❝ လက်အတုလေးတွေ ❞
လူတိုင်း တွင် လက် နှစ်ဖက် ပါ သည် ။ မထူးဆန်းပါ ။ သို့သော် ထို လက် နှစ်ဖက် ဖြင့် လူ အများအပြား ကို ချစ်ခင် အောင် ၊ လေးစား အောင် ၊ ပျော်ရွှင် အောင် လုပ်ဖို့ မလွယ်ကူပေ ။ အဖေ့ မှာ လက် သုံးလေးဖက် လည်း မရှိပါ ။ သာမန် သူလို ငါလို လက် နှစ်ဖက် သာ ရှိသည် ။ အဘွား အဆို အရ အဖေ ငယ်ငယ် ကတော့ ဆရာမတွေ အဖေ့ လက်ကလေးတွေ ကို သိပ်လှတာပဲ ဟု ချီးကျူးကြသည် ဟု ဆိုသည် ။ လက် လှတိုင်းလည်း အသုံး ဝင်ချင် မှ လည်း ဝင်သည် ။ မလှပတဲ့ လက်တွေလည်း လောက ကို အကျိုး ပေး နေတာတွေ အများကြီး ။ အဖေ့ လက်တွေ က ရော … ။
ကျွန်မ အတွက် တော့ အဖေ့ လက်တွေ က တန်ဖိုး ဖြတ်လို့ မရပေ ။ အဖေ့ လက်များ နှင့် ကျွန်မ ကို ချီပိုး ခဲ့သည် ။ ဖေးမ ခဲ့သည် ။ တွဲကူ ခဲ့သည် ။ လူတန်းစေ့ မက နေနိုင် စားနိုင်အောင် လည်း အဖေ့ လက် ဖြင့် စောင့်ရှောက် ပေး ခဲ့သည် ။ နောက်ပြီး အဖေ့ လက်တွေ နှင့် ကျွန်မတို့ ကို တစ်ခါမှ မရိုက်ဖူးပေ ။ အဖေ့ လက်တွေ က ကျွန်မ အတွက်တော့ အာလာဒင်မီးခွက် လို လို တ ရ ခဲ့သည် ။
အဖေ သည် ထို လက်ဖြင့် စာ ရေး ကာ အသက်မွေး ဝမ်းကျောင်း ပြုပြီး ကျွန်မတို့ ၏ အနာဂတ် ကို တောက်ပ စေ ခဲ့သည် ။ အခြား ဘာ စီးပွားရေး မှ မလုပ်ဘဲ လက် နှစ်ဖက် ကို အားပြုပြီး စာရေးခြင်း ကို သာ လုပ်ကိုင် ခဲ့သည် ။ အဖေ့ လက်တွေ က ကျွန်မ အတွက် တော့ သုံး မကုန်နိုင်သော ဘဏ်တိုက်ကြီး ပင် ။
အဖေ သည် ကင်ဆာရောဂါ ကို ခံစားရပြီး သိပ် မကြာခင် ခေါင်း မှာ ပါ ကင်ဆာအကျိတ် ရောက် သွားသည် ။ လက်တွေ ၊ ခြေတွေ ကောင်းကောင်း မလှုပ်ရှား နိုင် တော့ ။ သူ တစ်သက် လုံး ခိုင်း လာသည့် လက်ကလေး အနား ယူချင် နေရှာတာ ဟု အထင် ဖြင့် အဖေ သည် အသုံးပြု၍ မရတော့ သော သူ့ လက်ကလေး ကို အပြစ် မဆိုပေ ။
တစ်ရက် ခုတင် ပေါ် ကနေ ဆေးလိပ် သောက် ဖို့ ဆင်းရင်း ခြေထောက် မခိုင် ဘဲ လဲ ကျသည် ။ ငယ်ငယ် က ဂိုး ဖမ်းခဲ့သည့် အကျင့် က ပါ နေသလား မသိ ။ ပြုတ်ကျသည် နှင့် တစ်ပြိုင်နက် ဘယ်လက် ဖြင့် ကြမ်း ကို လှမ်း ထောက် လိုက်သည် ။ ညာလက် က မလှုပ်နိုင်ရတဲ့ ကြား ထဲ ဘယ်ဘက် လက်မလေး အဆစ် လွဲ သွားသည် ။ ဆရာဝန် ဆီ မှာ အဆစ် ပြန် တည့် လိုက်သော်လည်း လက်မကလေး မှာ နိမ့် သွားသည် ။ ညာလက် က လည်း သုံး မရ ။ ဘယ်လက် က လည်း အဆစ်လွဲ နှင့် လက် နှစ်ဖက် လုံး အသုံး ပြုလို့ မရဘဲ နေရသည် မှာ မည်မျှ စိတ် ပင်ပန်းလိုက်မလဲ မသိ ။
သို့သော် အဖေ့ မှာ လက် အတုလေးတွေ ရှိ သည် ။ ယင်း ကား အမေ့ လက် နှင့် ကျွန်မ ၏ လက်တွေ ဖြစ်သည် ။ အဖေ ရေချိုးသည့် အခါ အဖေ ထမင်း စားသည့် အခါ အမေ့လက်တွေ က အဖေ့ လက်တွေ နေရာ မှာ အစားထိုး ဝင်သည် ။ ပစ္စည်း တစ်ခု ခု ကို အဖေ ကိုင် လိုသော အခါ ကျွန်မ လက်တွေ က အစားထိုး ဝင် ရသည် ။
တစ်ရက် တော့ အဖေ က လက်သည်း ညှပ်ချင်သည် ဆို သဖြင့် ကျွန်မ က အဖေ့ ကို လက်သည်း ညှပ် ပေးရသည် ။ ငယ်ငယ် က သိပ် လှသည့် အဖေ့ လက်တွေ အခုတော့ ရောဂါ ကြောင့် အသားအရေ မှာ အစွမ်းကုန် ကို မည်း နေသည် ။ သို့သော် ထို လက်ကလေးတွေ ၏ တန်ဖိုး ကို ကျွန်မ နှင့် အတူ သိ သူတွေ အများကြီး ရှိ မှာ သေချာသည် ။
အရင်ဆုံး ရေနွေးနွေး ထဲ မှာ အဖေ့ လက်တွေ ကို ခဏ စိမ်ထားပြီး မှ ညှပ် ရသည် ။ မဟုတ်လျှင် အညှပ် ခံရသူ သည် အသား နာ မည် ။ ညှပ်ရ သူလည်း မသက်သာပေ ။ အဖေ့ လက်သည်းတွေ က အသုံးမပြုပါ များတော့ မာကျော လာသည် မဟုတ်ပါလား ။ အဖေ့ လက်ကလေး ကို တယုတယ ကိုင်ပြီး ကျွန်မ က လက်သည်း ညှပ် ပေးတော့ အဖေ က အစွမ်းကုန် ပြုံး နေသည် ။ အဖေ သည် အမြဲ လိုလို သူ့ ကိစ္စ တော်တော်များများ ကို သူ့ ဘာသာ လုပ်လေ့ ရှိသည် ။ မည်သူ့ ကိုမျှ အား မကိုး ။ မည်သူ့ ကို မျှ ဝန် မပိစေရပေ ။ အခုတော့ အဖေ့ လက်သည်းလေး ကို ကျွန်မ ညှပ် ခွင့် ရခဲ့သည် ။ ဘဝ မှာ အဖေ့ လက်သည်းတွေ ကို တစ်ခါ မှ မညှပ်ဖူးလိုက်ဘူး ဆိုလျှင် ကျွန်မ တစ်ချိန် ချိန် မှာ နောင်တ ရ နေရလိမ့်မည် ။ ကျွန်မတို့ ၏ စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်း က တာဝန် ယူခဲ့သော အဖေ့ လက်တွေ ကို ကျွန်မ နည်းနည်းလောက် တော့ ကူညီ တာဝန်ယူဖူး သင့်သည် ။ ထို့ကြောင့် အဖေ့ လက်သည်းတွေ ညှပ်ခွင့် ရသည့် အတွက် ပြန် တွေးတိုင်း ကျွန်မ ဂုဏ်ယူ ကျေနပ် နေသည် ။ ( အဖေ သည် ကျွန်မတို့ ညီအစ်မ မွေးခါစ က လက်သည်းလေးတွေ ကို ညှပ်ပြီး အမြတ်တနိုး အခု ချိန်ထိ သိမ်းဆည်း ထား လေသည် ။ )
အဖေ့ ရောဂါ တော်တော် ဆိုးပြီး ဆေးရုံ တက် ရသည် ။ ဆေးရုံ တက် ရသည့် အချိန် တောက်လျှောက် အဖေ့ ကို စောင့် သည့် လူနာစောင့် တိုင်း အဖေ့ လက်ကလေး ကို ကိုင်ပေး ထားသည် ။ ဒီ အချိန် မှာ မည်သူ့ လက် ဆိုသည် ထက် အဖေ့ အနား မှာ လူ တစ်ယောက် ရှိနေသည် ဆိုသည့် အင်အား သာ လိုအပ်သည် ။ လူ အများ ကို သူ့ လက်ကလေး နှင့် ပျော်ရွှင်အောင် လုပ်ပေး ခဲ့သော အကျိုးကျေးဇူး ကြောင့် အဖေ ဆေးရုံ တက်သည့် အခါ သူ့အနား မှာ ဘက်ပေါင်းစုံ က မပြတ်တမ်း ရှိနေ ပေးခဲ့သည် ။
အဖေ က ကျွန်မ လက်တွေ ကို တင်းတင်း ဆုပ် ထားသည် ။ သူ ချစ်သော မိသားစု ကို ခွဲခွာ သွားဖို့ မည်မျှ ခက်ခဲ လိုက်မည်နည်း ။ ကျွန်မ က အဖေ့ လက်တွေ ကို ကျစ်ကျစ် ပါ အောင် ဆုပ်ကိုင် ထားမိသည် ။ ကျွန်မ တို့ မိသားစု လေးယောက် တည်း ရှိသည့် နိုင်ငံ ၏ အရှင်ဘုရင် မရှိတော့ မှာ စိုးရိမ် မိသည် ။ ဘဝ ၏ ကစားပွဲများ ကို ကျွန်မတို့ ၏ ရှေ့ဆုံး မှ ဦးဆောင် ကစားပေး နေသည့် ခေါင်သူကြီး ပျောက် သွားမှာ ထိတ်လန့် မိသည် ။ ကျွန်မ အတွက် အဖေ သည် သမ္မတကြီး လည်း ဖြစ်သည် ။ သူငယ်ချင်း ကောင်း လည်း ဖြစ်သည် ။ သဘာပတိကြီး လည်း ဖြစ်သည် ။ စွယ်စုံကျမ်း လည်း ဖြစ်သည် ။ အဖေ သည် ကျွန်မ အတွက် ဖန်ဆင်းရှင် လည်း ဖြစ်၏ ။
အဖေ့ အခြေအနေ ဆိုး လာ လေလေ ကျွန်မ အဖေ့ လက် ကို ဆုပ်ကိုင်ထားသည့် အင်အား ပိုပြင်း လာလေလေ ပင် ။ ကျွန်မ အဖေ့ လက် ကို ပြန် ဆုပ်ကိုင် ထားသည့် အဖေ့ လက်ကလေးတွေ ကတော့ တဖြည်းဖြည်း အားလျော့ လာ လေပြီ ဖြစ်သည် ။
ကျွန်မ တို့ လက်တွေ နှင့် ချက်ပေးသည့် ဟင်း အများအပြား အဖေ စား ခဲ့သည် ။ အဖေ့ ကို ကျွန်မ ကိုယ်တိုင် လက်ဖက်ရည် ဖျော်တိုက် ဖူးသည် ။ မုန့် ခွံ့ကျွေး ဖူးသည် ။ ကျွန်မ လက်တွေ နှင့် ရေးထားသည့် အဖေ့ အကြောင်း စာလေးတွေ ၊ အဖေ့ အကြောင်း ကဗျာလေးတွေ ဖတ်ရင်း အဖေ ကြည်နူး အောင် လုပ်ပေးဖူးသည် ။ ကျွန်မ လက်တွေ နှင့် အဖေ့ သေးစို အဝတ်တွေ လျှော် ဖူးသည် ။ အဖေ့ သေးအိုး ၊ အီးအိုး သွန် ဖူးသည် ။ ကျွန်မ လက် နှစ်ဖက် ဖြင့် အဖေ့ အလုပ်ပေါင်း များစွာ ကူညီလုပ်ကိုင် ပေး ဖူးသည် ။ ပြုစုစောင့်ရှောက် ဖူးသည် ။ ထို့ကြောင့် ကျွန်မ ရှေ့ ဆက် လျှောက် ရမည့် အနာဂတ် အတွက် ပြီးပြည့်စုံ သွားပြီ ဖြစ်သည် ။ ကျွန်မ အိုရမှာ နာရမှာ မကြောက်တော့ပေ ။
အဖေ က ကျွန်မ ချက်သော ဝက်သားဟင်း ကို ကြိုက်သည် ။ ခရမ်းချဉ်သီးများများ နှင့် အအီ ပျောက်အောင် ချက် ထားသော ဝက်သားဟင်း ကို အဖေ သိပ် ကြိုက်သည် ။ သူ့ သမီးကြီး ချက်သည့် ပဲသွေးဟင်း နှင့် ထူးထူးဆန်းဆန်း အသီးအရွက်သုတ်ကလေး တွေကို ထိပ်ဆုံး က အားပေးသည် ။ အမေ ချက်သည့် ဟင်းကို တော့ အကုန်ကောင်း ။ အကုန်ကြိုက် ။ ( ဘဲဥဖောက်ချက်လေး ကို တော့ အကြိုက်ဆုံး ဖြစ်မည် ထင်သည် ။ )
ကျွန်မ တို့ ၏ အရည်အချင်းကောင်း သေးသေးကလေး တွေ ကို ထုတ်ဖော် ချီးကျူးသည် က အဖေ့ ၏ ကောင်းကွက်ကလေးပင် ။ ကျွန်မတို့ အဖေ့ အတွက် ဝယ် လာသည့် ပစ္စည်း မှန်သမျှ အကုန် ကြိုက်သည် ။ မကြိုက်ကြောင်း တစ်ခါမှ မပြော ၊ ထို ပစ္စည်း ၏ ကောင်းကွက်ကလေးတွေ ကို ပင် ရှာကြံ ပြောပေး ရှာသည် ။
ကျွန်မ ရသည့် စာမူခ ထဲ က အဖေ့ ကို ဘောပင်လေး တစ်ချောင်း ဝယ်ပေး ဖူးသည် ။ အခုထိ အဖေ့ အံဆွဲ ထဲ မှာ သိမ်းထား တုန်းပင် ။ အဖေ က သူ့ ကို ပေးသည့် လက်ဆောင် ပစ္စည်းလေးများ ကို အမြတ်တနိုး စည်းကမ်း ရှိရှိ သိမ်းထား တတ်သည် ။ ကျွန်မ ပေးသည့် မွေးနေ့ လက်ဆောင် က ဖက်ခေါင်းအုံး တစ်လုံး ပင် ။ အဖေ က ကျွန်မ လက်ဆောင် ကို ကြည့်ပြီး သဘောကျ သွားသည် ။ အဖော် မဲ့ သော အဖေတို့ အိပ်ရာလေး အတွက် ကွက်လပ် ဖြစ်နေသော အဖေ့ ဘေး က နေရာလေး အတွက် ဖက်ခေါင်းအုံးလေး ကို ခဏတာ အစားထိုး ရမည် ဖြစ်သည် ။ ထိုနေရာလေး အတွက် ဖက်ခေါင်းအုံးလေး က လွဲလို့ မည်သည့် အရာမှ မဖြစ်နိုင်ပေ ။ အခုတော့ ထို ဖက်ခေါင်းအုံးလေး သည် အမေ့ အတွက် ဖြစ် နေလေပြီ ။
ကျွန်မ ဆေးရုံဆေးခန်းတွေ သွားသည့် အခါ လူနာ နှင့် လူနာရှင်များကို သေချာ လိုက် ကြည့်ပြီး ကြည်နူး ဖူးသည် ။ အသက်ကြီး အဘိုးအဘွား တွေ ကို တွဲခေါ် လာသည့် သူ တို့သားသမီးတွေ ကို ကျွန်မ အားကျ သည် ။ ကျွန်မ လည်း အဖေ နှင့် အမေ့ ကို အဲဒီ အရွယ် အထိ ရှိ နေစေ ချင်သည် ။ ကျွန်မ ကိုယ်တိုင် ဆေးခန်း လိုက်ပြမည် ။ ဘုရား ၊ ဘုန်းကြီးကျောင်း ပို့မည် ။ မည်မျှ ကြည်နူးစရာ အားကျစရာ ကောင်းလိုက် သနည်း ။ သို့သော် ကျွန်မ အဖေ့ ကို ဆေးရုံ ၊ ဆေးခန်း သို့ တွဲခေါ် ရသည့် အသက်အရွယ် က အသက် ခြောက်ဆယ် တောင် မပြည့်သေး သော အဖေ နှင့် အသက် နှစ်ဆယ့်ခြောက်နှစ် အရွယ် ကျွန်မ ဖြစ်သည် ။
ကျွန်မတို့ သားအဖ အသက် ငယ် ပါသေးသည် ။ ဆံပင်တွေဖြူ ပြီး တုန်တုန်ချည့်ချည့် ဖြစ်နေသော အဖေ့ ကို မြင်ဖူး ချင်သည် ။ တုတ်ကောက်လေး ကို အားကိုး ပြီး လမ်းလျှောက် နေရသော အဖေ့ ကို တွေ့ချင် သေးသည် ။ အသက်တွေ အရမ်း ကြီး လာ လို့ ပြောချင် ရာ လျှောက် ပြော နေတတ်သော သူငယ်ပြန် နေသည့် အဘိုးကြီး အဖြစ် မြင်ဖူးချင် သေးသည် ။ သို့သော် စိတ်ကူး နှင့် လက်တွေ့ က တခြား စီ ။ အဖေ သည် အသက် ခြောက်ဆယ် အရွယ် မှာ ပင် ကျွန်မ ကို တွဲလျှောက် နေ လေသည် ။ ရောဂါ ဆိုး လာသည့် နောက်ပိုင်း တွင် ကျွန်မ က အဖေ့ နောက်ကျော ကနေ လှမ်း ဖက် ထားပြီး လျှောက် ရသည် ။
( သို့သော် တော်တော် ဆိုး လာသည့် အခြေအနေတွေ ထဲ မှာ တောင် စစနောက်နောက် နှင့် ပင် သူ ချစ်သော မိသားစု နှင့်အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွား ပေးခဲ့ သေးသည် ။ )
အဖေ့ လက်တွေ ကို ဆေး ထိုးတိုင်း ကျွန်မ ကိုယ်စား ဝင်ပြီး ဆေး အထိုး ခံပေး လိုက် ချင်သည် ။ အဖေ က တော့ သူ့ လက်ကလေးတွေ ကို တောင် အားမနာ ၊ ကျွန်မတို့ ကို မနာပါဘူး ဟု သာ အမြဲ ပြန် နှစ်သိမ့် တတ်သည် ။ တစ်ချိန်က လှပခဲ့သော အဖေ့ လက်တွေ မှာ အခုတော့ အကြောမည်းမည်းတွေ က နေရာ ယူ ထား၏ ။ အကြောမည်းမည်းတွေ က ပရိသတ် အတွက် စာပေါင်း များစွာ ရေးပေး ခဲ့သော လက်ကလေးတွေ ကို မှ အား မနာပေ ။
အုန်းစိမ်းရည် သည် ကင်ဆာရောဂါသည် အတွက် ကောင်းသည် ဆိုသဖြင့် ကျွန်မ တစ်ခါမှ မခုတ် ဖူး သော အုန်းသီး ကို ခက်ခက်ခဲခဲ ခုတ်ပြီး အဖေ့ ကို တိုက် ဖူးသည် ။ အုန်းသီး ခုတ်တိုင်း ကျွန်မ လက်တွေ နီရဲနာကျင် နေသည် ။ လက်ဖဝါးတွေ ထက် နုသော ကျွန်မနှလုံးသား က တော့ ထိခိုက်မှု အများဆုံး ဖြစ်မည် ထင်၏ ။
ကျွန်မ သည် အဖေ့ ၏ တုတ်ကောက်ကလေး ဖြစ် ဖူးသည် ။ ကျွန်မ သည် အဖေ့ ၏ ကိုယ်ရံတော် ဖြစ် ဖူးသည် ။ ကျွန်မ သည် အဖေ့ ၏ စာဖိုမှူး ဖြစ် ဖူးသည် ။ ကျွန်မ သည် အဖေ့ ၏ ဒရိုင်ဘာ ဖြစ် ဖူးသည် ။ ကျွန်မ သည် အဖေ့ ၏ စပယ်ရှယ်နပ်စ် ဖြစ် ဖူးသည် ။ ကျွန်မ သည် အဖေ့ ၏ ခြေထောက်အတု ဖြစ် ဖူးသည် ။ ကျွန်မ သည် အဖေ့ ၏ လက်အတုလေး ဖြစ် ဖူးသည် ။
မည်သို့ပင် ဖြစ်စေ နှစ်ဆယ့်ခြောက်နှစ် တာ ကာလ ပတ်လုံး အတွက် ကျွန်မ ကျေနပ်ပါသည် ။
တစ်ရက်သား အဖေ့ နား မှာ ကျွန်မ ထိုင် နေတုန်း သူ့ ရှိသမျှ အားကလေး နှင့် ကျွန်မ ပါး နှစ်ဖက် ကို လှမ်း ဆွဲ လိုက်သည် ။ ကျွန်မ ကို ပြုံးပြီး ကြည့် နေသည့် အဖေ့ မျက်ဝန်းတွေ ကို ဘာသာ မပြန်ရဲပေ ။ ငယ်ငယ် က ဆို အဖေ က သူ အပြင် သွားခါ နီးတိုင်း ကျွန်မ ပါး နှစ်ဖက် ကို အဲလို ဆွဲပြီး နှုတ်ဆက် တတ်သည် ကိုး ။
အဖေ ဆုံးတော့ ကျွန်မ အသက် မမီ လိုက်ပေ ။ ကျွန်မ ဆေးရုံ မှ အိမ် သို့ ပြန်သည် အထိ အဖေ အကောင်း အတိုင်း ပင် ။ ကျွန်မ အိမ် ပြန် ရောက်ပြီး သိပ် မကြာခင် မှာ အဖေ ဆုံး သည် ။ တစ်ချိန်လုံး အဖေ့ နား မှာ နေခဲ့ပြီး အဖေ ဆုံးသည့် အချိန်တွင် ကျွန်မ အနား မရှိသည် က ဆန်းသည် ။ ပြန် စဉ်းစားကြည့်တော့ အဖေ သည် သူ့ သားသမီးတွေ ကို သေခါနီး အထိ အကောင်းဆုံး ချစ်ပြ သွားခြင်းပင် ။ သူ ၏ အဆိုးဆုံး အခြေအနေ ကို သမီး နှစ်ယောက် ကို မမြင် စေ ရ ။ သမီးတွေ ဝမ်းနည်း မှာ စိုး သဖြင့် သမီးတွေ အနား မှာ မရှိသည့် အခါမှ လောကကြီး ကို နှုတ်ဆက် သွားခြင်း ဖြစ်မည် ။ သူ့ နား မှာ အမြဲတမ်း ရှိ နေတတ်သည့် ကျွန်မ သူ့ အနား မှာ မရှိသည့် အချိန် ကို စောင့်ပြီး လောကကြီး ကို နှုတ်ဆက် ရတာ မည်မျှ ပင်ပန်း လိုက်မလဲ ၊ မည်မျှ ကြာအောင် စောင့် လိုက်ရမလဲ ဟု တွေးပြီး အဖေ့ ကို သနား သွား မိသည် ။ ( အဲဒီ နေ့ က ကျွန်မတို့ အားလုံး ကို ပြုံးပြုံးရွှင်ရွှင် နှင့် ပြန် နောက် နေတာ မြင်ယောင် မိ သေးသည် ။ )
ဆေးရုံ တက် နေရသည့် အဖေ့ အခြေအနေ က သတိရ တစ်ချက် မရ တစ်ချက် ။ စိတ် နဲ့ ဦးနှောက် နဲ့ လူ နဲ့ ဝေး သွားလိုက် နီး လာလိုက် ပင် ။ အမေ နှင့် ကျွန်မ မရှိလျှင် မတွေ့လျှင် မေးသည် က အဖေ့ ၏ အကောင်းဆုံး မှတ်ဉာဏ် သာ ဖြစ်သည် ။ နောက်ပိုင်း အစားသိပ် မစားနိုင် တော့ အားနည်းပြီး စကား တောင် မပြောနိုင် ရှာပေ ။ လက်တွေ ဘာတွေ လည်း ကောင်းကောင်း လှုပ်ရှားနိုင်သည့် အနေအထား မဟုတ်ပေ ။ သို့သော် အဖေ ဆုံးမည့် နေ့လယ် လောက် မှာ အဖေ က ရုတ်တရက် အမေ့ လက် ကို လှမ်း ဆွဲပြီး နမ်း လိုက်သည် ။ အမေ လည်း အမှတ်မထင် အပြုအမူ ကြောင့် အံ့ဩ သွားသည် ။ ဆုံးခါနီး မှတ်ဉာဏ်တွေ ပြန်လည် ရ သွား သလား ။ ဒါမှမဟုတ် ကင်ဆာကျိတ်တွေ က အဖေ့ ဦးနှောက် က မှတ်ဉာဏ်တွေ ကို ကောင်းကောင်း ဖျက်ဆီး သွား သော်လည်း မိန်းမ ကို သိပ် ချစ်သည့် အဖေ့ နှလုံးသား ကို တော့ ဘယ်တော့မှ ဖျက်ဆီး မရနိုင်တာ လား ။ ဝေခွဲ မရခဲ့ ။
အငဲ သီချင်း က အဖေ့ ကို များ စောင်း ဆို လေ သလား မသိ ။ “ နောက်ဆုံးအခန်း ၊ နောက်ဆုံး အနမ်း ၊ နောက်ဆုံးလမ်းခွဲချိန်လေး ခဏ ” တဲ့ ။
အဖေ သည် နောက်ဆုံး အနမ်း နှင့် သူ့ လက်အတုကလေး ကို နှုတ်ဆက် သွား လေပြီ ။ ကျွန်မ တို့ လည်း ကျွန်မတို့ တန်ဖိုး ထားရသော အဖေ့ လက်ကလေး ကို ဆုံးရှုံး လိုက်ရပြီ ဖြစ်သည် ။
နောက် ဘဝ ဆိုတာ ရှိခဲ့လျှင် အဖေ့ လက်ကလေးတွေ နှင့် စာ ကောင်းကောင်း ရေးနိုင်ပါစေ ၊ စာရေးဆရာ လုပ်ပါရစေ ဟု ဆုတောင်း နေ မိသည် ။ ဒီ ဘဝ အတွက် က တာဝန် ကျေသင့် သလောက် ကျေပြီ ဟု ထင်ပါသည် ။
◾ယုယ
( ၁၂ - ၁၂ - ၂၀၁၃ )
( ပေါ်ပြူလာဂျာနယ် )
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment