Friday, February 24, 2023

မြို့မ အဆိုတော်


 ❝ မြို့မ အဆိုတော် ❞


[ အဆိုတော်တွေ ထဲ မှာ တော့ ကိုသန့်ဇော် က အ၀ဆုံး ဖြစ်ပါလိမ့်မယ် ။ အလေးချိန် ပေါင် နှစ်ရာ ကျော် တဲ့ ကိုယ်လုံး ဝဝ ၊ မျက်နှာ ဝိုင်းဝိုင်း ဖောင်းဖောင်း မှာ မျက်မှန်ကြီး က တပ်ထားလိုက်သေး ။


သူ့ ပုံသဏ္ဌာန် ကို မြင်ရုံ နဲ့ တော့ သူ့ သီချင်း ဆို သံ ကို စောင့်စား နားဆင်ချင်မယ် မဟုတ်ပါ ။ သူ သီဆိုသံ နားဆင်မိပြီ ဆိုရင်တော့ လူတိုင်း ဟာ သူ ဘယ်သူလဲ စိတ်ဝင်စားကြ စမြဲ ။ သူ က မြို့မ အဆိုတော် ကိုသန့်ဇော် ဖြစ်ပါတယ် ။


ကိုသန့်ဇော် က မြို့မအပျော်တမ်း တူရိယာအဖွဲ့ မှာ အဆိုတော် ဖြစ် သလို အသင်းအမှုဆောင် လူကြီး လည်း ဖြစ်ပါတယ် ။ မြို့မအသင်း က အပျော်တမ်းတူရိယာအသင်း မို့ အဆိုတော်တွေ အတီးသမား ငွေကြေး ရလိုမှု နဲ့ အသင်း ဝင်တာ မဟုတ်ဘူး ။ ဝါသနာ အရ ကိုယ့် အစွမ်းအစ နဲ့ လောက ကို အလှ ဆင် ဖို့ ပါဝင်ကြတာပါ ။


ကိုသန့်ဇော် မှာ ခိုင်မာတဲ့ စီးပွားရေး လုပ်ငန်းကြီး တွေ ရှိတယ် ။ လက်တွေ့ ဘဝ မှာ ယား ရင် တောင် မအား လို့ ထုံး တို့ မှတ်ထားရတယ် ဆိုလောက် အောင် အလုပ် များ သူ ဖြစ်ပါတယ် ။ ဒါပေမဲ့ မြို့မ မှာ သူ သီချင်း ဆိုတယ် ။ အောင်မြင်တယ် ။


သူ စင်ပေါ်  စ တက်စဉ် အချိန် ကတော့ “ တော်ပါတော့ဗျို့ ” အအော် ခံခဲ့ရ ဖူးတာပါပဲ ။ ကိုသန့်ဇော် က သူ့ အဆိုတော် ဘဝ ကို ယခုလို ပြောပြပါတယ် ။ ]


•••••   •••••   •••••   •••••


နှစ် နှစ်ဆယ် လောက် သီချင်း လုံးဝ မဆိုဘဲ စီးပွားရေး ဘက် ပဲ လိုက် နေရာ က စင်ပေါ် ပြန် ရောက် သွားတယ် ။ ကျွန်တော့် ကို ပရိသတ် က လည်း ဘယ်သူ မှ မသိကြဘူး ။ ကျွန်တော် ဆိုဖို့ ကြေညာ လိုက်တဲ့ သီချင်း ကလည်း မြန်မာသံစဉ် သီချင်း ၊ မြူးမြူးကြွကြွသမားတွေ ဘယ် ကြိုက် နိုင်မှာလဲ ။ မကြိုက် တော့ ကျွန်တော် စင်ပေါ် မတက်ခင် ကတည်း က ‘ တော်ပါတော့ ’ အော်သံတွေ ကြား ရတယ် ။ စင်ပေါ်  တက်လာပြန်တော့ လည်း မျက်မှန် နဲ့ လူဝဝကြီး ၊ စင်ပေါ် တက် ရှုပ်တယ် ထင် မှာပဲ ၊ ကျွန်တော့် ဇာတိ က ဓနုဖြူ ၊ ကိုးတန်း အောင် တော့ အသက် မပြည့် သေး လို့ ဆယ်တန်း ဖြေခွင့် တစ်နှစ် စောင့် ရတယ် ။ အဲသည်မှာ မန္တလေး တက် လာပြီး အလုပ် လုပ်ရင်း မန္တလေး မှာ အခြေ ကျ သွားတယ် ။


မန္တလေး ရောက် တော့ ဂီတနယ် က လူတွေ နဲ့ စ တွေ့တယ် ။ ကိုယ် က ဝါသနာ ပါ တော့ ခင် သွားတယ် ။ ယဉ်မွန် ကိုမင်းနိုင် တို့ လဝန်းအိမ် ဂီတ ပိုင်ရှင် ကိုသော်ဇင် တို့ ၊ ကိုညီညီ တို့ နဲ့ ခင် သွားတယ် ။ သီချင်း ဆိုတတ် မှန်း သိတော့ မင်္ဂလာပွဲ တွေ ၊ ညဧည့်ခံပွဲ တွေ ယဉ်မွန် အဖွဲ့ မှာ ဝင် ဆို ခိုင်းတယ် ။ နှစ်နှစ် လောက် ဆို ပြီးတော့ အလုပ် ဘက် အား ပြန် စိုက်တော့ သီချင်း မဆိုဖြစ်တော့ဘူး ။ ဆိုချင် လည်း ကိုယ့် အိမ် မှာ ကိုယ် ညည်းရုံ ပဲ ပေါ့ ။


တစ်နေ့ မှာ သမီး ကျောင်း သွား ကြို ရင်း ကျောင်း မလွှတ်သေးလို့ ထိုင် စောင့် နေတုန်း မတွေ့တာ ကြပြီ ဖြစ်တဲ့ ကိုသော်ဇင် နဲ့ ပြန် တွေ့ကြတယ် ။ သူ က မင်း မရှိတော့ဘူး လို့ ထင် နေတာ တဲ့ ။ ငါ ရှိတယ် ဂီတ အသိုင်းအဝိုင်း နဲ့ ကင်းကွာ နေတာ ။ မင်္ဂလာဆောင် တို့ ဘာ တို့ ငါ လာရင် မင်းတို့ မမြင်တဲ့ စားပွဲ မှာ ထိုင်ပြီး ပြန် တာ ၊ မြင် ရင် သီချင်း ဆိုမိမှာ စိုးလို့ တမင် အဆက်အသွယ် မလုပ်တော့တာ လို့ ။


သူ က ဝိုင်း ထောင် ထားတာ လာ ဆိုပေးဖို့ ခေါ်တယ် ။ ဒါနဲ့ ၇၇ လမ်း ၊ ဖျာတန်းရပ်ကွက် ဘုရားပွဲ မှာ လဝန်းအိမ် အဖွဲ့  နဲ့ ပြန် ဆို ဖြစ်သွားတယ် ။ ညပွဲလေး ပေး ဆိုမယ် ဆိုလို့ သွားတာ ၊ အလှည့် မကျသေးခင် စင်အောက် မှာ ရပ် စောင့် နေ တုန်း အိမ် က ဖုန်း လှမ်းဆက်တယ် ။ စက်မှု က ကျွန်တော့် နှမလေး အိမ် နား မှာ မီးလောင် နေတယ် ။ သွားလိုက်ပါဦး တဲ့ ။ ဒါနဲ့ သွားတယ် ။ ဟို ရောက် သွားတော့ မီး က ငြိမ်း နေပါပြီ ။ ဒါနဲ့ ပြန် လာတယ် ။ ဝိုင်း သိမ်းများ သိမ်းသွားပြီလား ဝင် ကြည့်တော့ ဝိုင်း က မသိမ်းသေးဘူး ။ လဝန်းအိမ် က ခေတ်သီချင်း ရော ၊ မြန်မာ သံ ပါ နှစ်မျိုး ဖျော်ဖြေတာ ။ ကျွန်တော် ပြန်ရောက် သွားတဲ့ အချိန် မှာ တော့ ခေတ် သီချင်းတွေ မြူးမြူးကြွကြွ တီး နေတဲ့ အချိန် ။ လူငယ်ကြိုက်တွေ ဖျော်ဖြေ နေရာ က ကျွန်တော့် မြင် တော့ ဆိုလက်စ တစ်ပုဒ် အပြီး မှာ ကျွန်တော့် နာမည် ကို ကြေညာ လိုက်တယ် ။ ဆိုမယ့် သီချင်း က လည်း မြန်မာ သံစဉ် ။ စင်ပေါ် မတက်ခင် ကတည်း က တော်ပါတော့ဗျို့ အော်သံတွေ ကြား ရတယ် ။ ဒါပေမဲ့ ကျွန်တော် စင်ပေါ် ကို တက်ခဲ့တယ် ။


ကျွန်တော် လည်း ကိုယ့် အလုပ် ကိုယ် လုပ်တာပဲ ။ လူ ဆိုတာ အကြိုက် ချင်း မတူဘူး ၊ ကြိုက်တဲ့ လူ နားထောင် လိမ့် မပေါ့ လို့ ဆို ထည့် လိုက်တာ ၊ ကျွန်တော့် အသံ လည်း ထွက် လာရော ဆူညံ ဆူညံ အသံတွေ ငြိမ်ကျသွားတယ် ။  မြန်မာသံ ကြိုက် တဲ့ ပရိတ်သတ် က လက်ခုပ် တီးပြီး အားပေး ကြတယ် ။ တစ်ပုဒ် ဆို ပြီးတော့ ကျွန်တော် စင်ပေါ် က ဆင်း ခဲ့တယ် ။ နောက် တစ်လှည့် ကျတော့လည်း မြန်မာ သီချင်း ပဲ ဆိုလိုက်တယ် ။


တော်ပါတော့ဗျို့ အော်တဲ့ လူငယ်တွေ ကို ကျွန်တော် နားလည် နိုင်ပါတယ် ။ လူ တစ်ယောက် နဲ့ တစ်ယောက် အကြိုက်ချင်း မှ မတူဘဲ ကိုး ။ သူ ကြိုက်တာ သူ အားပေး လိမ့်မယ် ။ လူတိုင်း မှာ ကြိုက်ခွင့် လည်း ရှိ သလို မကြိုက်ခွင့် လည်း ရှိ ကြတယ် ။


လဝန်းအိမ် နဲ့ သီချင်း ဆိုရင်း မြို့မ ကို အလည်အပတ် သွားဖြစ်တယ် ။ အချင်းချင်း ခင်မင် နေတယ် ။ တစ်ရက် မှာ မြို့မ က ဆိုဖို့ နှစ်ပွဲ တိုက်တယ် ။ ဒါနဲ့ မြို့မ နှစ်ဖွဲ့ ခွဲတယ် ။ အတီးသမားတွေ လည်း အင်အား လို ၊ အဆိုသမား လည်း အင်အား လို တယ် ။ မြို့မ နဲ့ ကျွန်တော် နဲ့ ခင်မင်လာပြီ ဆိုတော့ လာ ဆိုပေးဖို့ ဖိတ်ခေါ်တယ် ။ သွား ဆိုပေး လိုက်တယ် ။ ကျွန်တော် ဆိုတာ ကို သူတို့ နှစ်သက်ပုံ ရပါတယ် ။ ဖိတ်ခေါ်တာ နဲ့ မြို့မ မှာ ရော ၊ လဝန်းအိမ် မှာ ပါ ဆိုဖြစ်တယ် ။


မြို့မ မှာ ဆိုတဲ့ အခါ နန်းတော်ရှေ့ဆရာတင် ၊ ဆရာ ဦးဘသိန်း တို့ သီချင်းတွေ ကို ဆို ဖြစ်တာ များတယ် ။ ဆရာမြို့မငြိမ်း ရေးတဲ့ သီချင်း တော့ တစ်ပုဒ် ၊ နှစ်ပုဒ် ပဲ ဆိုဖြစ်တယ် ၊ နန်းတော်ရှေ့ဆရာတင် ရဲ့ သီချင်းတွေ ကို ပို ဆို ဖြစ်တာက ကျွန်တော့် အာ နဲ့ လိုက်တယ် ထင်လို့ ။ ကျွန်တော့် ကိုယ်ပိုင် သီချင်း အဖြစ် ဆရာပေါ ( မြို့မ ကိုပေါ ) ရေး ပေးတာတွေ လည်း ရှိတယ် ။


မြို့မအသင်း နဲ့ ရင်းနှီး သွားတော့ အသင်းလူကြီးတွေ က ဖိတ်ခေါ်တာ နဲ့ အသင်းဝင် ဖြစ်သွားတယ် ။ ကျွန်တော် က အလုပ် တစ်ဘက် နဲ့ ဆိုတော့ တာဝန် လစ်ဟင်း မှာ စိုး လို့ နယ် ညပွဲ လိုက်နိုင်မှာ မဟုတ်ဘူး ၊ ဒါကို နားလည်ပေးဖို့ ပြောတာ လက်ခံ ပေးပါတယ် ။


သင်္ကြန် တွင်း မြို့မကားကြီး နဲ့ သင်္ကြန် လှည့် တော့ လိုက်ဖြစ်တယ် ။ စ လိုက်တဲ့ နှစ် က ငါးရက် ၊ ငါးည မိုး အလင်း ပဲ ။ ညနေ ခြောက်နာရီ က ထွက် လိုက် တာ နောက် တစ်နေ့ မနက် ရှစ်နာရီ အစောဆုံး ပဲ ။ အချို့ ရက်တွေ ဆိုရင် နေ့လယ် ၁၂ နာရီ ထိုး မှ တန်းဖြုတ် ရတယ် ။ မြို့မ ကို အိမ်ရှေ့ မှာ ဖျော်ဖြေ ပေးဖို့ ဖိတ် ထားတာ များလို့ ။


ကျွန်တော့် ပုံစံ က ခပ်ဝဝ ။ လူဝဝကြီး တစ်ယောက် ကို မမြင်ဖူး ၊ နားမထောင်ဖူး တဲ့ လူတွေ အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်နေမလား မသိပါဘူး ။ ကျွန်တော် က တော့ ကြိုးစားပြီး ဆိုတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment