သူ့ နောက် မှ ... လာပြီဗျာ ။
ဦးဆယ်ပြား ။ သူ က ဦးရေပြား နဲ့ မိုက် မကိုင်ကြေး အလောင်းအစား လုပ်ထားတာ ဆိုတော့ အပီအပြင် ဆိုမယ် ဆိုပြီး စင်ပေါ် ရွပြီး တက်လာတယ် ။ စင်ပေါ် ရောက်တာ နဲ့ ဝါရင့် အဆိုတော်ကြီးများ လို ပရိသတ် ကို ပိုင်ပိုင်ကြီး ဝေ့ ကြည့်တယ် ။ ပရိသတ် က လည်း သီချင်း တစ်ပုဒ် မှ ကောင်းကောင်း နားမထောင်ရ သေးတော့ ပွဲ က စမှန်း မသိ မစမှန်း မသိ နဲ့ ရွစိစိတွေ ဖြစ် နေပြီ ။
ဦးဆယ်ပြား က ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ မျက်ချေး သုတ်လိုက် ခေါင်း ကုပ်လိုက် လုပ်နေပြီး ... ပြီးမှ ပြုံးပြုံးကြီး နဲ့ ...
“ ကျွန်တော် အခု သီဆိုမယ့် သီချင်းကတော့ ဂုဏ် ... ဆိုတဲ့ သီချင်းဖြစ်ပါတယ် ။ ငွေရှိမှ ဂုဏ်ရှိတယ် ထင်ကြတဲ့ လူတွေ အတွက် ကျွန်တော် ဆယ်ပြားပဲ တန်တဲ့ ဆယ်ပြား က ငွေအကြောင်း ၊ ဂုဏ်အကြောင်း ကို အဆိုအက နဲ့ ဟောဒီလို တင်ဆက်မှာပါ ”
အမှန်တော့ ဒီ သီချင်းမျိုး က ဆိုင်းကြီး ဝိုင်းကြီး နဲ့ ဆိုမှ နားထောင် ကောင်းတဲ့ သီချင်းမျိုးပါ ။ ဒါပေမယ့် မယ်ဒိုလင် တစ်လုံး တည်း ရှိတယ် ဆိုတော့ ဘယ် တတ်နိုင်မှာလဲ ။ တစ်လုံးတည်း နဲ့ ရအောင် ဆိုရတော့မှာပေါ့ ။ တစ်ဖက် က လည်း မိုက် မကိုင်ရဘူး ဆိုတော့ လူ စိတ်ဝင်စားအောင် က ဆိုရမှာကိုး ဗျ ။ ဒီလောက် က တော့ ဆယ်ပြား က ပိုင် ပါတယ် ။ သီချင်း ကလည်း သူ မူးတိုင်း ဆိုပြီး ဖွတ်ဖွတ်ညက်ညက် ကြေအောင် ရထားတဲ့ သီချင်း မဟုတ်လား ။
လာပြီဗျာ ။ ဦးဆယ်ပြား ရဲ့ ဆယ်ပြားတန် ဂုဏ် ။
“ ဂုဏ် ... ဂုဏ် ... ဂုဏ် ... ဂုဏ်ဆိုတာ ငွေ ကို ခေါ်တယ် ... ငွေ ကို သာ ရေလို သုံးရင် တစ်ပြည်လုံး မှာ လုပ်သမျှ တင့်တယ် ... ဂုဏ် ... ဂုဏ် ... ဂုဏ်တဲ့ ဗျာ ”
သူ့ သီချင်းသံ ကြားတော့ နည်းနည်း ရွချင်တဲ့ ကာလသားများ က လိုက် ဆို ပေးတယ် ။ သီချင်း ကလည်း အရက်သမားကြိုက် သီချင်းလေ ။ မယ်ဒိုလင် တစ်လုံးတည်း နဲ့ ဆိုရပေမယ့် ဦးဆယ်ပြား ရဲ့အသံ က စီးပိုင် နေတော့ နားထောင်ရတာ အား ရှိ တာပေါ့ ။
“ ယောက္ခမကြီးက မျက်နှာ ချိုတယ် ... ချစ်မယားက စေတနာပိုတယ် ... ယောက္ခမ ယောက္ခမကြီး က မျက်နှာချိုတယ် ... ကျွန်တော့် မယားက စေတနာ ပိုမယ် ... ငွေ ရအောင်ရှာမယ် ... ငွေ ငွေ ရေလို သုံးမယ် ...သောက်မယ် စားမယ် ပျော်မယ် ပါးမယ် ”
ပရိသတ် နဲ့ ဦးဆယ်ပြား အစပ်အဟပ် ကို တည့် နေတာ ။ ဦးဆယ်ပြား ကလည်း အားရပြီး လက်သီး လက်မောင်း တန်းပြီး နောက် တစ်ကျော့ ပြန် စ လိုက်တယ် ။
“ ဂလုံ ... ဂလုံ ... ဂလုံ ”
“ ဟင် ”
သူ ဆိုတာက ဂုဏ် ပါပဲ ။ ဘယ့်နှယ့် ဂလုံ ဂလုံ အသံ ထွက်သွားတယ် ဆိုတာ မသိဘဲ ဖြစ်နေတယ် ။ နောက် ... အသေအချာ ကြည့်မှ မိုက်စတန်းကြီး က သူ လက်သီးလက်မောင်းတန်း ခုန် က နေတဲ့ ဒဏ် ကို မခံနိုင် တော့ဘဲ စင်ကြမ်းပြင် ပေါ် ပြုတ်ကျ သွားတာ ။ ဦးဆယ်ပြား လည်း အဲဒီတော့မှ အသိ ပြန်ဝင်ပြီး မိုက်ခွက် ကို ကုန်း ကောက်ဖို့ လုပ်တယ် ။ အဲဒီ အချိန်မှာပဲ ဦးရေပြား ရဲ့ ...
“ ဟေ့ကောင် ... ငါးပုလင်းနော် ... ငါးပုလင်း ”
ဆိုတဲ့ အသံ ကြားတော့ ဦးဆယ်ပြား လည်း မိုက်ခွက် ကို ကိုင်မယ့် လက် တွန့် သွားရတယ် ။
ဟုတ်တယ်လေ ။ သူ နဲ့ ဦးရေပြား မိုက်ခွက် မကိုင်ကြေး လောင်းထားတာ ကိုး ။ မိုက်ခွက် ကို ကောက်ပဲ ကိုင် ရမလား ။ မကောက်ဘဲ ထားရမလား ... မဝေခွဲနိုင်တာ နဲ့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ် နေတယ် ။
နောက်မှ ... ဒေါသ ထွက်သွားပြီး ...
“ ဒီလောက် မြင့် စေချင်လို့ စတန်း နဲ့ ထားတာကို မြင့်တယ် ထင်ပြီး ခုန်ချချင် တဲ့ မိုက် ... နင့် ဟာ နင် ကြမ်းပြင် ပေါ် မှာ ပဲ နေရစ်သေရစ်ပေတော့ ... အင်းဟာ ... အင်းဟာ ”
ဆိုပြီး ဖနောင့် နဲ့ ပေါက်ကာ ရှူးရှူး ရှားရှား နဲ့ စင်နောက် ပြေးဝင် သွားတော့တယ် ။
သူ့ ကို ကြည့်ပြီး ဦးရေပြား ကတော့ အောင်မြင်သူ သဖွယ် တဟားဟား ရယ်လို့ ။
“ ဟား ... ဟား ... ဟား ... ရေပြား တု လို့ ဆယ်ပြား ခုန် ဖင်ခွပ်ခွပ် ကျိုးရုံသာ ရှိတော့မှာပေါ့ကွ ... ဟား ... ဟား ... မိုက်ခွက် မကိုင်ဘဲ သီချင်း ဆိုဖို့ ဆိုတာ သဘာ လိုတယ်ကွ ဆယ်ပြား ရ ... ဟဲဟဲ ... မင်း ဆရာ ရေပြား ဘယ်လို ဆိုသွားမယ် ဆိုတာ စောင့်ကြည့်လိုက် သူငယ် ... မိုက်ခွက် ကို ရိုးရိုး မကိုင်ရုံ မကဘူး ... ပါဖောမင့် ဆိုတဲ့ အတတ်နဲ့ ပရိသတ် အသည်း ကို ဘယ်လို လှည့် ချူမယ် ဆိုတာ ကြည့် ... အောင်မာ ရှက်ရမ်း ရမ်းပြီး ဆင်းဖို့ မကြိုးစားနဲ့ဦး ... အဝတ်အစား လာ ချွတ်ပါဦး ... မင့် ကိုကြီး လည်း ဝတ်ရဦးမယ် လေ ကွာ ”
စင် ထောင့် မှာ အရက်ပုလင်းကြီး ပိုက်ပြီး ငူငူကြီး ထိုင်နေတဲ့ အီးတီ ဘက် ကို လည်း လှည့်လို့ ။
“ ဟေ့ကောင် ... အီးတီ ၊ ငါ ပြောထားတဲ့ အတိုင်းနော့ ။ ငါ နိုင်ရင် မင်း ကို နှစ်လုံး ထပ်ပေးမယ် ... ပါဖောမင့် ကို တော့ ပီ ပါစေ ”
ဆိုပြီး အီးတီ ကို ညှိ တယ် ။ အီးတီ က သူ့ ဇက်ကျိုးကြီး ပေါ် တင် ထားတဲ့ ခေါင်းစောင်းကြီး ကို ညိတ် ပြကာ ...
“ ခင်ဗျားကြီး သာ ကတိ တည်ပါစေ ... ကျုပ် တာဝန်တော့ စိတ်ချ ”
ဆိုပြီး ပြန် ဖြေတယ် ။ ဦးရေပြား က အောင်နိုင်သူ လို ပြုံးပြီး ...
“ စိတ်ချစမ်းပါကွာ ... ဦးရေပြား တဲ့ ... ကိုယ် အပေါ် မှာ ဘာမှ ထားတာမ ဟုတ်ဘူး ”
ဆိုပြီး စင်ရှေ့ ကို တစ်လှမ်း ချင်း လှမ်း သွားတယ် ။ အောင်မာ ပြုံးပြုံးကြီး နဲ့ လက် ကို တောင် နောက်ပစ် သွားသေး ။ မယ်ဒိုလင် တီးမယ့် ဇော်ဝိတ် ကလည်း ဦးရေပြား ဘာ လုပ်မှန်း မသိလို့ ကြောင်ကြည့် နေတယ် ။ ဦးရေပြား က ဇော်ဝိတ် ကို သီချင်း စ တီး ဖို့ မျက်ရိပ် ပြ လိုက်တယ် ။ ကိုဇော်ဝိတ် က မိုက်ခွက် ရော ဆိုပြီး လက်ဟန်ခြေဟန် နဲ့ မေးတယ် ။ ဒါကို ဦးရေပြား က ပိုင်ပါတယ် ဆိုတဲ့ အထာမျိုး နဲ့ သီချင်း ကို စ တီး ခိုင်းတယ် ။
သူ တီးခိုင်းတော့ ဟိုလူ ကလည်း ကြောင်တောင်တောင် နဲ့ စ တီး ရတော့တာပေါ့ ။ နောက် မယုံသလို နဲ့ ဦးရေပြား ကို လှည့်ကြည့် လှည့်ကြည့် ဖြစ် နေတယ် ။ ပရိသတ် က လည်း မိုက်ခွက် မပါဘဲ စင် ပေါ် ရပ်နေတဲ့ ဦးရေပြား ကို ကြောင် ပြီး ကြည့်နေ ကြတယ် ။ သီချင်း အဝင်ပိုင်း ကျတော့ ကွက်တိ ဗျား ။ စင်ခေါင်မိုး က နေ မိုက်ခွက်ကြီး ကြိုး နဲ့ ကျ လာပြီး ဦးရေပြား ပါးစပ် ရှေ့ မှာ ငြိမ် သွားတယ် ။
“ ကျေး ... စေ ခိုင်းရမှာ ဖြင့် ရိုးတယ် ထင်တယ် ... ”
ဦးရေပြား ရဲ့ အသံ အသင့် ကျ လာတဲ့ မိုက်ခွက် က နေ ပီပီသသ ကြည်ကြည့်မြမြကြီး ကြား လိုက်ရတော့ ပရိသတ်များ ဝေါကနဲ သဘော ကျ သွားတယ် ။
“ ဒါမှ ... ဦးရေပြား ကွ ”
“ ရေပြားကွ ... ရေပြား ”
“ သားရေပြား ... သားရေပြား ... အဲလေ ”
ဆိုတဲ့ အသံတွေ လည်း စီညံ သွားကြတယ် ။ မယ်ဒိုလင် တီး နေတဲ့ ကိုဇော်ဝိတ် တောင် ဝမ်းသာ သွားတယ် ။ ဦးရေပြား က လည်း အေးဆေးပဲ ။ ပြုံးပြုံးကြီး သီချင်း ကို ဆက် ဆိုနေတယ် ။
“ ပေဖူးလွှာ ... ပေဖူးလွှာ ... အမှာ ပါးရမှာ ဖြင့် ... ဖိုးလမင်း ကို ... ”
မိုက်ခွက် နည်းနည်း နိမ့် သွားတယ် ။ ဦးရေပြား က ခါးလေးကိုင်း ပြီး ဆက် ဆိုတယ် ။
“ ဖိုးလမင်း ကို ... ”
မိုက် က ပို နိမ့် လာတယ် ။ ကြည့် လိုက်တော့ အီးတီ အရက်မူး လွန်ပြီး အိပ်ငိုက် နေတယ် ။ ဒါကို ဦရေးပြား က ခါး ကို ထပ် ကိုင်း ကာ ...
“ ဖိုးလမင်း ကို အောင်သွယ်ခိုင်း ... ရမယ် ”
မည်သို့ပင် ဆိုစေကာမူ ပရိသတ် က ဦးရေပြား ရဲ့ ပါဖောမင့် ကို အကြီးအကျယ် သဘောကျ နေကြတယ် ။ လက်ခေါက်မှုတ်သံတွေ လည်း စီညံ နေတယ် ။ ဦးရေးပြား က ဟန်မပျက် သီချင်း ဆက် ဆိုတယ် ။
“ အောင်သွယ်တော် ... ဖိုးရွှေလမင်းရယ် တိမ်ထဲ ကို ဝင်ကာ မပြေးနဲ့ တောင်းပန်တယ် ”
မိုက်ခွက် က တဖြည်းဖြည်း နိမ့်ဆင်း ပြီး သူ့ ချက်လောက် ရောက် လာတယ် ။ ကုန်း ဆိုဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ။ အီးတီ ကြည့် တော့လည်း တစ်ဖက် က ကြိုးဆွဲ တစ်ဖက် က ပုလင်း ပိုက်ပြီး အိပ်ပျော် နေတာ ဟောက်များတောင် ဟောက်လို့ ။ ဒါနဲ့ပဲ ဟန် မပျက် ဒူးထောက် ထိုင်ပြီး သီချင်း ဆက် ဆိုတယ် ။
“ အောင်သွယ်တော် ... ဖိုးရွှေလမင်း ရယ် တိမ်ထဲ ကို ဝင်ကာမပြေးနဲ့ တောင်းပန်တယ် ... ချစ်သူ့ အဖြေစကား ပြုံးရိပ်လေးများ လမင်း မှာ ရှိတယ် ”
မိုက်ခွက် က ဆိုရင်း ဆိုရင်း ပို နိမ့်လာတယ် ။ ဒူးထောက် ထိုင်လို့ မရတော့တာ နဲ့ တင်ပါးချ ထိုင်ကာ ဒူးတစ်ချောင်း ပေါ် လက် တင် ထားလိုက်ရတယ် ။ ပရိသတ် က တော့ ဦးရေပြားကြီး သီချင်း ဆိုရင်း အိုက်တင် လုပ်နေတယ် မှတ်ပြီး ဝမ်းသာအားရ ကို အားပေး နေကြတယ် ။
“ တွေးရင်း အဖြေရှာ ... မောလှပါပြီ အချစ်ရယ် ”
သူ ဆိုနေတုန်း မှာ ပဲ မိုက်ခွက် က ကြမ်းပြင် နဲ့ ထိဖို့ တစ်ထွာ အကွာ လောက် ထိ ကို နိမ့်ဆင်း လာတယ် ။ ဦးရေပြား ဘယ်လိုမှ ဆက် ဆိုလို့ မရတော့တာမို့ ဘေးတစောင်း လှဲချပြီး အိပ်ရင်း ဆက် ဆိုတယ် ။
“ ဒီတစ်ခါ လမင်း တွေ့ရင် ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါကွယ် ”
ဘေးတစောင်း လှဲပြီး ပိုင်ပိုင်နိုင်နိုင် ဆိုချသွားတဲ့ ဦးရေပြား ကို ကြည့်ပြီး ပရိသတ်တွေ အကြီးအကျယ် သဘောတွေ ကျ နေကြတယ် ။
“ ဒါမှ ရေပြားကွ ... ”
ဆိုတဲ့ အသံတွေ လည်း ဆူညံ နေတယ် ။ သူတို့ စိတ်ထဲမှာ ဦးရေပြားကြီး တမင် ပညာ ပြနေတယ် ထင် နေကြတာကို ။ ထင်လည်း ထင်စရာ ။ ဦးရေပြား ရုပ် က ပြုံးပြုံးကြီး ဟာ ။
“ ချစ်တဲ့ စိတ် ကို ... ဟာ ”
သူ တစ်လုံး ပဲ ဆိုရသေးတယ် အီးတီ က ဆတ်ကနဲ နိုး လာပြီး မိုက်ကြိုး ကို ဆွဲလိုက်တဲ့ အတွက် မိုက်ခွက် က ဆတ်ကနဲ ပြန် မြင့်တက် သွားတယ် ။ ဒါကို ဦးရေပြား က လည်း လျင်တယ် ။ ချက်ချင်း ကုန်း ထပြီး ရအောင် ဆိုတယ် ။
“ မျိုသိပ်ကာ ထားသော်လည်း ... ရွှေအား က ငယ်ငယ် ”
မိုက်ခွက် က သူ့ ပါးစပ်ပေါက် ကနေ မြင့် တက်ပြီး ခေါင်းပေါ် ရောက်သွားတယ် ။ ဒါကို ဦးရေပြား က လည်း ရအောင် ခြေဖျား ထောက်ပြီး လိုက် ဆိုတယ် ။
“ ဖော်ရွေ အပြုံးနဲ့ ... ချစ်စရာ ကောင်းတဲ့ ချစ်သူ ရယ် ”
မိုက် က ပို မြင့်သွားပြီ ။ ဦးရေပြား ခြေဖျား ကို အတတ်နိုင်ဆုံး လိုက် မြှင့် ထောက်ကြည့်တယ် ။ နှစ်ဖက် မရတော့ တစ်ဖက် တည်း မြှင့် ထောက်ပြီး နောက် တစ်ဖက် နဲ့ ယှက် ကြည့်တယ် ။ မရဘူး ... ။ အီးတီ က မိုက်ကြီး ကို မလွတ်တမ်း ဆွဲပြီး ငိုက် နေတော့ သူ ငိုက်လေ မိုက် က မြင့်လေ ဖြစ် နေတယ် ။ ဦးရေပြား လည်း မိုက်ခွက် ကို အရပ် ထောက် ပြီး ဆိုလို့ ဘယ်လိုမှ မမီတော့ တာ နဲ့ ဘေးနား က မယ်ဒိုလင် တီး နေတဲ့ ဇော်ဝိတ် ကို ဂလွမ် ကနဲ ကန်ချပြီး ဇော်ဝိတ် ထိုင်တဲ့ ခုံ ကို ခြေမ နဲ့ ညှပ်ယူပြီး ခုံပေါ် တက် လိုက်တယ် ။ ကွက်တိ ဗျာ ။ သူ ခုံပေါ် တက် ရပ်လိုက်တာ နဲ့ မိုက်ခွက် က သူ့ ပါးစပ်ပေါက် နဲ့ ကွက်တိ ။ ဦးရေပြား က ဘာမှ မဖြစ်ဟန် နဲ့ ပြုံးပြီး သီချင်း ကို ဆက်တယ် ။
“ လမင်း က တစ်ဆင့် ... ချစ်တဲ့ အကြောင်း ကို ပြောချင်တယ် ”
ဖလွတ်ကနဲ မိုက်ခွက် က နိမ့်ကျ သွားတယ် ။ ဦးရေပြား ခုံ ရဲ့ ကျောမှီ ကို ဖတ်ကနဲ ထိုင်ချ လိုက်တယ် ။ သူ့ ပါးစပ် ပေါက် နဲ့ မိုက်ခွက် က ကပ်ပါ နေတယ် ။
“ ချစ်ခြင်းရည်တူ ... ကြည်ဖြူနိုင်မယ် ဆိုရင်ဖြင့်ကွယ် ... ဖိုး ရွှေလမင်း ကို ပြုံးရုံလေး ပြုံးပြလိုက် ပါကွယ် ”
မိုက်ကြိုး က အီးတီ လက် ထဲ ကနေ ဖလွတ်ကနဲ လွတ်ကျပြီး ကြမ်းပြင် နဲ့ တစ်ထွာ အကွာ မှာ သွား ရပ်တယ် ။ ဦးရေပြား လည်း ခုံပေါ် ခြေနှစ်ဖက် တင်ပြီး ကြမ်းပြင် ပေါ် လက် နှစ်ဖက် ထောက် ဝမ်းလျား မှောက် လိုက်တယ် ။ ဒီကြား ထဲ မိုက်ခွက် က မြင့် လာလိုက် နိမ့် သွားလိုက် ဖြစ်နေတာနဲ့ သူ့ ခမျာ ဒိုက် ထိုးပြီးတော့ ကို ရအောင် ဆို နေရတယ် ။
“ အောင်သွယ်တော် ဖိုးရွှေလမင်း ရယ် ... တိမ် ထဲ ကို ဝင်ကာ မပြေးနဲ့ တောင်းပန်တယ် ”
ပရိသတ် က တော့ ဦးရေပြား ဒီ သီချင်း မျိုး ကို ဒီလို ဒိုက်ထိုး ပြီးတော့ ကို ဆိုလို့ ရတယ် ထင်လို့လား မသိဘူး ... အကြီးအကျယ် အားပေးကြတယ် ။ ဒိုက် က ဆယ်ချက် လောက် ထိုးပြီး နေတော့ ဆက် မထိုးနိုင် တော့ဘူး ။ အဲဒီ အချိန်မှာပဲ မိုက်ခွက် က လှစ်ကနဲ ပြန် တက် သွားပြီး တောင်ဘက် ယိမ်းလိုက် ၊ မြောက်ဘက် ယိမ်းလိုက် ဖြစ်နေတယ် ။ ဦးရေပြား က လည်း နပ်တယ် ။ မိုက်ခွက် ယိမ်း ရာ မေးလေး တထိုးထိုး နဲ့ ဆို ကြည့်တယ် ။
မိုက်ခွက် က ပို ယမ်း လာတယ် ။ မသင်္ကာ လို့ ကြည့် လိုက်တော့ ဦးဆယ်ပြား ။ အီးတီ ဆီ က မိုက် ကြိုးကြီး ယူ ပြီး လွှဲ နေတာ ။ ဦးရေပြား လည်း အလျော့ မပေးချင် စိတ် နဲ့ ကိန္နရာ အက နဲ့ ပြေး လိုက်ရင်း ...
“ အောင်သွယ်တော် ... ဖိုးရွှေလမင်း ရယ် ”
မိုက်ခွက် က မြောက်ဘက် ပြန် ပြေးသွားတယ် ။ ဦးရေပြား က ခြေဖျား တစ်ဖက် ထောက် ခုန် လိုက်ရင်း ...
“ တိမ် ထဲ ကို ဝင်ကာ မပြေးနဲ့ ... တောင်းပန်တယ် ”
မိုက်ခွက် က တောင်ဘက် ပြန် ပြေး သွားတယ် ။ ဦးရေပြား ရအောင် ပြေး လိုက်တယ် ။ သီချင်း တစ်ပုဒ် ဆိုပါတယ် ။ လူ က ထိုင်ထ လုပ်ရ ၊ ဒိုက် ထိုးရ ၊ ကိန္နရာ လို က ရ နဲ့ ဇောချွေးတွေ ရွှဲနစ် နေပြီ ။ ဒါပေမယ့် မလျှော့သေးဘူး ။
“ ချစ်သူ အဖြေ စကား အပြုံးပွင့်လေးများ လမင်း မှာ ရှိတယ် ... ”
မိုက်ခွက် မြောက်ဘက် ပြေးသွား ရင်း မြင့်တက် သွားတယ် ။ ဦးရေပြား မိုက်ခွက် နောက် ပြေး လိုက်ရင်း ခုံပေါ် တက် ဆိုတယ် ။ ကြည့်ရတာ ကို က ဟပ် နေတာပဲ ။ ကိန္နရာ မြေပြင် ကနေ ကောင်းကင် ပျံ တက်သွား သလိုမျိုး ။
“ တွေးရင်း အဖြေရှာ ... မောလှပါပြီ ... ”
မိုက်ခွက် တောင်ဘက် ပြန် ပြေး သွားတယ် ။ ဦးရေပြား ပြေး လိုက်ပါသေးတယ် ။ ဒါပေမယ့် ...
“ မော ... မောလှပြီကွာ ... တကယ် မောလှပြီ ... ဟောဟဲ ... ဆယ်ပြား တွေ့ကြသေးတာပေါ့ ”
ဆိုပြီး သီချင်း ဆက် မဆိုဘဲ လိုက်ကာ နောက် က ဦးဆယ်ပြား ဆီ ပြေးဝင် သွားတယ် ။ ဦးဆယ်ပြား က လည်း လျင်တယ် ။ မိုက်ကြိုး ကို လွှတ်ချ ပြီး ပြေးတော့တာ ပေါ့ ။ နောက်ဆုံး စင်ပေါ် မှာ ဘယ်သူမှ မရှိတော့ဘူး ။ မယ်ဒိုလင် တစ်လုံး နဲ့ ကိုဇော်ဝိတ်ကြီး တစ်ယောက် ပဲ ကျန် တော့တယ် ။ ဆက် ဆိုမယ့် လူတွေ လည်း မရှိတော့ဘူး ။ ဆိုတတ်တဲ့ သူ မရှိတော့သလို ဆိုရဲတဲ့ သူ လည်း မရှိ တော့ဘူး ။ တစ်ယောက် မှ သီချင်း ဆုံးအောင် မဆိုရသေး တော့ စတိတ်ရှိုး က အောင်မြင်တယ် လို့ လည်း ပြောလို့ မရဘူးလေ ။ သီချင်း တစ်ပုဒ် မှ ကောင်းကောင်း နား မထောင် ရသေးတော့ ပရိသတ် က လှုပ်လှုပ်ရွရွ ဖြစ် နေကြပြီ ။ ပြန်တဲ့ သူတွေ တောင် ထ ပြန် ကုန်ပြီ ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment