Saturday, February 11, 2023

အရက် ဖြတ်ဆေး


 

❝ အရက် ဖြတ်ဆေး ❞

သာယာနုပျို စိမ်းစိုသော မိုးဥတု ညနေချမ်း အချိန်သည် ဘိုးလင်း အတွက် ဘီယာချိန် ဖြစ်လေ၏ ။

သို့ဖြစ်သောကြောင့် ရန်ကုန်မြို့သို့ ကြည့်မြင်တိုင် ဘက် မှ လာသော ဘတ်စ်ကား တွင် ဘီယာရှိန် နှင့် ဘတ်စ်ကား ၏ ပြင်းထန်စွာ သွား သော အရှိန် ရောစပ်ကာ ဆေးပြင်းလိပ် ကို ခဲလျက် တစ်ယောက် တည်း သော ခရီးသည် အဖြစ် နှင့် လိုက်ပါလာသော ဘိုးလင်း ၏ စိတ် မှာ လောကဓာတ်ကြီး တစ်မျိုး လင်း သဖြင့် ထိုးထွင်းသော ဉာဏ်တွေ ပေါ် ပေါက်လျက် စိတ်လက် သာယာစွာ များစွာ ကြည်နူးခြင်း ဖြစ်လေ၏ ။

“ ရန်ကုန် ၊ ပုဇွန်တောင် ၊ ရေကျော် ” ဟု တကြော်ကြော် အော်ခေါ် ဟစ်ကြွေးသော စပယ်ယာကလေး ၏ အသံ ကို မှ နား မညည်းဘဲ ဂီတ သံ ထင်မှတ် လေ၏ ။ လမ်း ၌ လူသွား လူလာ မများ သဖြင့် တက်သူ တစ်ယောက် မျှ မရှိသဖြင့် ဘတ်စ်ကားကြီး စိတ်ဆိုး ကာ တစ်လမ်းလုံး ရှူးရှူးရှားရှား ဖြစ်၍ လာသည် နှင့် တူလေ သတည်း ။

ဘိုးလင်း သည် လွတ်လပ်သော ပန်းချီဆရာ နာမည်ကျော် တစ် ယောက် ဖြစ်လေ၏ ။ အလုပ် တွင် သလောက် ငွေ ပေါများ ၏ ။ သို့သော် လည်း ဘိုးလင်း ဟူသော နာမည် နှင့် မလိုက်အောင် ဘီယာ သောက် သဖြင့် အဘယ်အခါ မှ မလင်းလှချေ ။

သို့ မလင်းခြင်း မှာ လည်း အခြားကြောင့် မဟုတ် ၊ လင်းသည့် အခါ ၌ ရေးသော ကားများ မှာ များစွာ မလင်း ၊ မလင်းသည့် အခါ ၌ ရေးသော ကားများ က ပိုမို၍ လင်းခြင်းကြောင့် မလင်းခြင်း သည် ဘိုးလင်း အတွက် မကင်းရာ မကင်းသာ သော အခြေအနေ တစ်ခု ဖြစ်၍ နေလေ သတည်း ။

သို့သော်လည်း မမူးရသည့် အခါ မမူးရ သောကြောင့် အလုပ် မလုပ်နိုင် ၊ မူးသည့် အခါ မူးသော ကြောင့် အလုပ် ကို မကိုင်ချင် သဖြင့် ငွေဝင် ဖင့်နှေး ခပ်အေးအေး ရှိရာ ၌ ထို ဝင်သမျှ သော ငွေများ မှာ ဘီယာ တွင် မြှုပ်နှံ ရသောကြောင့် ရန်ကုန်မြို့ ၌ အနေ မဖြောင့် ဖြစ်လေရာ ကြည့်မြင်တိုင်မြို့ ဈေးကလေးရပ် တွင် မထင်ရှားသော တိုက်ခန်းကလေး ကို အဖိုး သက်သာစွာ နှင့် ငှားပြီး တစ်ကိုယ် တည်း နေရ ရှာလေ၏ ။

ငွေကြေး မရသည့် အခါ ပထမ သတိ ရသော အရာသည် တရုတ် ဆိုင် သို့ သွားရန် ဖြစ်၏ ။ ဝတ်ရေး ၊ စားရေး ခံ့ညားလှပရေး အတွက် မိမိ ကိုယ်ကို ဆင်ယင်ကွပ်သ ရန် တစ်စုံတစ်ရာ ဝယ်ဖို့ သတိ မရ ၊ ကျားပါးစပ် ဖိနပ် တစ်ရန် စုတ်၍ ပြတ် မှ တစ်ရန် ကို မချိ သော စိတ် နှင့် စွန့်စား ကာ ဝယ် ရ၏ ။ ရှပ်အင်္ကျီဖြူဖြူ တစ်ဒါဇင် နှင့် အပေါ်ဝတ် အင်္ကျီ အနက် တစ်ထည် သာ ရှိ၏ ။ လုံချည် မှာ မည်းပြာ ဖြစ်လေရာ ဟောဟို တစ်ထည် ၊ ဒီ တစ်ထည် ၊ ဖာ ထဲ က တစ်ထည် ၊ ဒင်း တစ်ထည် ဆိုသော စကား လို ဒီ တစ်ထည် နှင့် ဟို တစ်ထည် သာ ရှိလေရာ အိမ် ကိုသော့ မခတ် ဘဲ ဟောင်း လောင်း ပစ်၍ ထားပြီး သွားချင် ရာ ကို သွားစေ ကာ မူ နောက်ဆံ မတင်း ၊ ပူပင်ခြင်း မရှိချေ ။

နောက်ဆံ မတင်းခြင်း မှာ လည်း အသက် သုံးဆယ် ကျော် ဘိုကေ ဖြစ်သော ကြောင့် ဆံပင် မှာ တိုတိုတောက်တောက် စပါးရိုးပြတ် လို ပေါက်၍ နေသော ကြောင့် ဖြစ်လေ၏ ။ သို့ပင် ပစ်စုတ်တေရ နေသော် လည်း လူရည်လူသွေး က အတော်ကလေး သားနား သဖြင့် မဝတ်မစား မကြွားမဝံ့ သော်လည်း တင့်တင့်တယ်တယ် အသွင် ရှိ လေ၏  ။

အချို့သော မိတ်ဆွေများ က မောင်ဘိုးလင်း အား မိန်းမ ယူပြီး တည်တည်ကျကျ နေလျှင် အသောက်အစား လျော့ပြီး ကြီးပွားလိမ့်မည် ဟု ပြောကြ၏ ။ ဘိုးလင်း က မူကား မိန်းမများ ကို သနား သော ကြောင့် မယူဘဲ နေသည် ၊ မိမိ ကို ယူသော မိန်းမ ဟာ ကံ ဆိုးလို့ ပဲ ဟု ပြောလေ့ ရှိ ၏  ။

ထိုမှ တစ်ပါးလည်း အဟုတ်တကယ် သဲသဲမဲမဲ ပန်းချီဆရာ စွဲမက် လောက် သော မိန်းမ တစ်ယောက် ကို မျှလည်း မတွေ့ခဲ့ဖူးချေ ။

ထိုနေ့ သည် ကား ထူးခြားသော နေ့ ဖြစ်၏ ။ ဘတ်စ်ကား သည် အလုံရပ် ထဲ သို့ ကွေ့ ဝင်ပြီး ဓာတ်ရထားလမ်း ဘက် သို့ လှည့်၍ တက် တော့မည့် နေရာ ၌ ဘိုးလင်း ၏ ဘဝ တွင် ကြီးစွာ ပြောင်းလဲခြင်း ကို ဖြစ်စေ သော အခြင်းအရာ တစ်ခု သည် ဖြစ်ပွား ပေါ်ပေါက် မိုးပေါက် ကာ ပွင့်၍ ကျသလို ကြုံလာခြင်း သည် ကား “ လာပါ ခင်ဗျာ ၊ တက်ပါ ” ဟု စပယ်ယာကလေး အခေါ် တွင် အပြင် သို့ လှမ်း၍ ကြည့် လိုက်ရာ ပန်းချီဆရာ ၏ မျက်လုံးများ ကို ပြူးခနဲ ဖြစ်အောင် လုပ်လိုက်သော သဏ္ဌာန် တစ်ခု ဖြစ် လေ သတည်း ။

ထို သဏ္ဌာန် သည် ကား ပိုးဖဲထီးကလေး ကို ပိတ်ကာ ရွှေရောင် ၊ မြရောင် ရောစပ်သော သင်လက်စွဲအိတ်ကလေး ကို ကိုင် လျက် လှမ်း၍ တက် လာသော ပိန်ပိန်ပါးပါး ဝင်းဝင်းထင်းထင်း ပြသည့် အဆင်းလှ သူကလေး တစ်ယောက် ဖြစ်လေ သတည်း ။

ဘိုးလင်း သည် ကား နောက်မြီးထောင့် ၌ ထိုင်လျက် ရှိရာ ထို မိန်းမပျို သည် မနီးမဝေး အလယ် မကျတကျ နေရာ ၌ ထိုင် လေ၏ ။ ဝတ်ပုံစားပုံ မှာ ရိုး၏ ။ ဆံထုံး မှာ မကြီးလှလွန်း ဘဲ ကာလ ဆန်၏ ။ ပဒုမ္မာအင်္ကျီ မှာ ရှန်သား လို မပါး ၊ ဇာနား ကြောင့် ခပ်ဖားဖား ခပ်ပျော့ပျော့ကလေး ဖြစ် ၏ ။ ထဘီ မှာ ပိုမဲတောင်တာ ရောင် တောက်ပြောင်မှိုင်းလျှပ် လျက် ဖြူစင် ရှည်လျားသော ခြေခုံခြေချောင်းကလေးများကို အုပ်လုခမန်း ဖြစ်၏ ။ ဖိနပ် မှာ ကွင်းထိုး သားရေဖိနပ် ရိုးရိုးကလေး ဖြစ် လေရာ လက် မှာ လက်ကောက် မရှိ ၊ လက်ပတ်နာရီကလေး တစ်ခု သာ ရှိ၏ ။ ဆင်ခြေလျှော ဆံထုံး ရှိ နှင်းပန်း နှင့် တူသော ဆွတ်ဆွတ်ဖြူ သည့် ပန်းကလေး နှစ်ပွင့် မှာ ထို သူငယ်မလေး နှင့် လွန်စွာ တူ လေ၏ ။

ဘိုးလင်း သည် ၎င်းကို အမှတ်တမဲ့ ကြည့် ကာ ကျောင်းဆရာမကလေး မဟုတ်တန်ရာ ၊ ဆင်းရဲသော စာရေးမကလေး ဖြစ်ရှာပေလိမ့် မည် ဟု ဆင်ခြင် လေ၏ ။ ထိုသို့ ဆင်ခြင်ခိုက် တွင် ဘိုးလင်း ၏ နှလုံး သည် ရှေးအခါက မကြုံဖူးသော နည်းမျိုး ဖြင့် လှုပ်ရှားလျက် နေသည် ကို သိရလေ သတည်း ။

သူငယ်မကလေး သည် လည်း ၎င်း ကို တစ်ခါ တစ်ခါ ကြည့်၏ ။ ထို သူငယ်မ မှာ မငယ်လွန်းလှချေ ၊ အသက် နှစ်ဆယ် ကျော် အစိတ်ခန့် မှန်းဆ ရ လေ၏ ။

ကား ထဲ ၌ နှစ်ယောက် တည်း ရှိ သဖြင့် ဘိုးလင်း သည် နှုတ်ခွန်းစ ချင် သော်လည်း ပါးစပ် ကို ဟ က ဘီယာနံ့ ပြ မှာ စိုးသောကြောင့် မစဝံ့ ဘဲ နေလေ၏ ။

ရန်ကုန် ဘက် သို့ ရောက်သော အခါ ကု,လားတစ်စု တက် ၍ လာ သဖြင့် သူငယ်မ သည် နောက်စွန်းထောင့် သို့ ကပ် လိုက်ရာ ဘိုးလင်း နှင့် ရင်ဆိုင် ဖြစ်၍ နေ လေ၏ ။

အတန်ငယ် ကြာသော အခါ မိန်းမပျို သည် နှာခေါင်း ကို လက်ကိုင်ပုဝါ နှင့် တစ်ခါ နှစ်ခါ တို့ကာ ပိတ်လျက် နှာခေါင်း ရှုံ့ သဖြင့် ဘိုးလင်း သည် မိမိ ၏ ဘီယာ ကို မသင်္ကာဘဲ ဆေးပြင်းလိပ် ကို အတွင် ဖွာရ လေ သတည်း ။

“ ကု,လားတွေ က အရက် စော် နံ လိုက်တာ ”

ဟု မိန်းမပျို က ပြောလိုက် သော အခါ ဘိုးလင်း က ပါ ပါးစပ် မဟ ဘဲ ဟုတ်မှာပဲ ဟူသော အဓိပ္ပာယ် ရောက်သည့် အမူအရာ ကို ဦးခေါင်း လှုပ်ကာ မျက်နှာ ဖြင့် သာ ပြရ လေ၏ ။

သို့ ပြောချင်ရက်ရက် မပြောဝံ့ဘဲ ဆိတ်စွာ လာရာ တစ်ခါတစ်ခါ မျက်လုံး ချင်း ဆိုင်မိရုံ မျှ နှင့် ပုဇွန်တောင် ဘက် သို့ ရောက် လေရာ မိန်းမပျို အဆင်း တွင် ခြေချော်ရာ ကျတော့ မလို ဖြစ် သောကြောင့် လက်မောင်း ကို ကိုင် မကာ ထိန်း၍ ပေး လိုက် ရ လေရာ နူးညံ့ပျော့ပျောင်း ဖော့ရုပ် ပမာ တွေ့ထိ ခံစားရသည် မှာ ထို ညဉ့် အိပ်ရာ ဝင် ၌ စိတ် ထဲ တွင် ဖျောက်ဖျက် ၍ မရ ၊ အိပ်ပျော်သော အခါ ၌ ပင် ကတောက်ကတက် တွေ ကို လျှောက်ပြီး မက်၍ နေလေ သတည်း ။

နောက် တစ်နေ့ အိမ် မှ ထွက်တော့မည် ရှိရာ အဝတ် လဲမည် အပြု တွင် ဟို တစ်ထည် နှင့် ဒီ တစ်ထည် သာ ရှိသည်ကို သတိ ရပြီး ဝမ်းနည်း ခြင်း ဖြစ် လေ၏ ။

“ ဟိုဟာမကလေး က လည်း မျက်လုံး ထဲ က မထွက် ၊ ငါ အခုလို ဆက်ပြီး ဘီယာ ကို မက်၍ နေက စုတ် သည် ထက် စုတ်တော့ မှာ ပါ ကလား ၊ မတော်တဆ သင်းကလေး နဲ့ ထပ်မံ၍ တွေ့ ရလျှင် အရက်နံ့ က တထောင်းထောင်း ထ ၊ ဝတ်စားတန်ဆာ က စုတ်လှစွာ မို့ အဟုတ် ပင် ခွတိုက် တော့ မှာပါ တကား ၊ မတတ်နိုင်ပါဘူး လေ ၊ နောင်လည်း ထပ် ပြီး တွေ့ချင် မှ တွေ့ရမှာပဲ ၊ ငါ မသောက်ဘဲ နေလို့ လည်း သူ က ငါ့ ကို ကြိုက် ချင် မှ ကြိုက် မှာ ၊ ဘယ်လိုပင် နာမည် ကျော် စေကာမူ ငါ လို ပန်းချီ ဆရာ ကို အလေးဂရု ပြုချင်မှ ပြုမှာ ပဲ ”

ဟု အောက်မေ့ပြီး ထင်းရှူး သေတ္တာ ထဲ က ဘီယာ တစ်လုံး ကို ထုတ်ကာ ဖောက်၍ သောက်ပြီး မနေ့ က အချိန် လောက် တွင် ရန်ကုန် သို့ ဘတ်စ်ကား စောင့် ရန် ဟုမ်းလမ်း ဘက် သို့ ထွက်သွား လေ သတည်း ။

ကံအားလျော်စွာ မနေ့ က နေရာ သို့ ရောက်သော အခါ ထို သူငယ်မကလေး သည် မနေ့က နေရာ သို့ အရောက် တွင် မနေ့ က စတိုင်မျိုး နှင့် တက်ရောက် ၍ လာပြန် လေရာ နှစ်ယောက်သား မျက်နှာချင်း ဆိုင်မိ ကြ ပြန်လျှင် မိန်းကလေး ၏ မျက်နှာ ၌ မှတ်မိသော အသွင် ပေါ်လာသည် ကို တွေ့မြင် ရ လေ၏ ။

သို့သော်လည်း မနေ့ က နည်းတူ ပင် ပါးစပ် မဟဝံ့ ဘဲ သာ နေရ လေ ၏ ။ ဘိုးလင်း  ၏ နှလုံးသွေး သည် ကား မနေ့ က ထက် ပိုမို ပြင်းထန်စွာ ခုန်ကြွ လှုပ်ရှား ၍ လာ လေ၏ ။

ထို ညဉ့် ၌ မျက်လုံး သည် တိုး၍ ကျယ်၏ ၊ အိပ်မက်တွေ တိုး၍ များ၏ ၊ မိန်းမပျိုကလေး ၏ မျက်နှာ သည် ဓာတ်မီး ပမာ ဝင်းဝင်းတောက် ပေါ်၍ နေ လေ၏ ။

“ ငါ အသောက် ကို ဖြတ်မှ တော်မည်  ၊ မတော်တဆ နောက် တစ်ခါ တွေ့ရင် ဘယ့်နှယ် လုပ်ပါ့မလဲ ၊ ဖိနပ် က လည်း အဖာတွေ များ လှသဖြင့် သူ့ ရှေ့မှာ ဖိနပ် ပေါ် မှာ စိုးသော ကြောင့် ခြေ ကို မျှ စတိုင် ကျ အောင် မထားရပါ ကလား ၊ အခု နှစ်ခါ ရှိပြီ ၊ ဒီ အဝတ် ၊ ဒီ ခေါင်းပေါင်း ၊ ဒီ ဖိနပ်စုတ် ၊ ဒီ ပါးစပ်ပုပ် နဲ့ မို့ တုတ်တုတ်မျှ မလှုပ် ၊ တစ္ဆေရုပ် ပမာ ငုတ် တုတ်သာ ငါ နေခဲ့ရပါ ကလား ”

ဟု သန်းခေါင်ကျော် လင်းအားကြီး မှာ စိတ် အကြံ ရ လေ၏ ။

နံနက် မိုး လင်းသော အခါ ၌ လည်း ထို စိတ် အတိုင်း တင်းကာ မသောက် ဘဲ နေ၏ ။ “ တစ်နေ့ ငါးကျပ် သက်သာ လျှင် ငါ အခု ထက် ပြောင်လက်ပြီး လာမှာပဲ ” ဟု အားခဲ လေ၏ ။

သို့ အားခဲရာ ညနေစောင်း လတ်သော အခါ မြစ်ဘက် က လေပြည်ကလေး အလာ တွင် စိတ် တစ်မျိုး ပြောင်းပြီး လျှင် သူငယ်မကလေး ကို ထင်မြင်ရာ ၌ ဘီယာပုလင်း ပေါ် ၍ လာလေရာ အား အစွမ်း ရှိသမျှ နှင့် တွန်းလှန် လေ၏ ။

သို့ တွန်းလှန် ရင်း

“ ဟင် .. တွေ့ချင် မှ တွေ့မှာ ပဲ ၊ တွေ့လို့ ကော နေရာ ကျချင် မှ ကျ မှာ ၊ သူ့ မှာ ရည်းစား နဲ့ လား ၊ လင် နဲ့ လား ဆိုတာ သိ ရတာလည်း မဟုတ် ၊ ယုန်သေ စွန့် လို့ ယုန် ရှင် ကို ရချင် မှ ရမှာ ၊ သောက် တာပဲ အေးပါတယ် ”

ဟု တွေးကာ ကျန်ရှိသော ဘီယာ နှစ်လုံး ကို နာရီဝက် အတွင်း အကုန် ပြီး စေပြီး နောက် မနေ့က အချိန်သို့ အရောက် မှာ ရန်ကုန် သွားချင် စိတ် ပေါက်၍ လာပြန် လေ၏ ။

မကြာမီ ဘတ်စ်ကား ပေါ် သို့ ရောက်ပြီး အလုံ က အထွက် မှာ စိတ် နောက်အောင် ပြုသော မိန်းမပျိုကလေး တက် ၍ လာပြန် လေရာ ယမန် က ကဲ့သို့ ပင် တစ်ယောက် ကို တစ်ယောက် မြင်ပြီး မှတ်မိသော အသွင် ကို သာ ပြရ လေ၏ ။ ဘိုးလင်း သည် စုတ်ပြတ် ၊ စောင်းရွဲ့ သော ဖိနပ် ကို မမြင် အောင် ဝှက်ကာ လုံချည် ကို ဖားဖားထားပြီး ဖုံးအုပ် ရ လေ၏ ။

မိန်းမပျို ၏ မျက်လုံးများ နှင့် မိမိ ၏ မျက်လုံးများ မကြာမကြာ ဆိုင်မိ ကြ၏ ။ စကား ကို မူကား မပြောဝံ့ ကြချေ ။ ဣန္ဒြေ ရရ သာ နေရ ရှာ လေ သတည်း ။

ထို ညဉ့် ၌ ဘိုးလင်း မှာ တိုးပြီး အပြင်း ဖမ်း ၏ ။ မိုးလင်း သည့် တိုင် အောင် ထင်ယောင်မြင်ယောင် ၍ နေ၏ ။ “ ငါ နဲ့ တွေ့ချင်လို့ ညနေတိုင်း ဘတ်စ်ကား စောင့်ပြီး စီး နေတာလား ” ဟု တွေးပြီး “ မဟုတ်ပါဘူး  ဘိုးလင်း ရယ် ၊ နင့် ကိုယ် ကို နင် ဒီလောက်တောင် မထင်စမ်း ပါ နဲ့ ၊ သူ့ ဘာ သာ သူ ကိစ္စ နဲ့ သွားတာ ထင်ပါတယ် ” ဟု တွေးကာ ဖျောက်ဖျက် ၏ ။ ဖျောက်သော် လည်း မပျောက်နိုင် ချေ ။

နောက် တစ်နေ့ အနိုင်နိုင် စိတ် ကို တင်းပြီး သောက်ခြင်း ကို ရပ် လေ၏ ။ ရရှိသော ငွေကလေးများ နှင့် ဖိနပ် အသစ် တစ်ရန် ကို ဝယ် ၏ ။ လက် ထဲ ၌ ငွေ ၂၅ - ကျပ် ကျန်ရာ စတိုး ကို သွားပြီး ဘီယာ ကို ဝယ်ရ ကောင်း မလား ဟု စဉ်းစားပြီး စိတ် ကို တင်းကာ ငြင်းဆန် ပြီးလျှင် ခေါင်းပေါင်း အသစ် ၊ ရှပ်အင်္ကျီ “ ဖန်စီ ” သုံးထည် ၊ လုံချည် အသစ် တစ်ထည် ဝယ်၏ ။ ထိုနေ့ ညနေ ဝင်းဝင်းပြောင်ပြောင် စတိုင်ထောင်ထောင် နှင့် သွား လေ၏ ။

အလုံ ဘက်သို့ ရောက်သော အခါ ရင် ထဲ မှာ တထိတ်ထိတ် ဖြစ်၍ နေ၏ ။ လာ မှ လာပါ့မလား ဟု စိုးရိမ် ၏ ။ အလုံ က ထွက်ခါ နီး ၌ တောင် မြောက်လေးပါး ကို ကြည့် ရာ မိန်းမပျို မပေါ်လာ သဖြင့် အားပျော့၍ သွားလေ၏ ။ ရန်ကုန် သို့ ရောက်သော အခါ သူငယ်ချင်း တစ်ယောက် ထံ သွားပြီး လုံချည် ၊ အင်္ကျီ တစ်ပတ်နွမ်းများ ကို ငှားပြီး မိမိ ၏ အဝတ်သစ် များ ကို အပေါင်ဆိုင် သို့ ပို့ကာ အရက်ဆိုင် သို့ ပြေးပြီး တစ်နေ့ မျှ ကွဲကွာ နေခဲ့သော ဘီယာ ကို မြိန်ရှက်စွာ သောက်ရ ရှာလေ သတည်း ။

နောက် တစ်နေ့ ငွေ ပြတ် သဖြင့် အလုပ် ကို ကြိုးစား၍ လုပ်ရာ တစ်လ ကျော်ကျော် ကြွေးတင် ၍ နေသော ပုံတူ အလုပ် တစ်ခု ကို အပြီး လုပ်ပြီး ပုဇွန်တောင် ရှိ ပွဲစားကြီးဦးဘိုးညှာ ၏ အိမ်သို့ သွား၍ ပေး လေရာ ထို အိမ် ၌ ချိတ်ဆွဲ ထားသော ဓာတ်ပုံ တစ်ခု ကို မြင် ရလျှင် အံ့အား သင့်ကာ စိုက်၍ ကြည့် နေပြီး ...

“ မည်သူ ၏ ပုံလဲ ”

ဟု မေးရာ ပွဲစားကြီး က ...

“ ကျုပ် သမီး ကို အင်္ဂလိပ်စာ သင် ပေးတဲ့ သူငယ်မ ပဲ ၊ အလုံ က ည ဘက် မှာ လာ လာပြီး သင် ပေး ရှာတယ် ၊ တစ်လ ၅ဝိ - ပေးရတယ် ”

“ နေ့တိုင်း ပဲ လား ”

“ စနေ ၊ တနင်္ဂနွေ က လွဲ ရင် နေ့တိုင်း ပဲ ”

ထိုအခါ ဘိုးလင်း သည် မတွေ့ရသော ရက် ကို ပြန်၍ တွက်ကြည့် ရာ စနေနေ့ ဖြစ်သည် ကို သိရ လေ၏ ။ ထိုအခါ ပွဲစားကြီး ၏ ပုံတူရေးခ ငွေငါးဆယ် နှင့် မိမိ ပေါင်နှံထားသော အဝတ်များ ကို ပြန်၍ ရွေးပြီး ဖဲထီးအသစ် တစ်လက် ၊ မိုးကာ တစ်ထည် ၊ “ ဖန်စီ ” ခြေအိတ် တစ်စုံ နှင့် ရှူးဖိနပ် တစ်ရန် ၊ လက်ကိုင်ပဝါ တစ်ဒါဇင် ကို ဝယ်၍ နည်းနည်းပါးပါး ကလေး သောက်ပါဦးမယ်လေ ဟု အောက်မေ့ကာ ဆိုင်သို့ သွား လေရာ နည်းနည်း မှ အဖော်များ နှင့် တွေ့၍ များပြီး အဘယ်နည်း ဖြင့် အိမ် ကို ပြန် ရောက်မှန်း မသိ ၊ နံနက် မိုးလင်းသော အခါ ငွေ လည်း တစ်ပြား မှ မကျန် ၊ ည က ဝယ် လာသော ပစ္စည်းများ လည်း အိမ် သို့ မပါ ၊ ပျောက်ဆုံး စွန့်ခွာ၍ သွားကြပြီး ခေါင်းခဲသော ရောဂါ သာ ကျန်၍ နေ သဖြင့် များစွာ စိတ်ညစ် လျက် အသိ မိတ်ဆွေများ ထံ မှ ငွေချေး ပြီး ဘီယာ ကို ဆက် လက်‌ သောက်ရ လေ၏ ။

ညနေချိန် ရန်ကုန် သို့ အသွား မှာ သူငယ်မကလေး နှင့် ဘတ်စ် ကား ပေါ် ၌ တွေ့ ရ လေ၏ ။ သို့သော်လည်း စကား မပြောဝံ့ ဘဲ ဆိတ်ငြိမ် စွာ သွားရ လေ၏ ။ ထိုအခါတွင် မိတ်ဆွေ တစ်ယောက် က ၎င်း ကို မြင် သဖြင့် ...

“ ကိုဘိုးလင်း ဘယ်ကိုလဲ ”

ဟု မေးရာ သူငယ်မကလေး က အံ့အားသင့် လျက် ၎င်း ကို ကြည့်ပြီး

“ ရှင် ... ပွဲစားကြီးဦးဘိုးညှာ ပုံ ကို ရေးတဲ့ ကိုဘိုးလင်း လား ”

ဟု မေး၏ ။

ဘိုးလင်း သည် ပြုံးလျက် ခေါင်း ညိတ်၏ ။ မေးသော မိတ်ဆွေ ဘက် ကို လည်း လှည့်ပြီး ပါးစပ် ကို လက် ကာလျက် မေးငေါ့ ကာ...

“ အရှေ့ကို ပဲ ”

ဟု ပြောလိုက် လေ၏ ။ အဝတ်အစား မှာ မူ အတော်ကလေး ကောင်း သဖြင့် ဖိနပ် မှာ လည်း ပထမ ဝယ်သော အသစ် ဖြစ် သောကြောင့် စတိုင် ကျကျ ထိုင်ရဲ လေ၏ ။

မိန်းမပျိုကလေး သည် ကား အသွင်ပြောင်းခြင်း ကို အကဲခတ် ကာ ကြည့် လေရာ ဘိုးလင်း မှာ ရုတ်တရက် အဝတ်အစား ပြောင်းလဲခြင်း ၌ စိတ် မလုံသောကြောင့် မိမိ ဘာသာ အခြား ဘက် သို့ လှည့်ကာ ပြုံး၍ နေ လေ၏ ။ မိန်းမပျိုကလေး မှာ ခါတိုင်းထက် ရွှင်ပျသော အမူအရာ ရှိသည် ကို သိရလေ သတည်း ။

“ ရှင့် နာမည် တော့ ကျော်ပါ ရဲ့ ၊ အင်မတန် သောက်တယ် ဆို ”

ဘိုးလင်း သည် ပါးစပ် မဟဘဲ ပြုံးလျက် စကား ပြောချင် သလိုလို လုပ်၍ နေ၏ ။ နောက် တစ်နေ့ တွေ့သော အခါ ဘိုးလင်း မှာ အရက် ကို သောက်၍ မလာသဖြင့် ရဲရဲရင့်ရင့် စကား ပြော လေရာ အသိ ဖြစ်၍ သွား လေ၏ ။

“ နာမည်ကျော်တဲ့ လူ နည်းနည်းပါပါး သောက်တော့ သောက်တာ ပါ ရောပြီး ကျော် တာပါ ဗျာ ၊ လွန်အားကြီး လို့တော့ မဟုတ်ပါဘူး ၊ ဒီ အပေါ် မှာ တစ်ယောက် တည်း ဆိုတော့ အထိန်း မရှိတဲ့ ချည်ခင် လို ဖြစ်နေ တာပဲ ”

သူငယ်မကလေး သည် စကား ပြန်၍ မပြောဘဲ နေလေ၏ ။ ဘိုးလင်း သည် တစ်နေ့ ထက် တစ်နေ့ အချစ် တန်ခိုး ဖြင့် ကြိုးစား၍ ဖြတ် လေရာ အရက် ကို လုံးလုံး မသောက်ဘဲ နေနိုင်၍ လာ လေ၏ ။ တစ်နေ့ ထက် တစ်နေ့ သူငယ်မကလေး နှင့် အကျွမ်း ဝင်၍ လာ လေ၏ ။

“ ရှင် ဘာဖြစ်လို့ ဒီ ကားမှာ ချည်း လိုက်သလဲ ”

“ မင်း သွားနေကျ အချိန်ကို တမင် မှန်း လာလို့ပေါ့ ၊ ပြန်တဲ့ အချိန် ကို တောင် မသိလို့ နေရတာပါ ။ မင်း မရိပ်မိဘူး လား ”

“ ကျွန်မ မသင်္ကာ လို့ မေး တာပေါ့ ၊ ကျွန်မ ရိပ်မိပါတယ် ၊ နို့ပေမဲ့ ရှင် က အရက် သောက်တဲ့ လူမို့ ကျွန်မ က ... ”

“ မင်း နဲ့ တွေ့ ကတည်း က မသောက်တော့ပါဘူး ”

“ ယုံရမှာလား ရှင် ၊ တကယ်ပဲ လား ”

“ အချစ် ဆိုတာ အင်မတန် တန်ခိုး ကြီးပါတယ် ၊ မင်း လည်း ငါ့ ကို မြင်ကတည်း က မုန်းတဲ့ လက္ခဏာ မရှိဘူးလို့ သိရတာ နဲ့ ဒီလို အချော အလှ မိန်းမမြတ်ကလေး နဲ့ တန်အောင် ငါ့ ကိုယ် ကို ဘယ်လို လုပ်မယ် ဆို တာ စိတ် တင်းပြီး အရက် ကို ဖြတ်တာပဲ ၊ ဒါ မင်း ရဲ့ ကျေးဇူး မို့ ”

“ ကျေးဇူးရှင်မို့ ကျေးစွပ်ချင် သလား ”

“ ဪ ဒီလိုပါ...အင်း...ဟုတ်ကဲ့ ဆိုပါတော့လေ ၊ သွယ်ဝိုက်နေ လို့ အကျိုး မရှိပါဘူး ၊ အသိသား နဲ့ မေး တာ ကိုး ... ”

“ ရှင့် ပါးစပ် က ပြောရုံနဲ့ ကျွန်မ မယုံနိုင်ဘူး ၊ နောင် နှစ်ခါ ဒီအချိန် ကျလို့ ရှင် တကယ် အရက်ပြတ်ကြောင်း သိရရင် ရှင့် အလို ပြည့်စုံပါလိမ့် မယ် ၊ ဟောဒီ ပန်းကလေး ဟာ ... ကျွန်မ ပြောတဲ့ စကား ရဲ့ သက်သေ ပါပဲ ”

ဟု ပြောပြီး ဦးခေါင်း ၌ ရှိသော စံပယ်ပန်းခက် ကလေး ကို နုတ်ယူ ၍ ပေး လေ၏ ။

ဘိုးလင်း သည် ထို ပန်းကလေး ကို နမ်းပြီး သားရေအိတ် ထဲသို့ ထည့်ကာ နှလုံးသား နှင့် အနီးဆုံးသော ရှပ်အင်္ကျီ အိတ် ထဲ သို့ ထည့်လိုက် လေ၏ ။

“ ရှင် အရက် သောက် ချင်တဲ့ အခါတိုင်း ဒီ ပန်းကလေး ကို ကြည့်ပါ ။ ပန်းသခင် ရှိတယ်လို့ အမြဲ အောက်မေ့ပါ ၊ ဒီ အတွင်းမှာ ကျွန်မ နဲ့ တွေ့ဖို့ မကြံစည်ပါနဲ့ ”

ဟု ပြောပြီး ဆင်း၍ သွားလေ၏ ။ ထိုနေ့မှ စ၍ ဘိုးလင်း သည် မိန်းမပျိုကလေး ကို မတွေ့ရတော့ဘဲ နေလေ သတည်း ။

°°°°°   °°°°°   °°°°°

ဆယ့်နှစ်လ ကျော် ၍ သွားလေ၏ ။ ရန်ကုန်မြို့ ပန်းချီကျော်ဦးဘိုးလင်း သည် ခမ်းနားဆိတ်ငြိမ်သော စတူဒီယိုကြီး ၌ ချိတ်ဆွဲ၍ ထားသော မိမိ စိတ်ကူး နှင့် ရေးထားသည့် လှပသော မိန်းမပျိုကလေး ၏ ရုပ်ပုံ ကို ဖူးမြော် သလို ကြည့် ကာ မျက်ရည် လည် လျက် နေ၏ ။ အင်္ကျီ အိတ် ထဲ က သားရေအိတ် ကို ထုတ်ကာ သားရေအိတ် ထဲ က စက္ကူထုပ်ကလေး ကို ဖြေပြီး လက်နှစ်ဖက် ၌ ထည့်ကာ နမ်း လေ၏ ။ သက်မကြီး ချပြီး မျက်နှာ ကို ပဝါ နှင့် တို့လေ၏ ။ ပန်းခြောက်ကလေးများ ကို စားပွဲ ပေါ်က စာအိတ် ကလေး တစ်ခု ထဲ ထည့်ကာ ကားပေါင် ၏ အကြား မှန်ပေါ် တွင် ထိုး ညှပ်ပြီး ထွက်သွား လေ၏ ။

ထိုအခိုက် တွင် ခံ့ညားသော အဘိုးကြီး တစ်ယောက် နှင့် မိန်းပျိုက လေး တစ်ယောက် ဝင်ရောက် ၍ လာရာ အဆိုပါ ရုပ်ပုံကား ရှေ့သို့ ရောက် လျှင် အံ့အားသင့်လျက် ကြည့် နေကြလေ၏ ။ ကားပေါ် ၌ “ မောင်ဘိုးလင်း ” ဟူသော နာမည်လက်မှတ် ကို မြင်ကြရလေ၏ ။ မိန်းမပျို ကလေး မှာ မျက်ရည်တွေ ဝိုင်း၍ လာ၏ ။ ကားပေါင် ၌ ညှပ်ထားသော စာအိတ်ကလေး ကိုယူ၍ ကြည့်ရာ မိမိ ၏ ပန်းကလေး ကို မြင် ရလျှင် ရင် ထဲ မှာ ဖိုလှိုက်ပြီး မျက်ရည်တွေ ချောင်းစီး၍ လာလေ သတည်း ။

ထိုအခိုက် တွင် မိုး ရွာ၍ လာသဖြင့် ဘိုးလင်း သည် မိုးကာ ယူရန် အခန်း ထဲ သို့ လျင်မြန်သော ဖိနပ်သံ ဖြင့် လာ လေရာ နှလုံး ၌ အမြဲ ခို၍ နေ သော ၊ မပျောက်နိုင်သော မျက်နှာ ကို တကယ် မြင် ရ လေလျှင် ကြက်သေ သေ၍ နေ လေ၏ ။ နှစ်ယောက် စလုံး တစ်ယောက် ကို တစ်ယောက် ကြည့်ကာ နေလေ၏ ။ အဘိုးကြီး သည် အပြင်ဘက် သို့ ထွက်သွား လေ ၏ ။ နှစ်ယောက်သား တစ်ယောက် ထံ တစ်ယောက် ပြေး ကပ်ကာ တစ် ယောက် ၏ ရင် ကို တစ်ယောက် ဝင်ရောက်လျက် နှစ်ကိုယ် မှာ တစ်ကိုယ် ပမာ ဖြစ်ကြရလေ သတည်း ။

“ ဘယ် သွား နေရသလဲ ၊ ဘာဖြစ်လို့ အကြောင်း မကြားသလဲ ”

“ တစ်ယောက် နဲ့ တစ်ယောက် အရော ဝင် ရင် သိပ်ပြီး ချစ်ကြလိမ့် မယ် ၊ သိပ် ချစ် နေခိုက်မှာ ရှင် က အရက် မဖြတ်ရင် ကျွန်မ ဒုက္ခ ဖြစ်မှာပဲ ။ ဒီ အတွက် ရှင် အရက် ကို မဖြတ် လျှင် ရှင့် ကို လွယ်လွယ် နဲ့ ဖြတ်ဖို့ရန် ဝေးအောင် ကြံ နေပါတယ် ၊ အခုတော့ ရှင် လူကောင်း ဖြစ်ကြောင်း သိ ရလို့ လာတယ် ၊ ကျွန်မ ဖေဖေ လည်း အကုန် သိပြီးပါပြီ ၊ မတည့်တဲ့ မိထွေး သေ လို့ ဖေဖေ့ ဆီ ပြန် နေ ရတယ် ၊ အရင် က မိထွေး ကြောင့် လေလွင့်ပြီး ရန်ကုန် မှာ နေတာပါ ၊ ရှင် ဘယ်တော့ တောင်ငူ ကို လိုက် နိုင်မလဲ ”

“ ဒီမှာ တပည့်ကျော် မောင်ကြည် ရှိလို့ စိတ်ချရ ပါတယ် ၊ ဘယ်အခါ မဆို အသင့်ပါပဲ ”

( ၂၁ - ၉ - ၃၀ )

◾ပီမိုးနင်း

📖 ဝတ္ထုပဒေသာ အမှတ် - ၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment