Thursday, February 2, 2023

ရွှေစိုးဟန်


 

❝ ရွှေစိုးဟန် ❞

( ဘောဂဗေဒ ပန်းချီကား တစ်ချပ် )

အညာ တွင် ကျွန်တော် မချွတ်တမ်း ဝတ် ခဲ့သော အနွေးထည်ကြီး ကို ရန်ကုန်ရွှေမြို့တော် က အတင်း အဓမ္မ ပင် လှမ်းဆွဲ ချွတ် ပစ် လိုက်ပေသည် ။ ဆောင်းရက် များ ဆုတ်ခွာ ထွက်ပြေး သွားနေကြဆဲ ဖေဖော်ဝါရီလ ၏ အနှောင်းပိုင်း ရက် များကို ရောက်ရှိ လာသည့် တိုင် အညာ မှာ က တော့ ချမ်းဆဲ ၊ လွမ်းဆဲ ဖြစ်ပါသည် ။

ညနေ တိုင် တော့ လည်း အိမ်ရှေ့ တွင် မီးပုံကလေးတွေ ပုံ ကြမြဲ ဖြစ်ပါသည် ။ သို့ပေမဲ့ ရန်ကုန်မြို့ မှာ က ဖြင့် သည် သို့ မဟုတ်ပြန်ပါ ။ အနွေးထည် မပါသော လူရောင်စုံ တို့ က ပူနွေးသော ရန်ကုန် ညဦး ကို သည်အတိုင်း ဖြတ်သန်း သွား နေကြသည် ။

သည်တော့လည်း ကျွန်တော့် ကိုယ် ပေါ် က အနွေးထည်ကြီး ရန်ကုန် တစ်ညဦး ၌ ကျွတ် သွားခဲ့ခြင်း မှာ ဘာမျှ မဆန်းကြယ်လှပါ ။

ကျွန်တော် သည် အနွေးထည် ကို လက် တစ်ဖက် မှ ကိုင်ရင်း တရုတ်တန်း ထဲ ကို ဖြတ် ဝင် ခဲ့သည် ။ တရုတ်တန်း ထိပ် မှာ က အချဉ်ထုပ် ၊ အချဉ်ပေါင်း အမျိုးမျိုး ရောင်းသည့် ဆိုင်ကလေး များ ။ ဆီးထုပ် ကြိုက်သော ကျွန်တော့် သမီး က သည် တစ်ခါ တော့ ရန်ကုန် လက်ဆောင် အဖြစ် “ မေမေ့သမီး ” ဆီးထုပ်များ မှာ လိုက်သည် ။ ဒါကြောင့် သည် ဆိုင်ကလေးများ ရှေ့ သို့ ကျွန်တော် ရောက်လာ ခဲ့ခြင်း ဖြစ်ပါသည် ။

ထိုနေ့ က မေမေ့သမီး တံဆိပ် ဆီးထုပ် ကို ကျွန်တော် လိုသလောက် မရပါ ။ ကျွန်တော် က ၁၀ ထုပ် ပါ ၄၅ ကျပ် တန် အထုပ် ၁၀ ထုပ် လောက် လိုချင်သည် ။ ဆိုင် မှာ က လေးထုပ် လောက် ပဲ ရှိသည် ။ သည်တော့ တခြား တံဆိပ် နှင့် တွဲ ယူ သွားရန် ဆိုင်ရှင် က မေတ္တာ ရပ်ခံသည် ။

ကျွန်တော် က အမျိုးအမည် အား ဖြင့် ထွေပြားလှစွာသော ဆီးထုပ်ကမ္ဘာ ထဲ မှ လက်လှမ်း သင့်ရာ တစ်မျိုး ကို ယူ ကြည့် လိုက်မိသည် ။

ပန်းချီရွှေစိုးဟန် ဆိုပါလား ။ ကျွန်တော့် မျက်လုံး က ဖြန့်ကျင်း ထား သော ဆီးထုပ်ဗန်းကြီး ထဲ ကို ရောက် သွားသည် ။ ပူတူတူးလေးယိုစုံ တဲ့ ။ ဒါလည်း ရွှေစိုးဟန် ။ I Love Joy ယိုစုံ တဲ့ ။ ဒါလည်း ရွှေစိုးဟန် ။

အသား က ညိုညို ။ ဆံပင် က တိုတို ။ လူပုံ ပါးပါးပျပ်ပျပ် ။ ရှေ့သွားကလေး ကျဲတဲတဲ နှင့် ကူမဲသားကလေး ပန်းချီရွှေစိုးဟန် ကို ကျွန်တော် ဖျတ်ခနဲ သွား သတိ ရမိ လိုက်သည် ။ ဘာလိုလို နှင့် ပန်းချီရွှေစိုးဟန် နှင့်ကျွန်တော် မတွေ့တာ ကြာပြီ ။

သူ အရင် အိမ် မှာ ပဲ လား ၊ ကလေး ကော ဘယ်နှယောက် ရ နေပြီလဲ ။ ပန်းချီ မှ ဆွဲဖြစ် သေးရဲ့လား ။ ရန်ကုန် ရောက်တုန်း ရောက်ခိုက် ရွှေစိုးဟန် ဆီ ခဏ သွား လည်ရန် ကျွန်တော် စိတ်ကူး ပေါ် သွား ပေသည် ။

•••••  •••••••  •••••  •••••

နောက် တစ်နေ့ ညနေ စောင်း သော အခါ လေထန်ကုန်း သို့ ရောက် သွားပါသည် ။ ရွှေစိုးဟန် အိမ် နေရာ ကို တိတိကျကျ သိရန် အတွက် ဆရာဒီ ကို ပင် မေး ရ ပါသည် ။ ဆရာဒီ က ရေနွေးကြမ်းခွက် ထဲ သို့ လက် ထိုး နှစ် ပြီး နောက် လက်ဖက်ရည်စားပွဲ ပေါ် တွင် မြေပုံ ဆွဲ ပြပါသည် ။

“ ဟောဒါ တာမွေ အဝိုင်း ၊ သိတယ်နော် ၊ လင်းယုန်မောင်မောင် အိမ် ခင်ဗျား သိတယ် မဟုတ်လား ၊ ဟုတ်ပြီ .. ဒါ လင်းယုန်ကြီး အိမ် နေရာ ၊ ဒီမှာ ဒါက ဖြတ်လမ်း ၊ ဟောဒီ အလယ်နား လောက် မှာ မေးလိုက် ၊ ဒီမှာ ဒီမှာ ဒီနေရာ ၊ အဲ ... ခင်ဗျား ရွှေစိုးဟန် နေရာ ပဲ ”

ကျွန်တော် သိကျွမ်း ရင်းနှီးပြီး နေရာများ ဖြစ်၍ ဆရာဒီ လမ်းညွှန် ကို အလွယ်တကူပင် ကျွန်တော် သဘော ပေါက် ပါသည် ။ ဆရာဒီ ကတော့ သူ့ ဖတ်လက်စ စာအုပ် ကို သာ သဲကြီးမဲကြီး ဆက် ဖတ်၍ နေသည် ။

“ ဆရာဒီ ကိုရွှေစိုးဟန် က ဘာလို့ ပန်းချီ မဆွဲတော့တယ် မသိဘူးဗျာ ”

“ ကိုသာချို ရာ ခင်ဗျားတို့ အညာ မှာ ဆီဈေး ဘယ်လောက် ရှိတယ် ၊ နှမ်းဈေး ဘယ်လောက် ရှိတယ် ။ ခင်ဗျား ကျူရှင် ပြတာ တစ်နှစ် ဘယ်လောက် ရတယ် ၊ အဲဒါတွေ ပြောတာ က မှ စိတ်ဝင်စားစရာ ကောင်းဦးမယ် ၊ ခင်ဗျား က ပျင်းစရာတွေ လာ လာ ပြော နေတယ် ”

ဆရာဒီ စကား ကြောင့် ကျွန်တော် စကား ဆက် ပြောရန် နှုတ်တွန့် သွားမိသည် ။ ဆရာဒီ ကတော့ သူ့ စာအုပ် ကို သူ ဆက် ဖတ် နေမြဲ ။ ရွှေစိုးဟန် နှင့် ပတ်သက်သည့် ကျွန်တော့် စကား အစအန ကို လည်း သူ စိတ်ဝင်စား ဟန် မတူ ။ မြန်မာပန်းချီဆရာတွေ လောက မှာ ရွှေစိုးဟန် အကြောင်း ဟာ ဆွေးနွေးစရာ မကောင်း တော့ ပြီလား ။ ဒါကတော့ ကျွန်တော့် ထက် ပန်းချီဆရာများ က ပို၍ သိကြ ပေ လိမ့်မည် ။

••••••  •••••••  ••••••  ••••

ရွှေစိုးဟန် ကို ရွှေစိုးဟန် ဟု ပီပီသသ ရုပ်လုံး မပေါ်ခင် ကတည်း က ကျွန်တော် တစ်ကြိမ် တွေ့ခဲ့ ဖူး ပါသည် ။ ဖျတ်ခနဲ တွေ့ခဲ့ရခြင်း မျိုး ။ သည်တုန်းက ၁၉၈၀ ပြည့်နှစ် တစ်ဝိုက် ဟု ကျွန်တော် ထင်သည် ။ ၇၉ ၊ ၈၀ ၊ ၈၁ တစ်ခု ခု ပဲ ဖြစ်မည် ။ တွေ့သည့် နေရာ က ပုဇွန်တောင် ပန်းခြံ နံဘေး မှာ ဖြစ်သည် ။

အသက် နှစ်ဆယ် ဝန်းကျင် ခန့် လူငယ် တစ်ယောက် ။ အသား က အညာ ရောင် ပေါက် နေသည် ။ မည်းရုံ မက မွဲ၍ နေသော အသား ။ မျက်တွင်း ချောင်ချောင် ။ ညစာ အမြဲတမ်း ငတ် နေဟန် တူသည့် အကြည့် ။ မြီးတို ဂျပန်ဖိနပ် ။ ရှည်လျားသော ဆံပင်များ ။ သူ က ပန်းခြံသံတန်းများ ကို မှီ၍ အနာဂတ် မဲ့မဲ့ ထိုင်‌နေ သည် ။ သူ့ ဘေး မှာ က စက္ကူ ဖြင့် ကြော်ငြာ တစ်ခု ကပ် ထားသည် ။

လူ ပုံတူ အမြန် ။ တစ်ပုံ ငါးကျပ် ။

ပုံတူ အဆွဲ ခံသူ တစ်ယောက် မျှ မရှိသော သူ့ ကို ကျွန်တော် ရဲရဲ မကြည့်ဝံ့ ဘဲ ပုဇွန်တောင်ပန်းခြံ နံဘေး မှ ဖြတ်လျှောက် လာရင်း ရင် ထဲ မှာ စစ်ခနဲ ဖြစ်သွား မိသည် ။ သူ ဘယ်သူလဲ ၊ ကျွန်တော် မသိ ။ သူ ဘယ်ကလဲ ၊ ကျွန်တော် မသိ ။ သူ့ အနုပညာ ဘာလဲ ၊ ကျွန်တော် မသိ ။ ဒါပေမဲ့ လမ်းဘေး မှာ အနုပညာ ကို ဈေး ခင်း သလို ချခင်း ထားရသည့် အဖြစ် ကို တော့ ရင်နာစရာ ဟု ကျွန်တော် ထင်သည် ။

ထိုထိုသော လူငယ် တစ်ယောက် နှင့် ကျွန်တော် တို့ သည် ထို နေ့ မှ စပြီး မကြာခင် လပိုင်း အတွင်း မှာ ပင် ၄၅ လမ်း ထိပ် က ကိုညိုသစ် ၊ ကိုသန်းအုန်း တို့ ၏ မိုးဝေ စာပေမဂ္ဂဇင်းတိုက် တွင် ဘွားခနဲ ဆုံ ဖြစ် ကြပါတော့သည် ။

ကျွန်တော် က အဝင် ၊ သူ က အထွက်။ ဒါပေမဲ့ သူ့ ကို ကျွန်တော် ကောင်းကောင်း မှတ်မိလိုက်သည် ။ ကျွန်တော် မိုးဝေမဂ္ဂဇင်းတိုက် ထဲ ကို ရောက် သွားတော့ ပန်းချီဦးအောင်စိုး ကို တွေ့ ရသည် ။ ပန်းချီဦးအောင်စိုး က သူ့ ကို သမင်လည်ပြန် ကြည့်ရင်း ခေါင်း တဆတ်ဆတ် လုပ် နေသည် ။

“ အင်း ... ကျီးမည်းလေးတွေ ၊ ကျီးမည်းလေးတွေ ၊ သိပ် တော်တဲ့ ကောင်လေးတွေ ၊ ရွှေစိုးဟန် ဆိုတာ လေ ၊ တစ်ယောက် ရှိ သေးတယ် ၊ မုတ်သုန် တဲ့ ”

ပန်းချီဦးအောင်စိုး က ရွှေစိုးဟန် ဟု ဆို လိုက်တော့ ကျွန်တော့် စိတ် ထဲ တွင် မိုးဝေမဂ္ဂဇင်း အဖုံး တစ်ခု ကို ဖျတ်ခနဲ သတိ ရ လိုက်သည် ။ ကိုညိုသစ် ၊ ကိုသန်းအုန်း လက်ထက် မိုးဝေစာပေမဂ္ဂဇင်း များ က မျက်နှာဖုံး တွင် ပန်းချီ ကို သာ အသုံး ပြုခဲ့ကြသည် မို့ ထို ရွှေစိုးဟန် က လည်း မျက်နှာဖုံး ဝင် ဆွဲ ဖူးသည် ။ လယ် ထွန် နေသည့် ပုံ ။ သူ့ ထုံးစံ အတိုင်း ကောက်ကြောင်း အသိမ်းအဖွဲ့ များ ဖြင့် ။

ဪ ပုဇွန်တောင် ပန်းခြံ ဘေး မှာ လူ ပုံတူ ငါးကျပ် နှင့် ဆွဲ နေသူ မှာ ပန်းချီရွှေစိုးဟန် ပါ လား ။ ကျွန်တော် သူ့ ကို အထူး စိတ်ဝင်စား သွား မိပေသည် ။

•••••  ••••••  ••••••  ••••••

ရွှေစိုးဟန် နှင့် ကျွန်တော် တို့ သည် လူချင်း စတင်၍ မတွဲမိ ခင် အနုပညာချင်း စ၍ တွဲမိကြသည် ဟု ဆိုနိုင် လောက် ပါသည် ။ ၁၉၈၀ ပြည့်နှစ် ထဲ တွင် စစ်ပြန်မဂ္ဂဇင်း ၌ ကျွန်တော် အချစ်ဝတ္ထု တစ်ပုဒ် ရေးခဲ့ ဖူးပါသည် ။ ထို ဝတ္ထု ကို ရွှေစိုးဟန် က သရုပ်ဖော် ပါသည် ။ လက်သည်း ရှည်ရှည်ကလေးများ ဟူသော ဝတ္ထု ။

သူ့ ဝတ္ထု သရုပ်ဖော် ပုံ ကို ကြည့်ပြီး သူ နှင့် ကျွန်တော် တွေ့ချင် သွား မိသည် ။ အကြောင်း တိုက်ဆိုင် ချင်တော့ ထိုစဉ် က ကျွန်တော် သည် ရန်ကုန်တက္ကသိုလ် ၌ ကျောင်း တက် နေဆဲ ဖြစ်ရာ ဧရာဝဏ်သွေးဆေး မှ ကိုကျော်ဝင်း နှင့် ပါ ရင်းနှီး နေခဲ့သည် ။ ကျွန်တော် က ကိုကျော်ဝင်း သွေးဆေး အတွက် “ ပြည်ရွာ အမွန် ၊ စေတနာ တံခွန် ၊ ဧရာဝဏ် ” ဟူသော ကြော်ငြာ ကို ရေး ပေးသည် ။ ရွှေစိုးဟန် က လည်း ဧရာဝဏ်သွေးဆေး အတွက် ဒီဇိုင်းများ စ ရေး နေစ ကာလ ဖြစ်ရာ ကိုကျော်ဝင်း နှင့် သိပြီး ဖြစ်သည် ။

သည်တော့ ကျွန်တော် နှင့် ရွှေစိုးဟန် တို့ သည် ဧရာဝဏ်ကိုကျော်ဝင်း မှ တစ်ဆင့် သိကျွမ်း ရင်းနှီး သွားကြ ပါတော့သည် ။

ရွှေစိုးဟန် က ကူမဲ သား ။ ကျွန်တော့် လို ပင် ၅၈ ခုနှစ် ဖွား ဖြစ်သည် ။ သူ မန္တလေး ပန်းချီကျောင်း မှာ ကိုမုတ်သုန် ၊ တဂိုးမျိုး တို့ နှင့် အတူ တက်ဖူးသည် ။ ဒါပေမဲ့ သူ ရော တဂိုးမျိုး ပါ ကျောင်း မပြီး လိုက်ကြ ။ ၁၉၇၉ ခုနှစ် မှာ တော့ ရန်ကုန် ကို ဆင်း လာသည် ။ ကိုပိုင်သ ၊ ကိုရန်ပိုင် တို့နှင့် အတူ အဆောင် ငှား နေသည် ။

“ ကိုပိုင်သ က ဒီဇိုင်း ရတယ် ဗျ ။ ကွန်ပါ လှည့်တာတို့ ဘာတို့ တအား ကျွမ်းတာ ၊ ကိုရန်ပိုင် ကတော့ မြို့ ထဲ ကနေ အလုပ် ရှာ ရှာလာတယ် ၊ ကျွန်တော် က အဆောင် ကနေ ဒိုင်ခံ ဆွဲ ပေါ့ ၊ ဒါနဲ့ ထမင်း စား ကြရတာပါပဲ ”

နောက်ပိုင်း မှာ တော့ ရွှေစိုးဟန် ဘဝ က ဆက်တိုက် ရွေ့လျား နေသည် ။ အဆောင် မှာ နေ နေရာ က သင်္ဃန်းကျွန်း ဘက် က ဘုန်းကြီးကျောင်း တစ်ကျောင်း ကို ရောက် သွားသည် ။ နောက်တော့ ၃၃ လမ်း ထဲ က ကိုမင်းသစ် ကျူရှင်ကျောင်း ကို ရောက်သွား ပြန်သည် ။

“ ရန်ကုန် က အဝင် ကြမ်းတယ် ကိုသာချို ရာ ၊ ဒီတုန်းက နေ့တိုင်း ထမင်း နပ် မမှန်တာပါ ။ လူ ကို ခါးပိုက်နှိုက် ရုပ် ကို ပေါက် နေတာပါပဲ ”

သည် စကား ကို ကြား တော့ ကျွန်တော် ပြုံး လိုက် မိပါသည် ။ ခါးပိုက်နှိုက် ဟူသော စကား ကြောင့် ဖြစ်ပါသည် ။ တကယ် လည်း ရွှေစိုးဟန် ကို ခါးပိုက်နှိုက် ဟု ထင်သူ က ထင်သွား ခဲ့ကြဖူး၍ ဖြစ်ပါသည် ။ တစ်ခါ တွင် ကူမဲ မှ ငါးခြောက်ကုန်သည် တစ်ယောက် ရန်ကုန် ရောက် လာခိုက် ရန်ကုန် လောကဓံ ကြား တွင် ခြေကုန် လက်ပန်း ကျ နေ သော ရွှေစိုးဟန် ကို တွေ့သွားခဲ့သည် ။

အသား ညိုညစ်ညစ် ၊ ဆံပင် ရှည်ရှည် ၊ လွယ်အိတ်စုတ် တစ်လုံး ၊ ထမင်း နပ်မမှန် သည့် မျက်ခွက် နှင့် လူငယ် တစ်ယောက် ။ ထို ငါးခြောက်ကုန်သည် က ရွှေစိုးဟန် ကို ခါးပိုက်နှိုက် ဖြစ်နေပြီ ဟု ထင် သွားကာ ကူမဲ က ရွှေစိုးဟန် မိခင်ကြီး ထံ “ တော့် သား ရန်ကုန် မှာ ခါးပိုက်နှိုက် ဖြစ်နေပြီ ” ဟု သတင်းပေးသည် ။

သည်မှာ တင် ရွှေစိုးဟန် မိခင်ကြီး ရန်ကုန် ဆင်းချ လာပါသည် ။ သို့သော် သား ဖြစ်သူ ဘယ် အရပ် မှာ နေသည် ကို သူ မသိ ။

သရက်တော ကျောင်းတိုက် မှာ တည်းခို ရင်း ၃၃ လမ်း ထိပ် က ဝါဇီ မှာ အနုပညာသမားတွေ ထိုင် တတ်သည် ဟု ဆို၍ ဝါဇီလက်ဖက်ရည်ဆိုင် မှာ တစ်နေ ကုန် လာ ထိုင် စောင့်သည် ။ ဝါဇီဆိုင်ပိုင်ရှင် က အညာသူကြီး ကို ကရုဏာ သက်ပြီး ကဗျာဆရာများ မှ တစ်ဆင့် နောက် တစ်နေ့ ချိန်း ပေးရာ သားနှ င့် အမေ ပြန် တွေ့ ကြသည် ။

“ အမေ က ဗျာ တွေ့တွေ့ ချင်း ငိုတာပါပဲ ၊ ငါ့ သား ခါးပိုက်နှိုက် ဖြစ်နေပြီ ကြားလို့ လိုက် လာတာ တဲ့ ၊ ကျွန်တော့် မှာ နားလည် အောင် မနည်း ရှင်းပြ လိုက်ရတာ ဗျာ ၊ အဲဒါ ပြန်တော့ ငွေ ၅ဝ ပေး သွားတယ် ၊ ပန်းချီ ပဲ ဆွဲ တဲ့ ၊ ခါးပိုက်နှိုက် လိုင်း ထဲ မဝင်နဲ့ တဲ့ ၊ မှာသွားသေး ဗျာ ”

သည်လို လည်း ရွှေစိုးဟန် ကျွန်တော့် ကို ရင်ဖွင့် ဖူးသည် ။

သည့် နောက်ပိုင်း တွင် တော့ ရွှေစိုးဟန် ပန်းချီဦးအောင်စိုး အိမ် ကို ရောက် သွားသည် ။ ထို အိမ် မှ တစ်ဆင့် တစ်ယောက် တည်း အိမ်ငှား နေသည့် အဆင့် ကို ရောက်သွား ပြန်ပါသည် ။ ဧရာဝဏ်သွေးဆေး ၏ ကျေးဇူး ဟု ကျွန်တော် က နားလည်သည် ။

“ ခုတော့ ကိုရွှေစိုးဟန် အဆင် ပြေတယ် မဟုတ်လား ”

ကျွန်တော် က ပွင့်ချင်တိုင်း ပွင့်ထွက် နေသည့် သူ့ ရင်ဘတ်ကြီး ကို အနားသတ် ပေး ရသည် ။

“ မဆိုးပါဘူး ကိုသာချို ၊ တစ်လောက တွင် ကူမဲ ကို ကက်ဆက် တစ်လုံး ဝယ် ပို့ လိုက်တယ် ၊ အမေ က တရားခွေလေး တွေ နားထောင်ချင် လို့ တဲ့ ”

“ ခါးပိုက်နှိုက် ထံ မှ တရားခွေများ ပေါ့ ”

“ ခင်ဗျား က တော့ နောက်ပြီ ၊ အေးဗျာ ကြော်ငြာလေးတွေ ရေး လို့သာ .. ။ မဂ္ဂဇင်း သရုပ်ဖော်ပုံ နဲ့ က မလွယ်ဘူး ၊ တစ်ပုံ လေးဆယ် လေ ”

ရွှေစိုးဟန် က ဘဝ ကို ငေးရီ ၍ နေသည် ။

မှန်ပါသည် ။ တစ်ရောင် တစ်မျက်နှာ ငွေလေးဆယ် နှင့် က တော့ .……။ ကျွန်တော်တို့ ဆီ က အနုသုခုမ ပညာရှင်များ ၏ အကြောင်း ကို စဉ်းစားမိရင်း ကျွန်တော့် ရင် ထဲ လေးပင် ၍ သွားသည် ။

နောက်ပိုင်း မှာ တော့ မဂ္ဂဇင်း စာမျက်နှာများ ပေါ် မှာ ရွှေစိုးဟန် သရုပ်ဖော်ပုံ တွေ ကျဲပါး၍ သွားသည် ။ ဒါပေမဲ့ နောက်ကျောဖုံးတွေ ပေါ် မှာ ကတော့ မောင်မောင်လှမြင့် နှင့် အပြိုင် ။ သွေးဆေး ၊ ဆေးပေါ့လိပ် နှင့် သနပ်ခါးတွေ ကြား ကို ကျွန်တော်တို့ ပန်းချီဆရာ ရောက် ၍ သွားသည် ။

ကြော်ငြာလုပ်ငန်းရှင်များ က ကြိုတင် ၍ ပေး လာသော ငွေကြေး ဖြင့် ရွှေစိုးဟန် တစ်ယောက် ဆိုင်ကယ် ဝယ်လိုက် ကြောင်း သတင်း ကြား ရသည် ။ ဒါပေမဲ့ ထူးဆန်းသည် က ရွှေစိုးဟန် သည် ဆိုင်ကယ် မစီးတတ် ။ စီး တတ် လျှင် လည်း ရန်ကုန် လမ်းမများ ပေါ် မှာ သူ စီးနင်း သွားရန် မဖြစ်နိုင် ။ ဘယ်လိုများ ဖြေရှင်း ပါ လိမ့် ။ နောက်တော့ သတင်း တစ်ခု ကျွန်တော့် ထံ ရောက် လာသည် ။

ရွှေစိုးဟန် ဆိုင်ကယ် ဒရိုင်ဘာ တစ်ယောက် ငှားထားလိုက်ပြီ တဲ့ ။ ပထမ တော့ ကျွန်တော် က သည် သတင်း ကို နောက် နေသည် ဟု ထင် ထား လိုက်သည် ။ နောင် မထင်မှတ်သော နေ့ တစ်နေ့ တွင် သက်သေသက္ကာယ နှင့် တွေ့ မှ ယုံလိုက်ရခြင်း ဖြစ်ပါသည် ။

ထိုနေ့ က ချယ်ရီမဂ္ဂဇင်းတိုက် ရှေ့ တွင် ဖြစ်သည် ။ ဆိုင်ကယ် ဒရိုင်ဘာ က ဘောင်းဘီရှည် နှင့် ဘာနှင့် ၊ မျက်မှန် နှင့် ဦးထုပ် နှင့် ၊ အချိုးအစား ကျကျ လူငယ် တစ်ယောက် ။ ဆိုင်ကယ် ကို ခွပြီး ရပ်စောင့် နေသည် ။ ပိုင်ရှင် ရွှေစိုးဟန် က ချယ်ရီမဂ္ဂဇင်းတိုက် ထဲ မှ ထွက် လာကာ နောက် မှ မမှီမကမ်း ခွ တက်သည် ။

“ အိမ်ပြန်မယ် ” တဲ့ ။

သူများ ဆိုင်ကယ် လိုက် ကပ်စီး ရသည့် ပုံစံ ဖြင့် ပြန် ထွက် သွား သော ရွှေစိုးဟန် နောက်ကျော ကို ကြည့် ကာ ကျွန်တော် ပြုံး နေ မိသည် ။ သည် ဆိုင်ကယ်ဒရိုင်ဘာ က ဧရာဝဏ်သွေးဆေး ကိုကျော်ဝင်း အဆက်အသွယ် ဖြင့် ရ ထားကြောင်း နောင် မှ ကျွန်တော် သိ လာ ရသည် ။

သို့သော် ဒရိုင်ဘာ ဖြင့် ခွစီး နေကြသော ၊ တစ်သောင်း နှစ်ထောင် ပေးရသည် ဆိုသော ထို Twin 125 ဆိုင်ကယ်ကြီး သည် ပန်းချီရွှေစိုးဟန် ထံ ၌ ခဏ သာ နားခို ခဲ့ ပေသည် ။

••••••  •••••••  ••••••  •••••

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် တွင် ဆရာပေါက်စ ဖြစ်ခါစ နှစ်များ တွင် ရွှေစိုးဟန် ထံ မှ ဖိတ်စာ တစ်စောင် ရောက် လာပါသည် ။ မင်္ဂလာဆောင် ဖိတ်စာ ။

ကျွန်တော့် နာမည် ကို ရှေ့ဆုံး မှာ တပ်၍ အောက် တွင် သူ နှင့် ရင်းနှီးသူ တချို့၏ အမည်များ ကို တန်းစီ ရေးချ ထားပါသည် ။ သို့ပေမဲ့ ထို မင်္ဂလာပွဲ ကို ကျွန်တော် မသွား ဖြစ် လိုက်ပါ ။

ကျွန်တော် ကြား ရသလောက် က သူ ငှားရမ်း နေထိုင်ရာ အိမ်ရှေ့ အိမ် မှ မိန်းကလေး ဟု သိ ရသည် ။ မိန်းကလေး က ကိုးတန်း ကျောင်းသူ ။ ည တွင် ပန်းချီ ဆွဲသော ပန်းချီဆရာ နှင့် ည တွင် စာကြည့်သော ကျောင်းသူမ တို့ ၏ မေတ္တာဇာတ်လမ်း ပင် ဖြစ် ပေမည် ။

သူတို့ အိမ်ထောင်ဦး ဇာတ်လမ်း နှင့် ပတ်သက်၍ စိတ်ဝင်စားစရာလေး တစ်ကွက် တော့ ရှိသည် ။

မင်္ဂလာပွဲ အတွက် ညှိနှိုင်း စကား ဆိုရန် ပန်းချီ ဦးအောင်စိုး နှင့် ဆရာအောင်ပြည့် ကို ရွှေစိုးဟန် က အကူအညီ တောင်းသည် ။

ပန်းချီဦးအောင်စိုး ရော ဆရာပြည့် က ပါ သည်လို ကိစ္စမျိုး နှင့် ပတ်သက်၍ မျက်နှာ မရဲကြ ။ ဆရာပြည့် က ယမကာ နည်းနည်း မှီဝဲ သွားသည် ။

သည်တော့ မိန်းကလေး ၏ ဖခင် က အမြင် တိမ်း ကာ မကျေမနပ် ဖြစ်သည် ။ လိုက် ရိုက်၍ လူကြီး နှစ်ယောက် ထွက်ပြေး ရသည် ဆိုလား ကျွန်တော် ကြားသည် ။

နောက်တော့လည်း အစစ အရာရာ အဆင်ပြေ သွားဟန် တူ ပါသည် ။

သို့ဖြင့် သူတို့ မင်္ဂလာပွဲ အပြီး မကြာခင် ရက် များ မှာပင် ရွှေစိုးဟန် နှင့် ကျွန်တော်တို့ မြို့ထဲ တစ်နေရာ တွင် ဆုံဖြစ် ကြ ပါသည် ။

ထိုနေ့ က ဇောင်းထက် လည်း ပါသည် ။ ရွှေစိုးဟန် ထံ တွင် ကား ဆိုင်ကယ် မရှိတော့ပါ ။

“ ကိုရွှေစိုးဟန် ၊ ခင်ဗျား ဆိုင်ကယ် ကော ဗျ ”

“ ဟဲ ... ဟဲ... မိန်းမ နဲ့ လဲ လိုက်ပြီ လေ ဗျာ ”

သူ က ရယ်ကျဲကျဲ ဖြေသည် ။ သည်တွင် ဇောင်းထက် က စကား ဝိုင်း ထဲ အသော ဖြင့် ဝင် လာသည် ။

“ ဘယ့်နှယ်လဲ အခြေအနေ က ”

“ အင်း ... သဘောချင်း က တော့ အတူတူပါပဲ ကိုဇောင်းထက် ရ ”

“ ဒရိုင်ဘာ ငှားဖို့ ကော အစီအစဉ် ရှိသေးလား ”

“ ဟာဗျာ ... နောက်ပြီ ”

အညာသား ၏ မျက်နှာညိုညို မှာ ရဲ ၍ သွားလေသည် ။ မှန်ပါသည် ။ သူ့ ဆိုင်ကယ် ကို ဦးထုပ် ပါ အပါအဝင် တစ်သောင်း တစ်ထောင် ဖြင့် ရောင်း လိုက်ပြီး မင်္ဂလာ စရိတ် ၊ အိမ်ထောင်ဦး အခြေတည်စ စရိတ်များ ထဲ သို့ သူ ထိုး ထည့် လိုက် ရ ပါသည် ။

“ ကိုသာချို ရာ ၊ ဆရာအောင်စိုး နဲ့ ပတ်သက်ပြီး ကျွန်တော် မျက်ရည် ကျ တယ် ဗျ သိလား ၊ မင်္ဂလာဆောင် ဖိတ်စာ မှာ ဆရာ့ နာမည် ထည့်ပါရစေ ဆိုတော့ လေ “ ဦးအောင်စိုး ၏ သားတပည့် ” လို့ ထည့်ခွင့် ပေးခဲ့တယ် ။ ကျွန်တော် ကျေနပ်တယ် ဗျာ ”

ရီဝေ ရီဝေ ဖြင့် စကား ဆို လာသော ရွှေစိုးဟန် ၏ မျက်နှာ ကို ကျွန်တော် ရော ဇောင်းထက် ပါ ငေး ကြည့် နေမိခဲ့ကြလေသည် ။

•••••  •••••  •••••  •••••

ရွှေစိုးဟန် အပေါ် ၌ ကျွန်တော် ပထမဦးဆုံး အကြိမ် စိတ်ပျက် သွား မိသည် မှာ ကျွန်တော်တို့ အိပ်မက်ဖူးမဂ္ဂဇင်း ထုတ်ဝေ နေစဉ် ကာလ က ဖြစ်ပါသည် ။ သည်တုန်း က သရုပ်ဖော် ပုံ တစ်ပုံ လောက် သူ့ ဆီ က လိုချင် သဖြင့် ကျွန်တော် က သွားခဲ့ခြင်း ဖြစ်ပါသည် ။

သို့သော် ကျွန်တော် ပန်းချီဆရာ ကို ကျွန်တော် မြင်ရသည် က မသက်သာလှပါ ။ ကိုယ် အပေါ်ပိုင်း မှာ ဗလာ ဖြစ်ပါသည် ။ လုံချည် ကို ခါးတောင်းကျိုက် ၍ ထား ပါသည် ။ စုတ်ပြား အကြီးကြီး တစ်ခု ကို ကိုင် ၍ ထားပါသည် ။ နံဘေး မှာ က သင်္ဘောဆေးဘူး တွေ ။ တစ်ပေ ပတ်လည် လောက် ရှိသည့် ပျဉ်ချပ်တွေ က တောင်ပုံ ရာပုံ ။ ကျွန်တော့် အထင် ငါးရာ နှင့် တစ်ထောင် ကြား ရှိလိမ့်မည် ဟု ထင်သည် ။ ရေးပြီး အခြောက် ခံထားသည့် ပျဉ်ချပ်များ ပေါ် မှာ က “ အောင်တံခွန်နည်းပြ ” ဟု တွေ့ နေ ရသည် ။ လမ်းဘေး သစ်ပင်များ တွင် လိုက် ရိုက် ကပ် ရသည့် ကျူရှင်ကြော်ငြာ အသေးစားကလေးများ ။

“ နောက် တစ်ပတ် လောက် ကြာမှ လာပါလား ကိုသာချို ၊ ကျွန်တော် ဆွဲထားလိုက် မယ် ”

စင်စစ် ကျွန်တော် အပ်သော သရုပ်ဖော်ပုံ ကို ဆွဲပေးမည် ဟု သာ ပြော နေ သော်လည်း ရွှေစိုးဟန် တစ်ယောက် စိတ်ဝင်စား ဟန် မတူပါ ။ တစ်ရောင် တစ်မျက်နှာ ကို ငွေ ၁၀၀ ဝန်းကျင် လောက် သာ ချီးမြှင့် နိုင်သည့် မဂ္ဂဇင်း သရုပ်ဖော် ပန်းချီ ရေးခ သည် ကြော်ငြာရေးခ ၏ အစွန်းထွက် လောက် သာ ရှိသည် မို့ သူ့ အတွက်တော့ မက် လောက် စရာ ရှိဟန် မတူပါ ။

အိမ် နောက်ဘက် မှာ က သူ့ အမျိုးသမီး ဖြစ်သူ က ကလေး ကို ပုခက် ဖြင့် လွှဲ သိပ် နေသည် ။ သူ့ ခေါင်းရင်းခန်း မှာ က “ ငါ့ ဘဝ ရဲ့ဆရာ ၊ ငါ့ ဘဝ ရဲ့ အခရာ ဟာ ပန်းချီဦးအောင်စိုး ဖြစ်တယ် ” ဟူသော စာတန်းကြီး က နေရာ ယူ ထားသည် ။

သို့ဖြင့် ရွှေစိုးဟန် ကို နှုတ်ဆက် ပြီး ကျွန်တော် ပြန်လာခဲ့ပါသည် ။ လမ်း တစ်လျှောက် မှာ က တော့ ရွှေစိုးဟန် နှင့် ပတ်သက်ရာရာ အတွေးစ များ ။

တချို့က ရွှေစိုးဟန် ကို ပြော ကြသည် ။ မဂ္ဂဇင်း သရုပ်ဖော် ပန်းချီများ က ပင် ကြော်ငြာ ဆန်ပြီ ဟူ၍ ဖြစ်ပါသည် ။ သည်မှာ ရွှေစိုးဟန် က တုံ့ပြန် ပါသည် ။ သူ့ ကြော်ငြာတွေ က လည်း အနုပညာ ဆန်နေပါသည် တဲ့ ။ တချို့ ကတော့ ရွှေစိုးဟန် ၏ လက်ရာ ကို သေသွားပြီ ဟု ဆိုကြသည် ။ ရွှေစိုးဟန် က ဆေးတစ်ဖုံ ရ ဖို့ ဘယ်လောက် ကြိုးစားရတယ် မှတ်သလဲ ဟု တုံ့ပြန် လာ ပြန် ပါသည် ။

ကျွန်တော့် အနေ နှင့် ကတော့ မိသားစု ဘဝ ကို နားလည်ပါသည် ။ မိသားစု တစ်ခု ကို တည်ထောင် ထား သူ သည် မိသားစု တာဝန် ကို လည်း ယူဆောင်ရမည် ဖြစ်ပါသည် ။ မယူဆောင် လို လျှင် မတည်ထောင် ရုံ သာဖြစ်ပါသည် ။ သို့သော် တစ်ဖက် က လည်း ကိုယ့် ယုံကြည်ချက် ကို တော့ အကောင်အထည် ဖော် နေသင့်သည် ဟု ကျွန်တော် က ထင်သည် ။ ခုတော့ ရွှေစိုးဟန် သည် အားလုံး ကို လွှတ်ချ လိုက်ပြီလား ဟု ပင် အထင် ရောက် လာပါသည် ။

နောက် တစ်ပတ် အကြာ မှာ တော့ ရွှေစိုးဟန် ထံ ကျွန်တော် တစ်ခေါက် ထပ် ရောက် ပါသည် ။ ပို၍ မသက်သာသော မြင်ကွင်းပင် ဖြစ်ပါသည် ။ ခရီးသွား အိတ် ကို သူ ပြင်ထား ပြီးပြီ ။

“ လာ ... ကိုသာချို ၊ ပြန်လာ မှ တွေ့ကြရအောင်ဗျာ ၊ ကျွန်တော် ခု မော်လမြိုင် သွား မလို့ ”

ရွှေစိုးဟန် မော်လမြိုင် ကို သွားမည် ဖြစ်သည် ။ သူ မော်လမြိုင် ဈေးကြီး နား မှာ ကျားပျံမကောက် ဆေးပေါ့လိပ် ကြော်ငြာကြီး ကို သွား ရေးပေးမည် ဖြစ်သည် ။ ခရီးစရိတ် ၊ စားစရိတ် အပြီး အငြိမ်း ထောင်ချီ ရမည့် အလုပ် ဖြစ်သည် ။ သူ က လက် သုံးချောင်း ကို ထောင် ပြသည် ။

“ သုံးထောင် ရမယ် ဗျာ ၊ ကြာလှ တစ်ပတ် ပေါ့ ၊ ကျွန်တော် တစ်ခု တော့ ပြောထားချင်တယ် ကိုသာချို ရာ ၊ ကိုယ့် ကိုယ် ကိုယ် မော်ဒန်ပန်းချီဆရာကြီး လိုလို ဖြစ်အောင် လုပ်နေပြီး အိမ် မှာ စားစရာ မရှိ ၊ ကလေးတွေ က အစ ကျောင်း မနေနိုင် ဆိုတာမျိုးတော့ ကျွန်တော် လက် မခံ နိုင်ဘူး ဗျာ ”

သူ က ပန်းချီဆရာ တစ်ဦး ကို ရည်ညွှန်း ဟန် တူပါသည် ။ ကျွန်တော် သည် ရွှေစိုးဟန် ကို ကြည့်ပြီး ပြင်သစ် ပန်းချီဆရာ ဂေါ်ဂင် အကြောင်း ကို ဖျတ်ခနဲ သတိ ရ မိသည် ။ သားငယ် ကလိုဗစ် နှင့် အတူ နေသော ဂေါ်ဂင် တစ်ယောက် ထမင်း ငတ် လာသော အခါ တစ်နေ့ ငါးကျပ် နှင့် ကြော်ငြာ လိုက် ကပ်သော အလုပ် ကို ဂေါ်ဂင် လုပ်ခဲ့ရသည် ။ လက် တစ်ဖက် မှာ က ကုမ္ပဏီ က ပေး လိုက်သည့် ကြော်ငြာ ပိုစတာများ ၊ လက် တစ်ဖက် မှာ က ကော်ပုံး ။

ကျွန်တော့် ရင် ထဲ တွင် ရွှေစိုးဟန် ကို ထည့်ကာ မောလျ ၍ သွားသည် ။ မော်လမြိုင် က ပြန်လာ မှ တွေ့ကြမည် ဟု ဆိုသော်လည်း ကျွန်တော် သူ့ ဆီ မသွားဖြစ်တော့ ။

•••••  ••••••  ••••••  ••••••

ပန်းချီဆရာ တိုင်း တွင် သူ့ အားသာချက် နှင့် သူ ရှိတတ်ကြသည် ဟု ကျွန်တော် ထင် ပါသည် ။ ဥပမာ ပန်းချီဇော်ဝင်း ဟု ဆိုလျှင် ငှက်ပျောသီးပုံ အရေး ကောင်း သောကြောင့် ဇော်ဝင်း ( ငှက်ပျောသီး ) ဟု ပင် ယှဉ်တွဲပြီး သိ နေ ကြပါသည် ။

ရွှေစိုးဟန် က တော့ ဒေါင်းပုံ အရေး ကောင်း သူ ဖြစ်သည် ။ သည် ဒေါင်းပုံ ကို လည်း သူ က အေးအေးဆေးဆေး အချိန် ယူ ကာ ဆွဲခဲ့သည် မဟုတ် ။ မိုးတွေ လေတွေ တဝေါဝေါ တိုက်ခတ် နေစဉ် လျှပ်တစ်ပြက် ဆွဲ ခဲ့ ခြင်း ဖြစ်သည် ။ အပြင်မှာ က တော့ လူတွေ ... လူတွေ ၊ ပျားပန်းခပ် လျက် ။ သူတို့ ရင်ခုန်သံတွေ လှိုင်းရိပ် ပြေး နေသည် ထင်၏ ။

ရွှေစိုးဟန် က ကောက်ကြောင်း ခြစ် တာ မြန်သည် ။ အစ အဆုံး မျဉ်း တစ်ကြောင်း တည်း ဖြင့် သူ့ ဒေါင်းပုံ ကို ရေးခြစ် ပစ် လိုက်သည် ။ လည်ဆံမွေးတွေ တဖွားဖွား ၊ ရှေ့ခြေ နောက်ခြေ ကားကား ဖြင့် ။ လှပ ကြွရွ လိုက်သည့် ကောက်ကြောင်း ။ သည် ကောက်ကြောင်း ကို မြင်သူ တိုင်း ကြိုက်သည် ။ ကြိုက်သူ တိုင်း လိုချင် ကြသည် ။

သို့ဖြင့် သူ့ ကောက်ကြောင်းကလေး အနုပညာ ချစ်သူများ လက် ထဲ အတော် ပျံ့နှံ့ သွားခဲ့သည် ။ သည် အတွက်တော့ ဖြင့် ရွှေစိုးဟန် ကို ကျွန်တော် ချီးကျူး ဦးညွှတ် ရ ပါသည် ။

•••••  ••••••  ••••••  •••••

သည်သို့ သည်နှယ် ပတ်သက်ခဲ့ ၊ ရင်းနှီး ကျွမ်းဝင်ခဲ့ ရသည့် ရွှေစိုးဟန် ထံ သို့ သည် တစ်ခါ ရန်ကုန် အဆင်း မှာ ဖြင့် ကျွန်တော် ရောက်သွား ခဲ့ ပါသည် ။ မတွေ့ တာ ကြာပြီ မို့ တာမွေ အဝိုင်း နား က ယမကာဆိုင်ကလေး ကို ကျွန်တော်တို့ နှစ်ယောက် ရောက် သွား ကြသည် ။

ကျွန်တော် က လောလောဆယ် ဆီးထုပ် ကြော်ငြာများ ကြား တွင် ရောက် နေသော ရွှေစိုးဟန် ကို ငေးကြည့် နေ မိသည် ။ မောင်ပေါက်ကျိုင်းယိုစုံ ၊ ပျိုပျိုမေ ယိုစုံ ၊ ချို ယိုစုံ ၊ သူရဲကောင်းယိုစုံ ၊ လောပန်းယိုစုံ ၊ ထောင်ကဲယိုစုံ ၊ ပင်ဂွင်းယိုစုံ ၊ စွန်ရဲယိုစုံ ၊ အိမယိုစုံ ၊ ကံပွင့်ယိုစုံ ၊ ရှင်းရှင်းယိုစုံ ၊ ပူတူတူးလေးယိုစုံ ၊ ချစ်တယ်မီးရယ်ယိုစုံ ၊ I Love Joy ယိုစုံ ၊ ရှိုင်းရှိုင်းမုန့်တိုက် ၊ နတ်သုဒ္ဓါကွတ်ကီး ။ သည် တံဆိပ်တွေ အားလုံး ကို ရွှေစိုးဟန် ထုတ်လုပ် နေသည် ။

ဒါတင် မ က ဓားနှစ်လက် ချည်ချောလုံချည် ၊ ကျောက်ရိုင်းလုံချည် ၊ ရွှေလီလုံချည် တံဆိပ် တွေ ကို လည်း ရွှေစိုးဟန် ထုတ်လုပ် သည် ။ ပြီးတော့ အိချော အသားလှ သနပ်ခါး ၊ မောင့်အတွက် အသားချော သနပ်ခါး ၊ ရွှေမန်းတောင် သွေးဆေး ၊ ဧရာဝဏ် သွေးဆေး ၊ ရွှေငါးပျံ ဆေးပေါ့လိပ် စသည် စသည် ။ ကြော်ငြာ တစ်ခု တစ်သောင်း ပတ်လည် ရ နေသော ရွှေစိုးဟန် ပန်းချီ ကား မရေး ဖြစ် သည် မှာ ဆန်းတော့ မဆန်းလှပါ ။

“ ဒီမှာ ကိုသာချို ၊ ကျွန်တော် ငွေ ရှာ နေတာ ကို ခင်ဗျား က ဘယ်လို မြင် နေလဲ ၊ ကျွန်တော် တစ်ခါ က သွေးဆေးလုပ်ငန်းရှင် တစ်ယောက် ဆီ က ငွေတွေ ကြို ယူထားခဲ့ မိတယ် ၊ အဲဒီ ပုဂ္ဂိုလ် ကျွန်တော့် အိမ် ရောက် လာတော့ ကျွန်တော့် သား က သူ့ ဆီ ကို လေးဖက် ထောက် ပြီး ယက်ကန် ယက်ကန် နဲ့ သွားတယ် ...၊ သူ က ကလေး ခေါင်း ကို ခြေထောက် နဲ့ လှမ်း ဖိ ထားတယ် ဗျာ ၊ ကျွန်တော် ပြော လိုက်တယ် ၊ ခင်ဗျား အကြွေး ကျွန်တော့် ပေါ် မှာ ရှိတယ် ။ ကျွန်တော့် သား ပေါ် မှာ မရှိဘူး လို့ ။ ငွေ …. ငွေ … အရေးကြီးတယ် ဗျာ ”

ရွှေစိုးဟန် က အရက် ကို ဒသဂီရိ မော့ မော့ချ ပစ် လိုက်သည် ။

“ ကျွန်တော် မဂ္ဂဇင်းတွေ နဲ့ တော်တော် ဝေး သွားတယ် ဗျ ၊ အဲ သီလဝ ၊ သစ္စာ ၊ တရားရိပ်မြိုင် အဖုံးကလေးတွေ တော့ ဆွဲဖြစ် ပါတယ် ။ နောက် ဘာသာရေး စာအုပ် အဖုံးကလေး တွေ ။ တစ်ခု ရှိတယ် ကိုသာချို ၊ ကျွန်တော် ကြော်ငြာတွေ ဖိဆွဲ နေတဲ့ အတွက် ထမင်း ကိစ္စ အဆင်ပြေ လာတာ တော့ အမှန်ပဲ ၊ ဆရာအောင်စိုး အိမ် က ကျွန်တော် ငှား နေတဲ့ အခန်း ကို ပြောင်းတုန်း က ကျွန်တော့် မှာ ထင်းရှူးသေတ္တာ နှစ်လုံး ပဲ ပါတယ် ... အဲဒီ အခန်း ကနေ ခု အိမ် ကို ပြောင်းတော့ ဒေါ့ဂျစ် နှစ်စီး နဲ့ တိုက် ယူ ရတယ် ၊ ဒါပဲလေ ”

သူ က ငါးရှဉ့်ခြောက်စပ် တစ်ဖတ် ကို တူ ဖြင့် လှမ်း ညှပ်သည် ။

“ ဒါပေမဲ့ ကျွန်တော် ပန်းချီပြပွဲ တစ်ခု တော့ လုပ်မယ် ကိုသာချို ၊ “ သူမ ” လို့ နာမည် ပေး ထားတယ် ၊ ခု အဲဒီ သူမကြီး ကို ကျွန်တော် မကြိုက်တော့ဘူး ။ မှော်... မှော် ကဗျာစာအုပ် တစ်အုပ် ရှိတယ် လေ ၊ မှော်... အဲဒီ နာမည် ကို ကျွန်တော် ယူမယ် ၊ ရွှေစိုးဟန် ရဲ့ မှော် ထ ထားတဲ့ ပန်းချီကားတွေ ကျွန်တော် လုပ်မယ် ”

အားတက်သရော ပြော နေသည့် သူ့ ကို ကြည့် ကာ ကျွန်တော် က တော့ သူ့ ပန်းချီပြပွဲ ကို အမြန်ဆုံး အကောင်အထည် ပေါ်လာ စေချင် ပါသည် ။ ဟိုတစ်လော ဆီ က ရန်ကုန် ရောက် ခိုက် ပန်းချီမုတ်သုန် ၏ December Program ကို ကျွန်တော် သွား ကြည့် ဖြစ်ရာ ရွှေစိုးဟန် ကို အထူး သတိ ရ မိသည် ။ သူ လည်း ပန်းချီပြပွဲ တစ်ပွဲ လုပ်သင့် နေသည် မှာ အတန် ကြာပါပြီ ။ ပန်းချီဆရာ ဖြစ်ရန် ပန်းချီကား တော့ ဆွဲဦး မှ ဟု ကျွန်တော် ယူဆ သည် ။

တစ်ခု တော့ ရှိပါသည် ၊ ဘောဂဗေဒ  ကောက်ကြောင်းများ ၊ ဓနဗေဒ ရောင်စုံများ ကို တော့ ရွှေစိုးဟန် ခဏ မေ့ထား ခဲ့ရ ပါ လိမ့်မည် ။ သူ့ မှော် ကို ထ ချင် တိုင်း ထ နေ စေချင် ပါသည် ။ ထို မှော်ရုံတော အလယ် ၌ မော ခွင့် ရမည် ဆိုလျှင် လည်း ကျွန်တော် တို့ က မော လိုသည် မှာ အမှန်ပင် ဖြစ်ပေသည် ။

◾မောင်သာချို

📖 ကြူးပစ် မဂ္ဂဇင်း
      ဧပြီလ ၊ ၁၉၉၆ ။
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment