❝ မောင်သော်က နှင့် ထူးဆန်းသော မီးခွက် ❞
နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုနေ့ က ဖြစ်ကြောင်း ကို မူ သေချာစွာ မှတ်မိသည် ။ မှတ်မိသည့် အကြောင်းရင်း မှာ ထိုနေ့ သည် ကျောင်းပိတ်ရက် တစ်ရက် ဖြစ်သောကြောင့် တည်း ။
ကျွန်တော် ငယ်စဉ် က လက်ဦး ပညာ သင်ကြားခဲ့ရာ ကျောင်းတော် မဟာ မှာ ရွှေဘိုမြို့ ရှိ မာဒါရ်ဆာ ခေါ် မွတ်စလင် ပညာရေးကျောင်း သာ ဖြစ် တော့သည် ။ မွတ်စလင်ကျောင်း တို့ မည်သည် မှာ သောကြာနေ့ သည် ကျောင်းပိတ်ရက် ပင် ဖြစ်၏ ။ ကျောင်းပိတ်ရက် ကို မကြိုက်သော ကျောင်းသားသူငယ် သည် ကျောင်းသား မပီသချေ ။ ကျွန်တော်တို့ သည် ကျောင်းပိတ်ရက် ကို မျှော်လင့်ခြင်း ကြီးစွာ ဖြင့် ကြိုဆိုကြ၏ ။ ပိတ်ရိုး ပိတ်စဉ် မဟုတ် မူဘဲ ဆရာ ဆရာမတို့ ၏ မိဘဆွေမျိုး တစ်ဦး ဦး ရုတ်တရက် သေဆုံး၍ ကျောင်း တစ်ရက် ပိတ်ပေးခြင်း တည်း ဟူသော လာဘ်လာဘကြီး ကား ရတောင့်ရခဲဘိခြင်း ။
ကျောင်းပိတ်ရက် မှာ စွန့်စားစရာ က များ လှသည် ။ အိမ် က လူကြီးများ လစ် လျှင် လစ် သလို ပျော်စရာ ကောင်း၏ ။ မူး သို့ သွား၍ ရေချိုး နိုင်သည် ။ မူး ဆိုသည်မှာ ရွှေဘိုမြို့ တောင်ဘက် ရှိ ပေ ၁၀၀ သာ သာ မျှ ကျယ်ပြန့်လျက် ရှည်လားသော တူးမြောင်း ဖြစ်သည် ။ မူး ကို ဖြတ်ကူး ထားသော စစ်ကိုင်း ရွှေဘို သွား ကားလမ်း တံတား ပေါ် မှ တင်ဖေ ၊ တင်ရွှေ ၊ တင်ငွေ ၊ ကျော်အေး ၊ ကျော်ညွန့် ၊ ချစ်ရွှေ စသော ဇာတ်လိုက်ကျော်ကြီးများ ၏ ဒိုင်ဗင် ၊ ဖိုက်တင် ၊ ရှေ့ကျွမ်း ၊ နောက်ကျွမ်း စသည် တို့ ကို ကျွန်တော် တို့ တစ်တွေ သည် ဖောဖောသီသီကြီး စတန့် ပြ ခဲ့ ကြသည် ။ “ ရဲခေါင် ချစ်ရွှေကွ ” “ ကျော်အေးကွ ” ဟူ၍ ဟစ်အော် အားပေး ကြသော လက်ခုပ်သံ များ ကြား မှ တံတား လက်ရန်း ပေါ် တက်ပြီး ဒိုင်ဗင် ထိုးချ လိုက်ရာတွင် လှပ သပ်ရပ် သက်သာစွာ ကျသည် မှာ နည်း ၍ ခြေကားယား လက်ကားယား ဖြင့် ဗြန်းခနဲ ကျော စပ် သွားအောင် ပက်လက် ကျသည် က တစ်ဖုံ ၊ ဘေးစောင်း ကျ၍ မျက်နှာ တစ်ခုလုံး ရဲ သွားကာ ဇက်ကြီး စောင်း နေသည် က တစ်နည်း ဖြင့် စတန့်ဇာတ်လမ်း ထွင် ခဲ့ကြသည် ။ သုသာန် အနီးရှိ တဝုန်းဝုန်း ကျ နေသော ရေကျော် ကို နိုင်ရာဂါးရား ရေတံခွန် တမျှ ကျွန်တော် ထင်ခဲ့ ပေ သည် ။
မူး သို့ မသွားလိုလျှင် သက်ကယ်တန်းချောင်း သို့ ဆီးသီးခူး သွား နိုင် သည် ။ သက်ကယ်တန်းချောင်း မှာ မြို့ အရှေ့ဘက် ရှိ ချောင်းကောကြီး ဖြစ်သည် ။ ချောင်းရိုး တစ်လျှောက် ဆီးချုံများ ထူထပ်လှသည့် အတွက် ဆီးသီး ပေါ် ချိန် မှာ သက်ကယ်တန်းချောင်း သည် ကျွန်တော်တို့ ၏ ပစ်ကနစ် စခန်း ဖြစ် တော့သည် ။ ဆီးသီး ကို အဝအပြဲ စားသောက် ကာ သက်ကယ်တန်း ချောင်းရိုး မှ ချောင်းတွင်း သဲမြေပြင် သို့ ဒိုင်ဗင် ထိုး ထည့် ၍ လက်ကျိုး ဇက်ကျိုး ကျဆုံး ခဲ့ရသော နောင် တစ်ခေတ် ၏ မဖြစ်လာသည့် ဇာတ်လိုက် လောင်းလျာကြီးများ အားလည်း ဤ စာ တို့ဖြင့် ဂုဏ်ပြုအပ် ပါ၏ ။
မြားမြောင်လှ စွာသော ကျောင်းပိတ်ရက် တို့ ၏ စွန့်စားခန်းများ အနက် မှ ထို တစ်ခုသော ကျောင်းပိတ်ရက် တွင် ကျွန်တော် သည် မူး သို့ သော် လည်းကောင်း ၊ သက်ကယ်တန်းချောင်း သို့ သော် လည်းကောင်း မသွားဖြစ် ခဲ့ ။ ဘာ့ကြောင့် ဟူ၍ တော့ သေချာစွာ မမှတ်မိတော့ ။ ကျွန်တော့် ညီ ကြောင့် မို့ ဟုသာ ထင်သည် ။
ကျွန်တော့် ညီ မှာ ၈ နှစ်သား သာသာမျှ ရှိသေး ၍ ကျွန်တော့် အသက် မှာ ထိုစဉ် က ၁၂ နှစ်သား မျှ သာ ရှိသေး၏ ။ ကျွန်တော် သွားလေရာ နောက်သို့ ကျွန်တော့် ညီ သည် အရိပ်ပမာ တကောက်ကောက် လိုက်လေ့ ရှိသည် ။ သို့ လိုက်ခြင်း ကို ကျွန်တော် က လုံးဝ မလိုလားချေ ။ သူ့ ကြောင့် ကျွန်တော် မကြာခဏ ချောက်ကျ ခဲ့ရသည် ။ အိမ် က မိဘများ မသိသင့်သော ကိစ္စများ မှာ လည်း သူ့ ကြောင့် သိရှိ ကုန်ကာ ကျွန်တော် တို့ နှစ်ဦး စလုံး မှာ ဖခင် ၏ လက်စွဲတော် မန်ကျည်းခက်သေးသေး ဒဏ်ချက် အောက်ဝယ် သံကုန် ဟစ်အော် ငိုရင်း ကော့ နေအောင် ခံစားခဲ့ဖူးလှလေပြီ ။ သို့ကြောင့် ကျွန်တော့် ညီ လိုက်မည် ဆိုလျှင် ကျွန်တော် သည် သွားရန် အစီအစဉ် ကို ခေတ္တ ဖျက်ကာ အိမ်တွင် သာ မယောင်မလည် လုပ်နေလေ့ ရှိ၏ ။
သူ လစ်သည် နှင့် တစ်ပြိုင်နက် ကိုယ်ရောင် ဖျောက်ကာ သူငယ်ချင်း အပေါင်းအဖော်များ နှင့် တစ်နေကုန် ရွှင်မြူး ဆော့ကစား ရသည် မှာ ပျော်ဖွယ် အတိ ။
နံနက်စာ စားပြီးသည် အထိ အိမ်နား တစ်ဝိုက် တွင် သာ မယောင် မလည် ကစား နေသည် ။ ဒေါ်စော ၏ နောက်ဖေး ဝင်း တွင်း မှ မြက်ပင်များ ပင် ဖုံးလွှမ်းစ ပြုနေသော ဖို့ဒ်ကား အစုတ်ကြီး ပေါ် တွင် သန်းတင့် ၊ ခွေးနီ ၊ ခွေးမောင် ၊ ဖူလ်ဂျန်း တို့ နှင့် အတူ စတီယာ ကို လှည့်ကာမျှ နှင့် စိတ်ကူး မောင်းနှင် ခဲ့သည် မှာ ကမ္ဘာ တစ်ပတ် ပင် မက ခရီး ပေါက်ခဲ့ပေသည် ။
ကျွန်တော့် ညီ ကို မျက်ခြည် ဖြတ်ရန် ကြိုးပမ်းမှု မှာ အချည်းနှီး သာ ဖြစ်ခဲ့ရသည် ။ သူ က လည်း ခံရပေါင်း များပြီ မို့ ကျွန်တော့် အား လုံးဝ အပျောက် မခံဘဲ တကောက်ကောက် သာ လိုက်နေတော့သည် ။
ကျွန်တော်တို့ အိမ် ၏ မြောက်ဘက် အိမ် မှာ သံဆိုင်ကြီး တစ်ခု ဖြစ်သည် ။ ပိုင်ရှင် ကုလားကြီး ၏ အမည် မှာ မဂန်းကြီး ဟု ခေါ်ကြ၏ ။ မည်သို့ သော အမည် ဖြစ်သည် ကို မူ ကျွန်တော် မသိချေ ။ မဂန်းကြီး နှင့် ကျွန်တော် တို့ ၏ အိမ်ကြား အိမ်ရှေ့ဥပစာကလေး ကိုအမှီပြု နေသော ကွမ်းယာ ဆိုင်ကလေး တစ်ဆိုင် ရှိ၏ ။ ဆိုင်ရှင်ကုလား ၏ အမည် ကို ကျွန်တော် သေချာစွာ မမှတ်မိတော့ သော် လည်း ကျွန်တော် တို့ ညီအစ်ကို နှင့် အစဉ် တစောင်းစေး နှင့် မျက်ချေးပ မာ ဖြစ်ခဲ့သည် ကြောင့် ယခုအထိ ကျွန်တော် သူ့ ကို ကောင်းစွာ သတိရ ဆဲ ဖြစ်သည် ။
မဂန်းကြီးသံဆိုင် နှင့် ကျွန်တော်တို့ အိမ် ၏ ကြား ကွမ်းယာဆိုင် ၏ နောက်ဘက် ကြားကလေး မှာ အနှစ်နှစ် က စုပုံ ထားသော သံတိုသံစများ ၊ ပစ္စည်းဟောင်းများ ဖြင့် ပြည့် နေ ပေသည် ။ အိမ်ကြားကလေး မှာ မည်သူမျှ အသုံး မပြုသော်လည်း အိမ် ၃ အိမ်လုံး မှ ပစ္စည်း အဟောင်းများ စွန့်ပုံရာ အရပ် ဖြစ် နေတော့၏ ။ ကျွန်တော်တို့ အိမ်မှ စွန့်ရာ ပစ္စည်းများ မှာ စက်ဘီး ပစ္စည်းအဟောင်းများ နှင့် အခြား အိမ်သုံးပစ္စည်း အတိုအစများ ဖြစ်သည် ။
ကျွန်တော် သည် အိမ်ကြားကလေး တွင်း သို့ ဝင်လာ ခဲ့သည် ။ ညီတော်မောင် မှာ နောက် မှ ထက်ကြပ် လိုက်ပါ လာ၏ ။ ကျွန်တော်တို့ သည် သံတို သံစ တောက်တိုမယ်ရ ပစ္စည်းများ ကြား၌ လျှောက်ကာ ဝေါ့ဒစ်စနေ ၏ သာမောဖွယ် နယ်မြေ သို့ အိပ်မက်တွင်း ဝင်ရောက် သွားသည့် သူငယ် ပမာ ပစ္စည်းဟောင်း တစ်ခု ပြီး တစ်ခု စုံစမ်းကြည့်ရှု နေကြသည် ။ လူကြီးများ အသုံး မလို၍ ပစ်ထားသည့် ပစ္စည်း တချို့မှာ ကလေးများ အတွက် ရတနာ ဖြစ်တတ် ချေ၏ ။ လက်နှိပ်ဓာတ်မီးဟောင်း ၊ ဘိုင်စကယ်မီးခွက်ဟောင်းများ မှာ ကျွန်တော်တို့ ၏ ဓာတ်ရှင် ( ဓာတ်ရှင် ဆိုသည်မှာ ရုပ်ရှင် ကို ခေါ်ကြောင်း အောက်သူအောက်သားများ သိစေလို ) ပြစက် အတွက် အဖိုး မဖြတ်နိုင်သော ပရိုဂျက်တာများ ဖြစ်ကြသည် ။ ကျွန်တော့် ညီ သည် ဓာတ်ရှင်ပြစက် ( အမှန် အားဖြင့်မူ ဓာတ်သေပြစက် ဟု ခေါ်သင့်သည် ။ ) တည်ဆောက်ရာ ၌ ပါရဂူ ပင် ဖြစ်၏ ။
ပစ္စည်း အတိုအစများ ကို ကြည့်နေရာမှ ချောင် တစ်နေရာ တွင် မီးခွက်အို တစ်လုံး ကို ကျွန်တော် သတိပြု မိသည် ။ မီးခွက် မှာ ‘ လာလဒင် မီးခွက် ’ ဟု ကျွန်တော့် မိခင် က ခေါ်လေ့ ရှိသော မီးခွက်အဟောင်း တစ်လုံး ပင် ဖြစ်၏ ။ လာလဒင်မီးခွက် ဟု ငယ်စဉ်က မိခင် ခေါ်၍ သိရှိခဲ့ သော်လည်း အမှန်မှာ အာလာဒင် မီးခွက် ဟူ၍ လည်းကောင်း ၊ သင်္ဘော ပေါ်တွင် ဟာရီကိန်း မီးခွက် ဟူ၍ လည်းကောင်း ခေါ်ဆို ကြသော လသာမှန်အိမ် ပင် ဖြစ်သည် ။
မှန်အိမ် မှာ မည်မျှ ကြာအောင် သုံးစွဲခဲ့ပြီး မှ ဤ သုသာန်မြေ သို့ ရောက်နေသည် မသိ ။ မှန်ပြောင်း မရှိတော့သည် သာ မက ကြေးညှော် အထပ်ထပ် တက်၍ မူရင်း အရောင်ပင် မသိနိုင်တော့ လောက် အောင် ဟောင်း နွမ်း စုတ်ပြတ်လျက် ရှိချေပြီ ။
ကျွန်တော် သည် မှန်အိမ် ကို လဲလျောင်းနေရာ ချောင် အတွင်း မှ အတန် အလင်းရောင် ရှိရာ သို့ ဆွဲထုတ် လာ ခဲ့သည် ။ ဤ မီးခွက် ကို ဘာ့ကြောင့် စွန့်ပစ် ထားကြသနည်း ။ ကျွန်တော် သိ လိုသည် ။ သုံး၍ ရကောင်း ရဦးမည် ထင်၏ ။
မှန်အိမ်ကိုင်း မှာ အကောင်း အတိုင်း ပင် ရှိ သေးသည် ။ မှန်ပြောင်း ထည့် ရာ သံကွန်ချာ မှာ ဘေးသို့ တိမ်းငဲ့ စောင်းကျ နေသည် ။ ပြန်လည် တည့်မတ် ကြည့်ရာ ခွင်ကျပင် ဝင်သည် ။ ကျွန်တော် အတော် ဝမ်းသာ သွား ၏ ။ မှန်ပြောင်း ထိန်းသည့် အအုပ် ကို ဆွဲမ ကြည့်ရာ ကောင်းစွာ မလိုက် ၊ တစ်ချက်ချက် ကပ် နေသည် ။ သံချေးများ ကြောင့် ဖြစ်နိုင်၏ ။ ဒါလောက် ကို မူ ကျွန်တော် ပြုပြင်နိုင်ပေသည် ။
ရေနံဆီ ထည့်သည့် အိုး မှ အဖုံး ဝက်အူရစ် ကို လှည့်ချွတ် ကြည့်သည် ။ အဖုံး မှာ ကျပ် လှ၏ ။ တုတ်တုတ် မျှ မလှုပ် ၊ ကျွန်တော် က အင်္ကျီ အောက်စ ကို ဘောင်းဘီ တွင်း မှ ဆွဲထုတ် လိုက်ပြီး အင်္ကျီ အောက်နား ပိတ်သား ခံလျက် နှင့် ဖိ ကိုက်ပြီး တအား လှည့် ဖွင့်ကြည့်သည် ၊ မဖြုံ ။ သံချေးများ ကြောင့် ပင် ဖြစ်မည် ။ ကျွန်တော့် မျက်စိ ဝယ် ဖခင် ၏ အလုပ်သေတ္တာ တွင်း မှ ပလာယာ နှင့် သံညှပ်ကြီး ကို မြင်ယောင် မိသည် ။ ဤ ပစ္စည်းများ ၏ အကူအညီ ဖြင့် ဆိုသော် ဘောက်မယ့် မရနိုင် စရာ ရှိသနည်း ။
ထို့နောက် ကျွန်တော် ၏ လက်ချောင်းများ သည် မီးစာ အမြှင့်အတင် ပြုသည့် သံဝိုင်းကလေး ပေါ် သို့ ရွေ့လျား သွားသည် ။ မီးစာ မြင့်ခြင်း ၊ ချခြင်း ကို ပြုလုပ် ကြည့်သည် ။ ကျွန်တော့် ရင်တွင်း ဟာခနဲ ဖြစ် သွား တော့၏ ။ မီးဇာ မြှင့် ချ သည့် ခလုတ်ဝိုင်းကလေး မှာ အထိန်းအကွပ် မရှိဘဲ သွက်သွက် ခါ အောင် လည် တော့သည် ။ မီးခွက် တစ်ခုလုံး ကို တစ်ပိုင်းစီ စစ်ဆေး လာရာ တစ်စ ထက် တစ်စ စိတ် ကျေနပ်မှု မျှော်လင့်မှု ရ နေ ပါလျက် ဤ ခလုတ်ကျ ကာ မှ ပျက်စီးခြင်း မလှ ပျက်စီး နေသည် ကို တွေ့ရသော အခါ မျှော်လင့်ချက် ပျက်သုဉ်း ရတော့သည် ။ မီးစာထိန်း ခလုတ် ၏ အချက်အချာ ဖြစ်သော ခွေးသွားစိတ် ချော် နေသည့် စက်ကိရိယာ ချွတ်ယွင်းချက် မှာ ၁၂ နှစ်သား သူငယ် တစ်ယောက် အတွက် မဖြေရှင်းနိုင်သည့် ပြဿနာကြီး ဖြစ် တော့သည် ။ ကျွန်တော် သည် စိတ်ပျက်လက်လျှော့ စွာ ဖြင့် မီးစာထိန်း ခလုတ် ကို သာ မဲ လှည့် နေသည် ။ စိတ် ပျက်သည် ဆိုသော်လည်း လှည့်ဆဲ တွင် ပင် လျှင် နောက် တစ်ချက် ကောင်းလာနိုး ဟူသော မျှော်လင့်ချက်ကလေး ကို မစွန့် လွှတ်သေး ။
ခလုတ် ကို လှည့် နေသော ကျွန်တော် ၏ လက်ချောင်းကလေးများ အတွေ့ ဝယ် ခလုတ် ကို လှည့်နေရသည် နှင့် မတူ ၊ ထူးခြားသော အတွေ့ တစ်ခု ဝင် လာသည် ။ ထို အတွေ့ ကို ကျွန်တော် ကြိမ်ဖန်များစွာ တွေ့ ဖူးသည် ။ အဘယ်သော အခါ က တွေ့ဖူးသည် ကို မသေချာသေး သော်လည်း ရင်းနှီး သော အတွေ့ ဖြစ်ကြောင်း ကို မူ အတွင်းစိတ် က သိ နေ ပေသည် ။
ဟုတ်ပြီ ၊ အလင်းရောင် တစ်ခု သည် ကျွန်တော် ၏ ဦးနှောက် တွင်း ဖျတ်ခနဲ ဝင် လာသည် ။ “ ဟာ .. မဟုတ်တာဘဲ ၊ မဖြစ်နိုင်ပါဘူး ” ဟူသော ဆင်ခြေ ပေးချက်ဖြင့် အသိ ကို ပယ်ဖျက် ကြည့်ပေသေးသည် ၊ မရချေ ။ အိမ် က ပေးသော ကျောင်းမုန့်ဖိုး တစ်ပြား ကို ကျွန်တော့် ဘောင်းဘီ ညာဘက် အိပ် တွင်ထည့်ကာ လက်မ ၊ လက်ညှိုး ။ လက်ခလယ် တို့ ဖြင့် ထိန်း လျက် နှစ်သိမ့်စွာ ကစား ဖူးသည် ။ ဤ အတွေ့ နှင့် တစ်ထေရာတည်း ပင် ယခု လက်တွင်း ဝယ် တွေ့ နေသည် ။
ကျွန်တော် သည် မီးခွက်အို ကို ပိုမို အလင်းရောင် ကောင်းရာ ဆီသို့ ကသောကမျော ဆွဲယူ လာကာ မီးစာထိန်းခလုတ် ကို သေချာစွာ စူးစမ်း ကြည့် လိုက်သည် ။ ကျွန်တော့် ရင်တွင်း ၌ ဝမ်းသာခြင်း အဟုန် သည် အလုံးကြီး ပမာ တက်လာသည်ကို ဖိချရမှန်းပင် သတိ မရ တော့ ။ ကျွန်တော့် ညီ ကို ဟစ် ခေါ် လိုက်မိသည် ။ ကျွန်တော့် ညီ သည် သူ ၏ တွေ့ရှိချက် ပစ္စည်းများ ကို ချ ကာ ကျွန်တော့် ထံပါး ရောက် လာသည် ။ ကျွန်တော် က မီးခွက် မှ မီးစာထိန်း ခလုတ် ကို သူ သေချာစွာ မြင် နိုင်ရန် ထောင်ပြ လိုက်သည် ။ သူ့ မျက်လုံးလေး များ မှာ လက် လာ လျှက် ...
“ ဟာ ... ပိုက်ဆံ တစ်ပြား ပါလား အစ်ကို ရေ ” ဟူသော အာမေဋိတ်သံ ကို ကျွန်တော် နားဝင်ပီယံ ဖြစ်စွာ ကြားလိုက်ရတော့သည် ။
မီးခွက် ၏ မီးစာထိန်း ခလုတ် မှာ ထိုစဉ်က တစ်ပြား ဟု ခေါ်သည့် ကြေးနီ ပိုက်ဆံ တစ်ပြား ဂဟေစွဲ တပ်ဆင် ထားသည် ကို ထူးဆန်းစွာ တွေ့ရတော့ ၏ ။ ပိုက်ဆံ တစ်ပြား မှာ ကျွန်တော်တို့ ၏ တစ်နေ့စာ ကျောင်းမုန့်ဖိုး ပင် ဖြစ် သည် ။ ကျောင်း ပိတ်သည့် နေ့တွင် ပိုက်ဆံ တစ်ပြား ရရန် ကြံဖန် ဖြစ်ပေါ်လာသော ကိန်း မှာ ရတနာရွှေမိုး ကို သောက်ချိုး ရတော့မည့်ကိန်း ပင် တည်း ။ ထူးဆန်းသော မီးခွက်ဟောင်း တွင် အနှစ်နှစ် အလလ ကိန်းအောင်း နေသော ရတနာ ကို အရ ဖြတ် ယူရန် စီစဉ်ရတော့သည် ။ ကျွန်တော်တို့ သည် မီးခွက် ကို ခေါင်း ထောင် ၊ ဖင် ထောင် ၊ အမျိုးမျိုး အဘက်ဘက် မှ လှန်လှော ကြည့်ရှုရာ တွင် ပိုက်ဆံပြား ဖြုတ်ရန် မှာ မီးစာထိန်း ခွေးသွားစိပ် သို့ ဆက် ထားသော အတံ ကို သံစို့ နှင့် ရိုက်ဖျက် မှ သာလျှင် မီးခွက် မှ ခွာ ရနိုင်မည် ဖြစ်ကြောင်း ကို သိ ရ သည် ။
သံစို့ နှင့် သံတူ မှာ ဖခင်ကြီး ၏ အလုပ်သေတ္တာ တွင်း ၌ ရှိသည် ကို ကျွန်တော်တို့ သိ သည် ။ ထို့ကြောင့် ကျွန်တော် က ညီ ဖြစ်သူ အား -
“ ဟေ့ .. မင်း သွားပြီး ပါပါ့ သေတ္တာ ထဲ က စို့ နဲ့ တူ တစ်ချောင်း ယူခဲ့ ။ ငါ ဒီက စောင့်နေမယ် ”
“ ဟာ ... အစ်ကို က လည်း ကျွန်တော် ... ”
“ ဘာလဲ မင်း မုန့် မစားချင်ဘူးလား ။ ဒါ ဖြင့် နေ ”
ကျွန်တော် က ထန် လိုက်ရာ သူ သည် မသွားချင် သွားချင် နှင့် ထ သွား တော့သည် ။ သူ မသွားချင်သည် ကို ကျွန်တော် သိ၏ ။ ကျွန်တော် တို့ ဖခင် သည် သူ့ အလုပ်သေတ္တာ တွင်း မှ ပစ္စည်းများ ကျွန်တော်တို့ ဆော့ယူ ကစား သည် ကို တွေ့မြင်ပါ က ခပ်စပ်စပ် တီး လေ့ ရှိ၏ ။ ထို့ကြောင့် ပစ္စည်း ယူ ဆဲ မိ၍ အတီး ခံ ရလျှင် ကျွန်တော့် ကို အတီး ခံရခြင်း ထက် ကျွန်တော့် ညီ အတီး ခံရခြင်းက ကျွန်တော့် အတွက် သက်သာမည် ဖြစ်ခြင်း ကြောင့် ယင်း စေတနာ အရ သူ့ ကို အခက်အခဲ အပိုင်း တာဝန်ပေးခြင်း ပေ တည်း ။
အတန်ကြာသော် စို့တစ်ချောင်း နှင့် တူတစ်လက် ကိုင်ကာ သူ ပြန်လာ ၏ ။ ကျွန်တော်တို့ သည် မီးအိမ် ကို သံလမ်းပျက် တစ်ခု ပေါ် တင်ကာ သူ က ကိုင်ပေး ထားစဉ် ကျွန်တော် က စို့ နှင့် ရိုက်ဖြတ်သည် ။ ၄ - ၅ ချက် မျှ ရိုက် လိုက်သည် ဆိုလျှင် ပင် မီးစာထိန်း ခလုတ် မှာ မီးအိမ် မှ ခန္ဓာကြွေ လာ တော့သည် ။ ကျွန်တော် တို့ သည် ပြတ်ထွက် ၍ လွှင့်စဉ် သွားသော မီးစာထိန်း ခလုတ်ကလေး ကို အငမ်းမရ လိုက် ကောက် ကြသည် ။ မီးအိမ် ကို မူ ကျွန်တော်တို့ စိတ်ဝင်စားခြင်း မရှိကြတော့ ချေ ။
ယခု ဒုတိယ ပြဿနာ ရင်ဆိုင်ကြရ ပြန်သည် ။ မီးစာထိန်း ခလုတ်ဘီး သဖွယ် တပ်ဆင် ထားသော ကြေးနီပိုက်ဆံပြားကလေး မှာ မီးအိမ် မှ ကင်းကွာလာပြီ ဖြစ်သော်လည်း သူ တစ်ဦးတည်း မဟုတ်မူ ဘဲ မီးစာ မြင့်သော အတံကလေး က အလယ်ဗဟို တွင် တန်းလန်း စိုက် ပါ လျက်ပင် ရှိသေး၏ ။ မီးစာထိန်း ခလုတ် ဘီး မှ ကြေးနီပိုက်ဆံ တစ်ပြား သန့်သန့် ဖြစ်ရန်မှာ ထို အတံလေး နှင့် ကြေးနီပိုက်ဆံ ဆက်စပ် ထားသော ဂဟေ ကို ဖြုတ်ရပေ ဦးမည် ။ ထို ဒုတိယ အဆင့် အခက်အခဲ အတွက် ကျွန်တော်တို့ နှစ်ဦး လုံး ပူးပေါင်း ဖြေရှင်း ကြရသည် ။
ကျွန်တော်တို့ သည် မီးဖိုချောင် ရှိရာ သို့ အရိပ်အခြည် ကြည့်ကာ ဝင်လာ ခဲ့ကြသည် ။ အမေ မှာ မီးဖို တွင်း ၌ ပင် မရှိချေ ။ ဟင်းအိုး တစ်လုံး ကို မီးကျီးခဲ ရဲရဲ ဖြင့် ခပ်မျှင်းမျှင်း နှပ်ထား ခဲ့ပြီး နောက် တစ်ဖက် ရှိ ဒေါ်တဲ တို့ အိမ် ဘက် ကူးကာ လေကန် ကောင်း နေဆဲ ဖြစ်၏ ။ ဖခင် မှာ အိမ်ရှေ့ ၌ အလုပ် များ နေခိုက် ဖြစ်သည် ။ အချိန်အခါ ကောင်း ပင် ဖြစ်၏ ။ ကျွန်တော်တို့ သည် မီးစာထိန်း ခလုတ် ဘဝ မှ ချက်မကြွေ သေးသော ကြေးနီပိုက်ဆံပြား ကို မီးကျီးခဲများ အလယ် တွင် ဂရုတစိုက် ဖြုတ်ချ လိုက်သည် ။ မီးရှိန်ပြင်း ပြင်း ရစေရန် အတွက် ကျွန်တော် က မီးပြောင်း ဖြင့် လည်းကောင်း ၊ ညီတော်မောင် က ယပ်တောင် တစ်ချောင်း ဖြင့် လည်းကောင်း တဟူးဟူး မှုတ်ကာ မီး ပြင်း တိုက် ကြသည် ။ လွင့်ပျံတက် လာသော ပြာများ ၊ တဖောက်ဖောက် ပေါက်သော မီးသွေး မီးပေါက်များ သည် ကျွန်တော်တို့ ၏ အဂ္ဂိရတ်လုပ်ငန်း ကို ဟန့်တား နှောင့်ယှက်ခြင်း ငှာ မတတ်နိုင်ကြ ။ မီးဖိုတွင်း ၌ မီးခိုးတလုံး လုံး ဖြစ်၍ ကျွန်တော်တို့ ဘိုကေစုတ်ဖွား ပေါ်တွင် ပြာမှုန့်အလိမ်းလိမ်း ဖုံး နေသည် ကို လည်း သတိ မမူနိုင် ။ ခေတ္တမျှ ကြာသော် ကြေးပိုက်ဆံ နှင့် သံချောင်းကလေး မှာ ရဲရဲ နီ လာသည် တွင် ကျွန်တော် က မီးညှပ် ဖြင့် ဆွဲ ထုတ် ကာ ညီတော်မောင် က မီးပြောင်း ဖြင့် ကြေးပိုက်ဆံ ကို ရိုက်ချ လိုက်သည် ။
ချွင်ခနဲ ဟူသော ကြည်လင်သာယာသည့် အသံလေး နှင့် အတူ ကြေး ပိုက်ဆံကလေး သည် မီးစာအူတိုင် မှ ချက်ကြွေ ကျကာ လိမ့်ဆင်း သွား တော့ သည် ။ ကျွန်တော် သည် ဝမ်းသာအားရစွာ ဖြင့် ပိုက်ဆံသန္ဓေသား ကို မီးညှပ် ဖြင့် ကောက်ယူ ကာ နီးရာ ရေအင်တုံ တစ်ခု တွင်း ၌ နှစ်လိုက်၏ ။ ` ရှဲ ' ဟူသော မြည်သံ နှင့် အတူ ကြေးပိုက်ဆံသန္ဓေသား သည် တေဇောဓာတ် အလုံး မှ ကင်းဝေး သွားပြီး နောက် ကျွန်တော် ၏ မွတ်သိပ်သော လက်ဝါးပြင်ထက်ဝယ် ပသာဒ ဖြစ်ဖွယ် ရောက်ရှိ လာသည် ။
ကျွန်တော်တို့ ညီနောင် သည် ဝမ်းသာအားရ လူကြီးများ နှင့် ကင်း ဝေးရာ အိမ် နောက်ဖေး ကုက္ကိုပင်ကြီး အောက်ဆီသို့ ပြေးသွား ကြသည် ။ ကျွန်တော်တို့ သည် ကြေးပိုက်ဆံကလေး ကို မြေမာမာ တွင် ချ ကာ တံတွေး နှင့် စွတ်စေ ပြီး နောက် တစ်ယောက် တစ်လှည့် ဖနောင့် ဖြင့် ဖိတိုက် လှည့် ပွတ် လိုက်ကြရာ ငါးမိနစ်ခန့် ကြာသည်တွင် ကြေးပိုက်ဆံကလေး မှာ နှစ် ပေါင်းများစွာ ကြေးညှိ အ ထပ်ထပ် ဖုံးအုပ် မှေးမှိန် နေရာ မှ ပြောင်လက်သော ကြေးပိုက်ဆံ တစ်ပြား ဖြစ်လာတော့သည် ။ ခေါင်းဘက် တွင် ပဉ္စမမြောက် ဂျော့ဘုရင် ၏ သရဖူ သည် ပင် အရောင် တလက်လက် ထွက် နေ ချေပြီ ။ ပန်း ဘက် တွင် ပန်းတလိမ် နန်းတလိမ် ပန်းခွေကလေး မှာ ကောင်းစွာ ပေါ်လာ သည် ။ ပန်းခွေကလေး အတွင်း ရှိ စာတန်းကလေး ငါးတန်း အနက် မှ အပေါ် ဆုံးတန်း မှ “ One ” ဟူသော စာလုံးကလေး မှာ ကြွကြွရွရွ ရှိလှ၏ ။ အောက် စာတန်း နှစ်ကြောင်း မှာ ဝိုးတဝါး မျှ သာ မြင်ရသေး၏ ။ နောက်ဆုံး စာတန်း နှစ်ကြောင်း အနက် “ India ” စာလုံး နှင့် “ 1914 ” ဟူသော သက္ကရာဇ် အမှတ်အသား မှာ ထင်ရှားစွာ တွေ့နေရပြီ ။ သို့သော် ...
သို့သော် ကျွန်တော်တို့ မှာ မမျှော်လင့်သော တတိယ အခက်အခဲ ကို ရင်ဆိုင်ကြရ ပြန်သည် ။ မီးအိမ် ထုတ်လုပ်သည့် စက်ရုံ မှ အလုပ်သမား သည် ကြေးပိုက်ဆံ ကို အလယ် တည့်တည့် မှ ဖောက်ကာ မီးစာ ခလုတ်တံ နှင့် နှစ်ပါးမသွေ ဂဟေ ဆက် ခဲ့သည့် အတွက် ကြောင့် ကြေးပိုက်ဆံ ခမျာ မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်မူဘဲ အပျိုရည် ပျက် လျက် ဗဟိုချက် ၌ အပေါက် ဟောင်းလောင်းကလေး ဖြင့် ရုပ်ပျက် နေသော ဒဏ်ချက် ကို တွေ့ကြရသည် ။
ကျွန်တော်တို့ ကြေးပိုက်ဆံ ကို ယူကျုံး မရစွာဖြင့် ယုယ ကိုင်တွယ်ရင်း ဖင်လှန် ခေါင်းလှန် ကြည့် ကြသည် ။ သေသေချာ ကြည့်ခါ မှ အပေါက် မှာ ပိုမို ထင်ရှား လာသည် အောက်မေ့ကြရ၏ ။
“ ကဲ ... ဘယ့်နှယ် လုပ်မလဲ ငါ့ ညီ ”
ကျွန်တော် က ညီတော်မောင် ကို အကြံ တောင်း မိ၏ ။ သူ သည် ကြေး ပိုက်ဆံ ကို သေချာစွာ ကိုင်တွယ် ကြည့်ပြီး ...
“ ဒီ အပေါက် ကို ပိတ်လို့ မရဘူးလား ” ဟု မေးလိုက်သည် ။
“ ဘယ်လို ပိတ်မလဲ ။ ဒို့မှ ဂဟေ မဆော်တတ်ဘဲ ”
“ ဂဟေ မဆော်နဲ့ လေ ”
“ မဆော်ဘဲနဲ့ ဘယ့်နှယ် ရမလဲကွ ”
“ ပြစမ်းပါဦး ၊ မန်ကျည်းသီးမှည့်ကလေး နဲ့ အသာ ပိတ် ထားရင် ရတာပေါ့ ”
ကျွန်တော်တို့ သည် မီးဖို တွင်း ပြန် ဝင်ကာ မန်ကျည်းသီးမှည့် အိုး ကို နှိုက်ကြသည် ။ မန်ကျည်းသီးမှည့် မီးခြစ်ဆံခေါင်း သာသာမျှမျှ နှင့် တဲ လိုက်သော အခါ အပေါက်ကလေး မှာ ရုတ်တရက် မမြင်သာ ဖြစ် သွားသည် ။ သို့သော် ကြမ်းကြမ်းတော့ အကိုင် မခံ ၊ အနည်းငယ် လည်း ချောစိစိ ဖြစ် နေသည် ။
“ ရတော့ ရပြီကွ ၊ ဒါပေမဲ့ သုံးဖို့ က ရှိသေးတယ် ။ မင်း ဘာ စားချင်သလဲ ”
“ ဒေါ်မြိုင် မုန့်ပျစ်သလက် ”
“ နင့်မေ ဂေါင်း ၊ ဒေါ်မြိုင် မုန့်ပျစ်သလက် စားလို့ ရပါ့မလား ။ ဒေါ်မြိုင် က မနက်အစောကြီး ရောင်းတာ ၊ ဒီ ပိုက်ဆံ ကို ည မှာ ပဲ ဝယ် ရမယ် ။ ဒါမှ သေသေချာ ချာ ကြည့်လို့ မရမှာ ”
“ ဟုတ်တယ် .... ဟုတ်တယ် ။ ဒါဖြင့် ည ဓာတ်ရှင်ရုံ မှာ ဒေါ်အေးတင် မုန့်ပျစ်သလက် စားမယ် ”
သူ သည် မုန့်ပျစ်သလက် ကို အတော် ကြိုက်သည် ။ အစား ဆိုလျှင် မုန့်ပျစ်သလက် ကို ပဲ သတိရ တတ်သည် ။
“ အေး ကောင်းပြီ ။ ည ကျ ငါ နဲ့ ဓာတ်ရှင်ရုံ လိုက်ခဲ့ ။ ဘယ်သူ့ မှ မပြောနဲ့နော် ဟုတ်လား ”
ထိုနေ့ အဖို့ နေ့တာ မှာ ရှည်လှ သည် ဟု အောက်မေ့ ရသည် ။ ကျွန်တော် သည် ပိုက်ဆံ ကို ဘောင်းဘီတို အိတ်တွင်း ထည့် ကာ ည ရောက် မည့် အချိန်ကို ရမ္မက်ကြီးစွာဖြင့် ငံ့လင့် သည် ။ ကြေးနီ ပိုက်ဆံ တစ်ပြား ကျွန်တော့် လက်ဝယ် ရှိသည့် အခါ ညီတော်မောင် မှ ကျွန်တော့် အား သာ ၍ မျက် ခြည် အပြတ် မခံတော့ချေ ။ ဝီရိယ ကောင်းစွာ ဖြင့် တကောက်ကောက် လိုက် နေတော့၏ ။
ကျွန်တော် က ဈေးတန်းရပ် သို့ သွားကာ ဖက်တီးမောင်မောင် ၊ ကြိတ်ဖောင် တို့နှင့် ပိုလိုကား ခေါင်းပန်း လှည့်ရန် သို့မဟုတ် သွတ်စေ့ တစ်ပြား ဖိုး ဝယ်ကာ သွတ်စေ့ ပစ် ကစားရန် ဆွယ် ကြည့် သေးသည် ။ သူ က အပြင်း အထန် ကန့်ကွက်၏ ။ မတော်တဆ ရှုံး သွားခဲ့သော် မခက်ချေ လော ။
ညနေ မှောင်ရီပျိုး ၍ မိုးချုပ် ချိန် ဝယ် ကျွန်တော်တို့ ညီနောင် သည် ဓာတ်ရှင်ရုံ ဘက်သို့ မယောင်မလည် ထွက်လာ ခဲ့ ကြသည် ။ ဓာတ်ရှင်ရုံ မီးရောင် အောက်ဝယ် ရပ်ကွက်ပေါင်းစုံ မှ ကလေးပေါင်းစုံ သည် ပြေးလွှား ခုန်ပေါက် ကစား နေကြသည် ။ လူကြီးမင်းများ မှာ သူတို့ ကို လွတ်အောင် မနည်း ရှောင်ကြရသည် ။ ကျွန်တော်တို့ သည် ဒေါ်အေးတင့် မုန့်ပျစ်သလက် ဆိုင် အနီးသို့ အရိပ်အခြည် ကြည့်ရန် ထွက်လာ ကြသည် ။ အရိပ်အခြည် ကို တွေ့ရ လျှင် ကျွန်တော် က ...
“ ကဲ ... သွားဝယ်လေ ကွာ ။ ငါ ဒီက စောင့်နေမယ် ”
“ အာ .. အစ်ကို သွား ဝယ်ပါ ”
“ ငါ မသွားချင်ဘူး ။ မင်း သွားပါကွ ၊ သွားပါ ”
“ ဟင် ... ကျွန်တော် တစ်ယောက်တည်း မသွားရဲဘူး ဗျ ။ အစ်ကို ပါ လိုက်မှ ”
ငနဲ ကြောက် နေသည် ။ အမှန်တော့ ကျွန်တော် လည်း သွား မဝယ် ရဲချေ ။ ဘယ်သို့ သွားရဲစရာ ရှိပါသနည်း ။ ဒေါ်အေးတင် ဆိုင် မှာ ဆီမီးခွက်ကြီး ထိန်ထိန်လင်း နေသည် သာမက မုန့်ပျစ်သလက်ဖို မှ မီးများ ကလည်း ကူညီ အလင်းရောင် ပေးနေ ပြန်သည် ။ ပိုက်ဆံ ကို ဒီ နေရာ တွင် သုံးရန် ကျွန်တော် စိတ် မလုံပါ ။
“ လာပါကွာ ။ သူ့ မုန့်ပျစ်သလက် က လည်း မကောင်းပါဘူး ။ ဒီ့ပြင် ဟာ တို့ ဝယ်စားကြတာပေါ့ ”
ကျွန်တော် သည် စပျစ်သီး ချဉ်သော မြေခွေးပုံ ကို ဖတ်ထားသည် မှာ မကြာသေး ။ ကျွန်တော် တို့ သည် ဈေးတန်း လျှောက်ကာ အင်္ဂါချွတ်ယွင်း နေသည့် ကြေးပိုက်ဆံ တစ်ပြား သုံးရန် အခွင့် ကောင်း ရှာကြသည် ။
ချင်းသုပ်ဆိုင် မှာ ၂ ပြား ဖို့ မှ ရောင်းသည့် အတွက် စိတ်ကူး မထည့် နိုင် ။ မြေပဲလှော် က တစ်ပြားဖိုး နည်းလွန်း လှသည် ။ နှစ်ယောက် အတွက် မလုံလောက် ။ မုန့်လေပွေ ကို သူ က မကြိုက် ။ မုန့်ရေပါး ကို ကျွန်တော် က မကြိုက် ။
ညဈေးတန်း ဆုံးလု နီး ကာ မှ ဗြုန်းခနဲ တွေ့လိုက်ရ၏ ။ ဆိုင်ကလေး မှာ မှောင်ရိပ် ကျသည် ။ မီးခွက်ကလေး လည်း မှိတ်တုတ် မှိတ်တုတ် ရောင်း သည့် မုန့် ကလည်း ဆီးယို ၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးလုံး အကြိုက် ဖြစ်သည် ။ ရောင်းသည့် ဈေးဆိုင်ရှင် မှာ လည်း ဣန္ဒာရပ် က ဒေါ်ချစ်စု ၊ မျက်စိ က မှုန်မွှားမွှား ၊ နေ့ခင်း ပင် ကောင်းစွာ သဲကွဲ သူ မဟုတ် ။
“ လာဟေ့ .. ငါ့ ညီ ”
ကျွန်တော် သည် ညီ ကို လက်ကုပ်ကာ ဒေါ်ချစ်စု ဆိုင်ဘက် လျှောက် လာ ခဲ့သည် ။ ဈေး ဝယ်သူ ရှင်း လှ၏ ။
“ မင်း ဆီးယို စားမယ် မဟုတ်လား ”
“ စားမယ် ”
“ ဒီလိုလုပ် ၊ မင်း နဲ့ ငါ အတူ သွားကြမယ် ။ ဆီးယို တစ်ပြားဖိုး ဝယ်မယ် ။ သူ ဆီးယိုထုပ် ပေးတာ နဲ့ မင်း က ယူပြီး အသာ ထွက်သွား ။ နည်းနည်း ဝေး တာနဲ့ ပြေး ပေတော့ ။ ကိုးခန်းတိုက် နား က ပြွန် ပေါ် မှာ ငါ့ ကို စောင့်နေ ။ မစားနဲ့ဦး နော် ”
သူ့ ကို စိတ်မချ ၍ မှာ ရ သေးသည် ။
“ မစားပါဘူးဗျာ ” ဟု သူ က ဘောက်ဆတ်ဆတ် ပြော၏ ။
“ ငါ က ပိုက်ဆံ ရှာ မတွေ့သေး သလိုလို နဲ့ ဟိုစမ်း ဒီစမ်း လုပ်နေပြီး မှ ပိုက်ဆံ ပေးပြီး လိုက်လာခဲ့မယ် ကြားလား ”
“ ကြားပါတယ် ၊ သွားဝယ်ပါ ”
“ လာလေကွာ ”
“ သွားပါ ”
“ သွားပါ ဆိုမှပဲ ၊ လာနေတဲ့ ဥစ္စာ ”
ကျွန်တော်တို့ သည် ဒေါ်ချစ်စု ဆိုင်ရှေ့ သို့ ပင် ရပ် လိုက် ကြသည် ။
“ ဆီးယို တစ်ပြားဖိုး ပေးပါ ”
ကျွန်တော် က အသံ ကို တတ်နိုင် သမျှ မှန် စေရန် သတိထား ပြော လိုက်သည် ။
“ တစ်ပြားဖိုး စီ လား ဟဲ့ ”
“ တောက် မျက်စိ မှုန်ရတဲ့ အထဲ နား က လေးသေးသဗျ ”
“ မဟုတ်ဘူး တစ်ပြားဖိုး ပဲ ”
ဒေါ်ချစ်စု သည် စက္ကူတစ်ရွက် အတွင်း ငှက်ပျောဖက် ခင်း ကာ သံဇလုံ တွင်း မှ ဆီးယိုများ ကို လက် တုန်တုန်ယင်ယင် ဖြင့် ကော် ထည့်နေ သည် ။ ဆီးယို မှာ ထန်းလျက် ရွှဲရွှဲ ဖြင့် ကျို ထားသည် မို့ ချိုလှ ပေမည် ။
ဒေါ်ချစ်စု ဆီးယိုထုပ် လှမ်း ပေးသော အခါ ကျွန်တော် က ညီတော်မောင် အား လှမ်း ကြည့် လိုက်သည် ။ သူ သည် ဆီးယိုထုပ် ကို သွက်လက်စွာ လှမ်း ယူခဲ့သည် ။ သို့သော် သူ သွက်လက်မှု မှာ စခန်းမသိမ်းသေး ဘဲ ချာခနဲ လှည့်ကာ သွက်သွက်ကြီး ထွက်သွား ပြန်သည် ။ ဒေါ်ချစ်စု က ပိုက်ဆံ မပေးဘဲ အထင် ကြောင့် ..
“ ဟဲ့ ... ကောင်လေး ၊ ဟဲ့ ကောင်လေး ” ဟု ထ လိုက် မတတ် အော် တော့သည် ။
ဤတွင် အစီအစဉ် အားလုံး ပျက် ရတော့၏ ။ ဒေါ်ချစ်စု အော်သံ ကြောင့် ကျွန်တော် လည်း ထူပူ သွား ကာ ပိုက်ဆံ ကို ဘောင်းဘီအိတ် တွင်း မှ ကပျာကယာ နှိုက်ပြီး နောက် ဆီးယိုလင်ပန်း အတွင်း သို့ ဒေါင်ခနဲ ပစ်ချ၍ တစ်ဟုန်တည်း လစ် တော့သည် ။ ရှေ့က ပြေး နှင့်သော ညီတော်မောင် ကို အရိပ်အယောင် မျှ မမြင်ရသော်လည်း သူ့ ရှေ့က ပြေးသွား ခြင်း မှာ လူအုပ် တွင် ခွေးရူး တစ်ကောင် စွတ်ပြေး သကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်း ၏ အခြေများ ကို တွေ့ရသည် ။ အေးအေးလူလူ လမ်းလျှောက် နေကြသော လူကြီးလူလတ် မိန်းမ တို့ ၏ ပါးစပ်မှ အယုတ္တ အနတ္တ အသံများ ထွက် ပေါ် သွားသည် ။ ကျွန်တော် သည် သူ့ ပြေးချက် ကြောင့် ထ သွားသော အဆဲဂယက်များ ကြားဝယ် စွတ် လိုက် ပြန်သည် ။ ကျွန်တော့် နောက်ကွယ် တွင် လည်း ဆဲဆိုရေရွတ်ခြင်း ဂယက်များ ထ သွား ပြန်သည် ။
ကျွန်တော် သည် ပြေးရင်း လွှားရင်း သတိ ရကာ နောက်မှ လိုက်လာ သူ ရှိခဲ့သော် မျက်ခြည်ပြတ် နိုင် စေရန် အတွက် တောင်ဘက် ချိုးသော ဖက်တီးမောင်မောင် တို့ အိမ် လမ်း ဆီ ချိုးချ လိုက်သည် ။ ချိုး ပြီးမှ ဤ လမ်း မှာ မှောင်နှင့်မည်းမည်း ဖြစ်လျက် မြူနီစီပယ်ရုံး အနီး က မန်ကျည်းပင်အုပ်စုကြီး တွင် တစ္ဆေ ရှိသည် ဟု ကြားဖူးသည့် အတွက် ပြန် လှည့်ပြီး နဂို လမ်းကြောင်း ကို ပင် ခြေကုန် သုတ်ရ ပြန်သည် ။ နောက်မှ တပ်နှင့် လိုက်သည် ဖြစ်စေ ည အချိန် မတော် လမ်း မှောင်မှောင် တွင် တစ္ဆေ ကို တော့ အလေးပြုရပေမည် ။
ဈေးတန်း လမ်းမကြီး ပေါ် ရောက်သော် နောက်မှ အသံဗလံများ မကြားရတော့ချေ ။ ထို့ကြောင့် ကျွန်တော် က အပြေး လျှော့ကာ ချိန်းဆို ထားသည့် ကိုးခန်းတိုက် ပြွန် ရှိရာသို့ အသော့ကလေး ပြေးလာ ခဲ့လေသည် ။ ကျွန်တော် ရောက်သော် သူ့ ကို ပြွန်ပေါ် ၌ တွေ့ရသည် ။ သူ လည်း ရောက်သည် မှာ ကြာသေးဟန် မတူ ။ အသက်ပြင်းပြင်း ရှူ၍ မောဆဲ ပင် ဖြစ်၏ ။ ကျွန်တော် က ခရီး ရောက် မဆိုက် အမော မဖြေနိုင်သေး ဘဲ ...
“ ဆီး ... ဆီး ... ဆီးယို ကော ”
သူ က မောသံ အပြင် ငိုသံပါကြီး ဖြင့် “ ကုန် ကုန် ကုန်ပြီ ” ဟူ၍ ပြန် ပြော၏ ။ ကျွန်တော့် မှာ ငယ်ထိပ် မြွေကိုက် သကဲ့သို့ ဖြစ်သွားပြီး ...
“ ဟင် .. မင်း ... မင်း အားလုံး စား လိုက်တယ်ပေါ့ ”
သူ့ အသံ မှာ ရှိုက်သံပင် ပါလာ ချေပြီ ။
“ အီး .. ဟီး .. ရွတ် ၊ မှောက် ကုန်ပြီဗျ အူး. ... အူး ”
ကျွန်တော့် မှာ လဲကျ မတတ် အား လျော့သွားသည် ။ သူ့ အခြေအနေ ကို ကြည့်လိုက်ခါ မှ ပို၍ ပို၍ စိတ် မသက်သာစရာ တွေ့ ရသည် ။ သူ့ တစ်ကိုယ်လုံး တွင် ရင်ဘတ် မှ ဗိုက် တစ်လျှောက် နှင့် ဒူးခေါင်း အထိ အင်္ကျီ ၊ ဘောင်းဘီများ မှာ ဆီးယို မှောက်ထားခြင်း ကြောင့် ထန်းလျက်ရည်များ ဖြင့် ပေကျံ ၍ နေတော့သည် ။ ဘယ်နေရာ လဲ ခဲ့မှန်း မသိသော ဒဏ်ချက် ကြောင့် လည်း ဒူးဆစ် တွင် သွေးရဲရဲ ဖြစ်နေ၏ ။
ကျွန်တော့် မှာ ဘာ လုပ်ရမည် ကို ပင် မသိတော့ ။ သူ့ ကို ပင် အပြစ် တင် ကာ အိမ်သို့ ပြန်ခဲ့ရတော့သည် ။ တစ်နေ့လုံး အပတ်တကုတ် ကြိုးစား အားထုတ် ၍ လုပ်ကြံ ယူခဲ့ရသော ကြေးပိုက်ဆံ တစ်ပြား မှာ အလဟဿ ဖြစ်ရချေတော့သည် ။
အိမ် အပြန် တစ်လျှောက်လုံး တွင် စိတ်အခဲ မကြေတိုင်း သူ့ ဇက်ပိုး ကို သာ တစ်ချက် ပြီး တစ်ချက် အုပ်ရင်း ကြိမ်းမောင်း ၍ ပြန် ခဲ့သည် ။ သူ က လည်း တဟည်းဟည်း ငို တော့သည် ။ သူ့ ငိုသံ မှာ ကျွန်တော့် အတွက် နားကြားပြင်း ကတ် စေသည့် အပြင် သူ့ ပိန်ညောင်ညောင် ဇက်ပိုး ၏ အနောက်ဘက် မှ အချိုင့် ကလေး သည် လက်ဝါး နှင့် ရိုက် လိုက်တိုင်း “ ဖြောင်း ” ခနဲ “ ဖြောင်း ” ခနဲ မြည် ကာ အုပ်သူ အတွက် အားတက်စရာ ကောင်းလှသည် ။
ကျွန်တော် တို့ အိမ် နှင့် မလှမ်းမကမ်း ရောက်သည် တွင် အခြေအနေ မှာ မျှော်လင့်သည် ထက် ပို ဆိုး နေကြောင်း တွေ့ရ တော့သည် ။
အိမ်ရှေ့ မီးရောင် တွင် ဒေါ်ချစ်စု ၏ ပျာလောင်ပျာလောင် အမူအရာ နှင့် ညောင်စာစာ အသံ ကို ကြား ရသည် ။ ကျွန်တော့် အမေ ၏ ....
“ ဟုတ်တယ် ၊ ကျွန်မ လည်း မသိဘူး ။ တစ်နေ့လုံး ဘာ လုပ်ကြတယ် မဆိုနိုင်ဘူး ။ ဟင်းအိုးကြီး လည်း မီးတွေ ထည့်သွားတာ တူး လို့ ။ လာစမ်း ပေ့စေ ၊ ဒင်းတို့တော့ လား ” ဟူသော ပုဏ္ဏကတိုက်သံ ကို စိတ်မချမ်းသာ စွာ ကြားကြရတော့သည် ။
ထူးဆန်းသော မီးခွက် မှ ရရှိသည့် ရတနာ ၏ အကျိုးတရား ကား တရွှမ်းရွှမ်း ကျ လာသော မန်ကျည်းခက်သေးသေး အောက် ဝယ် အမဲခြောက် ဖုတ် သည့် နှယ် ။
◾မောင်သော်က
အတွဲ ၉ ၊ အမှတ် ၇
၁၉၆၁ ခုနှစ် ။ မေလ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment