❝ မောင်သော်က နှင့် တွေ့ဆုံခြင်း ❞
စာဖတ်သူများ နဲ့ တွေ့ဆုံပေးခြင်း ကဏ္ဍ အတွက် ဒီလ ရွေးချယ်ထားတဲ့ စာရေးဆရာ ကတော့ ရေကြောင်း ဗဟုသုတစာပေ ၊ ဟာသ နဲ့ သရော်စာများ ရေးသား ရာ မှာ ပြောင်မြောက်လှတဲ့ ဆရာ “ မောင်သော်က ” ပါပဲ ။ တပ်မတော် ( ရေ ) မှာ တာဝန် ထမ်းဆောင် နေစဉ် ကတည်း က “ ဗိုလ်ဘသော် ” ကလောင် အမည် နဲ့ ရေကြောင်းဆိုင်ရာ ဗဟုသုတစာပေတွေ ရေး ခဲ့ပြီး “ မောင်သော်က ” ကလောင် အမည် နဲ့ ဟာသဝတ္ထု တွေ ရေးခဲ့ပါတယ် ။ တပ်မတော် က ဗိုလ်မှူး အဆင့် ကနေ အငြိမ်းစား ယူခဲ့ပြီးတဲ့ နောက် ရှေ့သို့ဂျာနယ် စာတည်းချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး အခု “ မြန်မာလူငယ်များ ပင်လယ်ပြင် စိုးမိုးရေး ” ဆိုတဲ့ ဆောင်ပုဒ် နဲ့ ရေကြောင်းသိပ္ပံပညာ နဲ့ အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ် သင်ကြား နေပါတယ် ။ ဒါကြောင့် ဆရာမောင်သော်က နဲ့ တွေ့ဆုံ ပေး တဲ့ နေရာ မှာ ပြော ရတဲ့ ဘာသာရပ်တွေ က စုံတယ် ။ ကျယ်ပြန့် တယ် ။ မထိတထိ ပြောပြ လိုက်တဲ့ သူ့ စကားတွေ ကို ပြန်လည် ဖောက်သည် ချ ရရင် ... ။
••••• ••••• ••••• •••••
မောင်ဝင်းငြိမ်း ခုလို လာ မေးတာ ကျေးဇူး တင်ပါတယ် ။ ဒါပေမဲ့ ဆရာ တစ်ခု ပြောချင်တာ ရှိတယ် ။ ခု ထုတ်ဝေ နေကြတဲ့ မဂ္ဂဇင်းတွေ မှာ အင်တာဗျူး ဆိုတာ မပါ မဖြစ် သလောက် ခေတ်စား နေတာ တွေ့ရတယ် ။ ပေဖူးလွှာ က ဆိုရင် အခု မောင်ဝင်းငြိမ်း တာဝန် ယူ ထားတဲ့ စာရေးဆရာတွေ နဲ့ တွေ့ဆုံ ပေးတာ ၊ နောက် တစ်မိနစ် အင်တာဗျူး မှာ ရုပ်ရှင်မင်းသား ၊ မင်းသမီး ၊ အဆိုကျော် ၊ ဇာတ်မင်းသား တွေ နဲ့ တွေ့ဆုံပေးတာ တွေ ရှိတယ် ။ တခြား မဂ္ဂဇင်းတွေ မှာ လည်း ဒီလိုပဲ အနုပညာရှင် တွေ နဲ့ တွေ့ဆုံ ပေးတာတွေ ရှိပါတယ် ။ တော်တော်လည်း စိတ်ဝင်စား စရာ ကောင်း ပါတယ် ။
ဒါပေမဲ့ … တိုင်းပြည် က စာဖတ်ပရိသတ် က တကယ်ပဲ .. ဒီ လူတွေ အကြောင်း သိချင် နေကြလို့ ၊ ဒီ လူတွေ ပြော တာတွေ ဖတ်ချင် နေကြလို့ မောင်ဝင်းငြိမ်း တို့ တစ်တွေ က ထည့်ပေး နေကြတာလား ၊ သို့တည်းမဟုတ် သူတို့ က ပဲ သိပ် ပါချင် နေကြလို့ ထည့် နေကြ တာလား ။ ဒါတော့ ကွဲပြားဖို့ လိုတယ် ။ တကယ် အကျိုး ရှိမယ့် အင်တာဗျူး ဆိုတာ က တိုင်းပြည် ရဲ့ ကဏ္ဍ တစ်ခု မှာ တာဝန် ယူ နေတဲ့ သူ တစ်ယောက် ယောက် နဲ့ တွေ့ဆုံပြီး တိုင်းပြည် ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း တွေ့ဆုံ မေးမြန်း ရင် ပိုပြီး အကျိုး ရှိမယ်လို့ ဆရာ ထင်တယ် ။ ဒါကြောင့် စာရေးဆရာ ၊ အနုပညာသမား တွေ ထက် အင်တာဗျူး လုပ်သင့်တဲ့ လူတွေ အများကြီး ရှိတယ် လို့ ကိုယ် ထင်တယ် ။ အဲဒီ လူတွေက သာ တိုင်းပြည် အတွက် သူတို့ လုပ်ဆောင်ချက် ၊ ကြိုးပမ်းချက် ၊ သူတို့ ဘက် က တွေ့ကြုံရတဲ့ အခက်အခဲတွေ ကို ပြောပြရင် တိုင်းပြည် က ပိုပြီး နားလည် သဘောပေါက် လာလိမ့်မယ် ။
အဲဒီ လူတွေ အပြင် တခြား အင်တာဗျူး လုပ်သင့်တဲ့ လူတွေ လည်း ရှိတယ် ။ ဥပမာ - လမ်း ပေါ် မှာ လျှောက် ပြီး ရှောက်သီးဆေးပြား ရောင်းတဲ့ လူ တစ်ယောက် ကို အင်တာဗျူး လုပ် ရင် သူတို့ ပလတ်စတစ် ဘယ်လို ရှာ ရတယ် ၊ ရှောက်သီး ဘယ်လို ဝယ် ရတယ် ၊ မဆလာ ဘယ်လို ဝယ် ရတယ် ဆိုတာတွေ ပြောပြလိမ့်မယ် ။ ပလတ်စတစ် ကောက် တဲ့ လူငယ် တစ်ယောက် ကို အင်တာဗျူး လုပ်ရင် လည်း စိတ်ဝင်စား စရာ ရှိ မှာပဲ ။ စာရေးဆရာ တွေ ၊ ရုပ်ရှင်မင်းသား မင်းသမီး တွေ ၊ အဆိုကျော် တွေ အင်တာဗျူး လုပ်တာ များ လာတော့ တိုင်းပြည် က နည်းနည်း အီ လာပြီ ထင်တယ် ။ အဲဒီတော့ တခြား အင်တာဗျူး တွေ ကို လည်း ထပ် စဉ်းစားကြပါဦး ။
ကဲ ... မောင်ဝင်းငြိမ်း မေးခွန်း တွေ စ,လိုက် ကြ ရအောင် ။
🅠 ဆရာ့ နာမည်ရင်း က ဦးဘသော် ။ ကလောင် နာမည် က “ ဗိုလ်ဘသော် ” နဲ့ “ မောင်သော်က ” ။ ဗိုလ်ဘသော် ဆိုတာ က တော့ နာမည်ရင်း မို့ မေးစရာ မရှိပါဘူး ။ “ မောင်သော်က ” ဆိုတဲ့ ကလောင် နာမည် ယူတာ နဲ့ ပတ်သက်ပြီး တော့ သီးခြားအကြောင်းအရာ ရှိရင် သိချင်ပါတယ် ။ စာပေလောက ထဲ စ ဝင်ရောက်ပုံ ကို ပြောရင်း ထည့် ပြောပေးပါ ဆရာ ။
တော်သေးတာပေါ့ မောင်ဝင်းငြိမ်း ရာ ၊ ကိုယ့် ကို ကျော်သူ လို ငယ်ငယ် ကတည်း က စ မေးမလား လို့ လန့် နေခဲ့တာ ။ ငယ်ငယ် က ဖင်တုံးလုံး နဲ့ ပုံ တောင် ရှာထားသေးတယ် ။ ကဲ ... မင်း မေးခွန်း ကို ဖြေပါ့မယ် ။
စာပေလောက ထဲ ကို ၁၉၄၉ ခုနှစ် မှာ စ ရောက်ခဲ့တယ် ။ အဲဒီ နှစ် ဇန်နဝါရီလ မှာ ထင် ပါတယ် ။ ကွယ်လွန်သူ ဆရာတင့်တယ် က အဲဒီ အချိန်တုန်းက ပဒေသာ မဂ္ဂဇင်း ထုတ် နေတယ် ။ ဆရာသော်တာဆွေ တို့ ၊ ဆရာသန်းဆွေ တို့ လူစု ပေါ့ လေ ။ အဲဒီ မှာ ဝတ္ထု တစ်ပုဒ် ကိုယ် ရေး ပို့ လိုက်တယ် ။ ပထမဆုံး ဟာသဝတ္ထု ပေါ့ ။ ဆရာ သော်တာဆွေ က ရွေးပြီး သူ ဦးစီး တဲ့ ဟာသကဏ္ဍ မှာ ထည့်ပေးတယ် ။ မာတိကာ မှာတော့ “ သော်တာဆွေ ” ပေါ့လေ ။ ကလောင်သစ် ကို တင်ပေးတာပေါ့ ။ ဝတ္ထု နာမည် က ခမွီးပျို ၏ ချစ်လက်ဆောင် ။ အဲဒီ အချိန် မှာ ကိုယ် က ရခိုင်ပြည်နယ် ရေတပ်စခန်း မှာ သောင်းကျန်းမှုနှိမ်နင်းရေး တာဝန် ကို ထမ်းဆောင် နေတယ် ။ ၁၉၄၈ ခုနှစ် ကတည်း က ရခိုင်ပြည်နယ် ကို ရောက် နေခဲ့တယ် ။ ကလောင် နာမည် ကို ဆရာ ကြိုက်ရာ ရွေးပါ ဆိုပြီး နှစ်ခု ပေးခဲ့တယ် ။ “ မောင်သော်က ” နဲ့ “ ရွှေကျောက်ဆူး ” ကလောင် အမည် ပေးလိုက်တယ် ။ ဆရာသော်တာဆွေ က ရွှေကျောက်ဆူး လို့ ကင်ပွန်း တပ် ခဲ့တယ် ။
ဝတ္ထု ထွက်လာပြီး မှ ကိုယ် က “ ရွှေကျောက်ဆူး ” ဆိုတဲ့ ကလောင်နာမည် ကို သိပ် မကြိုက်တော့ဘူး ။ အဲဒီ တစ်ခါ ပဲ ဒီ ကလောင် နာမည် ကို သုံးခဲ့တယ် ။ နောက်တော့ ဗိုလ်ဘသော် ( ရေတပ် ) ဆိုတဲ့ ကလောင်နာမည် နဲ့ ရေကြောင်းစာပေ “ စစ်နှလုံးဂျာနယ် ” မှာ ရေး ခဲ့တယ် ။ ဒါပေမဲ့ စာ ရေးတာက တစ်ခါ ပြတ်သွား ပြန်ရော ။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၄၉ - ၅ဝ မှာ ထကြွခဲ့တဲ့ သောင်းကျန်းမှု ဒီရေ ကြောင့် ပဲ ။ စစ်ဘက် တာဝန်တွေ မှာ ပဲ လုံးဝ နစ်မြုပ်သွားပြီး စာ မရေးဖြစ်တော့ဘူး ။ ရခိုင် က နေ အင်းစိန် စစ်မျက်နှာ မှာ ဝင် ရတယ် ။ နောက်တော့ မြစ်ဝကျွန်းပေါ် တစ်ခွင် ပြဲပြဲစင် ပေါ့ ။ စာ မရေးဖြစ်ခဲ့ဘူး ။ မရေးနိုင်တော့ဘူး ။
၁၉၅၆ ခုနှစ် ကျ မှ “ ဗိုလ်ဘသော် ( ရေတပ် ) ” ကလောင်အမည် နဲ့ “ မောင်သော်က ” ဆိုတဲ့ ကလောင် အမည် ပြိုင်တူ လို ထပ် ပေါ်လာခဲ့တယ် ။ အဲဒီတုန်း က ကိုယ် က မုံရွာ ရောက် နေတယ် ။ အဲဒီ အချိန် က မြဝတီမဂ္ဂဇင်း မှာ တက္ကသိုလ်နန္ဒမိတ် က ခေတ္တ စာတည်းချုပ် လုပ် နေတဲ့ အချိန်ပေါ့ ။ သူ က “ မောင်သော်က ” ကို ပြန်လည် ဖော်ထုတ် ပေးတယ် ။ နောက်တော့ စာတည်းချုပ် ဗိုလ်ကြီးဝင်းမောင် ( ကွယ်လွန်သူ မင်းရှင် ) ကလည်း အားပေးလို့ မြဝတီ မှာ ကိုယ့် ကလောင်အမည် နှစ်ခု စလုံး သက်ဝင် လှုပ်ရှား ခဲ့တယ် ။ စစ်ဗိုလ် စာရေးဆရာ တွေ ထဲ မှာ မောင်သော်က ( ရေ ) ၊ ဗိုလ်မြင့် ( လေ ) နဲ့ မောင်သင် ( ကြည်းဆေးတပ် ) တို့ ဟာ ခေတ်ပြိုင် စာရေးဆရာ တွေ ပေါ့ ။ ၁၉၅၆ ကနေ ၁၉၆ဝ လောက် ထိ အများဆုံး ရေးခဲ့ကြတာပဲ ။
အဲ … တခြား သီးသန့် ဘာသာရပ် ရေးတဲ့ စာရေးဆရာ တစ်ဦး ကတော့ ကျားဘညိမ်း ( လက်ဝှေ့ ) ပါပဲ ။
🅠 ဒီနေ့ စာဖတ်ပရိသတ် တချို့က ဆရာမောင်သော်က နဲ့ အရိုင်း ကာတွန်းတွေ ဆွဲတဲ့ သော်က အတူတူပဲ လို့ ထင် နေကြပါတယ် ။ ဘယ်သူက အရင် ကျပါ သလဲ ။
အဲဒီ ကာတွန်းသော်က ( မောင်လှမြိုင် ) ကတော့ ဒီနေ့ ထိ ရှင်းရတုန်း ပါပဲ ။ သူ က ကိုယ့် ထက် အများကြီး နောက်ကျမှ ကာတွန်း စ , ဆွဲလာတာပါ ။ ရှေ့က “ မောင် ” မပါဘူး ။ “ သော်က ” လို့ ဆိုင်း ထိုးတယ် ။ ကိုယ့် ဆွေမျိုး မိဘတွေ က တောင် ကိုယ် ရေးတယ် ဆွဲတယ် ထင်ပြီး “ မင်း ရန်ကုန်မြို့ မှာ အရုပ် ရေး စား နေရရင်လည်း ရွှေဘို ကို ပြန်ခဲ့ပါတော့ ” လို့ လှမ်း စာရေးကြတယ် ။ ဒါနဲ့ သော်က ကို ကိုယ် တွေ့တော့ “ ဟေ့ မင်း ဘယ်လို လုပ်တာလဲ ကွ ၊ မင်း ကြောင့် ငါ့ ကို အိမ် က ပြန် ခေါ် နေတယ် ” လို့ ပြော တော့ သူ က “ ဟာ ... ဘာ ဆိုင်သလဲ ဆရာ ၊ ကျွန်တော် က သော်က ပဲ ၊ ၊ ဆရာ က မောင်သော်က ပဲ ” လို့ ထုချေ ပါတယ် ။ ကိုယ် လည်း ဘာမှ ဆက် မပြောတော့ပါဘူး ။
သူ့ ပုံတွေ က လည်း လက်ရာကောင်း လို့ ခံသာ သေးတာ ပေါ့ ။ အခုတော့ မြန်မာပြည် မှာ အကောင်းဆုံး ထဲ က ပါ ။ အခုတော့ ရှင်း သွားပြီ ထင်ပါတယ် ။ သူ က သော်က ( အရိုင်း ) ပဲ ။ ကိုယ် က မောင်သော်က ( အယဉ် ) ပဲ ။ အောင်မယ် ... ဒါတောင် တချို့ သိပ် မရှင်းသေးဘူး ။ တစ်လော ဆီ က ကြာတော့ ကြာပါပြီ ။ ကိုယ် ဆောင်းပါး တစ်စောင် ရေး လိုက်တယ် ။ ဆောင်းပါး ကို တည်းဖြတ် သူ က သုံးပုံ တစ်ပုံ လောက် ဖြတ် ပစ်လိုက် လို့ အူလည်လည် ဖြစ်ပြီး ကိုယ့် ကို ဆဲစာတွေ လာ လိုက်တာ ပလူပျံ သွား တာပဲ ။ အဲဒီ ဆဲစာ တချို့ ၊ တယ်လီဖုန်း နဲ့ ခြိမ်းခြောက်သံ တချို့ က လူ မှားပြီး ကာတွန်းသော်က ( အရိုင်း ) ဆီ ရောက် သွားတယ် ။ သော်က ( အရိုင်း ) လန့်ဖျပ်ပြီး သတင်းစာ မှာ “ ကျွန်တော် သည် ကာတွန်းသော်က ဖြစ် ပါသည် ၊ ဆောင်းပါးရှင် - မောင်သော်က မဟုတ်ပါ ” လို့ ကြော်ငြာ ယူ ရတယ် ။ ငနဲ တော်တော် အီ သွားတယ် ။ နည်းနည်း လည်း လန့်သွားပုံ ရတယ် ။ ဟဲ ... ဟဲ ... ဟဲ ။
လူ တစ်ယောက် ဟာ ကိုယ့် ဘာသာ ကိုယ် မနေဘဲ ပြည်သူ့ အရိပ် ပုံသဏ္ဌာန် ( Public Figure ) အဖြစ် ယူရင် ကောင်း ရင် လည်း အချီးမွမ်းခံယူပြီး ဘဝင် မမြင့်ဖို့ ၊ မကောင်း ရင် လည်း အဆဲခံပြီး မကြောက်ဖို့ အရေးကြီးတယ် ။ အတွေးခေါင် ကြောက်တာ ဟာ ကုရာနတ္ထိ ဆေး မရှိဘူး ။ ကိုယ် ကတော့ ကိုယ့် ရေးသားချက် ကို လူ တစ်စု လက်ခံတာ ၊ လက်မခံတာ ထက် အများပြည်သူ လက်ခံတယ် ၊ လက်မခံ က ပို အရေး ကြီးတယ် ထင်တယ် ။ မကြိုက်ကြ လို့ ဆဲလည်း မမှုဘူး ။ အဲ ... ဖြဲ ရင်တော့ နည်းနည်း ကြောက်တယ် ။ ဒါကြောင့် ဆဲချင် ဆဲပါ ။ ဖြဲမခြောက်ပါနဲ့ လို့ ပြောချင်တယ် ။
🅠 ကလောင် နာမည် နှစ်ခု ခွဲသလို ရေးတဲ့ အပိုင်း မှာ လည်း နှစ်မျိုး ခွဲထား တာ တွေ့ရပါတယ် ။ “ ဗိုလ်ဘသော် ” က ဘာသာပြန်တွေ နဲ့ ဗဟုသုတ ဖြစ်ဖွယ်ရာ ဆောင်းပါးတွေ ရေး ပြီး “ မောင်သော်က ” ကတော့ ဟာသ တွေ ရေး ပါတယ် ။ ဟုတ်ပါသလား ဆရာ ။
ဟုတ်ပါတယ် ။ အခုတော့ “ ဗိုလ်ဘသော် ( ရေတပ် ) ” ကို ရေမြှုပ် သင်္ဂြိုဟ် လိုက်ပါပြီ ။ “ မောင်သော်က ” ကလောင် အမည် တစ်ခု ပဲ ထားပါတော့တယ် ။ တခြား ကလောင်ခွဲ တော့ ရှိပါသေးတယ် ။ အဲဒီ ကလောင် နဲ့ အပ်ထည် တွေ ရေး တာပါ ။
အပ်ထည် ဆိုတာ က ကိုယ် မကြိုက်သော်လည်း ထုတ်ဝေသူ က ကြိုက် လေတော့ ဒါလေး ဘာသာပြန် ပေးစမ်းပါ လို့ စာမူ လာ အပ်တဲ့ အပ်ထည် မျိုး ပါ ။ အပ်ထည် လည်း သူ့ နေရာ နဲ့ သူ အရာ ရောက်ပါတယ် ။ မောင်သော်က နဲ့ တော့ မရေးဘူး ။
ကိုယ် ကလောင် ကိုင် တာဟာ ရည်မှန်းချက် နဲ့ ကိုင်တာပါ ။ ဗိုလ်ဘသော် ( ရေတပ် ) ကလောင် က တိုင်းပြည် မှာ ရေကြောင်း အင်အား တည်ဆောက်သင့်ပြီ ယုံကြည်ရင်းစွဲ ရှိ စဉ် က မြန်မာလူငယ်တွေ ကို ပင်လယ် လုပ်ငန်း စိတ်ဝင်စားကြစေဖို့ “ မြန်မာလူငယ်များ ပင်လယ်ပြင် ကို လွှမ်းမိုးစေရမည် ” ဆိုတဲ့ ဆောင်ပုဒ် နဲ့ တပ်လှန့် နှိုး တဲ့ ခရာသံ ပါ ။ အခုတော့ မလိုတော့ဘူး ထင်ပါတယ် ။ မြန်မာပြည် မှာ သင်္ဘောသား လုပ်ချင်တဲ့ လူငယ်တွေ ဟာ ရိုက်သ,တ်လို့ မကုန်တော့ပါဘူး ။ ကိုယ့် ရေကြောင်း စွန့်စားခန်း ဝတ္ထုဆောင်းပါးများ ကြောင့် လို့ တော့ မထင်လိုက်ပါလေ နဲ့ ။ ကား ဝယ်ချင်ကြလို့ ပါ ။ ဒါပေမဲ့ ကိုယ့် ရည်မှန်းချက် အောင်မြင်တယ် လို့တော့ အချောင် အသားယူ နိုင်ပါတယ် ။ ဘဝ မှာ ရည်မှန်းချက်တွေ ဘာတွေ ဆိုတာ က လည်း အသက် အရွယ် ၊ အချိန် အခါ အရ ပြောင်းလေ့ ရှိတယ် ။ ပြောင်း မှ လည်း သဘာဝ ကျတယ် ။ ကိုယ် ဟာ အခု ထိ “ တာဇံ ” ကို သဘောကျ နေသေးတယ် ဆိုရင် တော့ ကလေး စိတ် မကုန်သေးတဲ့ စာရေးဆရာ တစ်ယောက် ပဲ ဖြစ် မှာပဲ ။ ကိုယ့် မှာ ရေကြောင်းစာပေ နဲ့ ပတ်သက်လို့ အရင် က လောက် ပြင်းပြတဲ့ ဆန္ဒ မရှိတော့တာ က တော့ အမှန်ပဲ ။
အဲ ... မောင်သော်က ၊ ဒီ “ မောင်သော်က ” က တော့ ခက်တယ် ။ မောင်သော်က က ဟာသဝတ္ထု နဲ့ အစပြု ခဲ့တယ် ။ ဒီ ဟာသဉာဉ် က ဖျောက်လို့ မရဘူး ။ အကောင်းဆုံး ဟာသဉာဉ် တစ်ခု ကို ပြောပြမယ် ။ တစ်ခါက အမေရိကန်ပြည် မှာ လူ တစ်ယောက် ကို လျှပ်စစ်ဓာတ် ကု,လားထိုင် မှာ အထိုင် ခိုင်း ပြီး သ,တ်တယ် ။ သူ့ ကို သ,တ်ခါနီး မှာ နောက်ဆုံး အနေနဲ့ ဘာ ပြောချင်သလဲ လို့ မေးတော့ သူ က ကျွန်တော် တစ်ခု ပဲ သိချင်တယ် ။ အခု လွှတ်မယ့် လျှပ်စစ်ဓာတ်အား ဟာ အေစီ လား ၊ ဒီစီ လားလို့ မေးသွားခဲ့တယ် ။ ဒီ လူ ရဲ့ ဟာသဇဝနဉာဏ် ကို ဘယ်သူ လိုက်လို့ မီနိုင်ပါ့ မလဲ ။ သေခါနီး တောင် နောက် ဖြစ်အောင် နောက် သွား သေးတယ် ။ နောက် တစ်ယောက် က စာရေးဆရာကြီး မာခ်တွိန် ပဲ ။ သူ က တစ်သက်လုံး ဘုရား မယုံကြည်တဲ့ သူ ။ သူ သေခါနီး မှာ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး က လာပြီး နောက်ဆုံး အာပတ် ဖြေတဲ့ အနေနဲ့ “ ဆရာကြီး မာခ်တွိန် .. အခု ခင်ဗျား ဟာ ထာဝရဘုရားသခင် နဲ့ တွေ့ဖို့ အဆင်သင့် ပြင်ထားပြီးပြီလား ” လို့ မေးတော့ မာခ်တွိန် က “ ကျုပ် ကတော့ အဆင်သင့် ပါ ပဲ ၊ ခင်ဗျား ရဲ့ ဘုရား ကို လည်း တစ်ဆိတ် မေးကြည့်ပါဦး ” လို့ ပြောသွားခဲ့တယ် ။ နောက်ဆုံး အချိန်အထိ ခနဲ့ သွားတဲ့ ဟာသ မျိုး ပါ ။
🅠 မောင်သော်က အနေ နဲ့ ဟာသ ရေးရာ က နေ နောက်ပိုင်း မှာ Satire ပြောင်း ရေး လာတာ သတိထား မိပါတယ် ။ Satire ကို ဘယ်တုံးလောက် က စ , ရေး ဖြစ်တာလဲ ။
ဒီ မေးခွန်း ဖြေဖို့ရာ အတွက် ကိုယ် ဆောင်းပါး ရေး ဖြစ်တာတွေ က စ , ပြောမှ ပို ပြည့်စုံမယ် ထင် တယ် ။ စာပေ ရေးတဲ့ နေရာ မှာ ကိုယ် က ဝတ္ထု ထက် ဆောင်းပါး ရေး တာ ပို သန်တယ် ။ အဲဒါကတော့ ကိုယ် “ ရှေ့သို့ ” မှာ စာတည်းချုပ် လုပ်စဉ် ကာလ က သတင်းစာ မှာ ဆောင်းပါးတွေ ရေး တာက စ , ခဲ့တာပဲ ။ သတင်းစာ ရဲ့ အရှိန်အဝါ က အင်မတန် ကြီးတယ် ။ စာဖတ်ပရိသတ် ပိုပြီး ကျယ်ပြန့်တယ် ။ သတင်းစာ မှာ ပါတဲ့ ဆောင်းပါး ကို လူတွေ က ဖတ်ကြတယ် ။ စိတ်ဝင်စား ကြတယ် ။ ဆွေးနွေး ကြတယ် ။ အဲဒီတော့ သူ က ပိုပြီး ထိရောက်တယ် ။
သတင်းစာ မှာ ဆောင်းပါးတွေ ရေးပါ များ လာတော့ တစ်ဖက် မှာ စာရေး အရှိန် ပျက် သွားတယ် ။ ဆောင်းပါး ပဲ ရေးဖြစ် တော့တယ် ။ သတင်းစာ မှာ ရေးကြတဲ့ ပင်တိုင် ဆောင်းပါးရှင်တွေ ကလည်း တာဝန် သိသိ နဲ့ တိုင်းပြည် က သိချင် ၊ ကြားချင် နေကြတဲ့ ကိစ္စတွေ ရေးကြတယ် ။ စာဖတ် ပရိသတ် က လည်း စောင့် ဖတ်တယ် ။ ဒါနဲ့ ကိုယ် လည်း ဆောင်းပါး ဘက် ဦးတည် သွားပြီး တစ်ဖက် က ဝတ္ထု ရေး တဲ့ အရှိန် ပျက် သွားတယ် ။ သတင်းစာ မှာ ပါတဲ့ ဆောင်းပါး ဆိုတော့ သတင်းစာ ရဲ့ အာဘော် မဟုတ်ပါဘူး ။ ဆောင်းပါးရှင် ရဲ့ အာဘော် သာ ဖြစ်ပါတယ် ။
အနောက်နိုင်ငံ သတင်းစာ တွေ မှာ နာမည်ကြီး Satire ရေးတဲ့ သတင်းစာ ဆရာ “ ပေါလ်တာလင်မွန် ” တို့ လို ၊ ဟာသ ရေး တဲ့ “ အာခ်ဝုဒ် ” တို့ လို သတင်းစာဆရာတွေ ရှိပါတယ် ။ ဒီလို လူမျိုးတွေ ကို သူတို့ ဆီ မှာ က Syndicated Columnist ဆိုပြီးတော့ နေရာ ပေး ရတယ် ။ Satire ဆိုတာ ဆောင်းပါး ပုံစံ တစ်မျိုး ပဲ ။ ဒီမှာ အခု သိပ် မတွေ့ရတော့ဘူး ။ အဲဒီတော့ ဆရာတို့ ဘက် က လည်း လက် က ကျ လာတယ် ။ အနုပညာ မြုံ သွား နိုင်တယ် ။ ရှိပြီးသား အနုပညာ က သေးသိမ် လှီပြီး မြုံ သွား နိုင်တယ် ။ အခု စ , ရေးပါ ဆိုရင်တောင် ဘာ က စ , ရေးရ မှန်း မသိဘူး ။ ရေးခွင့် ရတဲ့ နေရာ တွေ မှာ ရေးရ ပြန် တော့လည်း ရှောင်ရန်တွေ က များနေတယ် ။ ဆောင်းပါးရှင် တစ်ယောက် အနေနဲ့ ချုပ် ရေး ရရင် သူ့ အနုပညာ က မကောင်းတော့ဘူး ။ ဖတ်ရတဲ့ သူ လည်း ကျေနပ် မှာ မဟုတ်ဘူး ။
မန္တလေး ကို သွား တုန်းက ဆရာမကြီး ဒေါ်အမာ က မေး ဖူးတယ် ။ ကိုသော်က ... ရှင် သောင်းပြောင်း မှာ ဆောင်းပါး တွေ ရေး နေတာ ဖတ် ရတယ် ။ ဘာကြောင့် ရေး နေတာလဲ တဲ့ ။ ကိုယ် က ဆရာမကြီး မေး တာ အဆန်းပဲ ။ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ ရှင် ဒီထက် ကောင်းအောင် ရေးတတ် တယ် ဆို တာ ကျွန်မ သိသားပဲ ။ အခု ဟာ က ရှင် ချုပ် ရေး နေတာပဲ ။ ချုပ် ရေးတော့ မကောင်းတော့ဘူး ။ မကောင်းမယ့် အတူတူ တော့ မရေးတာ က ဘဲ ကောင်းတယ် တဲ့ ။
ကလောင်ရှင် တစ်ယောက် က သူ့ ကလောင် ပိုင်နက် ထဲ မှာ ထိန်းထိန်းသိမ်းသိမ်း ရေး တာပဲ ။ ဒါပေမဲ့ အခန့်မသင့် လို့ အဖြတ်အတောက် ရှိတဲ့ အခါ ဆိုလို တဲ့ အဓိပ္ပာယ် မပေါ်တော့ဘူး ပေါ့ ။
ဟာသ က နေ Satire ဘက် ပြောင်း လာတာက တော့ ခုနက ပြောတဲ့ အချိန် နဲ့ အသက်အရွယ် ပါပဲ ။ ငယ်ငယ် က ဟာသ ရေး တယ် ။ ကြီး လာတော့ ရယ်စရာ တွေ ရေးတယ် ။ ဘာ ထူးသလဲ လို့ မေးမယ် ။ သိပ် ထူးတယ် ။ ဟာသ က တော့ ကလေး ဆန်တယ် ။ လူငယ် ကြိုက် ဖြစ်တယ် ။ ဇာတ်လမ်း ပုံသဏ္ဌာန် တစ်ခု ရှိ ရတယ် ။ ရယ်စရာ က ဘာ ဇာတ်လမ်း မှ မလိုဘူး ။ ရေး ထားတဲ့ ရေးသားချက် နဲ့ ပဲ ခွေ့အောင် ရယ် ရတယ် ။ တစ်ခုတော့ ရှိတယ် ။ ရယ်တတ် မှ ရယ်ရတာ မျိုးနော် ။ စာ ရေးတာ ကတော့ ၁၉၆၀ ပြည့် နှစ် ကျမှပါ ။ စောစောက ပြော သလို သတင်းစာ ဆောင်းပါးတွေ နဲ့ စ , ခဲ့တယ် ။ သတင်းစာ ဖတ်ပရိသတ် သိပ် သဘောကျ ခဲ့ကြတယ် ။ အခု ဘာကြောင့် သတင်းစာ မှာ မရေးတော့တာလဲ ဆိုရင်တော့ မာခ်တွိန် ဖြေတဲ့ အဖြေ မျိုး ပဲ ပေး ရမှာပဲ ။
🅠 Satire ရေးတဲ့ သူ တစ်ယောက် အနေ နဲ့ ဘယ်လို ခံယူချက်မျိုး ရှိသင့်ပါသလဲ ဆရာ ။
တချို့က Satire ကို သရော်စာ လို့ ကင်ပွန်း တပ်ကြတယ် ။ ဒါဟာ ကိုယ့် ဗိုက် ကိုယ် ဓား နဲ့ ထိုး တာမျိုး ဖြစ်နေသလား တော့ မသိဘူး ။ နာမည် တစ်ခု သာ ပဲ လို့ ယူဆ ရင်တော့ တပ် ကြပါ ။ သရော်စာ ၊ ခနဲ့စာ ကြိုက် ရာ တပ်ကြ ဗျာ ။ စာရေးဆရာ က နာမည် နဲ့ မဆိုင်ပါဘူး ။ စာပေ ရဲ့ အနှစ်သာရ ဖြစ်တဲ့ အကြောင်းအရာ နဲ့ သာ ဆိုင် ပါတယ် ။ Satire ရေးတဲ့ လူ ရဲ့ အမြင် ဟာ လောက ကို သမားရိုးကျ အမြင် မဟုတ်တဲ့ ရွဲ့စောင်းစောင်း အမြင် ( Oblique Angle ) ထောင့်ကျတဲ့ အမြင် က ကြည့်တတ်ဖို့ လိုတယ် ။ ဥပမာ ဆိုကြပါစို့ ။ စက်တင်ဘာ ၃ ရက် နေ့ က ကိုယ် မြတ်လေး မဂ္ဂဇင်းတိုက် က အပြန် ၅၁ လမ်း မှာ ကိုယ် စီး လာတဲ့ ကိုယ့် သမက် သင်္ဘောသား ရဲ့ ကား အသစ်ကြီး ဟာ ၅၁ လမ်း က ချိုင့် တစ်ခု မှာ ကျ ပြီး ရှေ့ ဂျွိုင်း ကျိုး သွားတယ် ။ ကိုယ် က ကား ပြင်တာ ကို စောင့်ရင်း တွေး မိတယ် ။ ရန်ကုန်မြို့ က လမ်းတွေ မကောင်းတာ မဟုတ်ပါဘူး ။ ပြင်ဖို့ လည်း မလိုပါဘူး ။ မကောင်းတာ က ကား ပဲ ။ ဒီ ကောင် က အသုံးမကျလို့ ပတ်ဗလစ်ကာ ဝယ် လာတာ ကိုး ။ တကယ်ဆိုတော့ လျှပ်ပျံယာဉ် ( Horer Craf ) ဝယ် လာဖို့ ကောင်းတယ် ဆိုပြီး ကိုယ့် သမက် လျှပ်ပျံယာဉ် တစ်စင်း ဝယ် မလာရ ကောင်းလားလို့ ကြိမ်း ပစ် ရတော့တယ် ။
ဒီကောင် က ဘာမှ ဟာသဉာဉ် ( Sense of Humour ) မရှိလေတော့ မျက်လုံး ကျဉ်းကျဉ်းလေး ကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး “ ဟာ .. ဒက်ဒီ က လည်း ရတဲ့ ဒေါ်လာ နဲ့ ဝယ် မှ မလောက်တာ ” လို့ ပြန် ပြောတယ် ။ အဲဒါ ပို ရယ် ရတယ် ။ အဲဒါပဲ ။ Satire သရော်စာ ရေးတဲ့ လူ ဟာ Sense of Humour ဟာသ ဓာတ်ခံ ရှိ ရတယ် ။ ဖတ် တဲ့ လူ ကလည်း ဟာသ ဓာတ်ခံ ရှိရမယ် ။ ဒီလို ရေးသူ ၊ ဖတ်သူ ဓာတ်ခံချင်း တူ မှ ဖတ်လို့ ရတယ် ။ ဒီလို အပေးအယူ မရှိခဲ့ရင် သရော်စာ ကို ဆော်စာ ၊ ကလော်စာ ၊ ဆဲစာ အဖြစ်မျိုး မြင်တတ် ကြတယ် ။ အမြင် မကြည်တာ ဟာ လူ တစ်ယောက် ရဲ့ ပင်ကို အယူအဆ အပေါ် မှာ တည်တယ် ။
Satire ဆိုတာ က ဘာသာရေး ၊ နိုင်ငံရေး ၊ ပုဂ္ဂိုလ်ရေး Religious , Political and Personal ဆိုပြီး ရှိတယ် ။ ကိုယ် လည်း စကား ပြော ရတာ အင်္ဂလိပ် ကောက်နုတ်ချက် ဝေါဟာရတွေ များ နေတော့ မင်းသိင်္ခ ရဲ့ ဖီလိုဆိုဖာ မောင်မြသာ ဖြစ် နေရင် ခွင့်လွှတ်ပါ ။ ခြုံငုံ ပြောရရင်တော့ လူမှုရေး အနိဋ္ဌာရုံတွေ ကို ဖော်ထုတ်ပြီး “ သော ” တာ ပါပဲ ။ လူမှုရေး အနိဋ္ဌာရုံ ဆိုတာ လူတွေ ရှိနေသမျှ ရှိနေကြ မှာ ပဲ ။ အရင်းရှင် နိုင်ငံ ၊ ဆိုရှယ်လစ် နိုင်ငံ မခွဲခြားပါဘူး ။ အမေရိကန် မှာ သာ ပြီး များသေးတယ် ။ ပဒေသရာဇ် ခေတ် ၊ မြေရှင် ခေတ် ဘယ် ခေတ် မှာ မှ လူမှုအနိဋ္ဌာရုံ ကင်းတယ် ဆိုတာ မရှိပါဘူး ။ ဒါကို ထိအောင် မိအောင် ရေးရတယ် ။ ဆဲသလို မဖြစ်စေရဘူး ။ သက်ဆိုင်သူ များ ပါ အောင့်သက်သက် နဲ့ ရယ်စေ ရမယ် ။ Satire ကို အယ်ဒီတာ က မတည်းဖြတ် တတ် ဘဲ နဲ့ သွားပြီး တည်းဖြတ် ရင် ငုံးတိတိကြီး ဖြစ် သွား ပြီး ဘာမှ မရယ်ရတော့ဘူး ။ ဒီ စာပေမျိုး ထွန်းကားဖို့ အလားအလာ မရှိပါဘူး ။ ရေးတဲ့ လူ ကလည်း ကိုယ့် သင်္ချိုင်း ကိုယ် တူး တာနဲ့ အတူတူပဲ ။
အခြေအနေ အကျဉ်းအကျပ် တစ်ရပ် ကို ရင်ဆိုင် ရတဲ့ အခါ ဟာသ ဓာတ်ခံ ရှိတာဟာ အကောင်းဆုံး ရင်ဆိုင် ရဲ တဲ့ သတ္တိ ကို ပေါက်ဖွားစေတယ် ။ ပေါက်ကွဲ တော့မယ့် ဘွိုင်လာအိုးကြီး တစ်လုံး ကို ရေနွေးငွေ့ ထုတ် ပေါက် Safety Valve ဘား ဖွင့် ပေးတာ နဲ့ အတူတူပဲ ။ လူတွေ ရဲ့ ရင် မှာ ခံစားချက် ၊ မျိုသိပ်ရတဲ့ ခံစားချက် တို့ ကို တစ်ဆို့ ပေါက်ကွဲ မတတ် ဖြစ် ရာ က သက်သက်သာသာ နဲ့ ထွက်ပေါက် ပေး လိုက်တာဟာ Satire ပါပဲတဲ့ ဗျား ။
လုပ်သားပြည်သူ့ သတင်းစာ မှာ ကိုယ် ရေး ခဲ့တဲ့ တာဆာဒေးဟေ့ တို့မြန်မာ ဆောင်းပါး ကို မှတ်မိသေးရဲ့လား ။ လူတွေ က ဆပ်ပြာ ဝယ်မရ လို့ သိပ် စိတ်ညစ် နေကြ တဲ့ အချိန် ၊ ကိုယ်တို့ က ဆပ်ပြာစက်ကြီး သွား ကြည့်ပြီး ဆပ်ပြာတွေ မွှေး လိုက်တာ ၊ ထွက် လိုက်တာ ၊ စံပြလုပ်သားကြီးများ က လည်း ကြိုးစားပမ်းစား ထုတ်လုပ်လိုက်ကြတာ လို့ သမားရိုးကျ ဆောင်းပါး ရေးရင် လူတွေ ကျေနပ်ကြ မလား ။ သူတို့ ခံစား နေရတဲ့ အထဲ မှာ ပိုပြီး မသက်သာ အောင် သွား စော်ကားတာ နဲ့ တူနေမှာ ပေါ့ ။ ကိုယ် က လူ့ သမိုင်းဦး ကာလ မှာ ဆပ်ပြာ ဆိုတာ မရှိခဲ့ပါဘူး ။ ဆပ်ပြာ ပေါ်တာ နှစ်ပေါင်း သုံးထောင် ကျော် လောက် ပဲ ရှိဦးမယ် ။ ဆပ်ပြာ ဆိုတာ လူတွေ ညစ်ပတ် လာ ကြမှ ပေါ်တယ် ။ ပို ညစ်ပတ်တဲ့ လူ က ပို မွှေး တဲ့ ဆပ်ပြာ မျိုး သုံး ရတယ် ။
ဒါကြောင့် နဂိုမူလ က သန့်ရှင်းပြီး သူများ ဟာ ဆပ်ပြာ တိုက်ဖို့ မလိုပါဘူး လို့ အရွှန်း ဖောက် လိုက်တယ် ။ လူတွေ ရယ်ကြတာပေါ့ ။ စိတ် လည်း သက်သာသွားတယ် ။ ဘာဖြစ်သလဲ ။ ဘာမှ မဖြစ်ပါဘူး ။ ကိုယ့် ဆင်ခြင် တွေးတောမှု Reasoning မဟုတ်ပါဘူး ။ ကိုယ် သိပါတယ် ။ လူတွေ လည်း သိပါတယ် ။ ဒါပေမဲ့ ယာယီ စိတ် သက်သာမှု ကို ရစေတယ် ။ ဒါဟာ ဘွိုင်လာအိုး ရဲ့ ဘား ကို ဖွင့် ပေးတဲ့ အရွှန်းဖောက် စာပေ တစ်ရပ် ပါ ပဲ ။ အဲ .. ပြောရင်း ဆိုရင်း .. ကိုယ် တောင် “ အရွှန်းဖောက်စာပေ ” ဆိုတဲ့ ဝေါဟာရ ကို သဘော ကျ သွားပြီ ။ နောက် ကို အရွှန်းဖောက်စာပေ လို့ သာ အတည် ပြု တော့ ကွာ ။ ဟုတ်တယ်လေ ။ သူ က ခပ်တည်တည် နဲ့ ရေးပြီး ဟို နေရာ ဒီ နေရာ မှာ ဇာချည် ဖောက် သလို အမွမ်းအပြောက်များ အရွှန်းဖောက် ထား တာ ကိုး ။ နာမည် ကြောင့် တော့ စာပေပုံသဏ္ဌာန် တစ်ရပ် မသေစေချင်ဘူး ။
🅠 ဆရာ စောစောပိုင်း တုန်း က ဘာသာပြန်တွေ ရေးတာ ဖတ်ခဲ့ရ ဖူးတယ် ။ အခု ဘာကြောင့် မရေးတော့တာလဲ ။
ကဲ ... ဘာသာပြန် ကိစ္စ ။ ကိုယ် ဟာ ဘာသာပြန် ကို အထူး ဝါသနာ ပါခဲ့ပါတယ် ။ ဘာသာပြန်စာပေ နဲ့ လူ ဖြစ်ခဲ့ရတဲ့ မျိုးဆက်နွယ်တွေ ပါ ။ နဂါးနီ တိုက် က ထုတ်တဲ့ နိုင်ငံရေး စာပေ တွေညနဲ့ နိုင်ငံရေး အသိ ရလာခဲ့တဲ့ မျိုးဆက်နွယ်တွေ ပါ ။ ဆရာကြီးပီမိုးနင်း ၊ ရွှေဥဒေါင်း ၊ ဒဂုန်ရွှေမျှား ၊ သခင်ဘသောင်း စတဲ့ ဆရာကြီးများ ရဲ့ စာပေတွေ ကို လေးလေးစားစား ဖတ်ခဲ့တဲ့ မျိုးဆက်နွယ်တွေ ပါ ။ အဲဒီလောက် ဘာသာပြန် ခဲ့တဲ့ လူ တစ်ယောက် ဟာ ဒီနေ့ ချိန်ခါ မှာ အမုန်းဆုံး စာပေ ဟာ ဘာသာပြန် စာပေ ပဲ ဖြစ်နေတယ် ။ ဘာကြောင့်တဲ့ လဲ ။ ဘာသာပြန် ရေးစား နေကြတဲ့ စာရေးဆရာ အမည်ခံ လူ တစ်စု ကြောင့် ပဲ ။
အဲဒီ ဘာသာပြန် စာအုပ်တွေ နဲ့ ပတ်သက်ပြီး ဆရာ ကြား တာ တစ်ခု ပြောပြမယ် ။ သူတို့ စာအုပ်တွေ ဖတ် ကြည့် တော့ လည်း ကြားထားတဲ့ အတိုင်း လုပ် နေတာ အမှန်ပဲ လို့ ယူဆ ရတယ် ။ ဘာသာပြန် ဖို့ ကောင်း တဲ့ စာအုပ် တစ်အုပ် နိုင်ငံခြား မှာ ထွက် လာရင် ဒီက ဘာသာပြန် ဆရာ တစ်ယောက် က အရ ဝယ်ပြီး အဲဒီ စာအုပ် ကို ငါးပိုင်း လောက် ခွဲ ပစ်လိုက်တယ် ။ သူ ကိုယ်တိုင် လည်း အစအဆုံး မဖတ်ဘူး ။ လူ ငါးယောက် လောက် အခန်းတွေ ခွဲပြီး အမြန်ဆုံး ပြီးအောင် ပြန် ကြတယ် ။ ဒီ ငါးယောက် စလုံး က လည်း ဝတ္ထု ကို အစအဆုံး မဖတ်ကြဘူး ။ ကိုယ့် အပိုင်း ကိုယ် ပြန် ကြတာပဲ ။ ဒါကို ဆင်ဒီကိတ် ဘာသာပြန် လို့ ခေါ်ကြတယ် ။ တစ်ယောက် က နာမည် ခံပြီး ထုတ်တယ် ။ ထွက် လာလို့ ဖတ်ကြည့်ရင် ရှေ့နောက် အဆီ အငေါ် တည့် တာ တစ်ခု မှ မပါဘူး ။ ဘာသာပြန် တဲ့ လူ ဟာ ဦးနှောက် မှ ကောင်းရဲ့လား လို့ တောင် ထင် ရတယ် ။ တကယ် လေ့လာ ကြည့် တော့မှ ဒါကို ငါးယောက် လောက် ခွဲပြီး ဘာသာပြန် ထားမှန်း သိ ရတယ် ။
ဘာသာပြန်သူ တစ်ယောက် ရဲ့ အဓိက အခြေခံ စိတ်ထား ဟာ “ စေတနာ ”ပါ ။ နိုင်ငံခြားဘာသာ နဲ့ ရေး ထားတဲ့ စာ တစ်စောင် ပေ တစ်ဖွဲ့ ကို ဖတ်ပြီး မိမိ ကိုယ်တိုင် က ကြည်နူးစွာ ကြိုက် ရမယ် ။ နောက်ပြီး မိမိ လောက် ပညာရေး အခြေခံ မရှိရှာတဲ့ စာဖတ် ပရိသတ် ကို ဒီ စာပေမျိုး ဖတ်စေချင်လှတဲ့ ၊ သူတို့ ဆီ အရောက် ပို့ ပေးချင်တဲ့ စေတနာ အရင်းခံ ရ မှာပါ ။ ရှေး ဆရာကြီးများ က ဒီစေတနာ အပြည့် နဲ့ ဘာသာပြန် ခဲ့ကြတယ် ။ တစ်ဖန် ဘာသာစကား နှစ်ရပ် ကို ကောင်းစွာ တတ်ကျွမ်း ကြတယ် ။ နောက်ဆုံး ကိုယ် နိုင်တဲ့ ဘာသာရပ်မျိုး ကိုမှ ကိုယ် ရွေး ပြန်တယ် ။ ဒါကြောင့် ရှေး ဘာသာပြန် ဆရာကြီးများ ကို လေးစားတယ် ။ သူတို့ ရဲ့ လမ်းကြောင်း ကို ပဲ လိုက်တယ် ။
ကဲ ... ဒီနေ့ ဘာသာပြန် ရေးစား နေတဲ့ လူတွေ အချို့မှာ ဒီ စေတနာ ရှိ သလား ။ နည်းပါးစွာသော အချို့ မှာ ရှိ ပါတယ် ။ အများအပြား မှာ မရှိပါဘူး လို့ ဖြေရလိမ့်မယ် ။ ငွေ ရဖို့ ၊ သူများ ထက် ဗွေဆော်ဦး ထွက်ဖို့ နဲ့ စာအုပ် ထူ ဖို့ သာ အဓိက ထား ရေး စားနေကြတဲ့ လူတွေပါ ။ ဒီ အထဲ မှာ ကိုယ် မပါချင်ဘူး ။ ဒီနေ့ ဘာသာပြန် စာပေ ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ် နေတယ် ။ ဖောင်းပွ နေတယ် ။ တွေ့ကရာ လူ တွေ က ပေါက်ကရ စာအုပ်တွေ ကို ဖြစ် သလို ဘာသာပြန် နေကြတယ် ။ ကိုယ် ပြောတဲ့ အချက် သုံးချက် ဖြစ်တဲ့ “ ငွေ - ဗွေ - ထူ ” ဆိုတဲ့ မူ နဲ့ ဘာသာ ပြန်ပြီး စာဖတ်ပရိသတ် ကို စော်ကား နေကြတယ် ။ လိမ်ညာ ပြီး ငွေ ယူ နေကြတယ် ။ သူတို့ ဟာ မူရင်း စာအုပ် ကို နားလည် သဘောပေါက်ခြင်း လည်း မရှိကြဘူး ။ မူရင်း စာရေးဆရာ ကို စော်ကားတယ် ။ သက်ဆိုင်ရာ ဘာသာ Language ကို လည်း နှိုက်နှိုက်ချွတ်ချွတ် မလေ့လာကြဘူး ။ စာအုပ် ထူထူ မြန်မြန် ထွက် ပြီးရော ဆိုပြီး ထုတ် နေကြတဲ့ Translations တွေ သာ များတယ် ။ သူတို့ ဟာ စာအုပ်ကို ချစ်မြတ်နိုး လို့ စေတနာ ရှေ့ ထားပြီး ဘာသာပြန် တာ မဟုတ်ကြပါဘူး ။
ဘာသာပြန် တဲ့ သူ အများစု က ဘယ် ဘာသာရပ် ကို မဆို ဘာသာ ပြန် နိုင်တယ်လို့ ယူဆ နေကြတယ် ။ ဒါ မဖြစ်နိုင်ဘူး ။ ဥပမာ - စီးပွားရေးပညာရပ် နဲ့ ပတ်သက်တဲ့ စာအုပ် ကို ကိုယ် ဘာသာပြန် တာ ထက် မောင်စူးစမ်း က ဘာသာပြန် ရင် ပို ကောင်း မှာပေါ့ ။ အဲဒီလိုပဲ ဆေးပညာ နဲ့ ပတ်သက်တဲ့ စာအုပ် ဆိုရင်လည်း တခြားသူ ဘာသာပြန် တာ ထက် ဆရာဝန်တွေ ပြန်တာ က ပိုပြီး ဆီလျော်မှာ ပေါ့ ။ အဲဒီလို ရှိတယ် ။ ခုတော့ ဘာသာပြန် ဆရာတွေ က ခုနက ကိုယ် ပြောသလို ဦး ရင် ပြီးရော ဆိုပြီး ပြန် နေကြတာပဲ ။ လူ တစ်ယောက် က အင်္ဂလိပ်စာ တတ်ရင် ဘာသာ ပြန် လို့ ရတာပဲ ထင် နေတယ် ။ ဒါ မှားတယ် ။ အင်္ဂလိပ်စာ တတ်ရုံ နဲ့ ဘာသာပြန် ရင် တော့ အေ ဘီ စီ ဒီ ကို ကကြီး ခကွေး ဖြစ်အောင် ပြန်ရုံ လောက် ပဲ ဖြစ်လိမ့်မယ် ။
နောက်တစ် ခု က ဘာသာပြန် စာအုပ်တွေ နဲ့ ပတ်သက်ပြီး သိပ် ပြီး သင်္ကာယန မကင်းတာ ရှိတယ် ။ ဥပမာ - ကမ္ဘာ့ အရှေ့အလယ်ပိုင်း အရေးအခင်း ဆိုပါတော့ ။ ဒီ ကိစ္စ တွေ ကို ကိုယ်တို့ က စိတ်ဝင်စား လို့ လေ့လာတဲ့ အဆင့်ပဲ ရှိပါတယ် ။ ဒီနေ့ ကိုယ်တို့ နိုင်ငံ က ဘာသာပြန် ဆရာတွေ ရဲ့ ကျေးဇူးကြောင့် ကိုယ် တို့ သိ နေရတာ က ပါလက်စတိုင်း ဆိုတာ လူဆိုးတွေ ၊ သူခိုးဓားပြတွေ ၊ ကြမ်းပိုးတွေ ၊ လေယာဉ် အပိုင်စီးတဲ့ အကြမ်းဖက်သမားတွေ ၊ မော့ဆက် ဆိုတာ က တော့ တကယ် တော်တဲ့ ကောင်တွေ ၊ သူတို့ ကယ် လိုက် လို့ ကမ္ဘာကြီး ချောက် ကျတော့မယ့် အရေး က သီသီကလေး လွတ် သွားတယ်လို့ တကယ့် တကယ် ကယ်တင်ရှင်ကြီးတွေ ။ အမေရိကန် မှာ မွေး တဲ့ ဂျူးတွေ ။ သူတို့ က ဂျူး အပေါ် မှာ သံယောဇဉ် ရှိမှာပဲ ။ ဒါ သဘာဝ ကျတာပေါ့ ။ မော့ဆက် ဆိုတာ သိပ် တော်တယ် ။ အစ္စရေးက မှန်တယ် ။ ဒီလိုပဲ သူတို့ ရေးရ မှာပေါ့ ။ ဒီ စာအုပ်တွေ ချည်းပဲ ကိုယ်တို့ နိုင်ငံ မှာ စွတ်ပြီး ဘာသာပြန် နေကြတော့ ပါလက်စတိုင်း အပေါ် မှာ စာဖတ်ပရိသတ် က စောစောက ကိုယ် ပြောသလို ပဲ မြင် နေမှာပဲ ။
ပါလက်စတိုင်း အရေးအခင်း ကို ကိုယ်တို့ ဘယ်လောက် နားလည် သလဲ ။ သူတို့ ဘက် က ဖြေရှင်းချက် ကို ကိုယ်တို့ သိ သလား ။ ပါလက်စတိုင်း တွေ ဟာ နှစ်ပေါင်း သုံးဆယ် ကျော် လေးဆယ် နီးပါး တိုင်းပြည် ပျောက်ပြီး တော့ ဂျော်ဒန် တို့ ၊ ဆီးရီးယား တို့ က ဒုက္ခသည်စခန်းတွေ မှာ မွေးပြီး ကြီးပြင်းခဲ့ ရတဲ့ လူတွေ ချည်းပဲ ။ သူတို့ ဘက် ပြဿနာ ကို လည်း ကိုယ်တို့ နားလည်ဖို့ လို လိမ့်မယ် ။ ခုတော့ ဘာသာပြန် ဆရာတွေ ကောင်းမှု ကြောင့် ကိုယ်တို့ စာဖတ်ပရိသတ် က မော့ဆက်တွေ ပဲ သိတယ် ။ တစ်ဖက် စောင်းနင်း ဖြစ် နေတယ် ။ ဒါကြောင့် ဆရာ က စိတ် မကောင်း ဖြစ်မိပြီး ပါလက်စတိုင်း ဘက် က ရေးဖို့ စာအုပ် လိုက် ရှာတယ် ။ စာအုပ် ကလည်း မရှိပါဘူး ။ ဒါကြောင့် မြန်မာဘာသာ ပြန်ဖို့ အာရာဖတ် ဆီ က များ စာအုပ် လှမ်း တောင်း ရရင် ကောင်း မလားလို့ တောင် စဉ်းစား မိတယ် ။
အဲဒီလို ဘာသာပြန် စာအုပ်တွေ ဖောင်းပွ ပြီး နေတဲ့ ကြား မှာ ရိုးရိုးသားသား နဲ့ ကိုယ် နှစ်သက်တာလေး ကို ရွေးပြီး ဘာသာပြန် နေတဲ့ သူ တွေ လည်း ရှိပါတယ် ။ အဲဒီ လူတွေ ရဲ့ စာအုပ်တွေ ကို တော့ ဆရာတို့ က လည်း လေးလေးစားစား ဖတ်ပါတယ် ။ ဥပမာ အားဖြင့် လေသူရဲတစ်ဦး ဘာသာပြန် တဲ့ စာအုပ် ။ ဗဲန်ကို လား ဘာ လား စာအုပ် နာမည် တော့ မေ့နေပြီ ။ ဒီလို စာအုပ်ကောင်းလေး တွေ့ ရင် ဆရာ က တော့ ဝမ်းသာတယ် ။ မောင်ထွန်းသူ တို့ ၊ မောင်ပေါ်ထွန်း တို့ လည်း ဘာသာပြန် ကောင်း တဲ့ သူတွေ ပါ ။
ဘာသာပြန် တာ နဲ့ ပတ်သက်ပြီး အရင်တုန်း က ဘာသာပြန် အစည်းအဝေး မှာ ဆရာကြီး သခင်ဘသောင်း တို့ လည်း ပြောဖူးပါတယ် ။ ဘာသာပြန်မှာ Technique က တစ်ပိုင်း ၊ Art က တစ်ပိုင်း ရှိတယ် ။ Technique ကို သင်လို့ ရတယ် ။ Art က သင်လို့ မရဘူး ။ ဘာသာပြန်တယ် ဆိုတာ နည်းစနစ် နဲ့ အနုပညာ ရသ ကို ပေါင်းစပ် ထား တဲ့ အလုပ် တစ်ခုပဲ ။ ဘာသာပြန် တဲ့ နေရာမှာ လုံးစေ့ပတ်စေ့ ဘာသာ ပြန်တယ် ဆိုတာ မဖြစ်နိုင်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ Language တစ်ခု နဲ့ တစ်ခု တင်ပြပုံ ချင်း မတူနိုင်ဘူး ။ အင်္ဂလိပ် လို ပြောတာ ကို မြန်မာ လို တိုက်ရိုက် ပြန်လို့ မရဘူး ။ ပြေပြစ်အောင် လှည့် ပြီး ပြန်ရတယ် ။
ဒါကြောင့် ဘာသာပြန် ဟာ ဘာနဲ့ တူသလဲ ဆိုတော့ မိန်းမ နဲ့ တူတယ် ။ ဘာသာပြန် ဟာ လှတယ် ၊ Beautiful ဖြစ်တယ် ဆိုရင် Faithful သစ္စာ မရှိဘူး ။ သစ္စာ ရှိရှိ ဘာသာပြန်တယ် ဆိုတာ မဖြစ်နိုင်ဘူး ။ ဘာကြောင့်လဲ ဆိုတော့ လုံးစေ့ပတ်စေ့ တိုက်ရိုက် မြန်မာပြန် ရင် မချောမွေ့ နိုင်ဘူး ။ ထောက် နေမယ် ။ ဒါကြောင့် ဘယ်နား မှာ ဘယ်လို မြန်မာ ပရိသတ် ကြိုက်အောင် ရေး လိုက်မယ် ဆိုတာ စဉ်းစားရတယ် ။ Art ပဲ ။
အရင်တုန်းက ဆရာကြီးရွှေဥဒေါင်း တို့ မှီးပြီး ဘာသာပြန် တဲ့ ရူပနန္ဒီ တို့ ဘာတို့ ရှိတယ် ။ ဒီ စာအုပ် ဆိုရင် ဆရာတို့ ငယ်ငယ်တုန်း က ဖတ် ပြီးတော့ ဒါ မြန်မာ ဇာတ်လမ်း ပဲ အောက်မေ့ ပြီးတော့ စွဲ နေတယ် ။ နောက် အသက်အရွယ် ရ လာတော့ အင်္ဂလိပ်စာ ဖတ် နိုင်တဲ့အချိန် မှာ ရူပနန္ဒီ ဟာ ဆာရိုက်ဒါဟတ်ဂတ် ရဲ့ “ ရှီ ” ကို ဘာသာပြန် တာ ပဲ ဆို လို့ “ ရှီ ” ကို ဖတ် ကြည့်တယ် ။ ဒါပေမဲ့ ရှီ က ရူနန္ဒီ လောက် မစွဲဘူး ဖြစ်နေတယ် ။ အဲဒါဟာ ဘာသာပြန် သူ ရဲ့ အနုပညာ ကြောင့် ဖြစ် ရတာပဲ ။ ဆရာကြီး ပီမိုးနင်း တို့ ဘာသာပြန်တာတွေ လည်း ရှိပါတယ် ။
အဲဒီတော့ သိပ်ပြီး လေးနက်တဲ့ ဘာသာရပ်ဆိုင်ရာ က လွဲရင် တိတိကျကျ ဘာသာ ပြန်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး ။ သိပ္ပံပညာရပ် ကို ဘာသာ ပြန် ရင်တော့ တိကျဖို့ လို တာပေါ့ ။ တခြား ရသစာပေ ကို ပြန်ရင်တော့ လှ သလို ပြန်ဖို့ လို ပါတယ် ။ ဒါကြောင့် ဘာသာပြန်ဆရာ ဟာ ဘာနဲ့ တူသလဲ ဆိုတော့ အဂ္ဂိရတ်ဆရာ လိုပဲ ။ အဂ္ဂိရတ် တော် တဲ့ ဆရာ လက် ထဲ ကို ခဲ ရောက်ရောက် ၊ ကြေး ရောက်ရောက် အဂ္ဂိရတ်ဆရာ ရွှေ ဖြစ်အောင် သူ က ထိုးပေးနိုင်တယ် ။ မတော်လို့ က တော့ ရွှေ ကို ထိုးတာ တောင် ခဲ ဖြစ်သွားနိုင် ပါတယ် ။
🅠 ဆရာ ရေးခဲ့ဖူးတဲ့ “ ဂျယ်နီဝှာ တို့ ဤကမ္ဘာ ” က ' The World of Suze Wong ' ကို မြန်မာမှု ပြု ထားတာလား ။
ပညာမုန်ယို မဆို စလောက် အရွယ်လောက်က ဆိုတဲ့ မှီငြမ်း ဘာသာပြန် ပါ ။ မောင်ဝင်းငြိမ်း ပြောတဲ့ The World of Suzie Wong ကို ခိုးယူ ကူးချ ထားတဲ့ ဘာသာပြန် ဇာတ်လမ်း ပါ ။ သူ့ ခေတ် သူ့ အခါ က ကောင်းပါတယ် ။
ကိုယ် ဒီ စာအုပ် ရေးတဲ့ အချိန်က ၁၉၅၅ - ၅၆ တစ်ဝိုက် ဆိုတော့ ပါလီမန် ဒီမိုကရေစီ ခေတ် ပေါ့ လေ ။ အရင်းရှင် ခေတ် ပေါ့ ။ အဲဒီတုန်း က နိုက်ကလပ်တွေ က အခု စတူဒီယိုဆိုင် ၊ ဗီဒီယိုဆိုင် တွေ လို နေရာတကာ မှာ ရှိတယ် ။ နိုက်ကလပ် မှာ က ကြတဲ့ ကလေးမကလေး တွေ တော်တော်များများ နဲ့ လည်း ရင်းနှီး သိကျွမ်း ခဲ့တယ် ။ အဲဒီ ခေတ် ပုံသဏ္ဌာန် ကြည့်ရင် မြန်မာပြည် ဟာ အရင်းရှင် လမ်းကြောင်း ပေါ် မှာ လျှောက် နေပြီး အရင်းရှင် ယဉ်ကျေးမှုတွေ ဖုံး နေပြီ ။ The World of Suzie Wong ကို ဖတ်ကြည့် တော့လည်း သူ က ဟောင်ကောင် နိုက်ကလပ် က ကောင်မလေးတွေ ရဲ့ ဘဝ အကြောင်း ရေး ထားတာ ။ ဒါပေမဲ့ သူ ရေးတာ က ဖတ်လို့ သိပ် ချစ်စရာ ကောင်းတယ် ။
အရင်းရှင်လောက အကြောင်း ဘာညာ သိပ် ပြောတာ မဟုတ်ဘူး ။ ကလေးမ တစ်ယောက် မမျှော်လင့်ဘဲ သူ့ အပျို ဘဝ ကို ဆုံးရှုံး လိုက်ရတယ် ။ သူ ယောက်ျား.တွေ ကို သိပ် စိတ်နာ သွားပြီး လက်စား ချေဖို့ အတွက် ယောက်ျားတွေ ရဲ့ ပျော့ကွက် ကို ရှာ တယ် ။ ယောက်ျား ဆိုတာ မျိုး က ကာမ တဏှာအတွက် ဆိုရင် အနှမြော မရှိဘူး ။ ဘယ်လိုပဲ သုံးသုံး ။ ဒါ ယောက်ျား ရဲ့ ပျော့ကွက် ပဲ ။ ဒါကို အသုံးချ ဖို့ ၊ တန်ပြန် စစ်ဆင်ရေး လုပ်ဖို့ အတွက် သူ နိုက်ကလပ် ကို ရောက် သွားတယ် ။ ဒါပေမဲ့ ဒီလို ကလေးမလေးမျိုး မှာ လည်း မွန်မြတ် သန့်စင်တဲ့ အချစ် မရှိဘူးလား ဆိုတော့ .... ရှိတယ် ။
ယောက်ျား ပေါင်း များစွာ နဲ့ စီးပွားရေး အရ ဆက်ဆံ ခဲ့ပြီး တစ်နေ့ မှာ မမျှော်လင့်ဘဲ တကယ် ချစ်မိတဲ့ သူ တစ်ယောက် နဲ့ သွား တွေ့တယ် ။ ဒီ လူ ကို သူ တကယ် ချစ်တယ် ။ ဟို က လည်း သူ့ ကို အတည် တကျ ယူမယ်ပေါ့ ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဒီ လူ က သေ သွားတယ် ။ သူ့ မှာ က ကလေး တစ်ယောက် ကျန်ရစ် ခဲ့တယ် ။ အဲဒီတော့ သူ့ အချစ် က ကလေးအပေါ် ပြောင်း သွားတယ် ။ ဒီ ကလေး ကို သူ့ လို မဖြစ်စေရဘူး ၊ ပညာ သင်ပေးမယ် ၊ ကျောင်း ထားမယ် ။ ဒီ ရည်ရွယ်ချက် နဲ့ သူ ငွေ ရှာတယ် ။ သူ့ ဦးတည်ချက် က တစ်ခုတည်း ပဲ ။ သူ့ ကလေး အတွက် ပဲ ။ အဲဒီတော့ ဒီလို ကလေးမတွေ မှာ လည်း သားသမီး ကို တိုးတက် ကြီးပွား စေ ချင်တဲ့ မိခင် ရဲ့မေတ္တာ ရှိ တဲ့အကြောင်း ဖော်ပြထား တာ ပဲ ။ ဒါပေမဲ့ မမျှော်လင့်ဘဲ တစ်နေ့ မှာ တိုက် ပြိုကျ လို့ ကလေး က ဆုံးသွား ပြန်ရော ။ ကိုယ့် ဇာတ်လမ်း က ၄၃ လမ်း မှာ အခြေခံ ထားတယ် ။ ဟို တစ်နေ့ က ပဲ ၄၃ လမ်း က တိုက် ပြိုတယ် ။ အခု မောင်ဝင်းငြိမ်း က ဒီ ဇာတ် ကို မေးလာ ပြန်တော့ တိုက်ဆိုင်မှု တော့ ရှိတယ် ကွ ။
ကလေး သေတယ် ဆိုကတည်း က သူ့ ဘဝ ရည်ရွယ်ချက် ပျက် သွားပြီ ။ လောက မှာ ဘာ အတွက် အသက်ရှင် နေရတယ် ဆိုတဲ့ ရည်မှန်းချက် မရှိတော့ဘူး ။ ဒီမှာ သူ့ ဘဝ ရေစုန်မျော တော့ တာပဲ ။ ကိုယ့် ဇာတ် မှာတော့ စာရေးဆရာ ကိုခွာညို နဲ့ သူ တွေ့ သွားတယ် ။ ကိုခွာညို က သူ့ ကို ကယ်ချင်တယ် ။ ဒါပေမဲ့ သူ့ ကို တွေ့ စ မှာ နားမလည် နိုင်တာတွေ အများကြီး ရှိတယ် ။ သူ က ရှင် နဲ့ ကျွန်မ နဲ့ ယူမယ် ။ ဒါပေမဲ့ ၇ ရက် ပဲ အတူ နေမယ် ။ ပြီးရင် ရှင် ကလည်း ရှင့် အလုပ် ရှင် လုပ် ၊ ကျွန်မ က လည်း ကျွန်မ အလုပ် ကျွန်မ ဆက်လုပ်မယ် ပေါ့ ။ သူ့ အလုပ် ဆက် လုပ်မယ် ဆိုတာက တခြား ယောက်ျားတွေ နဲ့ လိုက် သွားမှာ ။ အဲဒီတော့ ယောက်ျား ဆိုတာမျိုး က ကိုယ့် မိန်းမ တခြား ယောက်ျား ရင်ခွင် မှာ နေတာ ဘယ် ယောက်ျား မှ မကြည့်ချင်တာ မျိုးဘဲ ။ သူ က အတန်တန် ရှင်းပြ တော့ မှ နှစ်ယောက် သား နားလည်မှု ရ သွားပြီး အတည်တကျ ပေါင်းကြ ဖို့ လုပ်ကြတယ် ။ အဲဒီ အချိန် မှာ ကောင်မလေး က တီဘီရောဂါ နဲ့ ဆုံး သွားတယ် ။
ဒီ စာအုပ် နိဂုံး မှာ ကိုယ် က ဂျယ်နီဝှာ ဟာ ယောက်ျား ပေါင်း သုံးထောင်လောက် ကို ကာမရမ္မက်ဆေး တိုက်ကျွေး ပြီး နောက် အပျိုစင် ဘဝ နဲ့ သေ သွားတယ် လို့ ရေး ခဲ့တယ် ။ သူ့ ကိုယ်ခန္ဓာ ဟာ ယောက်ျားတွေ ရဲ့ ရင်ခွင် မှာ နေ ခဲ့ရလို့ ညစ်နွမ်း နေခဲ့ပေမဲ့ သူ့ စိတ် သဘောထားလေး က တော့ အပျိုစင် ဘဝ မှာ ပဲ ရှိနေသေးတယ် ။ ဖြူဖွေးသန့်စင် နေသေးတယ် ဆိုတာ ရေး ခဲ့တာပဲ ။ တကယ်တော့ ဂျယ်နီဝှာ ကို မောင်ဝင်းငြိမ်း တို့ မှတ်မိနေသေးတယ် ဆိုတာ မူရင်း စူဇီဝေါင်း က ကောင်း လို့ပါ ။
🅠 ဆရာ ဟာသဝတ္ထုတွေ ဘာဖြစ်လို့ မရေးတော့ တာလဲ ။ ကျွန်တော်တို့ ငယ်ငယ် က ဖတ်ခဲ့ရတဲ့ “ ပင်မှည့် ” တို့ ၊ “ ပင်တီ ” တို့ ဆို ခုထက်ထိ မှတ်မိ နေသေးတယ် ။
မောင်ဝင်းငြိမ်း တို့ ပေဖူးလွှာ .. စာတည်းချုပ် ဦးမြလှိုင် ကလည်း ဟာသဝတ္ထု ရေးပေးပါ လို့ ပြောဖူးပါတယ် ။ ကိုယ် လည်း ကြိုးစား ပါတယ် ။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင် ကို က ဟာသဉာဏ် ခန်းခြောက် နေတော့ ဘယ်လို လုပ် ဟာသ ဝတ္ထုကောင်း ထွက် နိုင်မှာလဲ ။ ဗီဇ က ရှိ နေလို့ ဟာသ အမြင် ကျန် နေပေမဲ့ ဒါကို တကူးတက မရေးချင်တော့ဘူး ။ ဟာသဝတ္ထု ရေးတယ် ဆိုတာ အရွယ် နဲ့ လည်း ဆိုင် ပါတယ် ။ ဟာသ နဲ့ နာမည်ကြီး ခဲ့တဲ့ ဆရာသော်တာဆွေ ကို ဒီနေ့ ဟာသဝတ္ထု သွား ရေးခိုင်း ကြည့် ပါလား မရတော့ဘူး ။ သူ လည်း ဘဝ သရုပ်ဖော် တွေ နဲ့ လိုင်း ပြောင်း သွားပြီ ။ ကိုယ် က လည်း အဲဒီလိုပဲ ရေးချင် စိတ် ရှိပေမဲ့ ရေး လို့ ကို မထွက်တော့ဘူး ။
အဲဒီလိုပဲ ရေကြောင်းစာပေတွေ ဆိုပါတော့ ၊ ရေကြောင်း အင်အား တည်ဆောက်ရေး ကို ကိုယ် တကယ် ယုံကြည်ခဲ့တယ် ။ ကိုယ် ရေးခဲ့တဲ့ အဏ္ဏဝါမုဆိုး တို့ ၊ သန္နိဋ္ဌာန်ကျွန်းပေါ် မှ ရဲဘော်မောင်ညို တို့ ဆိုရင် ကိုယ် လည်း ကြိုက်တယ် ။ စာဖတ် ပရိသတ်တွေ လည်း ကြိုက် ခဲ့တယ် ။ ဘာသာပြန်စာပေ က တော်တော် ဆန်းတယ် ။ ကိုယ် က သိပ် ကြိုက်လို့ ပြန် တယ် ။ စာဖတ်ပရိသတ် က မကြိုက်ဘူး ။ တစ်ခါတလေ ကိုယ် က မကြိုက်ဘူး ။ စာဖတ်ပရိသတ် က ကြိုက်နေပြန် ရော ။ စာဖတ် ပရိသတ် ရော ဘာသာ ပြန်တဲ့ သူ ပါ အကြိုက်ချင်း ညီတာ တော်တော် ရှားတယ် ။ အဲဒီ အထဲ မှာ သန္နိဋ္ဌာန်ကျွန်း ပေါ် မှ ရဲဘော် မောင်ညို ပါတယ် ။ ကိုယ့် အတွက် တော့ ဒီ စာအုပ် ဟာ အကောင်းဆုံး ဘာသာပြန် စာအုပ် ပဲ ။
ခုန က မောင်ဝင်းငြိမ်း ပြောတဲ့ ပင်မှည့် တို့ ၊ ပင်တီ တို့ ဆိုတာတွေ က ကိုယ် ရေတပ်ဗိုလ် ဘဝက ဟာသဉာဏ် ရွှင် နေ ချိန်မို့ ရေး လို့ ထွက်ခဲ့တာတွေပဲ ။ ခုတော့ ဟာသဉာဏ် က ခန်းခြောက် လာပြီမို့ Satire ပဲ ရေးချင်တော့တယ် ။ Satire ရေးချင်တယ် ဆိုတာ က လည်း စိတ် ထဲ မှာ ခံစား နေရတာ တစ်ခုကို ဖွင့်ထုတ် လိုက်တဲ့ သဘောပါပဲ ။
🅠 အခု နောက်ပိုင်း မှာ ဘာသာပြန် ကဗျာတွေ ရေးတယ် လို့ ကြား မိတယ် ။ တချို့လည်း ကျွန်တော်တို့ ဖတ် ရပါတယ် ။ ဘာသာပြန်တယ် ဆိုတာ ဦး က စပါး ပဲ့ ပြောင်း ၊ ပဲ့ က စပါး ဦးပြောင်း သလိုပဲ အဖိတ်အစဉ် ရှိတယ် ။ အပြည့်အစုံ တော့ မရနိုင်ဘူးလို့ ဆရာကြီးတွေ က ပြောဖူးပါတယ် ။ ကဗျာ ကို ဘာသာ ပြန် ရင် ကော မူရင်း ကဗျာဆရာ ရဲ့ ဆိုလိုရင်း ကို အတိအကျ ရနိုင်ပါ့မလား ။
ကဗျာ ဆိုတာ ဘာသာပြန် လို့ ရကောင်းတဲ့။စာပေ မဟုတ်ပါဘူး ။ ဘာသာ တစ်ရပ် က တခြား ဘာသာ တစ်ရပ် ကို ပြန်ဆို ရာမှာ တစ်စုံတစ်ရာ ဟာ အခိုးအငွေ့ ဖြစ်သွားပြီး ပျောက်ဆုံး စမြဲ ပါပဲ ။ ဒီ အခိုးအငွေ့ အဖြစ် လွင့်ပျံ သွားတာဟာ ကဗျာ ပါ ပဲ ။ Poetry is what is lost in translation လို့ ကဗျာဆရာကြီး ရောဘတ်ဖရော့စ် က ပြောခဲ့ဖူးပါတယ် ။ ကဗျာ ဟာ သူ့ ကို မွေးဖွားသန့်စင် ရာ မိခင် ဘာသာရပ် မှာ ပဲ အလှပဆုံး ရှင်သန်လေ့ ရှိပါတယ် ။
ကိုယ် ဟာ ကဗျာဆရာ မဟုတ်ပါဘူး ။ ဒါပေမဲ့ စာပေ တစ်ရပ် ရဲ့ အလှအပ ကိုတော့ မြတ်နိုးတတ်တယ် ။ ကိုယ် က အသည်း ၊ မျက်ရည် ၊ အချစ် စတဲ့ မေတ္တာဘွဲ့ ကို ရေးဖွဲ့လေ့ ရှိတဲ့ အချစ်ဝတ္ထု ရေးသူ လည်း မဟုတ်ဘူး ။ ဒါပေမဲ့ လူသားတို့ ရဲ့ သဘာဝ ကို တော့ အာရုံ ပြုပြီး အလေးအနက် ထား လေ့လာပါတယ် ။ အင်္ဂလိပ်ကဗျာတွေ ကို မြန်မာဘာသာ ပြန်ရတဲ့ အကြောင်း က တော့ အင်္ဂလိပ် ကဗျာ ရဲ့ တင်စား ဖွဲ့ဆိုမှု ကို မြန်မာကဗျာ ပရိသတ် နဲ့ နီးစပ် စေချင်လို့ ပါပဲ ။ ဒါတောင် ကဗျာ ဝိညာဉ်လိပ်ပြာ ဝင် ပူး မှ ရေးလို့ ရတယ် ။ လမိုင်းနတ် ကပ် မှ ပေါ့ကွာ ။ အခု လမိုင်း နတ် က ခွာ သွား ပြန်ပြီ ။
အခု နောက်ပိုင်း မှာ အင်္ဂလိပ်ကဗျာတွေ အဖတ် များ လာတာတော့ အမှန်ပဲ ။ ဒါပေမဲ့ မြန်မာကဗျာတွေ လည်း ဖတ်ပါတယ် ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ လေးချိုးကြီး တို့ ဘာ တို့ က အစ ဖတ်တယ် ။ ဒါလည်း တစ်ခါတုန်း က စာကြည့်တိုက် ဖွင့်ပွဲ တစ်ခု မှာ စာပေဟောပြောပွဲ ဖိတ် လို့ သွားရင်း ကြုံ ခဲ့ရတဲ့ အတွေ့အကြုံ ကြောင့် လို့ ပြော ရမယ် ။ အဲဒီမှာ အခမ်းအနားမှူး က ဒီ အခမ်းအနား ကို သခင်ကိုယ်တော်မှိုင်း ရဲ့ အညာမင်္ဂလာဆောင် လေးချိုးကြီး နဲ့ ဖွင့်ပါ့မယ် လို့ ကြေညာ လိုက်တော့ ကိုယ် သိပ် ဝမ်းသာ သွားတယ် ။ ဒီ လေးချိုးကြီး တော့ နားထောင် ရတော့မယ် ပေါ့ ။ ခဏ နေတော့ ကလေးမ တစ်ယောက် စာရွက် တစ်ရွက် ကိုင် တက် လာတယ် ။ အညာမင်္ဂလာဆောင် လေးချိုးကြီး ကို လုံးဝ အသံနေ အသံထား အဖြတ် အတောက် မပါဘဲ ဆောင်းပါး တစ်ပုဒ် ဖတ် သလို တောက်လျှောက် ဖတ် သွားတော့တာပဲ ။
ကိုယ် တော်တော် စိတ်ပျက် သွားတယ် ။ ဒီ လေးချိုးကြီး က အင်မတန် ကြည်နူးစရာ ကောင်းတာပဲ ။ အခု ဘယ်လို ဖြစ်တာလဲ ဆိုတာ လေ့လာကြည့် လိုက်တော့ တို့ မြန်မာကဗျာ တော်တော်များများ ဟာ အသံတွေ ပျောက်တော့မယ် ဆိုတာ တွေ့လာ ရတယ် ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ လေးချိုး ကို တောင် အသံနေ အသံထား နဲ့ မရွတ်တတ်ကြတော့ ရင် ကိုယ် တို့ ငယ်ငယ်တုန်း က သင်ခဲ့ရတဲ့ မြင်စိုင်းငါးစီးရှင် ရဲ့ ကာချင်း တို့ ဘာ တို့ ဆိုရင် ဘယ်လို ရွတ်ကြမလဲ ။ ဒါကို ဆရာကြီးဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ရွတ်တတ်တယ် လို့ ကြားတယ် ။ ဒါပေမဲ့ သူ လည်း မှန်းဆ ရွတ် တာပဲ ဖြစ်နိုင်တယ် ။ မုံရွာဦးလေးခန့် တို့ ကို မေး ကြည့်တော့ သူတို့ လည်း ဒီလိုပဲ ပြောတယ် ။
ဒီလိုသာ ဆိုရင် မြန်မာစာပေ သမိုင်း ထဲ က ရတု ၊ ရကန် တို့ ၊ ကာချင်း ၊ အဲချင်း ၊ လေးချိုး ၊ လူးတား ၊ မော်ကွန်း ၊ ဧချင်း တို့ ကို ဘယ်လို ရွတ်ရမယ် ဆိုတာ နောက် နှစ် ၂ဝ လောက် ကြာ ရင် ဘယ်သူ မှ သိတော့ မှာ မဟုတ်ဘူး ။
ကိုယ် ငယ်ငယ်တုန်း က ရွှေဘို မှာ အဝေးရောက် မင်းကြီး ဦးအောင်ကြီး နဲ့ အိမ်ချင်း ကပ်ပြီး နေဖူးတယ် ။ ဒါပေမဲ့ အသက် က ငယ် တော့ သူ့ ဆီ က ပညာ မရ လိုက်ဘူး ။ ဒါပေမဲ့ တစ်ခါတလေ အဘိုး က မဲဇာတောင်ခြေရတု ကို စိတ်လို လက်ရ ရှိတဲ့ အခါ မှာ ရွတ်ပြခဲ့တာ ကို နား ထဲ မှာ စွဲ နေတယ် ။ အသက် အရွယ် ရ လာတော့ ရွှေမန်းတင်မောင် လက်ဝဲသုန္ဒြ ဇာတ် က , တာ သွား ကြည့်တယ် ။ ဒါပေမဲ့ သူ ရွတ်တဲ့ မဲဇာတောင်ခြေ ရတု က အသံ မမှန်တော့ဘူး ။ သူ က ဇာတ်သံ နဲ့ ရွတ် တာပဲ ။ သူ လည်း သူ့ ဟာ နဲ့ သူ ကောင်း တာပဲ ။ ဒါပေမဲ့ ဦးအောင်ကြီး နဲ့ တော့ မတူတော့ဘူး ။
အဲဒါနဲ့ ကိုယ် လိုက်ရှာတော့ ဦးအောင်ကြီး ကိုယ်တိုင် ဆို ပြီး ဓာတ်ပြား သွင်းခဲ့တာတွေ ရှိတယ် ဆိုတာ သိ ရတယ် ။ မဲဇာတောင်ခြေ ၊ စိမ့်ကြီးမြိုင်ကြီး ။ နောက် အန်ချင်း ထဲ က ကုသိနာရုံ ရှိတယ် ။ လူးတား ထဲ က ဘုန်းပဒေသာ ရှိတယ် ။ အဲဒီလို ဟာတွေ ကို တစ်ချိန်တုန်း က ဓာတ်ပြား သွင်း ထားခဲ့တယ် ။ အဲဒီ ဓာတ်ပြားတွေ က ကိုယ် တို့ ဆီ မှာ မရှိဘူး ။ All India Radio မှာ ရှိတယ် လို့ တော့ ကြား တယ် ။ မြန်မာ့အသံ မှာများ ရှိကောင်း ရှိမလား လို့ ကိုယ် ရှာ ကြည့်တယ် ။ မရှိဘူး ။ ဘယ် ပျောက်နေမှန်း မသိဘူး ။ ဒီလို အသံတွေ တဖြည်းဖြည်း ပျောက် လာလို့ ကိုယ် တို့ ထိန်းသိမ်းဖို့ လိုပြီ ဆိုပြီး ကိုယ် က မြန်မာကဗျာ ဘက် ကို ဦးလှည့် ခဲ့တယ် ။
တစ်ချိန်တည်း မှာ ပဲ ကိုယ့် ဆီကို အင်္ဂလိပ်ဓာတ်ပြား တွေ ရောက် လာတယ် ။ ရှိတ်စပီးယား ရဲ့ ဓာတ်ပြား တွေပါ ။ ရှိတ်စပီးယား ရဲ့ ပြဇာတ်တွေ ထဲ က အကောင်းဆုံး အခန်းတွေ ကို သွင်း ထားတာပေါ့ ။ ကိုယ့် ဆီ ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ် က ပို့ ပေးလိုက်တာပါ ။ အရင်က ဒီဟာတွေ ကို စာ အဖြစ် နဲ့ ပဲ လေ့လာခဲ့ရတာ ။ အခု အသံ ပါ လေ့လာခွင့် ရ လာတော့ ကိုယ် စိတ်ကူးတစ်ခု ရ လာတယ် ။ တို့ မြန်မာ ကဗျာတွေ ကို လည်း ဒီလို ပဲ အသံနေ အသံထား နဲ့ ရွတ် ပြီး အသံ သွင်း ထား နိုင်ရင် ကောင်းမယ် လို့ ။ ဒါနဲ့ ဟင်္သာ တေးသံသွင်း က ဦးဟန်သိန်း နဲ့ ဆွေးနွေး တော့ သူ က လည်း ကောင်းပါတယ် ။ လုပ်ပါ ပေါ့ ။
ဒါနဲ့ ရွတ် တတ်တဲ့ လူတွေ စုတယ် ။ ကာချင်း ကို ချစ်ဦးညို က ရွတ် တတ်တယ် ပြောတယ် ။ အမေ ဒေါ်အောင်ကြည် ဆီ က သင်ထားတာ တဲ့ ။ ဒါဆို မင်း က ကာချင်း ရွတ် ။ နောက် ဆရာဦးဝင်းဖေ ( ဒါရိုက်တာ ) က စိမ့်ကြီးမြိုင်ကြီး ရကန် ကို ကောင်းကောင်း ရွတ် တတ်တယ် ။ ဒါဆို ဦးဝင်းဖေ က ရကန် ရွတ် ပေါ့ ။ ဂီတ လုံးဝ မပါ ဘဲ ကဗျာ တွေ ကို ချည်းပဲ အသံနေ အသံထား နဲ့ ရွတ် မှာ ။ Commentator တော့ ပါ မှာ ပေါ့လေ ။ ဒါပေမဲ့ ဒီ အစီအစဉ်က မဖြစ်ခဲ့ဘူး ။
ကိုယ် အင်္ဂလိပ်ကဗျာ တွေ ကို မြန်မာပြန် ပေး နေတာ က အသံတွေ မပျောက်စေချင် လို့ ။ စိတ်ဝင်စား အောင် လှုံ့ဆော် ပေးချင် လို့ ။ ကိုယ် တို့ မှာ စာတွေ ရှိပါလျက် နဲ့ မရွတ်တတ်ဘဲ အ အ တွေ ဖြစ်နေကြတယ် ။ အသံ တွေ ပျောက် မသွားအောင် ထိန်းသိမ်း ထားစေချင်တယ် ။ အသံ တွေ ပျောက် သွားရင် သိပ် နှမြောဖို့ ကောင်း ပါတယ် ။ ဝေလင်းဟန် ပြောတဲ့ “ အသံတွေ ကြားနေရတယ် ” ဆိုတာမျိုး ကိုယ် တို့ လည်း မြန်မာကဗျာ တွေ ရဲ့အသံတွေ ကို ကြားချင်ပါတယ် ။
🅠 ကျွန်တော်တို့ ပေဖူးလွှာမဂ္ဂဇင်း မှာ ထည့် နေတဲ့ အဏ္ဏဝါပျော် ကဏ္ဍ မှာ ဆရာ လစဉ် အမှာစာလေးတွေ ရေးပေး နေတာ ဖတ်ရပါတယ် ။ အဏ္ဏဝါပျော်များ အပေါ် မှာ ထားရှိတဲ့ ဆရာ့ သဘောထား က ။
ဟုတ်ပါတယ် ။ ရည်ရွယ်ချက် က တော့ ပင်လယ်ရေကြောင်းစာပေ ထွန်းကားလာစေရေး ပဲ ။ မြန်မာလူငယ်တွေ ပင်လယ် ထွက် နေပြီ ။ မြန်မာလူမျိုးတွေ ပင်လယ် ကို စိတ်ဝင်စား လာကြပြီ ။ ဒါကြောင့် ရေကြောင်းစာပေ တစ်ရပ် လိုအပ်လာပြီ လို့ ယူဆတယ် ။ ကိုယ်တို့ ဒီ အချိန် ကို နှစ်ပေါင်း ၃၀ လောက် စောင့်ခဲ့ရတယ် ။ မြဝတီမဂ္ဂဇင်း မှာ ကိုယ် ဘာသာပြန် ခဲ့ တဲ့ အဏ္ဏဝါမုဆိုး ( Sea Chase ) တို့ ၊ သန္နိဋ္ဌာန်ကျွန်း ပေါ် မှ ရဲဘော်မောင်ညို ( Brown on Resolution ) တို့ ဆိုတာ ပင်လယ်ရေကြောင်း ဇာတ်လမ်းကောင်း တွေပါ ။ ဒါပေမဲ့ C.S. Forester ရဲ့ ဝတ္ထုများ ၊ Nicholas ရဲ့ Cruel Sea တို့ Heman Wouk ရဲ့ Cain Mutiny လို ဝတ္ထုများ ကျတော့ မြန်မာ စာဖတ်ပရိသတ် က မလိုက်မီ သေး လို့ ချန်ထားရခဲ့တယ် ။ ခုတော့ အချိန် ကျပြီ ထင်တယ် ။
ဒီနေ့ ကိုယ် တို့ ကလောင်သစ်တွေ လို နေပြီ ။ ပင်လယ် ရဲ့ အတွေ့အကြုံတွေ ၊ လှိုင်းဒဏ် ၊ မုန်တိုင်းဒဏ် ၊ အန္တရာယ်တွေ သက်စွန့်ဆံဖျား လုပ်ကိုင်ကြရတာတွေ ၊ ဒါမျိုး ကို ပြည်သူလူထု သိအောင် တင်ပြ စေ ချင်တယ် ။ ပင်လယ် ရဲ့ ဘဝသရုပ်ဖော် စာပေ ပေါ့ လေ ။ ဒါပေမဲ့ အများဆုံး ရေးကြတာ တွေ က အသည်းကွဲ ဝတ္ထုမျိုးတွေ ၊ လူငယ်ကြိုက် ပေါ့ လေ ။ အင်း ... စာရေး တဲ့ လူတွေ က လည်း ငယ်သေး တာ ကိုး ။ ကိုယ် တို့ မျှော်လင့်သလောက် သိပ် မလာဘူး ။ လာတာလေးတွေ ကိုပဲ အနည်းအကျဉ်း တည်းဖြတ် ပြီး သုံးပေး နေရတယ် ။ ကိုယ် က နှမ်းဖြူး ပေး လေ ။ မောင်မောင်အေးအောင် လည်း စာရေး ကောင်းပါ ။ ဒါပေမဲ့ သူ က အချစ်ဝတ္ထု ဘက် သန် နေတယ် ။ အဏ္ဏဝါ အေးသန်းမြင့် တို့ ၊ သန်လျင်ဖေသွင် တို့ ဟာ ရေကြောင်းစာပေရေး နိုင်တဲ့ လူ တွေ ပါ ။ သန်လျင်ဖေသွင် က တော့ ဘာသာရေး ဘက် သန် သွားတယ် ။ တင်မောင်ဦး လည်း ကလောင်ကောင်း တစ်ချောင်း ပဲ ။ ခုတော့ မအား ဖြစ်နေတယ် နဲ့ တူတယ် ။ စာ ရေးတာ မတွေ့ရဘူး ။ ရေးကြစမ်းပါ လို့ ကိုယ် တိုက်တွန်း ချင်တယ် ။ ပေဖူးလွှာ က လည်း ကလောင်သစ်များ ကို အမြဲ ကြိုဆိုနေတယ် မဟုတ်လား ။
🅠 ဒီနေ့ မဂ္ဂဇင်းတွေ အများကြီး ထွက် နေကြပေမဲ့ ဆရာ့ စာတွေ သိပ် မဖတ်ကြရဘူး ။ ဘာကြောင့် စာရေး ကျဲ တာလဲ ။
ဒါတော့ ကိုယ် က လည်း သိပ်အချိန် အား မရှိလှဘူး ။ ထမင်း စား ဖို့ က စာ သင်ရသေးတယ် ။ ရေကြောင်းသိပ္ပံ နဲ့ အင်္ဂလိပ်စကားပြော သင်တန်း ပေါ့ ။ နောက်ပြီး မဂ္ဂဇင်းတွေ ရဲ့ တာဝန် ရှိသူ တစ်စုံ တစ်ယောက် က သူတို့ မဂ္ဂဇင်း မှာ ပါဝင် ရေးသားပါလို့ မကမ်းလှမ်း ခဲ့ ရင် ဘယ် မဂ္ဂဇင်း မှ ကိုယ် မရေးဘူး ။ စာမူ တောင်း တဲ့ မဂ္ဂဇင်းတွေ တောင် ကိုယ် အလျဉ် မီ အောင် ရေး မပေးနိုင်ပါဘူး ။ စာမူ တောင်း ရင် တစ်ပြား မှ မရလည်း ရေး ချင် ရေး ပေးမယ် ။
စာမူခ အများကြီး ပေးလည်း ကိုယ် ရေးချင် မှ ရေးတာ ။ ကိုယ် က စာမူခ အတွက် စာ ရေးတာ မဟုတ်ပါဘူး ။ ဒါပေမဲ့ စာရေးဆရာများ အတွက် ပြော ရရင်တော့ ဒီနေ့ မဂ္ဂဇင်း ဈေးနှုန်းတွေ အတိုင်း သာ ဆိုရင် စာရေးဆရာ ကို ပေးလေ့ ရှိကြတဲ့ စာမူခ ဟာ နည်း လွန်းပါတယ် ။ ကိုယ့် စာ ကို မတွေ့တာ ကတော့ မောင်ရင် တို့ က အငှားဆိုင် တင် စာအုပ်များ သာ အဖတ် များ ကြလို့ မတွေ့တာ ဖြစ်ပါလိမ့်မယ် ။ “ အတွေးအမြင် ” စာစဉ် တို့ ၊ “ စာမော်ကွန်း ” တို့မှာ ကိုယ် အမြဲ ရေးနေ တာပဲ ။ အဲ ခေတ်လူငယ်များ အဖတ် နည်းတဲ့ စာအုပ်တွေ ပေါ့ ။ ဖေတော့ မောင်တော့ စာစောင်မျိုးတွေ တော့ မဟုတ်ဘူး ။
စာ ရေးတာ အပြင် အခု ကိုယ် က ရေကြောင်းသိပ္ပံပညာ နဲ့ အင်္ဂလိပ် စကားပြော သင်တန်း လည်း ဖွင့်ထားရ တာ ကုသိုလ် လည်း ရ ၊ ဝမ်း လည်း ဝ ဆိုတာမျိုး မို့ စိတ်ချမ်းသာ ပါတယ် ။ ကလေးတွေ ကို ပညာ သင်ပေးရတာ ကိုး ။ ကိုယ် တို့ က အသက် ကြီး ပြီ ။ ပင်လယ် လည်း မသွားနိုင်တော့ပါဘူး ။ ဒီတော့ သွားနိုင်မယ့် ကလေးတွေ ကို ကိုယ် တတ် ထား တဲ့ ရေကြောင်းပညာ အခြေခံ ရအောင် သင် ပေးပါတယ် ။ အင်္ဂလိပ်စာ သင် ပေးတဲ့ နေရာ မှာ တော့ ကိုယ်ပိုင်သင်တန်းကျောင်းများ ဥပဒေ နဲ့ ငြိ မှာ စိုးလို့ Text ကို မကိုင်ဘူး ။ စကားပြော နဲ့ အရေးအဖတ် ပဲ သင် ပေးတယ် ။ Language နဲ့ ပတ်သက်ပြီး အောင်မြင်ရဲ့လား လို့ ပြန် ဆန်းစစ် ကြည့် မိတယ် ။ တကယ်တမ်း ပြော ရရင် တော့ မအောင်မြင်ဘူး ကွ ။ လူ ဆယ်ယောက် ရှိတဲ့ ကျောင်း နဲ့ လူ တစ်ရာ ရှိတဲ့ ကျောင်း အပြင်ပန်း အမြင်တော့ ဖြင့် ပြော ရရင် လူ တစ်ရာ ရှိတဲ့ ကျောင်း က အောင်မြင် တာ ပေါ့ ။ ဒါပေမဲ့ ကိုယ် ကတော့ အောင်မြင်မှု ကို ဒီလို မတိုင်းတာဘူး ။
ကျောင်းသား ဆယ်ယောက် သင်ပေးတာ ဆယ်ယောက် စလုံး တတ်ပြီး အောင်မြင်တယ် လို့ ယူဆတယ် ။ ဒီ ဆယ်ယောက် စလုံး တတ်ဖို့ ဆိုတာကလည်း လုံးဝ မမျှော်လင့်နိုင်ဘူး ။ ငါးယောက် တတ်တယ် ။ ခြောက်ယောက် တတ်တယ် ။ ဒါ အများဆုံး ပဲ ။ ရန်ကုန်မြို့ မှာ Language သင် နေတဲ့ ဆရာတွေ ကို ကိုယ် လိုက်ပြီး စုံစမ်း တော့ သူတို့ လည်း ဒီလိုပါပဲ ။ ဘာဖြစ်တာလဲ ဆိုတော့ ဆရာ ဆိုတာ သင်တန်းခန်းမ ထဲမှာ Guide ပဲ ။ နည်းပေး လမ်းပြ ပဲ ။ Guide အပြင် ဘာမှ လုပ်လို့ မရဘူး ။ စကားပြောသင် တတ် တာ က Speech Communication စကားပြော အသိုင်းအဝိုင်း ၊ စကားပြော ပတ်ဝန်းကျင် လိုတယ် ။ အင်္ဂလိပ် စကားပြော သင်ချင်ပါတယ် ဆိုတဲ့ လူ တစ်ယောက် ဆရာ့ ဆီ ရောက်လာရင် ဆရာ က တစ်နေ့ တစ် နာရီ လောက် သူ့ ကို Instruction ပေးရုံလောက် ပဲ ရှိမယ် ။ သူတို့ ကျောင်း မှာ က လွဲရင် ဘယ်မှာ မှ အင်္ဂလိပ် စကား မပြောဘူး ။ ဈေး မှာ လည်း မပြောဘူး ၊ ရုံး မှာ လည်း မပြောဘူး ။ အဲဒီတော့ သူ ဘယ်လိုလုပ် တတ်တော့ မလဲ ။
အမှန် လုပ်ပေးသင့် တာ က ၊ ဒါ လုပ်သင့်တယ် လို့ မြင်တာ ကို ပြောတာ ။ ကိုယ့် မှာ လုပ်နိုင်တဲ့ အင်အား မရှိပါဘူး ။ Language Club တွေ ထောင်မယ် ။ အခု IFL က နိုင်ငံခြားသွားတဲ့ သူတွေ ကို အင်္ဂလိပ်စကားပြော သင် တဲ့ ကြိုတင်ပြင်ဆင်မှု သင်တန်း ရှိတယ် ။ ဒါပေမဲ့ ဒီ လူတွေ ကို အထောက်အကူပြုပေးမယ့် ဌာန မရှိဘူး ။ နေရာ မရှိဘူး ။ သင်ပေးတဲ့ ကျောင်း ရှိပေမဲ့ Speech Community မရှိရင် ဒီ စကား ပြောတတ် မှာ မဟုတ်ဘူး ။ Language Club တွေ ထောင် သင့်တယ် ။ နိုင်ငံခြား မှာ လည်း ဒီလိုပဲ သင်ကြပါတယ် ။ ဆိုပါစို့ ၊ ပြင်သစ်ဘာသာ သင်တယ် ။ ပြင်သစ် Language Club မှာ တစ်ပတ် တစ်ခါလောက် ပြင်သစ်ရုပ်ရှင်ကား တွေ ကြည့်မယ် ။ ဆွေးနွေးပွဲ လုပ်မယ် ။ ဟောပြောပွဲ လုပ်မယ် ။ ပြင်သစ်ကဗျာတွေ ရွတ်မယ် ။ ပြင်သစ်သီချင်းတွေ ဆိုကြမယ် ။ အဲဒီလို လုပ်မှ အရှိန် ရ နိုင်မယ် ။ နို့မဟုတ်ရင် ဘယ် စကား မှ Speech Community မရှိရင် အမှန် မရနိုင်ဘူး ။
ကိုယ် ကတော့ အခု စွတ်စက် သင် ပေးလိုက်ရတာပဲ ။ မင်းတို့ ဟို ရောက်ရင် အလိုလို တတ်သွားမှာပါပဲကွာ လို့ ။ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာ တစ်ယောက် က အင်္ဂလိပ် စကား မတတ်ပါဘူး ဆို တာတောင် အနည်းဆုံး အလုံး ငါးရာ လောက် တော့ တတ် သေးတယ် ။ အလုံး ငါးရာ တတ် ရင် လူ လုပ်လို့ ရပါတယ် ။
🅠 ဆရာအောင်သင်း နဲ့ တွေ့ တုန်း က တိုက်ရေယာဉ် ( ၁၀၃ ) က ကိစ္စတွေ မရေးချင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဆရာအောင်သင်း က ပဲ ပေဖူးလွှာ မှာ ဆောင်းပါး တစ်ပုဒ် ရေးသွားခဲ့ ဖူးပါတယ် ။ အခု ပေဖူးလွှာ မှာ ဆရာ့ ကိုယ်တွေ့ တိုက်ရေယာဉ် ( ၁ဝ၃ ) က ဖြစ်ရပ်တွေ ရေး ထားတဲ့ ဝတ္ထုရှည်ကြီး တစ်ပုဒ် ရောက် နေတယ် လို့ သိ ရတယ် ။
ဟုတ်ပါတယ် ။ အဲဒီ အကြောင်းတွေ ကို ငရဲပြည် သို့ တစ်ခေါက် လို့ အမည် ပေးပြီး ရေးထားပါတယ် ။ ကိုယ် က ဒီ ကိစ္စ ကို တတ် နိုင်ရင် မေ့ပစ် ချင်ပါတယ် ။ စိတ် လည်း မချမ်းသာတော့ တွေး လည်း မတွေးချင်ဘူး ။ ဒီ ဒဏ်ရာ ဒဏ်ချက် က လတ်လတ်ဆတ်ဆတ် ကိုယ့် ရင် ထဲ မှာ ရှိနေတုန်းပဲ ။ အခု တွေး ကြည့် လိုက်တော့ နှစ်ပေါင်း သုံးဆယ် လောက် ရှိသွားပြီ ဆိုတော့ ဟ ... ငါ လည်း သေတော့မှာ ပါ လား ၊ မသေခင် တော့ ဒီ ကိစ္စ ရေး သွားဦးမှ ပဲ ဆိုပြီး ဒါ ရေးဖြစ် သွားတာပဲ ။
ရေးတဲ့ အခါ မှာ လည်း နှိုင်းနှိုင်းချိန်ချိန် တော့ ရေး တာပဲ ။ တချို့နေရာ မှာ လည်း မရေးသင့်တာတွေ တော့ ချန်လှပ် ထားခဲ့ရတာပေါ့ ။ ပရိသတ် အတွက် ဘာမှ အကျိုး မထူးမယ့် ကိစ္စတွေ တော့ မရေးတော့ဘူး လေ ။ အကြမ်းဖျင်း အားဖြင့် တော့ လူ တစ်ယောက် ဟာ ပင်လယ်ပြင် မှာ လေးရက် ၊ ငါးရက် ၊ ခြောက်ရက် နေရင် တစ်စ တစ်စ ဘယ်လို ဖောက် လာတယ် ဆိုတဲ့ လူ ရဲ့သဘာဝ ကို သိရတာပေါ့ ။ အခု အသက် ကြီး လာတော့ တွေး ကြည့် မိတယ် ။ လူ ဟာ ပြည့်ဝဖို့ ဆိုတာ အနည်းဆုံး ရေ ထဲ တော့ ဆယ်ရက် လောက် နေဖူး ရမယ် ။ ဒါမှမဟုတ် ထောင် လည်း ခြောက်လ လောက် တော့ ကျဖူး ရမယ် ။ ကိုယ် ကတော့ ဒီ နှစ်ခု စလုံး ကြုံဖူးခဲ့ပြီ မို့ ပြည့်ဝ နေပြီလို့ ဆိုရမလား မသိဘူး ။
တိုက်ရေယာဉ် ( ၁၀၃ ) ပျက် ပြီး စင်ကာပူ ရောက် သွားတော့ ကိုယ့် ခါး မှာ ဘောင်းဘီ တောင် မရှိဘူး ။ ဖင်တုံးလုံး နဲ့ ရောက်သွားတာ ။ ဟို ရောက်တော့ ငတ်ပြတ် နေပြီ ။ ကောင်စစ်ဝန်ရုံး နဲ့ ရေတပ်မတော် က လာ ကြည့်ပါတယ် ။ ကိုယ် ဟို မှာ ဆေးရုံ တက် ရတော့ ငွေ လို လာပြီ ။ အဝတ် တောင် မှ မပါ တာ ပိုက်ဆံ ဘယ်မှာ ရှိပါ့မလဲ ။ မမျှော်လင့်ဘဲ နဲ့ နောက် တစ်နေ့ မှာ ကိုယ့် ဆီ ကို စင်ကာပူဒေါ်လာ ၁၇၀၀ ရောက်လာတယ် ။ မြန်မာငွေ ၃၅၀၀ လောက် ပေါ့ ။ ကောင်စစ်ဝန် ဦးကျော် က လာ ပေးတယ် ။ ဒါနဲ့ ကိုယ် က ဒီ ပိုက်ဆံ ဘယ်က ပေးတာလဲ လို့ မေးတယ် ။ ရေတပ် က လား ၊ ဘယ်ကလားပေါ့ ။ အဲဒီတော့ ဦးကျော် က မဟုတ်ဘူး တဲ့ ။ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ် က သူ့ အိတ် ထဲ က ပေးလိုက်တာ တဲ့ ။ ကိုယ် တို့ ရဲဘော် တွေ သိပ် ဝမ်းသာ သွားကြတယ် ။
မောင်ဝင်းငြိမ်း တို့ ပေဖူးလွှာ မှာ ထည့်မယ့် ငရဲပြည်သို့ တစ်ခေါက် နဲ့ ပတ်သက်ပြီး ကိုယ် ကြို ပြောချင်တာ တစ်ခု တော့ ရှိတယ် ။ ဒီ ဝတ္ထု ဟာ ပင်လယ်ပြင် မှာ သင်္ဘော ပျက်ပြီး ၁၃ ရက်လုံးလုံး အတိဒုက္ခ ရောက်ခဲ့ရတဲ့ သင်္ဘောပျက် ရေတပ်မတော်သား တို့ ရဲ့ အတွေ့အကြုံ ပါ ။ ဒီ ဝတ္ထု ကို ဖတ်ပြီး ရင် ကိုယ့် ကို သူရဲကောင်း တစ်ဦး အနေနဲ့ အသိအမှတ် မပြုစေ ချင်ပါဘူး ။ လက်မရွံ့ လူဆိုးကြီး အဖြစ် နဲ့ လည်း မမြင်ကြစေချင်ဘူး ။ သူ့ အချိန် သူ့ ကာလ အလျောက် သူ့ စွမ်းရည် ရှိသမျှ ထမ်းဆောင် သွားခဲ့တဲ့ စစ်ရေယာဉ်မှူး ( ဟောင်း ) တစ်ယောက် သာ ဖြစ်ပါတယ် ။ ဒါလေးတော့ ကြို ပြောထား ပါရစေ ။
🅠 တော်တော်လေးတော့ ပြည့်စုံသွားပါပြီ ဆရာ ၊ တခြား ဖြည့်စွက်ချင်တာများ ရှိရင် ... ။
မရှိပါဘူး ။ “ အားလုံး ကောင်းပါသည် ခင်ဗျား ” လို့ ပြောမယ် ဆိုရင် ရပါတယ် ။ ကိုယ် တော့ မုသာဝါဒကံ ကို ကျူးလွန် မိလျက်သား ဖြစ်ချင် ဖြစ်မှာပါ ။ လူညာကြီး လို့ စွပ်စွဲ ရင်လည်း ပျော်ပျော်ကြီး ပဲ ခံယူပါမယ် ။ အဲ ကိုယ် နဲ့ သက်ဆိုင်တာ တစ်ခုပဲ ပြောချင်တယ် ။ အဲဒါ Satire အရွှန်းဖောက် စာပေ ပါပဲ ။ စာပေ မှာ ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြတဲ့ အနက် အရွှန်းဖောက် စာပေ ဟာ စာပေ ဥယျာဉ် မှာ ပန်း တစ်ပွင့် ပါ ။ စာပေပန်း တွေ ပွင့်လန်းကြစေ ဖို့ က လူ့ဘောင် အသိုင်းအဝိုင်း ရဲ့ ခွင့်ပြုချက် ( Permissiveness of the Society ) လို ပါတယ် ။ Satire ကို လက်ခံ နိုင်ဖို့ ရာ က လူတွေ ရဲ့ ဟာသဗီဇဉာဉ် ဟာ တရား သဘော နဲ့ ပြောရရင် တော့ “ ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ ” ဆိုတဲ့ လောကဓံတရား ရှစ်ပါး ကို ကြံ့ကြံ့ ခံ နိုင်စေတဲ့ ဉာဉ်မျိုး ပါ ။ လောက ရဲ့ အနိဋ္ဌာရုံ တွေ ကို ရယ်စရာ တစ်မျိုး သာ သဘော ထားရပါတယ် ။ ခံစားချက် များ ကြောင့် တင်းကျပ် ပိတ်ဆို့ကာ မွန်း နေတဲ့ ရင်တွေ ကို အသက်ရှူပေါက် ဖွင့် ပေးတာပါ ။ Safety Valve ဘွိုင်လာအိုး ကို ရေနွေးငွေ့ ထွက်ပေါက် ဘား ဖွင့်ပေး တဲ့ သဘော မျိုး ပါ ။ အဲဒါကို ရင်ချောင်ဆေး ကျွေးတယ် လို့ မမြင်ဘဲ သရော်တယ် လို့ ထင် ၊ သရော်စာ တင် မရပ် သေးဘဲ ဆော်စာ ၊ ကလော်စာ ၊ ဆဲစာ အဖြစ် နာမည် အမျိုးမျိုး တပ်ပြီး မြင် နေကြတာတော့ ကိုယ် တောင်းပန် လိုပါတယ် ။ ကိုယ့် ရေးခွင့် တစ်နေ့ တခြား ကျဉ်း လာတယ် ။ “ မောင်သော်က ” သေတာ အရေး မကြီးပါဘူး ။ စာပေ ပုံသဏ္ဌာန် တစ်ရပ် ကို သတ်ဖြတ်တဲ့ နေရာ မှာ ကိုယ် လက်သည် တရားခံ မဖြစ်ကြဖို့က အရေး ကြီးပါတယ် ။ စာရေးဆရာကြီး မိလ်ကန် က “ စာပေ ကို သ,တ်သည် ဆိုခြင်း မှာ လူသ,တ်မှု ထက် ကြီးလေးပေသည် ။ လူသ,တ်မှု တွင် လူ့ အသက် တစ်ချောင်း သာ အကျုံး ဝင်သည် ။ စာ တစ်ပုဒ် ကို သ,တ်သည် မှာ လူမျိုး တစ်မျိုးလုံး ၏ အသက် ဝိညာဉ် ကို သ,တ်သည် နှင့် တူလှပေသည် ” လို့ ဆိုမိန့်ခဲ့ ဖူးပါတယ် ။ အဲဒီတော့ စာပေပန်းမျိုးစုံ ပွင့်လန်းကြစေ ဖို့ သာ ကိုယ် ဆုတောင်းပါတယ် ။
🅠 ကျေးဇူး တင်ပါတယ် ဆရာ ၊ ဆရာ့ တစ်သက်တာ မှာ အိပ်မက်ဆိုးကြီး လို ဖြစ်ခဲ့ရတဲ့ တိုက်ရေယာဉ် ( ၁၀၃ ) က အကြောင်းတွေ ကို စောင့် ဖတ်ကြမှာ ဖြစ်သလို နောက်ထပ် ဆရာ့ စာ တွေ ကို လည်း ဖတ်ခွင့် ကြုံပါရစေဦး လို့ ဆန္ဒ ပြုပါတယ် ဆရာ ။
◾ဝင်းငြိမ်း
📖 ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၆၅ - ၆၆
အောက်တိုဘာလ ၊
နိုဝင်ဘာလ ၊
၁၉၈၆ ခုနှစ် ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment