Wednesday, February 15, 2023

ငရဲသို့ ( ၂ )


 အောင်ကျော် နှင့် မောင်ကွန်း တို့ က တစ်တွဲ ၊ ကျွန်တော် နှင့် ကျေးအုံ တို့ က တစ်တွဲ ၊ အိမ်ပေါ် သို့ နောက်ဖေး ပေါက် မှ တက်လာ ကြသည် ။ နောက်ဖေး ဥယျာဉ် ဝယ် လူသံ သူသံ ကြား သဖြင့် အောင်ကျော် ၏ မိဘ ဖြစ်သူ ဦးဖျော် နှင့် ဒေါ်ခါဥ တို့ လည်း နောက်ဖေး ဘက် သို့ အိမ်ဦးခန်း မှ ထွက်လာကြ သည် ။ ဒေါ်ခါဥ မှာ ဘာမျှ မပြော ။ သို့သော် ဦးဖျော် မှာ “   သမီး မိန်းမ မွေး ရတာ တစ်ဒုက္ခ ဟဲ့ ” ဟု တဖျစ်တောက်တောက် ညည်း နေသည် ။


“ ကိုင်း အမေ နဲ့ အဖေ တို့ က ဘယ်သူ့ ကို မှ အပြစ် တင် မနေနဲ့တော့ ၊ သမီး မိန်းမပျို ဆိုတာ အချိန်တန် အရွယ် ရောက် ရင် အိမ်ထောင်ရက်သား ပေးစား လိုက်တာ အေးတယ် ။ ဒီတော့ အခုလို လက်ပူးလက်ကြပ် မိတဲ့ အခါ ဆူဆူပူပူ မလုပ်နဲ့ ဗျာ ”


အောင်ကျော် က စေတနာ ဗရပွ နှင့် သူ့ နှမ ကို ကာကွယ်လိုသည့် ဇော ဖြင့် ပြော လိုက်သည် ။ 


“ မဆူဝံ့ပေါင် သားရယ် ၊ မဆူဝံ့ပေါင် ” ဟု ဒေါ်ခါဥ က လေအေးအေး နှင့် ပြောသည် ။ “ မဆူဝံ့ပါဘူးကွယ် ။ အမေ ဆူ တတ်ရင် သူ့ အကြောင်း ငါ့ သား စောစော ထဲ က အကုန် သိပြီး ဖြစ်မှာပေါ့ ။ အခုတော့ အမေ တစ်ယောက် တည်း ကျိတ်ကျိတ်ပြီး မြုံ နေပေမယ့် သူ့ သန္ဓေ က မကောင်းတော့ အမိ လည်း မနေရ ၊ အဖ လည်း မနေရ ။ ဒီအထဲ မှာ မောင်သာဝေ က ပါ ငါတို့ အပူ ကို ဝင် ကူ ရသလို ဖြစ်တော့ ငါ အားနာ လှ သကွယ် ”


“ အားနာဖို့ မလိုပါဘူး ကြီးဒေါ်ရယ် ” ဟု ကျွန်တော် က ပြန် ပြော လိုက်သည် ။ ဤ အချိန် အထိ ကျွန်တော် သည် ကျေးအုံ ၏ လက်ကလေး ကို ဆွဲ ထားတုန်း ပင် ဖြစ်သည် ။ ဖွင့် ပြော ရလျှင် ကျွန်တော် သည် ကျေးအုံ့ အပေါ် မရိုးတော့ပါ ။ ကျေးအုံ လို ရေဆေးငါး ကို မောင်ကွန်း လို ငါးကျည်းခြောက် လက် သို့ အပ်ရမည် ကို နှမြော မိ ပါသည် ။ သို့သော် လူကြီး ပီပီ စကား ပြော ရ တော့မည် ဖြစ်သော ကြောင့်


“ ကြီးဒေါ်ရယ် ၊ ဒီလို ကိစ္စမျိုး ကို ယိုးမယ် ဖွဲ့ပြီး စိတ်ဆင်းရဲ မခံပါနဲ့ ။ သူ ကြည်ဖြူ ရင် ပေးစားလိုက်ပေါ့ ” ဟူသော စကား ဖြင့် နားချ မိသည် ။


“ ဟုတ်တယ် အမေ ၊ သူ ကြည်ဖြူ ရင် ပေးစား လိုက်တော့ ” ဟူ၍ အောင်ကျော် က ကျွန်တော့် စကား ကို နင်း၍ လိုက်သည် ။ 


ကျွန်တော့် စိတ် ထဲ တွင် ဤ စကား ကို မောင်ကွန်း ကြား ရ ပါက ဖရဏာပီတိ ဂွမ်းဆီ ထိ လိမ့်မည် ဟု ထင်မှတ်သည် ။ သို့သော် အောင်ကျော် လက် ထဲ က မောင်ကွန်း သည် မသိမသာ တွန့် သွားသည် ဟု ထင် ရသည် ။ 


သို့သော် ကျွန်တော်တို့ အားလုံး အံ့အားသင့် မိသည့် ကိစ္စ မှာ ကျေးအုံ ကိုယ်တိုင် က ခါးခါးသီးသီး ငြင်းခြင်း ဖြစ်သည် ။ 


“ အောင်မယ် အမေ တို့ ၊ အစ်ကို တို့ က ဘယ်လို ပြော တာလဲ ။ သူ့ ကို ဘယ်သူ ကများ ကြည်ဖြူတယ် လို့ ပြောဖူးသလဲ ”


ကျေးအုံ က ဤသို့ သံပြတ် နှင့် ပြော ပါသည် ။ 


“ ကျုပ် က ဘယ်တုန်းကများ ဘယ်သူ့ ကို ကြိုက်ဖူးလို့လဲ ။ ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် ပါ တော့ ”


ဒေါ်ခါဥ သည် သူ့ သမီး အကြောင်း သူ သာ သိသည် ။ ထို့ကြောင့် ကျွန်တော်တို့ အံ့အား သင့် သလောက် သူ အံ့အား မသင့်ပါ ။


“ အေး ညည်း ကတော့ ဒီလိုချည်း ပြောတာပဲ ။ ရည်းစားတွေ မှို လို ပေါက်အောင် ထားတိုင်း လင်စံရွေး လို့ ရနိုင်တယ် အောက်မေ့ သလား သမီး ရယ် ။ ညည်း ကြိုက်ရင် ဘယ်သူ နဲ့  ဖြစ်ဖြစ် ပေးစား မှာ ပါ ။ အခုလို မျက်နှာ တော့ မများလိုက်ပါ နဲ့ ” 


ဒေါ်ခါဥ က လေအေးအေး နှင့် ပြောစဉ် မောင်ကွန်း သည် ရှူးရှူးရှဲရှဲ ဖြစ် လာသည် ။


“ တော်ပါဗျာ ၊ ကျုပ် ကလည်း ဒင်း ကို ယူ ရမှာ ကြောက် ပါတယ် ။ ကျုပ် လည်း လူပျိုလူရွယ် ဆိုတော့ ဘာသာ ဘာဝ စ မိတာပဲ ။ အခု ကိုကြီး အောင်ကျော် ကို အားနာ လို့ သာ ဘာမှ မပြောဘဲ နေတာ ။ ကျုပ် အလိုမှာ တော့ ကျေးအုံ လို ဟာမျိုး ကို မယူဝံ့တာ အမှန်ပဲ ”


မောင်ကွန်း က ဤသို့ ပြော လိုက်သော အခါ ကျေးအုံ သည် ဆတ်ဆတ် တုန် လာသည် ။ ကျွန်တော် လည်း သူ ၏ လက် ကို လန့်လန့် နှင့် လွှတ် လိုက်သည် ။ ကျေးအုံ သည် မီးဖိုချောင် မှ ဓားမတို တစ်ချောင်း ကို လှမ်း ဆွဲ လိုက်သည် ။ မီးဖိုချောင် မှာ မှောင် ၍ နေသည် ။ အိမ်ဦးခန်း မှ ရေနံဆီမီးခွက် ၏ အရောင် သည် မီးဖိုချောင် ကို အလင်းရောင် ကောင်းစွာ မပေး ။ သို့သော် ကျေးအုံ ကား သူ သုံးနေကျ ဓားမတို ကို သူ သိသည် ။ ထို့ကြောင့် ထို ဓားမတို ကို လှမ်း ၍ ဆွဲရာ လျင်မြန် ဖျတ်လတ်လွန်း၍ ကျွန်တော်တို့ ဘာမျှ မမြင် လိုက်ရပါ ။ ဓားမတို နှင့် မောင်ကွန်း ကို လိုက်ခါ မှ ကျွန်တော်တို့ သည် ပျာပျာ သလဲ ဖြစ် သွားပါသည် ။


“ ဟဲ့ နင်လို ကလေကချေကို စိတ်ကူး ထဲ ထည့်တာ မဟုတ်ဘူး ဟဲ့ ။ ငါ က အပျော်လောက် သဘော ထားတာ ဟဲ့ ၊ နားလည်ပလား ” ဟု ကျေးအုံ က အသံ ခပ်အုပ်အုပ် ဖြင့် မြည်တမ်း ရင်း ဓား နှင့် လိုက်ရာ ကျေးအုံ စိတ်မြန်ပုံ ကို နားလည်ပြီး ဖြစ်သော မောင်ကွန်း သည် အောင်ကျော် လက် ထဲ မှ ရုန်းထွက် ၍ အိမ်ရှေ့ခန်း ကို ဖြတ်ကာ ကဆုန်ပေါက် ပြေး လေသည် ။


မောင်ကွန်း သည် သူ့ ဟာ သူ ရိုးရိုး ပြေးလျှင် တော် ပါ၏ ။ သို့သော် ခွေးသားကလေး က ရပ်သိ ရွာသိ ဖြစ်အောင် အော်လိုက် သေး၏ ။ 


“ ဟဲ့ ကျေးအုံ ၊ နင် ယောက်ျား တကာ ကို အပျော် ကြံတာ ငါ သိပါ သဟဲ့ ၊ နင့် တော့ တစ်ရွာလုံး ကြောက်လှပါ သဟဲ့ ” ဟူ၍ မောင်ကွန်း က ကြော်ငြာမောင်း ထု ရင်း ထွက်ပြေး ပါသည် ။


အောင်ကျော် တို့ သားအမိ ကိုယ်စား ကျွန်တော် ရှက်လှပါ၏ ။ သို့သော် အောင်ကျော် သည် သူ့ မွေးစားနှမ အပေါ် မမုန်းနိုင် သလို ကျွန်တော် က လည်း ကျေးအုံ အပေါ် မုန်း၍ မရပါ ။ တကယ် ဆို လျှင် မျက်နှာ များသော ကျေးအုံ ကို ခိုးထုပ်ခိုးထည် နှင့် မိ ထားပြီး သည့် နောက် ကျွန်တော် သည် ကျေးအုံ ကို အရွံကြီး ရွံ သင့်သည် ။ သို့ပါ သော် လည်း ကျေးအုံ က ဒေါသ တကြီး နှင့် ကျန်ရစ်ခဲ့ပြီး ၊ မောင်ကွန်း ကို ဓားမတို နှင့် မပေါက်လိုက် ရ သဖြင့် ဟီးချ၍ ငို လိုက်သော အခါ ကျွန်တော် ၏ ရင် ထဲ တွင် ဗလောင် ဆူ ၍ သွားပါ သည် ။ ဘာ့ကြောင့် မသိပါ ။


နံနက် မိုးလင်းသော အခါ ကျေးအုံ နှင့် မောင်ကွန်း တို့ ၏ ခွာပြဲခန်း မှာ တစ်ရွာလုံး စားမြုံ့ ပြန်စရာ ဇာတ်လမ်းပမာ တမျှ ဖြစ် နေပါသည် ။ သို့သော် ရပ်ရွာဓလေ့ အတိုင်း ကဲ့ရဲ့ပြီး သည်နောက် ခုနစ်ရက် မြောက်သော် ကျေးအုံ ၏ သတင်း ကို မည်သူမျှ အရေး မစိုက်တော့ပါ ။ ရွာဆော်ကြီးသား မောင်ကွန်း ကို သူ့ အဖေ က မြန်မြန် မိန်းမ ပေးစား လိုက်သည့် အကြောင်း သည် သာ လျှင် ရွာသူရွာသားများ အဖို့ စိတ်ဝင်စား စရာ ဖြစ် လာပါသည် ။


တစ်ခုသော ညနေခင်း ဝယ် အောင်ကျော် နှင့် ကျွန်တော်တို့ နှစ်ဦးသား သည် ထန်းတော တစ်ဖက် တွင် ချိုး တည် ကြပါသည် ။ သို့သော် တစ်ကောင် မျှ မမိပါ ။


ချိုး တည်ရင်း သူငယ်ချင်း နှစ်ယောက် သည် ကျေးအုံ အကြောင်း မိုးမွှန်အောင် ပြောနေကြသည် နှင့် ချိုး တစ်ကောင် မျှ အနား မသီပါ ။ တည်ချိုး ခမျာ ပင် လျှင် ကျွန်တော်တို့ စကားသံ ကို ကြား ရ၍ မကူမိ ဟု ထင် ပါသည် ။


“ သာဝေ ရာ ၊ သူငယ်ချင်း ရာ ၊ မင်း ပဲ စဉ်းစား ကြည့် လကွာ ။ ဒီ အရွယ် မှာ အပြစ် တင် လို့ မဖြစ်ဘူး ကွယ့် ။ သွေးသား သောင်းကျန်းတုန်း အရွယ် ။ ဖိုမဓာတ်ကြော ကို နား မလည့် တလည် မှာ ဒီအတိုင်း လွှတ် ထားရင် မှား သထက် မှားရော့ မပါ့ ။ ငါ့ မိဘတွေ က လည်း အို ပြီ ကွယ့် ။ ဒီတော့ သူ ကို အမြဲ ထိန်းနိုင် ကျောင်းနိုင်တာ မဟုတ်တော့ ။ လူပျိုကာလသားတွေ နဲ့ တွေ့တဲ့ အခါ အငွေ့ ကို ရှောင် နိုင်သော်လည်း အတွေ့ ကို မရှောင်နိုင် ဆိုတာ လို ဖြစ်ရတာပေါ့ ကွယ့် ။ ငါ ကတော့ နှမအရင်း လို ပဲ အောက်မေ့ ရမှာ ပဲ ။ မောင် အရင်း လို စေတနာ ထား ရတော့မှာ ပဲ ။ ဒီတော့ လူတွေ က မိန်းမပေါ့ မိန်းမပျက် လို့ အစွပ်အစွဲ မခံ ရ အောင် သူငယ်ချင်း ရာ မင်း က ပဲ ကူ စမ်းပါ ”


အောင်ကျော် က ကျွန်တော့် ကို ပတ်ချွဲနပ်ချွဲ နှင့် လှိမ့် နေပါသည် ။ သူ လှိမ့် နေသည်ကို ကျွန်တော် သိ၏ ။ သို့သော် ကျွန်တော် ဆိုသည့် ငနဲ ကား ဤသို့ လှိမ့်ခြင်း ခံရသည် ကို ပင်လျှင် အရသာ တွေ့ နေသည် ။ 


စင်စစ် ကျွန်တော် ကျေးအုံ ကို လိုချင်သည် ။


အမှန်မှာတော့ မလိုချင် ။ 


အို ကျွန်တော် ဘာကို ဘယ်လို လုပ်ပြီး ပြောရမလဲ ။ 


ကျေးအုံ ၏လက် ကို ကိုင်တွယ် ခဲ့ ရသော အတွေ့အထိ ၊ ဖောဋ္ဌဗ္ဗာရုံ ။ ထို အာရုံ သည် အတိုင်းမသိ သာယာ၏ ။ ထို အာရုံ နောက် သို့ ကျွန်တော် လိုက် လို ၏ ။


သို့သော် ကျေးအုံ ကို ကျွန်တော် ကြောက်ပါသည် ။ ဘာ့ကြောင့် ကြောက်သည် ကို မပြောတတ် ။ သူ က ကျွန်တော့် ကို အပျော် ကြံစေဦးတော့ ကျွန်တော် ပဲ့ မသွားပါ ။ သို့သော် ... သို့သော် ...


ကျွန်တော် ချီတုံချတုံ ဖြစ် နေသည် ။ စေတနာ ဗရပွနှင့် သူ့ နှမ ကောင်း တာ မြင် ချင်သော မောင် မှာ ကျွန်တော် ၏ ချီတုံချတုံ ဖြစ်နေမှု ကို မလိုချင် ။ အတင်း ပင် နေရာ ချ နေသည် ။


ထို့ကြောင့် ကျွန်တော် သည် တစ်ညသ၌ ကျေးအုံ ထံ သို့ ဆောင်တော် ကူး မိ လေသည် ။ အောင်ကျော် ၏ ကူညီအားပေးမှု မပါဘဲ ကျွန်တော် ဆောင်တော် ကူးနိုင်မည် မဟုတ်သည် ကို စာရှုသူ တို့ ရိပ်စား မိ လောက်ပါပြီ ။


ထို ည က ကျွန်တော် သည် ကျေးအုံ ၏ ပါးပြင် ကို ကြူကြူမွှေး ခဲ့ပါ၏ ။ ကျေးအုံ ကား တကြူကြူ မွှေး နေသည် ကို အားရတင်းတိမ် ရောင့်ရဲခြင်း လက္ခဏာ မပြခဲ့ပါ ။ သံသရာ တစ်လျှောက် လုံး သူ့ အား အစဉ်မပြတ် တကြူကြူ မွှေး နိုင်မှ သူ သဘောကျလိမ့်မည် ထင် ပါသည် ။ သို့ရာတွင် ကျွန်တော် ကား တစ်ချီ တစ်ချီ ဆေးပေါ့လိပ် သောက်ချင် လာပါသည် ။ သို့ပါ သော်လည်း ဆေးလိပ် ကို မျှပင် ဖြောင့် အောင် မသောက် ရ ပါ ။ 


ကျွန်တော် နှင့် ကျေးအုံ ကား လင်မယား လည်း မကျ ၊ သမီးရည်းစား လည်း မက တော့ ပါ ။


ကျွန်တော် နှင့် ကျေးအုံ ဖြစ် နေကြသည် ကို တစ်ရွာ လုံး သိပြီး မှ ရိုးသားလှသော ကျွန်တော့် မိခင် ၊ ဖခင် တို့ က သိကြပါသည် ။ သူတို့ က ကြိမ်းမောင်း ကြသည် ။ သို့သော် အောင်ကျော် သည် သူ့ နှမကလေး အပေါ် မည်သို့ စေတနာထားပုံ ၊ သူ့ နှမ နှင့် ပတ်သက်လျှင် ကျွန်တော့် ကို သာ စိတ်ချပုံ ၊ မိန်းမပျို တစ်ဦး လမ်းလွဲလိုက်မှု ကို တားဆီးရန် စိတ် ရည်သန်ပုံ တို့ကို ကျွန်တော့် မိဘ အား ဖျောင်းဖျ ပြောဆို လေရာ အသက် သုံးဆယ် နီး လာပြီ ဖြစ်သော ကျွန်တော့် အပေါ် ၌ မိဘ တို့ က လည်း ခွင့်လွှတ် လာကြလေသည် ။


ထို့ကြောင့် ကျွန်တော် သည် တစ်နေ့သော အခါ ကျေးအုံ ကို တောင်းရမ်း ယူရန် အတွက် အိမ်ထောင်ပစ္စည်း ဝယ်ရန် ရွာ မှ ထွက် ၍ မြို့ သို့ တက် လေသည် ။


ကျွန်တော် သည် ဝါခေါင်လ မှ စ၍ ရွာ မှ ထွက်ခဲ့သည် ။ ခရီးသွား ဟန်လွှဲ ဆိုသလို မွေ့ရာ ၊ ခေါင်းအုံး ၊ စောင် ၊ ခုတင် တို့ ကို ဝယ်ရင်း မတ်တတ် က ကုန်ကူးရန် အတွက် လည်း စီမံထားသည် ဖြစ်၍ သီတင်းဝါလ ကျွတ် မှ ရွာ သို့ ပြန်ရန် ဖြစ်လေသည် ။


သည်နေရာ မှာ ကျွန်တော် ၏ ကိုယ်တွေ့ ကို အမှီ ပြုပြီး စာရှုသူ မိတ်ဆွေ တို့ အပေါ် လူလည် လုပ်ကာ သြဝါဒကထာ တစ်ခု ကို မိန့်ကြားတော် မူပါရစေ ။ စကား ပြော မတတ်၍ ရိုင်းလှသည် ဟု လည်း မထင်ပါ နှင့် ။ မိတ်ဆွေ ၊ သင် သည် အိမ်ထောင် ပြုရန် ခန်းဝင်ပစ္စည်း ဝယ် လို လျှင် ခန်းဝင်ပစ္စည်း ဝယ်ရင်း ကုန် မကူးပါလေ နှင့် ။ ကျွန်တော် ကဲ့သို့ ခန်းဝင်ပစ္စည်း ဝယ်ရင်း ကုန် မကူးပါလေ နှင့် ။


အဘယ်ကြောင့် ဆိုသော် ကျွန်တော် သည် ကုန်ကူးရင်း ခန်းဝင်ပစ္စည်း ဝယ် မိရာ ကုန်ရှုံး သဖြင့် ခန်းဝင် ပစ္စည်းဖိုး ကြေးငွေများ ပါ ရှုံးသည့် အထဲ ပါ သွား ပါသည် ။


ထို့ကြောင့် သီတင်းကျွတ် သော်လည်း အိမ် မပြန်နိုင်ပါ ။ “ တန်ဆောင်မုန်း ကျ မှ မောင်ဖုန်း လာမယ် ဆို ၊ လမ်း က မယ်ကြို ” ဟူသော ကျမ်းဂန် ပါဠိလာ ရှိသည့် အတိုင်း “ ချစ်နှမ ကျေးအုံ ရေ ၊ ငါ တန်ဆောင်မုန်း ကျ မှ ပြန် လာမယ် ။ အဲဒီ အထိတော့ စောင့်ပါဦး ” ဟူသော တောသူတောင်သား တို့၏ စရိုက် အတိုင်း မသွယ်မ၀ိုက် ဘဲ ရေး လိုက်သည့် မှာတမ်း ကို ကျေးအုံ ထံ သို့ လူကြုံ ပါး လိုက်ပါသည် ။ 


များမကြာမီ ကျွန်တော် စာ တစ်စောင် ရပါ၏ ။ သို့သော် ထို စာ မှာ ကျေးအုံ ထံ မှ စာ မဟုတ် ။ ယောက်ဖလောင်း အောင်ကျော် ထံ မှ စာ ဖြစ်သည် ။ 


အောင်ကျော် သည် တော်ရုံ နှင့် စိတ်ဆိုး တတ်သူ မဟုတ် ။ သို့သော် စာ ထဲ တွင် ကျွန်တော့် အား ခွေးမသား ဟု ဘွဲ့ထူး သညာ တပ် ၍ ခေါ်လိုက် သည် ကို ထောက်ရှု ၍ သင်း ကျွဲမြီးတို နေသည် ဟု ကျွန်တော် ခန့်မှန်း မိ ပါ၏ ။ သူ ၏ ဆဲရေးသော စကား အချို့ ကို ချန်လှပ်၍ သူ စာ အရင်းတိုင်း ကို ဖော်ပြရသော် အောက်ပါအတိုင်း ဖြစ်ပါ၏ ။


“ .….မင်း လောက် နွား ကျတဲ့ အကောင် ကို ငါ ခုမှပဲ တွေ့ ရ တော့တယ် ။ ဘယ့်နှယ်ကွာ ၊ ခန်းဝင်ပစ္စည်း ဝယ်ပါ ဆို ကုန်ရှုံးနေရ တာနဲ့ ။ ကျေးအုံ က မင်း ကို မစောင့်နိုင် လို့ လိုက် ပြေး ပြီ ။ ငါ ဟာ ကျေးအုံ အပေါ်သာ စေတနာ ထားခဲ့တာ မဟုတ်ဘူး ။ မင်း ကို လည်း ညီရင်းအစ်ကို လို စေတနာ ထားလွန်းလို့ ငါ ကိုယ်တိုင် ၅၂၈ မက ချစ်နေတဲ့ ဥစ္စာ ၊ မင်း ကို ရေစက်ချ လှူဒါန်း လိုက်တယ် ။ မင်း သောက်သုံး မကျတော့ မြို့ က ယောင်သုံးဆယ် ပွဲစား တစ်ကောင် နဲ့ လိုက် ပြေးပြီ ။ သူ နဲ့ လိုက်ပြေးတဲ့ အကောင် ကလည်း ပွဲစား လို့ သာ ဆိုတယ် ၊ စပါးပွဲစား လား ၊ လူပွဲစား လား ငါ မသိဘူး ။ လူပွဲစား ဆိုရင်တော့ ပြည့်တန်ဆာတန်း မှာ လိုက်ပြီး ရွေးယူရတော့မှာပဲ ”


ကျွန်တော် ၏ ဘေးပတ်လည် ရှိ စကြဝဠာ တစ်ခုလုံး သည် ချာချာ လည် ၍ သွားပါသည် ။ 


ကျေးအုံ ၊ နင့် ကို ဒါကြောင့် ငါ မလိုချင် ။ အင်း ၊ စင်စစ် ကို လည်း လိုချင်ပါ၏ ။ ယခုတော့ အားလုံး သောက်ခွ ။ 


ကျွန်တော် သည် ဖဲမွေ့ရာ တမျှ နူးညံ့လှသည် ဟု ထင်ရသော ဝါးပိုး ကွပ်ပျစ်ကလေး ပေါ် တွင် ကျေးအုံ နှင့် ရွှေလည် တွဲရင်း ကမ္ဘာလောကကြီး ကို မေ့လိုက်သည့် အကြောင်းခြင်းရာ တို့ ကို ပြန်လှန် တွေးတော မိ ပါသည် ။ ထို အခါ ကျေးအုံ သည် ကျွန်တော့် အား ချစ်ပြီး ရင်း ချစ်ချင်သည့် သဘောတရား တို့ကို ညွှန်းဆို ပြသခဲ့ကြောင်း ပြန်ပြောင်း တွေးတော မိ ပါ၏ ။ သည်အခါ ကျတော့ မှ နောင်တ ရ မိသည် ။ စင်စစ် သူ သည် ချစ်ဒုက္ခ ထဲ ၌ တဝဲဝဲ တလည်လည် ဒုက္ခ ခံ လိုသူ တစ်ယောက် မဟုတ်ပါလော ။ သည်အချက် ကို မျှ သဘော မပေါက်မိသည့် ကျွန်တော် သည် ကျေးအုံ ကို တစ်လ မျှ မကဘဲ သုံးလေးလ ကင်း၍ ခွာမိခဲ့သည် ။ ကျွန်တော် ၏ မဟာ အမှားတော် ။ 


ကျွန်တော် သည် ရွာ ကို မပြန်နိုင်တော့ပါ ။


စိတ် ထဲ တွင် ကျေးအုံ ကို မြည်တမ်းရင်း ကျွန်တော် ရောက်ရာ အရပ် ၌ ကျေးအုံ နှင့် တူသော မိန်းမ တို့ ကို ရှာခဲ့သည် ။ စိတ်တိုင်းကျ ကို မတွေ့ သည့် တစ်နေ့ ၌ မြို့ တစ်မြို့ ရှိ ကြေးရတတ် အဒေါ်ကြီး တစ်ဦး က ပဉ္စင်းအစ်မ လုပ်ချင် သော ကြောင့် ကျွန်တော် လည်း အဒေါ်ကြီး ၏ မောင်ပဉ္စင်း ဖြစ်ခဲ့ ရ၏ ။ ပဉ္စင်း ဘဝ ရောက်ခါ မှ ပင် စာသံပေသံ နှင့် ယပ်လှဲတရားများ ကို ဟောတတ် တော့သည် ။ ထို့ကြောင့်လည်း ကျွန်တော် ယခု ကိုယ့် အကြောင်း ကို စီကာပတ်ကုံး မှတ်တမ်း တင် နိုင်ခြင်း ပင် ဖြစ်သည် ။


ကျွန်တော် ၏ စိတ် ထဲ တွင် ကျေးအုံ ကို မှတ်တမ်း တင်လျက် ရှိ ပါ သည် ။ ထို့ကြောင့် ပဉ္စင်း ဘဝ ၌ ပင်လျှင် ကျေးအုံ ကဲ့သို့ သေးသေးသွယ်သွယ် ကိုယ်ကာယ အလှ ရှိသူ မိန်းမ တို့ ကို လိုက်၍ ရှာခဲ့ပါ၏ ။ သို့သော် မတွေ့  ။ 


နောက်ဆုံး၌ ကျေးအုံ နှင့် ဆင်တူယိုးမှား ဖြစ်လိမ့်မည် ဟု ထင် ရသော ပဉ္စင်းအစ်မ ၏ သမီး နှင့် ပင် ညားရ ပါတော့သည် ။


ပဉ္စင်းအစ်မ ၏ သမီး မှာ ဝဝတုတ်တုတ် ။ ကျေးအုံ မှာ သွယ်သွယ် သေးသေး ။ သို့သော် ၎င်း ဝတုတ်ကလေး မှာ တစ်သား မွေး၍ တစ်သွေးလှလာ သည့် အခါ ကျေးအုံ လို သွယ်သွယ်သေးသေး ဖြစ်လာလိမ့်မည် ဟူသော ထင်ကြေး ကြောင့် ကျေးအုံ နှင့် ဆင်တူယိုးမှား ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်သည် ။ အမှန်မှာ ကျွန်တော့် မိန်းမ သည် သားဦး တစ်ယောက် မွေးပြီး သည့် နောက် အဆီ တစ်ထပ် အသား တစ်ထပ် တိုးကာ ဝက်ပျိုမကြီး ကဲ့ သို့ ဝ၍ ဆူဖြိုး လာ ပါသည် ။


အိမ် က မအဝှာ ဆူဖြိုး လာ လေလေ ၊ ကျေးအုံ ကို သတိရ လေလေ ဖြစ် မိသည် ။ ထို့ကြောင့် သုံးနှစ် သုံးမိုး မျှ ခွဲခွာ လာခဲ့ရသော အမိ နှင့် အဖ တို့အား ချွေးမ ပြရန် အတွက် ဟု အကြောင်း ပြပြီး လျှင် ကျွန်တော် သည် မိဘ ရပ်ထံ သား နှင့် မယား ပါ ခေါ်ဆောင်၍ လာခဲ့ပါသည် ။


ကျေးအုံ ကား မြို့ကြီးသား နှင့် လင် နောက် လိုက်ပြေး ပြီ ဖြစ်၍ တွေ့ ရန် ခဲယဉ်းသည် မှန်ပါ၏ ။ သို့သော် သူ ရှိရာ အရပ်သို့ ရောက်လျှင် စိတ်ပြေ လက်ပျောက် ဖြစ်တန် ကောင်း ပါ၏ ။


သို့ရာတွင် ငယ်စဉ် က ထက် သီသီကလေး ဝ ဖြိုး နေသော ကျေးအုံ ကို သူ ၏ လင်တော်မောင် ငတိုး နှင့် အတူ အောင်ကျော် ၏ အိမ် ထက် တွင် ကျွန်တော် တွေ့ ရသော အခါ ကျွန်တော် ဟစ်၍ ငိုကာ ရယ်ပစ် လိုက် ချင် ပါ သည် ။


အဘယ့်ကြောင့် ဟူ မူ ငတိုး မှာ ကျွန်တော့် အိမ် တွင် ခိုင်းစေထားသော သူ ဖြစ်သည် ။ ကျွန်တော် ထင်မြင်မိသော မြို့ကြီးသား မဟုတ်ချေ ။


ကျေးအုံ မှာ မြို့ကြီးသား နှင့် လင့် နောက် လိုက်သွားပြီ ဆိုပြီး မှ ကျွန်တော့် အိမ် က စာရင်းငှား ငတိုး နှင့် ရသည် ဆိုသည် မှာ ကျွန်တော့် အဖို့ ငိုချင် လျှင် လည်း ငို၍ ရသော အကြောင်း ၊ ရယ်ချင် လည်း ရယ်၍ ရသော အကြောင်း ဖြစ် ပေသည် ။


ထို့ကြောင့် ကျွန်တော် က အောင်ကျော် အား သနစ်စုံ ကို မေးကြည့် မိသည် ။


“ ဟေ့ အောင်ကျော် ရ ၊ မင့် ဇာတ် က ရှုပ်ရှုပ် လာတယ် ကွ ။ ငါ တောင် မှ မျက်စိ လည် ကုန်ပြီ ၊ ပြောစမ်းကွယ် အစုံ ”


“ အစုံ ပြောရရင် ခုနစ်ရက် နဲ့ မပြီးဘူး ကွယ့် ။ ငါ ကတော့ မောင်ကြီး အရာ မှာ တည်တယ် ။ ဒီတော့ စေတနာ ထားရ သကွယ့် ။ ဒါကြောင့် မင်း ပင် မရှိ သော်လည်း မင်း ရဲ့ လက်စွဲတော် ငတိုး ကို ပဲ မင်း ကိုယ်စား လို အသုံး ချ လိုက် ရတယ် ။ စာရင်းငှားတွေ ထဲ မှာ မင်း ဟာ ငတိုး ကို အချစ်ဆုံး မဟုတ် လား ”


“ ဟုတ်တယ် ၊ သူ ဟာ ငါတို့ ရဲ့ အခိုင်းအစေ ဆိုပေမယ့် ငါ့ ညီ နဲ့ မခြားပါဘူး ကွယ့် ” 


“ အဲဒီတော့ မင်း ချစ်တဲ့ ငတိုး ကို မင်း ချစ်တဲ့ ကျေးအုံ နဲ့ ပေးစား လိုက်တော့ မင်း ဘာမှ ပြောစရာ မရှိဘူး မဟုတ်လား ”


“ ဒါကို ငါ ဘယ်လိုမှ မအောက်မေ့ တဲ့ အပြင် ဝမ်းတောင် သာတယ် ။ နို့ပေမယ့် ငါ နား မလည်တာ က မြို့ က ပွဲစား နဲ့ လိုက်ပြေးပြီး ဘယ့်နှယ် ငတိုး နဲ့ ညား ရတာလဲ ”


“ ဟေ့ သာဝေ ရဲ့ ၊ ဒါကို ပြောရရင် ခုနစ်ည နဲ့ မပြီးဘူး ကွယ့် ။ ကျေးအုံ ကို မင်း ကြည့်စမ်း ။ နည်းနည်း လောက် ဖြိုးလာတယ် လို့ မင်း မထင်မိဘူးလား ”


“ မင်း က လေ မဖောစမ်း နဲ့ လကွယ် ။ ဒင်း မှာ ကိုယ်ဝန် ရှိတော့ ဝ မှာပေါ့ လဟဲ့ ”


“ မင်း အဲဒါကြောင့် အူ တာပဲ ။ ကိုယ်ဝန် ကြောင့် ဝတာ မဟုတ်ဘူး ။ ပြဒါး ကြောင့် ဝ နေတာ ”


◾မောင်ထင်


📖 ရှုမဝ 

      နိုဝင်ဘာ ၊ ၁၉၅၃ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment