Wednesday, February 15, 2023

သည်လင် သည်မယား အို‌အောင် မင်း‌အောင်‌ ပေါင်းရပါ‌စေ


 ❝ သည်လင် သည်မယား အို‌အောင် မင်း‌အောင်‌ ပေါင်းရပါ‌စေ ❞


“ ‌မောင်‌ရေ ... ကြက်သွန်‌တွေ ပုပ်ကုန်ပြီ ”


ကျွန်‌တော့် မိန်းမ က ကြက်သွန် အပုပ်‌ ရွေးရင်း လှမ်း‌ အော်တယ် ခင်ဗျာ့ ။


“ မင်း ကို‌ ပြော သားပဲကွာ ၊ ကြက်သွန်‌တွေ ‌လှောင် မထားပါနဲ့ လို့ ”


“ အို ...  ‌မောင် ကလည်း ‌တော က  ‌ဆွေမျိုး‌တွေ က လက်‌ဆောင်  လာ‌ ပေးကြတဲ့ ဟာ ကို ”


“ ဘယ်သူ က‌ ပေး‌ ပေးကွာ ၊ လှောင် မထားပါနဲ့ ရောင်းစား ပစ်လိုက် ၊ ပြီး‌တော့မှ ကိုယ် စားချင်တဲ့ အချိန် ‌ပေါက်ရာ‌ ပေါက်‌ဈေး ဝယ်စား ”


အဲသည်လို ပဲ ဗျာ ၊ ဝါဆို ၊  ဝါ‌ခေါင် ၊ တော်သလင်း ၊ သီတင်းကျွတ် ကြက်သွန်အို တဲ့ ရာသီ‌ ရောက်လာပြီ ဆို ကျွန်‌တော်တို့ လင်မယား ပွစိ ပွစိ ဖြစ် ကြပြီ ၊ နှစ်စဉ် ။ ဘယ်နှယ်ဗျာ ... ‌လှောင် ထားတဲ့ ကြက်သွန်‌တွေ ထဲ က နည်းနည်း နွမ်းတာ ၊ ရိတာ ၊ ပုတ်တာ‌ ရွေးစား ၊ အ‌ကောင်း‌လေး ချန်ထား ၊ အဲသည် အ‌ကောင်း‌လေး က နောက် တစ်ခါ ရွေး‌တော့ ပုပ်‌နေပြန်ပြီ ၊ ဘယ်မှာ အ‌ကောင်း စား ရ လို့တုံး ၊ အပုပ် နဲ့ ပဲ ပြီး‌ နေရတာ ။ တကယ်ဆို ကိုယ် လိုချင်တဲ့ အချိန် ‌ဈေးသည်မ ဆီ က ဒေါင်‌ဒေါင်မြည် ကြက်သွန် ဝယ် စား ၊ ကြွပ်ခနဲ ကိုက် စား ၊ ဘယ်‌လောက်‌ ကောင်းမလဲ ဗျာ ။ မိန်းမ က လည်း ကြက်သွန် ပေါ်ချိန် တုန်း က သူ့‌ ဆွေမျိုး‌တွေ လာ‌ ပေးတဲ့ ကြက်သွန် ၊ ဂုဏ်ယူပြီး လှောင်‌လှောင် ထားတယ် ခင်ဗျာ့ ၊ ကြွားချင်တာ လည်း ပါမှာ‌ပေါ့ ။ ကျွန်‌တော် သာ ဆို အကုန် ရောင်းပစ် လိုက်မှာ ။


“ ကိုချမ်းသာ ဒီနှစ် ဘာ ကုန်‌ လှောင်ရင် ကောင်းမလဲဗျာ ၊ အကြံ‌ပေးစမ်းပါ ၊ မြတ် ရင် ခင်ဗျား ကို ဂုဏ်ပြုမယ် ၊ ဝမ်း‌တေဘယ် ...  ”


“ ဟင် ... ဖောင်း‌ဖောင်း ... မင်းတို့ လင်မယား ကြား ထဲ ငါ့ ဆွဲ မထည့်ပါနဲ့ ကွာ ၊ အေး‌အေး‌ နေပါရ‌စေ ၊ ပဲ‌လှော် ကြား ဆားညှပ်‌ နေပါဦးမယ် ‌မောင် ”


တရုတ်သူ‌ဌေး‌လေး ‌ဖောင်း‌ဖောင်း က ကျွန်‌တော့် ဆီက အကြံ‌ တောင်းတယ် ခင်ဗျာ့ ၊ အထင်ကြီး တစ်ခွဲသား နဲ့ အကြံ မ‌ပေးရဲပါဘူး ဗျာ ၊ ကိုယ် တစ် ပေး လိုက်တဲ့ ကုန်ပစ္စည်း ဈေး တက် လာလို့ မြတ် ရင်‌ တော်ပါ၏ ။ ရှုံး ရင် ကျွန်‌တော့်‌ ခေါင်း‌ပေါ်  ပုံကျ လာမှာ ဗျာ့ ။ တစ်ခါ ဖြစ်ပြီးပြီ ။ တစ်နှစ် ဟာ ကျွန်‌တော် က ပဲစင်းငုံ ကို တစ် ပေး လိုက်တာ ၊ ပဲစင်းငုံ က ထ မပွ ၊ နှမ်း က ထ ပွလို့ ၊ နှမ်းသမား‌တွေ‌ ထော ၊ ပဲစင်းငုံသမား‌တွေ‌ မော ၊ ကျွန်‌တော့် မှာ လူ‌တော ထဲ‌ တောင် မသွားရဲဘူးဗျာ ။


‌ဖောင်း‌ဖောင်း မိန်းမ ဖီဖီ ဆိုတာ ကျွန်‌တော့် ကို လက်ညှိုး‌ ငေါက်‌ငေါက် ထိုး တဲ့ ပြီး ရန်‌တွေ့ လို့ မဆုံး‌တော့ဘူး ဗျာ ။ အတုံးလိုက် အတစ်လိုက် ရှုံးသွားတာ ကို ခင်ဗျာ့ ။ သိန်း ၅ဝ ဖိုး‌ လောက် ထည့် ထားတာ ၂၀ ဖိုး‌ လောက်ပဲ ပြန် ရ‌တော့တယ် ဆို‌တော့ စိတ် ဆိုးမယ် ဆိုလည်း ဆိုး‌လောက် စရာ‌ ပေါ့ ။  (စိတ်ကူးယဉ် မဟုတ်ဘူး ၊ တစ်ကယ် ဖြစ်ခဲ့တာ ) ဖောင်း‌ဖောင်း တို့ လင်မယား ရန်ဖြစ် ၊ ဖီဖီ က ဖောင်း‌ဖောင်း ကို နှင်ချ ၊ ဖောင်း‌ဖောင်း နားညည်း လို့ အိမ်‌ပေါ် က ဆင်း‌ ပြေး ၊ ‌နောက် မိန်းမ ‌ပေါက်စ‌လေး အပျင်း‌ပြေ ယူ ထားလို့ ဒုက္ခ‌ ရောက်ပါ‌လေ‌ရောလား ဗျာ ။ အဲသည်အခါ မှ ဖီဖီ ကျွန်‌တော့် ဆီ‌ ပြေးလာ ။


“ ဖီဖီ ကိုယ့် ပြဿနာ ကိုယ် ရှင်း ၊ ညည်းတို့ လင်မယား ကြား ငါ မဝင်ပါရ‌စေနဲ့ ဟယ် ”


‌တော်‌သေးတာ‌ပေါ့ လေးငါး‌ခြောက်လ ကြာ‌ တော့ ဖောင်း‌ဖောင်း အိမ်‌ ပေါ် ပြန်တက် လာ‌ပေလို့ ၊ ဖီဖီ လည်း အဲသည်‌တော့ မှ ပြုံးနိုင်‌တော့တယ် ၊ သူ့‌ ယောက်ျား သူ ပြန်ရလို့ ။


ကုန်‌ လှောင်တယ် ဆိုတာ က အဲသည်လို မျိုး ဗျာ့ ၊ ရှုံးပြီ‌ဟေ့ ဆိုရင် အတုံးလိုက် အတစ်လိုက် ၊ မြတ်ပြီ‌ဟေ့ ဆိုရင် လည်း နှစ်ဆ‌ လောက် ဗျာ ။ မြတ် တဲ့ နှစ် ၊ မြတ် တဲ့ ကုန် နမူနာ ယူကြပြီး ဆော်ကြ ၊ ကွဲကြ ၊ မြတ်ကြ ၊ ပွကြ ။ မိန်းမ‌ ရေ ၊ ‌ယောက်ျား ရေ နဲ့ ချိုလို့‌ ပေါ့ ဗျာ ။ ရှုံးပြီ‌ဟေ့ ဆိုရင်‌တော့ ‌ဖောင်း‌ဖောင်း တို့ လင်မယား ဟာ နမူနာ ပဲ ။ ‌ပြောစမှတ်ကြီး ကို ဖြစ်လို့ ဗျာ ။ အဲဒါ‌ကြောင့် ဖောင်း‌ဖောင်း က အကြံဉာဏ်‌ တောင်းတာ ကို အကြံ မ‌ပေးဘဲ ခေါင်းယမ်း လိုက်တာ ဗျာ့ ၊ ဘာလုပ်ဖို့လဲ ဗျာ ၊ သူ့ ဝမ်း‌တေ ဘယ်လ် ။


၁၉၇၅ - ၇၆ - ၇၇ ကျွန်‌တော် ရန်ကုန် ကြည့်မြင်တိုင် ည‌ဈေးတန်း မှာ ‌ဈေး‌ရောင်း စား‌တော့ ရွှေဝါဆပ်ပြာ တောင့်‌ ကောက်ပြီး လှောင် ဖူးတယ် ၊ ‌အေပီစီ (‌ ခေါင်းကိုက်‌ ပျောက်‌ဆေး ) ပုလင်း‌တွေ ‌ကောက်‌ လှောင် ဖူးတယ် ၊ နှမ်းဆီ‌ လှောင် ဖူးတယ် ၊ မြတ် တာ က မြတ် ၊ ရှုံး တာ က ရှုံး ဘယ်ဟာမှ ကံ‌သေကံမ ‌ပြောလို့ မရဘူးဗျာ ။ သူ ဖြစ်ချင်တာ လျှောက် ဖြစ်သွားတာ ဗျာ ။ ကုန်‌ လှောင်တာ က အရှုံးအမြတ် ကြီးမား‌တော့ လူ သိတယ် ၊ ရှုံး တာလည်း သိ ၊ မြတ် တာလည်း သိ ။ မိသားစု‌တွေ စိတ်ဝမ်း ကွဲ တတ်တယ် ။ သူ့ ကြာင့် ငါ့‌ ကြောင့် အ‌ဖေ့‌ ကြောင့် အ‌မေ‌ ကြောင့် အပြစ် တင် တက်ကြတယ် ။ ကုန် အ‌ရွေး မှား ရင် ပြဿနာ ၊ အမြတ် နည်း ရင် ပြဿနာ ၊ ရှုံးပြီ‌ဟေ့ ဆိုရင်  ‌ပေါက်ကွဲ ကုန်ပြီ ။ ကုန်‌ လှောင်တယ် ဆိုတာ က မီးပင်လယ် အ‌ပေါ် မှာ  တန်း ထားတဲ့  ကြိုးတန်း‌ ပေါ် လမ်း‌လျောက် ရ သလိုပဲ ၊ အလွန် အန္တရာယ် ကြီးတယ် ဗျာ ။ ကုန်‌ လှောင်ဖို့ မ‌လှောင်ဖို့ ကျွန်‌တော်‌တော့ ဘာမှ အဆုံးအဖြတ် မ‌ပေးရဲဘူး ဗျာ ။ ကံတိုက် အလုပ်ကြီး ဗျာ ။ ကျွန်‌တော့် မှာ သာ  ပိုက်ဆံ က‌လေး  တူတူတန်တန် ရှိမယ် ဆို ကျွန်‌တော်‌ တော့ ကုန် မ‌လှောင်ချင်ဘူး ၊  ဝယ်‌ရောင်း ပဲ လုပ်မယ် ၊ ကုန်စုံဆိုင် သ‌ဘောမျိုး‌ ပြော တာ ။ ဝယ်‌ရောင်း က အရှုံးအမြတ် ထုထည် မကြီးမားဘူး ။ ‌ငွေ‌ သေ မ‌နေဘူး ။ ‌ငွေ က အမြဲ လည်ပတ်‌ နေတယ် ။ တအိအိ တက်တယ် ။ အရှုံးကြီး သွားလို့  မိသားစု စိတ်ဝမ်း ကွဲ ရတဲ့ ပြဿနာမျိုး လည်း မ‌ပေါ်နိုင်ဘူး ။ မိသားစု ဘဝ တည်ငြိမ်တယ်ဗျာ ။ ဒါ ကျွန်‌တော့် ရဲ့ ပုဂ္ဂလိက အမြင်‌ နော် ။ ကိုယ့် ဘာသာ ဆုံးဖြတ် ၊ ကိုယ် ဖြစ် ကိုယ် ခံ ။


◾မောင်ချမ်းသာ


📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment