Tuesday, February 14, 2023

ကြူးနှစ်


 ❝ ကြူးနှစ် ❞


( ကန္တာရ စာမျက်နှာများ )


၁၉၉၇ ခုနှစ် ဆိုတော့ အခု ၂၀၀၉ ခုနှစ် က နေ ရေတွက် ကြည့်လိုက် သော အခါ ဆယ်စုနှစ် တစ်ခု ပင် စွန်းခဲ့ပြီ ။


တိတိကျကျ ရည်ညွှန်း ရ လျှင် ၁၉၉၇ ခုနှစ် ၊ နိုဝင်ဘာလ ဟေမန္တရက် တွေ ထဲ က တစ်ရက် ပင် ဖြစ်ပါသည် ။


အမေ လူထုဒေါ်အမာ ၏ မွေးနေ့ က နိုဝင်ဘာလ ၂၉ ဆို တော့ ထို နေ့ မတိုင်ခင် ၂၆ ၊ ၂၇ ၊ ၂၈ ရက် တစ်ရက် ရက် ပဲ ဖြစ်ပါ လိမ့်မည် ။ ရန်ကုန် ဘူတာကြီး ရှိ ကြိုတင်လက်မှတ် အရောင်းဌာန ကောင်တာ တစ်ခု ၏ အရှေ့ မှာ ပဲ ဖြစ်ပါသည် ။


“ ညီလေး ရေ ၊ ကိုယ် မန္တလေး လက်မှတ် တစ်စောင် လိုချင်သကွာ ” 


“ ဟုတ်ကဲ့ ၊ မှတ်ပုံတင် ပေးပါ ”


“ ကိုယ် က မှတ်ပုံတင် မရှိဘူးကွ ”


“ ဒါဆို ဘယ်လိုလုပ် ရောင်း မလဲဗျာ ”


“ ကူညီပါကွာ ၊ ကိုယ် က စာရေးဆရာ ပါ ”


“ ဘယ်သူလဲ ”


“ ကြူးနှစ် ”


တာဝန်ကျ လက်မှတ် အရောင်းသမားကလေး စိတ်ညစ်သွားပုံ ရသည် ။ ကြူးနှစ် ဆိုသော နာမည် ကို သူ ကြားဖူးပုံ မရ ။


လူဦးရေ သန်း ၆ဝ ရှိသည့် ကျွန်တော်တို့ နိုင်ငံ တွင် စာအုပ် ၁၀၀၀ ကုန် အောင် မနည်း ရောင်းနေရသည့် တကယ့် စာပေအနု ပညာရှင် တို့ ကို လူတိုင်း က မသိနိုင် သလို ၊ ကြူးနှစ် ဟူသည့် စာရေးဆရာ တစ်ယောက် ကို သည် လက်မှတ် အရောင်းသမားကလေး မသိခြင်း မှာ လည်း ဘာမျှ မဆန်းကြယ်လှပါ ။ သို့သော် သူ က စာရေးဆရာ ဆိုသော အလုပ် ကို တော့ တန်ဖိုး ထားပုံ ရသည် ။


“ အစ်ကို့ မှာ သက်သေခံ ကတ်ပြား တစ်ခုခု မပါဘူးလား ၊ စာရေး ဆရာကတ် ၊ ဝန်ထမ်းကတ် ၊ ကားလိုင်စင် ”


“ ဘာ ကတ် မှ မရှိဘူး ညီလေး ရာ ၊ ကိုယ် စာရေးဆရာ ကြူးနှစ်အစစ်ပါ ၊ ကူညီပါကွာ ”


လက်မှတ်ရောင်း က စာရေးဆရာ ကို ခဏ တွေ ကြည့် နေခဲ့ ကာ စာနာ သွား ပုံ ရသည် ။


“ ကဲ ... ဒီလိုလုပ် အစ်ကို ရယ် ၊ အစ်ကို က စာရေးဆရာကြူးနှစ် ဖြစ်ပါတယ် ဆိုတာ ကိုတော့ သက်သေ တစ်ခု ပြ ၊ ဒါဆို ... ကျွန်တော် ကူညီပြီး ရောင်း ပေးမယ် ”


ကိုကြူးနှစ် က ဖျတ်ခနဲ လင်းပွင့်သွားပုံ ရပါသည် ။ သူ့ ခါး မှာ ထိုး ထားသည့် ရနံ့သစ်မဂ္ဂဇင်း ကို ရုတ်တရက် ဆွဲယူ လိုက်ကာ စာမျက်နှာ တစ်ခု ရောက်အောင် ခပ်သွက်သွက် လှန်ပစ် လိုက်သည် ။ တိုက်တိုက်ဆိုင်ဆိုင် သူ့ ဝတ္ထုတို ကို သူ့ လိုင်စင် ဓာတ်ပုံကလေး နှင့် ယှဉ်တွဲ၍ ဖော်ပြထားသည့် မဂ္ဂဇင်း ။ အထူး အမှတ်တရ လ ။


“ ဟော ... ဒီမှာ ဒီမှာ ၊ ဟောဒါ ကိုယ် ... ဟောဒါ ကိုယ် ၊ ဒါ ... ကိုယ့် ပုံ ၊ ဒါက ကိုယ် ရေးတဲ့ စာ ”


ကိုကြူးနှစ် က မဂ္ဂဇင်း စာမျက်နှာ ပေါ်  က သူ့ ဓာတ်ပုံ ကို လက်ညှိုး ထိုး ပြ လိုက်၊ သူ့ ကိုယ် သူ ထိုး ပြလိုက်၊ ဝတ္ထုတို ကို ဖြန့် ပြ လိုက်နှင့် ရွှင်ပြီး ရင်း ရွှင်၍ နေတော့ ရာ လက်မှတ်ရောင်း က ကြူးနှစ် ဆိုတာ ကို လည်း ယုံကြည်၍ သွား ၊ ကရုဏာ လည်း သက်သွားပုံ ဖြင့် လက်မှတ် တစ်စောင် ရောင်း ပေး လိုက်သည် သာမက လမ်း မှာ ပါ အဆင်ပြေ အောင် ပြောပြ သွား ဖို့ လမ်းညွှန်လိုက်ပါ သေးသည် ။


ဪ ... ကိုကြူးနှစ် ကိုကြူးနှစ် .... ။


ရတနာပုံ မန္တလေးခေတ် က သတင်းစာဆရာကြီး ဦးရွှေကြူး နှင့် မြန်မာ့ အသံ က သတင်း ကြေညာခဲ့သူ ဒေါ်သန်းနှစ် တို့ ကို ကြိုက် သဖြင့် ကြူးနှစ် ဟူ သည့် အမည် ကို ခံယူခဲ့ပါသည် ဆိုသော စာရေးဆရာ ကိုကြူးနှစ် ။ လူ တစ်ယောက် လုံး တေ့တေ့ဆိုင်ဆိုင်ကြီး လာ တွေ့နေတာ မှတ်ပုံတင် စစ် နေရသေး သလား ဆိုသည့် ပန်းချီကျော် ပေါလ်ဂေါ်ဂင် နှင့် ဗင်းဆင့်ဗန်ဂိုး တို့ ကို ပင် သတိ ရ ချင်စရာ ကောင်းနေပါသေးတော့ ။


    •••••   •••••   •••••   •••••


စာရေးဆရာ ကိုကြူးနှစ် နှင့် ကျွန်တော် တို့ သိကျွမ်းခဲ့ကြသည် မှာ ကြာ ပါပြီ ။ သို့သော် ခရီး ဝေးဝေး သို့ တစ်ခါမှ အတူ မသွားဖြစ်ခဲ့ကြ ။ ထို ၁၉၉၇ ခုနှစ် တုန်း ကတော့ မန္တလေး ခရီးစဉ်ကို သွားကြဖို့ အကြောင်း ဖန် လာသည် ။


သူ က မန္တလေးစာဖတ်သူ အကြိုက် ဝတ္ထုတို ဆု ။ ကျွန်တော် က ဖျတ်ခနဲ တွေ့ရသည့် ကျွန်တော်တို့ ရှေ့ က ကြယ်တာရာများ ဆောင်းပါး ဆု ။ ဆု ၏ ဦးဆောင် ဦးရွက် ပုဂ္ဂိုလ် မှာ ထန်းရိပ်ညို ပန်းချီဆရာ ဦးမျိုးခင် ဖြစ်ပြီး အမေလူထု ဒေါ်အမာ ၏ မွေးနေ့ ၌ တောင်သမန် ၌ ပေးခြင်း ဖြစ်ရာ ကျွန်တော်တို့ ပူးကပ် သွား ကြသည် ။


“ အစ်ကို ၊ အစ်ကို ဆု ရတဲ့ ငွေ ကျွန်တော့် ကို ပေးထား ၊ ရန်ကုန် ရောက် မှ ပြန်ယူ ”


ကျွန်တော် က စိတ် ကို အထိန်းအကွပ် မရှိဘဲ နှင် လို ရာ နှင် တတ်သည့် သူ့ သဘာဝ ကို သိထား သဖြင့် အစ်ကို တစ်ယောက် လို စိတ် ပူပန် မိကာ ရန်ကုန် အပြန် ငွေကလေး ထုပ်ထုပ်ပိုက်ပိုက် ပါသွားစေ လိုသော စေတနာ ဖြင့် ပြောမိခဲ့ခြင်း ပင် ဖြစ်ပါသည် ။ သို့သော် သူ က လက်မခံ ။


“ နေပါဦး ၊ ကိုယ့် လူ က ကိုယ့် ဘဝ ကို စောင့်ရှောက် ထိန်းသိမ်း ရ အောင် ကိုယ့် လူ က ဘာလဲ ၊ ဘယ်သူက တာဝန် ပေးထားတာလဲ ၊ ပြောပါဦး မောင်သာချို ရဲ့ ”


စကား လည်း ထွေ ၊ တရား လည်း ထွေ ဖြစ်နေသည့် အစ်ကို့ ကို ကြည့်ကာ ကျွန်တော် စိတ်ညစ် သွား မိသည် ။


ကဲ ... ရှိပါစေတော့ ဟူသော သဘော ဖြင့် တောင်းပန် လိုက် ရသည် ။ ရန်ကုန် ပြန်တော့မည် ဟု လုပ်သောအခါ သူ့ လက် ထဲ မှာ ပိုက်ဆံ မရှိတော့ ။ မန္တလေး မှာ ထန်းရိပ်ညို ဦးမျိုးခင် က အနုပညာသမားတွေ အပေါ် တော်တော် လည်း စေတနာ ကြီး ၊ တော်တော်လည်း သံယောဇဉ် ထားပါသည် ။ ထို့ကြောင့် မန္တလေး ရောက် စာရေးဆရာကြူးနှစ် ကို ညစာ ဖြင့် ဧည့်ခံ လို ကြောင်း ၊ ကြူးနှစ် ၏ ဝတ္ထုတိုများ ကို ထုတ်ဝေရန် အတွက် စာမူခ စကား ပြောကာ ပေးလိုက် လို ကြောင်း တို့ ကို လည်း ပြော လာရာ ကျွန်တော် က ကြား မှ နေ၍ ချိန်းဆို ပေး ရပါသည် ။


ကျုံး တောင်ဘက် ၂၆ လမ်း ပေါ် က ဦးမျိုးခင် ပိုင် Date စားသောက်ဆိုင် ခြံကြီး ထဲ သို့ ညနေ ခြောက်နာရီ မှာ လာခဲ့ ဖို့ ။


ထိုနေ့ က မနက် ခုနစ်နာရီ ရှစ်နာရီ လောက် ပဲ ရှိသေး အစ်ကိုကြူးနှစ် တစ်ယောက် ပေါက်ချ လာ ပါသည် ။ လူ က လည်း တော်တော့် ကို “ စွေ ” လို့ ။


ကျွန်တော် က မနက်ခင်း လက်ဖက်ရည် သောက်ဖို့ ရောက် နေသူ ဖြစ်ရာ ၊ ဦးမျိုးခင် က လည်း အထဲ တွင် အလုပ် လုပ် နေဆဲ ဖြစ်၍ ခြံ ထဲ က သစ်ပင်ရိပ် ကောင်းကောင်း မှာ ထိုင် နေချိန် သူ ရောက်ရှိလာခြင်း ကို အံ့သြ၍ သွား မိ သည် ။


“ ချိန်းထားလို့ လာတာကွ မောင်သာချို ရ ”


“ အစ်ကို၊ ကျွန်တော် တို့ ချိန်းတာ ညနေ ခြောက်နာရီ မဟုတ်လား ” 


“ အေးလေ ကွာ၊ ကိုယ် လာချင်တဲ့ အချိန် လာမှာ ပေါ့ ၊ ဘာလဲ မောင်ရင် တို့ သတ်မှတ်တဲ့ အချိန် လာရမှာ လား၊ ဒီမယ် ... ကိုယ့် လူ ” 


ဤသို့ဖြင့် ကိုကြူးနှစ် က ရက်စက်သော စကားတွေ ကို ဆက် ပြောနေ ပါတော့သည် ။


အဓိက က တော့ ပြည့်စုံကြွယ်ဝသူ တွေ ချိန်းဆို သည့် အချိန် အတိုင်း မလာနိုင်ကြောင်း ၊ မိမိ လာချင်သည့် အချိန် လာမည် သာ ဖြစ်ကြောင်း စသည် ။ အကျိုး ဆက် က တော့ ညနေ စီစဉ် ထား သည့် ပွဲ ပျက်သွား ပါသည် ။ 


ဦးမျိုးခင် က အခု စိတ် ရှိလို့ အခု လာတယ် ဆိုရင် လည်း သူ့ ကို ရမ်တစ်လုံး လက်ဆောင် ပေးလိုက်ပါ ဟု သူ့ ဆိုင် ထဲ က တစ်ယောက် ကို ခိုင်း လိုက်ကာ ညနေ ပွဲ ကို ပါ ဖျက် လိုက်ပါသည် ။ အပြင်ဘက် ကို လည်း ထွက် မလာပါလေတော့ ။


ဪ .. ကိုကြူးနှစ် ။


စိတ် ဆောင်ရာ ကို ကိုယ်ခန္ဓာ က လိုက်ပါဖို့ ဘယ်တော့ မှ နောက် မတွန့်တတ် တဲ့ လူ တစ်ယောက် ။ ကျုံးဘေး က လမ်း ပေါ် မှာ တစ်ယောက် တည်း လွင့် လို့ ။


     •••••   •••••   •••••   •••••


တစ်ခါတုန်းက ရန်ကုန်မြို့ လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင် မှာ ကျွန်တော် နှင့် ကိုကြူးနှစ် တို့ ဆုံဖြစ် ပါသည် ။ အင်္ကျီတွေ ၊ ပုဆိုးတွေ က ထုံးစံအတိုင်း နွမ်းညစ် လို့ ။ အပေါက်ကလေး တွေ ၊ အပြဲကလေးတွေ နှင့် ။ မီးပူတွေ ဘာတွေ တိုက်ကာ ဆန့်ဆန့်ပြန့်ပြန့် ရှိဖို့ ဆိုတာ က အဝေးကြီး ။


အသား က ဖြူစပ်စပ် ။ မုတ်ဆိတ်မွေး ၊ ပါးမြိုင်းမွေး ၊ နှုတ်ခမ်းမွေး တွေ က အဖြူ တစ်ဝက်၊ အနက် တစ်ဝက် ။ ကျွန်တော် နှင့် ထိတွေ့ ဆက်စပ်သမျှ မှာ ရွှေငွေ ဝတ်ဖို့ နေနေသာသာ နာရီကလေး သော် မှ သူ မပတ် ။ ယမကာနံ့ကလေး က သင်းတပျံ့ပျံ့ ။


“ ကိုယ်တို့ က တော့ Creation ပဲ မောင်သာချို ရဲ့၊ Creation ပဲ ၊ ပြီးတော့ feeling ပေါ့ ၊ ခံစားတဲ့ အတိုင်းပဲ ။

တစ်ခါပေါ့ လ က သာ လို့၊ ကိုယ် သစ်ပင်ရိပ်ကလေး မှာ ထိုင် နေတာ၊ ကိုယ့် အမျိုးသမီးကွာ အစ်ကို ရယ် ... အလုပ် လုပ် ပါ ၊ စာ များများ ရေးပါ တဲ့ ၊ သူ က စာ ရေးတာ ကို ကုန် ပြေး ထမ်းတာမျိုး ထင် နေလား မသိဘူး ၊ စိတ် ထဲ ထောင်းခနဲ ဖြစ် သွားတယ် ၊ အုတ်ခဲ ကောက် ကိုင်ပြီး ဆံပင်ဆွဲ နဖူး ကို ထု ထည့်လိုက်တယ် ၊ မှတ်ကွာ ”


ရီဝေဝေ ကြားက လျှံကျ လာသည့် သူ့ စကား ကို နားထောင်ရင်း သူ့ ခံစား မှု ကို ကျွန်တော် အလန့်တကြား ဖြစ်မိသည် ။


“ အဆင်မပြေခဲ့ဘူး မောင်သာချို ရယ် ၊ မှတ်မိသေးတယ်၊ ဝတ္ထုတို တစ်ပုဒ် စာမူခ သွား ထုတ်တာ ၊ စာမူခငွေ ၂၀၀ ပေါ့ ၊ သည်တုန်းက မပေးချင် ပေးချင်နဲ့ ရော့ဗျာ တဲ့ ငွေ ၂၀၀ ”


သူ က ရုပ်ရှင်မဂ္ဂဇင်း တစ်စောင် နှင့် အယ်ဒီတာ ၏ အမည်ကို ပြောကာ သွေ့သွေ့ခြောက်ခြောက်ကြီး ရယ်ပါသည် ။


“ ဆင်းရဲလိုက်တာ ၊ ဧည့်သည် လာ လို့ ခြင်ထောင် အပို မရှိ ၊ စောင် အပို မရှိ ၊ ဧည့်သည် ကို လည်း ကိုယ်တို့ လင်မယား နဲ့ အတူ အိပ် ပဲ ၊ နောက်တော့ ရုပ်ပြတွေ ရေး ပေါ့၊ အောက်ဈေး နဲ့ပေါ့ကွာ၊ ငွေရှင်တရုတ် က ဗီဒီယိုအခွေ ၂၀ ပေးတယ် ၊ ကြည့် ဖို့ ၊ ဗမာဇာတ်လမ်း ပြန် လုပ်ဖို့၊ ကိုယ် ပြောလိုက်တယ် ။ အခွေ ၆ဝ ကျုပ် ကြည့်ပြီးသား လို့ ။


ဒါနဲ့ နိုင်ငံခြားဇာတ်လမ်းတွေ တောင်စပ် မြောက်စပ် လျှောက် လုပ်ပြီး ရုပ်ပြဇာတ်လမ်းတွေ ရေးတာ အဆင်ပြေတယ် မောင်သာချို ရဲ့၊ Creation တော့ ကျ သွား တာပေါ့ ၊ ဟားဟားဟား ....”


ကန္တာရ ဆန်လွန်းစွာဖြင့် သွေ့ခြောက်စွာ ရယ်မော နေသော ဝတ္ထုတို ဆရာကြူးနှစ် ကို ကြည့်ကာ ကျွန်တော့် စိတ် ထဲ မှာ စူး နေမိသည် ။


သူ့ ဘဝ က ခါးသီးသည့် အခြမ်း ၊ အမှောင်ခြမ်း ပို များ နေလို့ များ သူ့ ဝတ္ထုတွေ က ခက်ထန်ကြမ်းရှ နေလေရော့သလား ဟု စဉ်းစားချင် စရာ ဖြစ်ပါ သည် ။


“ ကိုယ် ရေးသမျှ က အမှောင်ခြမ်း က အနိဋ္ဌာရုံပေါ့ ။ ဟား ဟား ... ” 


ဒါကတော့ တစ်ခါက စားသောက်ဆိုင်ကလေး တစ်ခု ထဲ မှာ နှစ်ယောက် တည်း ဆုံခိုက် သူ့ ဝတ္ထုတိုများ နှင့် ပတ်သက်သည့် ကိုကြူးနှစ် ၏ ဖြောင့်ချက် ပဲ ဖြစ်ပါသည် ။


မှန်ပါသည် ၊ ကိုကြူးနှစ် ၏ ဝတ္ထုတိုတွေ က အနုပညာကောင်း သလောက် ဝတ္ထု ထဲ က ဘဝတွေ က မလှ ။ ဒဏ်ရာဒဏ်ချက်တွေ ၊ အမာရွတ်ကြီး တွေ ၊ အညိုအမည်းတွေ ၊ အရောင်အကိုင်းတွေ နဲ့ ။


     •••••   •••••   •••••   •••••


သည် တစ်ခေါက် က ကိုကြူးနှစ် ကို ကျွန်တော် တွေ့ခဲ့တာ က မဂ္ဂဇင်း တိုက်ကလေး တစ်ခု တွင်း မှာ ဖြစ်ပါသည် ။ သည် မဂ္ဂဇင်းတိုက် က မဂ္ဂဇင်းစာစောင် အပြင် ဂျာနယ် နှစ်စောင် သုံးစောင် ကို ပါ ထုတ်ဝေနေသည့် တိုက် ဖြစ်ပြီး တွေ့နေမြင်နေ ကျ မဂ္ဂဇင်းတိုက်များ နှင့် မတူ အထိုက်အလျောက် ခမ်းနားထည်ဝါ ကာ လွတ်လပ်ကျယ်ပြန့်လှသည့် မဂ္ဂဇင်းတိုက် လည်း ဖြစ်ပါသည် ။


မှန်တံခါး ပွင့်သွားတော့ အနံ့ က ဦးစွာ ဝင် လာသည် ။ အနံ့ နောက် မှာ ကပ်လျက် ပါလာ သူ က ကျွန်တော်တို့ ၏ စာရေးဆရာ ကြူးနှစ် ။


ပုဆိုးညစ်ညစ် က အပေါက်အပြဲတွေ နှင့် ။ အင်္ကျီလက်တို က စုတ်တိ စုတ်ဖွာ ။ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ က လည်း ဗရပျစ် ။ အဖြူ တွေ ရော ၊ အနက် တွေ ပါ ။


လက် ထဲ မှာ က ဘာတွေ ထည့် ထားမှန်း မသိသည့် ပီနံအိတ် တစ်လုံး ကို ကိုင်လျက် ။


“ ဟေး ... ကိုရင်သာချို ၊ ကြူးနှစ် ကို ထောက်ပံ့ဦး ဟ ” 


သူ က ပြောပြောဆိုဆို ဆက်တီ မှာ ဝင် ထိုင်သည် ။ မျက်လုံးတွေ က ရီရီဝေဝေ ။ ကျွန်တော် နှင့် အတူ မဂ္ဂဇင်းအယ်ဒီတာ သာ မက ဧည့်သည် ဦးပဉ္စင်း တစ်ပါး က ပါ ကြူးနှစ် အရေးပေါ်ရန်ပုံငွေ ထည့်ဝင် လိုက်ရာ ငွေ လေးငါး ခြောက်ထောင် လောက် ဖြစ် သွားသည် ။


ကျွန်တော် က မတွေ့ရတာ ကြာပြီ ဖြစ်သော ကိုကြူးနှစ် ကို ခပ်ဆာဆာ ဖြစ်လာသည် နှင့် တစ်နေရာ ရာ မှာ ထိုင်ကြဖို့ စကား စ လိုက်ရာ သူ က လည်း အဆင်သင့် ။


“ တစ်ခုတော့ ရှိတယ် အစ်ကို ၊ အတိုင်းအတာတော့ ရှိရမယ်၊ တစ်ခွက် နှစ်ခွက် ပဲ၊ လွန် ရင်တော့ ကျွန်တော် ထ ပြန် မှာ ၊ အစ်ကို စိတ်မဆိုး နဲ့ ” 


သည်တော့ လည်း အေးပါဟ အေးပါဟ နှင့် ဆိုကာ ကျွန်တော့် လက် ကို လှမ်း ဆွဲသည် ။


သူ က ဆိုင် ထဲ သို့ ရောက်သည် နှင့် အစားအသောက် မကျင်လည် သေး သော ကလေးတစ်ယောက် လို ယမကာခွက် ကို မော့ချ နေခဲ့ရာ တော်တော် များများ က လျှံကျ လာပြီး မေးစေ့တွေ အင်္ကျီရင်ဘတ်တွေ အကုန်လုံး ရွှဲစို ကုန် သည် ။ ပြီးတော့ စီးကရက်ငွေ့ တွေ ကို အဆုတ် ထဲ သို့ ရှိုက်ရှိုက် သွင်း နေ ပြန် ပါသည် ။


ကျွန်တော် က သူ့ လက်နှစ်ချောင်း ပေါ် က ရှုပ်ပွနေသော ဆေးမင်ကြောင် စာတန်းတွေ ကို လျှောက်ဖတ် နေမိသည် ။ Nature , earth and me တို့ က တစ်ကြောင်းစီ ။ သဘာဝတရား၊ ကမ္ဘာမြေ နဲ့ ငါ တဲ့ ။


I found နှင့် know theyself က လည်း တစ်ကြောင်း စီ ။ ငါ တွေ့ရှိတယ် နှင့် ကိုယ့် ကိုယ် ကိုယ် သိ ။


I see the men as trees , walking ဆိုသည့် ဝါကျ က တစ်ကြောင်း ။ လူတွေ ကို လမ်းလျှောက်နေသည့် သစ်ပင်တွေနှယ် မြင်သည် ဆိုသော ဝါကျ ။ 


Doom ဟူသည့် စာလုံး က တစ်ကြောင်း ။ ဂြိုဟ်ဆိုး ဟူသည့် စကားလုံး ။


နောက်တစ်တန်းမှာက D & L တဲ့ ။ ကျွန်တော် က ဘာ အဓိပ္ပာယ်လဲ ဟု မေးရသည် ။


သူ က Death & Love တဲ့ ။


နောက်တစ်နေရာ ၌ မူ Love & Life ဟူသော စာလုံးနှစ်လုံး ကြား ၌ အုန်းသီးပုံ လိုလို တွေ့၍ ကျွန်တော် က မေးရာ ...


“ အုန်းသီး မဟုတ်ဘူးကွ ၊ အသည်း အသည်း ၊ ထိုးတဲ့ ကောင် သောက် သုံးမကျလို့ ဖြစ်ရတာ ” ဟုရှင်းပြရင်း ဆဲနေပြန်ပါသည် ။ 


နောက် တစ်ကြောင်း ကို တော့ ကျွန်တော် လုံးဝ နားမလည် ။ Crape Diem တဲ့ ။


“ ပြင်သစ် လို ထိုးထားတာဟ ၊ enjoy today ဆိုတဲ့ အဓိပ္ပာယ်၊ ယနေ့ ပျော်ရွှင် ” ပေါ့ ဟု သူက ရှင်းပြသည် ။


နောက် လက်တစ်ဖက် က လည်း ဒီအတိုင်း အင်္ဂလိပ်စာလုံးတွေ ပေပွ လို့ ။ Save our soul ၏ အတိုကောက် SOS ကို လည်း တွေ့ရသည် ။ ငါ စဉ်းစားတယ်၊ ဒါကြောင့် ငါ ရှိတယ် ဆိုသော ဒေးကား ( Rene Desecartes ) ၏ I thank so I am ဆိုသော စာတန်း ကို လည်း therefore နေရာ တွင် so ထည့် လျက် ထိုးထားသည် ။ နောက် တစ်ကြောင်း က out of universe တဲ့ ။ စကြဝဠာ အပ ပေါ့ ။


Myself , Goutama , Jesus , Mohammed , Ma^x ဆိုသော စကားလုံး တွေ ကိုလည်း တစ်တန်းစီ ထိုး ထားသည် ။ ငါကိုယ်တိုင်၊ ဂေါတမ၊ ခရစ်တော်၊ မိုဟာမက်၊ ကားလ်မာ့က်စ် စကားလုံးများ ။


နောက် စာနှစ်ကြောင်း က မူ Life is short နှင့် Arts is long ၊ ဘဝ က တိုတောင်း ၊ အနုပညာ က ရှည်လျား ဆိုလား ၊ John Harrison ဟူသည့် အမည် ကို လည်း ဘာကြောင့် ထိုးထားသလဲ ကျွန်တော် မသိ ။


“ အင်္ဂလိပ်လက်သမားဆရာ ကွ ၊ နင် ကလည်း နာရီတွေ ကို အချိန် မှန် အောင် လုပ်တဲ့ လူ လေ ကွာ ”


ကျွန်တော် တို့ ၏ စာရေးဆရာ ကား တဟားဟား ရယ်ရင်း မော့ ချ လိုက် ပြန် ရာ ပါးစပ် မှ လျှံထွက် လာသော ယမကာတွေ က မေးစေ့၊ လည်ပင်း၊ ရင်ဘတ် တစ်ခုလုံး ကို စိုရွှဲ၍ သွားပြန်ပါသည် ။


သည်တုန်းက ကိုကြူးနှစ် အပါး တွင် လူငယ်ဒါရိုက်တာ တစ်ယောက် ရှိ နေရာ သူ က မရွံမရှာ စာရေးဆရာ ၏ မေးစေ့ အောက် ၌ ရေစင်ကြီးတွေ က ရေလျှံကျ သလို လျှံကျ လာသော အရက်တွေ ကို လက်ခုပ် နှင့် ခံထား ပေးသည် ။  


“ ဆရာ ရယ်၊ ဆရာ့ စာတွေ ကို ကြိုက်လွန်းလို့ပါ ၊ အသက် ... အသက် ကို ရှည်အောင် မွေးဖို့ တောင်းပန်ပါရစေဗျာ၊ စာ မရေးနိုင်မှာ ကြောက်လို့ပါ ၊ ညီ တစ်ယောက်လို တောင်းပန်နေတာပါ ”


“ ဘာကွ ”


ကိုကြူးနှစ် က လူငယ်ဒါရိုက်တာလေး ကို ခပ်ထန်ထန်ပဲ ဟောက် နေ ပြန် ပါသည် ။


“ မောင်ရင် က ဆရာ လာ လုပ် နေရအောင် ဘာကောင်လဲ ကွ ။ ဟေ့ ... ဗလာစာအုပ် နဲ့ ဘောလ်ပင်တစ်ချောင်း မင်း အခု သွား ဝယ်စမ်း ။ ဒီမယ် ... ကြူးနှစ် စာ တစ်ပုဒ် ချက်ချင်း ရေးပြ လိုက်မယ် ၊ ဟား ... ဟား ... ဟား ... ” 


ယမကာ ကို စွပ်ခနဲ မော့ချ လိုက်ပြန်ပါ၏ ။


ပယင်းရောင် ယစ်ရွှေရည်တွေ က လည်း ရေစင်ပေါ် က ရေတွေ လျှံကျ လာ သလို သူ့ ရင်ဘတ် ပေါ် လျှံကျ လာပြန်ပါ၏ ။ ဒါရိုက်တာကလေး က လည်း သူ့ မေးစေ့ အောက် က နေ လက်ခုပ် နှင့် ခံထား ပြန်ပါ၏ ။


“ စကားပြေ ဆိုတာ ညက်ပြီး လှနေရတယ် ကွ ၊ ဟေ့ - ကိုသာချို၊ မောင်ရင် ဦးသြဘာသ ကို ကြိုက်သလား ”


ကျွန်တော် က ကြိုက်ကြောင်း ဝန်ခံ တော့ သူ က အားရပါးရ ပြုံးသည် ။ 


“ မင်းဘူးဆရာတော် ဦးဩဘာသ ရဲ့ ဝေဿန္တရာစကားပြေ ကို မကြိုက်တဲ့ စာရေးဆရာ ဟာ အလကား ကွ ”


ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကိုကြူးနှစ် ကို ကျွန်တော် အထင်ကြီး သွား မိသည် ။ မြန်မာစကားပြေ အလှအပ ကို သူ ဖမ်းမိသားပဲ ဟူ သည့် ကောက်ချက် ကို လည်း ချလိုက် မိသည် ။ ဒါကြောင့်များ သူ့ စကားပြေတွေ က ညက်နေလေ ရော့ သလား ။


     •••••   •••••   •••••   •••••


ကိုကြူးနှစ် တွင် လုံးချင်းစာအုပ် အရေအတွက် ကတော့ တော်တော့် ကို နည်း ပါ သေးသည် ။ ကြူးနှစ်ဝတ္ထုတို အချို့အဝက် ၊ လှေတစ်စင်း မြင်းတစ်ကောင် စသည်တို့ က ဝတ္ထုတိုစုစည်းမှုများ ။ သိုက်စောင့် က တော့ ဝတ္ထုလတ် ။ သူ့ လက်ရာတွေ အကုန်လုံး က အနိဋ္ဌာရုံတွေ ချည်း ။


“ အမှောင် ... အမှောင်... ကိုယ် က လောက ရဲ့ အမှောင်ခြမ်းတွေ ကို ရေးခြစ် နေတာ ကွ ”


ဒါကတော့ သူ့ ကိုယ် သူ ပြန်လည် သုံးသပ်မှု ။


မှန်ပါသည် ။ သူ့ စာရေးကွက် က ဂေါ်ဂီ ဆန်ပါသည် ။ ပြီးတော့ ဗင်းဆင့် ဗန်ဂိုး လည်း ဆန်ပါသည် ။


သနပ်ခါး ဘဲကျား လိမ်း လို့ ရွှေသွားပေါ်အောင်ပြုံးတယ် ဆိုသော ဝတ္ထုတို က ဆင်ခြေဖုံးရပ်ကွက်လေး ထဲ က အရက်ပုန်းဆိုင်ကလေး ကို ဖွဲ့ထားခြင်း ဖြစ်သည် ။ မျက်မမြင် ဆွံ့အ သက်သေများ ဝတ္ထုတို က ဖ - ဆ - ပ - လ ခေတ် ရောင်စုံသူပုန် ကာလ ရန်ကုန် ရောက် စစ်ပြေးတို့ ၏ ဘဝ ကို ဖွဲ့ထားသော ဝတ္ထုတို ။


သိုက်စောင့် က ကျတော့ ကိုယ်ရေပြားရောဂါသည် တစ်ယောက် ၏ ဘဝ ။ စုတ်ပြတ်သတ် နေသည့် ဘဝတွေ ။ ညှီစို့စို့ အနံ့အသက်တွေ ။ အရိအရွဲတွေ ။


ကျွန်တော်တို့ ၏ စာရေးဆရာ ကိုယ်တိုင် ကလည်း တစ်ခါတစ်ခါ က လွဲလျှင် ဘယ်တုန်း က မှ လင်းလင်းဝင်းဝင်း မရှိ ။


တစ်ခါကတော့ သင်္ကန်းဝတ်ကြီး နှင့် ကြည်လင်ဝင်းပစွာ ဖြင့် လေထန်ကုန်း မှာ ထိုင် နေရာ ကျွန်တော် က အအေး ကပ် ရသည် ။ နောက်တစ်ခါ ကျ ပြန် တော့ အင်္ကျီဖြူဆွတ်ဆွတ် ကို ဝတ်ကာ သန့်ပြန့်လို့  ၊ အရက် မသောက် ဘာ မသောက် ။


တစ်ခါတွင် ကား တီရှပ်အသစ် နှင့် ။ တမင် ထောင်ထားသော ဆံပင် နှင့် ။ အချိန် အများစုတွေ မှာ က တော့ ဘဝ ကို မျှော ၍ ထားမြဲ ။


“ ကိုယ် က အခု သားလေး တစ်ယောက် နဲ့ အတူနေတယ် ကွာ ” ဟု ဆိုကာ အခု တစ်လော ပျောက်နေပြန်သော စာရေးဆရာ ကို မိတ်ဖွဲ့လိုသူ အချို့ ရှိကြပါသည် ။


သို့သော် လူရင်းတွေ က သူ့ကို မိတ်မဆက်ပေးရဲကြ ။ စာပဲ ဖတ်ကြ ပါဗျာ ... စာပဲ ဖတ်ကြပါဗျာ နှင့် နှစ်သိမ့်ကြ ရသည် ။ ကိုကြူးနှစ် စိတ် ထဲ ထင်လျှင် ထင်သလို ဆက်ဆံ ပစ် လိုက်မှာ ကို စိုးရိမ်ကြလို့ ဟု ကျွန်တော် ထင်ပါ

သည် ။


သည်လို စိတ် ထဲ ရှိသည့် အတိုင်း နေပစ်လိုက်တာ က ပဲ သူ့ အနုပညာ ကို ပိုမို တောက်ပြောင် နေစေရော့ သလား မပြောတတ်နိုင်ပါလေတော့ ။


◾ မောင်သာချို


📖 စတိုင်သစ်မဂ္ဂဇင်း

      စက်တင်ဘာလ၊      

      အောက်တိုဘာလ၊ ၂၀၀၉ ။


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment