Tuesday, February 7, 2023

သက်မဲ့ ရုပ်ရှင်


 

❝ သက်မဲ့ ရုပ်ရှင် ❞

ကျုပ် က ခင်များ တို့ လို ထမင်း မစားဘူး ။ အံ့ဩ သွားသလား ။ ဒီလိုပါပဲ ။ လောက မှာ ခင်များတို့ အံ့ဩစေမယ့် အကြောင်းတရားတွေ အများကြီး ။ နောက် တော့ လည်း အံ့ဩစရာ ဟာ ဘာမှ ဟုတ်တော့ဘူး လေ ။ ကျုပ် က ထမင်း မစားဘူး ။ ရေ တော့ သောက်တယ် ။ ဒါပေမယ့် ကျုပ် ပြောချင်တာက ကျုပ် အကြောင်း မဟုတ် တော့ ထမင်း မစားတာ က အရေး မကြီးတော့ဘူး ပေါ့ ။ ကျုပ် ပြောချင် နေတာ က ကျုပ် မျက်လုံး ရှေ့ မှာ မြင်ရတဲ့ မြင်ကွင်း ။ ခင်များ တို့ ရုပ်ရှင် ကြည့် နေသလို ကျုပ် လည်း ရုပ်ရှင်တွေ နိစ္စဓူဝ ကြည့်နေရတာ ။

ကျုပ် ကတော့ အမြဲ ဒီ နေရာလေး ကနေ မြင်သမျှ မြင်ကွင်းတွေ ကို ငေးရင်း အသက် ကြီး လာတာ ။ ကျုပ် အရှေ့ တည့်တည့် မှာ ထမင်းဆိုင် နှစ်ဆိုင် ရှိတယ် ။ တစ်ဆိုင် က သားအမိ နှစ်ယောက် ရောင်း တာ ။ အမေ က မော်ဒယ် ရှုံးအောင် လှတယ် ။ သမီး က ဆယ်ကျော်သက် လှသွေး ကြွယ်စ ။ အဲဒီ ဆိုင် ဘေး မှာပဲ ဒုတိယ ထမင်းဆိုင် တစ်ဆိုင် ရှိတယ် ဗျ ။ အဲ့ဒီ ဆိုင်ကတော့ အမယ်အို တစ်ယောက် ရယ် ။ စားပွဲထိုး ကောင်လေး တစ်ယောက် ရယ် ။ ဒါက တည်ရှိမှု ။ ဖြစ်တည်မှု အနေ နဲ့ ကတော့ သားအမိ နှစ်ယောက် ရောင်း တဲ့ ဆိုင် က အမြဲ လူ ပြည့်နေပြီး အမယ်အို ရောင်း တဲ့ ဆိုင် ကတော့ လူ ကျဲကျဲပါးပါး နဲ့ ။

“ အကိုကြီး နောက်လည်း လာ အားပေးနော် ။ ကျွန်မတို့ က အမြဲ မျှော် နေမှာ ”

“ ဦး သမီး ရေနွေး ငှဲ့ ပေးမယ် နော် ၊ ပြီးရင် အချို တည်းဖို့ ထန်းလျက် အဆင်သင့် သိလား ”

ဒီ အသံတွေ ကို ပထမဆိုင် ကနေ ကျုပ် အမြဲ ကြား နေကျ ။

“ ငါ့ တူ လိုတာရှိ ပြောနော် ။ အမဲကြော်နှပ်လေး အရသာ ဘယ်လိုလဲကွယ့် ”

“ ဦးလေး ဘာလိုလည်း ၊ လိုက်ပွဲ ယူ မလား ”

ဒီ အသံလေးတွေ က တော့ ဒုတိယ ဆိုင် ကနေ တစ်ခါတစ်ရံ မှ ကြား ရတာ ။ ကားသမား ၊ စပါယ်ယာ ၊ ဆိုက်ကားသမား က အစ လုပ်ငန်းရှင်သူဋ္ဌေး အဆုံး သားအမိ နှစ်ယောက် ရဲ့ ဆိုင်လေး မှာ ပဲ ပြုံ နေ ကြတာ ။ ကျုပ် အတွက် မြန်မာရုပ်ရှင် တစ်ကား ကြည့်ရ သလို ပဲ ။ စိတ် မကောင်းစရာ ရုပ်ရှင် ပေါ့ ဗျာ ။ ဖြစ်နိုင်ရင် အဲဒီ အမေအိုကြီး ဆိုင် မှာ ကျုပ် အမြဲ အားပါးတရ အားပေးပစ် ချင်တယ် ။ ဒါပေမယ့် ကျုပ် ပြောပြီးပါပကော ။ ကျုပ် က ထမင်း မစားဘူး ဗျ ။

( ၂ )

ကျုပ် ရပ်နေကျ နေရာ ရဲ့ ဘေး မှာ ခုံတန်းလျားလေး တစ်ခု ရှိတယ် ။ အဲဒီ ခုံတန်းလျားလေး မှာ ညနေတိုင်း ချစ်သူစုံတွဲလေး တစ်တွဲ ထိုင် နေကျ ။ ပြည့်ပြည့်ဖြိုးဖြိုး ချစ်စရာ ကောင်မလေး တစ်ယောက် နဲ့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင် ကောင်လေး တစ်ယောက် ပေါ့ ။ ကျုပ် နဲ့ သူတို့ နဲ့ က ကပ်လျက် နီးပါး ဆိုတော့ ကျုပ် လည်း သူတို့ အတွဲ ကို ခိုးပြီး အားကျ နေခဲ့တာ ။ သူတို့ ပြောသမျှ စကားတွေ ကျုပ် အကုန် ကြားတယ် ဗျ ။ တော်တော်လေး ချစ် ကြ ရှာတဲ့ အတွဲ ပါ ဗျာ ။ တစ်ခါသား က

“ ကို မေတို့ ချစ်သူ ဖြစ်တာ ဘယ်လောက် ကြာပြီလဲ ” လို့ ကောင်မလေး က မေးတော့

ကောင်လေး က “ တစ်နှစ် လေးလ သုံးရက် နဲ့ ငါးနာရီ ကျော်ပြီလေ မေ ရဲ့ ” လို့ ပြန် ဖြေတာ ။ အားပါးပါး ။ ကောင်မလေး မပြောနဲ့ ကျုပ် တောင် ကြွေချင်ချင် ရယ် ။ ချစ်သူ အပေါ် တကယ် အလေးအနက် ထားတဲ့ ကောင်လေးတွေ ကောင်မလေးတွေ ကို ကျုပ် က လွှတ် အားကျတာ ဗျ ။ ကျုပ် ကိုယ်တိုင် က လည်း အဖော် နဲ့ အမြဲ ကွဲကွာနေကျ ဆိုတော့ သူတို့ စုံတွဲလေး ကို အားကျ ကြည်နူး နေခဲ့ရတာ ။ အချစ် ဆိုတာ ကျုပ် အတွက် နတ်ဆိုး တစ်ကောင်ရဲ့ ကျိန်စာ လို ပါ ပဲ ။ ဒါပေမယ့် ဒီ ကောင်လေး နဲ့ ကောင်မလေး အတွက် ကျ တော့ နန်းတော်ကြီး တစ်ခု လို ပဲ ။ အချစ်တွေ က ခမ်းနား လိုက်တာ ။

အဲ ဒီလိုနဲ့ ။ သူတို့ ကို ကျုပ် အားကျရင်း အချိန် အတော် ကြာ လာခဲ့တယ် ။ သူတို့ ကတော့ ညနေ နေဝင်ရီတရော အချိန် တိုင်း ဒီ ခုံတန်းလျားလေး မှာ ဆုံနေကြ ဆဲ ။ သူတို့ ကို ကျုပ် က ဘယ်တော့မှ မကွဲကွာနိုင်ဘူး လို့ တရားသေ မှတ်ယူ ထားတာ ဗျ ။ ရိုမီယို ဂျူးလိယက် လက်သစ်လေးတွေ ။ တကယ့် စာတင် လောက်စရာ စုံတွဲလေး လို့ ပဲ ကျပ် ယုံကြည် ထားတယ် ။ တစ်ခါတစ်ခါ မုန့်တွေ အပြန်အလှန် ခွံ့ကျွေး ကြတယ် ။ တစ်ခါတစ်ခါ လက်သည်းတွေ ညှပ်ပေး ကြတယ် ။ အဲဒီလောက် ချစ်စရာ ကောင်းတဲ့ စုံတွဲလေး က တစ်နေ့ မုတ်သုန်လေစိမ်း နဲ့ အတူ ညှိုးရီဖျော့တော့စွာ ခုံတန်းလျားလေး ကို ရောက် လာတယ် ။ သူတို့ ပုံတွေ က ထူးထူးဆန်းဆန်း ဆိုတော့ ကျုပ် နားစွင့် နေ လိုက်တယ် ။ သူတို့ က တော့ ဒီ နေရာ မှာ အမြဲ ရပ် နေတဲ့ ကျုပ် ကို သတိ မထားမိကြ ပါဘူး ။

“ ကို .. မေ့ မှာ လေ ကိုယ်ဝန် ရှိနေပြီ ထင်တယ် ။ မေ တို့ လက်ထပ်ဖို့ လိုပြီ ကို ” 

“ ဘာ ”

ကျုပ် တောင် လန့် သွားတယ် ။ ကောင်မလေး က ငိုမဲ့မဲ့ မျက်နှာလေး နဲ့ ပြောတာ ။

“ မင်း .. မင်း ငါ့ ကို နွား လို့ ထင်နေတာလား ။ မင်း ဘာ့သာ ဟိုကောင် ကျော်ဇေယျ နဲ့ အတူ ဖြစ်ချင်တိုင်း ဖြစ်ခဲ့တဲ့ ပြသနာ ကို ငါ့ ဆီ လာ ထိုးထည့်တယ်ပေါ့ ”

“ ရှင် စကားပြော ဆင်ခြင်ပါ ၊ ယောက်ျား ကောင်း တစ်ယောက် လို ပြောစမ်းပါ ”

ကျုပ် ကြား ရတာ လုံးဝ စိတ် မချမ်းသာဘူးရယ် ။ ကောင်မလေး မျက်ရည် ကျ လာတာ မြင်ရတော့ အဲ့ဒီ ကောင် ကို ကျုပ် အသေ ထု ရိုက် ပစ်ချင်တာ ။ ဒါပေမယ့် ဒါက ကျုပ် နဲ့ မှ မဆိုင်ပဲ ။ ကျုပ် က လမ်းဘေး မှာ အထီးကျန် ဆန်ဆန် ရပ် နေရတဲ့ သူ သက်သက် ပဲ ။ ကျုပ် မှာ ဘာ အခွင့်အရေး မှ မရှိဘူး ။ ကောင်လေး က ကျွတ် တစ်ချက် သပ် လိုက်တယ် ။ နောက်ပြီး

“ ဒီမှာ မင်း တို့ ရုံး က ကျော်ဇေယျ ဆိုတဲ့ ကောင်နဲ့ မင်း ဇာတ်လမ်း ဖြစ်နေတယ် လို့ ငါ ကြား တာ ကြာပြီ ။ ငါ မပြောပဲ အသာ ငြိမ်နေတာ ၊ အခု မပြောလို့ မဖြစ်တော့ဘူး ၊ ငါ့ ကို လှည်းကျိုး မထမ်းခိုင်းပါ နဲ့ ”

“ ရှင် ကျွန်မ ကို မစော်ကားပါနဲ့ ၊ ကျွန်မ သူ နဲ့ ရိုးရိုးသားသားပဲ ဆက်ဆံခဲ့ တာ ရှင့် ၊ ရှင် အဲလောက် အောက်တန်းကျ မှန်း ကျွန်မ အခုမှ သိတယ် ၊ ရှင် အခု ကိစ္စ ကို တာဝန် မယူဘူးလား ယူမှာလား ပြော ”

“ လုံးဝပဲ မင်း ကြိုက်သလို လုပ် နိုင်တယ် ၊ ငါ မကြောက်ဘူး ရှင်းလား ”

ပြောပြောဆိုဆို ကောင်လေး က ထ ထွက် သွားတယ် ။ ကျုပ် လည်း ကောင်မလေး ကို ကြည့်ပြီး သနားစိတ် ရော ကောင်လေး အပေါ် ဖြစ်တဲ့ ဒေါသတွေ နဲ့ ရော ရှုပ်ထွေး လာတယ် ။ ကောင်လေး ထွက်သွားတော့ ကောင်မလေး တငိုငို နဲ့ ကျန်ခဲ့တယ် ။ ကျုပ် အတွေး ထဲ ကနေ ကောင်မလေး ကို ပြောနေ မိတယ် ။ “ တိုင်လိုက်လေ ရဲ နဲ့ ” “ ဒီကောင် က လူ မဆန်ဘူး ”  “ ဒီကောင့် ကို မှတ်လောက်သားလောက် အောင် ပညာ ပြန် ပေးလိုက်စမ်းပါ ကွာ ”  “ ဒါနဲ့ မင်း ဒီကလေး ကို မမွေးပဲ မနေနဲ့နော် ၊ မိခင်ကောင်း စိတ် မွေးရမယ် ” အတွေး ထဲ ကနေ ပြော နေပေမယ့် ကျုပ် ကောင်မလေး ကို တော့ ထိထိရောက်ရောက် မပြောဖြစ်ပါဘူး ။ ကျုပ် နဲ့ မှ မဆိုင်တာ ။ ကျုပ် မှာ က ပြောနိုင်စွမ်း လည်း မရှိဘူးလေ ။ ကျုပ် လည်း ကောင်မလေး ကို ငေး နေတုန်း ကောင်မလေး က လူ တစ်ယောက် ကို ဖုန်း ဆက် နေတာ ကြား ရတယ် ။

“ မောင် ကျွန်မ ကို မောင် လက်ထပ်မယ် ပြော ထားတာ အခု ချက်ချင်း ဖြစ်မလား မောင် ”

“ မောင် တကယ်နော် ချစ် ပျော် လိုက်တာ ၊ ဒါဆို မောင် နဲ့ ချစ် ဒီ လ ထဲ လက်ထပ် ရ မှာပေါ့ ၊ အဲ့ဒါကြောင့် မောင့် ကို ချစ် ချစ်လိုက်ရတာ ။ မောင် က အရမ်း ယောက်ျား ပီသတာပဲ ”

“ ဟင် ချစ်လား .. ခု အိမ်နား က အအေးဆိုင် မှာ ထိုင် နေတာ ၊ မနက်ဖြန် မောင် နဲ့ချစ် အဲ့ဒါ အသေးစိတ် ပြောမယ်လေ ၊ အိုကေ ၊ ဩော် .. မောင် က လည်း ချစ်တာပေါ့ ၊ ချစ်လို့ ပဲ မောင် နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့ မောင် ရဲ့ ၊ အင်း ချစ် ခု လာခဲ့မယ် ”

ကျုပ် ဘာတွေ ကြားမိလည်း ။ မသေချာတော့ဘူး ။ ကောင်မလေး ရဲ့ မောင် ဆိုတာ ဘယ်သူလဲ ။ ကျုပ် မြင်ခဲ့ရတဲ့ မြင်ကွင်း က အတု လား ။ အခု ကောင်မလေး စကားလုံးတွေ က အစစ် လား ။ အဝေး ကို ကျုပ် ကြည့် လိုက်တော့ ထွက်သွားတဲ့ ကောင်လေး ရဲ့ ကျောပြင် ကို ရေးရေး မြင် ရတယ် ။

ကျုပ် တက် တစ်ချက် ခေါက် မိတယ် ။ ကောင်မလေး ကို လား ။ ကောင်လေး ကို လား ။ ဒါတော့ ကျုပ် ကိုယ် ကျုပ် တောင် မသေချာဘူး ရယ် ။ အဲဒီနေ့က စပြီး ကျုပ် ဘေးနား က ခုံကလေး မှာ ကြည်နူးသာယာဖွယ် စုံတွဲကလေး ပျောက်ကွယ် သွား တော့တာပဲ ။

( ၃ )

ကျုပ် မြင် နေကျ နောက်ထပ် မြင်ကွင်းကလေး တစ်ခု ရှိသေးတယ် ။ ကျုပ် ရဲ့ မလှမ်းမကမ်း မြေကွက်လပ်ကလေး မှာ ကစား နေတဲ့ ကလေးငယ် တစ်သိုက် ။ သူတို့ ကစားဝိုင်း ဘေး မှာ အမြဲလိုလို ငုတ်ကုတ်လေး ထိုင်ပြီး ငေး နေတဲ့ ကောင်လေး တစ်ယောက် လည်း တွေ့ တယ် ။ အဲဒီ ကောင်လေး က တခြားကလေးတွေ ကစား တာ ကို ငေးနေတာရယ် ဗျ ။ နောက်ပြီး သူ လည်း ကစားချင်တယ် ဆိုပြီး တောင်းဆို နေသံ ကို လည်း နေ့တိုင်း လိုလို ကြား ရတယ် ။

“ ငါလည်း ပါချင်တယ် ၊ ငါ့ ကို ပေးဆော့ပါလား ”

“ ငါတို့ က အရှေ့ရပ်ကွက်သားတွေ ချည်း ပဲကွ ၊ ပျံကျ ရပ်ကွက် က လူတွေ ကို မပေါင်းနဲ့ တဲ့ အမေ ပြောထားတယ် ”

“ မင်းတို့ ကစားတာ ကြည့်ပြီး ပါချင်လို့ပါ ကွာ ”

“ မရဘူး ငါတို့ က ကိုယ့် အဖွဲ့ နဲ့ ကိုယ် ဆော့တာ ကွ ”

ကောင်လေး ကို ကျုပ် ကြည့်ပြီး ငါ နဲ့ “ လာကစားကွာ ” လို့ အော် ခေါ် ချင်မိတယ် ။ ဒါပေမယ့် ကျုပ် က မကစားတတ်ဘူး လေ ။ ကောင်လေး ပုံစံ က အဝတ်အစား ခပ်နွမ်းနွမ်း ရယ် ။ ပေတိပေစုတ် ပုံစံကလေး ပါ ။ ဒါပေမယ့် သူ က ကလေးပဲ လေ ။ ကလေး ဆိုတာ ကစား ချင်တယ် ။ အဆင့်အတန်း ခွဲခြားတတ်တဲ့ ညဉ်ဆိုး ကို ဒီ ကလေးတွေ ရဲ့ ခေါင်း ထဲ ငယ်ငယ် နဲ့ ရိုက်သွင်း ခံထားရတာ နှမြော စရာပဲ ။ နေ့တိုင်း နီးပါး ကျုပ် မြင်နေရတာ က ကစား နေတဲ့ လူဂုဏ်ထံ ကလေးငယ် တစ်သိုက် နဲ့ နံဘေး မှာ ထိုင်ပြီး ငေးမော နေတဲ့ ကောင်လေး ပဲ ။ ကောင်လေး က ဇွဲ တော့ အတော်ရှိတယ် ဗျ ။ သူ့ ကို ကစားခွင့် မပြုတဲ့ ဒီ နေရာမှာ အမြဲ ပါဝင် ကစားဖို့ တောင်းဆို နေမြဲ ။ ကျုပ် သာ နတ် တစ်ပါး ဆိုရင် ကောင်လေး အတွက် ကလေးငယ် လေး ငါး ယောက် လောက် ဖန်ဆင်းပြီး ကစားဖော် လုပ်ပေးမိမှာပဲ ။ သိတယ် မလား ကျုပ် က လည်း ဘာဆို ဘာမှ လုပ်ပေး လို့ မရ ။

ဒါပေမယ့် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ပေါ့ ဗျာ ။ မာဒင်္ဂ ထုံး နှလုံး မူ ထားတဲ့ ကောင်လေး ရဲ့ ဇွဲ ကို တစ်ခြား ကလေးငယ် တွေ အလျှော့ ပေး လိုက်ပုံ ရ ပါတယ် ။

“ မင်း အရမ်း ပါချင်နေ တာ လား ၊ လာ ကစား ”

ကောင်လေး မျက်နှာ လမင်းကြီး လို ဝင်းလက်ဖြာ သွားတယ် ။ ကျုပ်လ ည်း ကြည်နူး မိတယ် ။ သူတို့လေး တွေ ကစား နေကြတာက စိန်ပြေးတမ်း တဲ့ ။ ခွေးရူး လို့ အမည် ပေးထားတဲ့ တစ်ယောက် က လိုက် ကျန် သူတွေ ပြေး ၊ မိသူ ပြန် လိုက်ပေါ့ ။ ကောင်လေး ကစားကွင်း ထဲ ရောက်တော့ တစ်ယောက် က ပြောတယ် ။

“ သူ ပါချင်နေတာ ပါခိုင်းလိုက်မယ်ကွာ ဘယ်လိုလဲ ”

“ အေး ပါခိုင်းလိုက် ”

“ အေး ဒါဆို မင်း က ထမင်းသိုး ဟင်းသိုး လုပ် ”

ထမင်းသိုး ဟင်းသိုး ဆိုတာ ကျုပ် နားမလည်ဘူး ။ ဒါပေမယ့် ကောင်လေး ကတော့ ကစားခွင့် ရနေပြီ ။ လိုက် ကြတယ် ။ ပြေး ကြတယ် ။ ခွေးရူး ဆိုသူ က ကောင်လေး ကို မဖမ်းဘူး ။ ကောင်လေး ပတ်ပြေး နေတယ် ။ ဒါပေမယ့် သူ့ကို မလိုက်ဘူး ။ သူ ဘယ်တော့ မှ အဖမ်း မခံရဘူး ။ ခွေးရူး လည်း မဖြစ်ဘူး ။ ပွဲ ကြာလာ တော့ ကောင်လေး က တစ်ခုခု ကို ဇဝေဇဝါ ဖြစ်လာပုံ မျိုး နဲ့

“ ငါ့ ကို ဘာလို့ မဖမ်းတာလဲ ” လို့ ထုတ် မေး ပါတယ် ။

“ မင်း က ထမင်းသိုး ဟင်းသိုးလေ ” လို့ ဖြေသံ ကို ကြားရတယ် ။ ကျုပ် သဘော ပေါက် သွားပြီ ။ ထမင်းသိုး ဟင်းသိုး ၊ ဘာမှ အသုံး မဝင်သူ ၊ အရေး မပါသူ ။ အလကား နာမည်ခံ ကစားသမား ။

“ တောက် ”

ကျုပ် တက်တစ်ချက် ပြင်းပြင်း ခေါက် လိုက်တယ် ။ ဒါပေမယ့် ဘာ အသံ မှ ထွက်မလာဘူး ။ ကောင်လေး ကို ကြည့် တော့ ညှိုးရီဖျော့တော့ သွားတဲ့ မျက်နှာလေး နဲ့ ။ နောက် ...

နောက် .. ကောင်လေး ကစားပွဲ ထဲ က ပြေးထွက် သွားတော့တာ ပဲ ။ အဲဒီနေ့ ကတည်း က စပြီး ကောင်လေး ကို ဒီနေရာ တစ်ဝိုက် မှာ ကျုပ် မတွေ့ရတော့ဘူး လေ ။ ထမင်းသိုး ဟင်းသိုးများ ဖြစ်မှာ ကြောက် နေလို့ များလား ။ မရေမရာ အတွေးများ နဲ့ နေ့ ... ည လည်ရင်းပတ်ရင်း ၊ ကျုပ် လည်း အိုဟောင်း လာ တော့ တယ် ။

( ၄ )

ကျုပ် လား လွမ်းတတ်တာပေါ့ ။ ကျုပ် မြင်နေကျ အမယ်အိုရဲ့ ထမင်းဆိုင် လေး ပိတ် သွားတော့ သူတို့ ကို ကျုပ် လွမ်းတယ် ။ ကျုပ် နံဘေး က ခုံတန်းလျားလေး မှာ ခြောက်ကပ် တိတ်ဆိတ် နေတာ မြင်တော့ စုံတွဲလေး ကို ကျုပ် လွမ်းတယ် ။ မလှမ်း မကမ်း မြေကွက်လပ် က ကလေးငယ်တွေ ရဲ့ ကစားဝိုင်း ကို မြင်တိုင်း ပျံကျ ရပ်ကွက် ထဲ က ကောင်လေး ကို ကျုပ် လွမ်းတယ် ။ ကျုပ် မှာ အလွမ်းတွေ နဲ့ ရှင်သန် နေရတာရယ် ။ အခု နောက်ထပ် အလွမ်း တစ်ခု ပါ ထပ် တိုး လာ ပြန်ပြီ ။ ကျုပ် လူတွေ ကို မုန်းတာ အဲ့တာပဲ ။ သူတို့ အချင်းချင်း ပုတ်ခတ် ၊ လိမ်လည် ၊ ရမ်းကား ၊ အနိုင်ကျင့် ၊ ခွဲခြား လို့ အားမရတော့ ကျုပ် ရဲ့ တစ်ဦးတည်း သာ ကျန်တော့ တဲ့ အဖော်လေး ကို ပါ ကျုပ် အနား က လာဆွဲ ခေါ် သွား ကြတယ် ။ မနက်ခင်း နေရောင်ပါးပါး ကို ကျုပ် ငေးမော ကောင်းတုံး အချိန် ပေါ့ ။

“ ဟေ့ ကောင် ငါတို့ မြစ်ဆိပ် အရက် သွား သောက်မယ် ၊ ပုလင်း ဝယ်ပြီး ပြီ ၊ အဲ့ သောက်ရေအိုး ပေါ် က ခွက် မ လာခဲ့ ”

ပြောပြောဆိုဆို နဲ့ လူ တစ်ယောက် က ကျုပ် ရဲ့ အဖော် ခွက်ကလေး ကို ကောက် ယူ ပြီး ပုဆိုးစ ထဲ ထည့်သွား ပါ တော့တယ် ။

ကျုပ် အော်တယ် ။ မကြားဘူး ။ ကျုပ် ရင် ထဲ က ရေထု တစ်ခု လုံး ဗလောင် ဆူပွက် သွားတယ် ။ သူတို့ က တော့ မြစ်ဆိပ် ထွက်ခွာ သွား ကြပြီ ။ ကျုပ် အဖော် ( ကျုပ် ရဲ့ ပါရမီ ဖြည့်ဖက် ) လို့ ပြောလို့ ရတဲ့ ပန်းနုရောင် သောက်ရေခွက်ကလေး ကို ကျုပ် တစ်နေ့ လုံး မျှော် နေ မိတယ် ။ ညနေမှောင်ရီပျိုးစ မှာ ရေခွက်ကလေး ကို ယူ သွားတဲ့ လူ နှစ်ယောက် ယိမ်းယိုင် နဲ့ နေတဲ့ ခြေလှမ်းတွေ နဲ့ ပြန်ရောက် လာ ကြတယ် ။ ကျုပ် ရဲ့ အဖော် ပန်းနုရောင် ခွက်လေး ကို တော့ မတွေ့ရဘူး ဗျာ ။ ကျုပ် မျှော်လင့်ချက်တွေ အလကား ဖြစ်ခဲ့ရပြီ လေ ။ အဲဒီ လူ နှစ်ယောက် က ကျုပ် အနား ရောက်တော့ ဆဲဆို ကြိမ်းမောင်း ရင်း တစ်ရက်ကွက် လုံး ကို စိန်ခေါ် နေ သံ ကြား တယ် ။

“ ဘယ်ကောင် မိုက်လဲ ထွက်ခဲ့ ”

တစ်ယောက် က ပြောပြောဆိုဆို နဲ့ ကျုပ် ကို ပွေ့ချီ လိုက်တယ် ။ ကျုပ် သူတို့ ကို တောင်းပန်တယ် ။ သူ တို့ မကြားရဘူး ။

“ မင်း တို့ ထက် မိုက်လို့ စိန်ခေါ် နေတာ ၊ ဟားဟား ဒီမှာ ကြည့် ”

ကျုပ် သိတာ က ကျုပ် လေ ထဲ မြောက်တက် သွားတယ် ။ စက္ကန့် အနည်းငယ် အတွင်း ဒါ နောက်ဆုံး ထွက်သက် တစ်ခု လို့ ကျုပ် အသိ ရ လိုက်ပြီး ဆုတောင်း တစ်ခု ပြု မိ လိုက်တယ် ။

“ နောင် ဘယ်သူ့ အတွက် မှ လမ်းဘေး သောက်ရေအိုး မဖြစ်ရပါစေ နဲ့ ” 

လူ မဆန်တဲ့ လူတွေ ကို ကျုပ် နှုတ်ဆက်ပါတယ် ။

“ ခွမ်း ”

◾ မောင်ဩလေး

📖 တစ်ယောက် တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment