Monday, February 6, 2023

ဖေမြင့်


 

❝ ဖေမြင့် ❞

( လေထန်ကုန်း မှ ဝေါစထရိ သို့ )

မကြာတတ်လှသေးသော ရက်များ အတွင်း ဆီ က လူငယ် တစ်ယောက် နှင့် အတူ ကျွန်တော် ခရီး ထွက် ဖြစ်သည် ။ သူ့ ကို လူငယ် ဟု ဆို လိုက်၍ ကျွန်တော့် ကိုယ် ကျွန်တော် အကြီး ကြီး ဟု ဆိုလိုက်ခြင်း မဟုတ်ပါ ။

သူ က ကျွန်တော့် တပည့် လည်း ဖြစ် ၊ အနုပညာ လောက တွင် လည်း ခုမှ ခြေလှမ်း လှမ်းပြီး ခါ စ ၊ အသက် က လည်း နှစ်ဆယ် ဝန်းကျင် ၊ လန်းစွင့်၍ အကောင်းဆုံး ဖြစ်နေ၍ လူငယ် ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည် ။

ရှုမျှော် မဆုံးနိုင် စတမ်း သော လယ်ကွင်းပြင် စိမ်းစိမ်းကြီးများ ကို ဝဲ တစ်ဖက် ၊ ယာ တစ်ဖက် ထားရစ်ခဲ့ကာ မြို့တော် ဆီ အရောက် ဒရောသောပါး ပြေးလွှား နေခဲ့သည့် မှန်လုံအမြန်ကားကလေး ပေါ် တွင် အချိန် အတော်အတန် ရသော ကြောင့် လား မပြောတတ် ၊ လူငယ် က သူ့ ဘဝ အကြောင်းတွေ ကို တော်တော်များများ ပြော ပါသည် ။

တက္ကသိုလ် ဆက် မတက်ချင်တော့ တာ ၊ ရန်ကုန် ကို ပဲ ဖြစ်ချင် ရာ ဖြစ် စွန့် ထွက် သွား ချင်တာ ၊ မိသားစု စီးပွားရေး ကျပ်တည်းတာ ၊ မတတ်သာလွန်း လို့ သူ တစ်ပါး ရဲ့လက်အောက် မှာ အလုပ် ဝင် နေရတာ စသည့် ညည်းချင်းများ ။

လူငယ် က သူ့ ဘဝ အဆင် မပြေပုံတွေ ကို ညည်း လိုက်ပြီးတိုင်း ...

“ ဆရာဖေမြင့် က တော့ မိုက်ပါတယ်ဗျာ ၊ သူ့ စာအုပ်တွေ ဖတ်လိုက်ပြီးတိုင်း စိတ်ဓာတ် က ပြန် ပြန် တက်လာတယ် ”

စသည်ဖြင့် လည်း မကြာမကြာ ပြောပါသည် ။

ပြီးတော့ ကျွန်တော့် ကို မေးလိုက်ပါသေး၏ ။

“ စာရေးဆရာဖေမြင့် ကို ဆရာ သိလား ”

ဟူ၍ ဖြစ်ပါသည် ။

သူ့ ကို ကြည့်ရသည် မှာ ဝတ္ထုရေးဆရာဖေမြင့် အဖြစ် ကိုဖေမြင့် ကို သိနေခြင်း မဟုတ်ဘဲ ယခု တစ်လော တက်ကျမ်းများ ကြား တွင် ပလူ ပျံ နေသည့် ဖေမြင့် ကို သာ သိနေ ပုံ ရ ပါသည် ။ ဟုတ်သည် ၊ ကိုဖေမြင့် ၏ တက်ကျမ်းပေါင်း များစွာ ကို ဖတ်ထားပြီး ဟန် တူ သည် ။ ကျွန်တော် လည်း ထို တက်ကျမ်းများ ကို ဖတ် ပါသည် ။

သို့သော် မစွဲ ။ ရင် ထဲ မလှုပ်ခတ် ။ ကျွန်တော် က ကိုဖေမြင့် ၏ အနုပညာ ကို ပဲ စွဲ သူ ဖြစ်သည် ။ ဒါကို ကျွန်တော် က ကိုဖေမြင့် နှင့် တွေ့စဉ် က လည်း ပြောခဲ့ပြီး ဖြစ်ပါသည် ။ မှတ်မှတ်ရရ မနှစ် က ဆောင်းရက် များ ။

ဟုတ်သည် ၊ မနှစ် က ဆောင်းရက်များ တုန်း က ကျွန်တော် နှင့် ကိုဖေမြင့် တို့ ပုဂံညောင်ဦး မှာ တော်တော်ကြာကြာ စကား ပြောဖြစ်ကြသည် ။ စိမ့်အောင် အေးသည့် အညာ ဆောင်း ။ တစ်နေကုန် နှင်း မကွဲချင်သည့် အညာဆောင်း ။

ကျွန်တော့် စိတ် က ရွှေစည်းခုံ ခြေတော်ရင်း ဆီ ကို တစ်ခေါက် ပြန် ရောက် သွား လေသည် ။

••••• ••••• ••••• •••••

တကယ်တော့ ထို ပုဂံညောင်ဦး ၏ ဆောင်းရက်များ အတွင်း က ကျွန်တော် နှင့် ကိုဖေမြင့် တို့ တွေ့ ကြပုံများသည် မထင်မှတ်ဘဲ နှင့် တွေ့ဖြစ် ခဲ့ကြခြင်း ပင် ဖြစ်ပါသည် ။

သည်တုန်းက ကျွန်တော် သည် ပုဂံညောင်ဦး သို့ သွားရန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ် မှ နေ၍ ပုပ္ပား - ဒဂုံ ကား ကို ဖြစ်သလို လိုက်ရန် ရောက် လာခဲ့ခြင်း ဖြစ်ပါသည် ။ ကားပေါ် တွင် ကား ကျွန်တော့် တပည့် တော်တော်များများ ကို တွေ့ ရသည် ။ သရပါတံခါး အနီး Ever queen မှ မောင်မြင့်လွင် ၊ ညောင်ဦးဈေး အနီး ပိုက်ဝှ မှ မို့မို့ ။ သည် ကြားထဲ မှာ စာရေးဆရာ ဖေမြင့် တို့ မိသားစု က ထင်းထင်းကြီး ။ ကိုဖေမြင့် ၊ သူ ၏ ဇနီး မမခိုင် ၊ ပြီးတော့ သား နှင့် သမီး ။

“ အတော်ပဲ ၊ ခင်ဗျား ကို ပုဂံ မှာ Guide လုပ်ခိုင်းရမယ် ”

နောက်တာလား အတည်လား မသိသည့် စကား တစ်ခွန်း ကို ကိုဖေမြင့် က ပြောသည် ။ မကြာမီ က စင်ကာပူ မှ ပြန်လာ သော စာရေးဆရာ က မြန်မာ့ ရှေးမြို့တော်ဟောင်း တစ်ခု ကို လည် ရန် အားငယ် နေပုံ ရသည် ။

သို့ဖြစ်၍ ညောင်ဦး ရွှေစည်းခုံဘုရား ခြေရင်း ၌ ကား ထိုးဆိုက်ပြီး သော အခါ ဂိတ် တွင် အသင့် လာ ကြိုနေကြသော ကျွန်တော့် တပည့်များ က ကိုဖေမြင့် တည်း လိုသည် ဆိုသော အောင်မင်္ဂလာ မှာ ပင် နေရာ ချပေး လိုက်ကြပါသည် ။

“ အောင်မင်္ဂလာ ” က ရွှေစည်းခုံ နှင့် နီးသည် ။ အေးသည် ၊ သန့်သည် ၊ ဆိတ်ငြိမ်သည် ။ ပြီးတော့ ကျွန်တော့် တပည့်မကလေး နှင်းဝေလွင် ရှိသည် ။ ထို့ပြင် ကျွန်တော် တည်းခိုသော Air Mandalay မှ ကိုထွန်းလင်း ၊ မသန်းဌေး တို့ အိမ် နှင့် လည်း နီးလှပေရာ အားလုံး အဆင်ပြေ သွားခဲ့ရပေသည် ။

••••• ••••• ••••• •••••

ကိုဖေမြင့် ကို “ ဒါ စာရေးဆရာဖေမြင့် ပါ ပဲ ” ဟု မိတ်ဆက် ပေးခြင်း မခံရ မီ သူ ၏ စာအုပ် နှစ်အုပ် ကို ကျွန်တော် က ဖတ်ပြီး ဖြစ်ပါသည် ။ သည်တုန်း က တက္ကသိုလ်ကျောင်းသား ဘဝ ။

ကိုဖေမြင့် ၏ ဘာသာပြန် လက်ရာ အဖြစ် ကျွန်တော် ပထမဦးဆုံး ဖတ်မိသည့် စာအုပ် မှာ ရုရှားစာရေးဆရာ “ ချက်ကော့ ” ၏ ward six ကို ဘာသာပြန်ဆိုသည့် လူနာဆောင်အမှတ် ၆ ဖြစ်ပါသည် ။ ကျွန်တော် ကြိုက် သွားသည် ။ ရုရှား လူ့အဖွဲ့အစည်း ကို ထိုးနှက် ထားသည့် စာအုပ် ။ သည်စာအုပ် ကို ဖတ်ပြီး ပြီးချင်း မှာ ပင် ဖေမြင့် ဟူသည့် စာရေးဆရာ ၏ အမည် က ကျွန်တော့် စိတ် တွင် အမှတ်ထင်ထင် ရှိ သွားပါတော့သည် ။

နောက်တော့ ဆေးရုံ ကို ဖတ်ရ ပြန် ပါသည် ။ ဆေးရုံ က လည်း ဘာသာပြန် ပင် ဖြစ်ပါ၏ ။

အာသာဟေလီ ( Arthur Halley ) ၏ “ The final Diagnosis ” ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည် ။ သို့သော် သည် စာအုပ် ကို တော့ ကျွန်တော် က မစွဲလှပါ ။

ယင်းသည် ကိုဖေမြင့် ၏ ဘာသာပြန် ချို့ယွင်းချက် ကြောင့် ကား မဟုတ်ပါ ။ စာအုပ် က အာသာဟေလီ ၏ ထုံးစံ အတိုင်း လူ ထက် လောက ကို အသား ပေးပြီး ရေးဖွဲ့ ထားသော ဝတ္ထု ဖြစ်ရာ ဇာတ်ကောင်တွေ များပြားနေ ၊ ဝါးနေ ပြီး လူ ကို မငြိ သလို ဖြစ်၍ နေသည် ။ ဆေးရုံလောကကြီး ကတော့ ပေါ်လွင် လှ ပါ၏ ။

နောက်တော့ သည် စာအုပ် နှစ်အုပ် ကို ဖတ်ပြီးသွားသည် နှင့် မည်သူ က မျှ မိတ်ဆက် မပေးရပါဘဲ ၃၃ လမ်း ကို ဖြတ်သန်းရင်း ၊ စာပေလောက ကို ဖြတ်သန်းရင်း ၊ လက်ဖက်ရည်ဆိုင်များ ကို ဖြတ်သန်းရင်း ကျွန်တော် တို့ ကိုဖေမြင့် တို့ ရင်းနှီး သွား ဖြစ်ကြပါတော့သည် ။

သံတွဲသား ကိုဖေမြင့် ၊ ဆရာဝန်ကိုဖေမြင့် ။ အရပ် မြင့်မြင့် ၊ နှာတံ စူးစူး ၊ မေးစေ့ ချွန်ချွန် ။ ဘုန်းတော်ကြီးကျောင်း က ကျက်သရေခန်း သော့ ကို ကိုင် ရသော ကျောင်းသားကြီး ၏ မျက်နှာ မျိုး ဖြင့် မိမိ ကိုယ် မိမိ ယုံကြည်စွာ ။ ထို့နောက် မိမိ ကိုယ် မိမိ ဂုဏ်ယူစွာ ၊ ထို့နောက် ရိုးဖြောင့်စွာ ပြုပြင်တတ်မြဲ ဖြစ်သော စာရေးဆရာ ကိုဖေမြင့် ကို ကျွန်တော် ခင်မင် သွား မိ ခဲ့ပေသည် ။

••••• ••••• ••••• •••••

ပုဂံညောင်ဦး တွင် ရှိနေကြစဉ် ရက်များ အတွင်း ၌ ကျွန်တော် နှင့် ကိုဖေမြင့် တို့ တော်တော်ကြာကြာ စကား ပြောဖြစ်ကြပါသည် ။ အထူးသဖြင့် အောင်မင်္ဂလာဟိုတယ် မှ ဆောင်းညများသည် ကျွန်တော် တို့ အဖို့ စိတ် ကျေနပ် ဖွယ် အတိ ဖြစ်ပါသည် ။

အောင်မင်္ဂလာဟိုတယ် က ပုဂံညောင်ဦး လမ်းဟောင်း ပေါ် မှာ ရှိသည် ။ စားသောက်ခန်း က ဟာလာဟင်းလင်း ဖြစ်ပြီး ကုန်းမြင့် ပေါ် ၌ လုပ် ထားရာ ရွှေစည်းခုံဘုရား ကို ထင်ထင်ရှားရှား ဖူးမြင် နေရသည် ။ ကျွန်တော် တို့ ၏ စကားဝိုင်း တွင် ကိုဖေမြင့် ၊ မမခိုင် ၊ သား နှင့် သမီး တို့ က ပင်တိုင် ဖြစ်ပြီး ကျွန်တော် နှင့် ညောင်ဦးမြို့ခံ စာပေသမားများ က ဧည့်သည်များ ပြန် ဖြစ် နေကြပါသည် ။

“ ကိုဖေမြင့် ၊ ခင်ဗျား ရဲ့ အချစ်ဦး ထွက်လာ မှ စာရေးဆရာ တစ်ဦး ရေးတဲ့ မျိုးမမ ပကာသနီ နဲ့ တူ နေမှန်း သိရတော့တယ်ဗျာ ”

“အင်း - ကျွန်တော် က တော့ သိလို့ လုပ်တာတော့ မဟုတ်ဘူးဗျာ ၊ မျိုးမမပကာသနီ လည်း ဖတ်ဖူးတာ မဟုတ်ဘူး ၊ တိုက်ဆိုင်တာပေါ့ ”

ဟုတ်သည် ၊ ကျွန်တော်တို့ ငယ်ငယ်က စာရေးဆရာ တစ်ဦး ၏ မျိုးမမပကာသနီ ကို ဖတ်ခဲ့ဖူးသည် ။ မှီးသည် ဘာသည် မထင်ခဲ့ ။ ပင်ကိုရေး ဟု ပဲ စွဲနေ ခဲ့ ဖူးသည် ။

ခုတော့ ကိုဖေမြင့် က ရုရှားဝတ္ထုရေး ဆရာ Ivan Turgeniv ၏ The First Love ကို အချစ်ဦး ဟူ၍ ပြန်ဆို လိုက်ရာ မှီးကြောင်း ပေါ်လွင် သွားခဲ့ရသည် ။ ကိုဖေမြင့် ကတော့ သူ့ ဘာသာ သူ ပြန်ချင် စိတ် ရှိ၍ ပြန်ဆို လိုက်ခြင်း မျှသာ ။

တကယ်တော့ ကိုဖေမြင့် မှာ က ပင်ကိုရေး ဝတ္ထုရှည် ဟူ၍ မရှိသလောက် ပင် ဖြစ် ပါသည် ။ “ လူနာဆောင်အမှတ် ၆ ၊ ဆေးရုံ ၊ အချစ်ဦး ” အားလုံး ဘာသာပြန် တွေ ချည်း ။

သို့သော် ဝတ္ထုတိုတွေ ကျတော့ ပင်ကို ရေး တွေ များပြီး ကောင်း လည်း ကောင်း ပါသည် ။ သူ မဂ္ဂဇင်းပေါင်းစုံ တွင် ရေးခဲ့သည့် ဝတ္ထုတိုများ ကို စုစည်းကာ စာအုပ်တွေ လည်း ထွက်ခဲ့ပါ၏ ။ မရဏာနုဿတိ နှင့် အခြားဝတ္ထုတိုများ ၊ ကျွန်း နှင့် အခြားဝတ္ထုတိုများ စသည် တို့ သည် သူ ၏ ဝတ္ထုတိုစုများ ပင် ဖြစ်သည် ။

မရဏာနုဿတိ ထဲ က ကျွန်တော် တကယ်သေပါမည် ဆိုသော ဝတ္ထု ကို ကျွန်တော် တကယ် စွဲ ပါသည် ။ အမေ က အရင် အိမ်ထောင် နှင့် ကလေးတွေ ကို ဦးစားပေးသည် ဟု ထင်ကာ နောက် အိမ်ထောင် မှ မွေးသော သား က ဖခင် ဆုံးပြီး သည် နှင့် အိမ် မှ ထွက်ပြေး သည် ။ အမေ့ ကို စိတ် နာ ကာ အဆက် ဖြတ် လို၍ မိမိ သေပြီ ဟု ဆိုကာ အမေ့ ထံ လိမ်ညာ သံကြိုး ရိုက်သည် ။

အမေ က လိုက် လာ၍ သား တကယ် မသေ မှန်း သိသော အခါ ဆဲဆိုကြိမ်းမောင်း ပြီး ပြန် သွားကာ အတန် ကြာလျှင် သားပြန် လာဖို့ သံကြိုး ရိုက်သည် ။ ထိုအခါ တွင် မှ သား က တကယ် သေချင်စိတ် ပေါက် သွားကြောင်း ဝတ္ထု ။ မိဘမေတ္တာ ကို ဖော်ပြပုံ လှသည် ။

ကျွန်း ထဲ တွင် ပါသည့် ကျွန်း ၊ လူမိုက်ဘတုတ် ၊ ရွှေ စသော ဝတ္ထုများ တွင် တော့ လူ တို့ ၏ လောဘ ၊ ဒေါသ နှင့် မိုက်မဲမှုများ ကို ကြက်သီး တဖြန်းဖြန်း ထ အောင် ဖတ် ရသည် ။ သည် ထဲ က ကျွန်း တို့ ၊ လူမိုက်ဘတုတ် တို့ က တော့ ဗီဒီယိုကားများ ပင် ဖြစ်သွား ခဲ့ပါသေးသည် ။

“ ကိုသာချိုရယ် ၊ ဝတ္ထုတွေ ဗီဒီယို ရိုက်ရတယ် ဆိုပေမယ့် မင်းသား ဆယ်သိန်း ၊ စာရေးဆရာ သုံးထောင် ပါ ”

ကိုဖေမြင့် ၏ ဇနီး မမခိုင် က မျက်မှောက်ခေတ် စာရေးဆရာ တို့ ၏ အနုသုခုမကြေး ကို အညည်း ဖြင့် ဝင် ပြောသည် ။ ကိုဖေမြင့် က တော့ တုံဏှိဘာဝေ မှ ပင် အာလူးကြော် အစို တစ်ဖတ် ကို တူ ဖြင့် ညှပ်ယူနေလျက် ။ ကျွန်တော် က လည်း ကိုဖေမြင့် ရန်ကုန် မှ သယ်ဆောင်လာသော J & B ဝီစကီပုလင်းကြီး ကို တရိုတသေ မ ကာ လွတ် နေသော ခွက်များ ကို ဖြည့်တင်းပေးလျက် ။ လမ်းမ ပေါ် မှာ မြောက်ပြန်လေ တိုးဝှေ့ ဆဲ ။ တမာရွက်ခြောက် တို့ တဖြောက်ဖြောက် ကြွေလွင့် ရှပ်တိုက် ပါသွား ဆဲ ။ ဟိုး ခပ်လှမ်းလှမ်း ရွှေစည်းခုံစေတီ ဆီက ဆည်းလည်းသံ သဲ့သဲ့ ကို ကြားရ ဆဲ ။

လူသုံးကုန်ပစ္စည်း ရောင်းသူများ က တော့ ကိုဖေမြင့် အမျိုးသားစာပေ ဆုရ ဝတ္ထုတို စု ပင် ဖြစ်ပါသည် ။ သည်ထဲ မှာ လည်း ကျောက်ကပ်လှီးရောင်း ၊ သွေးဖောက်ရောင်း ကာ ထမင်းဖိုး ရှာကြသည့် လူတွေ အကြောင်း ကို အသည်း ယားစွာ ကလိ ထားသည် ။ “ မောင်တိုးလေး ကို ဆေးကုပေးမည့်သူ မရှိပါ ” ဝတ္ထု ထဲ မှာ တော့ ပန်ဒါဝက်ဝံလေးတွေ မျိုး မတုံးအောင် ကြိုးစားနေကြသော ကမ္ဘာမြေ ၊ ခွေးတူဝက်တူသတ္တဝါတွေ မျိုး မတုံးအောင် ကြိုးစားနေသော ကမ္ဘာမြေ ၊ ဝေလငါးတွေ မျိုး မတုံးအောင် ကြိုးစားနေကြသော ကမ္ဘာမြေ ပေါ် တွင် တီဘီရောဂါ ဖြစ်ကာ သွေး တပွက်ပွက် အန် နေသော မောင်တိုးလေး ကို တော့ ဆေး ကု ပေးမည့် သူ မရှိကြောင်း ထောက်ပြ ထားသည် ။

သည်သို့ သည်သို့ သော ဝတ္ထုများစွာ ကို ကျွန်တော်တို့ ဖတ်ခဲ့ ၊ ကြိုက်ခဲ့ ၊ တန်ဖိုး ထား ခဲ့ ကြသည်ပဲ ဖြစ်ပါသည် ။ သို့သော် ခု နောက်ပိုင်း ကျ မှာ တော့ ကိုဖေမြင့် တစ်ယောက် မည်သို့ ဖြစ်သွားခဲ့သည် မသိပါ ။ ဝတ္ထုတွေ အားလုံး ရပ်ဆိုင်း သလောက် ဖြစ်သွားပြီး တက်ကျမ်းတွေ က တာရိုး ကို ချိုးလွှတ် လိုက် သလို ဒလဟော လိမ့်ဆင်း ကျ လာသည် ။

စိန်မြေဧကပေါင်းများစွာ ၊ သင့်စိတ် သင့်အတွေးအကြံများ အတိုင်းသာ ၊ ကိုယ့်ထူးကိုယ်ချွန်သမားများ အတွက် လက်စွဲစကားများ ၊ မဟာကရုဏာရှင်များ ၊ အပြောင်မြောက်ဆုံး ဘဝ တစ်ခု တည်ဆောက်ခြင်း ၊ ဘဝ ဒဿနရသစာများ ၊ ဟောနည်းပြောနည်း ကိုယ့်ဘက် ပါအောင် စည်းရုံးနည်းများ ၊ ချုံကြားမှ ဘုံဖျားသို့ ၊ အောင်မြင်မှု ချမ်းသာသုခ နှင့် ဓနဥစ္စာ ၊ မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့် ၊ စိတ် ၏ သတ္တိစွမ်းအားများ ၊ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ ၊ ဘာကြောင့်ခုထိ မချမ်းသာသေးတာလဲ ၊ ဘေဘီလုံ မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် စသည် ။

ဤမျှ မြောက်မြားလှစွာသော တက်ကျမ်း များစွာ ကို ကျွန်တော် ဖတ် ကြည့်တော့ ဆိုလိုချက် တစ်ခု ကို ပဲ ရပါသည် ။ အောင်မြင်အောင်  ကြိုးစား ၊ ဒါပဲ ဖြစ်သည် ။ ချမ်းသာအောင် ကြိုးစား ။ ပညာ တတ်အောင် ကြိုးစား ။ ထူးချွန်အောင် ကြိုးစား ။ ခေါင်းဆောင် ဖြစ်အောင် ကြိုးစား ။ မာသာထရီဇာ လို ၊ လင်ကွန်း လို ၊ သောမတ်အက်ဒီဆင် လို ၊ ဟင်နရီဒူးနန့် လို ၊ ဖလောရင့်နိုက်တင်ဂေး လို ၊ ဂျော့ဝါရှင်တန် လို ၊ မိုက်ကယ် အိန်ဂျယ်လို လို ၊ အဲလ်ဘတ်ရွိုက်ဇာ လို ။

ထို တက်ကျမ်း များ သည် မလိုအပ် မဟုတ် ၊ လိုအပ်ပါသည် ။ ဘဝ ကို ခြေလှမ်း ပြင်စ လူငယ်လူရွယ်များ ၊ စိတ်ဓာတ် ပြိုလဲနေသူများ ၊ ဘဝ အခြေခံ ယိမ်းယိုင် နေသူများ အတွက် အမှန် တကယ် ပင် လိုအပ်လှပါသည် ။ သို့သော် ကျွန်တော် က တော့ ကိုဖေမြင့် ထံ မှ နှလုံးသား ကို သာ ဆာလောင် နေသူ ဖြစ်ရာ သူ့ အနုပညာ ကို သာ လိုချင်လှပါသည် ။

“ ကိုဖေမြင့် ၊ ကျွန်တော် တစ်ခု တော့ ပွင့်ပွင့်လင်းလင်း မေးမယ်ဗျာ ၊ ဝတ္ထုတွေ ဘာတွေ ကို ကော ခင်ဗျား ယုံရဲ့လား ”

ကိုဖေမြင့် ခေတ္တ တွေ သွားပါသည် ။ လူသူလေးပါး တိတ်ဆိတ်လျက် ရှိသော ပုဂံညောင်ဦး ၏ ညသည် အသက်ရှူ ကျပ် နေဟန် တူ ပါသည် ။ မမခိုင် ၊ သူ ၏ သား နှင့် သမီး ၊ ကျွန်တော် ၊ ပုဂံညောင်ဦး မှ မိတ်ဆွေများ အားလုံး က ကိုဖေမြင့် ကို ပဲ စိုက် ကြည့် ၍ နေကြပါသည် ။ အပြင် မှာ သန်းခေါင် ကျော် သွားပြီ ။ စားပွဲ ပေါ် မှာ ကတော့ ရေခဲတုံး သည် ဝီစကီ ထဲ မှာ ပေါလော မျော ၍ နေဆဲ ။

“ ပြောရရင် ဗျာ ၊ ကျွန်တော်တို့ စာ ရေးစ က စာရေးဆရာ ဖြစ်ဖို့ ဆိုရင် ဝတ္ထု ရေး မှ ပဲ စာရေးဆရာ ဖြစ် မလို ဖြစ် နေတယ် ။ ဒါနဲ့ ကျွန်တော် လည်း ရေးဦး မှ ဆိုပြီး ဝင် ရေး ဖြစ် ခဲ့တာ ၊ နောက်တော့ ဝတ္ထု မရေး လည်း စာရေးဆရာ ဖြစ်တာပဲ လို့ ထင် လာတာနဲ့ ကျမ်းတွေ ရေး ဖြစ်ခဲ့တာပါပဲ ၊ ကျွန်တော့် မှာ ဖတ်မှတ် စုဆောင်း ထား တာတွေ အများကြီး ဗျ ”

ကိုဖေမြင့် က ဝတ္ထု ရေးမိ သည်ကို ပင် မျက်စိ လည် လမ်း မှားကာ ယောင်ယောင်မှားမှား နှင့် ဝင် ရေးမိခဲ့ သလို ဆို လာ ခဲ့ရာ ကျွန်တော် က မကျေမနပ် ဖြစ်မိသည် ။ ရသ ၊ ရသ ၊ လောက တွင် ရသ မလိုအပ်ဘူးလား ။

“ ဝတ္ထု မရေးတော့တာ ငွေ ကြောင့် တော့ မဟုတ်ဘူး ကိုသာချို ရဲ့ ၊ စာ ရေးချင် လွန်း လို့ အောင်မြင် နေတဲ့ ဆေးခန်း ကို တောင် ဖြုတ်ခဲ့တာပါ နော် ”

မမခိုင် က လည်း သူ့ ချစ်ခင်ပွန်း ဘက် မှ တစ်ချက် နှစ်ချက် ကူ ပစ်ပေးသည် ။ နောက်တော့ စကားဝိုင်း က မော်ဒန်ကဗျာတွေ ဘက် ကို ရွေ့သွား ပြန်သည် ။ ကိုဖေမြင့် က ကျွန်တော့် ကို ကဗျာ ရွတ် ခိုင်းပါသည် ။ စင်စစ် ကျွန်တော့် စိတ် ထင် ကိုဖေမြင့်  ကဗျာ ကို စိတ် မဝင်စားလှ ဟု ထင် မိသည် ။

ဝတ္ထု ကို တောင် မတတ်သာ လို့ ရေးမိ ခဲ့ပြီး အခြားသော ကျမ်းစာမျိုး တွေ က သာ လောက ကို ပို၍ အကျိုး ပြုလိမ့်မည် ဟု ယူဆ ထားဟန် တူသူ က ကဗျာ ရွတ် ခိုင်း သော အခါ ကျွန်တော် အံ့သြ မိသည် ။ သို့သော် ကျွန်တော် က ကိုအောင်ချိမ့် စသူ တို့ ၏ ကဗျာအချို့ကို ရွတ် ပြပြီး ခံစား ပြ လိုက် သော အခါ ကိုဖေမြင့် စိတ် ကို ထိမှန် သွား ဟန် တူသည် ။

“ ခင်ဗျား ရှင်းပြတော့ လည်း အကောင်းသားလား ဗျာ ”

သို့ဖြင့် ည နှစ်နာရီ ကျော် သွားပါသည် ။ အံ့သြစရာ ကောင်းသည် က ကိုဖေမြင့် ၏ ဇနီး မမခိုင် ရော ၊ သား နှင့် သမီး တို့ က ပါ ကျွန်တော် ကဗျာ ရွတ်သည် ကို တစ်ချက်ကလေး ဆို တစ်ချက်ကလေး မှ အာရုံ မတိမ်းစောင်း သွားဘဲ ခံစား နိုင်ကြ ခြင်း ဖြစ် ပါသည် ။ ည နှစ်နာရီ ကျော် တဲ့ အထိ ။ နှင်းတွေ ပိန်းပိတ်အောင် ကျ လာတဲ့ အထိ ။ ရွှေစည်းခုံဘုရားကြီး ကို ဝိုးတဝါး သာ မြင်ရတော့ တဲ့ အထိ ။

••••• ••••• ••••• •••••

ကိုဖေမြင့် တို့ ၊ ကျွန်တော် တို့ ပုဂံညောင်ဦး တွင် နေစဉ် ကာလများ က အာနန္ဒာ ဘုရားပွဲရက် များ ဖြစ်ရာ ကျွန်တော် တို့ ပုဂံ အနှံ့ ခြေဆန့် ဖြစ်သည် ။ ဘုရား တစ်ဆူ တွင် သံဃာတော် တစ်ပါး က ကိုဖေမြင့် ကို ကိုဖေမြင့် မှန်း သိပြီး မိတ်ဆက် သည် ။ ထို သံဃာတော် က လည်း ကိုဖေမြင့် ၏ တက်ကျမ်း ပရိသတ် ။

တစ်ခါ ကျွန်တော့် တပည့် ဆီစက်ပိုင်ရှင် ဆန်းထွန်းဦး က လည်း လိုက် လာ ကာ ကိုဖေမြင့် နှင့် မိတ်ဆက် ခိုင်း ၍ မိတ်ဆက် ပေးရ ပြန်သည် ။ သူ က လည်း ဝတ္ထု ရေး သော စာရေးဆရာ ဖေမြင့် ကို မသိ ။ သူ့ အိမ် တွင် ရှိ နေသော မန္တလေး မှ ဝယ် လာသည့် တက်ကျမ်းစာအုပ် တွေ ကို ရေးသော စာရေးဆရာ ဖေမြင့် အဖြစ် သာ သိနေသည် ။ အချစ်ဦး တွေ ၊ လူနာဆောင်အမှတ် ၆ တွေ ၊ ဆေးရုံ တွေ ကို မသိ ။ ပြောပြတာ လည်း စိတ် မဝင်စား ။

ကိုဖေမြင့် - ရန်ကုန် ကို ပြန်တော့ ညောင်ဦးလေဆိပ် ကို ကျွန်တော် လိုက် မပို့ဖြစ် လိုက်ပါ ။ ကိုဖေမြင့် က ကျွန်တော် ညောင်ဦး တွင် တက္ကသိုလ် တန်းများ ကို စာ လာ သင်ပေး နေသည် ကို ရည်ညွှန်း ပြီး -

“ ခင်ဗျား လည်း ကုသိုလ် ဆိုးတယ်ဗျာ ၊ ပုဂံခေတ် လောက် က သာ ဆို အနော်ရထာ တို့ ၊ ကျန်စစ်သား တို့ သားသမီးတွေ ကို သင်ပေးရမှာ ဗျ ၊ မင်း ဆရာ ပေါ့ ဗျာ ” ဟု သော သွားပါ သေးသည် ။

ဩော် - ကိုဖေမြင့် ၊ ကိုဖေမြင့် ။

စာပေဂျာနယ် အယ်ဒီတာ ။ ဒီလှိုင်းမဂ္ဂဇင်း အယ်ဒီတာ ။ ပရိသတ် နှစ်မျိုး နဲ့ စာရေးဆရာ တစ်ယောက် ။

သူ ဘယ်ဘက် ကို အားသန် သွားလေမည် မသိ ။ အလှဗေဒ ဘက် ကို လား ။ ဓနဗေဒ ဘက် ကို လား ။ ကား ပေါ် ပါ တပည့် မိတ်ဆွေ က တော့ ကိုဖေမြင့် ကြောင့် သူ စိတ်အား တွေ တက်ကြွ ရသည် ဟု ဆိုခဲ့ ပါပြီ ။

◾မောင်သာချို

📖 ရနံ့သစ်မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၁၉၉၈ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment