Saturday, February 4, 2023

လူ ဆိုသည်မှာ


 

❝ လူဆိုသည်မှာ ❞

[ လူဆိုသည်မှာ ×× သီလ သမာဓိ သိက္ခာ ×× ပြည့်စုံမှသာ ×× ကြီးတဲ့ သူ ရိုသေ ၊ ရွယ်တူလေးစား xx ငယ်သူကို သနားရမှာ ×× ဟောသည် လူ့မြေကမ္ဘာ ၊ လရေးနှစ်ချောင်းငင် လူဖြစ်လာ xx

အလှူခံ ဗြောအဖွဲ့ က လူဆိုသည်မှာ သီချင်း ကို တီးမှုတ် လာတာ နဲ့ ဆုံ နေ တယ် ။ သည် သီချင်း ကို ကြိုက်သူ များတယ် ။ တီဗွီ က လည်း မကြာခဏ လွှင့်ထုတ် ပေးတဲ့ သီချင်း ဖြစ်ပါတယ် ။ ကျွန်တော် က သီချင်း ကို ဆက်ပြီး နားထောင် နေ လိုက် တယ် ။

အတ္တစွဲ နဲ့ တစ်ဘို့တည်းသမား ဟာ ×× နွား နဲ့ မခြားသူလေ ၊ မွေးစိတ် ယုတ်မာ ×× သစ္စာတရားဆိုတာ သူတို့ အသည်းနှလုံးမှာ xx လုံးလုံးဆိတ်သုဉ်း ×× ငါစိတ်တွေ ဖုံးလို့နေတာxx အို ... အသင်လူသား × ငမိုက်သား × ခဏတာ ရလာဘဝမှာ × လူ နဲ့ တူအောင် နေစမ်းပါ ××

အဆိုတော် က လူ ဆိုသည်မှာ သီလ ၊ သမာဓိ ၊ သိက္ခာ ပြည့်စုံမှသာ ဆိုတဲ့ အပိုဒ် ကို ပြန် ကျော့ တော့ လမ်းဘေး ဗြောတီးဝိုင်း အနီး မှ ကျွန်တော် ထွက်ခွာ လာခဲ့တယ် ။ တိုက်တိုက်ဆိုင်ဆိုင် ပါ ပဲ လူဆိုသည် မှာ သီချင်း ကို ရေးတဲ့ တေးပြုစာဆို ချမ်းငြိမ်း ( မန္တလေး ) နဲ့ တွေ့ဆုံဖို့ ကျွန်တော် က ချိန်းဆို ထားတဲ့ နေရာ ကို သွား နေ တာပါ ။

ဆရာချမ်းငြိမ်း ကို တွေ့ ရင် တွေ့ချင်းပဲ လူ ဆိုသည်မှာ သီချင်း ဖြစ်ပေါ်လာပုံ ကို ကျွန်တော် မေး မိတယ် ။ ]

•••••   •••••   •••••

ကျွန်တော် ငယ်ငယ် ကတည်း က ဆိုင်းဆရာဦးစိန်မောင်ကိုကြီး တို့ ၊ ဂီတစာဆို ဆရာထာ တို့ ၊ ဇာတ်ဆရာ ရွှေမန်းတင်မောင် တို့ အိမ်တွေ နား မှာ ကပ်လျက် နေ ရတာ ဆိုတော့ အနုပညာ ရည် က ဝ နေတာ ။

အရပ် ထဲ မှာ ဗြောအဖွဲ့ နဲ့ အပျော်တမ်း သီချင်း လိုက် ဆို နေတာ ။ သီချင်း လည်း ရေးတယ် ။ အရပ် ထဲ လှည့်ပြီး ကထိန် ခင်း ဖို့ အလှူ ခံ ထွက် ကြတာ ။

ကျွန်တော်တို့ အိမ်နား မှာ နေတဲ့ ဘိုးတော် တစ်ယောက် က အတ္တ ဆန်တယ် ။ သူ့ သားသမီးတွေ သူ့ အိမ် လာ နေတာ ကို အိမ်လခ တောင်း တယ် ။ ( ရယ်လျက် ) ။ အမြဲတမ်း သူ ပြောတာပဲ အမှန် ။ အငြင်း လည်း သန်တယ် ။ လူငယ်တွေ နဲ့ လည်း မတည့်ဘူး ။ လူကြီးတွေ နဲ့ ကျတော့ လည်း အဆင် မပြေဘူး ။

ကျွန်တော်တို့ ဗြောအဖွဲ့ က ကထိန်အလှူခံ မထွက်ခင် အဲဒီ အိမ်ရှေ့ နား မှာ စုရပ် လုပ်တယ် ။ အပြန် ကျ လည်း အဲဒီ အိမ်ရှေ့ မှာ လူစု ခွဲ စခန်းသိမ်းတာ ။ အဲဒီ ပုဂ္ဂိုလ်ကြီး ကို နေ့စဉ် တွေ့မြင် နေ ရတော့ ကျွန်တော် က လူ ဆိုသည် မှာ သီချင်း ကို ကောက် ရေး လိုက်တာ ။

ပဒုမ္မာတေးဂီတ ကိုခင်မောင်ဦး က “ နန်းမြို့ရွှေကျုံးတော် ” စီးရီး ထုတ်တော့ လူဆိုသည်မှာ သီချင်း ကို ထည့် လိုက်တာ ။ ချိုပြုံး က ဆိုတယ် ။ မြန်မာ့ရုပ်မြင်သံကြား တီဗွီ ရိုက်တော့ လည်း ချိုပြုံး နဲ့ ပဲ ။ မြဝတီ က တော့ မန္တလေး ယဉ်ကျေးမှု အောင်ကျော်ဆန်း နဲ့ ရိုက် ထားတယ် ။

ကျွန်တော် သီချင်း ရေးတဲ့ နာမည် က တေးပြုစာဆို ချမ်းငြိမ်း ( မန္တလေး ) ၊ အရပ် နာမည် က တော့ ကိုကံညွန့် ။

အဖေ့ နာမည် က ဦးချစ်စိန် ။ လှည်း နဲ့ ထင်းတွေ ကို တိုက်ပြီး မန္တလေးမြို့ တွင်း လည် ရောင်းရတာ ။ ကျွန်တော်တို့ နေတာ က ထန်းမြင့်ရပ် ။ အမေ က ဒေါ်စိမ်းညို ။ အမေ က ဈေးသည် ။ ကျွန်တော် တို့ မှာ အနုပညာ မျိုးရိုး မရှိဘူး ။ ငယ်ငယ် ကတည်း က အနုပညာသည်တွေ ကြား မှာ ကြီး ရတော့ ဝါသနာ ပါ ပြီး သည် လောက ထဲ ရောက် လာ တာ ။

ကျွန်တော်တို့ ငယ်ငယ် က မိဘတွေ က ဆင်းရဲတယ် ။ တန်းကျောင်း မထား နိုင်ဘူး ။ အိမ် နောက်ကျော မှာ ဘုန်းကြီးကျောင်း ရှိတယ် ။ ငါးဆူတိုက် ။ ဆရာတော် က ဦးမေဓာ ။ ဘုန်းကြီးကျောင်း မှာ ပရိတ်ကြီး သုံးခေါက် လောက် တော့ ပြန်တယ် ။

ဘုန်းကြီးကျောင်း က ထွက် လာ ပြီးတော့ ပန်းထိမ်ပညာ သင်တယ် ။ သုံးနှစ် လောက် သင်ရတယ် ။ နောက်တော့ လက်ခစား လုပ်ရတယ် ။ ဆရာဦးသောင်းဉာဏ် ပန်းထိမ်ဖို မှာ လုပ်တယ် ။ ပန်းထိမ် လုပ် တာ တစ်ရက် ၁၅ ကျပ် လောက် ရတယ် ။

အိမ်နား မှာ ဂီတလုလင်တီးဝိုင်း က ကပ် နေတော့ သူတို့ သီချင်း တိုက်တာ သီချင်း ဆိုတာ သွားကြည့်တယ် ။ ၁၅ နှစ် - ၁၆ နှစ်သား လောက် မှာ ဂီတလုလင် တီးဝိုင်း ထဲ အပျော်တမ်း လိုက် ဆိုတယ် ။

အသက် ၂ဝ မှာ အိမ်ထောင် ကျတယ် ။ ကျွန်တော် က ပန်းထိမ် လုပ်ရင်း သီချင်း ဆိုနေတာ ။ ကျွန်တော့် မိန်းမ က ဆွေကြီးမျိုးကြီး ။ သူ့ မောင်တွေ က ပါမောက္ခချုပ်တွေ ၊ ပညာတတ် အသိုင်းအဝိုင်းတွေ ။ ကျွန်တော့် အဖေ က ထင်း ရောင်းတာ ၊ အမေ က ဈေးရောင်းတာ ၊ ကျွန်တော် က ပန်းထိမ် လုပ်တာ ဘယ် သဘော တူ မှာလဲ ။ မိန်းမ ရဲ့ အစ်ကို ဆီ မှာ ပန်းထိမ် သင် တော့ ကျွန်တော်တို့ ချင်း နီးစပ် သွား တာ ။

သဘော မတူတော့ သူ့ မိဘတွေ ၊ သူ့ အသိုင်းအဝိုင်းတွေ နဲ့ နေရတာ ခပ် တန်းတန်း ပေါ့ ။ အနေအထိုင် ကျဉ်းကျပ်တော့ သားဦး မိန်းကလေး မွေးခါနီး မှာ ကျွန်တော် အိမ် ပေါ် က ဆင်း ခဲ့တယ် ။ အဲဒီတုန်း က စိတ်ညစ် လိုက်တာ ။ သေချင် အောင် စိတ်ညစ်တယ် ဆိုတာ မိန်းမ နဲ့ ကွဲတုန်း က ပဲ ။ ( ပြောရင်း ရယ်ပါတယ် ။ )

မိန်းမ နဲ့ ကွဲ နေတော့ စိတ် ညစ်ညစ် နဲ့ ပန်းထိမ် လည်း မလုပ် ၊ လေတံခွန် ( စွန် ) လွှတ် လိုက် ၊ မြစ်ဆိပ် မှာ ငါး မျှားလိုက် လုပ်နေတာ ။ လေ သွားတာ ။ ငါးမျှားတာ မနက် ၈းဝဝ နာရီ ၉:ဝဝ နာရီ က မျှားတာ ၊ ညနေ ၅းဝဝ နာရီ ၆း၀၀ နာရီ နေ သာ ဝင်ရော တစ်ကောင် မှ မရဘူး ၊ အဲဒီလို စွမ်းတာ ။ ဝိန့်စိန်ရွှေဆိုင် က ကျွန်တော့် လက်ရာ ကြိုက်တယ် ၊ လေတံခွန် လွှတ်နေတဲ့ နေရာ အထိ လိုက်လာ ခေါ်တာ ။

မိန်းမ နဲ့ ကွဲတာ လေး - ငါး - ခြောက်လ ပဲ ကြာတယ် ။ နောက်တော့ ပြန် ပေါင်း တယ် ။ ကျွန်တော် ပန်းထိမ် ပြန် လုပ်တယ် ။ ပန်းထိမ် လုပ်ရင်း သီချင်း လိုက် ဆိုတယ် ။ အသက် ၂၃ -၂၄ နှစ်သား လောက် မှာ ဝါသနာ ပါတော့ သီချင်းလေးတွေ စ ရေးတယ် ။ သီချင်း ရေးတာ နဲ့ ပတ်သက်ရင် အိပ်မက်စေတမန် ဦးသန်းကြွယ် ၊ ဂီတလုလင် ဦးဘတင့် ၊ စန္ဒရား ဦးတင်မောင် တို့ က ကျွန်တော့် ဆရာတွေ ပေါ့ ။

မန္တလေး ရေသဘင် မှာ နဂါးမယ် က နာမည် ကြီးတယ် ။ ကျွန်တော် သီချင်း နှစ်ပုဒ် ဝင် ရေးတယ် ။ ကျေးဇူးတင်ပါသည် နဲ့ နဂါးမယ်တို့ပျော်တဲ့ည ။ အဲဒီတုန်းက အသက် ၂၄ နှစ် လောက် ပဲ ရှိသေးတယ် ။ မန္တလေးသင်္ကြန်ခေတ် မှာ တစ်ရက် ကို လေး - ငါး သင်း သီချင်း လိုက် တိုက် ပေး ရတာ ။ ပိုက်ဆံ တော့ မရပါဘူး ။ အများစု က မိတ်ဆွေတွေ ကိုး ။ ကိုယ် က လည်း ဝါသနာ ပါ တော့ လုပ်တာပဲ ။

တစ်ဖက် မှာ ပန်းထိမ် လုပ်ရင်း ရွှေဈေးတွေ က တက် နေတော့ အလုပ် က ပါး လာတယ် ။ နောက် တက်ထရွန် ပေါ်ခါစ ၊ အမျိုးသမီးတွေ က တက်ထရွန် ဝယ် ဝတ်ပြီး ရှိုးထုတ်တဲ့ အချိန်ပေါ့ ။ သားသမီး က လည်း သုံးယောက် ရ နေပြီ ။ စားဝတ်နေရေး အခက်အခဲ က ရှိ လာပြီ ။ အဲဒီချိန်မှာ မြဝင်းအောင်ဇာတ် က ဂျတ်စမင် တီး ဖို့ တဲ့ လူ လို နေတယ် ။ လိုက်ခဲ့ပါ ခေါ်တာ နဲ့ ဇာတ် ထဲ ပါသွား လိုက်တာ ခုထိ ပဲ ။ ယခု ကျွန်တော့် အသက် ၆၆ နှစ် ဆိုတော့ ဇာတ် ထဲ မှာ ၃၆ နှစ် လောက် ရှိ သွားပြီ ။

အဲဒီ နောက် နှစ် လည်း ဇာတ်တီးဝိုင်းတွေ ထဲ ဆက် လိုက် ဖြစ်တယ် ။ လူငယ်ကြည်ခိုင် ၊ သမန်းကျားဝင်းလှိုင် ၊ မြို့တော်မာန်အောင် ၊ မွန်ပြည်နယ်မိုးကျော် ၊ ပန်တျာဖြူး ၊ ပန်တျာနှင်းဝေ ၊ ဇော်ရှိန်း ၊ မင်းမင်းဦး ၊ ဇာတ်တွေ အများကြီးပဲ ။

ဇာတ်တွေ နဲ့ နယ် ကို အထွက်ရဆုံး က တပေါင်း ၊ တန်ခူး ။ မြစ်ကြီးနား ၊ ကလေး ဘက် သွားရင် လ ပေါက်အောင် ကြာတယ် ။ ခု ခေတ် လို ဖုန်းတွေ က လည်း မရှိသေးဘူး ။ လူကြုံ နဲ့ စာတို့ ငွေတို့ ထည့် ပေးရတာ ။ အဝေး ကို လ နဲ့ ချီ သွားရတဲ့ အခါ အိမ် ကို လွမ်း တာပေါ့  ။

မှတ်မိသေးတယ် ။ ကလေး ဘက် သွားတုန်း က ထမင်း ငတ်ဖူးတယ် ။ သွားရ တာ က သုံးတန်ကား နှစ်စင်း နဲ့ သွားတာ ။ ကား တစ်စီး မှာ မိတ်ကပ်လိုင်းနဲ့ ကားလိပ် ဆွဲတဲ့ သူတွေရယ် ၊ မင်းသားရယ် ။ နောက် ကားတစ်စင်း က ဆိုင်း ၊ တီးဝိုင်း နဲ့ လင်မယားစုံတွဲ တွေ ။ မြို့ရောက် မှ ထမင်း စားမယ် မှန်းထားတာ ။ မုံရွာ အလွန် မဟာမြိုင်တောကြီး ထဲ မှာ ကျွန်တော်တို့ ကား က ပျက်ကရော ။

ဟို ရောက်ရင်တော့ အနိပ်စား စား ရမှာပေါ့ ။ နေ့ ၁၂:ဝဝ နာရီ ၁းဝဝ ချက် မှာ ပျက်တာ ။ ပထမ ကား ကို မောင်းပြီး သွားနှင့် ခိုင်း လိုက်တယ် ။ ကျွန်တော်တို့ မှာ စားစရာ မရှိ သောက်စရာ မရှိ ။ ရေ ငတ်ရင် စမ်းချောင်း ထဲ က လက်ခုပ် နဲ့ ခပ်သောက် ရတယ် ။

ကျွန်တော်တို့ လွှတ် လိုက်တဲ့ ကား က ထမင်းဟင်းတွေ တင်ပြီး ပြန် လာတာ မနက် လင်းအားကြီး မှ ရောက်တယ် ။ သဲချောင်းကြီး ထဲ ပျာတိပျာလောင် မောင်း လာရ တော့ ထမင်းဟင်းတွေ ထဲ သဲတွေဝင် ။ ကျွန်တော်တို့ က တစ်ညလုံး ထမင်း ငတ်နေ တော့ ဆာဆာ နဲ့ တွယ်ကြတာပဲ ။

ဇာတ် ထဲ လိုက် ရင်း သီချင်း ရေးရတာ ကိုယ့် အိမ် မှာ ကိုယ် နေသလို တော့ အဆင် မပြေဘူး ။ တစ်ခါ က ပန်တျာနှင်းဝေ ဇာတ် နဲ့ လိုက် နေတုန်း ပြဇာတ် အသစ် တင် တယ် ။ ဇာတ်ဝင်သီချင်း က မရှိသေးဘူး ။ ဇာတ် တိုက် ရာ မှာ တိုက် စရာ ရှိတာသာ တိုက်ကြ ။ သီချင်း ဝင်ရမယ့် နေရာ ကျော်ပြီး ချန်ထားခဲ့ ။ နောက်မှ သီချင်း ပြန်ထည့် မယ်လို့ လုပ် ရတယ် ။ သူတို့ က ဇာတ် တိုက်တယ် ။ ကျွန်တော် က ဆူ လို့ နား နှစ်ဖက် ပိတ်ပြီး သီချင်း ရေးတယ် ။ ပုလွေ တစ်ချောင်း နဲ့ အသံ ရှာပြီး ရေး တာ ။ ကျွန်တော် က နုတ်စ် တတ် တော့ သီချင်း ရေး ရတာ အဆင် ပြေပါတယ် ။

ဇာတ် တွေ တစ်ဇာတ် ပြီး တစ်ဇာတ် ပြောင်းခဲ့ရာ က ပွဲချစ်သူ ဇာတ်အဖွဲ့ မှာ မန်နေဂျာ လုပ်တာ နှစ် ၂၅ ပြည့် ပြီ ။ အလုပ် လုပ် ရာမှာ တစ်ယောက် နဲ့ တစ်ယောက် ဒါလောက် ကြာကြာ လက် တွဲကြတာ ရှားတယ် ။ ပွဲချစ်သူ ဇာတ်ထောင် တဲ့ သူ က ကိုယ့် အပေါ် ကောင်း တယ် ။ အရေးအခင်းကြီး ပြီး တော့ အစိုးရ က ည မထွက်ရ အမိန့် တွေ ထုတ် ၊ ဇာတ်သမားတွေ နှစ်နှစ် လောက် နား နေ ရတာ ။ အဲဒီ အချိန် မှာ ပွဲချစ်သူ ဇာတ်ထောင် က ကျွန်တော့် အိမ် ကို ဆန် လာ ပို့တယ် ။ ကိုယ့် အပေါ် မှာ အဲဒီလို ကောင်းတော့ ကိုယ် က လည်း ပြန် ကောင်းတယ် ။

ဇာတ်တွေ အတွက် သီချင်းတွေ ရေး တာတော့ အများကြီးပဲ ။ ချမ်းသာ တို့ ဇာတ် မှာ အပုဒ် ၃၀ လောက် ရှိတယ် ။ မော်လမြိုင် က ချစ်ဆူးငယ် ၊ ပခုက္ကူ က ဝင်းမင်း ၊ ချောက် က ရွှေမြန်မာ ၊ မြင်းခြံ အောင်ချမ်းသာ ဇာတ်အဖွဲ့ တွေ ရေး ပေးတယ် ။ မန္တလေး ဇာတ်တွေ ကတော့ လွတ် တဲ့ ဇာတ် နည်းတယ် ။

ကားကလေးနဲ့လည် သင်္ကြန်သီချင်း အကြောင်း ပြောရဦးမယ် ။ အိပ်မက် စေတမန် ဦးသန်းကြွယ် က ဥပုသ်သည် သင်္ကြန်စီးရီး အတွက် သီချင်းတစ်ပုဒ် ကို လို နေလို့ ရေးခိုင်းတာ နဲ့ ရေး လိုက်တာ ။

မန်ကျည်းရွက် ရောင်းတဲ့ ကလေး နှစ်ယောက် က အိမ်ရှေ့မှာ “ မန်ကျည်းရွက် သည်လေ ” ၊ “ မန်ကျည်းရွက်သည်လေ ” ဆိုပြီး အော်အော် ရောင်းတယ် ။ ဒီ သံစဉ် ကောင်းတယ် ဆိုပြီး “ ကားကလေးနဲ့လည် ” ရေးဖြစ်တာ ။ အဲဒီ သီချင်း က ပေါက် သွားပြီး အသံ ပြန် သွင်းတာ ခြောက်ကြိမ် ရှိပြီ ။

ကျွန်တော် ရေးခဲ့တဲ့ သီချင်း အားလုံး လိုလို ကို စီးရီး ထုတ်တဲ့ သူတွေ က ခွင့် တောင်းပြီး မှ သုံးတာ များတယ် ။ ကျွန်တော်ရေး တဲ့ “ ဂိမာန်နွေဦးဝယ် ၊ ပျော်ရွှင် စိတ်ကြည်နူးဖွယ် ၊ အဖော်ဆွေပေါင်းပါစုလို့ရယ် ” ဆိုတဲ့ သီချင်းသံစဉ် ကို အသားပြန် သွတ် စာမြောင် ကပ်ပြီး မန္တလေးမြို့သူလေးရယ် ဘာညာ လုပ် ဆိုတာတော့ ကြုံရ တယ် ။

ကျွန်တော် က ဇာတ်တွေ အတွက် သီချင်းတွေ ၊ အော်ပရာတွေ ရေး ပေး နိုင်ဖို့ ဝမ်းစာ ပြည့်ဖို့ စာ တော့ တော်တော် ဖတ် ရတယ် ။ ရုပ်ရှင်တွေ လည်း ကြည့် ရတယ် ။ ဝင်းဦး ရဲ့ မှုံရွှေရည် ဆို ၁၅ ခါ ပြန် ကြည့်တယ် ။ ဇာတ်ဝင် သီချင်းတွေ ကို ကြိုက်လို့ ။ မှုံရွှေရည် ထဲ က သီချင်းတွေ ကို ကွင်းလုံးကျွတ် လောက် ရတယ် ။ တစ်ကျော့နှစ်ကျော့ တေးကိုသီ ရုပ်ရှင်ကား မှာ လည်း သီချင်းကောင်းတွေ အများကြီး ပဲ ။ ကျွန်တော် အလွတ် ရတယ် ။ ဇာတ်သိမ်းသီချင်း ဆို ရင် ကျွန်တော် ကြိုက်လွန်း လို့ ရုပ်ရှင်ရုံ ဘေး ကို ပွဲ ပြီးခါနီး တိုင်း သွားသွား စောင့် နားထောင်တာ ။

သီချင်းတွေ က လူတွေ အပေါ် မှာ သြဇာ ရှိတယ် လို့ ကျွန်တော် ယုံကြည်တယ် ။ သီချင်း ရေးတဲ့ လူ တစ်ယောက် အနေနဲ့ လူတွေ ကို အတွေးအခေါ် အယူအဆ လွဲမှား သွား စေနိုင်တဲ့ သီချင်းမျိုး မရေးမိအောင် အထူး သတိ ထားတယ် ။ ကိုယ့် ကြောင့် လူငယ်တွေ လမ်းလွဲ ရောက်တာ မဖြစ်စေချင်ဘူး ။

ဥပမာ ဆိုပါတော့ ကိုယ် ကြိုက် နေတဲ့ မိန်းကလေး ကို မင်း လောက် ကိုယ့် အပေါ် ဘယ်သူ မှ မကောင်းဘူး ဆိုတာမျိုး ရေး လိုက်ရင် ကိုယ့် မိဘ ကျေးဇူး ကို ပစ်ပယ်ရာ ရောက် သွားတယ် ။

အစွန်း မရောက်အောင် ကျွန်တော် သတိ ထား ပါတယ် ။

◾ကျော်ရင်မြင့်

📖 အရောင်အသွေးအစုံစုံ
       ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment