ကျွန်တော် တို့ ရွာ က ပြောင်းခါနီး မှ ရွာဘုရားပွဲ နဲ့ တစ်ခါ ထပ်ပြီး ကြုံတော့တာ ကိုး ဗျ ။ ဒီနှစ် ကျ မှ ထူးထူးခြားခြား မြို့ဇာတ် မငှားတော့ ဘဲ ဦးရေပြား ၊ ဦးဆယ်ပြား ၊ အီးတီ တို့ ဦးစီးပြီး ရွာဇာတ် ကကြ မှာ တဲ့ ။ အီးတီ အပြော ကတော့ ပြီးခဲ့တဲ့ နှစ် က အတွေ့အကြုံ အရ ပင်ပန်းတော့ ကိုယ် နာမည် ကြီး တော့ သူတို့ အဖြစ် မခံနိုင်ဘူး တဲ့ ။ ကိုယ့် ဘာသာ ကိုယ် က ပြီး ကိုယ့် ဘာသာ ကိုယ် နာမည် ယူတော့မယ် ဆိုကိုး ဗျ ။ တစ်ရွာ လုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ် ။
က မှာ က လည်း ကြည့်ဦး ။ စတိတ်ရှိုး နဲ့ ပြဇာတ် နှစ်ခု ထဲ က မှာ ။
စတိတ်ရှိုး က လည်း ထူးဆန်းတယ် ။ ဘာ တီးဝိုင်း မှ မငှားဘဲ ဦးဇော်ဝင်း ( “ ဝိတ် ” ဆံသ ) က မယ်ဒိုလင် တီး ပြီး ဆိုချင်သူ တွေ ဆို ... ပြီးပြီ ။ ဘာ ဒရမ် ၊ ဂစ်တာ မှ မပါဘူး ။ အေး ရော ။
ပြဇာတ် က လည်း သူတို့ ဖာသာ သူတို့ ရေး ထားတဲ့ တော်လှန်ရေးဇာတ် ။ စကား ပြောမယ် ။ သေနတ် ပစ်မယ် ။ ဇာတ်ပို့တေးဂီတ ကို စပီကာ နဲ့ ကက်ဆက် နဲ့ ဖွင့် ပေးမယ် ။ ဒါပဲ ... ။ ထူးခြားတာ က ဒီ ပွဲ မှာ ပါဝင် ကပြ အသုံးတော်ခံသူတွေ က သာ ဇာတ်ပွဲ အတွက် ကုန်ကျငွေ စိုက်ရမယ် ဆိုတာပဲ ။
ရွာ ကလည်း သဘောကျ ကြတယ် ။ ဘယ်သူ့ မှ ပိုက်ဆံ မထည့်ရဘဲ ပွဲကြည့်ရမယ် ဆိုတာ ကောင်းကောင်း မကောင်းကောင်းလေ ... ကြည့်ကြမှာပဲ ။
အဓိက ပွဲ ဖြစ်သွားဖို့ အဓိက မဟုတ်လား ။ ဒီလိုနဲ့ ပြဇာတ်တွေ တိုက်ကြတာပေါ့ ။
သီချင်း ကတော့ ထွေထွေထူးထူး ကျင့်နေစရာ မလိုပါဘူး ။ ညနေတိုင်း ဇော် “ ဝိတ် ” ဆံသ ရှေ့ ဆိုနေကျ မဟုတ်လား ။ ပြဇာတ် ကို သာ အဓိကထား တိုက်ကြရတာ ။ ပြဇာတ် က မကဖူးသူတွေ လည်း ပါတာ ကိုး ။
ပြဇာတ် မှာ ပါဝင်သူတွေ ကတော့ ပိုးမသေး တဲ့ အဖိုးလေးတွေ ချည်းပဲ ။ ပြဇာတ်မင်းသား ကတော့ ဦးဇော်ဝိတ် ။ သူ က ဗလရှိသူ မဟုတ်လား ။ သူ နဲ့ ပြိုင်ဖက် က ရွာ လူမိုက် ဦးဆယ်ပြား ။ ပြဇာတ် မင်းသမီး က ဦးဆယ်ပြား ကတော် ဒေါ်သန်းရီ ။ သူ က ဇာတ် ကဖူးသူ မဟုတ်လား ။ ကျန်တဲ့ ဦးရေပြား တို့ အီးတီ တို့ က ဝိုင်းမယ် ။ အားလုံး အဆင်ပြေ နေပြီ ။
ခက် နေတာက သူတို့ အဖွဲ့ထဲမှာ ဒေါ်မြတင်ကြီး ပါ နေတာပဲ ။ သူ က ငွေ အများဆုံး စိုက်ထားတော့ သူ့ ကို မသုံးလို့ မရဘူး ဖြစ် နေတယ် ။ ဒေါ်မြတင် ဆိုတာ က လည်း ပွဲ ကဖို့ မပြောနဲ့ ၊ မြို့ဇာတ်တွေ ရွာ လာ က ရင် တောင် ပွဲခင်း ထဲ လူစည် လို့ လာ အိပ်နေတယ် ဆိုတဲ့ လူမျိုး ။ ဘာ ပွဲ မှလည်း မကြည့်ဖူးတဲ့ အပြင် အနုပညာ နဲ့ ပတ်သက်ပြီး ဘာ ဗဟုသုတမှ မရှိဘူး ။ အဆိုးဆုံး က စကား ကို တောင် ရေရေလည်လည် မပြောတတ်တာပဲ ။ ဒီအတိုင်း စကား ပြော နေရင်တောင် သူ မသိတဲ့ စကားလုံး ဆို ဟိုသင်း ဟိုသင်း ထည့်ထည့် ပြောနေတဲ့ ဟာ ကို ။
အဲဒါနဲ့ အားလုံး ညှိပြီး ဒေါ်မြတင် ကို ပြဇာတ် ထဲ တစ်ခန်း ထည့် ပေးမယ် ။ နောက်ပြီး ဇာတ်ပွဲ တစ်ပွဲလုံး ရဲ့ အနောင်စာ ( အစီအစဉ် ကြေညာသူ ) ပေး လုပ်မယ်ပေါ့ ။ ( ဒေါ်မြတင် က သီချင်း ဆိုမယ်ချည်း လုပ်နေတာကိုး ။ ) ဒီလိုနဲ့ အားလုံး အဆင်ပြေ သွားကြတယ် ။ ဇာတ်ပွဲ စမယ့် နေ့ အထိ ပေါ့ ။
ပွဲ ဆိုမှ ပွဲ ပါ ဗျာ ။
စင် က တိုင်ကီ လေးလုံး ပေါ် သစ်သားတွေ တင်ပြီး ဆောက် ထားတာ ။ လိုက်ကာတွေ မရှိလို့ ရွာကျောင်း ဆရာတော် ကို လျှောက်ပြီး လိုက်ကာ လုပ်ထားရတယ် ။ ဘာ စပေါ့လိုက် မှ မပါဘူး ။ မီးချောင်းတွေ ၊ မီးလုံးတွေ ဒီ အတိုင်း တပ်ပြီး ပလပ်ခုံ မှာ အဖွင့်အပိတ် လုပ်ကြမှာ ။ မှိန် ချင်ရင် ခလုပ် ပိတ် ၊ လင်း ချင်ရင် ခလုပ် ဖွင့် ။
ဒါပဲ ... ။
ဇာတ် က မပြည့်စုံတဲ့ အပြင် ဇာတ် ထဲ မှာ ပါတဲ့ ဦးရေပြား နဲ့ ဦးဆယ်ပြား တို့က ပြဿနာ တက် နေ သေးတယ် ။ ပြဿနာ အရင်းအမြစ် က ဘယ်သူ ပိုပြီး သီချင်းဆို ကောင်းသလဲ ဆိုတာ က စပြီး မာန ပြိုင်ကြတော့တာ ပါပဲ ။
“ မင်း က ... သီချင်း ကို ဘယ်လောက် ဆိုတတ်လို့လဲ ”
“ မင်း က ရော ... သီချင်း ကို ဘယ်လောက် ဆိုနိုင်လို့လဲ ”
စသည့်ဖြင့် ငြင်းရာ ကနေ ...
“ သတ္တိ ရှိရင် မိုက်ခွက် မကိုင်ကြေး အဆို ပြိုင်ကြမလား ”
ဆိုပြီး ဖြစ် လာရော ။ ဟုတ်တယ်လေ ၊ မိုက်ခွက် ကို လက် နဲ့ မကိုင်ကြေး လောင်းကြတာပေါ့ ။
“ စိန်လိုက်လေ ၊ မိုက်ခွက် မကိုင်ဘဲ မင်း ဘယ်လောက် အသံ နိုင်လဲ ။ ငါ ဘယ်လောက် အသံ နိုင်လဲ စမ်းကြတာပေါ့ ”
ဆိုပြီး သဘော တူ လိုက်ကြတယ် ။ လောင်းကြေး က ချက်အရက် ငါးလုံး ကြေး ။ ဒိုင်လူကြီး က ဦးကျဲ ။ အေးရော ... ။
ပွဲ မစခင် ကတည်း က လော်စပီကာသံ က ဆူညံ နေတယ် ။ ပွဲကွက်လပ် ရဲ့ နံဘေး မှာ လည်း ထုံးစံအတိုင်း ပွဲဈေးတွေ နဲ့ ဘာနဲ့ သူ့ ဟာ သူ တော့ ဟုတ်နေတာပါပဲ ။ ရွာနီးချုပ်စပ် က ပွဲငတ်သူတွေ ကလည်း ပွဲဆို ဘာပွဲ ဖြစ်ဖြစ် ကြည့်မယ် ဆိုပြီး ရောက်နေကြပြီ ။ ဟုတ်တယ်လေ ဘာပွဲမှ မရှိရင် ကြက်ပွဲ တောင် အကောင်းလုပ် ကြည့်နေတဲ့ ဟာ ကို ။
“ ပွဲစပြီ ... ”
ပွဲ စပြီ ဆိုတာနဲ့ အနောင်စာ ဒေါ်မြတင် ရဲ့ အသံ စ ကြားရပါတော့တယ် ။
“ ကြွရောက်လာကြတဲ့ ဟိုသင်းလာ ပရိသတ်ကြီး ရှင့် ... ”
ပရိသတ်ကြီး က ဘယ်သင်း လာတယ်တော့ မသိပါဘူး ။ ဒေါ်မြတင် က သူ မပြောတတ်တဲ့ စကားလုံး ဆို သူ့ ဝသီ အတိုင်း ဟိုသင်း ထည့် ပြောတော့တာ ကိုး ။ အခုလည်း ရွှေပွဲလာ ကို မပြောတတ်လို့ ဟိုသင်းလာ ဆိုပြီး ပြောချ လိုက်တော့ နားထောင်ရတာ တစ်မျိုးကြီး ။
“ ယခု ဆက်လက်ပြီး ... ကျေးရွာ လူအပေါင်း စုဆောင်း ပါဝင်ထားတဲ့ ဟိုသင်း ပဒေသာကြီး ပြတော့ မှာ မို့ အားလုံး နေရာ ယူ ပေးကြပါရန် ပန်ကြားအပ်ပါတယ် ”
ကြားရသူ အပေါင်း ခေါင်းတွေ ကို ထောင်ကရော့ပဲ ။ အမှန်ကတော့ ကပွဲပဒေသာ ဖြစ်ရမှာ ။ အခုတော့ သူ ပြောလိုက်မှ ဘာလိုလို ။ ဒါပေမယ့် အဆင်ပြေပါတယ် ။ လူတွေ က သဘောပေါက်စွာ နဲ့ ပဲ ပွဲခင်း ထဲ နေရာ ယူ ကြတယ် ။ သိပ် မကြာပါဘူး ကိုဇော်ဝိတ်ကြီး သူ့ မယ်ဒိုလင် ကို သူ့ ဗလကြီး နဲ့ ညှစ်ပြီး တက် လာတယ် ။ ပြီးတော့ ခွေးခြေခုံ အပု တစ်လုံးမှာ ထိုင် တယ် ။ ဒါကို ဒေါ်မြတင် က ...
“ တီးဝိုင်းအဖွဲ့ က ရောက်နေပါပြီ ... ဆိုမယ့် သူ က ”
တီးဝိုင်းအဖွဲ့ လို့ သာ ပြောတာပါ ။ အမှန်တော့ တစ်ယောက် တည်း ။
“ ယခု ... စတင် ဖျော်ဖြေမယ့် သူ က လူငယ်ဒါရိုက်တာ ဓာတ်ပုံ အီးတီ ( တံခွန်တိုင် ) ဖြစ်ပါတယ် ”
အဖွင့် ဆိုရမှာ ဆိုတော့ မကြောင် အောင် နည်းနည်း သဘာ ရှိသူကို ခေါ် လိုက်တာပါ ။ အီးတီ စင်ပေါ် တက် လာတယ် ။ အောင်မာ ... အင်္ကျီ အဖြူ နဲ့ ဘန်ကောက်ပုဆိုး နဲ့ ကျော့လို့ သန့်လို့ ဗျ ။ အမှန်တော့ အင်္ကျီအဖြူ နဲ့ ဘန်ကောက်ပုဆိုး က တစ်စုံ တည်း ရှိတာ ။ ဒါကိုမှ သီချင်း ဆို သူ က ဆို ပြီးရင် တိုင်ဖုံး နောက်ကွယ် မှာ ရပ်နေတဲ့ ဘောင်းဘီတို ၊ အင်္ကျီ ချွတ် နဲ့ နောက် ဆိုမယ့် လူ ကို ချွတ်ပေး ။ အဲဒီ လူ က အင်္ကျီ အဖြူ ၊ ဘန်ကောက်ပုဆိုး ကို ဝတ် ။ သီချင်း ဆို ။ ပြီးရင် ပြန် ချွတ်ခဲ့ ပေး ။ အဲလို အလှည့်ကျ လုပ်ရမှာ ။ အီးတီ သာ စင်ရှေ့ ထွက် သွားတာ ။ တိုင်ဖုံး နောက် မှာ ဘောင်းဘီတို နဲ့ တုန် နေတဲ့ သူတွေ အများကြီး ။ အောင်မာ ... တန်းစီတဲ့ အထဲ သူကြီး ဦးရွှေနောင် တောင် ပါ သဗျ ။ သူ လည်း သီချင်း ဆိုမှာ ကိုး ။ အီးတီ လည်း ထွက် လာရော ဒေါ်မြတင် က ဆက်လက် ကြေညာပေးတယ် ။
“ ယခု ... စတင် ဖျော်ဖြေမယ့် သူ က အားလုံး သိတဲ့ အတိုင်း ရွာ ကျက်သရေဆောင် အီးတီ ပါ ... သူ သီဆိုမယ့် သီချင်း က တော့ ... ”
အီးတီ မျက်နှာကြီး မည်းတက် သွားတယ် ။ ဖြစ်ချင်တော့ သူ လည်း စင်ပေါ် မှာ လုံချည် ပြင်ဝတ်တဲ့ အချိန်ကြီး ကိုး ။ အမှန်တော့ သီချင်း နာမည် က အမုန်း ခွန်အား ပေးသနား ပါ ။ ဒါကို သူ က အမုန်း ကို မေ့ပြီး ဟိုသင်းကြီး ထည့် ပြော လိုက်တော့ အဓိပ္ပာယ် က တစ်မျိုးကြီး ဖြစ်သွားတယ် ။ အီးတီ ဒေါ်မြတင် ကို လှည့်ကြည့်ပြီး ပြော မလို့ လုပ်သေးတယ် ။ နောက်မှ သတိ ရပြီး မှင်ပြန်သတ် ၊ စင်ရှေ့ ရပ် လိုက်တယ် ။ လာပြီ ... ။ ဦးဇော်ဝိတ်ကြီး ရဲ့ ညင်သာ တဲ့ တီးကွက် ။ အီးတီ က လည်း ကွက်တိ ပဲ ၊ သီချင်း ဝင်ရမယ့် နေရာ ... ဆွေးလှတဲ့ မျက်နှာ နဲ့ သီချင်း ကို စ ဆိုလိုက်တယ် ။
“ ဆုတိုင်း ဒေါင်းသာ ... ပြည့်စေချင် ... ဟင် ... ”
သူ့ ဟာ သူ ဆိုပြီး သူ့ ဟာ သူ ပြန် ကြောင်သွားတယ် ။ သူ ဆိုရမှာ က “ ဆုတောင်းတိုင်းသာ ပြည့်စေ ချင်ပါသည် ... ” ဖြစ်ရ မှာ ။ အခုတော့ ဆုတောင်း တိုင်း မဖြစ်ဘဲ ဆုတိုင်းဒေါင်းကြီး ဖြစ်သွားတာကိုး ။ ဒါကြောင့် ဟန်မပျက် သီချင်း ကို ရပ်ပြီး ကိုဇော်ဝိတ် ကို အစ က ပြန် စ တီးဖို့ အချက် ပြန် ပြတယ် ။ ဟိုက လည်း အစ က ပြန်တီး ပေးပါတယ် ။ အမှန်တော့ သူ ပိုးနေတဲ့ မသိန်းဆွေ သူ့ ကို မယူဘဲ တခြား ရွာသား ယူ သွားလို့ ဖီး ( လ် ) တက်နေတဲ့ သီချင်း ။
သီချင်း အင်ထရို လည်း ဆုံးရော အီးတီ က ကွက်တိ ပဲ သီချင်း ကို ပြန် ဝင်ဆို လိုက်တယ် ။ အသံ က လည်း ဝါဝါအောင်အောင်ကြီး နဲ့ ...
“ ဆုတိုင်း ... ဒေါင်း သာ ပြည့်စေချင်ပါသည် ... ဟာ ”
သူ နောက်တစ်ခါ ထပ် ဆို လိုက်ပေမယ့် ဆုတောင်းတိုင်း မဖြစ်ဘဲ ဆုတိုင်းဒေါင်း ပဲ ဖြစ် နေတာ ကိုး ။ ကျီးကြည့် ကြောင်ကြည့် နဲ့ ပရိသတ် ကို လိုက် ကြည့်တယ် ။ ပွဲကြည့်ပရိသတ် က လည်း အီးတီ ကို ကြောင်ပြီး ကြည့် နေ ကြတယ် ။
အမှန်တော့ ပရိသတ် က ဘာမှ သိတာ မဟုတ်ဘူး ။ သူ ရပ်လိုက် လို့သာ နား မထောင်ကြတော့တာဘဲ ။ ဘာ သီချင်း ညာ သီချင်း သိပ် သိကြတာ မဟုတ်ဘူး ။ ဒါနဲ့ အီးတီ က နောက် တစ်ကြိမ် ပြန်စဖို့ ကိုဇော်ဝိတ် ကို အချက်ပြ ပြန်တယ် ။ ကိုဇော်ဝိတ် က လည်း နည်းနည်းတော့ တင်း နေပြီ ။ ဒါပေမယ့် စင် ပေါ် မှာ မဟုတ်လား မရွှင်မပြ နဲ့ပဲ ပြန်စတယ် ။ အီးတီ က လည်း ဆက်ဆိုတယ် ။
“ ဆုတိုင်း ... ဒေါင်းသာ ... အာကွာ ... ” ဆိုပြီး မိုက်ခွက် ကို ဂလုံကနဲ ပစ်ချပြီး ဆင်းသွားတော့တာ ။
“ ကိုင်းဟာ ... ဆုတိုင်းဒေါင်းဦး ၊ ဆုတိုင်းဒေါင်းဦး ” ဆိုပြီး မိုက်ခွက် ကို ဖနောင့် နဲ့ ပေါက် သွားသေး ။ အမှန်တော့ သူ့ ဖာသာ သူ ထူပူပြီး စကား မှားတာပါ ။ ဒါကို မိုက်ခွက် ကြောင့် ပဲ မှားသလို လုပ်သွားသေး ။ တတ်လည်း တတ်နိုင်တဲ့ လူ ။
တိုင်ဖုံး နောက် ရောက်တာ နဲ့ သူကြီးဦးရွှေနောင် က သူ့ အင်္ကျီ နဲ့ လုံချည် ဆွဲချွတ် ယူ လိုက်တယ် ။ ဒီ အလှည့် က သူ့ အလှည့် ဟာ ကိုး ။ ဖတ်ကနဲ စင်မြင့် ပေါ် က မီး လင်းလာတယ် ဆိုရင်ပဲ ... သူကြီး ကို အခုလို စင်ပေါ် မှာ ခန့်ခန့် သန့်သန့်ကြီး မြင် ရတော့ ရွာသားတွေ အားလုံး ပွဲကျ သွားကြတယ် ။
“ သူကြီး ကွ ... ”
“ ဒါမှ ဦးရွှေနောင် ကွ ... ”
ဆိုတဲ့ အသံတွေ ဆူညံ သွားတယ် ။ ဦးရွှေနောင် က ပရိသတ် ကို လက်တစ်ချက် ဝှေ့ရမ်း ပြပြီး ကိုဇော်ဝိတ် ကို ကြည့်တယ် ။ ကိုဇော်ဝိတ် က လည်း အံ့အားသင့်စွာ သူကြီး ကို ပြန် ကြည့်တယ် ။ သီချင်း တိုက်တုန်း က သူကြီး ပါ မှ မပါဘဲကိုး ။
“ မင်း ... ဘာ သီချင်းတွေ ရလဲ ”
သူကြီး ရဲ့ ခပ်ပြတ်ပြတ် အမေး ။ ဒါကို ကိုဇော်ဝိတ် က ခေါင်းလေး ကုတ်ပြီး ...
“ ဟိုလေ ... တော်တော်များများ ရပါတယ် ။ အဲ ... တွံတေးသိန်းတန် သီချင်းတွေ ဆို ပို ပိုင်တယ် ”
“ တွံတေးသိန်းတန် ... ”
ဇော်ဝိတ် စကား ကို သူကြီး က လိုက် ရေရွတ်တယ် ။ ပြီးမှ ...
“ တွံတေးသိန်းတန် သီချင်းတွေ တော့ ငါ အလွတ် မရဘူးကွ ၊ ဒါပေမယ့် ”
ဆိုပြီး ခါးကြား ထဲ မှာ လျှောက် စမ်းလိုက် စဉ်းစားလိုက် လုပ် နေတယ် ။ ပြီးမှ ဖတ်ကနဲ တစ်ခု ကို ဆွဲ ထုတ် လိုက်တယ် ။ အဟုတ်ဗျား ... ။ တွံတေးသိန်းတန် တေးပေါင်းချုပ်ကြီး ။ ကိုဇော်ဝိတ် ပါ မျက်လုံး ပြူး သွားတယ် ။ သူကြီး က တွံတေးသိန်းတန် သီချင်း စာအုပ် ကို ဟိုလှန် ဒီလှန် လုပ်ပြီး ...
“ ပန်းနွယ်ကစိမ်း ... ရ မလား ”
သူကြီး အမေး ကို ကိုဇော်ဝိတ် ခေါင်းသွက်သွက် ညိတ်ပြီး ....
“ ဟုတ် ... ဟုတ်ကဲ့ ... ရပါတယ် ”
ဆိုပြီး မယ်ဒိုလင် လက်ကွက် စမ်းတယ် ။ ဟုတ်တယ် ။ တွံတေးသိန်းတန် ရဲ့ ပန်းနွယ်ကစိမ်း သီချင်း ... ။
သူကြီး သီချင်းစာအုပ် ကို ခပ်မြင့်မြင့် မြှောက် ကြည့်တယ် ။ မီး အလင်းရောင် နည်းတော့ သိပ် မသဲကွဲဘူး ထင်ပါ့ ။ ပြီးမှ ပရိတ်သတ် ဘက် လှည့် လို့ ... တွံတေးသိန်းတန် အသံ ... တွံတေးသိန်းတန် ဟန် နဲ့ ...
“ အဲ ... ကျွန်တော် အခု သီဆိုမယ့် သီချင်းက ... အဲ ... ကျွန်တော် ချစ်ခင်လေးစား အဲ ... တန်ဖိုး ထားရပါသော ... အဲ အစ်ကိုကြီး တွံတေးသိန်းတန် ရဲ့ အဲ ... ပန်းနွယ်ကစိမ်း ဆိုတဲ့ သီချင်း ပဲ ဖြစ်ပါတယ် ။ အဲ ... မေတ္တာတော် အနန္တ နဲ့ ဟန်ကျပန်ကျ ရှုစားနားဆင်ပေးကြပါ ရွှေပွဲလာ ... ”
သူကြီး ဆီ က ပီသကြည်မြတဲ့ တွံတေးသိန်းတန်သံကြီး ထွက်လာတော့ ပရိသတ် ဝေါကနဲ သဘောကျ သွားတယ် ။ အသံ တူတဲ့ အပြင် တွံတေးသိန်းတန် ကို သူ့ အစ်ကိုရင်း လိုလို ဘာလိုလို ပြောတော့ သဘောကျ ကြ တာပေါ့ ။
သီချင်း အင်ထရိုက ဝင် နေပြီ ။ သူကြီး က သီချင်းတေးသွား ကို အပီအပြင် ခံစား နေတယ် ။ အခု ကျတော့ လည်း သူ့ ပုံ က ရပ်ရွာစီမံအုပ်ချုပ် အလုပ် ရှုပ် နေတဲ့ ရွာလူကြီးတစ်ဦး နဲ့ မတူတော့ဘဲ တကယ့် ဝါရင့် အနုပညာသမား ပုံ ပေါက်နေတယ် ။ သီချင်း အဝင် ပိုဒ် မှာ သတိရ ပြီး စာအုပ် ကို မြှောက်ကာ သီချင်း ကို စ ဆို လိုက်တယ် ။
“ ပန်းနွယ်က ... စိမ်း ... အဲ ... စိမ်းတယ် ... ရေးဆို - တွံတေး ... သိန်းတန် ... ဟင် ”
သူကြီး က သီချင်း ကို တွံတေးသိန်းတန်သံ နဲ့ဆိုရင်း စာသား မှာ ပါတဲ့ ရေးဆို - တွံတေးသိန်းတန် ဆိုတာကြီး ပါ ထည့် ဆိုမိတော့ ကြောင်ပြီး ရပ် သွားတယ် ။ စာသား ထဲ မှာ ဘယ်နှယ့် ရေးဆို - တွံတေး သိန်းတန်ကြီး ပါ နေသလဲပေါ့ ။
နောက် ... အသေအချာ ကြည့်ပြီးမှ သူ သဘောပေါက် သွားတယ် ။ သီချင်း နာမည် ကလည်း ပန်းနွယ်ကစိမ်း ၊ သီချင်း အစ ကလည်း ပန်းနွယ်ကစိမ်း ဆိုတော့ ခေါင်းစဉ် က စ ဆိုမိပြီး အောက်က ရေးဆို - တွံတေး သိန်းတန် ဆိုတာကြီး ပါ ဆိုမိ သွားတာကိုး ။ ဒါကြောင့် ရှက်ရှက် နဲ့ ... “ ဟာကွာ ... ” ဆိုပြီး မိုက်ခွက် ကို ဂလုံကနဲ ပစ်ချကာ တိုင်ဖုံး နောက် ပြေးဝင် သွား တော့တယ် ။ ပြီးတော့ ဝတ်ထားတာ ချွတ်ပုံပြီး ဘောင်းဘီတို နဲ့ပဲ ဆင်းချ သွားတော့တယ် ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment