❝ မဟူရာပညတ် နှင့် ပရမတ်မီးသွေး ❞
အသစ်များ ဖြစ်ခဲ့၏ ။ ပြီးတော့ကာ ပျက်၍ ပျက်၍ သွား၏ ။ ကွဲ၍ ကွဲ၍ လည်း လာ၏ ။ ပြိုအိပြီး ကျဆင်း သွားသော ထုထည်ဒြပ်ကြီး တစ်ခု လည်း တွေ့ရလေသည် ။
ခြောက်သွေ့ လျက် ရှိသော နေအိမ် ၏ ခန်းမ အတွင်း မှာ ဖြစ်လေသည် ။ အချိန် သည် တိတ်ဆိတ်သည် ဟု ဆိုသော အကာလ ညအခါ ၏ ၁၀ နာရီကျော်ကျော် မှာ ဖြစ်၏ ။ ယနေ့ည သည် ပိုမို တိတ်ဆိတ်သည် ဟု ထင်ရ ၏ ။ ဟုတ်ပေလိမ့်မည် ။
ဦးသိန်းဒန် သည် ဦးခေါင်း ကို မော့ပြီး ကုလားထိုင် ၏ နောက်မှီ ပေါ် သို့ တင်ထား လိုက်၏ ။ လှိုက်လှိုက်လှဲလှဲ လှုပ်ရှားနေသော ရင်ခုန်သံများ သည် တဒက်ဒက် တဒိတ်ဒိတ် မြည် နေ သကဲ့သို့ ရှိလေသည် ။ မျက်နှာပြင် သည် ဖွာရှိုက်ထားသော စီးကရက် အခိုးအငွေ့ များ ၏ နောက် မှာ နီကြင်ကြင် နှင့် ရှိ နေသည် ။
ရုပ်သေပြခန်းငယ် တစ်ခု ကဲ့သို့ တစ်ခန်းလုံး သည် ငြိမ်သက်လှ၏ ။ ထို့အတူ တစ်အိမ်လုံးတွင် လည်း တုတ်တုတ်မျှ လှုပ်ရှားခြင်း မရှိ ။
“ ရော့ ( ခ် )ကင်ရိုး ( လ် ) ” ဟု အမည် ပေး ထားသော ကြောင်ကလေး သည် ပင် ရေဒီယို အနီး မှ ဆိုဖာ ပေါ် တွင် မှိန်းပြီး ငြိမ်သက်နေ၏ ။ ရေဒီယို မှ အသံလှိုင်းများ သည် ယမန်နေ့ ည ဤ အချိန်အခါ ၌ V.O.A အမေရိကန် အသံလှိုင်းများ ပြေးလွှား နေခဲ့၏ ။ ယခုမူ ဘာသံမျှ မထွက် ။
လျော့ရဲရဲ ရှိနေသည် သို့မဟုတ် တစ်စုံတစ်ခု လိုနေသည် ဆိုသော အရိပ်အယောင် သည် ပေါ်ပေါက်၍ နေလေသည် ။ ဟုတ်ပေလိမ့်မည် ။ ဦးသိန်းဒန် ၏ မျက်နှာ သည် ပင်လျှင် ယခုအခါ ၌ ရီဝေမှိုင်းညို့နေ သယောင် ရှိ လေသည် ။ တကယ်ဒက်ထိ တွေ့ကြုံလာသည့် အခါ တွင် ပုထုဇဉ်လူသား ၏ တုန်လှုပ်ခြင်း နှင့် ဉာဏသမ္ပယုတ် မယှဉ်နိုင်ခြင်း ကို တွေ့ ရ၏ ။
စွန်းလွန်းဆရာတော် ၏ နည်းနာနိဿယများ ကို မှီး၍ တရားများ ကို ကျင့်ခဲ့စဉ် က ရုပ် နှင့် နာမ် ၊ နာမ် နှင့် ရုပ် တို့ အချင်းချင်း အညမည ပြုခဲ့ပုံ ၊ ဒုက္ခသစ္စာ အား ခွဲခြမ်းဝေဖန်ခဲ့ပုံများ အပေါ်၌ အစိုး မရသော ခန္ဓာကိုယ် ၊ ဝိထိ မကျသော မနောဝိညာဉ် တို့ အား သဘော ပေါက်ခဲ့၏ ။ ချစ်သူ နှင့် ကွေကွင်းရခြင်း ၊ မချစ်သူ နှင့် ပေါင်းသင်းဆက်ဆံကာ အတူတကွ နေထိုင် ရခြင်း ၊ အကြင်အရာ ကို အလို ရှိ၏ ။ ထို အရာ ကို မရခြင်း စသော ဒုက္ခ သစ္စာ ၏ သရုပ် ကို ခွဲခြားသိ လာသော အသိ က လည်း မကယ်မ , နိုင်အောင် ဖြစ်လာသည် ။
ထိုကြောင့်ပင် “ သုံးပုံ ပိဋကတ် ၊ တရားတော်မြတ် ကို တပ်တပ်ထင်ထင် ၊ ကျွမ်းကျင် အသိ ၊ အပြင်မှာ ရှိသော်လည်း အတွင်း သိဉာဏ်အမြင် ၊ မျက်ဝါးမျှ မထင်လျှင် ၊ သည်ဉာဏ်ရှင် အသိမှာ ၊ သညာသိ ငါသိ ၊ မောဟ မိလျက်သာမို့ ချက်အချာ နိဗ္ဗာန နှင့် ဝေးကွာလှသေး ၏ ” ဟု ကမ္မဋ္ဌာန်းဆရာတော် က ဟောကြားခြင်း ဖြစ်ပေမည် ။
စာသိ ငါသိ ထက် အတွင်းအဇ္ဈတ္တခန္ဓာ မှ ပညာသိ သိရန် လိုပေမည် ။ လိုသည် ။
ဦးသိန်းဒန် သည် သက်ပြင်း တစ်ချက် ရှူ ထုတ် လိုက် လေသည် ။ ပြီးလျှင် မျက်နှာချင်း ဆိုင် နေသော နံရံ သို့ မျက်လုံးများကို ပင့်ပြီး ကြည့် လိုက်၏ ။
နံရံ တွင် မန္ဓာယုမင်းကြီး ၏ သမီးတော် ( စိန်ကရာသီ ) ၏ အဆောင်တော် တွင်း သို့ ဝင်ရောက်လာသည့် ဣန္ဒာဝံသမင်းသားကလေး ၏ ဟန် ကို ရေးဆွဲထားသည့် ပန်းချီဦးဘလုံ ၏ ဆီဆေးကားချပ် တစ်ချပ် ။
ပြီးတော့ကာ အယ်လီဇဘက် မင်းသမီး ၊ ပြီးတော့ကာ ဦးသိန်းဒန် ၏ တစ်ဦးတည်းသော မြ ။
မြ သည် တစ်ပိုင်းတစ်ဝက် မျှ ရှိသော သူ ၏ ခန္ဓာကိုယ် နှင့် လိုက်လျော ဆုံးသော အပြုံးယောင် မျှ မျက်နှာ နှင့် ကင်မရာ ၏ မှန်ဘီလူး ရှိရာ သို့ စူးစူးစိုက် ကြည့်နေ၏ ။
ဤ အကြည့် သည် ယခုအခါ ၌ ဦးသိန်းဒန် ၏ အထံ သို့ ရောက် နေလေသည် ။ ဦးသိန်းဒန် သည် မြ ကို စိုက်ပြီး ကြည့် နေ၏ ။ နောက်တော့ မျက်တောင်များ ကို တဖျတ်ဖျတ် ခတ်ရင်း မျက်လုံးများ ကို ထို ‘ မြ ’ ရှိ ရာမှ လှီးလွှဲ ပစ်လိုက်၏ ။
မရှိ .. ၊ မြ ... မရှိ ။
ယခုမှပင် သောကလှိုင်းတံပိုး သည် စိုးမိုး ကြီးမား လာ လေပုံ ရ၏ ။ ဦးသိန်းဒန် သည် မျက်နှာ ကို လက်ဝါးများ ဖြင့် ဖုံးအုပ် လိုက်လေသည် ။ သည် အပြုအမူ သည် ဦးသိန်းဒန် အတွက် မဖုံးနိုင် မဖိနိုင်သော ‘ အန်ထွက် ’ လာသည့် ‘ ဟန်ချက် ’ မျှ သာလျှင် ဖြစ် ပေသည် ။
မြ သည် စိန်ကရာသီ နှင့် အယ်လီဇဘက် တို့ ကဲ့သို့ ရွှေမင်းသမီးငယ် ကား မဟုတ်ပါချေ ။ မြ သည် စိန်ကရာသီ နှင့် အယ်လီဇဘက် တို့ နှင့် လည်း မတူပါချေ ။ စိန်ကရာသီ သည် ဣန္ဒာဝံသမင်းသား ၏ “ ချစ်စွာသော ” များ မှ တစ်ပါး ကညာ ဖြစ်၏ ။ မြ သည်ကား ဦးသိန်းဒန် ၏ “ များစွာ ချစ်စွာသော ” တစ်ဦးတည်း သာ လျှင် ဖြစ်ပေသည် ။
မြ သည် စိန်ကရာသီ နှင့် ဤနှယ် ကွာခြားခဲ့၏ ။
တစ်ချိန်သော ၁၉၄၁ ခုနှစ် ခန့်က မြ ဆိုသော မြ အား ဦးသိန်းဒန် သည် မမျှော်လင့်ဘဲ တွေ့ ခဲ့ခြင်းဖြစ်၏ ။ ဒုတိယကမ္ဘာစစ် ဟူသည့် တစ်ခုသော ဝင်ရိုးတန်း ဆန့်ကျင်ရေးစစ်ပွဲကြီး မှာ ကမ္ဘာ ၏ အရှေ့ နှင့် အနောက်ခြမ်း များ ဆီ ၌ မီးတောက်များပမာ ထ၍ တောက်ခဲ့စဉ် တောင်တန်းဒေသ သို့ ဘားမားရိုင်ဖယ်တပ် တစ်တပ် ၏ တစ်ဦးတည်း သော ဗိုလ် အဖြစ် ပါဝင် လိုက်ပါ သွားခဲ့စဉ် က မေမြို့စခန်း တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်၏ ။
ဗြိတိသျှတပ်မများ သည် စင်္ကာပူ မှ ဆုတ်ခွာခဲ့ကြပြီး ဖြစ်လေသည် ။ ထိုမှ တစ်ဆင့် တမူး - တစ်ဒင် ကြောင်း မှ အိန္ဒိယ သို့ချီရန် ဖြစ်လေသည် ။ အရှေ့ဘက် “ မဂ္ဂီနော့ ” ဟူ၍ လည်းကောင်း ၊ ဗြိတိသျှအင်ပါယာ ၏ အရှေ့ တံတိုင်းကြီးဟူ၍ လည်းကောင်း ခေါ်ဆို သမုတ်အပ်သော စင်္ကာပူခံတပ် သည် နေထွက်သူ တို့ ၏လက်ဝယ် ဗြုန်းခနဲ ကျဆုံးသော အခါ မဟာ နေမဝင်တပ်မများ သည် စစ်ရေး အစီအစဉ်များ ကို ပြောင်းလဲ ပစ်ခဲ့ရသည် ။ ဖက်ဆစ်တို့ ၏ လျင်မြန်ဖျတ်လတ် ကြမ်းတမ်းသော စစ်ဆင်မှုများသည် ယခုပင် မြန်မာနိုင်ငံသို့ ဝင်ရောက် ပေ တော့မည် ။
ထိုအချိန်တွင် မေမြို့ ၏ ဆင်ခြေဖုံး ရပ်ကွက် တစ်ခု အတွင်း ၌ မြ နှင့် တွေ့ ခဲ့ခြင်း ဖြစ်၏ ။
မြ သည် ဗိုလ်သိန်းဒန် အား မျက်လုံးဝိုင်းကြီးများ နှင့် ကြည့်၍ နေလေ သည် ။
“ ဒါတော့ ကူညီနိုင်ရင် ကူညီပါ ကိုသိန်းဒန် ..”
“ ခက်တယ်... သူတို့ စော်ဘွားတွေ ညီရင်းအစ်ကိုတွေ တစ်ယောက် နဲ့ တစ်ယောက် ဒီလို ဖြစ်နေတဲ့ ကြားထဲ ကို ကျွန်တော် မဝင်ချင်ဘူး ”
“ စဝ်ဆိုင်ထွန်း က ဗိုလ်သိန်းဒန် နဲ့ တွေ့ပြီး သေသေချာချာ ပြောပြ ပါတဲ့ ၊ ဒီမှာတောင် သူ့ စာ ပါလာသေးတယ် ”
မြ သည် ပြောပြောဆိုဆို နှင့် သူ လွယ်ထားသော ရှမ်းလွယ်အိတ်နီနီ အတွင်း မှ စာအိတ် တစ်အိတ် ကို ထုတ် ပေးလေသည် ။
ဗိုလ်သိန်းဒန် သည် စာအိတ် ကို လှမ်းယူပြီး ဖွင့်ကာ ဖတ် လေသည် ။ ပြီးတော့ကာ ဦးခေါင်း ကို တဆတ်ဆတ် ညိတ် လေသည် ။
“ အားလုံးက သဘော ကွဲလွဲ နေကြတယ် ။ တချို့က အင်္ဂလိပ် နဲ့ လိုက် ချင်တယ် ။ တချို့က ဒီမှာပဲ နေချင်တယ် ။ တချို့က အင်္ဂလိပ် ကို ခံချတဲ့ ဘက် ကို ပေါင်းချင်တယ် ။ ကျွန်တော် လည်း ဗမာ တစ်ယောက် ပါ ပဲ ။ ဗမာ တစ်မျိုးသားလုံးနဲ့ ဆိုင်တာကို မပစ်ပယ်ပါဘူး ။ ဒါပေမဲ့ စဝ်ဆိုင်ထွန်း ရေး လိုက် သလိုတော့ မလုပ်နိုင်ဘူး ။ ကျွန်တော် ဂျပန် နဲ့ မပေါင်းချင်ဘူး ”
ဗိုလ်သိန်းဒန် သည် ဤသို့ ပြောပြီးနောက် စီးကရက် ကို ဖွာရှိုက် နေလိုက်လေသည် ။ မဟော်ဂနီစားပွဲ ပေါ် သို့ တင် ထားသော မြ ၏ လက် နှစ်ဖက် မှာ လျှပ်စစ်မီးရောင် ၏ အောက်တွင် ကြော့ရှင်းကာ ဖြူဖြူဖွေးဖွေး ကြီး ရှိနေ၏ ။ လက်ချောင်းကလေးများ မှာ မို့အိ ၍ နေသည် ။ စိန် လက်ကောက် ၊ စိန်လက်စွပ် တို့မှ ထွက်ပေါ်လာသော လျှပ်တစ်ပြက် တောက်ပခြင်းများ နှင့် များစွာ ပနံရ လျက် ရှိ နေသည် ။ ဤ လက်များ ကို စူးစိုက် ကြည့်နေရာ မှ ဗိုလ်သိန်းဒန် သည် မြ ၏ ခန္ဓာကိုယ် နှင့် မျက်နှာပြင် ကို ကြည့် မိ ပြန်လေသည် ။
အဝါ နှင့် ရောစပ်သော ဖြူဖွေးသည့် မျက်နှာပြင် ပေါ်ရှိ မျက်လုံး မျက်ဖန်များ ၊ မျက်ခုံး နှင့် နှာတံများ အားလုံး ၏ အနေအထား သည် မှန်ကန်ကျနခြင်း ရှိလေသည် ။
လှ၍ ချောသည် ။ သိမ်မွေ့၍ ညက်ညောသည် ။ စဝ်ဆိုင်ထွန်း နှင့် ခပ်ဆင်ဆင် တူ သယောင်ယောင် ရှိ၏ ။ စဝ်ဆိုင်ထွန်း ၏ နှမများ လေလား ဟု စိတ်ကူးကာ တွေးတောလိုက်၏ ။
“ စဝ်ဆိုင်ထွန်း နဲ့ ဘာ တော်သလဲ ”
ဤကဲ့သို့ မေးရန် ကြိုးစား လိုက်ပြီး မှ မမေးဘဲ နေကာ ...
“ ကျွန်တော် နဲ့ စဝ်ဆိုင်ထွန်း တို့ ကောလိပ် မှာ နေတုန်းက အချစ်ဆုံး သူငယ်ချင်း တွေ ပဲ ။ သူ ဘီအေ အောင်ပြီး ကျောင်း က ထွက် သွားတော့ ကျွန်တော် လည်း တပ် ထဲ ကို ဝင် ခဲ့တယ် ။ အဲဒီ ကတည်း က လူချင်း အဆက် ပြတ်သွားတာ သုံး - လေးနှစ် ပဲ ”
ဟု စကား ကို ဆက်၍ ပြော လိုက် ၏ ။ ဗိုလ်သိန်းဒန် သည် မြ ကို မြင်မြင်ချင်း ကြိုက်၍ နေပုံ ရလေသည် ။ ဗိုလ်သိန်းဒန် သည် မေမြို့ သို့ ကိစ္စ တစ်စုံတစ်ရာ ဖြင့် ရောက်ရှိ လာချိန် ကပင် စဝ်ဆိုင်ထွန်း တို့ ၏ ဒေသ သို့ ရောက်ဖူး၏ ။ စဝ်ဆိုင်ထွန်း သည် ဖခင် စော်ဘွားကြီး ကွယ်လွန်ပြီးသည့် နောက်ပိုင်း တွင် ဖခင် ၏ အရိုက်အရာ ကို ခံယူကာ ဟော်နန်းပျော် တစ်ယောက် ဖြစ် နေသည် ။
စဝ်ဆိုင်ထွန်း ၏ ဟော်နန်း သို့ အကြိမ်ကြိမ် ရောက်ဖူး၏ ။ ဟော်တွင်း ၌ စဝ်ဆိုင်ထွန်း ဦးလေးတော် စဝ်သန္တာ နှင့် ဇနီး စဝ်မဉ္ဇူ တို့ သာ တွေ့ခဲ့၏ ။ မြ ကို တစ်ခါ မျှ မတွေ့ခဲ့ဖူးပေ ။
ယခု တွေ့ ရသည့် အခါ မှာ လည်း ထူးထူးဆန်းဆန်း ရှိလေသည် ။ စဝ်ဆိုင်ထွန်း က သူ ၏ အတွင်းရေး ကိစ္စများ ကို သိကြားစေရန် စေတမန် အဖြစ် လွှတ်လာသူ အဖြစ် မြ သည် ရောက်ရှိ လာ၏ ။ အသက် ကို ခန့်မှန်း ရလျှင် ၂ဝ ၏ ပတ်ဝန်းကျင် မှာ သာ ရှိပေမည် ။
“ ဗိုလ်သိန်းဒန် တစ်ယောက် တည်း ပဲလား ”
မြ ၏ ထံမှ ထွက်လာသော ဤ အသံ ကို ကြားရသော အခါ ဗိုလ်သိန်းဒန် သည် ကပျာကယာ ပင် “ ဟုတ်ပါတယ် ” ဟု အဖြေ ပေး လိုက် လေသည် ။
“ ဒါဖြင့် လူပျိုကြီး ဖြစ် နေပြီပေါ့ ”
မြ က ပြုံးပြီး ထပ် ပြောလာ၏ ။ ဗိုလ်သိန်းဒန် က ပြုံး လေသည် ။ ပြီးတော့ ကာ -
“ စဝ်ဆိုင်ထွန်း တို့ ၁ဝ နာရီ ကျော်ကျော် လောက် ရောက်မယ် ဆိုတာ သေချာတယ် နော် ”
ဟု စကား ကို လှီးလွှဲ ပြောဆို လိုက်၏ ။ ဗိုလ်သိန်းဒန် သည် ဤမျှ အထိပင် ရိုးသားသူ ဖြစ်လေသည် ။ သူ ၏ မျက်နှာ သည် ထူ အမ်းအမ်း နှင့် နီရဲ နေ၏ ။
“ ဟုတ်ပါတယ် ၊ ဒါကြောင့် မြ ကို ကြိုပြီး လွှတ်ထာပေါ့ ။ လာမှာ သေချာပါတယ် ၊ မြ နဲ့ အန်တီမဉ္ဇူ တို့ နှစ်ယောက် ဒီ ကို အရင်လာ ကြတယ် ။ အန်တီမဉ္ဇူ က သူ့ မိတ်ဆွေတွေ ဆီ ကို သွား လည် နေတယ် ။ နောက်ပြီး ဒီ စာ ထဲ မှာ ပါတဲ့ အကြောင်းတွေ ကို အန်တီ မသိဘူး ဗိုလ်သိန်းဒန် ၊ မြ တောင် မှ ကိုကို က ဒီ စာ နဲ့ ပတ်သက်ပြီး ပြောပြလို့ သိရတာ ”
ဗိုလ်သိန်းဒန် သည် “ ကိုကို ” ဆိုသော စကားလုံး ကို ပိုမိုပြီး နားဝင် လေသည် ။ ဟုတ်ပေသည် ၊ ဤ စကားလုံး အတွက် ပြဿနာ သည် သူ့ အတွက် ပြေလည်ပြီ ဟု လည်း ထင်မှတ်လိုက်၏ ။
“ အရင်က ကျွန်တော် “ ဟော် ” ကို မကြာခဏ ဆိုသလို ရောက်ပါ တယ် ၊ မြ ကို မတွေ့ပါဘူး ”
ဗိုလ်သိန်းဒန် သည် ဤ စကားလုံး ကို အရဲ စွန့်ပြီး ပြောလိုက် လေသည် ။
“ ခုမှ တွေ့လို့ အံ့သြ နေတယ် ထင်တယ် ။ ကိုကို က မြ ကို တောင်ကြီး ကွန်ဗင့် က နေပြီး ကောလိပ် ကို ပို့ လိုက်ထာ ၊ ကောလိပ် မှာ နှစ်နှစ် ရှိပြီ ။ ဘီအေ အောင် ပြီး မှ ရှမ်းပြည် ကို ပြန် လာရမယ်လို့ လည်း အမိန့် ချ ထား တယ် ။ ခုမှ စစ်ရိပ်စစ်ငွေ့ တွေ နဲ့ ကောလိပ် လည်း ပိတ် လိုက်လို့ မြ ပြန် လာရတာ ”
“ ဪ … ကောလိပ် ပိတ် လိုက်ပလား ၊ ဖြစ်မှ ဖြစ်ရလေ ၊ အေးလေ စစ်ကလည်း ဖြစ် နေပြီကိုး မြ ရဲ့ ၊ ဒါထက် မြ ဘီအေ ရောက်ပလား ”
“ ဟင့်အင်း ၊ အိုင်အေ မှာ ပါပဲ ”
“ နေပါဦး ၊ ဂန္ထလောက တွေ ပါ မလာဘူးမလား ၊ မဖတ်ရတာ ကြာပြီ မြ ”
“ ဟော် မှာ ကျန်ရစ်ခဲ့တယ် ၊ ပါပါတယ် ”
“ မှတ်မိသေးတယ် ၊ ကျွန်တော်တို့ ရှိတုန်းက ဆရာဦးသိန်းဟန် ဇော်ဂျီ နာမည် ယူပြီး စာရေးတော့ သူ့ အပေါင်းအသင်းတွေ က သူ့ ဆီ မှာ ပြဒါး ပြာ တောင်း ကြတယ် ။ ဝိဇ္ဇာ ဇော်ဂျီ တပဿီများ ဆိုတော့ ပြဒါးပြာ ရှိရ မှာပေါ့ တဲ့ ။ ဒါနဲ့ပဲ ဆရာ က ကဗျာကလေး တစ်ပုဒ် စပ်လိုက်တယ် ။ အဲဒါတောင် ဂန္ထလောက ထဲ ပါ သလား မသိဘူး ”
“ ဆိုပါဦး ၊ ဆရာ့ ကဗျာ ကို ”
“ ဟဲ .. ဟဲ ... ပြဒါးပြာ တောင်းလာပေါ့ မနှေး ၊ ဖေဇော်ဂျီ ငါမစစ်လို့ ၊ စိတ်ညစ်တယ်လေး တဲ့ ၊ မှတ်မိပါသေးတယ် ”
“ မြ လည်း ကြားဖူးတယ် မှတ်တယ် ၊ ကိုကို ကလည်း မြ ကို ဘီအေ ပဲ ယူ ခိုင်းနေတယ် ။ မြ က စာတွေ သိပ် မဖတ်ချင်ဘူး ၊ မြ ဝါသနာ ပါတာ က တစ်မျိုး ဖြစ် နေတယ် ။ မြ သိပ္ပံ ဘက် ကို လိုက် ချင်တယ် ။ စစ် သာ မဖြစ် သေးဘူး ဆိုရင် ကိုကို့ ကို ( ဆိုင်းယင့် ) ယူပါရစေ ဆိုပြီး ပူဆာ ဦးမလို့ ။ ခုတော့ တစ်ပိုင်းတစ်စ ဖြစ် နေတာပေါ့ ”
ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကို တဆတ်ဆတ် ညိတ် ပြန် လေသည် ။ ပြဿနာ သည် ခုမှ ပင် ပိုပြီး ရှင်း လာ လေသည် ။ ဘဝ ရေစက် ဆိုသည် မှာ ဤသို့သော တွေ့ဆုံခြင်းမျိုး ကို ခေါ်ငင်သည် ဖြစ်ပေမည် ။ အတန်ကြာပင် စကား ဆက် ပြတ်သွား၏ ။
တစ်ဖန် ဗိုလ်သိန်းဒန် သည် မြ ၏ မျက်နှာ ကို ပြုံးပြုံးကြီး နှင့် စိုက်၍ ကြည့် လိုက်၏ ။ ပြီးလျှင် ...
“ စဝ်ဆိုင်ထွန်း က လည်း ဗျာ... ၊ နှမကလေး တစ်ယောက် ရှိတယ်ဆို တာ ကို တစ်ခါ မှ စကား ထဲ ထည့် မပြောဘူး ”
ဟု ထပ်ပြီး မရဲတရဲ ပြော၏ ။ ပြီးလျှင် မျက်နှာချင်း ဆိုင်ပြီး ထိုင် နေရန် မဝံ့လေ သလော မဆိုတတ် ၊ ထိုင်ရာ မှ ထကာ အိမ် ၏ ပြတင်း တွင် သွားပြီး ရပ် နေ လိုက်၏ ။
မြ သည် ပြုံးလျက် ရှိနေ၏ ။ ဗိုလ်သိန်းဒန် အား လည်း သူ က စူးစိုက်ပြီး ကြည့် နေ လိုက်၏ ။ ကြွားရရွား ရှိသော လူ တစ်ယောက် မှာ စစ်ဗိုလ် ၏ ကြန်အင်လက္ခဏာ နှင့် ပြည့်စုံ နေ၏ ။
ဤမျှသာ မဟုတ်သေး ၊ တင့်တယ်သော ကြန်အင် လက္ခဏာ လည်း ရှိသည် ။
မြ သည် ကျောင်း မှာ နေစဉ် ကာလ က ဖတ်ဖူးသည့် မြန်မာ့ဂုဏ်ရည် စစ်သူရဲကောင်း “ မင်းရဲကျော်စွာ ” ကို လည်း အမှတ် ရ လေသည် ။
မြ သည် ထိုင် နေရာ မှ ထ ပြီးလျှင် အိမ် ၏ အပေါ်ထပ် ဆီ သို့ တက်သွား ၏ ။ ဤသို့ အိမ် အပေါ် သို့ လှမ်း တက်လျက် ရှိနေ ဆဲ မှာ ပင် မြ ၏ မျက်စိ များ ထဲ တွင် ဗိုလ်သိန်းဒန် သည် ရောက်လျက် ရှိ နေလေသည် ။
ဗိုလ်သိန်းဒန် သည် မေမြို့ ၏ ည ရှုခင်း ကို လှမ်း ကြည့်နေရာ မှ အိမ် အပေါ်ထပ် သို့ တစ်လှမ်းချင်း လှမ်း တက်သွားသော မြ ၏ ခြေလှမ်းများ ကို လှည့်ပြီး ကြည့် လိုက်၏ ။ မဟော်ဂနီ စားပွဲ ပေါ် တွင် မူ မြ ၏ လွယ်အိတ် နီနီ သည် သည် အတိုင်းပင် ကျန်ရစ် နေသည် ။
ဗိုလ်သိန်းဒန် သည် စားပွဲ ၏ အနီး သို့ ခပ်ဖြည်းဖြည်း လျှောက် သွား၏ ။ ပြီးတော့ကာ လွယ်အိတ်နီနီ ကို ငုံ့ ကြည့်၏ ။ လွယ်အိတ် ကို ကောက်ယူ ကာ ကိုင် လိုက် လေသည် ။ အိမ် ပေါ် သို့ တက်ပြီး လိုက်ပို့ လျှင် ကောင်းပါလေ မည်လော …. ။
လက်ပတ်နာရီ ကို အသာ ငုံ့ ကြည့်သည် ။ နာရီ သည် ၆ နာရီ ကျော် ကျော် ကို ပြ နေ၏ ။ လွယ်အိတ် ကို အသာပင် စားပွဲ ပေါ် သို့ ပြန် ချလိုက် သည် ။ စိတ် က မရဲတရဲ ဖြစ် နေလေသည် ။
ကျောင်း မှ ထွက်ပြီး စစ်တပ် သို့ ရောက်ခဲ့သော အတွေ့အကြုံ မျှ သာ ရှိသော ဗိုလ်ကြီး သည် သည်ထက် ပိုပြီး မစွန့်စားရဲပေ ။ ထိုသို့သော အကြောင်းကြောင့် ပေလား မဆိုတတ် ။ ဗိုလ်ကြီး သည် ဧည့်ခန်း ၏ ထောင့် တစ်ဖက် မှာ ရှိသော စန္ဒရား ဆီ သို့ သွား ပြန်လေသည် ။ ပြီးလျှင် လက်ညှိုး တစ်ချောင်းတည်း နှင့် တဒေါင်ဒေါင် နှိပ်ကာ စန္ဒရား ကို စမ်းနေ သည် ။
တစ်လုံးချင်း အသံများ သည် အချင်းချင်း ရောယှက် ပြီးသော အခါ အေးမြမြ ရှိသော ရာသီလေညင်း အတွင်း ၌ စီရရီ ထွက်ပေါ် လာသော အသံလှိုင်းကလေးများ ကို ကြား ရ၏ ။ ဗိုလ်ကြီး သည် စစ်သား ၏ အသည်း နှလုံး ကို ' စေ ’ လိုက်ပေပြီ ။ ဗိုလ်သိန်းဒန် ၏ ‘ အသည်းစေသံ ' သည် ထက်ယံမျက်နှာကြက် မှ သည် ကမ္ဘောဇ ရှမ်းမိမယ် ၏ အထံ သို့ ရောက်ပေ လိမ့်မည် ။
ဗိုလ်သိန်းဒန် သည် သူ ၏ ဂီတလှိုင်း တွင် အဘယ်မျှ နစ်မြုပ်နေသည် မသိ ၊ ခြံဝင်း အတွင်း သို့ ကားငယ် တစ်စီး ဝင်ရောက်လာသည် ကို မျှ မသိ ။ သို့ မသိရုံမျှ မကသေး ၊ ထို ကားငယ် ပေါ် မှ ဆင်းသက် လာကြသည့် စဝ်ဆိုင်ထွန်း ၊ စဝ်သန္တာ ၊ စဝ်မဉ္ဇူ တို့ တစ်တွေ သူ ၏ အနီး သို့ ရောက်လာကြ သည် ကို လည်း မသိ ။
စဝ်ဆိုင်ထွန်း က သူ ၏ ပခုံး ကို ကိုင် လိုက်တော့ မှ ပင် စန္ဒရားသံများ ရပ်ဆိုင်း သွားသည် နှင့်အတူ လှည့် လာသော ဗိုလ်သိန်းဒန် ၏ ဦးခေါင်း ကို ပါ မြင်ရသည် ။
“ ဟေး ... ”
အားရဝမ်းသာစွာ ဖြင့် ဗိုလ်သိန်းဒန် က ဟစ်အော်၏ ။ ပြီးလျှင် စုပြီး စားပွဲ မှာ ထိုင်ကြတော့သည် ။
“ စောင့်နေတာ ကြာပြီလား ၊ မြ ကော ... ”
“ မြ အပေါ် မှာ ”
“ ကဲ… မဉ္ဇူ ၊ အပေါ် တက်ပြီး စားသောက်ဖို့ စီစဉ်ကြပါဦး ”
စဝ်ဆိုင်ထွန်း ၏ ဦးရီးတော် က မဉ္ဇူ အား ၎င်းတို့ ထံ မှ ဖဲခွာ စေသည် ။ ပြီးလျှင် သူတို့ သုံးဦးသား ခေါင်းချင်း ဆိုင်ကြ၏ ။
ဂျပန်များ မော်လမြိုင် ဘက် ဆီ သို့ ဝင်ရောက် လာပြီ ။ ၎င်းတို့ နှင့် အတူ ဗမာ့လွတ်လပ်ရေးတပ်မတော် ပါ လာသည် စသော သတင်းများ ကို ညှိနှိုင်း ကြသည် ။
ဗိုလ်သိန်းဒန် သည် လုံးဝ ဂျပန် နှင့် မပူးပေါင်းလိုသူ အဖြစ် စဝ်ဆိုင်ထွန်း နှင့် သဘော ကွဲလွဲ ခဲ့၏ ။ စဝ်ဆိုင်ထွန်း နှင့် ဦးရီးတော် တို့ က မူ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့်ပူးတွဲပြီး လွတ်လပ်ရေး အရ ယူမည် ဟု ဆိုလေသည် ။
“ ဒါဖြင့် ခင်ဗျား အိန္ဒိယ လိုက် မလား ”
“ လိုက်မှာပဲ စဝ်ဆိုင်ထွန်း ၊ ဒီမှာ မနေချင်ဘူး ”
“ အေးဗျာ ၊ ကျုပ်တို့ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင် ရွက်ဖို့ပဲ ”
စ၀်ဆိုင်ထွန်း က ဤစကား ကို ပြောလာ၏ ။ ပြီးလျှင် ခေတ္တမျှ ငြိမ်သက် သွားပြန်လေသည် ။
“ ကျွန်တော် ကတော့ ခင်ဗျား ကို အားကိုးထားတယ် ။ စစ်တပ် တွေ နောက်ဆုတ်တဲ့ ဆီ ကို ခင်ဗျား မလိုက်ဘဲ နဲ့ ကျုပ်တို့ နဲ့ အတူ ဖက်ဆစ် ဆန့်ကျင်ရေး လုပ်စေ ချင်တယ် ”
“ ကြည့်သေးတာပေါ့ စဝ်ဆိုင်ထွန်း ရဲ့ ။ အိန္ဒိယ ကို တော့ သွားချင်သေးတယ် ။ ဒီကိုလည်း အခြေအနေ ကြည့်ပြီး ပြန်ခဲ့မယ် ”
“ ဒါထက် ခင်ဗျား လည်း ခုထက်ထိ မစွံသေးဘူးလား ”
ဦးလေးတော် စဝ်သန္တာ ထိုင် ရာမှ ထ သွားသဖြင့် စဝ်ဆိုင်ထွန်း က ဗိုလ်သိန်းဒန် ကို ခပ်တိုးတိုး မေးလာသည် ။ ဗိုလ်သိန်းဒန် က မြ ကို မြင်ယောင် ရင်း ပြုံးလေသည် ။
“ ခင်ဗျား က ကော... ”
“ ကျုပ် လား ၊ ကျုပ် မင်္ဂလာ ဆောင်ပြီးပကော ၊ ကြာလှမှပဲ ။ အေးဗျာ ... ခင်ဗျား ကို တောင် မပြောမိဘူး ”
“ ဆိုပါဦး .. ”
“ ကောလိပ် က ပြန်လာပြီး တစ်နှစ် မကြာပါဘူးဗျာ ။ ဖားသားကြီး ဆုံးတယ် ။ ဟော် ပေါ် ကို ကျုပ် တက်တက်ချင်း ပဲ မြ နဲ့ မင်္ဂလာ ဆောင် ရတယ် ”
“ မြ နဲ့ … ဘယ်က မြလဲ ”
“ သြ .. ခင်ဗျား မသိသေးဘူး ဟုတ်တယ် ။ ဒါ ကျုပ် ချွတ်ယွင်း ချက်ပဲ ။ ဒီမှာ မြ ကို ခင်ဗျား မတွေ့ဘူးလား ။ အဲဒါ ခင်မဉ္ဇူ ရဲ့ တူမ ပဲ ။ ကျုပ် နဲ့ မင်္ဂလာ ဆောင် တော့ ၁၈ နှစ် သမီး ပဲ ရှိ သေးတယ် ။ ကွန်ဗင့် မှာ နေတုန်းပေါ့ ။ သူ ပညာ ဆက် သင်ပါစေ ဆိုပြီး ကျုပ် ရန်ကုန် ကို ပို့ထားတယ် ”
“ ဩ ... ”
ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကို တဆတ်ဆတ် ညိတ် လေသည် ။ ရင်များသည် လည်း တဒိတ်ဒိတ် ခုန်လာ လေသည် ။ မိမိ ၏ အဖြစ် ကို လည်း ပြုံး မိ၏ ။
“ ဘာ ပြုံးတာလဲဗျ ”
စဝ်ဆိုင်ထွန်း သည် ဗိုလ်သိန်းဒန် ၏ အပြုံး ကို မြင် ရသဖြင့် မေး လိုက်၏ ။
“ တခြား မဟုတ်ပါဘူးဗျာ ၊ ခင်ဗျား နေနိုင်လွန်းတာ ကို တွေးပြီး ပြုံး မိတာပါ ”
ဤအချိန်တွင် ပင် စဝ်မဉ္စူ နှင့် မြ တို့သည် အိမ် အပေါ် မှ ဆင်းသက် လာကြ၏ ။ သူတို့ နှစ်ဦး ကို ကြည့် ရသည် မှာ အင်မတန် ဘက်ညီ ကာ အလှချင်း ပြိုင် နေ သယောင် ရှိသည် ။
“ ကဲ... ထမင်း စားကြမယ် ”
စဝ်ဆိုင်ထွန်း ၏ အသံ က ပေါ်လာ၏ ။ ဗိုလ်သိန်းဒန် သည် မြ အား တစ်ချက် မျက်လွှာ ပင့်ပြီး ကြည့် မိလေသည် ။
••••• ••••• •••••
ရာသီများ က လွန် လေပြီ ။
နိုင်ငံခြား သို့ ပြေးလွှား သွားသူများ ၊ စစ်တပ်များ ၊ အရပ်သူအရပ်သားများ ၊ အစိုးရအရာထမ်းများ ၊ အင်္ဂလိပ်ကပြား များ ဖြင့် တစ်ဒင်း တစ်ဝိုက် မှာ ပြည့်နှက် နေခဲ့သည် ။
သည်နောက်တော့ ကာ အဆက်အသွယ်များ သည် အားလုံး ပြတ် ခဲ့၏ ။ စစ်ဦးဒေသ အဖြစ် တစ်ဖက် မှ ချထားသော တပ်များ နှင့် သည်မှာ ဘက် မှ တပ်များ မှာ တိုက်ခိုက်ရန် တာစူ နေသော အချိန် ဖြစ်ခဲ့သည် ။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် တို့ သည် အိပ်မက် သဖွယ် အငွေ့ အမျှင်များ တန်းပြီး ကျန်ရစ် ခဲ့ လေသည် ။
ဗမာ့မြေပြင် ၌ တော်လှန်ရေးအလံများ ဝင့်ကြွား လာခဲ့ကာ လီဒို လမ်းမဘက် ဆီ မှ ကြောင်နက်တပ်များ ဝင်ရောက် လာသည့် ကာလ သို့ လည်း တိုင် ခဲ့၏ ။
ပြည်တွင်းလှုပ်ရှားမှု ဂယက်ကား ပိုမို ပြင်းထန် လာလေသည် ။ ဗမာ့ တပ်မတော်ဖျက်သိမ်းခြင်း ၊ စစ်အုပ်ချုပ်ရေး စသည် တို့ ၏ အတွေ့အကြုံ များ ၊ ဆင်းမလား နေ ဗမာပြည်အစိုးရ ပြန်လာခြင်း ၊ ဘရောက်ဒါဝါဒ ၏ ဂယက် ရိုက်ခတ်ခြင်း ၊ သခင်ဗစိန် ဂျားဗား မှ ပြန်လာခြင်း ၊ နိုင်ငံရေး ပါတီများ လှုပ်ရှားလာခြင်း နှင့် ဆူဂါမိုထောင် မှ ဒေါက်တာဘမော် ပြန် လာခြင်း စသည်ဖြင့် တစ်ခု ပြီး တစ်ခု အမျိုးသားတပ်ပေါင်းစု အဖြစ် တည်ရှိ နေသည့် ဖ - ဆ - ပ - လ ၏ နေသူရိန် ကွန်ဖရင့် ။ ထိုနောက်မှ ဘုရင်ခံ အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း ၊ ပင်လုံ မှာ စာချုပ်ခြင်း စသည် အားဖြင့် စိုးမိုးသူများ သည် တက်ကြွလျက်ရှိသော အမျိုးသားလွတ် မြောက်ရေးစိတ်ဓာတ် ကို မဖိနှိပ်နိုင်ပေ ။
“ ဒီမှာ ”
အသံ ကြောင့် စာ ကို ငုံ့ ပြီး ရေးနေသူ က ဦးခေါင်း ကို မော့ကြည့် လေသည် ။ ပြီးမှ “ ဟာ.. ” ဟူသော အာမေဍိတ်သံ ကို ပြုကာ.. “ ထိုင်ပါ ။ ထိုင်ပါ.. ” ဟု ခရီးဦးကြို၏ ။
“ မှတ်မိသေးသလား ”
“ ဘယ့်နှယ် ပြောပါလိမ့် ၊ စဝ်ဆိုင်ထွန်း သတင်း ကို လည်း ကြားပါ တယ် ”
“ ရှင် တပ် ထဲ မှာ မဟုတ်တော့ဘူးလား ”
“ မဟုတ်တော့ပါဘူး ၊ ကျွန်တော် ခု တပ် က ထွက် လိုက်ပါတယ် ”
“ မသေလို့ တွေ့ကြတာပဲ ကိုသိန်းဒန် ”
ဗိုလ်သိန်းဒန် သည် စကား ကို ပြန် မပြောနိုင်ပေ ။ စစ် ကို ကျော် လွှား အောင်မြင် လာခဲ့ခြင်း ဆိုသည် မှာ ကပ်ကျော် ခြင်း ပင် ဖြစ် ပေသည် ။
“ မြ တစ်ယောက် တည်း လား ”
“ ဟုတ်ပါတယ် ၊ ဒီ ပင်လုံကွန်ဖရင့် ကို လာကြလို့ စိတ်ပြေလက် ပျောက် လိုက်လာတာ ၊ ကိုသိန်းဒန် ကို ခပ်လှမ်းလှမ်း က တွေ့ တယ် ။ ဟုတ်မှ ဟုတ်ပါ့မလား လို့ စဉ်းစား နေတာ နဲ့ ခုမှ လာတွေ့ တာပဲ ။ ကိုကို့ ကို သိပ် သတိရတာပဲ ”
ဟု ပြောရင်း ဆိုရင်း မြ သည် မျက်ရည်များ ရစ်ဝဲ လာ လေသည် ။
“ ကျွန်တော် လည်း အိန္ဒိယ ကို မလိုက်ဖြစ်ပါဘူး ။ မုံရွာ က ပဲ ပြန် လှည့် လာတယ် ။ နောက်ပြီး မြစ်ကြီးနား နယ် မှာ တပ်မတော်တာဝန် ကို ထမ်း ဆောင်နေရတယ် ။ တော်လှန်ရေး အထိ ပဲ ဆိုပါတော့ ”
“ ကျွန်မတို့ လည်း ဒေသ မှာ ပဲ နေရစ်တယ် ဆိုပါတော့ ။ ဂျပန်တွေ ဝင်ပြီး မကြာခင်မှာပဲ ကိုကို အသ,တ် ခံရတယ် ။ ဦးလေးသန္တာ တော့ တော်လှန်ရေး မှာ ငှက်ဖျား မိပြီး သေသွားတယ် ”
“ မမဉ္ဇူ ကော …”
“ ရန်ကုန် မှာ ရောက် နေတယ် ။ မြ တော့ တောင်ကြီး မှာ နေတယ် ။ ကျောင်းဆရာမ ပေါ့ ။ ကိုယ်ပိုင်ကျောင်း တစ်ခု ဖွင့် ထားတယ် ”
“ ကောင်းပါတယ် ၊ လွတ်လပ်ပါတယ် ။ ဒါမှလည်း ဒီ ကွန်ဖရင့်မျိုး ကို လွတ်လွတ်လပ်လပ် လာပြီး အကဲခတ် နိုင်မှာပေါ့ ။ ဘယ့်နှယ်လဲ မြ ၊ အားရရဲ့လား ”
“ အားရပါတယ် ။ လွတ်လပ်ရေး လည်း ရ မှာပါပဲ ။ ခေါင်းဆောင်တွေ အားလုံး လက်မှတ် ရေးထိုးဖို့ပဲ လိုတော့တယ် လို့ သတင်း ရတယ် ။ ဟုတ် သလား ကိုသိန်းဒန် ... ”
“ ဟုတ်ပါတယ် ”
ဗိုလ်သိန်းဒန် သည် မြ အား စူးစူးဝါးဝါး စိုက်ကြည့် လိုက်လေသည် ။ မြ သည် ယခင် က မေမြို့ မှာ တွေ့သည့် အတိုင်း မည်သို့မျှ မပြောင်းလဲသေး သကဲ့သို့ ထင်ရ၏ ။
( အပိုင်း ၂ ဆက်ပါမည် )
◾ရွှေဓါး
📖 မြဝတီ မဂ္ဂဇင်း
ဇွန် ၊ ၁၉၆ဝ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment