❝ မင်းလူ အမှတ်တရ ❞
၁၄ . ၉ . ၂၀၁၃ ရက် နေ့ ဟာ စနေ နေ့ ပါ ။ အဲဒီ နေ့ ဟာ စာရေးဆရာ မင်းလူ ရဲ့ ကွယ်လွန်ခြင်း တစ်လ ပြည့် တဲ့ နေ့ ဖြစ်ပါတယ် ။ အဲဒီ နေ့ မှာ ကျန်ရစ်သူ မိသားစု ဟာ တစ်လပြည့် အထိမ်းအမှတ် အဖြစ် သံဃာတော်များ ကို ဆွမ်းဆက်ကပ် ပူဇော်ပြီး မင်းလူ ကို ချစ်ခင်မြတ်နိုးကြတဲ့ စာပေနယ် က စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ ပန်းချီဆရာတွေ ၊ ကာတွန်းဆရာတွေ စတဲ့ စာနယ်ဇင်းသမားတွေ ၊ ရုပ်ရှင်အနုပညာရှင်တွေ ၊ သူ့ ရဲ့ မိတ်ဆွေတွေ နဲ့ ဆွေမျိုးမိတ်သင်္ဂဟစုံ ကို ဖိတ်ကြားပြီး ဒံပေါက်ထမင်း ကျွေးမွေး လှူဒါန်း တဲ့ နေ့ တစ်နေ့ ဖြစ်ပါတယ် ။ ဒီ ရက်ပိုင်းတွေ က နေ့စဉ် ရက်ဆက် မိုး ကောင်းတဲ့ နေ့တွေ ဖြစ်ပါတယ် ။ ဒါကြောင့် အဲဒီနေ့ ကလည်း မိုး က မနက် ကတည်း က အဆက်မပြတ် တဖွဲဖွဲ ရွာ နေခဲ့ပါတယ် ။ သူတို့ နေထိုင် တဲ့ ရပ်ကွက်ကလေး ရဲ့လမ်းတွေ လမ်းတွေ ပေါ် မှာ လည်း ရေတွေ က ဖွေးဖွေး လှုပ်ပြီး စမ်းချောင်းကလေး တစ်ခု လို ဟိုဟိုဒီဒီ စီးဆင်း နေပါတယ် ။ မနက်ပိုင်း အာရုံဆွမ်း ကပ် အပြီး ၉ နာရီ လောက် က စလို့ စောစောက ကျွန်တော် ပြော ခဲ့တဲ့ မင်းလူ ရဲ့ တစ်လပြည့် အထိမ်းအမှတ် အလှူ ကို ဖိတ်ကြား ခံထားရတဲ့ သူ့ ရဲ့ရဲဘော်ရဲဘက် ၊ မိတ်သင်္ဂဟ ဆွေမျိုး အစုံ ဟာ ကား နဲ့ တစ်မျိုး ၊ ဆိုက်ကား နဲ့ တစ်ဖုံ ၊ ခြေလျင် တစ်လှည့် ရပ်ကွက် ထဲမှာ ဟိုမေး ဒီမေး နဲ့ သူ့ အိမ် ကို တဖွဲဖွဲ ရောက်လာ ခဲ့ကြပါတယ် ။
အမှန်တော့ သူ နေတဲ့ လမ်း က တစ်ဖက်ပိတ် လမ်းကျဉ်းကလေး တစ်ခု ဖြစ်ပါတယ် ။ ဒါကြောင့် လမ်းကျဉ်းကလေး ထဲ က ရေတွေ ထဲ မှာ ကားတွေ က ကွေ့ဝင် လာ လိုက်ကြ ၊ ဘက် ဆုတ်ပြီး ပြန် ထွက် သွား လိုက်ကြ ။ တချို့ကားတွေ က ပြန် မထွက်ဖြစ်ဘဲ ဟိုဘေး ဒီဘေး ကပ် ရပ်ထား လိုက်ကြ ။ စက်ဘီးတွေ ၊ ဆိုက်ကားတွေ ဝင်လိုက် ထွက်လိုက် နဲ့ တရုန်းရုန်း ဖြစ်နေတာ ကို အဲဒီနေ့ က လမ်း ထဲ က လူတွေတောင် နည်းနည်း မျက်စိ နောက် နေ မလား မသိပါဘူး ။ လာသမျှ လူတွေ ကတော့ စာရေးဆရာ မင်းလူ ရဲ့ အိမ်ကလေး ထဲ မှာ ကျွေးမွေးဧည့်ခံတာတွေ ကို စားလိုက်ကြ ။ အုပ်စု ဖွဲ့ပြီး စကားတွေ ဖောင်နေအောင် ပြော လိုက်ကြ နဲ့ အဝေး က ကြည့်ရင် ပျော်ရွှင်နေကြ သလိုလို ၊ ဝမ်းနည်း နေကြ သလိုလို မျက်နှာ မျိုးစုံ နဲ့ လူတွေ ပါပဲ ။
ဒါတောင် အဲဒီ ရက် က စနေနေ့ ဖြစ်နေလို့ သာပေါ့ ။ နို့မို့သာ ဆို သူ့ အိမ်ကလေး က အ.ထ.က ( ၁ ) သင်္ဃန်းကျွန်းကျောင်းကြီး ရဲ့ အနောက်ဘက် ထွက်ပေါက်ဝ မှာ ရှိတာ ဆိုတော့ တခြား ရက် ကျောင်းတက် ကျောင်းဆင်း ချိန် နဲ့ သာ ဆုံရင် လမ်း ထဲ မှာ လူ ပို များပြီး သွားရ လာရ ခက်နေမှာ အမှန်ပါပဲ ။ ပြီးတော့ ဒီ ကျောင်း က နှစ်ချိန်ကျောင်း လေ ။ ဘာပဲ ဖြစ်ဖြစ် အဲဒီနေ့ က သူ မြတ်နိုးတဲ့ သူ့ အိမ်ကလေး ထဲ မှာ တော့ သူ့ ကို ချစ်ခင်ကြတဲ့ သူ့ မိတ်ဆွေတွေ နဲ့ ပြည့်လျှံ ပြီး စည်ကား နေခဲ့တာ အမှန်ပါပဲ ။
တကယ်တော့ မိသားစုဝင် လေးယောက် သာ ရှိပြီး ရိုးရိုးအေးအေးကလေး နေ တတ်တဲ့ မင်းလူ ကို ( သူ့ မိတ်ဆွေသင်္ဂဟက လွဲရင် ) ဒီ ရပ်ကွက် ထဲ က လူတွေ က စာရေးဆရာ ဆိုတာ သိပ် မသိကြပါဘူး ။ ဘာကြောင့် ဆို သူ ဒီ ရပ်ကွက်ကလေး ထဲကို ပြောင်း လာတာ ကလည်း နှစ်နှစ် တောင် မပြည့်သေး လို့ပါပဲ ။ သူ့ ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း အတွက် သူ ဘာလုပ်ကိုင် စားသောက်တယ် ဆိုတာ စာပေတွေ ၊ ရုပ်ရှင်တွေ နဲ့ နီးစပ်ကျွမ်းဝင်သူ မဟုတ်ရင် ပိုဆိုးပေမပေါ့ ။ ပြီးတော့ ဒီဘက်ခေတ် က လည်း စာအုပ် နဲ့ လူတွေ ပိုပို အလှမ်း ကွာ လာတဲ့ ခေတ် ပေကိုး ။ သူ ကလည်း ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် နေချင်သူ မဟုတ်တာ တစ်ခုလည်း ပါ ပါတယ် ။ ဘာပဲပြောပြော ရပ်ကွက် ထဲ က အများ အမြင် မှာ တော့ မင်းလူ ဟာ သူ့ မိသားစုဝင် ဖြစ်တဲ့ မိန်းမ နဲ့ သမီးတွေ အလုပ် သွားရင် အိမ် မှာ အိမ် စောင့်ရင်း တစ်ယောက် တည်း ကျန်ခဲ့တတ်တဲ့ လူ တစ်ယောက် သာ ဖြစ်ပါတယ် ။ ကြည့်လေ ပို ဆိုးတာက သူ့ အိမ်ကလေး က လူတကာ အလုပ် သွားကြတဲ့ မနက် ၉ နာရီ ၊ ၁၀ နာရီ ဝန်းကျင် ဆို တကယ် ကို တိတ်ဆိတ်ပြီး အိမ် တံခါး ရော ၊ ဝင်း တံခါး ပါ သော့ ပိတ်လျက် အမြဲ ငြိမ်သက် နေရတာ တွေ့ရ တတ် ပါတယ် ။ အိမ် ထဲ မှာ လူ မှ ရှိရဲ့လား လို့ ထင်ရပါမယ် ။ ဒီ အချိန် ဆို ကြိုပြီး အချိန်းအချက် လုပ် မထားရင် အိမ် ကို ဘယ် ဧည့်သည် မှ မလာတတ်ပါဘူး ။ လာ ရင်လည်း ဘယ်သူ့ ကို မှ တွေ့မှာ မဟုတ်ပါဘူး ။ အဲ ရုံးပိတ်ရက် ဆိုရင်တော့ သူ့ မိသားစု ရှိတတ်ပါတယ် ။ ကျန်တဲ့ ကြားရက်တွေ မှာ ကတော့ သူ့ ကို တွေ့ချင်လို့ သူ့ အိမ် ကို လာရင် ကျွန်တော်တို့ ငယ်ငယ်တုန်း က ကစားရင်း ဆိုခဲ့ဖူးတဲ့ ကဗျာလင်္ကာလေး တစ်ပုဒ် နဲ့ ရယ်စရာ ဖြစ်အောင် ပြောရရင် ‘ မောင်ရင်လာ တံခါးပိတ် ဂျိတ် ’ ပဲ ပေါ့ဗျာ ။
အဲဒီလို သူ့ အိမ် က ပိတ်နေတယ် ဆိုပေမယ့် အမှတ်မထင် သူ့ အိမ်ဝ ကို ရောက်ရင်တော့ ထုံးစံအတိုင်း သူ ချိတ်ထားတတ်တဲ့ လမ်းညွန် စာတမ်းကလေးတွေ ကို သူ့ နေရာနဲ့ သူ ခင်ဗျားတို့ တွေ့ရပါလိမ့်မယ် ။ အဲဒါတွေ က တော့ အိမ်ဝ က အလူမီနီယံ မှန်ပုံးကလေး ဘေး မှာ စာထည့်ရန် ၊ မီတာထည့်ရန် ၊ သတင်းစာထည့်ရန် တို့ ။ ဘဲလ်တီးပါ ။ ဖိနပ်စီးပါ စတဲ့ ဘာညာစာတမ်း အစုံပေါ့ ဗျာ ။ အဲ အဲဒါတွေ ကို ကျော် လို့ အိမ် ထဲ က ဧည့်ခန်း ကို ရောက်ပြီ ဆိုရင်တော့ ဧည့်ခန်း ထဲ က တယ်လီဖုန်း တင် တဲ့ မှန်ဗီရိုလေး ရဲ့ တံခါးပေါက် မှန်ပေါ်မှာ ကပ်ထားတဲ့ ‘ လျှော့သုံး - ပိုရှာ ’ ဆိုတဲ့ သူ့ ရဲ့မိသားစု သတိပေး စာတမ်းကလေး ကို လည်း တွေ့ရ မှာ ဖြစ်ပါတယ် ။
တကယ်တော့ အိမ် က သော့ခတ် လျက် ပိတ် နေတယ်လို့ သာ စကား အဖြစ် ပြောတာပါ ။ အိမ် ထဲ မှာ လူ မရှိတာ မဟုတ်ပါဘူး ။ လူ ရှိနေပါတယ် ။ စောစောက ပြောခဲ့ သလို သူ့ မိသားစု ဝင် တွေ အလုပ် သွားချိန် မှာ သူ ( မင်းလူ ) က အိမ် ထဲမှာ ရှိ နေပါတယ် ။ ဒါပေမဲ့ အဲဒါဟာ အိပ်ရာ မနိုးသေးဘဲ သူ အိပ်နေတဲ့ သူ့ ရဲ့အိပ်ချိန် ပါ ။ တကယ်တော့ စာရေးဆရာ မင်းလူ ဟာ ကလောင် နာမည် က သာ မင်းလူ ဖြစ်ပေမယ့် တကယ်တော့ သူ ဟာ ညလူ ဖြစ်ပါတယ် ။ ကျွန်တော် ဆိုလိုချင်တာ က သူ ဟာ ည ဘက် မှ ထွက်ပြီး အစာ ရှာတတ်တဲ့ ဇီးကွက် လို လူမျိုး လို့ ဆိုချင်တာပါ ။ သူ ဟာ ည လူခြေတိတ်ချိန် ညဉ့်နက် မှာ မှ စာ ထ ရေးပြီး သန်းခေါင်းသန်းလွဲ လင်းအားကြီး ကျ မှ အိပ်တတ်တဲ့ လူ ဖြစ်ပါတယ် ။ ဒါကြောင့် ဘယ်တော့ ဖြစ်ဖြစ် သူ ဟာ နေ့လယ် ၁ နာရီ ၊ ၂ နာရီ မထိုးဘဲ အိပ်ရာ ထလေ့ မရှိတတ်ပါဘူး ။ ဒါကြောင့်လည်း တော်တော်များများ သော သာရေးနာရေး နဲ့ လူမှုရေး ဖိတ်ကြားချက်တွေ ကို သူ ဘယ်တော့မှ သွားလေ့သွားထ မရှိပါဘူး ။ မလွဲသာ မရှောင်သာ အင်မတန် မျက်နှာ နာရမယ့် ကိစ္စ ရှိမှပဲ ကြိုးစားပမ်းစား စောစောထ ပြင်ဆင်ပြီး တစ်ခါတလေ တော့ သူ သွားလေ့ ရှိပါတယ် ။ ဒါပေမဲ့ အဲဒီလို အချိန်တွေ မှာ သူ့ ကို ကြည့် လိုက်ရင် ဘယ်တော့ မဆို အိပ်ရေး မဝသေးတဲ့ ပုံစံမျိုး ပဲ တွေ့ရတတ်ပါတယ် ။
ဒါကြောင့် သူ့ မိသားစု က လည်း သူ့ သဘာဝ ကို အလိုက်တသိ နဲ့ ပဲ နေ့စဉ် သူတို့ အလုပ် သွားပြီ ဆိုရင် သူ အိပ်ရာက နိုးလာရင် စားဖို့ နံနက်စာ စားစရာ တစ်ခု ခု နဲ့ နေ့လယ်စာ ထမင်းဟင်း ကို ( ထမင်းစား စားပွဲ ပေါ်မှာ ) အဆင်သင့် ပြင်ပေး ခဲ့ပြီး အိပ်နေတဲ့ သူ့ ကို အိမ် ထဲ မှာ သော့ပိတ် ထားခဲ့ကြပါတယ် ။ ဒါ ထုံးစံပါပဲ ။
သူ ကတော့ သူ့ အတွက် သပ္ပာယ မျှတဲ့ တစ်ချိန် ချိန် မှာ အိပ်ရာ က နိုးလာ တတ် ပါတယ် ။ ပြီးရင် မျက်နှာသစ် ၊ ကိုယ်လက် သန့်စင်ပြီး ဆေးပေါ့လိပ်တိုလေး ကို မီးညှိ ဖွာရှိုက် ရင်း နံနက်စာ စား ။ နေ့စဉ်ထုတ် သတင်းစာတွေ ၊ ဂျာနယ်တွေ ကို ဖတ်လေ့ ရှိပါတယ် ။ ဒီလိုနဲ့ စာလေး ဖတ်လိုက် ၊ ဆေးလိပ်လေး သောက်လိုက် လုပ်ပြီး တွေးရင်းငေးရင်း က နေကုန်ပြီ ဆို အိမ်ပြင် ထွက် အညောင်းအညာ ပြေ လမ်းလျှောက် ရင်း သူ့ ရပ်ကွက် ထိပ် က လက်ဖက်ရည်ဆိုင်လေး မှာ သူ ထွက် ထိုင်လေ့ ရှိပါတယ် ။ ဟိုတုန်းက ဆိုရင်တော့ သာဓုခြံ ထဲ က ကိုရူပ ဖွင့်ထားတဲ့ ‘ ရွှေကြေးစည် ’ လက်ဖက်ရည်ဆိုင် ပေါ့ ။ ခုတော့ ကျွန်တော်တို့ ရပ်ကွက် ပြောင်းလာပြီ ဆိုတော့ ဒီ ရပ်ကွက် ထိပ် က ဆိုင်မှာ ဖြစ်နေပါပြီ ။ အဲဒီ ဆိုင် မှာ သူ့ မိတ်ဆွေတွေ ဖြစ်တဲ့ ကျွန်တော် တို့ နဲ့ ဆုံ ချင် ဆုံ ။ မဆုံ လည်း တစ်ယောက် တည်း ငေါင်းစင်းစင်း နဲ့ ထိုင် တွေးရင်း သူ အချိန် ကုန် တတ်ပါတယ် ။ ဒါ သူ့ ရဲ့တစ်နေ့တာ စိတ်အပန်းဖြေ ချိန်ပါ ။
ဒီနေရာ မှာ ထူးခြားမှုလေး တစ်ခု ရှိတာတော့ ထည့် ပြောရဦးမယ် ထင်ပါတယ် ။ အဲဒါကတော့ အပတ်စဉ် သောကြာနေ့ တစ်ရက် ပါ ။ သူ နဲ့ အပေါင်းအဖော် စာပေဝါသနာ တူ တစ်စု ဖြစ်တဲ့ ကျွန်တော်တို့ သောကြာနေ့ ညနေ ၅ နာရီ ၆ နာရီ လောက် မှာ အမြဲမပြတ် ဆုံတတ်ကြတဲ့ သူ့ ရဲ့သောကြာ စကားဝိုင်းကလေး အကြောင်း ပဲ ဖြစ်ပါတယ် ။ အဲဒီမှာ ကျွန်တော်တို့ စုကြဝေးကြ ၊ ငြင်းကြခုံကြတာဟာ နောက်ဆုံး ဆေးရုံ ပေါ် မရောက်မီ ရက်တွေ အထိ မပျက်မကွက်ဆုံး လူဟာ သူ ပါပဲ ။ ကျန်တဲ့ လူတွေ က ဟိုကိစ္စ ဒီကိစ္စ နဲ့ ပျက်ကွက် တတ် ပါတယ် ။ သူ က ကိစ္စကြီးငယ် ရှိလို့ သွားစရာ ရှိရင်တောင် ကြိုခွင့် တိုင်တတ် သူ ဖြစ်ပါတယ် ။ ရောဂါ ကုနေတဲ့ ရက်တွေ မှာ ဆေးသွင်း နေတဲ့ ရက် မှာ တောင် မှ ဒီ စကားဝိုင်း ကို ခါး က ပိုက် တန်းလန်း နဲ့ ရောက်ချလာပြီး ကား ပေါ် က ဆင်း ၊ အိမ် မပြန်ဘဲ နေခဲ့တတ်ပါတယ် ။ နေ မကောင်း ဖြစ်တာ က လွဲရင် မပျက်ကွက် တာ သူ ပါပဲ ။ အင်မတန် သံယောဇဉ် ကြီး တဲ့ သူ့ ရဲ့ သောကြာ စကားဝိုင်း ပဲ ဖြစ်ပါတယ် ။ ခုတော့ ဒီ စကားဝိုင်းကလေး ဟာ ဦးဆောင်သူ မဲ့စွာ နဲ့ ပျောက်ကွယ်ခဲ့ပါပြီ ။ တကယ်တော့ မင်းလူ ဟာ စာရေး ကောင်းတဲ့ သူ ဖြစ်ပါတယ် ။ သူ က အကြောင်းအရာ တစ်ခု ၊ စာ တစ်ပုဒ် ကို စိတ်လိုလက်ရ သဘာဝကျကျ ရေးလေ့ ရှိပါတယ် ။ သူ ရေးချင်တာ မှန်သမျှ ကို သူ့ စိတ်ကြိုက် သဘဝကျကျ တွေးပြီး ရေးခွင့် မရ ရင် တောင် ရအောင် ရေးလေ့ ရှိသူ ဖြစ် ပါတယ် ။ သူ မရေးချင်တာ ကို တော့ ပိုက်ဆံ ပုံ ပေးပြီး အတင်း ရေး ခိုင်းလည်း ရေးလေ့ မရှိတတ် သူ ဖြစ်ပါတယ် ။ အဲ ရေးချင်မိပြီ ဆိုရင်တော့ ဘာတွေ ဖြစ်နေ ဖြစ်နေ ဘာကို မှ မမှုဘဲ သူ ရေးချင်တာ ကို ဇွတ် ရေးလေ့ ရှိတယ် ဆိုတာ ကို တော့ ခင်ဗျားတို့ ကျွန်တော်တို့ တွေ ဖတ်ပြီး ကျိတ် ပြုံး ခဲ့ရတဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ သူ့ ကဗျာတွေ ကို ပဲ သက်သေ ပြရမယ် ထင်ပါတယ် ။ ဒီ ကဗျာတွေကြောင့် ပဲ မင်းလူ ဟာ မထင်ပေါ်ချင် ၊ နာမည် မကြီးချင်ပေမယ့် နာမည် ကြီးခဲ့ရတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒီနေရာ မှာ မင်းလူ ဘာလို့ စာရေး ကောင်းတာလဲ ဆိုတာကို ကျွန်တော် နားလည် သမျှ ကျွန်တော့် အတွေး နဲ့ နည်းနည်းလေး ပြောပြ ချင်ပါတယ် ။ သူ က သူ့ ပတ်ဝန်းကျင် မှာ ရှိတဲ့ သူတွေ ရဲ့ စရိုက် ( Charactor ) ကို အသေးစိတ် စူးစမ်း လေ့လာလေ့ ရှိပါတယ် ။ ပြီးတော့ သူ ဖန်တီးတော့မယ့် အကြောင်းအရာ ရှိလာပြီ ဆိုရင် အဲဒီ ဇာတ်လမ်း ဇာတ်ကွက် နဲ့ ကိုက်မယ့် ဇာတ်ဆောင် နေရာ မှာ ထည့်ပြီး အဲဒီ လူ ရဲ့ စရိုက် အစစ်အမှန် ရော ၊ နည်းနည်း ပိုပိုသာသာ ဟာသ လုပ်ပြီး နောက်နောက်ပြောင်ပြောင် Satire လုပ်ပြီး ရေးထည့်လေ့ ရှိပါတယ် ။
ဒါကြောင့်လည်း သူ့ ဇာတ်လမ်း နဲ့ ဇာတ်ကောင်တွေ ဟာ သဘာဝ ကျပြီး ရှင်သန် နေလေ့ ရှိပါတယ် ။ အဲဒီလို စာတွေ ကြောင့်လည်း သူ့ ရဲ့ စာဖတ် ပရိသတ်တွေ ဟာ သူ့ စေတနာ နဲ့ သူ့ စာ ကို စွဲလမ်း နေခဲ့ကြတာပါ ။ ပြီးတော့ သူ က သူ ခင်တဲ့မင်တဲ့ သူတွေ ကို ဇာတ်ကောင် ထားပြီး Satire လုပ်ပြီး နောက်တောက်တောက် ချိတ်တိတ်တိတ် လည်း ရေးချင် ရေးတတ် ပါတယ် ။ ဒါ သူ့ ရဲ့ပင်ကိုယ် ဗီဇ ပါ ပဲ ။ ဒါကြောင့် သူ့ ရဲ့ သဘာဝကျကျ ဟာသရသ စုံတဲ့ စာတွေ ထဲ က ဇာတ်ကောင်တွေ ဖြစ်တဲ့ ဦးတင်နွေ တို့ ၊ ဦးကျော်စိုး တို့ ၊ ပတေး တို့ ၊ ဘာနူး တို့ ၊ လှထုံ တို့ ၊ ဒေါက်တာတုတ်ခိုင် တို့ ၊ ဒေဝါနန်း တို့ စတဲ့ ဇာတ်ကောင်တွေ ဟာ သူ့ ပတ်ဝန်းကျင် မှာ ရှိတဲ့ သူ့ ရဲ့မိတ်သင်္ဂဟတွေ ထဲ က သက်ရှိ ဇာတ်ကောင် တွေ ချည်းပါပဲ ။ ခုတော့ မင်းလူ ဟာ အဲဒီ ပတ်ဝန်းကျင် က သူ ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေ နဲ့ သူ့မိသားစု ကို ထားပြီး လူ့ လောက ထဲ က ထွက်ခွာသွား ခဲ့တာ ၁၄ . ၈ . ၂၀၁၄ ဆိုရင် တစ်နှစ် တင်းတင်း ပြည့် တော့ မှာ ဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် သူ ရေးတဲ့ သူ့ စာတွေ ကို စောင့် ဖတ်ခဲ့ရတဲ့ ကျွန်တော် တို့ တစ်တွေ က လည်း သူ့ ကို သတိတရ ရှိနေဆဲပါပဲ ။
◾မင်းနန်းစည် ( ရန်ကုန်တက္ကသိုလ် )
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment