❝ တောသားကြီး ❞
အမှန်တော့ ကျွန်တော် က တောသား လည်း မဟုတ်ရပေါင် ဗျာ ... ။
ဒါပေမယ့် ကျွန်တော့် အဖေ ဦးထွန်းနိုင် က တောသား ဗျ ... ။
အဖေ က မော်လမြိုင် က နေ ရေလမ်းခရီး နဲ့ တစ်ည အိပ် သွား မှ ရောက်တဲ့ ကရင်ဒိုက် ရွာသား ... ။
သူ့ အသက် ရှစ်နှစ် လောက် မှာ စစ်ကြီး ဖြစ်လို့ မော်လမြိုင်မြို့ ကို ထွက်ပြေး လာရာ ကနေ သူ့ လို ပဲ စစ်ရှောင်ရင်း ကတိုးကော့နှပ် က ပြောင်းပြေး လာတဲ့ ကျွန်တော် တို့ “ မာတာမော်ဒယ် ဒေါ်ညွန့်နွယ် ” နဲ့ အကြောင်း ပါ ကြတာ ကလား ။
အဲဒီတုန်းက ကျွန်တော်တို့ မမွေးသေးဘူး ပေါ့ ။ ( ဟယ် ... အခုမှ အဖေ အမေ ညားတုန်း ရှိသေး ။ “ ပန္နက် ” ကလေး တောင် မရိုက်ရသေးဘဲ ကလေး က ဘယ့်နှယ် မွေးမှာတုံး ... ။ )
နှစ်ယောက်လုံး က တော့ တောသူတောင်သားများ ပီပီ တော မှာ နေရတာ ကို ပဲ နှစ်သက်ကြပါတယ် ။
အဖေ က ဝန်ထမ်း ဖြစ်တော့ ဝန်ထမ်း တို့ ဘာသာဘာဝ ပြောင်းရွှေ့ရတာပေါ့ ဗျာ ... ဒါပေမယ့် တောသဘာဝ ကို ကြိုက်တဲ့ ကျွန်တော့် အဖေ က သူ့ ဗီဇ အတိုင်း တောရွာတွေ မှာ ပဲ လှည့်ပတ် တာဝန် ထမ်းဆောင် ခဲ့ ရှာတယ် ။
သူများ မသွားချင် တဲ့ ခေါင်ပေ့ နက်ပေ့ ဆိုတဲ့ တောရွာများ ဆိုလို့ တော့ ကျွန်တော့် အဖေတို့များ အသည်း ယား နေပြီ ... သွားမယ် လာထား ပဲ ။ ဒီတော့ ဒီ တောကြိုက် မိဘ နှစ်ပါး ကောင်းမှု အကြောင်းပြုပြီး ကျွန်တော်တို့ လည်း ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အနှံ့ မရောက်ဖူးတဲ့ နေရာ မရှိခဲ့ဘူး ။ မြို့တော့ မပါဘူး နော် ...
တော ကို ပြောတာ ... ။
တော ... တော ... ။
မြဝတီ ၊ တောင်သုံးလုံး ၊ ကော့ကရိတ် က နေ ( အဲဒီတုန်း က အင်မတန် ခေါင်တယ် ဆိုတဲ့ ) ခလည်တံခွန်တိုင် ၊ မွန်တံခွန်တိုင် ၊ လှိုင်းဘွဲ့ ၊ ကြာအင်းဆိပ်ကြီး ၊ တောင်ကြာအင်း စသည်ဖြင့် နေခဲ့ ရတဲ့ အပြင် မွန်ပြည်နယ် ဆယ်မြို့နယ် လုံး မနေခဲ့ဖူးတဲ့ မြို့ မရှိခဲ့ဘူး ။ ( ဒါတောင် အိမ် က ထွက်ပြေး ပြီး ရခိုင် ရောက်တဲ့ အကြောင်း မပြောသေးဘူး ။ )
ပြောရဦးမယ် ... ။ အဖေ က ဝန်ထမ်းကောင်း ဗျ ။ အဖေ စ ပြီး ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင် ကတည်း က နေ ပင်စင် ယူတဲ့ အထိ ခွင့် တစ်ရက် မှ မယူခဲ့ဖူးဘူး ။ တာဝန် နဲ့ ပတ်သက်ပြီး လစ်ဟင်း ပျက်ကွက် ခဲ့တာ မရှိဘူး ။
သူ့ အလိုလို နေရင်း နဲ့ ကို စံပြဝန်ထမ်းကောင်း ဖြစ် နေတာ လေ ။
ဒီလောက် ဝန်ထမ်းကောင်း ဖြစ်ချင်တဲ့ အဖေ့ ကို သူ့ အထက်အရာရှိများ က တော ပဲ ပို့ ပါတယ် ။ တောပို့ တော့လည်း အဖေ က ပျော်ပျော်ပဲ ... ။ သူ ကိုယ်တိုင် တော မှာ နေချင် သူ ဆိုတော့ ကျွန်တော်တို့ ကို လက်ဆွဲ တောထဲ သွားတာပဲ ။ အဲဒါကြောင့် ပြောတာပေါ့ ... ။
ခင်ရယ် ... ။
အမှန်တော့ ကျွန်တော် က တောသား လည်း ဟုတ်ရပေါင် ဗျာ... ။
••••• ••••• ••••• •••••
ပြော ရဦးမယ် ... ။
ကျွန်တော့် အဖေ က အဲသည်လို အပြစ် ကင်းအောင် နေတဲ့ အပြင် အချိန် ကို လည်း အရမ်း လေးစား ပါတယ် ။ ရှစ်နာရီ ချိန်းထားတဲ့ အလုပ်ကို ရှစ်နာရီ အတိအကျ သွား ပါတယ် ။ ပိုလည်း မပိုဘူး ။ လိုလည်း မလိုဘူး ။ ဆယ်နာရီ ဆိုလည်း ဒီလိုပဲ ။ ဆယ်နာရီ အတိအကျပဲ လုံးဝ အချိန် မမှားဘူး ။ ကျွန်တော် အခုလို ပြောလို့ ကျွန်တော့် အဖေ ရဲ့ အချိန် တိကျပုံ ကို လေးလေးနက်နက် ခန့်မှန်း မိ မှာ မဟုတ်ပါဘူး ။ အသေအချာ ခန့်မှန်းလို့ ရအောင် ကျွန်တော်တို့ ညီအစ်ကို ခုနစ်ယောက် နဲ့ သာဓက ရှင်း ပြပါမယ် ။ အဖေ မွေး ထားတာက ညီအစ်ကို ခုနစ်ယောက် ။ အားလုံး နှစ်နှစ် ခြား စီ ပဲ ။ အဖေ လုံးဝ အချိန် မမှားဘူး ။ နောက် နှစ်နှစ် ကြာရင် တစ်ယောက် ၊ ကွက်တိပဲ ။ အားလုံး ခုနစ် ယောက် ... ။ အဲဒီ ခုနှစ်ယောက် မွေးဖို့ အဖေ ဆယ့်လေးနှစ် တိတိ အချိန် ယူခဲ့တယ် ။
အဖေ့ အချိန် တိကျ ပုံ ပြော ပါတယ် ... ။
ဒါတောင် အဖေ နဲ့ အမေ က မတည့် လို့ ။ မျက်နှာချင်း ဆိုင်တာနဲ့ ရန် ဖြစ်တာပဲ ... ။ ရန် ဖြစ် ရင်လည်း အဖေ က သိပ် မာန ကြီး တာ .. ။
သူ ချည်း အထုပ်ဆွဲ ဆင်းတော့တာပဲ ... ။
ပြီးတော့ အဖေ က တခြား လူတွေ နဲ့ ဆို ညင်သာပျော့ပျောင်း သလောက် အမေ နဲ့ ဆိုရင်တော့ ခပ်မာမာပဲ ဆက်ဆံတယ် ... ။
“ ကိုထွန်းနိုင် ဒီ အဝတ်တွေ လျှော် လိုက်ပါလား ” ဆို ...
“ အေး ... လျှော်တယ် ဘာဖြစ်လဲ ... ”
တွေ့လား ... ခပ်မာမာပဲ ။
“ ကိုထွန်းနိုင် ပိုက်ဆံ မလောက်လို့ ပေးပါဦး ”
“ ရော့ ယူသွား ... စကား မရှည်နဲ့ ”
“ ကိုထွန်းနိုင် ထမင်း ချက်လိုက်ဦး ” ဆို ...
“ ချက်တယ်ကွာ ... ဘာ လုပ်ချင်လဲ ... ”
အဖေ က အဲလို ကို မာ တာ ။
ကျွန်တော် အမေ့ ကို မေး ဖူးတယ် ... ။
“ အမေ ရယ် ... အဖေ နဲ့ အမေ ဒီလောက် မတည့်တာတောင် ဘာလို့ ကလေး ခုနစ်ယောက် မွေးချခဲ့ တာလဲ ... ”
ဆိုတော့ အမေ က ...
“ အို ကွယ် ... နင့် အဖေ က နှစ်နှစ် တစ်ခါ သူ မှားကြောင်း လာ တောင်းပန်တာ ကိုး ... ”
ဟော ... ဒါလည်း တိကျ ပြန် ရော ... ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment