတယ် ။ ဒါပေမဲ့ တခါတရံ အမေ နေမကောင်း တဲ့ အချိန်တွေ ဆိုရင်တော့ ကျွန်တော် လည်း သူတို့ လို မုန့်ချပ်လေးတွေ စားပြီး နေရတာပါပဲ ။

     •••••   •••••   •••••   •••••

ကျောင်း ထဲ ကို ရောက်တော့ မာမီကြီး တို့ နဲ့ စကားတွေ ပြောရင်း အမေ ငို နေ တယ် ။ ကျွန်တော် သိတာက အမေ နေမကောင်းလို့ ငိုနေတယ် လို့ ထင်တာ ။ စာရွက် မှာ အမေ ဘာတွေ ရေး နေလဲတော့ မသိပါဘူး ပြီးတော့ မှ

“ သား ဗိုက်ဆာပြီလား .. မာမီကြီး က သား ကို ထမင်း ကျွေး မယ်တဲ့ လိုက်သွားနော် သား ”

ထမင်း ဆိုမှ ကျွန်တော် ထမင်း မစားရတာ တော်တောလေး ကြာနေပြီ ဆိုတာ သတိရ သွားတယ် ။ အမေ နေမကောင်း ဖြစ်တာ နည်းနည်း ကြာ နေပြီ လေ ။ ညည ဆို ချောင်းတွေ တအား ဆိုးတယ် ။ ကျွန်တော် လန့် နိုးသွားတဲ့ အခါ အမေ့ ကို ကြည့် လိုက်ရင် အမေ ပါးစပ် ထဲ က သွေးတွေ အန်ထုတ် နေတာ မြင်ဖူးတယ် ။

အမေ ဈေးရောင်း မသွားနိုင် လို့ ထမင်း မစားရတဲ့ နေ့တွေ ဆို မုန့်ဝိုင်းလေး တစ်ခု နှစ်ခု စား ရေ သောက်ပြီး အိပ်လိုက်တာ ပါပဲ ။ ခုလည်း မနက် ကတည်း က ဘာမှ မစားရသေးတာ သတိ ရပြီး ဝမ်းသာအားရ လိုက်သွား မိ တာပါ ။ ထမင်းတွေ အားရပါးရ စားပြီး မာမီကြီး ပေးတဲ့ မုန့်ထုတ်လေး အမေ့ ကို ကျွေး ဖို့ ချန်ထားတာလေး ကိုင်ပြီး အမေ့ ကို လိုက် ရှာတာ ဒီနေ့ ထိ မတွေ့ တော့ပါဘူး ။ ဒီလိုမှန်း သိရင် ထမင်း လိုက် မစားပါဘူး ၊ ငိုလိုက်ရတာ ဗျာ ။ သား ထမင်း မစားဘဲ တစ်ရက် နှစ်ရက် လောက် တော့ နေနိုင်ပါတယ် ။ မုန့်ဝိုင်းလေး စားပြီး ရေ သောက် လိုက်ရင် သား ဗိုက်မဆာ တော့ပါဘူး အမေ ။

“ အမေ သား ကို ပြန်လာခေါ်ပါတော့ ”

     •••••   •••••   •••••   •••••

ကျွန်တော် နေ့တိုင်း ထမင်း သုံးခါ အချိန် မှန်မှန် စား ရတယ် ။ ဟင်းတွေ နဲ့ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်း စား ရပါတယ် ။ စောင်တွေ ၊ ခေါင်းအုံးတွေ နဲ့ နွေးနွေးထွေးထွေး အိပ်ရပါတယ် ၊ နေ့တိုင်း ဆပ်ပြာမွှေး နဲ့ မာမီကြီး က ရေချိုး ပေး တယ် ။ သန့်ရှင်းနူးညံ့တဲ့ အင်္ကျီဘောင်းဘီတွေ ဝတ် ရတယ် ၊ ရေချိုးပြီး သနပ်ခါး လေးများ လူး ထားရင် ဟို အစ်ကို က နမ်း ဒီ အစ်ကိုက ချီပိုးသွား နဲ့ ကျွန်တော့် ကို အားလုံး က ဝိုင်း ချစ်ကြပါတယ် ။ ည ရောက်ရင် အခန်းအကျယ်ကြီး မှာ အကိုတွေ အများကြီး နဲ့ အတူ အိပ်ရတယ် အမေ ။ ဒါပေမယ့် အမေ့ ကို လွမ်းလို့ နေ့တိုင်း ငို နေ မိတယ် ။ ငိုရင်း မောပြီး အိပ်ပျော် သွားရင်တောင် အိပ်မက် ထဲ မှာ လည်း အမေ က ကျွန်တော့် ကို ထားပြီး ထွက်သွားတာ မှုန်မှုန်လေးပဲ မြင်ရတော့တယ် ။ အိပ်ရာ က လန့် နိုး ပြီးရင်လည်း ငိုရတာပါပဲ ။ အဲ့ဒီလို ညမျိုး ဆိုရင် မာမီကြီး က သူ့ ရင်ခွင်နွေးနွေး လေး ထဲ ပွေ့ ထားပြီး ဓမ္မသီချင်းလေး ညည်းရင်း ချော့သိပ် ခဲ့တယ် ။ ကျွန်တော် အရမ်း ဝမ်းနည်းပြီး ငိုလွန်းရ င် ရင်ထဲမှာ မွန်းကျပ် မောလာပြီး ဟိုး အမှောင် ထဲ ကို ပြုတ်ကျ သွား တတ်တယ် ။ သတိ ပြန်ရပြီ ဆိုရင် ခြေတွေလက်တွေ မလှုပ်ရှား နိုင်တော့ ဘူး ။ ဆရာဝန် က ဆေးထိုး ပေးပြီး လေးငါးရက် လောက် နေမှ ပြန်ပြီး လမ်းလျောက် လို့ ရတော့တယ် ။

ဒီလိုနဲ့ ငိုလိုက် ၊ အိပ်လိုက် ၊ စာတွေ သင်လိုက် ၊ ကဗျာတွေ ရွတ်လိုက် ၊ ဓမ္မသီချင်းတွေ ဆိုလိုက် နေလာ ခဲ့ရတယ် ။ ဒီ ကျောင်း ကို ရောက်မှ ကျွန်တော် ဘုရား သခင် နဲ့ ဓမ္မသီချင်းတွေ ကြားဖူးတာ ဗျ ၊ ဓမ္မသီချင်း ဆိုရတာ ကျွန်တော် အကြိုက် ဆုံးပဲ ။ ဓမ္မသီချင်း တွေ ဆို နေရင်း အမေ့ ကို ခဏ မေ့ထားလို့ ရတယ်လေ ။ ကျွန်တော် ဒီ ကျောင်း ကို ရောက်တာ နှစ်နှစ် ကျော်ခဲ့ပြီပေါ့ ဗျာ ။ မနက်ဖြန် တော့ အမေ လာခေါ်မှာ ပါ လို့ အားတင်း ထား ခဲ့ရတာပါ  ။

     •••••   •••••   •••••   •••••

နှစ် နှစ် ဆိုတာ တကယ်တော့ အကြာကြီး ပါ ပဲ ။ ကျွန်တော့် မွေးနေ့ တောင် နှစ်ခါ လုပ်ပြီးပြီ ခင်ဗျ ။ ပထမဆုံး မွေး နေ့ လုပ်တော့ ဒီ ကျောင်း ကို ရောက်ပြီး သိပ် မကြာ ခင် မှာ လုပ်တာ ။ အဲ့ဒီတုန်း က ဘာမှ မသိသေးပါဘူး ။ အစ်ကိုတွေ က မွေးနေ့ ကိတ် သေးသေးလေး မှာ ဖရောင်းတိုင် သုံးတိုင် စိုက်ပြီး မီးထွန်း ပေးထားတယ် ။ “ မှုတ်လိုက် မှုတ်လိုက် ” ဆိုလို့ မှုတ်လိုက်တာပဲ ၊ သူတို့ က Happy Birthday သီချင်း ကို သံပြိုင် ဆိုကြတော့ ကျွန်တော် လည်း ရောယောင်ပြီး လက်ခုတ်တွေ တီးတာပေါ့ ၊ တော်တော်တော့ ပျော်စရာ ကောင်းတယ် ။ မာမီကြီး က ကျွန်တော်တို့ ညီအစ်ကိုတွေ အားလုံး ရဲ့ မွေးနေ့တွေ မှာ အမြဲ အမှတ်တရ လက်ဆောင်တွေ ပေး တတ်တယ် ။ ကျွန်တော့် ရဲ့ ပထမဆုံး မွေးနေ့မှာ သူ ကိုယ်တိုင် ထိုးထားတဲ့ သိုးမွေးအင်္ကျီလေး ဝတ် ပေးတယ် ။ ကျွန်တော့် ရဖူးတဲ့ ပထမဆုံး မွေးနေ့လက်ဆောင်လေး ပေါ့ ။ ဒီ ကျောင်း ကို ရောက်ခဲ့တဲ့ အချိန်တွေ ထဲ က အပျော်ဆုံး အချိန်လေး တစ်ခု ပါ ။

ကျွန်တော့် မွေးနေ့ က ခရစ္စမတ်အကြို နေ့လေ ။ အနွေးအင်္ကျီ အသစ်လေးနဲ့ ဟန်ကျ နေတာပေါ့ ။ အစ်ကိုတွေ က လည်း အရုပ်တွေ လက်ဆောင် ဝိုင်း ပေးကြတယ် ။ တစ်ကျောင်းလုံး မှာ ကျွန်တော် အငယ်ဆုံး ဗျ ၊ အစ်ကိုတွေ အားလုံး က အငို သန် လို့ ဆို သနားပြီး ဝိုင်း ချစ်ကြတယ် ။ နောက် တစ်နှစ် မွေးနေ့ ရောက်တော့ ကျွန်တော် လူလည် ဖြစ် နေပြီ ၊ ဖယောင်းတိုင် လည်း မှုတ် တတ်ပြီ ၊ ဆုတွေလည်း တောင်းတတ် နေပြီ ။

“ အမေ သား ကို မနက်ဖြန် လာ ခေါ်ပါစေ ... ”

     •••••   •••••   •••••   •••••

မာမီကြီး က “ ဒီနေ့မွေးနေ့ပွဲ ရှိတယ်ဟေ့ ” ဆိုတော့ ထိတ်ကနဲ ဝမ်းသာ သွားတယ် ။ ဒီနေ့ ကျွန်တော့် မွေးနေ့ လေ ။ အစ်ကိုတွေ အားလုံး ရေချိုး သန့်စင်ပြီး အဝတ်စား သပ်သပ်ရပ်ရပ် ဝတ်ထားကြတယ် ။ ခရစ်စမတ်ပွဲ ကလည်း နီးပြီ မို့ အင်္ကျီအသစ်လေးတွေ ကိုယ်စီ လက်ဆောင် ရ ထားကြတာမို့ အားလုံး အင်္ကျီ အသစ်
လေးတွေနဲ့ ပျော်ရွှင် နေကြတယ် ။ “ အလှူရှင် ရှိတယ်ကွ ” လို့ အစ်ကို တစ်ယောက် က တိုးတိုးလေး အသိ ပေးတော့ အားလုံး ပျော် နေ ကြတယ် ။ အစားသောက် ကောင်း ကောင်း စားကြရတော့မယ် လေ ။ နေ့တိုင်းလည်း ကောင်းကောင်း စားကြရပါတယ် ၊ ဒါပေမယ့် အလှူရှင် ရှိတဲ့ နေ့ဆို ထူးထူးဆန်းဆန်းလေး စားကြရတယ်လေ ။ ကျွန်တော်တို့ ထမင်းစားခန်း ဟာ အံ့မခန်းမွေးနေ့ အခမ်းအနားကြီး ဖြစ်နေတယ် ။ ရောင်စုံဘောလုံးတွေ ၊ ဖဲကြိုးလိမ်လိမ်လေးတွေ ၊ ရောင်စုံပန်းတွေနဲ့ အရမ်း လှနေ တယ်ဗျာ ။ မွေးနေ့ကိတ်ကြီး ကို မြင်တော့ ကျွန်တော်တို့ အားလုံး ပျော်သွားကြတယ် ။ ဖရောင်းတိုင်လေးတွေ မီးညှိပြီး ချိန် မှာ မွေးနေ့သီချင်း ကို သံပြိုင်ညီညီ ဆိုလိုက်ကြ တယ် ။ ကျွန်တော် စိတ်တွေ အရမ်း လှုပ်ရှား နေတယ် ။ သီချင်းသံ ဆုံးသွားမှန်း ကို မသိလိုက်ဘူး ။ အားလုံး လက်ခုတ်တွေ တီး လိုက်တော့မှ ကျွန်တော် ဖယောင်းတိုင် မှုတ် ဖို့ သတိ ဝင်လာတယ် ။ မီး မှုတ်ဖို့ အားယူ နေတုန်း မှာပဲ ကျွန်တော့် ထက် ထွားပြီး ကျွန်တော့် ထက် သွက်တဲ့ ကောင်မလေး က ခုန်ပေါက်မြူးတူး ရင်း မှုတ် ပစ်လိုက်တယ် ။

“ တယ် ..... ဒီ ကောင်မလေး တော့ နာတော့မယ် ”

ကျွန်တော် ဖယောင်တိုင်မီး လု မှုတ်သွားတဲ့ ကောင်မလေး ကို ကြိမ်းဝါးရင်း စိုက် ကြည့်လိုက် သေးတယ် ။ သိပ်ကြာကြာ စိတ် မဆိုးအားပါဘူး ၊ အဲ့ဒီ ကောင်မလေး က အရုပ်တွေ နဲ့ လက်ဆောင်တွေ လိုက် ဝေ နေတာနဲ့ သူ့ ကို စိတ်ဆိုးဖို့ မေ့သွားတယ် ။ အစ်ကိုတွေ အားလုံး လည်း ပျော်နေကြတယ် ။ ကိတ်မုန့်ကြီး က လှသလောက် စားလို့ လည်း အရမ်း ကောင်းတာပဲ ၊ ပန်းနုရောင်ဂါဝန် နဲ့ မျက်လုံးနက်နက် ၊ ဆံပင်နက်နက် နဲ့ ကောင်မလေး နာမည် ကို “ ဆိုဖီယာ ” လို့ ကျွန်တော် ကြား လိုက်တယ် ။ ဆော့ လိုက်တာ ပြေးလွှား နေရတာ မမောတဲ့ အတိုင်းပါပဲ ။ ကျွန်တော် သူ့ လောက် မဆော့နိုင်တာ သေချာတယ် ။ မျက်နှာ တစ်ခုလုံး ကိတ်မုန့်ခရင်မ်တွေ ပေပွ နေတဲ့ အထိ အားရပါးရ စားပြီး ရယ်ရွှင်မြူး နေတာ တခစ်ခစ် နဲ့ ။ ကျွန်တော် သူ့ လောက် မရယ်မောခဲ့ဘူးပါဘူး ။ ငေး ကြည့် နေတဲ့ ကျွန်တော့် အနား ကို လာပြီး ကျွန်တော့် မေးအောက် ကို လက်ညှိုး နဲ့ တို့ ပြီး ပြတယ် ။ သူ့ လက် မှာ ခရင်မ်တွေ အတုံး လိုက် ကပ်ပါလာတာ တွေ့တော့ ကွန်တော် နည်းနည်း ရှက် သွား တာပေါ့ ။ ကျွန်တော် ရှက်နေတာ ကြည့်ပြီး ရယ်မော ရင်း နဲ့ သူ့ လက်ညှိုး သူ ပြန်စုပ် ပြီး ထွက်ပြေး သွား ပြန်ရော ။ မကြုံစဖူး ကျွန်တော့် မွေးနေ့ ဟာ တော်တော်လေး ပျော်စရာ ကောင်းခဲ့ပါတယ် ။ အားလုံးလည်း ပျော် နေကြ ပါတယ် ။ အဲ့ဒီ နေ့ က ကျွန်တော် လည်း နေ့ တစ်နေ့ခင်း လုံး အပျော် လွန်ပြီး ဆော့ပစ် လိုက်တာ တော်တော် မောသွားတယ် ။ ခြေလက်တွေ တောင် မသယ်ချင်တော့ဘူး ။

     •••••   •••••   •••••   •••••

ည ၇ နာရီ ဆို နည်းနည်းတော့ မှောင် လာပြီ ပေါ့ ။ ဒီ အချိန် ဆို ကျွန်တော့် ရင် ထဲ မှာ အမေ့ ကို သတိရတဲ့ စိတ်တွေ နဲ့ တင်းကျပ်ကျပ် ခံစားမှုတွေ ကြောင့် အမြဲ မောကျပ် နေတာပါပဲ  ။

“  ကျွန်တော် မျှော်လင့် နေတဲ့ မနက်ဖြန် ကို ရောက်ရင် အဲ့ဒီ မနက်ဖြန် ဟာ ဒီနေ့ ပဲ ပြန်ပြန် ဖြစ် နေတယ် ”

ကျွန်တော် ခေါင်း နည်းနည်း မူး နေလို့ အိပ်ချင် နေတယ် ။ ဒါပေမဲ့ မာမီကြီး က ဖရောင်းတိုင် တစ်ယောက် တစ်တိုင် စီ လိုက် ဝေ ပေး တော့ ကျွန်တော် သိပါ တယ် ။ ဒီအချိန် ဆို ဝတ် တက်ရမှာ ။ ဒါပေမယ့် ကျောင်း ထဲ မှာ မဟုတ်ဘူး ။ ဘယ် အိမ် က များ ဓမ္မသီချင်း ဆိုဖို့ ဖိတ်ထားလဲ မသိဘူး ။ တွေးရင်းပဲ အစ်ကိုတွေ နောက် က မလှမ်းချင် လှမ်းချင် လိုက်လာ ခဲ့ ရတယ် ။ ကျွန်တော် ဒီ အိမ် ကို ကောင်းကောင်း သိ တာပေါ့ ။ ကျွန်တော် အားကျခဲ့တဲ့ မိသားစုတွေ ရှိတဲ့ အိမ် လေ ။ ပန်းပင်တွေ နဲ့ မြက်ခင်းစိမ်းစိမ်းကြီး ကို ကွေ့ဝိုက်ပြီး ခင်း ထားတဲ့ ကွန်ကရစ်လမ်းလေး နဲ့ ချစ်စရာ တိုက်ပုလေး ရှိတဲ့ နေရာပေါ့ ။ ခြံတံခါးဝ ပန်းပေါင်းမိုးလေး ပေါ် က ထားဝယ်မှိုင်းပင်ကြီး မှာ ရောင်စုံပန်းတွေ အဆုတ်လိုက် အခဲလိုက် ပွင့် နေကြတယ်  ။ ပန်းရနံ့ တွေ က လည်း ချိုအီ နေတာပဲ ။

ကျွန်တော်တို့ ခြံဝင်းကျယ်ကြီး ထဲ ရောက်တာနဲ့ ထွန်းထားတဲ့ မီးရောင်စုံ တွေ ရုတ်တရက် ငြိမ်းသွားတယ် ။ ကျွန်တော်တို့ မိဘမဲ့ ကျောင်းသားလေး တွေ ကိုင် ထားတဲ့ ဖရောင်းတိုင် မီးလေးတွေ ဟာ စီစီညီညီ ယိမ်းထိုး လှုပ်ရှားနေတာ ကို မှောင် နေတဲ့ အိမ်ကြီး ထဲ က မိသားစုတွေ ငြိမ်ပြီး ကြည့် နေကြတယ် ။ ရှေ့က ဂစ်တာ တီး တဲ့ အစ်ကိုကြီး က တိုင်ပင် စ ပေးတာ နဲ့ တီးလုံးသံ နဲ့အတူ “ Happy birthday ဆိုဖီယာ ” လို့ သံပြိုင် ဆိုလိုက်ကြတော့ မှ ဒီနေ့ ဟာ ဆိုဖီယာ ရဲ့ မွေးနေ့ ဆိုတာ သိလိုက် ရတယ် ။ အဆန်းတကြယ် တိုက်ဆိုင်မှု ပါပဲ ။ မွေးနေ့တူ ကျွန်တော် တို့ နှစ်ယောက် ရဲ့ ကံကြမ္မာ ဟာ ဘာလို့ ဆန့်ကျင်ဘက် ဖြစ်နေရတာလဲ ။ တောက်တောက် ပပ ရွှေမင်းသမီးလေး နဲ့ မဲမဲကျပ်ကျစ် ပရစ်လေး တို့ ရဲ့ ဘဝ နှစ်ခု ကို နှိုင်းယှဉ် ကြည့် မိတယ် ။

သူတို့ ဓမ္မသီချင်း ဘယ် နှစ်ပုဒ် ဆက် ဆိုကြသလဲ ကျွန်တော် ဘာမှ မကြားတော့ဘူး ။ လက်ခုတ်သံတွေ နဲ့ “  ဟာလေလူယာ ” လို့ ဘုရားသခင် ကို တိုင်တည် ပြီး ချိန် မှာ တော့ ကျွန်တော့် လက် ထဲ က ဖယောင်းတိုင် မီးလေး ငြိမ်း သွား ခဲ့ပါပြီ ။ အုတ်တိုင်လေး မှီရင်း ခြေထောက်တွေ ဟာ ထောက်မတ် မထား နိုင်အောင် အားအင်တွေ ချည့်နဲ့ လာတယ် ။ ဘေးနား က အစ်ကို တစ်ယောက် လှမ်း ဆွဲထား လိုက် လို့ ပြိုလဲ မသွားပေမယ့် ကျွန်တော် အမှောင် ထဲ ကို ပြုတ်ကျ သွားပါ တော့တယ် ။

ပွေ့ထားတဲ့ အစ်ကို ရဲ့ရင်ခွင် ထဲ ကနေ ကျွန်တော် အားတင်း ပြီး ရုန်းထွက် လိုက်ပါတယ် ။ အံဩစရာ ကောင်းအောင် ပေါ့ပေါ့ပါးပါးလေး လွင့်မျော သွားတယ် ။ ကျွန်တော် ပြန် လှည့် ကြည့်တော့ အစ်ကိုကြီး နှစ်ယောက် က ကျွန်တော့် ကို အသာ ပွေ့ ခေါ် သွားကြတယ် ။ ကျန်တဲ့ အစ်ကိုတွေ က ဟန် မပျက် ဓမ္မသီချင်းတွေ ဆက် ဆို နေကြတယ် ။

“  ဆိုဖီယာ  ”

ဆိုတဲ့ ကောင်မလေး က တော့ ဘာမှ သိပုံ မရပါဘူး ။

     •••••   •••••   •••••   •••••

ကျွန်တော့် ကို ပွေ့ခေါ် သွားတဲ့ အစ်ကို နှစ်ယောက် က ခတ်သုတ်သုတ် ကျောင်း ထဲ ပြန် သွား နေကြတာကို နောက် ကနေ လိုက် ကြည့် နေ မိတယ် ။ အစ်ကို တစ်ယောက် က ရုံးခန်း ဘက် ကို ပြေး သွားတယ် ။ ကျွန်တော့် ကို ပွေ့ ထားတဲ့ တစ်ယောက် က ကျွန်တော့် ကို ကုတင် ပေါ် အသာ ချပြီး ခြေလက်တွေ နှိပ်ပေးရင်း သက်တောင့် သက်သာ ဖြစ်အောင် ပြုစု ပေး နေတယ် ။ ခဏ နေတော့ မာမီကြီး ရယ် ၊ ဖာသာ နဲ့ ဆရာဝန် တို့ အပြေး ရောက်လာ ကြတယ် ။ ဆရာဝန် က ကျွန်တော့် ကိုယ် အနှံ့ ဟိုစမ်း သည်စမ်း နဲ့ ဆေးထိုးအပ် ပြင်နေ သလားပဲ ။

မာမီကြီး ကတော့ စိတ် ပူပြီး စိုးရိမ် နေရှာတယ် ။ မာမီကြီး က အစ်ကိုတွေ အားလုံး ထက် ကျွန်တော့် ကို ပို ဂရုစိုက်တယ် ။ ရေချိုး ပေးတယ် ၊ ထမင်းခွံ့ ကျွေးတယ် ၊ ကျွန်တော် ဝမ်းနည်း နေတဲ့အခါ မာမီကြီး ရဲ့ ရင်ခွင် နွေးနွေး မှာ မှေးရင်း အိပ်ပျော်ခဲ့ဖူး တယ် လေ ။ မာမီကြီး ကို တော့ ကျွန်တော် ချစ်ပါတယ် ။ မာမီကြီး ငိုတော့ တစ်ခု ခု ပြောဖို့ ကျွန်တော် အားယူ လိုက်တယ် ။

“ မာမီကြီး ကျွန်တော့် ကို ခွင့်လွတ်ပါ ”

“ မာမီ ... မာမီကြီး ” မျက်လုံး မှိတ်ပြီး တအား အော် လိုက် မှ ကျွန်တော့် အသံ က ထွက် လာတယ် ။ ကျွန်တော် မျက်လုံး ဖွင့်ကြည့် လိုက် တော့ မာမီကြီး မျက်နှာ ကို အရင်ဆုံး တွေ့တယ် ။ ခေါင်းရင်း မှာ ဖာသာ က ဆုတောင်း ပေး နေတယ် ။ အစ်ကိုတွေ က အနား မှာ ဝိုင်းပြီး စိုးရိမ် နေကြတယ် ။ အကို တစ်ယောက် ရဲ့ လက် ထဲ မှာ ပုဂံပြားလေး တစ်ချပ်စာ ကိတ်မုန့်လေး ကိုင် ထားတာ တွေ့ ရတယ် ။ ကိတ်မုန့်လေး ပေါ် ကို ဖယောင်းတိုင်သေးသေးလေး ငါးတိုင် ထွန်းပြီး အစ်ကိုတွေ အာလုံး မတိုး မကျယ် ဆို လိုက်ကြတယ် ။ Happy birthday သီချင်းလေး ပေါ့ ။ ကျွန်တော့် နာမည် ထည့် ဆိုတာ ကျွန်တော် ကြား လိုက်တယ် ။ အခုမှ ကျွန်တော့် မွေးနေ့ပွဲ က စ တာပါ ။

ကျွန်တော် ပြုံးပြီး မာမီကြီး ကို လှမ်း ကြည့်လိုက်တော့ မာမီကြီး နောက် မှာ အမေ့ ကို တွေ့ ရတယ် ။ ကျွန်တော် အားရပါးရ ရယ် ပစ် လိုက်တာ အသံတွေ ပါ ထွက်လို့ ။ ကျွန်တော် ရယ် နေတာ မရပ်တော့ဘူး ။ နေ့လည် က ဆိုဖီယာ ဆိုတဲ့ ကောင်မလေး ပျော်နေတာ ထက် ပိုတယ် ဗျာ ။

“ အမေ သား ကို လာ ခေါ်တာလား ”

“ မာမီကြီးရေ သား ကို ခွင့်လွတ်ပါ ၊ ဖာသာ နဲ့ မာမီကြီး တို့ ကို ကျေးဇူး တင်ပါတယ် ”

“ အစ်ကိုတွေ အားလုံး ကို ကျေးဇူး တင်ပါတယ် ခင်ဗျာ ”

“ ဘုရားသခင် ရဲ့ကျေးဇူးတော် ကို လည်း အောင်းမေ့ပါတယ် ”

ကျွန်တော် အမေ့ ရင်ခွင် ထဲမှာ အမေ့ ကို တင်းတင်း ဖက် ထားရင်း အားလုံး ကို နှုတ်ဆက် တော့ ငြိမ်သက် နေတဲ့ ကျွန်တော့် ခန္ဓာကိုယ် ကို ဝိုင်း ကြည့်ပြီး သူတို့ တွေ ငို နေ ကြတယ် ဗျာ ။

“ ကျွန်တော် မျှော်လင့် နေတဲ့ မနက်ဖြန် ဟာ ဒီနေ့ တော့ တကယ် ရောက်လာခဲ့ပါပြီ ဗျာ ”

◾ မြခွာညို

📖 တစ်ယောက် တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment