Thursday, February 9, 2023

ဖန်လာတဲ့ ကံကြမ္မာ


 

❝ ဖန်လာတဲ့ ကံကြမ္မာ ❞

ဂျူနီယာညိမ်း ( မန်း - ဒိုင်အို )

အချိန်မှာ ညနေ ၆ နာရီ ခန့် ဖြစ်၍ ရန်ကုန် ကမ်းနား တွင် မြို့သူ မြို့ သားများ လေညင်းခံ အပန်းဖြေ လာရောက် နေသည်မှာ အညာဘုရားပွဲတော် တမျှ စည်ကား လှပါသည် ။ ထို့အတူ ကမ်းနား ရှိ နန်းသီတာဟိုတယ် တွင်း ၌ လည်း အပန်းဖြေ လာကြသော လူကြီးလူကောင်း မိသားစုများ နှင့် ပြည့်နှက် နေသည် ။ နန်းသီတာ ၏ ထောင့် တစ်နေရာ တွင် ကား အလွတ်စုံထောက်ကလေး ကိုတင်လှ သည် လည်း အများနည်းတူ အပန်း ဖြေကာ လိမ္မော်ရည် သောက် နေရင်းနှင့် မိမိ လက်ခံထားသော အမှုများ ၏ အကြောင်း ကို စဉ်းစား နေ၏ ။ ကိုတင်လှ ထိုင် နေသော နေရာမှာ ထောင့် တစ်နေရာ တွင် ဖြစ်သဖြင့် ချောင် ကျသော ကြောင့် လေးယောက် ထိုင် စားပွဲတွင် ကိုတင်လှ တစ်ဦး တည်း သာ ရှိနေသည် ။ ကိုတင်လှ သည် လိမ္မော်ရည် ကို ဇိမ်ခံ သောက် နေရာ မှ ပိုက်ကလေး ကို ပါးစပ် မှ ဖြုတ်ကာ စီးကရက် တစ်လိပ် ကို မီးညှိ သောက် နေ၏ ၊ ထိုအခိုက် တွင် လူ တစ်ယောက် မိမိ ထိုင်နေသော စားပွဲ ဆီ သို့ ဦးတည် လျှောက် လာသည် ကို တွေ့ရ၏ ။ ထို လူ ဝတ်စားဆင်ယင်ပုံ ကို ကြည့်ခြင်း အားဖြင့် အထက်တန်း မှ လူ မဟုတ်သော်လည်း လူလတ်တန်းစား ထဲ က ပင် ဖြစ်ကြောင်း အကဲခတ် မိလိုက်သည် ။ ထို လူ သည် ကိုတင်လှ စားပွဲ အနီး သို့ ရောက် သော် ..

“ မိတ်ဆွေ က အလွတ်စုံထောက်ကလေး ကိုတင်လှ မဟုတ်ပါလား ခင်ဗျာ ” ဟု လေးစားသော အမူအရာ နှင့် မေး လိုက်သောကြောင့် ကိုတင်လှ က ...

“ ဟုတ်ပါတယ်ခင်ဗျာ ကျွန်တော် အလွတ်စုံထောက် မောင်တင်လှ ပါ ၊ ဘာကိစ္စများ ရှိလို့ပါလဲ ခင်ဗျား ၊ ထိုင်ပါဦး ”

“ ကျေးဇူး တင်ပါတယ် ။ ကျွန်တော့် နာမည် က ကိုကို ပါ ။ ကိုတင်လှ အပန်းဖြေ အနားယူ နေတဲ့ အချိန်မှာ အခုလို လာပြီး နှောင့်ယှက်ရတာ အများကြီး ဝမ်းနည်းပါတယ် ။ ဒါပေမဲ့ ကျွန်တော့် ကိစ္စ ကို ကိုတင်လှ နဲ့ တိုင်ပင် ချင် လို့ အခုလို ဆုံရတုန်းမှာ လာ ရတာပါ ”

“ ကိစ္စမရှိပါဘူး ကိုကို တိုင်ပင်ချင်တဲ့ ကိစ္စ ကို တိုင်ပင် နိုင်ပါတယ် ” ကိုတင်လှ က ကိုကို ဆိုသူ မှာ မိမိ နှင့် သက်တူရွယ်တူ မျှသာ ဖြစ်သော ကြောင့် ဦး တပ်၍ မခေါ်တော့ဘဲ ကိုကို ဟု ပင် ခေါ် လိုက်သည် ။

“ ကျွန်တော့် ကိစ္စ က လွယ် မယောင်နဲ့ ခက်နေတဲ့ ပြဿနာပါ ပဲ ကိုတင် လှ ။ ဘယ်သူ က မှ အကြံ မပေးနိုင်တောင် ကိုတင်လှ က တော့ အကြံ ပေးနိုင် လိမ့်မယ် လို့ ယုံကြည်ပါတယ် ။ ကျွန်တော် ကိုတင်လှ ကို အားလည်း ကိုးပါတယ် ”

“ ဟုတ်ကဲ့ ... ကျွန်တော် တတ်နိုင်သလောက်တော့ ကူညီပါ့မယ် ၊ ခင်ဗျား ကိစ္စ ကို သာ ပြောပါ ... ”

“ ဟုတ်ကဲ့ ... ကျွန်တော် ပြောပါ့မယ် ။ ဒီလိုပါ ကိုတင်လှ ”

     •••••   •••••   •••••   •••••

“ ကျွန်တော် က မေမြို့ ဇာတိပါ ။ ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ် လောက် ကတည်း က ကျွန်တော့် ဆရာ ဆီ မှာ အလုပ် လုပ်ခဲ့ပါ တယ် ၊ ကျွန်တော့် ဆရာ က မေမြို့ ၇ ရပ်ကွက် ထဲ မှာ နေပါတယ် ၊ နာမည်ကြီး သူဌေး ဦးစံသိန်း ရဲ့ သား ကိုမင်းနိုင် ပေါ့ ။ သူ့ ဆီ မှာ အလုပ် လုပ်ရတယ် ဆိုပေမဲ့ ကျွန်တော် နဲ့ သူဟာ သက်တူရွယ်တူ လောက် သာ ဖြစ်ပြီး အလုပ် ကလည်း သူ့ ကို ပြုစုရတဲ့ အလုပ် တစ်ခု တည်း ပါ ။ သူ နဲ့ကျွန်တော် ဟာ ဆရာ တပည့် ဆိုပေမဲ့ အလွန် ရင်း နှီးပါတယ် ။ ဆရာ နဲ့ တပည့် လို မဆက်ဆံ ဘဲ ညီအစ်ကို လို ပဲ ဆက်ဆံ ပါ တယ် ။ တစ်ခု ထူး တာက ကျွန်တော့် ဆရာ နဲ့ ကျွန်တော် ဟာ ရုပ်ချင်း ရွေး မရ လောက်အောင် တူတဲ့ အချက်ပါပဲ ။ သူ နဲ့ ကျွန်တော် ဟာ ရပ်တူ ရွယ်တူ မို့ ကျွန်တော်တို့ နှစ်ယောက် ကို အမြွှာပူး ဆိုရင် မယုံမယ့် လူ မရှိပါဘူး ။ ကျွန်တော့် ဆရာ နဲ့ တွေ့တုန်း က ကျွန်တော် ဟာ အသက် ၂ဝ လောက် ပဲ ရှိပါသေး တယ် ။ ကျွန်တော့် ဆရာ က လည်း အသက် ၂၀ လောက် ပဲ ရှိပါသေးတယ် ။

ကျွန်တော့် ကို တွေ့ တွေ့ချင်း သဘော ကျပြီး သူ နဲ့ အတူ ခေါ်သွား ပါတယ် ။ ကိုမင်းနိုင် အဖေ ဦးစံသိန်း က လည်း ကျွန်တော့် ကို တွေ့ တွေ့ချင်း အတော် သဘောကျ လို့ သူ့ သား နဲ့ အတူ နေစေခဲ့ပါတယ် ။ အဲဒီ အချိန်က ကျွန်တော် လည်း အမေ မရှိ ၊ အဖေ မရှိ တစ်ကိုယ်တည်း သမားမို့ အလွယ်တကူပဲ ကိုမင်းနိုင် နဲ့အတူ လိုက် နေပြီး သူ့ ဝတ်ကြီးဝတ်ငယ် ကို ပြုစုခဲ့ပါတယ် ။ ကျွန်တော့် ဆရာ ဟာ ရုပ်ဖြောင့်သူ ဖြစ်လေတော့ မိန်းမ ကိစ္စ ဘက်မှာ အတော် ပွေ ပါတယ် ။ ရည်းစားတွေ မရေမတွက် နိုင်လောက်အောင် ထားပြီး အပျော် မယားတွေ လည်း မှိုလို ပေါက်အောင် တိတ်တိတ်ပုန်း ယူခဲ့ပါတယ် ။ အပျော် အပါး သိပ် လိုက်စား အားကြီး လို့ သူ့ အဖေ က ရှက်တာ နဲ့ ရန်ကုန် ကို ပို့ ထား ပါတယ် ။ ကျွန်တော် ပါ ကိုမင်းနိုင် နဲ့ အတူ မေမြို့က ရန်ကုန် ကို ပြောင်းပြီး နေခဲ့ရ ပါတယ် ။

ရန်ကုန် ရောက်တော့ ကျွန်တော့် ဆရာ ဟာ မြာ ဘက် မှာ ပို လိုက်စားလာ ပြီး နောက်ဆုံး ရောဂါ ရ ခဲ့တယ်  ၊ ကျွန်တော့် အလုပ် က သူ့ ကို ပြုစုရတဲ့ အပြင် သူ့ အဖေ ဆီကို တစ်လ တစ်ကြိမ် မှန်မှန် သူ့ အကြောင်း အစီရင်ခံ တဲ့ စာ ပါ ရေးရ ပါတယ် ။ ဒီလိုနဲ့ ကျွန်တော် တို့ ဆရာတပည့် နှစ်ယောက် ရန်ကုန် မှာ ရောက် နေတာ ငါးနှစ် လောက် ကြာ လာ ခဲ့ပါတယ် ။ ဒီ ငါးနှစ် အတောအတွင်း မှာ ကျွန်တော့် ဆရာ နဲ့ ကျွန်တော် ဟာ မေမြို့ ကို မပြန်ဘူး ။ ကိုမင်းနိုင် အဖေ ဦးစံသိန်း က လည်း ကျွန်တော် တို့ ဆီ ကို မလာပါဘူး ။ ကျွန်တော်တို့ ချင်းတော့ စာချင်း ပဲ ဆက်သွယ် နေကြပါတယ် ။ ဒီ အတောအတွင်း မှာ ကျွန်တော့် ဆရာ ကိုမင်းနိုင် ရဲ့ ရောဂါ ဟာ တစ်စ တစ်စ နဲ့ ပို ဆိုးလာခဲ့တယ် ။ ဦးစံသိန်း လည်း သူ့ သား အကြောင်း ကို တစ်ဆင့်စကား တစ်ဆင့်ကြား နဲ့ ကြား ရလို့ အဘိုးကြီး လည်း သား စိတ် နဲ့ အိပ်ရာ ထဲ ဗုန်းဗုန်း လဲ ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော့် ဆရာ ကိုမင်းနိုင် ဟာ သူ့ အဖေ ကို လုံးဝ ဂရု မစိုက် တဲ့ အပြင် ကျွန်တော့် ပါ ခေါ်ပြီး ငပလီ ဘက် ကို အပန်းဖြေ ဆိုပြီး သင်္ဘော နဲ့ ထွက်ခဲ့ကြတယ် ။ သင်္ဘော ပေါ် မှာ ကျွန်တော့် ဆရာ ဟာ ရောဂါ တော်တော် ခံစား လာခဲ့ရ ရှာတယ် ။ နောက်ဆုံး သင်္ဘောဆိပ် ကို လည်း ရောက်ရော ကိုမင်းနိုင် ဟာ သတိ လုံးဝ မရဘဲ ဖြစ် သွားလို့ ကျွန်တော် လည်း ဆေးရုံ ကို တောက်လျှောက် တင်ခဲ့ပါတယ် ။ ကျွန်တော် လည်း သူ့ အနား က တစ်ဖဝါး မခွာ ပြုစုခဲ့ပါတယ် ။ ဒါပေမဲ့ ကိုမင်းနိုင် ဟာ လုံးဝ သတိ မရရှာပါဘူး ။ နောက်ဆုံး ဆေးရုံ မှာ ပဲ အနိစ္စ ရောက်သွား ရှာပါတယ် ”

“ ဆရာဝန် ရောက်လာပြီး ရောဂါ အမည် ကို မေးပြီး လက်မှတ် ရေး ပါ တယ် ။ ဒီအချိန် မှာ ကျွန်တော် လည်း စိတ် ထိခိုက်တာ က တစ်မျိုး ၊ ရောဂါ အမည် ကို ပြောရမှာကလည်း ရိုင်းစိုင်း ရာ ရောက် မှာ စိုးလို့ ကိုမင်းနိုင် အဖေ အမည် စတဲ့ လိုအပ်တဲ့ အချက်တွေ ကို ပါးစပ် နဲ့ မပြောချင် တာ နဲ့ ကျွန်တော့် အိတ် ထဲ က မှတ်ပုံတင် ကတ်ပြား နှစ်ခု အနက် တစ်ခု ကို ဆွဲထုတ် ပေး လိုက်ပါ တယ် ။ နောက်ပြီး အလောင်း ကို ဆေးရုံ မှာ ပဲ ခေတ္တ ထားခဲ့ပြီး ရန်ကုန် ကို မီရာ လေယာဉ်ပျံ နဲ့ ပြန်ဖို့ စီစဉ်ခဲ့ ပါတယ် ။ ကျွန်တော့် အကြံ ကတော့ ကိုမင်းနိုင် အဖေ့ ဆီ ကို ကြေးနန်းရိုက် ခေါ်ယူ ဆွေးနွေးဖို့ ပါပဲ ။ ဒါပေမဲ့ ဖြစ်ချင်တော့ ဗျာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် လည်း အိမ် ရောက် ရော မေမြို့ က ဦးစံသိန်း ဆုံး ကြောင်း ကြေးနန်း ရောက် လာတယ် ။ ကြံရာ မရ ဖြစ်ပြီး ပက်လက် ကုလားထိုင် ပေါ် မှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်ပြီး ကိုမင်းနိုင် ရဲ့ အလောင်း မြှုပ်နှံခွင့် ဆရာဝန် ရေးပေးလိုက်တဲ့ လက်မှတ်ကလေး ကို ထုတ်ယူ လိုက် တယ် ။ ဆေးရုံ က နေ ကမန်းကတန်း ထွက်ခဲ့ ရလို့ ဒီ လက်မှတ်ကလေး ကို ကျွန်တော် လုံးဝ ဖတ် မကြည့်မိပါဘူး ၊ လက်မှတ်ကလေး ကို ကျွန်တော် ဖွင့် ဖတ်လိုက်တယ် ဆိုရင်ပဲ ကျွန်တော် မျက်လုံး ပြူး သွားမိတယ် ။ မပြူး ဘဲ နေနိုင် ပါ့မလား ကိုတင်လှ ၊ လက်မှတ်ကလေး ပေါ် မှာ ရေးထားတာ လည်း ကြည့်ပါ ဦး ဗျာ ။ “ ကိုကို ၊ အသက် ၂၆ နှစ် ဦးစံသိန်း ၏ သား ၊ နှလုံးရောဂါ ဖြင့် သေဆုံးသည် ၊ မြှုပ်နှံခွင့်ပြုရန် ” ဆိုပြီး ဆရာဝန် ရဲ့ လက်မှတ် ထိုး ထားတယ် ။ ဖြစ်ပုံက ဗျာ ... ကျွန်တော့် မှတ်ပုံတင်ကတ် မှာ အဖေ နာမည် ကို အလွယ်တကူ စံသိန်း လို့ ပဲ ပေး ထားတယ် ၊ နောက်ပြီး ငပလီ သွား ကြတော့ ကိုမင်းနိုင် က သူ့ မှတ်ပုံတင် ကို ကျွန်တော့် ပေးထားတယ် ။ ကျွန်တော် လည်း အလွယ်တကူ ကျွန်တော့် မှတ်ပုံတင် နဲ့ အတူတူ အိတ် ထဲ ထား ထား လိုက်တယ် လေ  ၊ အဲ ... ဆရာဝန် ကို လက်မှတ် ရေးဖို့ မှတ်ပုံတင် ပေးတော့ ကျွန်တော့် ကတ်ပြား နဲ့ မှား ပေးလိုက်မိတယ်လေ ”

ကိုကို က ပြောရင်း နှင့် အာခြောက် လာ သဖြင့် စားပွဲထိုး အသင့် လာ ချ ထားသော လိမ္မောရည် ကို စုပ် လိုက်သည် ။ ပြီးနောက် ဆက်လက် ၍ ...

“ အင်း .. ဖြစ်ချင်တော့ ဗျာ ။ ကိုမင်းနိုင် က လည်း သေ ၊ သူ့ အဖေ က လည်း သေ ။ နောက်ပြီး သူ့ အဖေ မှာ သိန်း ၂ဝ လောက် ချမ်းသာပေမဲ့ အမွေ ဆက်ခံမယ့် သူ ဆိုလို့ ကိုမင်းနိုင် တစ်ယောက် ပဲ ရှိ သလောက်ပဲ ။ ကိုမင်းနိုင် ရဲ့ အမျိုး ကလည်း နည်းနည်း ပဲ ရှိတယ် ။ သူတို့ ကလည်း အရင်းအရာတွေ မဟုတ်တော့ ကိုမင်းနိုင် ပဲ ရမှာပေါ့ ။ ကျွန်တော်လည်း တခြား ဘာမှ အလုပ် မလုပ်တတ်တဲ့ အပြင် ကိုမင်းနိုင် ခံစားရမယ့် အမွေအနှစ်တွေ ကို လောဘ တက်လာ မိတယ် ။ နောက်ဆုံး ကျွန်တော် အကြံ တစ်ခု ရ လာတယ် ”

“ အင်း .. ဆိုစမ်းပါဦး ဗျို့ ၊ ဘာ အကြံများလဲ ။ ခင်ဗျား ကိစ္စက စိတ်ဝင်စားစ ရာပဲ ” တစ်ချိန်လုံး ငြိမ်နေသော ကိုတင်လှ က စီးကရက်ကလေး ကို ပြာခွက် အတွင်း ထိုး ချေရင်း မေး လိုက်သည် ။

“ ဟုတ်ကဲ့ ... ကျွန်တော့် အကြံ က ဒီလိုပါ ။ ကျွန်တော် နဲ့ ကိုမင်းနိုင် ဟာ ရပ်တူ ရွယ်တူ ၊ ရုပ်ချင်း က လည်း တူနေတယ် ။ နောက်ပြီး ကျွန်တော်တို့ နှစ်ယောက် စလုံး ရန်ကုန် ရောက်ပြီး မှ မေမြို့ ကို တစ်ခေါက် မှ မပြန်သေးဘူး ၊ ဒီတော့ ကျွန်တော် ကိုမင်းနိုင် ပါပဲ လို့ ကျန်ရစ်တဲ့ အမျိုးတွေ ကို ပြောရင် အားလုံး ယုံကြမှာပဲ မဟုတ်လား ”

“ ဟုတ်တာပေါ့ဗျာ ၊ လေးငါးနှစ် လုံးလုံး မတွေ့ကြရဘူး ဆိုတော့လည်း ဘယ်လိုမှ ခင်ဗျား ကိုမင်းနိုင် မဟုတ်ဘူးလို့ ငြင်းနေကြမှာ မဟုတ်ဘူးပေါ့ ”

“ ကျွန်တော် လည်း ဒီလိုပဲ တွေးမိတာ နဲ့ ကျွန်တော့် ညီမ ရှိရာ မန္တလေး ကို လှမ်းပြီး ကိုကို ငပလီ မှာ အနိစ္စ ရောက်ကြောင်း ကြေးနန်း ကို ကိုမင်းနိုင် အနေ နဲ့ ရိုက် လိုက်တယ် ”

“ ဒီတော့ ခင်ဗျား ညီမ လိုက်လာသလား ”

“ ကျဲသားပဲ ဗျာ .. ဘယ် လိုက်လာမလဲ ကိုမင်းနိုင် ကြည့် လုပ်လိုက်ပါ လို့ ကြေးနန်း ပြန် ရိုက်လိုက်တယ် ။ ကျွန်တော် လည်း ရသမျှ လခ ထဲ က တတ် နိုင်သမျှ ထောက်ပံ့ နေခဲ့တဲ့ ညီမ က တောင် အစ်ကို သေတာ လိုက် မလာ ဘူး လို့ စိတ်ဆိုး မိသေးတယ် ။ ဒါပေမဲ့ တစ်ရန် အေးတာပဲ လို့တော့ ဝမ်းသာ မိ သေးတယ် ။ ဒါနဲ့ ကျွန်တော် လည်း ကိုမင်းနိုင် အလောင်း ရှိရာ ဆေးရုံ ကို လှမ်းပြီး ကြေးနန်း ရိုက်လိုက်တယ် ။ ဆေးရုံ က ပဲ အသုဘ ချ လိုက်ဖို့ပေါ့လေ ”

ကိုကို ရော ၊ ကိုတင်လှ ပါ စီးကရက် တစ်လိပ် စီ မီး ညှိ ၍ သောက်လိုက်ကြသည် ။ အတန်ကြာ စကား မပြောကြသေးဘဲ နောက် မှ ကိုကို က ဆက်၍ ...

“ ကျွန်တော် လည်း ကိစ္စ အားလုံး စီစဉ်ပြီးတဲ့ နောက် ကျွန်တော့် ဆရာ ကိုမင်းနိုင် ဟန်ဆောင် ရတော့ မှာ မို့ ကိုကို့ နေရာမာ တပည့်သစ် တစ်ယောက် ရှာရ တော့တယ် ။ ကိုမင်းနိုင် နဲ့ တူအောင် လုပ်ရတာပေါ့ ဗျာ ... ”

“ ဒီတော့ ခင်ဗျား ဟာ ရှင်လျက် နဲ့ သေနေရတာပေါ့ နော် .. ”

“ ဟုတ်ပါတယ် ကိုတင်လှ ၊ ကျွန်တော် ဟာ ရှင်လျက် နဲ့ သေနေရတာ ပါပဲ ။ ဒီလိုနဲ့ ကျွန်တော် မောင်မောင်လွင် ဆိုတဲ့ ကောင်လေး တစ်ယောက် ရ လာတယ် ။ ကျွန်တော်တို့ ဆရာ တပည့် နှစ်ယောက် ရန်ကုန် ကနေ မန္တလေး ကို လေယာဉ်ပျံ နဲ့ လာကြတယ် ။ လေယာဉ်ပျံရုံး မှာလည်း ကိုမင်းနိုင် ဆိုတဲ့ နာမည် နဲ့ စီးလာတာပဲ ဗျ ။ သူ့ လက်မှတ် ကတော့ ဗျာ ကျွန်တော့် အနေ နဲ့ မျက်စိ မှိတ် ထိုးတောင် မလွဲနိုင်ပါဘူး ။ ဆယ်နှစ် လုံးလုံး အတူ နေလာကြတာကိုး ဗျ ၊ ဒီလိုနဲ့ ကျွန်တော် မေမြို့ ရောက်ခဲ့တယ် ။ မေမြို့ ရောက်တော့ ကိုမင်းနိုင် တို့ တိုက် မှာ ကိုမင်းနိုင် နဲ့ ညီမဝမ်းကွဲ တော် တဲ့ မလေးခင် ရောက် နေတာ တွေ့ရ တယ် ။ ကျွန်တော် လည်း ဟန် မပျက်ဘဲ တိုက်ထဲ ဝင်ပြီး မလေးခင် နဲ့ တွေ့ တယ် ။ နည်းနည်းပါးပါး မျက်ရည်ကလေး ဘာလေး ညှစ်ချ ရတာပေါ့ ဗျာ ။ သူ့ ခမျာလည်း ဦးစံသိန်း ကို ဦးလေး ဆိုပေမဲ့ ဖအေ အရင်း လို ကိုယ်ဖိ ရင်ဖိ ပြုစု ထားရတော့ အတော်လေး ကို ပိန်နေ ရှာတယ် ။ ကျွန်တော် လည်း ကိုကို ငပလီ မှာ အနိစ္စ ရောက်သွားကြောင်း ပြောပြပြီး တိုက် မှာ တစ်ရက် နှစ်ရက် လောက် နေတယ် ။ တတိယနေ့ ရောက် တော့ ကျွန်တော့် အဖေ ဦးစံသိန်း ရဲ့ ဝတ်လုံ ရောက်လာတယ် ။ ကျွန်တော့် ကိုမင်းနိုင် အမျိုး ရှိစုမဲ့စု လေးငါးခြောက်ယောက် လောက် လည်း ရောက်လာ ကြတယ် ။ ဒီလိုနဲ့ လူ စုံတော့ ဝတ်လုံတော်ရ က ဦးစံသိန်း မသေခင် က ရေးသားခဲ့တဲ့ သေတမ်းစာချုပ် ကို ဖွင့် ဖတ်တော့ တယ် ၊ သူ ဖွင့်ဖတ်တယ် ဆိုရင်ပဲ ကျွန်တော့် ရင်တွေ ဟာ အလိုလို ခုန် နေတော့ တယ် ။ သူ ဖတ်ပြလိုက်တာ က တော့ ”

“ ကျုပ် ဦးစံသိန်း သည် ဤ သေတမ်းစာချုပ် ကို နောက်ဆုံး ရေးသား ခဲ့သည် ။ ဤ စာချုပ် ပါ အချက်များ အတိုင်း သာ ကျွန်ုပ် ၏ ပစ္စည်းများ ကို ဝတ်လုံတော်ရ က ခွဲဝေ ပေးရမည် ။ ကျွန်ုပ် ၏ သားကြီး မောင်မင်းနိုင် သည် ကျွန်ုပ် အပေါ် တွင် အလွန် နှိပ်စက် ညှဉ်းပန်း ခဲ့သည် ။ သား မောင်မင်းနိုင် ၏ စိတ် ကြောင့် ပင် အိပ်ရာထဲ လဲ ခဲ့ရသည် ။ ထို့ကြောင့် မိဘ စကား နား မထောင်သည့် အပြင် မိဘမျိုးရိုး ၏ ဂုဏ်သရေ ကို ဖျက်ဆီး သဖြင့် တစ်ပြား တစ်ချပ် မျှ မပေး ရ ။ မောင်မင်းနိုင် နှင့် အတူ နေသည့် ကိုကို သည် ကျွန်ုပ် ၏ တရားဝင် မယား ငယ် မသိန်း မှ မွေး ခဲ့သည် ။ သို့သော် မောင်ကိုကို ငယ်စဉ် ကပင် မသိန်း နှင့် ကျွန်ုပ် ကွဲခဲ့ရ သဖြင့် သား မောင်ကိုကို နှင့် ကွဲခဲ့ ရသည် ။ ထို့ကြောင့် ငယ်စဉ် က ပင် ဆင်းရဲခဲ့ရ ရှာသော မောင်ကိုကို သည် ကျွန်ုပ် ၏ သား အမှန်ပင် ဖြစ် သည် ။ ထို့ကြောင့် သား မောင်ကိုကို အား ရှိသမျှ ပစ္စည်း ၏ တစ်ဝက် တူမလေး ခင်လေး အား လေးပုံ တစ်ပုံ ပေးရမည် ။ ကျန် လေးပုံ တစ်ပုံ ကို မျက်မမြင်ကျောင်း သို့ လှူဒါန်း ရမည် ”

“ ဒီလို ဖတ် ပြ လိုက်တော့ ကျွန်တော် ရူးမတတ် ဖြစ်ခဲ့တယ် ။ ဒါပေမဲ့ အထွန့်တက် ပြီး ကျွန်တော့် ညီ မောင်ကိုကို သေရင် ဘယ်သူ ခံစားခွင့် ရှိပါ သလဲလို့ မေးတော့ သူ့ ညီမ သာ ခံစားခွင့် ရှိသတဲ့ ဗျာ ... ”

ကိုတင်လှ က ကိုကို အား ဝမ်းနည်းစွာ ကြည့် လိုက်ပြီး နောက် “ ခင်ဗျား ကိုကို ဖြစ်ကြောင်း ရှင်းလို့ မရဘူးလား ”

“ ကျွန်တော် လုပ်ခဲ့ သမျှတွေ ဟာ အကုန် ပိရိ နေဘော့ ဘယ်လိုမှ ရှင်းလို့ ရမှာ မဟုတ်ပါဘူးဗျာ ”

“ အင်း ... ခင်ဗျား ပြဿနာ ကို ကျွန်တော် တော့ မဖြေရှင်းတတ်တော့ဘူး ဗျာ ”

“ ဟုတ်ပါတယ် ဗျာ... ကိုတင်လှ ကျွန်တော့် ကံ နဲ့ ကျွန်တော် ပဲ ရှိပါ စေတော့ ။ ကျွန်တော့် မှာ တစ်ပြား တစ်ချပ် မှ မရတဲ့ အပြင် ငပလီ သွားတုန်း က ကိုမင်းနိုင် သူများ ဆီ က ချေး သွားတဲ့ ငွေ နှစ်သောင်း ကိုလည်း ကျွန်တော် ဆပ်ရ ဦးမယ် လေ ။ ကိုင်း .. ကျွန်တော့် ကို ခွင့်ပြုပါဦး ” ဟု ပြောပြောဆိုဆို ထွက် သွား သဖြင့် ကိုတင်လှ လည်း ဘာမျှ မတတ်နိုင်ဘဲ ငေးငိုင် ကျန်ရစ်တော့သည် ။

◾ ဂျူနီယာညိမ်း ( မန်း - ဒိုင်အို )

📖 စုံထောက်မဂ္ဂဇင်း
      ဇူလိုင် ၊ ၁၉၆၅

ဂျူနီယာညိမ်း ( မန်း - ဒိုင်အို ) ကလောင် အမည် ဖြင့် ရေးသားခဲ့သော ဝင်းငြိမ်း ၏ ပထမဆုံး ဝတ္ထု ဖြစ်သည် ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment