❝ မြို့တော်အန်တီအုန်း ❞
ရုပ်ရှင်ရှုတင် မန်နေဂျာ ကိုခင်မောင်တင့် က အန်တီအုန်း အကြောင်း လည်း ရေးပါဦး လို့ အကြံ ပေးတယ် ။ အန်တီအုန်း ( အမည်ရင်း ဒေါ်အုန်းမေ ၊ ယခု အသက် ၆၇ နှစ် ) ဟာ တစ်ချိန် က မြို့တော်သိန်းအောင် ဇာတ် မှာ ယိမ်းခေါင်းဆောင် မင်းသမီး ဖြစ်ပါတယ် ။ မြို့တော်သိန်းအောင် ဇာတ် လျှမ်းလျှမ်းတောက် အောင်မြင် ချိန် မှာ အန်တီအုန်း လည်း အလွန် လူသိ များ ခဲ့တယ် ။ ယခုတော့ သူ က ရွှေချည်ထိုး လုပ်ငန်း လုပ် နေတယ် ။
သဘင်သမားတွေ အနေ များ တဲ့ ချမ်းမြသာစည် မြောက်ရွာသစ် မှာ အန်တီအုန်း နေတယ် ။
အန်တီအုန်း ရဲ့ တိုက်အိမ် အပြင်ခန်း မှာ ဧည့်ခန်း သဘောမျိုး ဆက်တီ ကုလားထိုင်တွေ ချ ထားတယ် ။ အိပ်ရာ သံခုတင်အိုလေး တစ်လုံး လည်း ရှိတယ် ။ အဲသည် သံခုတင်လေး ဟာ မြို့တော်သိန်းအောင် ဇာတ်အဖွဲ့သားတွေ ရဲ့ အိပ်ရာ ။ တစ်ချိန်က တောက်ပြောင် သစ်လွင် ခဲ့မယ့် သံခုတင်လေး ဟာ အခုတော့ သံချေး အထပ်ထပ် နဲ့ အိုမင်း နေပါပြီ ။
တိုက်အိမ် ထဲ မှာ အပ်ချုပ်စက်တွေ ၊ ရွှေချည်ထိုး ခုံ တွေ ရှိပြီး အမျိုးသမီး အချို့ အလုပ် လုပ်နေတယ် ။ အမျိုးသမီး အချို့က မိခင်တွေ ဖြစ်ပုံ ရတယ် ။ ကလေးငယ်တွေ စက်ခုံ ကြားမှာ ဟိုဝင် သည်ထွက် လုပ် နေတယ် ။ နှစ်နှစ်သား လောက် ကလေး တစ်ယောက် က တော့ တဗြဲဗြဲ ငို နေတယ် ။
အန်တီအုန်း ကို တွေ့ချင်တဲ့ အကြောင်း ပြောပြီး ဆက်တီခုံ တစ်ခု မှာ ကျွန်တော် ထိုင် နေတယ် ။ အန်တီအုန်း က တော်တော် နဲ့ ထွက် မလာဘူး ။ စက်ခုံတွေ ရှိတဲ့ အိမ်ခန်း အဝင်ဝ မှာ တော့ ဗီနိုင်းစ တစ်ခု ချိတ် ထားတယ် ။ သေသေချာချာ ကြည့်တော့ မန္တလေး မြို့တည် နန်းတည် နှစ် ၁၅၀ ပြည့် ပွဲတော် မှာ ရွှေချည်ထိုး လုပ်ငန်းတွေ ဆောင်ရွက် ပေးလို့ အန်တီအုန်း ကို မြို့တော်ဝန် ရဲ့ လက်မှတ် နဲ့ ချီးမြှင့် ပေးထားတဲ့ ဂုဏ်ပြု မှတ်တမ်းလွှာ ဖြစ်နေတယ် ။ ဂုဏ်ပြုမှတ်တမ်း ကို ဗီနိုင်း ပေါ် ပုံနှိပ် ထားတယ် ။ တော်တော် ကြီး တဲ့ မှတ်တမ်းလွှာကြီး တစ်ခု ဖြစ်တယ် ။
အန်တီအုန်း တရွေ့ရွေ့နဲ့ ကျွန်တော် ရှိရာ လှမ်း လာတယ် ။ တစ်ချိန် က ဇာတ်ခုံ ပေါ် က မီးရောင် အောက် မှာ ပရိသတ် ထောင်သောင်း ကို ဖမ်းစား ခဲ့ တဲ့ ယိမ်း ခေါင်းဆောင် မင်းသမီး ဟာ ယခု အချိန် မှာ ပုံစံ ပြောင်း သွားပြီ ။ ခေါင်းတုံး ဆံပင်ပေါက် ၊ ဆံပင်ဖြူဖြူတွေ အရှည် လက်နှစ်သစ် လောက် က ခေါင်း ပေါ် မှာ ထိုးထိုးထောင်ထောင် ထွက် နေတယ် ။ မသေသပ်ဘူး ။ ရုပ်ရည် ကို လည်း ဇရာ က အနိုင် ယူ သွားပြီ ။
ထိုင်လျှင် ထိုင်မိချင်း အန်တီအုန်း က “ လေဖြတ် ထား လို့လေ ” ဆိုပြီး ပြော တယ် ။ ကျွန်တော် က လည်း“ အော် ဟုတ်လား ” လို့ ပဲ စကား ပြန်တယ် ။ အန်တီအုန်း သူ လေဖြတ်ပုံ ကို အရင် စပြောတယ် ။
“ ဘုန်းကြီးပျံ လှေတော်ယိမ်း သင် ပေးရင်း ဖြစ်တာ ၊ သင်ပေး ရတာ က ဓမ္မာရုံ ထဲ မှာ ၊ ခြောက်ရက် လောက် ကြာတယ် ၊ သတိ မထားမိဘဲ အအေးပတ် သွားတာ ၊ ဘုန်းကြီးပျံ နေ့ က တော့ သူတို့ က နေ့လယ် ၁၂းဝဝ နာရီ အရောက် လာပါ တဲ့ ၊ မနက် ၁၁း၃ဝ နာရီ လောက် ရေချိုး ပြီး မိတ်ကပ် လိမ်း နေတာ ၊ ရင် ထဲ ဘယ်လိုကြီး မှန်း မသိလို့ ထိုင်ချ လိုက်တာ ၊ သမီးတွေ က ဟယ် အမေအုန်းကြီး ပါးစပ် ရွဲ့သွားပြီ ၊ လေဖြတ်တာ တဲ့ ၊ ကျွန်မ က တော့ လေဖြတ်တာ ဆိုရင် ငါ သေတာ ပဲ လို့ ဘုရားစာ ပဲ ရွတ် နေရတော့တာ ”
“ အန်တီအုန်း က ယခု ထိ ကလေးတွေ ကို အက သင်ပေး နေသေးတော့ လေဖြတ် သွားပြီ ဆိုရင် မကနိုင်တော့ဘူး ၊ သေပြီ လို့ သဘော ထား တာ လား ”
“ ကျွန်မ ကြားဖူးတာ က လေဖြတ် ရင် သေ ၊ မသေ ရင် ဆွံ့အ ကုန်တာပဲ ကြားဖူးတာ ကိုး ၊ ကိုယ့် ကိုယ် ကိုယ် အသေလို့ ပဲ သတ်မှတ်တော့တာ ”
“ မကနိုင်တော့ မှာ မပူဘူးလား ”
“ ကျွန်မ အသက် ၆၁ နှစ် ကတည်း က စီးပွားဖြစ် လိုက် မကတော့ဘူး ၊ သင်္ကြန်ယိမ်းလေး ၊ လှေတော်ယိမ်းလေး သင်ပေးတာ လောက် ပဲ ရှိတယ် ”
“ အန်တီအုန်း က မိတ္ထီလာသူ နော် ”
“ မွေးတာ က မိတ္ထီလာနယ် ၊ ရေချိုရွာ မှာ ၊ ကျွန်မ ငါးနှစ်သမီး က မန္တလေး မှာ အလုပ် ရှိတယ် သွားလုပ်ပါ ဆိုလို့ ပြောင်းလာကြတာ ၊ ကလေးတွေ လည်း ကျောင်း နေချိန် ရောက်ပြီ ဆိုပြီး ပြောင်းတာ ”
“ ကျောင်း နေတော့ကော ”
“ ကျောင်း စ နေတာ ပေါက်မြိုင်ကျောင်း မှာ ၊ သတ္တမတန်း အောင် တဲ့ အထိ နေ တာ ၊ ခုနစ်တန်း အောင်ပြီး ဆက် မနေတော့တာ က အဖေ နောက် အိမ်ထောင် ပြု သွားလို့ ၊ အဖေ နဲ့ အမေ ကွဲ သွားတော့ စီးပွားရေး ကျ တယ် ၊ အဲဒီ ခေတ် က ခုနစ်တန်း အောင် ရင် ကျောင်းဆရာမ လျှောက်လို့ ရတယ် ၊ ကျွန်မ ဝါသနာ ပါ တာ က လည်း ဆရာမ ၊ ဒါပေမဲ့ ဆရာမ လုပ်ရင် ရပ်ဝေး သွားရမယ် ဆိုပြီး အမေ က မလျှောက်ရဘူး ”
“ အက ဝါသနာ ပါလာပုံ လည်း ပြောပါဦး ”
“ ကျွန်မ တို့ မှာ ညီအစ်မ သုံးယောက် နဲ့ မောင်လေး တစ်ယောက် ရှိတယ် ၊ ရွှေမန်းရီ ဆိုတာ ကျွန်မတို့ အိမ် နဲ့ ဝင်းထရံလေး ပဲ ခြား တာ ၊ သူ့ အိမ် မှာ အက တိုက်ရင် သွား ကြည့်တယ် ၊ ကျောင်း အားတဲ့ ရက် ဆို သူ့ အငြိမ့်ကား ပေါ် လိုက်သွားတာ ၊ ပွဲသွား ကြည့် ရင် အက အတုခိုး လာတာ ”
“ ညီအစ်မ သုံးယောက် လုံး လား ”
“ ဟုတ်တယ် ၊ မောင်လေး ကလည်း ကချင်မြေ သိန်းနိုင် ဆိုပြီး ဇာတ်တွေ မှာ စာရေးဆရာ လုပ် နေတာ ၊ ဝါသနာ ပါတော့ သင်္ကြန် ဆိုရင် မြိုင်မာလာရေသဘင် ဆိုပြီး မဏ္ဍပ် ထွက်တယ် ၊ သင်္ကြန် မှာ က တဲ့ ဝတ်စုံတွေ သိမ်းထားပြီး ကဆုန် ညောင်ရေသွန်း တော့ ညောင်ရေအိုးလေး တွေ လှည့် ကြတယ် ၊ ၁၃၂၁ ခု မန္တလေး နှစ် ၁၀၀ ပြည့် ပွဲကြီး လုပ်တော့ မြိုင်မာလာရယ် ၊ စန်းငွေရောင် ၊ စန်းမာလာ ၊ မန်းသူလေးရယ် အသင်း လေးသင်း ရပ်ကွက် ထိပ် မှာ မဏ္ဍပ် ထိုးပြီး က ရတာ ”
“ ဇာတ် ထဲ ရောက်သွားပုံ က ”
“ မန်းရာပြည့် ပြီး နောက် နှစ် မှာ ဇာတ် ထဲ ရောက်တယ် ၊ ရွှေမန်းရီ က နေ ဆက် တာ ၊ မြို့တော်သိန်းအောင် ဇာတ် က မင်းသမီး လိုတယ် ပြောတာ နဲ့ တစ်နှစ် ဆိုပြီး ဝင် က လိုက်တာ ၊ နှစ် ၃ဝ ကျော် သွားတယ် ”
ပြောရင်း အန်တီအုန်း ရယ်တယ် ။
“ အိမ် မှာ စားစရာ မရှိတဲ့ အချိန် ဘထွေးကြီး ( မြို့တော်ဦးသိန်းအောင် ) က ဇာတ် ထောင် လို့ ဇာတ် ထဲ လိုက် သွားတာ ၊ ကိုယ် က က ချင် တယ် ၊ ဒါပေမဲ့ ယိမ်း တော့ မကချင်ဘူး ( ရယ်လျက် ) ၊ အထင် သေး တာ ၊ ယိမ်းသမ မဖြစ်ချင်ဘူး ၊ မင်းသမီး ဖြစ် ချင်တာ ၊ ဒါပေမဲ့ ဘထွေးကြီး က ပြောတယ် ၊ ကပွဲ ပါ တဲ့ ၊ ညီအစ်မ သုံးယောက် မှာ အစိတ် နဲ့ လိုက်သွားတာ ”
“ အန်တီအုန်း အငြိမ့် လဲ က သေးတယ် ဟုတ်လား ”
“ ဘထွေးကြီး ရဲ့ မြို့တော်ဇာတ် က သုံးနှစ် နား လို့ မလှိုင် သွားက တာ ၊ မလှိုင် အငြိမ့် ၊ ညီအစ်မ သုံးယောက် လုံး က တာ ၊ အငြိမ့်အဖွဲ့ အမည် က ညီမယ်ဆိုင် ၊ နောက် နှစ် ကျ ပွင့်သစ်စ အငြိမ့် ၊ နောက် တစ်နှစ် ကျ ရွှေမန်းသူ မူမူစိန် အငြိမ့် ”
“ ဘာဖြစ်လို့ တစ်ငြိမ့် ပြီး တစ်ငြိမ့် ပြောင်း နေတာလဲ ”
“ အဲဒီတုန်းက တစ်နှစ် တစ်ခါ ပြောင်းကြတယ်လေ ”
“ ဘထွေးကြီး ဆီ ရောက်တော့ ယိမ်းတွေ ဘယ်လို က ရ တာလဲ ”
“ ဘထွေးကြီး က ပြဇာတ် ထဲ မှာ ယိမ်းတွေ ထည့်တာ ၊ ရေအိုးယိမ်း ၊ နေဗီယိမ်း ၊ ပီတီယိမ်း ၊ ယိမ်းမတွေ တအား ဦးစားပေးတာ ၊ တစ်ယိမ်း ပြီး ရင် အဝတ်လဲ ၊ ပစ်ထားခဲ့ ခေါက်ချိန် မရဘူး ၊ နောက် အဝတ်သစ် ပြောင်း ”
အန်တီအုန်း က သူ စုဆောင်း ထား တဲ့ ဓာတ်ပုံတွေ ကို ပြတယ် ။ ဓာတ်ပုံတွေ က အဖြူ ၊ အမည်း ။ ဒါပေမဲ့ ဝါကျင့်ကျင့် ဖြစ်နေပြီ ။ ဟောင်းနွမ်းပြီး စုတ်တာ စုတ် နေပါပြီ ။ အန်တီအုန်း က မြတ်မြတ်နိုးနိုး သိမ်းဆည်း ထားပုံ ရတယ် ။
ဓာတ်ပုံတွေ ကို ပြပြီး ဒါက နွေဦးအညာ ၊ ဒါက လထွက်ကလေးကိုတဲ့ မြင်းပေါ်တင် လို့ အော်ပရာ ကဇာတ် အမည် တွေ အန်တီအုန်း က ပြောတယ် ။ ပြောနေချိန် မှာ သူ့ မျက်လုံးတွေ က စိုပြီး ရွှန်းလက် နေပါတယ် ။
“ ကျွန်မ က နွေဦးအညာ ကို ဘထွေးကြီး နဲ့ က တာ ”
“ ကကြတဲ့ အခါ ယိမ်းသမတွေ စည်းလွတ်ဝါးလွတ် နဲ့ ပရိသတ်ရှေ့ မှာ ကမောက်ကမ ဖြစ်တာ ကြုံဖူးလား ”
“ ကြုံဖူးတာပေါ့ ၊ မြို့တော်ဇာတ် က က တာ မနားရဘူး ၊ တစ်နှစ် နဲ့ တစ်နှစ် ကူးချိန် နားရတာ မှ ၁ဝ ရက် လောက် ရယ် ၊ အဲဒီ ၁ဝ ရက် မှာ ကျွန်မ အိမ် မပြန်ရဘူး ။ ကျွန်မ က ယိမ်းခေါင်းဆောင် ၊ အုပ်ချုပ်ရတဲ့ ကလေးတွေ က ၂ဝ ကျော် ၊ ကျွန်မ အသက် က လည်း ၂ဝ ပဲ ၊ ကျွန်မ ကို စာရေးဆရာ စိန်ခင်မောင်ရီ တို့ ၊ ရုပ်ရှင်မျက်မှန် ဦးအောင်သိန်း တို့ က အန်တီအုန်း လို့ စ နောက်ပြီး ခေါ်ရာ က အန်တီအုန်း တွင် သွားတာ ”
“ ယိမ်း တိုက်ပုံ ပြောပါဦး ”
“ ဇာတ် နားတဲ့ ရက် မှာ အိမ် မပြန်ဘဲ မြို့တော်ဇာတ်သမ တွေ မန္တလေး ထီးရိုးဝင်း မှာ ပဲ ညဉ့်အိပ် ညဉ့်နေ ခေါ် ထားတာ ၊ ပြီးတော့ မနက် ၇းဝဝ နာရီ အိပ်ရာ ထ ၊ ပီတီ ( Physical Training ) စ ဆင်းပြီး လေ့ကျင့်တာ ည ၁၂:၀၀ နာရီ ထိုး မှ ပြီးတာ ၊ ရက်ကလေး က နည်းနည်းလေး ၊ ကျွန်မ ကလေးတွေ ကို မောင်းရတာ ၊ ကျွန်မတို့ ခေတ် က ယခု လို ကက်ဆက် လည်း မရှိ ၊ အော်ဂင်တွေ ဘာတွေလည်း မရှိဘူး ၊ တီးလုံး ကို ပါးစပ် နဲ့ ဆိုတီး ပြီး တိုက် ရတာ ”
အန်တီအုန်း ပြောတာတွေ ကို နားထောင် ရင်း ဝါရော် နေပြီ ဖြစ်တဲ့ ဓာတ်ပုံ ဟောင်း တွေ ကို ကျွန်တော် ကောက်ယူ ကြည့် မိတယ် ။ မြန်မာ့သဘင် တစ်ခေတ် မှာ မြို့တော် က မှတ်တိုင် တစ်ခု ထူ ခဲ့တဲ့ နာမည်ကျော် အော်ပရာ မှတ်တမ်းတွေပါ ။ တစ်ချိန် က ဇာတ်သဘင်တွေ အပြိုင်အဆိုင် ကြိုးစား ခဲ့ ကြတယ် ။ ပရိသတ် က လည်း အားပေး ခဲ့ ကြတယ် ။ ပညာရှင်တွေ က မြို့တော် အော်ပရာတွေ ကို တလေးတစား ရှိခဲ့တယ် ။
“ ဘဲလေးအော်ပရာတွေ ကို တစ်ထုပ်လုံး စိတ် နဲ့ မှတ်ရတာ ၊ တီးလုံး ကို တစ်အား မှတ်ရတာ ၊ လမ်းလျှောက် တာ ကအစ တီးလုံး နဲ့ ”
“ ဘဲလေး ဆိုတာက ”
“ ဘဲလေး ဆိုတာက စကား မပြောရဘူး ၊ အမူအရာ ဟန်ပန် နဲ့ ဇာတ်လမ်း ဇာတ်ကွက် ကို သရုပ်ဆောင် သွားရတာ ၊ ပီပြင်အောင် သရုပ် မဆောင်နိုင်ရင် ဇာတ်လမ်း က မပေါ်ဘူး ၊ ဝမ်းနည်းပါတယ် ဆိုတာ ပါးစပ် က ပြော ရတာ မဟုတ်ဘူး ၊ ဝမ်းနည်း တဲ့ ဟန်လေး လုပ်ပြရတာ ၊ ဘဲလေး က ရတာ မလွယ်ဘူး ၊ စနစ် နဲ့ ၊ ဘယ် နေရာမှာ ခြေလှမ်း လှမ်း ၊ ရောက်ရမယ့် နေရာ ဆို ရောက် ကို ရောက်ရ မှာ ၊ တစ်ယောက် ပျက် လို့ ကတော့ တစ်ဖွဲ့လုံး သွားပြီ ”
“ မင်းသမီးတွေ ဆိုတော့ ပိုးပန်းတဲ့ ပရိသတ်တွေ လည်း ရှိမှာပဲ နော် ”
“ ဘထွေး က မျက်နှာ များတဲ့ ကိစ္စ မကြိုက်ဆုံးဘဲ ၊ ဇာတ် ထဲမှာ စာရိတ္တ ကောင်း ဖို့ အဓိက ၊ အလုပ် ဘယ်လောက် ကောင်းကောင်း စာရိတ္တ မကောင်းရင် လက်မခံဘူး ၊ သွားပဲ ၊ ပြုံး တော့ တစ်ဆယ် ၊ ရယ် သော် ငါးကျပ် ၊ ဟား တိုက် နှစ်ကျပ်ခွဲ တဲ့ ဘထွေးကြီး က ဆုံးမတယ် ”
“ အဓိပ္ပာယ် က ”
“ တန်ဖိုး ပေါ့ ၊ မိန်းကလေး တန်ဖိုး ပြုံးရုံ ပြုံး တတ်တဲ့ မိန်းကလေး က တန်ဖိုး အရှိ ဆုံး ၊ ရယ် တဲ့ မိန်းကလေး က ငါးကျပ် ၊ ဟားတိုက် တဲ့ သူ က နှစ်ကျပ်ခွဲ ပဲ တန်တယ် လို့ ဆိုလိုတာ ”
“ အန်တီအုန်း အိမ်ထောင် ပြုတော့ ကော ”
“ ဦးလှမောင် ၊ သူ က အသံချဲ့စက် ဘက် က ”
အိမ် အတွင်းပိုင်း က အပ်ချုပ်စက်သံ တဂျောင်းဂျောင်း ကို ကြား နေ ရပါတယ် ။
“ အန်တီအုန်း ရွှေချည်ထိုး ပညာ ကို ဇာတ် ထဲ က တတ်တာပဲလား ”
“ ဟုတ်တယ် ၊ မန္တလေး မှာ နှစ်လ သုံးလ နားရတဲ့ ဇာတ် မဟုတ်တော့ ဇာတ် ထဲ မှာ စက်ချုပ်တဲ့ သူ ၊ ပန်းချီရေးတဲ့ သူ လည်း ပါတယ် ၊ ရွှေချည် ထိုး တတ်တဲ့ သူ လည်း ပါတယ် ၊ လမ်း မှာ ဇာတ် နား တဲ့ အချိန် ဇာတ်ဝင်ခန်း အတွက် လိုတဲ့ အဝတ်အစားတွေ ချုပ်တယ် ၊ ရွှေချည် ထိုးကြတယ် ၊ ကျွန်မ က လည်း အလကား မနေတတ်တော့ ဝင် ထိုး ရင်း ထိုးတတ် သွားတာ ၊ ထိုးစားမယ် လို့ မရည်ရွယ်ပါဘူး ၊ ဇာတ် ထဲ က ထွက်လာ တော့ မှ ရွှေချည်ထိုး လုပ် ဖြစ်တာ ၊ သမီး ဆယ်တန်း အောင် တော့ စက်ချုပ် သင်ပေး တယ် ၊ ယခု ဘွဲ့ ရပြီ ဆိုတော့ သမီး က ပဲ ဦးစီးပြီး လုပ် နေတာ ”
တိုက်အိမ် အဝင်ဝ မှာ ချိတ် ထားတဲ့ ဗီနိုင်း ဂုဏ်ပြုမှတ်တမ်းလွှာကြီး က လေ တိုက်တိုင်း ယိမ်း နေတယ် ။
“ မန္တလေး နှစ် ၁၅ဝ ပွဲ အတွက် တော်တော်များများ လုပ်ခဲ့ရ သလား ”
“ မန္တလေး နှစ် ၁၅ဝ အတွက် လုပ်ပေးရမယ် ဆိုတော့ ကိုယ် လက်ခံရတာ နဲ့ လုပ်ပေးရတာ တခြားစီ ပေမဲ့ ဖြစ်အောင် လုပ်တယ် ၊ နှစ် ၁၀၀ တုန်း က အန်တီအုန်း ကိုယ်တိုင် က ခဲ့တယ် ၊ နှစ် ၁၅ဝ မှာ လည်း ကိုယ်တိုင် ပါမယ် ၊ ကိုယ် တွက် မကျန်တာ မတွက် နဲ့ လို့ ကိုယ့် ကိုယ် ကိုယ် အားပေးတယ် ၊ သမိုင်း တစ်ခု မှာ တာဝန် ကျေဖို့ လိုတယ် လို့ ”
“ ဖြစ်ပုံ ပြောပြပါဦး ”
“ ဝင်းခင်း တဲ့ ရီဟာဇယ် လုပ်တော့ ဒီ အဝတ်အစား မလိုချင်ဘူး ၊ ရဲမက်ချည်း ၂ဝဝ လိုချင်တာ တဲ့ ၊ ဟာ သောက်ကျိုးနည်းပြီ ၊ ရဲမက် ဆိုတာ ဝင်း တစ်ခု မှ နှစ်ယောက် ပဲ ပါတာ ၊ တပ်က ရှေ့ ခြောက်တပ် ၊ နောက် က ခြောက်တပ် ၁၂ တပ် ၊ ကဲ ချုပ် ပေရော့ ၊ စက်ငါးလုံး နဲ့ ချက်ချင်း ချုပ် ရတာ ၊ အဲဒီ ရဲမက်ပုဆိုးတွေ အခုထိ အများကြီး ပုံ နေတာ ၊ အဲဒါ ငါးသိန်းဖိုး လောက် ရှိတယ် ၊ တစ်စ ချင်း ပြန် ရောင်း နေရတာ မကုန်ဘူး ”
“ ဝင်းခင်း တဲ့ သူ ဘယ်နှဦး စာ လောက် ချုပ်ပေး ရတာလဲ ”
“ ဝင်းခင်းရာ မှာ ပါတဲ့သူ အားလုံး အတွက် ချုပ်ရတာ ၊ လူ ၁၅၀၀ လောက် ရှိတယ် ”
“ ငယ်ငယ်က ကျောင်းဆရာမ ဝါသနာ ပါခဲ့တယ် ၊ ဆရာမ မဖြစ်ခဲ့ရတဲ့ အပေါ် မှာ ဝမ်းနည်း မိ သလား ”
“ ဇာတ် ထဲ လည်း ဝင် လိုက်ရော စစချင်း က ရတာ က လောကရိပ်မြုံ ဆိုတဲ့ ပြဇာတ် ၊ ဘထွေးကြီး က ပြဇာတ် ထဲ မှာ ကျောင်းဆရာ ၊ ကျွန်မ တို့ က ကျောင်းသူ ၊ အဲဒီ ပြဇာတ် က ရင် မျက်ရည် တောင် ကျတယ် ၊ ကျွန်မ ကျောင်း က ထွက်စ ဇာတ် ထဲ လိုက်တုန်း ကတော့ တစ်နှစ် ဆိုပြီး လိုက် လိုက်တာ ၊ ကျောင်း စာအုပ်တွေ တောင် ဇာတ် ထဲ ယူ သွားတယ် ၊ ကျောင်း ပြန် နေမယ် ပေါ့ ၊ ကျောင်းဆရာမ မဖြစ်ခဲ့တဲ့ အပေါ် ဝမ်းနည်းတယ် ၊ ကျွန်မက သူများ လိုအပ်ချက်တွေ ကို ဖြည့်ဆည်း ပေးချင်တာ ”
“ အန်တီအုန်း ဆံပင်တွေ ဘာကြောင့် ဖြတ်လိုက်တာလဲ ”
“ နှစ် ၁၅ဝ ပွဲ အပြီး မှာ ရွှေဆံနွယ် တံတား အတွက် လှူလိုက်တာ ၊ မုံရွာ ယင်းမာပင် ဘက် မှာ တံတား ဆောက် ဖို့ ရွှေဆံနွယ်ဆရာတော် ဦးစီးပြီး ဆံပင်တွေ အလှူခံတယ် လေ ၊ ဆံပင်တွေ ရောင်းရတဲ့ ငွေ နဲ့ တံတားကြီး ဆောက်တာ ၊ ကျွန်မ လည်း ဆံပင် ဖြတ်ပြီး လှူ လိုက်တာ ”
◾ကျော်ရင်မြင့်
📖 အရောင်အသွေးအစုံစုံ
ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment