Tuesday, February 28, 2023

လက်ပြ ဝေးဝေး


 ❝ လက်ပြ ဝေးဝေး ❞


( က )


တသိမ့်သိမ့်ဖြင့် ။


ဧရာဝတီ သည် လွန်ခဲ့သော ဆယ်နှစ် တုန်း က လိုပင် ငြိမ့်ငြိမ့်ညင်ညင် တသွင်သွင် စီးဆင်း နေ ဆဲ ။ မင်းဝံတောင်တန်း သည် ပင် အဖြောင့်အတန်း မပျက် ။ အညို့အမှိုင်းမပျက် ။ ယုတ်စွအဆုံး သူ ထိုင်နေကျ ကျောက် လှေကားထစ်လေး ။ သူ့ အပေါ်  မှာ မိုးထားသည့် ဆီးပင်ရိပ် ။ သူ ကျောပေး ထားသည့် ကမ်းနား ဈေးအို ၏ မျက်နှာစာ ။ မည်သည့် အရာမျှ မခြားနား ။ ငယ်ငယ်တုန်း က လိုပင် တရင်းတနှီး ခံစား အောက်မေ့ နိုင်သည် ချည်း ။ သို့တစေ ဆယ်စုနှစ် တစ်ခေတ် သည် သူ့ ကျောပြင် ပေါ် မှာ ဖြတ်သန်း ကျော် သွားခဲ့ပြီ ။ ဆယ်နှစ် ကာလ နေရောင် အတည့်အစောင်း နှင့် သူ့ အရိပ်များ အရှည်အတို ၊ အဆုတ်အတိုး ဖြစ်လာရသည် ။


သူ သည် ပန်းနုဆည်းဆာ တစ်ချိန် မှာ မောင်လူသစ် ( ဂေါဝိန် ) ဟူသော ကင်ပွန်းတပ် မင်္ဂလာအခမ်းအနားလေး တစ်ခု ကျင်းပခဲ့ပုံ ကို တရေးရေး မြင်ယောင် နေမိသည် ။ သည်စဉ် က မူ လှိုင်းခေါင်းဖြူ ပြိုးပြက်တို့ သူ့ ခြေရင်း ရေစပ် ဆီ အပြေး လာ ရိုက်ပုတ် သည် ကိုပင် သူ့ အား ကောင်းချီး ပြုနေသည် ဟု အထင် ရောက်ခဲ့သည် ။ သူ သည် လှိုင်းအိလေးတွေ ပေါ် အလိုက်သင့် ထိုင်နေသော နေဝန်း ၏ အသွေးအရောင် ကို စတော်ဘယ်ရီသီး နှင့် တင်စားခဲ့ မိသည် ။


ဟီရာကလစ်တပ်စ် အမည် ရှိ ခေါမ အဘိဓမ္မာ ဆရာ ၏ အဆိုအမိန့် တစ်ခု ကို အမှတ်မထင် သတိ ရ သည် ။ စက္ကန့် နှင့် အမျှ ပြောင်းလဲ နေသော မြစ်ရေစီး မှာ မောင်လူသစ် ( ဂေါဝိန် ) ပြောင်းလဲခြင်း အား ဆင်ခြင် ကြည့် မိသည် ။ မြစ် တစ်မြစ် တည်း မှာ ရေ နှစ်ခါ ချိုးလို့ မရဘူး ။ လွန်ခဲ့သော ဆယ်နှစ် က ဆီးပင်ရိပ် ကျောက် လှေကားထစ် မှာ ထိုင်ပြီး ဝင်လုဆဲ နေမင်းကြီး ကို ငေးမောကာ အချစ်ဝတ္ထု တွေ နွဲ့နွဲ့လေးတွေ ရှာဖွေ ခဲ့ဖူးသည့် မောင်လူသစ် ( ဂေါဝိန် ) နှင့် စကား ပြောချင် နေသည် ။


သူ သည် မြစ်လယ်ကောင် မှာ အိပဲ့ အိပဲ့ လှုပ်ခတ် ရွေ့လျား နေသော “ ငှက် ” လေး အား လွမ်းဆွတ်ဆွတ် ကြည့် နေမိသည် ။ ငှက်လေး ပေါ် မှာ “ အေးအေး ” ကို မြင်ရသည် ။


( ခ )


တစ်ရက် လျှင် ၂၁ နာရီ မျှ အိပ်မောကျ တတ်သော ကမ်းနားဈေး သည် ယခုတော့ ဆူဆူညံညံ ၊ စည်စည်ကားကား ။ မြင့်မားသော တာရိုးကြီး ပေါ် မှာ ကမ်းနားဈေးကြီး သည် နာရီပေါင်း များ စွာ အထီးကျန် ဖြစ်နေ တတ်သော ကြောင့် ယခုလို ရှုပ်ထွေးစိမ်းစိုမှုများ ရှိတတ်သော နံနက်ခင်း အချိန်များ သည် မင်္ဂလာအပေါင်း နှင့် ပြည့်စုံ နေတတ်သည် ။


မောင်မောင် သည် ဈေးဝယ်များ တိုးဝှေ့ သွားလာ နေကြသည့် လမ်းကျဉ်းလေး မှာ ကတ်သီးကတ်သတ် ထိုင် နေသည် ။ သူ သည် ခိုတောင်မုန့်တီတောင်းလေး တစ်ခု ဘေး မှာ ဆောင့်ကြောင့် ထိုင် ရင်း မုန့်တီ စား နေသည် ။ ပန်းကန်လုံး ထဲ မှာ မုန့်တီမျှင်များ တစ်လုတ် နှစ်လုတ်စာ မျှသာ ကျန် တော့သည် ။ သူ သည် မုန့်တီဝါဝါထိန်ထိန်များ ခဏ နှင့် စား ကုန်သွား မှာ စိုး နေဟန် ရှိသည် ။


သူ က ဖြူသန့်သော ပိတ်စ နှင့် ရစ်ပတ် စည်းထုပ်ထားသော ဟင်းချိုအိုးလေး ပေါ် မှာ ပန်းကန်လုံးလေး ရစ်ဝဲ လိုက်သည် ။ မုန့်တီသည် မိန်းကလေးများ သည် အုန်းမှုတ်ခွက် လက်ကိုင်ရှည် တပ် ထားသော ဟင်းရည်ခပ် ယောက်ချို ကို မြေအိုး ထဲ နှစ် နေသည် ။ မိန်းကလေး သည် ဟင်းချိုရည်အိုး အား ရစ်ပတ်ထား သော ပိတ်စလေး ကဲ့သို့ ဖြူသန့်ကြည်လင် သော အလှ ပိုင်ဆိုင်ပြီး မုန့်တီမျှင်လေးတွေ အား ထိန်ထိန်ဝါ သွားစေသည် ။ နနွင်းရောင် များသော သနပ်ခါးထူထူ ကို တမက်တမော ရှိဟန် တူသည် ။ မောင်မောင် က မိန်းကလေး အနား မှာ စကား တတွတ်တွတ် ဆို နေသည် ။ ခိုတောင်မုန့်တီသည် မိန်းကလေး သည် ရှက်မျက်တောင် ချ ထားသည် ။ မောင်မောင် သည် သူ့ ပခုံးစွန်း မှ ကပ် ဖြတ် သွားသော ထဘီနား များ ကို ပင် ဂရု မစိုက်မိ ။ “ အေးအေး ရယ် ဖြေပါ ” ဟု ထပ်ကာ ထပ်ကာ ဆို နေသည် ။ ကြာတော့ မိန်းကလေး ၏ နှုတ်ခမ်းပါးပါး က စကားသံချိုချို ထွက် လာ ရ၏ ။


“ နက်ဖြန်ကျ အဖြေ ပေးပါ့မယ်နော် ”


( ဂ )


သူသည် ဆယ်နှစ်ကျော် က ခိုတောင်မုန့်တီသည် မိန်းကလေးအား သတိရ နေ မိသည် ။ ဟောဒီ ဆီးပင်ရိပ်လေး မှာ မောင်မောင် ဆို တဲ့ ကောင်လေး တစ်ယောက် အေးအေး ကို မျှော် နေ လိမ့်မည် ။ အေးအေး တို့ ငှက်လေး က ဒီနေ့ မှာ ကြာ လိုက်တာ ။ ဟော ၊ ဟိုမှာ ၊ ဟိုမှာ သောင်ပြင် ကို ပတ်ပြီး ဧရာဝတီ ကို အလိုက်သင့် ဖြတ် လာတဲ့ ငှက်လေး ဟာ အေးအေး တို့ ငှက်လေး လား ။ သင်္ဘောကြီး တစ်စင်း သည် ဆန်တက် ခုတ်မောင်း သွားရင်း လှိုင်းလုံးမို့မို့များ ပေါက်လွှတ်ပဲစား ထားပစ် ခဲ့သည် ။ သည် လှိုင်းလုံးကြီးတွေ က အေးအေး တို့ ငှက်လေး ကို စော်စော်ကားကား ထမ်း မ, ပစ်လိုက်လိမ့်မည် ဟု မောင်မောင် မတွေးမိ ။ ရက်စက်လိုက်တာ ။ ငှက်လေး သည် သူ့ ဝမ်းဗိုက် ထဲ က သက်ရှိ သက်မဲ့ ဟူသရွေ့ ဧရာဝတီ ထဲ သွန်ချ ပစ် လိုက်ပြီ ။


သူ သည် မောင်လူသစ် ( ဂေါဝိန် ) ၏ “ ရွှေရင်ဆို့ ဇာတ်ကြောင်း ” အမည် ရှိ ဝတ္ထုတိုလေး ထဲ က ရုပ်ပုံလွှာများ ကို ပြန်လည် ခံစား မိသည် ။ သူ့ မျက်စိ ထဲ မှာ ပြေးလွှား ၊ လှုပ်ရှား စုဝေး ဝိုင်းအုံ ရှုပ်ထွေးနေသည် ။.သူ့ နားထဲမှာ ဆူညံ ၊ အော်ဟစ် ၊ မေးမြန်း ၊ ဖြေကြား လုံးထွေး နေသည် ။


ဝတ္ထုလေး ကြောင့် ဖြစ်ပေါ် သွားသော ဂယက်လေးများ ကို တွေးမိ တော့ ယခုပင် ရင်ထဲ မှာ နွေးခနဲ ဖြစ် သွားသည် ။


မည်သို့ပင် ဖြစ်စေ နှစ်ဆယ့်ငါးပြားတန် ဗေဒင်စာစောင်ငယ်လေး ပေါ် မှာ ဖွားမြောက် သန့်စင်ခဲ့သော သူ သည် မောင်လူသစ် ( ဂေါဝိန် ) ဟူသော အမည်သစ် တစ်ခု ပိုင်ဆိုင်ရခဲ့ပြီ ။


( ဃ )


သူ သည် ကမ်းစပ် မှာ ချောချောမောမော မေးတင် ဆိုက်ကပ် လာသော ငှက်လေး ထဲ မှာ အေးအေး ပါ မလာနိုင်တော့မှန်း နားလည် လိုက်သည် ။ သူ သည် မြင့်မားသော ကမ်းပါး တစ်ထစ် မှာ ရပ်ထားသော ရေစည်လှည်း အား စိတ်ဝင်စား နေမိသည် ။ ရေစပ် ဖောင်ငယ်လေး ပေါ် ရှိ ရေစုပ်စက် က တစ်ဆင့် ရေ ဖြည့် ယူနေသော ရေစည်လှည်း ကို အတန်ကြာ ငေးမော နေ မိသည် ။ နက်ပိန်းပြောင်ရွှဲ သော ကျွဲကြီး နှစ်ကောင် သည် ရွှံ့ရေများ လူးကာ ရုန်းထ လာသည် ။ ဆွဲအား ကြောင့် လျော့ရဲရဲ သံကွင်းဆက်များ တင်းလာသော အခါ ကျွန်းသစ်လုံးကြီးများ လျှောတိုက် ပါလာသည် ။ ဆိပ်ကမ်း မှာ ဆိုက်ကပ် ထားသော မော်တော် ခေါင်မိုး ပေါ် က ပေပါခွံများ ကို တဝုန်းဝုန်း ကန်ချ နေကြသည် ။ ရေ ထဲ မှာ ဗွမ်းခနဲ ဗွမ်းခနဲ ကျ လာသော ပေပါများ ကို ကမ်း ပေါ် သို့ ဆယ်ယူ နေကြသည် ။ မော်တော် မှ ကမ်းနား သို့ ထိုးထားသော ကုန်းပေါင်များ သည် အိပဲ့ အိပဲ့ ။ အလိုက်သင့် ဟန်ချက်ညီ ပြေးဆင်းလာသော အလုပ်သမားကြီးများ ၏ ပခုံး ပေါ် မှာ ကုန်စည်ဝန်ထုပ်များ ။


ရုတ်တရက် သူ သည် ကိုဝင်းလှိုင် ကို သတိရ လာသည် ။


ကိုဝင်းလှိုင် ကြောင့် မောင်လူသစ် ( ဂေါဝိန် ) ၏ အဓိပ္ပာယ် ပိုမို ပြည့်စုံ လာရသည် ဟု ပြန်လည် ဆင်ခြင် မိ သေးသည် ။


ကိုဝင်းလှိုင် က ဘိလပ်မြေ သမ္ဗန် ကို လက်ညှိုး ထိုး ပြနေသည် ။ သူ က ကိုဝင်းလှိုင် ညွှန်ပြရာ သမ္ဗန် ပတ်ဝန်းကျင် ကို လိုက်ကြည့် မိသည် ။ ဧရာဝတီ ကို ဖြတ် တိုက်လာသော တော်သလင်း လေ သည် ပူပြင်း ပါးလျား လွန်းသည် ။ ကုန်တင်ကုန်ချ လုပ်သားကြီးတွေ ၏ ခြေထောက်များ ကြား မှ ပေပေရေရေ ကောင်လေးများ တိုးဝှေ့ နေကြသည် ကို မြင်ရ၏ ။ အိတ်ပေါက် အိတ်ပြဲများ က သွန်ဖိတ် ကျသည့် ဘိလပ်မြေများ ပေကျံ ဖြူဖွေးနေသော ကောင်လေးတွေ ၏ လက်ချောင်းများ ကို အဓိပ္ပာယ် ဖွင့် နေမိသည် ။ ကိုဝင်းလှိုင် နှစ်ဆယ့်ငါးပြားတန် စာစောင်ငယ်လေး မှာ စာပေပျိုးခင်းလေး လုပ် နေရသည့် သူ့ ကို မတန်တဆ ခြောက်လှန့် ပြနေသည် ဟု အထင် ရောက်သွားမှာ လည်း စိုးရိမ် နေဟန် တူသည် ။


“ ဝတ္ထု သဘောတရားတွေ ၊ ရသစာပေ ဖွင့်ဆိုချက်တွေ ဘာဘာညာညာ အစ်ကို နား မလည်ဘူး ။ ပြောလည်း ပြောမပြတတ်ဘူး ။ စိတ်ကူးယဉ် ချစ်ကိစ္စလေးတွေ ရဲ့ အပြင်ဘက် မှာ လည်း ဝတ္ထုလေးတွေ ရှိနေသေးတယ် ။ ဝတ္ထု ရေးစရာလေးတွေ ရှိနေသေးတယ် ဆိုတာ ကို သာ ”


သူ ဂေါဝိန် ကို တစ်ခေါက် ပြန်ရောက် တော့ မေးကြည့် မိသေးသည် ။


မည်သူ့ ဆီ က မျှ ကိုဝင်းလှိုင် လိပ်စာသစ် ကို မေးမြန်း တောင်းယူ ရရှိခွင့် မကြုံခဲ့ ။


အင်္ကျီတုံးလုံး ကလေးငယ်များ ဝါးဖောင်ထိပ် က နေ၍ ဧရာဝတီ ၏ လျှို့ဝှက် သော အတွင်းပိုင်း ထဲ ဆီ ခေါင်းထိုး ငုပ်လျှိုး သွားသည် ကို မြင် လိုက်၏ ။


( င )


“ ဗေဒင်ထူး စာစောင်တွေ ၊ ဗေဒင်ထူး စာစောင်တွေ ”


လက်ပွေ့ သတင်းစာ ရောင်းသမား တစ်ဦး သည် ဈေးလမ်း ကျဉ်းလေး ထဲ မှာ တိုးဝှေ့ ရင်း အော် နေသည် ။ ဈေးသည် ၊ ဈေးဝယ် တော်တော်များများ သည် ထူးစာစောင် အား ပေါ့ပေါ့ပါးပါး ပင် ဝယ်ယူ နေကြသည် ။ တနင်္လာ နေ့တိုင်း ထုတ်ဝေ သော နှစ်ရွက် ရှစ်မျက်နှာ စာစောင်ငယ်လေး ၏ မျက်နှာဖုံး တွင် လာမည့် သောကြာနေ့ ရုံတင် ပြသမည့် မြန်မာရုပ်ရှင်ဇာတ်ကား မှ မင်းသမီးသစ် ၏ စိုပြည် ဖွံ့ဝေသော အလှ ။ နောက်ကျောဖုံး မှာ မြန်မာ မျက်စိကုဝိဇ္ဇာ ၏ ကြော်ငြာ ။ အတွင်း စာမျက်နှာ ၄ ၊ ၅ က ဗေဒင် ။ ခုနစ်ရက်သားသမီးတို့ သည် တနင်္လာ ပေါင်း မြောက်မြားစွာ ကို ဖြတ်ကျော်ရင်း ရှေ့ရေး အိပ်မက်များ ကို ပုံဖော် ကြည့်နေကြသည် ။ ဗေဒင် ကို ယုံကြည် ကိုးစားလွန်း ၍တော့ မဟုတ်တန်ရာ ။ နှစ်ဆယ့်ငါးပြားတန် စာစောင်ငယ် ပေါ် ကလည်း မည်မျှ ကြီးကျယ်သော မျှော်လင့်ချက်များ ရရှိနိုင် မလဲ ။ သို့တစေ ဂေါဝိန် ပတ်ဝန်းကျင် က ကိုကို ၊ ဦးဦး ၊ ဒေါ်ဒေါ် များ သည် ထူးစာစောင်လေး ကို သူတို့ ဖတ်မှတ် လေ့လာအပ်သော စာစောင်လေး တစ်ခု အဖြစ် အသိအမှတ် ပြုထားကြသည် ။


ကဗျာ ၊ ကာတွန်း ၊ ကြော်ငြာ ၊ ဖတ်စရာ မှတ်စရာတွေ ထဲ မှာ ဝတ္ထုတိုလေး တစ်ပုဒ် ကို လည်း ယှက်နွှယ် ဖွဲ့စည်း ထားသေးသည် ။


ယခု တနင်္လာ မှာ မောင်လူသစ် ( ဂေါဝိန် ) ၏ “ ဆဋ္ဌမ သမုဒ္ဒရာ ” ဝတ္ထုတို ။ သူ သည် စက်ချုပ်ခုံ ကို မှီပြီး သူ မမ ၏ စီရင်ချက်အား ငံ့လင့်နေသည် ။ မခင်မြင့် သည် ခွေးခြေ ခုံလေးပေါ် ဝဖိုင့်သော ခန္ဓာကိုယ်ကြီး ကို မမျှမတ တင်ပြီး သူ့ ဝတ္ထု ကို ဖတ် နေသည် ။ မခင်မြင့် နောက် မှာ စက်ချုပ်သင် ကောင်မလေးတွေ ထဲ က ကျစ်ဆံမြီးရှည်လေး သည် သူ့ အား ခိုး ကြည့် နေသည် ကို သတိထား မိသည် ။


“ ကောင်း လည်း မကောင်းဘူး ”


ထင်ထားသည့် အတိုင်း ပင် မခင်မြင့် က တုံ့ပြန်လာ၏ ။


“ ဒါက ဘဝ သရုပ်ဖော် ဗျ ၊ ခင်ဗျား ကြိုက်တတ်တဲ့ ချစ်တာတွေ ၊ ကြိုက်တာတွေ မပါဘူး ”


သူ က မခင်မြင့် ကို စ သလို နှင့် လူတတ်ကြီး လုပ်နေ မိသည် ။


“ အင်္ကျီစတွေ ဈေးတက် လို့ ဖောက်သည်တွေ မလာတာ နင် မသိ ဘူးလား ။ စိတ်ညစ်ရ တဲ့ အထဲ နင့် ဝတ္ထု ဖတ်ရတာ ဘာမှန်းလဲ မသိဘူး ။ တာရိုး ဘေး က ဖိုးခွေး တို့ ၊ အရက်ပုန်း တို့ ၊ ပြီးတော့ ရှက်စရာကြီးတွေ လည်း ပါသေးတယ် ”


သူ က စိတ်ညစ် သွားသော သူ့ မမ ဝဝဖိုင့်ဖိုင့်ကြီး ကို ကြည့်ရင်း သနား လာသည် ။ သူ က “ စက်ချုပ်တာ အလုပ် မဖြစ်ရင်လည်း ဒေါ်ဝက်ကြီး နဲ့ ဆက်သွယ်ပေါ့ ” ဟု ပြောင်စပ်စပ် ဆိုတော့ မမ က ကတ်ကြေး နှင့် ရွယ်သည် ။


မည်သို့ပင် ဖြစ်စေကာမူ သူ ပထမဆုံး ရေးသားခဲ့သော ဘဝသရုပ်ဖော် ဝတ္ထုလေး ကို ပင် ကိုဝင်းလှိုင်ကြီး က “ဒေါ်ဝက် နှင့် သမီးများ ကြော်ငြာ ” ဟု ဆိုလာသော အခါ မကျေမနပ် ဖြစ်နေ မိသေးသည် ။


သူ သည် နှစ်ဆယ့်ငါးပြားတန် စာစောင်လေးများ မှာ ဝတ္ထုတိုပေါင်း နှစ်ဆယ် ကျော် ရေးပြီးသောအခါ တွင် ဂေါဝိန် ကို ထားရစ်ခဲ့ရသည် ။


တစ်ခါက သူ့ ဝတ္ထုတို တစ်ပုဒ်တလေ ကို ပင် ဖတ်ဖြစ်ခြင်း မရှိခဲ့သော မခင်မြင့်ကြီး အား နှုတ်ဆက်ရန် သတိ ရ လာ မိသည် ။ မခင်မြင့် သည် သူ့ ပရိသတ် ။ သူ က မခင်မြင့် တို့ အသည်းစွဲ ဖူးသည့် စာရေးဆရာ ။


ကမ်းနားဈေးအိုလေး သည် ဓမ္မာရုံလေး လို ဆိတ်ငြိမ် နေသည် ။


( စ )


မခင်မြင့် ခန္ဓာကိုယ် တစ်ဝက် ပျောက်ဆုံး သွားခြင်း အပေါ် မှာ မယုံနိုင် သလို ဖြစ် နေမိသည် ။


“ ပိန်သွားတယ် နော် ၊ မမမြင့် ”


“ နင် လည်း တို့ ဘက် ကို ပေါ်မလာတော့ဘူး ။ နင့် အမေ ဆုံးတော့ မှ ပဲ နင့် မိဘတွေ ဆီ လာတော့တယ် ။ ဒါလည်း ဘယ်နေ့ ပြန်မလဲ ၊ နက်ဖြန် လား ”


“ မပြန်လို့ ဘယ်သူ က ထမင်းကျွေးထားမလဲ မမမြင့် ရ ”


မခင်မြင့် ထံ က အလိုမကျသော တုံ့ပြန်သံ ကြားရလိမ့်မည် ဟု မျှော်လင့် မိသည် ။ သို့သော် သူမ က ငေးကြည့် နေသည် ။


“ ကလေး ဘယ်နှယောက် ရပြီတုံး ”


လက်နှစ်ချောင်းခွဲ ထောင်ပြ လိုက်သည် ။


“ အိမ်ထောင် ကျသွား ကတည်း က လူရော ၊ အဝှာရော ပျောက်သွား လိုက်တာ နော် ”


အသံ ထွက်အောင် ရယ်မိသည် ။ အင်္ကျီကိုက်ခုံ ဘေး မှာ ရပ်နေသော ကောင်မလေးတွေ ထံ က လည်း ရယ်သံ ချိုလွင်စွာ ကြားလိုက် ရသည် ။


သည် ကောင်မလေးတွေ ထဲ မှာ ဆယ်နှစ်ကျော် က ကျစ်ဆံမြီးလေး ကို ရှာကြည့် မိ သေးသည် ။


“ နင် စာ မရေးနိုင်တော့တာ ကို ပြောတာပါ ”


“ ဘာဖြစ်လို့ စာ မရေးနိုင်တော့ရမှာလဲ အစ်မကြီး ရ ။ ကျွန်တော် စာ ရေး နေတုန်းပဲ ဥစ္စာ ၊ “ မောင်လူသစ် ” ပဲ ။ အဲ ၊ “ ဂေါဝိန် ” တော့ ဖြုတ် ပစ်လိုက်ပြီ ”


မခင်မြင့် မျက်နှာ ပေါ် မှာ ယုံကြည် လက်ခံမှု အရိပ်အယောင်များ မတွေ့ရ ။


“ ဘယ်မှာ ရေးတာလဲ ၊ ထူးစာစောင် မှ မရှိတော့တာဘဲ ”


သူ့ ကို နှစ်ဆယ့်ငါးပြားတန် စာစောင်လေး ပေါ် က မောင်လူသစ် ( ဂေါဝိန် ) အဖြစ် ထက် တိုး၍ မမြင်နိုင်သေးသော မခင်မြင့် အပေါ် မှာ အလိုမကျ ဖြစ် မိသည် ။ သူ ရေးသား နေသော မဂ္ဂဇင်း အမည် ကို ရွတ်ပြ မိသည် ။


“ မဖတ်ဖူးပေါင် ”


သူ အတော် စိတ်ပျက် မိသည် ။ သူ ဆယ်နှစ်ကျော် စားဝတ်နေရေး တစ်ဖက် နှင့် ရုန်းကန်တည်ဆောက် ခဲ့သော စာပေဘဝလေး ကို သူ့ ဝတ္ထုတိုလေးများ တစ်လျှောက် လုံး ဖတ်လာခဲ့သည့် မခင်မြင့် လို ပရိသတ် က မှ အသိအမှတ် ပြုခြင်း မရှိလျှင် ။ သူ မောပန်းနွမ်းနယ် သွား ရသည် ။ သည်တော့မှ ဈေး ထဲ မှာ ဖြတ်သန်းလာစဉ် “ စာ မရေးဖြစ်တော့ဘူးလား ၊ စာရေးဆရာလေး ” ဆိုသည့် သူ့ မိတ်ဆွေဟောင်းများ ၏ နှုတ်ဆက်စကား အနက် ကို နားလည် လာ ရသည် ။


သူ သည် ဝတ္ထုတိုလေးများ ပါဝင်သော ‘ လများ ’ ကိုပင် မိုက်မဲစွာ ရွတ်ပြ လိုက် မိ သေးသည် ။


မခင်မြင့် က


“ တို့ ဘယ် မဂ္ဂဇင်း မှ မဖတ်ဖြစ်ပါဘူး ၊ ဝယ် လည်း မဝယ်နိုင်ဘူး ။ ဖတ်ချိန်လည်း မရပါဘူး ”


သူ က လစဉ်ထုတ် မဂ္ဂဇင်းစောင်ရေ နှင့် သန်းသုံးဆယ်ကျော် လူဦးရေ ကို အချိုးချ ကြည့် မိသည် ။


သရုပ်ဖော်ပုံလေးများ နှင့် စွတ်စိုလှပသော သူ့ ဝတ္ထုတိုလေး ကို မတွေ့မိသော မခင်မြင့် အပေါ် မှာ ငြူစူခဲ့ခြင်း အတွက် ရှက်ရွံ့ သွား မိသည် ။ ဟို လွန်ခဲ့သော ဆယ်နှစ်ကျော် က နှစ်ဆယ့်ငါးပြားတန် စာစောင်လေးပေါ် က မောင်လူသစ် ( ဂေါဝိန် ) နှင့် ယခု မဂ္ဂဇင်း စာမျက်နှာများ ပေါ် က “ မောင်လူသစ် ” တို့ကို နှိုင်းယှဉ် စဉ်းစားမိသည် ။


သူ သည် စက်ချုပ်ခုံ ပေါ် က အပြင်ဘက် သို့ လှမ်း ကြည့် လိုက်သော အခါ ဧရာဝတီ ၏ ငြိမ့်ငြိမ့်ညင်ညင် ရေအလျဉ် ကို မြင် နေရသည် ။


မခင်မြင့် သိသော မောင်လူသစ် ( ဂေါဝိန် ) ဆိုသည် မှာ မနေ့ က မြစ်ရေစီး နှင့် အတူ မရှိတော့ ။


မခင်မြင့် တို့ သည် လည်း မဂ္ဂဇင်း စာမျက်နှာများ ပေါ် က “ မောင်လူသစ် ” ၏ ဖြတ်သန်းခြင်း ကို သတိထားမိခြင်း မရှိလိုက် ။ အချိန်ကာလ အားဖြင့် ။


နေရောင်ပြိုးပြက် အောက် မှာ စီးဆင်း နေသော ဧရာဝတီ ၏ ရေအလျဉ် ကို ပင် တုံ့နှေး တုံ့နှေး နိုင်လွန်းသည် ဟု ထင်နေ မိ သေးသည် ။


◾သိုက်ထွန်းသက် 


📖 ခရမ်းနုရောင်ပွင့်သစ် ဝတ္ထုတိုများ 

      အရုဏ်ငှက်စာပေ 

      ၁၉၈၃


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment