❝ အစိမ်းနံရံကြား က သင်းကွဲငှက် ❞
“ ရော့ ... အင့် ... မိညို ”
မသူဇာ လှမ်း ပေးသော ကော်ပန်းကန် ကို တစ်ချက် ကြည့်ရင်း ကျွန်မ စိတ် အလွန် ပျက် မိသည် ။ ခေါက်ဆွဲခြောက်ပြုတ် တချို့ မှာ အရည် မပါ အရောင် မရှိ နှင့် မြင်ရသည် က စိတ်ပျက် စရာပင် ။ ကား မူးတတ်သော ကျွန်မ စင်္ကာပူမြို့ကြီး ကို ရောက် ကတည်း က ကား စီးခဲ့ရသည် မှာ ( ၃ ) ရက် ဆက်တိုက် ဖြစ်သည် ။ ရုပ်သေး ကြိုးပြတ် သလို ခန္ဓာကိုယ် မှာ နွမ်းလျပျော့ခွေ နေ သဖြင့် တစ်နေရာ ရာ တွင် ခေတ္တမျှ ငြိမ် နေလိုက်ချင် ပါသည် ။ သို့သော်လည်း အခွင့်အရေး မရခဲ့ ။ ပို ဆိုးသည် မှာ မည်သည့်အစာ မျှ စား ၍ မဝင်ခြင်း ပင် ။ ယခု လည်း စားသင့် မှန်း သိသော်လည်း စားချင် စိတ် မရှိပြန် ။
“ မစားချင်ပါဘူး ... အစ်မ ရယ် ၊ အစ်မ စားလိုက် ”
“ ဒီလို လုပ်လို့ မရဘူး ... မိညို ၊ ဒီနေရာ မှာ စည်းကမ်း သတ်မှတ် ထားတာ ရှိတယ် ။ ကိုယ့် အတွက် ရ လာတဲ့ အစားအသောက် ကို မဖြစ်မနေ စားကြရတယ် ။ ရော့ ... စားလိုက် ”
“ ကျွန်မ မှ စားလို့ မဝင်တာ အစ်မရယ် ဘယ်လို လုပ် စားရမလဲ ၊ ပို ဆိုးတာက ဒီ အခန်း ထဲ မှာကြွက်သေး အနံ့ က ဒီလောက် အထိ နံ နေတာ ၊ ဒါကို စားလည်း ပြန် အန် ထွက်မှာ ပဲ ”
“ အစ်မတို့ က တော့ နံ လည်း ကြိတ်မှိတ် စား ရတာပဲ မိညို ရေ ။ မတတ်နိုင်ဘူးလေ ... ဒီနေရာမှာ က ကိုယ် ဖြစ် ရင် ကိုယ် ခံ ပဲ ။ အဲဒီတော့ “ အသက် ကို ဉာဏ်စောင့်၏ ” ဆိုသလို ... ကိုယ့်အသက် ကိုယ် ကြံ မွေး ရမှာပဲ ။ နောက် ကို ပြန် ကြည့်ရင် ကိုယ့်အပေါ် မျှော်လင့်တကြီး နဲ့ စောင့်နေကြမဲ့ မိသားစု ရှိနေတာကိုး ... ။ ဒါကြောင့် လက်ရှိ မှာ လူ ရော စိတ် ရော ကျမ္မာဖို့ သန်မာနေဖို့ လိုတယ်လေ ။ နှာခေါင်း ကို ပိတ် ၊ ဝါး ပြီး ရေ နဲ့ မျော ချလိုက် ... အင့် ”
မသူဇာ ပြောတာ ကို ကျွန်မ နားလည် လက်ခံ မိသည် ။ ဟုတ်တာပဲ ကျွန်မ မိသားစု အတွက် ကြိုးစားဖို့ သည် နေရာ ကို ရောက်အောင် လာခဲ့ခြင်း ပင် ။ သက်ပြင်း တစ်ချက် ချ မိသည် ။ တစ်ဆက်တည်း မှာပင် ရေဗူး နှင့် ခေါက်ဆွဲပန်းကန်အား ယူ ကာ ကြိတ်မှိတ် စားလိုက်သည် ။ ပြီးတော့မှ ကျွန်မ သိ ချင်တာ တချို့ အား မေးမိသည် ။
“ အစ်မ .. သူတို့ က ကျွန်မတို့ ကို ဒီလို ပုံစံ နဲ့ ဒီ နေရာကြီး မှာ ဘာလို့ ထား ရတာလဲ ဟင် ... ကျွန်မ လေ ငရဲခန်း ကို ရောက်နေသလို ခံစား ရတယ် ”
မသူဇာ ထံ မှ ဘာ စကားသံ မှထပ် မကြားရ ။ သူမ ငြိမ်နေသည် ။ တစ်ခု ခု ကို လေးလေးနက်နက် စဉ်းစား နေဟန် လည်း ရှိသည် ။ ကျွန်မ က သာ စကားတွေ ဆက် ပြောလိုက်၏ ။
“ စားရတာ က မနက် ဆိုရင် ခေါက်ဆွဲခြောက် မလောက်မင နဲ့ ညနေ ဆိုရင် ထမင်းလေးမဖြစ်စလောက် ။ အဲ့ဒီ အထဲ ရုံး ပိတ်ပြီး အပြင် ကို စိတ်ကြိုက် သွား လည်ပတ်ပျော်ပါး နေတဲ့လူ ပြန်အလာ ကို နံရံကျဉ်းကျဉ်းလေး ထဲ က လှေကား မှာ တန်းစီ အိပ်ငိုက်ရင်း စောင့် နေရတာ ။ ရွာ က ဘုန်ကြီးကျောင်း မှာ မွေးထား တဲ့ ခွေးတွေ က တောင် အခု ကျွန်မ တို့ အိပ် ရတာ ထက် သာတယ် ”
ကျွန်မ ပြောနေရင်း က အသံများပင် တုန်ရီ လာ ကာ မျက်ရည် လည်း ဝဲ တက် လာသည် ။ မသူဇာ ခေါင်း တစ်ချက် ညိတ်ရင်း မဲ့ပြုံး ပြုံး လိုက်၏ ။ ပြီးတော့ မှ ကျွန်မ မျက်နှာ ကို ကြည့်ရင်း ...
“ ဘယ် တတ်နိုင်မလဲလေ ဒါပေမဲ့ အစ်မ ပြောချင်တာက ... အား တင်းထား ။ ကျန်းမာ အောင် နေထိုင်ပြီးဖြစ်လာတဲ့ အရာရာ ကို ရင်ဆိုင် နိုင် ဖို့ သတ္တိ မွေး မိညို ၊ နောက်ပြီး ...”
ပြောနေရင်း က စကား ကို ရှေ့ မဆက်သေးပဲ ဘေးဘီ တစ်ချက် ဝေ့ ကြည့် လိုက်သည် ။ ပြီးမှ ခပ်အုပ်အုပ် လေသံ ဖြင့် နားဘေး ကပ် ကာ “ ဘုရား ကို စိတ် ထဲ က နေပဲ အာရုံပြု ၊ ဆုတောင်း ညီမ ” တဲ့ ။
သူမ ဘာကို ဆိုလိုချင်မှန်း ကျွန်မ နားလည် သဘောပေါက်သည် ။
“ သည် နေရာ မှာ ဘယ် ဘာသာဝင် မှ ဘုရား ကို ဝတ်ပြုခြင်း မပြုရ ” ဆိုပြီး လည်း ကန့်သတ်ထားပြန် သေးသည် ။
“ ဟူး ...”
သက်ပြင်း ကို သာ အကြိမ်ကြိမ်ချနေရုံက လွဲပြီး ဘာများ တတ်နိုင် မည်နည်း ။ ခဏအကြာ တွင် မသူဇာ က ကား နှင့် တခြား ရုံး ရှိရာသို့ လိုက်သွား ရသည် ။ ကျွန်မ မှာ အင်ဒိုနီးရှားသူ ၊ ဖိလစ်ပိုင်သူ များ နှင့် သည် အခန်းကျဉ်းလေး ထဲ မှာ တိတ်ဆိတ်ရင်း ကျန်ခဲ့ရသည် ။
သော့ခပ် ထားသော သံပန်းတံခါး နား ရှိ နံရံ ကို မှီကာ အပြင် သို့ အဓိပ္ပာယ် မဲ့ စွာ ငေး ကြည့် နေ မိသည် ။ တောက်ပနေသော အလင်းတန်း တချို့မှာ ရုတ်ချည်း ပျောက်ကွယ် သွားပြီး တစ်ဆက်တည်းမှာပဲ မိုးများ ရွာ လာ တော့သည် ။ အပြင် မှာ တော့ စောစောက လှမ်း ထားသော အဝတ်များ မှာ မိုးရေ ထဲ တွင် ကယ်သူမဲ့ လို့ ပင် ။ ထို အဝတ်များ ကို ကြည့်ရင်း က ရုတ်တရက် အားငယ်ခြင်း ၊ အထီးကျန်ခြင်း တို့ နဲ့ အတူ ဝမ်းနည်းခြင်း တွေ က ရင်ဝ ထိ ရောက်လာသည် ။ ထိုခံစားမှု တို့ ကြောင့် ပဲ ကျွန်မ လက် နှစ်ဖက် ကို မျက်နှာ တွင် အုပ်ကာ ရှိုက်ကြီးတငင် ငိုချ မိတော့သည် ။
••••• ••••• ••••• •••••
ကြမ်းပြင် ပေါ် ၌ ကျွန်မ ချပေးထားသော ထမင်းပန်းကန်များ ထဲ သို့ အင်ဒိုနီးရှား အစ်မ မှာ အရွက်ကြော် တစ်ဇွန်း စီ ဝေပုံကျ လိုက် ထည့် ၏ ။ မီးဖို ပေါ် တွင် တော့ သခွားသီးအညို တစ်လုံး အား ဆားခပ်ထား သော ဟင်းချိုအိုး မှာ ပွက်ပွက်ဆူ လို့ ပင် ။ ထို ဟင်းချို ကိုတော့ ညနေ ထမင်း စားချိန် ရောက် လျှင် ပလပ်စတစ်ခွက် တစ်ခုစီ နှင့် အစွန်းရေ အလိုက် ယူကြရမည် ဖြစ်သည် ။
ထမင်း ပန်ကန် ထဲ ရှိ အရွက်ကြော် ဆီ သို့ ငေး ကြည့်ရင်း ထို ထမင်း ကို စားကြရမည့် ဘဝတူ မိန်းကလေးများ ကို ဂရုဏာ သက် မိသည် ။ အဘယ့်ကြောင့် ဆိုသော် ပိုးထိုးလောက်ကိုက် နှင့် အပုပ်များ ကြား မှ စား၍ ဖြစ်မည် ဟု ထင်ရသည် များ ကို ရွေးထုတ် ချက်ထား ရခြင်းကြောင့် ပင် ။
“ အဆောင် ” တဲ့ လူကြားကောင်း အောင် သာ ပြောထားသည် ။ သည် နေရာ သည် ကျွန်မ တို့ လို နိုင်ငံခြား အလုပ်သမများ အတွက် ငရဲခန်း တစ်ခု နှင့် မခြား ။ ပြင်ပလောကကြီး နှင့် ထိတွေ့ရဖို့ မဆိုထား နှင့် အနောက် ဘက် သံပန်းတံခါး နား မှာ ပင် ကြာကြာ ရပ်ခွင့် မရှိ ။
ကျွန်မတို့ အဖြစ် သည် ထောင်ကျ နေသူတွေ နှင့် ဘာမှ မကွာ လှ ။ ဝမ်းနည်း နာကျင်မှုတွေ အတွက် လည်း သက်ပြင်း ချရုံ က လွဲပြီး ဘာမျှပင် မတတ်နိုင်ချေ ။ ထို့ကြောင့် လည်း သက်ပြင်း ကို သာ အကြိမ်ကြိမ် ချ နေ မိသည် ။
“ မြန်မာ ... ဖိုက်တင်း ”
ပခုံးစွန်း ပေါ် ရောက်လာသော လက် တစ်ဖက် နှင့် အသံ လာ ရာ ဆီ သို့ မော့ ကြည့် မိသည် ။ ဖိလစ်ပိုင် အစ်မ တစ်ယောက် ၏ အားပေး စကား နှင့် အတူ အေးမြသော အပြုံး တစ်ပွင့် ။ ကျွန်မ ခေါင်း ကို တစ်ချက် ညိတ် ပြရင်း ကျေးဇူးတင် စကား ဆို လိုက်၏ ။ အမည်ဖော်၍ မရသော ခံစားချက် တစ်ခု ကြောင့် လည်း ရင်ထဲတွင် သိမ့်ခနဲ ဖြစ် သွားရသည် ။ တစ်ဆက်တည်း မှာ လည်း မျက်ရည် လည် လာ သဖြင့် ကြိုးစား ပုတ်ထုတ် ပစ်ရ ပြန်သည် ။ မိသားစု အတွက် တစ်ခု တည်း သော ရည်မှန်းချက် နှင့် တိုင်း တစ်ပါး မှာ အလုပ် လာ လုပ်သည် ဆိုသော်လည်း ယနေ့ အထိ အလုပ် ဆီ မရောက်သေး ပေ ။ ဘယ်နေ့ ဘယ်ရက် အလုပ် စလုပ် ရမည် ဆိုတာ ကို လည်း မည်သူ က မျှ မပြောပေ ။
မျှော်လင့်ချက်တွေ ဝေဝါး နေသည့် အတွက် ကြောင့် တစ်ခါ တစ်ခါ တွင် စိတ်ပေါက်ပေါက် နှင့် အသံကုန် အော်ဟစ် ငိုပစ် လိုက်ချင်သည် ။ သို့သော် ခံစားမှုများ ကို ထိန်းချုပ် ထားရတာကြောင့် ပဲ ခေါင်း ကိုက်ခြင်း ကို သာ ထပ်တိုး ခံစား ရသည် ။
“ အီး ... ဟီးဟီး ...”
နား ထဲ သို့ တိုးဝင် လာသော အသံ တချို့ကို သတိ ထား မိလိုက်သည် ။ ပြော နေသောဘာသာစကား ကို နားမလည်သော်လည်း မိန်းမ တစ်ယောက် ငို နေသည် ဆိုတာ သိ လိုက်၏ ။ ထင်သည့် အတိုင်းပင် အင်ဒိုနီးရှား အစ်မ တစ်ယောက် သူ့ ကလေး ဖြစ်ဟန် တူသည့် ဓာတ်ပုံ တစ်ပုံ ကို ကြည့်ရင်း ငို နေ၏ ။ ကလေးလေး မှာ သူ ရှိလှ တစ်နှစ် သာသာ အရွယ် ပင် ။ သူမ အနား တွင် လည်း အခြား အဖော်များ မှာ မျက်နှာမသာမယာ ဖြင့် အားပေး နှစ်သိမ့် ပေးနေ ကြသည် ။
သည် နေရာ တွင် လွမ်းရေး ထက် ဝမ်းရေး က ပို ခက် ဆိုသလို ၊ ကိုယ့် နိုင်ငံ ကိုယ် ပြန်ချင် တိုင်းပြန်လို့ မရအောင် အေးဂျင်း က အကြွေး ဆိုတာ ကြီး နှင့် ဖိ ထားသည် ။ ပြန်ရသည် ရှိ သော်လည်း စားစရာမရှိ လျော်စရာ ရှိ တစ်သက်လုံးဆပ် ၍ ကျေနိုင်မည် လည်းမဟုတ် ။
ကျွန်မ ထက် သားသည် မအေ တစ်ယောက် ၏ သောက မှာ ပို၍ နာကျင်စရာ ကောင်းလှသည် ။ ထို့ကြောင့် သူမ ၏ မျက်ရည်များ ကို သုတ် ပေးရင်း တင်းကြပ်စွာဖက်ကာ အားပေး နေမိသည် ။
“ မြန်မာ ... ”
အရှေ့ဘက် ရုံးခန်း တံခါး ကို ဖွင့်ပြီး စာရေးမ ဆိုသူ က ကျွန်မ အား ခေါ် နေခြင်း ဖြစ်၏ ။ သည် နေရာ တွင် ကျွန်မတို့ ၏ အမည် မှာ ကိုယ် လာရာ နိုင်ငံ ပင် ။ ကျွန်မ ထိုင်ရာ မှ မတ်တပ် ထ ရပ်ရင်း အရိုအသေ ပေးသည့် အနေအထား ဖြင့် နာခံ လိုက်သည် ။
“ ညိုညိုစန်း ... နင့် အဝတ်ထုပ် ယူ ၊ ဒီမှာ နင့် သူဌေးတွေ လာ ခေါ်တယ် ... မြန်မြန် လုပ် ”
ရုတ်တရက် ကြား လိုက်ရသော စကား ကြောင့် အံ့ဩမှင်သက် မိ သူ က ကျွန်မ ။ မြန်မာ စကား ကို အထစ်အငေါ့ မရှိ ပြောသွားသော တရုတ်အမျိုးသမီး စာရေးမ အား ကြောင် ကြည့် နေမိသည် အထိ ။
“ အဝတ်ထုပ်ယူ ” တဲ့ ၊ အိမ်သာ အမိုး မျက်နှာကြက် ပေါ် မှာ ထား ရသော အဝတ်ထုပ် ကို ယူရန် လှေကား ထောင် ရသည် ။ ပြီးလျှင် အောက် က လူ တစ်ယောက် က လှေကား ကို ထိန်းထား ပေးမှရ သဖြင့် အင်ဒိုနီးရှား အစ်မ တစ်ယောက် က လာ ၍ ထိန်းပေး သည် ။
ကြွက် ကိုက် ထား သဖြင့် ပေါက်ပြဲ နေသော ကျောပိုးအိတ် ထောင့်စွန်း ကို တော့ သရေကွင်း ဖြင့် စု စည်းလိုက်၏ ။ ပြီးနောက် အခန်း ထဲ ရှိ ဘဝတူ မိန်းကလေးများကို နှုတ်ဆက် လိုက်သည် ။ သူတို့ ၏ မျက်နှာ ပေါ် တွင် ကျွန်မ အတွက် ဝမ်းသာ နေသော အရိပ်အရောင် များ ကို ပင် အထင်းသား မြင်တွေ့ နေရသည် ။
ရုံးခန်း ထဲ အရောက် တွင် တော့ စာရေးမ ချပေး သော စာရွက် တစ်ခု ပေါ် တွင် လက်မှတ် ထိုးပေး ရသည် ။ တစ်ဆက်တည်းတွင် တော့ အလုပ်ရှင် နှင့် အတူ လိုက်သွားရ တော့သည် ။
••••• ••••• ••••• •••••
ဗိုက် ထဲ မှ တဂွီဂွီ မြည်သံ နှင့် အတူ ဆာလွန်း သဖြင့် အလုပ် ကို သူမ လိုချင် သလောက် မြန်၍ မရ ။ ရောက်ရောက်ချင်း ကျောပိုးအိတ် ကို ဧည့်ခန်း ထဲ က ဆိုဖာခုံ ဘေးတွင် ချထား စေပြီး တစ်ခု ပြီး တစ်ခု လုပ်ခိုင်းသည် ။ မငြီးမငြူ လုပ်နိုင်ပေမယ့် လည်း ဆာလောင်မှု ကိုတော့ အံမတု နိုင်ပေ ။ ပြော ရမှာ ကို လည်း ကြောက်နေ မိသည် ။ အချိန် သည် ကား မွန်းလွဲ ( ၂ ) နာရီ ပင် ရှိပြီ ဖြစ်သည် ။ မခံနိုင်သည့် အဆုံး အရဲစွန့်၍ ပြော လိုက်၏ ။
သူမ က တော့ နာရီ ဆီ သို့ တစ်ချက် ကြည့်ရင်း မျက်စောင်း တစ်ချက် ထိုး လိုက်သည် ။ ပြီးမှ အန်ဆွဲ တစ်ခု ထဲ မှ ခေါက်ဆွဲခြောက် တစ်ထုပ် ကို ယူကာ ပစ် ပေး၏ ။ တစ်ချိန်တည်း မှာလည်း ကျွန်မ ၏ အစာ စားချိန် ကို “ ၁၅ မိနစ် ” ဟု သတ်မှတ် လိုက်သေးသည် ။ ကျွန်မ ငြင်းဆန် ဖို့ အခွင့် လည်း မရှိပါ ။ သတ်မှတ်ချိန် အတွင်း ပြီးအောင် စားဖို့ သာ စိတ် လောရတော့သည် ။
စ ရောက် ကတည်း က အလုပ် နှင့် လက် မပြတ် ၊ လူ က သာ အပေါ် ထပ် အောက်ထပ် နှံ့နေအောင် မနားမနေ လုပ် နေရပေမယ့် ကျောပိုးအိတ်ကလေး မှာ တော့ ဆိုဖာ ဘေး တွင် ပုံလျှက် သာ ။ ညနေစာ ပြင်ဆင် ပြီး နောက် သူမ ခေါ် ရာ အခန်း တစ်ခန်း ရှေ့တွင် ရပ်လိုက်သည် ။
“ ဒါ မင်း နေရမယ့် အခန်း ”
သူမ တံခါး ကို ဖွင့် လိုက်ရင်းပြောသည် ။ မြင်ကွင်း ကြောင့် တစ်နေကုန် ပင်ပန်း နေသောကျွန်မ.မှာ အော်ဟစ် ငိုချင်စိတ်ပင် ပေါက်သွားရသည် အထိ စိတ်ပျက် ရ၏ ။ အခန်း တစ်ခန်းလုံး တွင် ပစ္စည်းများ ပြည့် နေရုံ မကဘဲ အမှုန်များ ဖြင့် ထူထပ်လို့ ပင် ။ သည် အခန်း ကို ရှင်းပြီး မှ ကျွန်မ အနား ယူ ရမည်ဆိုသည် ကို ကောင်းစွာသဘော ပေါက် လိုက်ခြင်း ကြောင့် မျက်ရည်များ ပင် ဝဲတက် လာခဲ့သည် ။ သို့သော် သူမ မြင် မှာ စိုးရ သဖြင့် တစ်ဖက် သို့ လှည့်ကာ ကြိုးစားပုတ်ထုတ် လိုက် ရ၏ ။ သူမ က တော့ ကျွန်မ ၏ ခံစားမှု ကို နားမလည်ချင်သည့် မျက်နှာထား ဖြင့် ထို နေရာ က နေ လှည့်ထွက် သွားချေပြီ ။
“ ဘယ် တတ်နိုင်မှာလည်းလေ ... သူ့ ဆန်စား ရဲရမှာပေါ့ ” လို့ သာ စိတ် ထဲ မှာ ရေရွတ် လိုက်သည် ။
နှင်းတော ထဲ တွင် လှည်းလမ်း ပေါ် ချော်လဲ ကျ ထား သလို ၊ ချွေးအလိမ်းလိမ်း နှင့် အမှုန်တွေကြောင့် တစ်ကိုယ်လုံး မဲညစ် နေတော့ သည် ။ သို့သော် လိုသလောက် ရှင်းသွားပြီမို့ စိတ် သက်သာရာ ရသွား၏ ။
“ ညိုညို ”
ကျွန်မ ပြီးသည် နှင့် အချိန်ကိုက် ပါပဲ သူမ ရောက်လာ ပြန်သည် ။ စာရွက် တစ်ရွက် ကို လည်း လက် ထဲ သို့ ထည့်ပေး၏ ။ မြန်မာဘာသာ ဖြင့် ရေးထားသော စာရွက် ထဲ တွင်တော့ ကျွန်မ အတွက် နေ့ အလိုက် အလုပ်ချိန် ဇယား ဖြစ်သည် ။ တစ်နေကုန် မနားမနေ အလုပ် လုပ်မည့် အချိန် ထက် ညစာ စားရမည့် အချိန် မှာ ည ဆယ်နာရီ အလုပ် ပြီးချိန် ဟု သတ်မှတ် ထားသည် ။ ထို စာရွက် ကို ကြည့်ရင်းက ....
“ ကြား အချိန် ဗိုက်ဆာရင် ဘာစားရမှာလဲ ” ဟု မေးခွန်း ထုတ် နေမိသည် ။ သို့သော် ထိုမေးခွန်း မှာ စိတ်ထဲ တွင် သာ ဖြစ်ပြီး နှုတ်ခမ်း ဆီ သို့ ရောက်မလာခဲ့ချေ ။
••••• ••••• ••••• •••••
“ နင် ယူပြီး ... ဘယ်မှာ ဖွက်ထားလဲ ၊ ငါ ... ဒီ အပေါ် မှာ ထားတာနော် ၊ ငါ ရှာပြီး ပြီ မတွေ့ဘူး ၊ သွား ဒီ အခန်း ထဲ ကနေ ထွက်သွား ၊ ရအောင် ရှာ ။ အေး ... မတွေ့ရင် နင့် လစာ ထဲ က ဖြတ်မယ် ”
အနား မှာ ရှိသော ပစ္စည်းများ နှင့် ပစ်ပေါက်ရင်း ခွေးမောင်း သလို မောင်းထုတ် ခံခဲ့ ရသော အဖြစ် တို့ က အာရုံ ထဲ မှ ဖျောက် ပစ် လို့မရ ။ ငိုရ လွန်း သဖြင့် ခေါင်း မှာ လည်း ကိုက်ခဲ နောက်ကျိ ၍ လာ၏ ။ အချိန် ကြာလာသည် နှင့် နေသားကျ သွေးအေး သွားမည် ဟု ထင်ထားသော ခံစားမှုတို့ က ထင်သလို ဖြစ်မလာခဲ့ပေ ။ “ နေမြင့်လေ အရူးရင့်လေ ” ဆိုသလို သူမ ၏ ဆက်ဆံပုံများ က တစ်နေ့ ထက် တစ်နေ့ ပို၍ ပင် ဆိုးလာ၏ ။
ပစ္စည်း တစ်ခု ခု ရှာ မတွေ့လျှင် စွပ်စွဲသည် နှင့် မလုံလောက် ။ မျက်ရည်ပေါက် ကြီးငယ် ကျသည် အထိ မတွေ့မချင်း လက်ညိုး ထိုး ဆူ တတ်သည် ။ အကြိမ်ကြိမ် စိတ်ဓာတ် ကျ ငိုရသည့် အချိန်တိုင်း ညအိပ် ချိန် သည် အခန်းကျဉ်းလေး ထဲ ရောက်မှ အားရကျေနပ်အောင် ငိုခွင့် ရသည် ။ တစ်နေကုန် အလုပ် နဲ့ လက် မပြတ် ညောင်း၍ ခဏလေး တောင် နားခွင့် မရှိ ။ နေ မကောင်း ဖြစ်လျှင် လည်း နား၍ ပင် မရ ။ အနှိမ်ခံ ဘဝ မို့ လက်ရှိ ဘဝ ကို အရှုံး ပေးပြီး နောက် ပြန်လှည့် ချင်သည် ။ ထိုသို့ ခံစားရတိုင်း ...
“ ဒကာမလေး စိတ်ညစ် လာရင် ဦးဇင်း ရေးပေး တဲ့ စာကြောင်း လေး ကို ဖတ်ပြီး ကိုယ် ကိုယ် ကို ပြန် မေးပါ ။ အဖြေ ထွက်လာပါလိမ့်မယ် ”
ရွာ ဘုန်းကြီးကျောင်း က ငယ် သူငယ်ချင်း ဦးဇင်း ရဲ့စကား ကို သတိ ရ ကာ မှတ်စုစာအုပ် အနွမ်းလေး ကို သာ ပြန် ဖတ်မိသည် ။
“ ဒကာမလေး ဦးဇင်း ဖတ်ဖူးတဲ့ စာအုပ် ထဲ က စာကြောင်းလေး ကို ခွန်အား ဖြစ်စေဖို့ ရေးပေး လိုက်တယ် ။ ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ် ၊ ကိုယ် ရွေးချယ်ထားတဲ့ ပွဲ ကို ကိုယ် ဝင်ပြိုင် ဖို့ ဇွဲနပဲ လည်း ရှိမယ် ဆိုရင် အောင်ပွဲ ဆိုတာ ပြေးမလွတ်ဘူး ။ ဘဝ ကို စိတ်ပျက် လာတိုင်း ဖတ်နော် ” တဲ့ ။ ဟုတ်ပါသည် ကျွန်မ မိသားစု အတွက် ဟု စိတ် ပိုင်းဖြတ် ကာ အရဲစွန့် လာခဲ့ခြင်း မဟုတ်ပါလား ။
“ မသွားပါနဲ့ သမီး ရယ် ၊ အဖေ တို့ နဲ့ အဝေးကြီး မှာ သမီး တစ်ခုခု ဖြစ် နေရင် အဖေတို့ သိရ မြင်ရ မှာ မဟုတ်ဘူး ။ အဖေ ပင်ပန်းရင် ပင်ပန်းပါစေ ကိုယ့် သားသမီး ကို ကိုယ့် မျက်စိ အောက် နားအောက် မှာ ပဲ ရှိစေချင်တယ် ”
အဖေ က မသွားစေချင် လို့ တားနေသည့် ကြား က ကျွန်မ ရောက်အောင် လာ ခဲ့သည် ။ တစ်နေကုန် လယ် ၊ ကိုင်းတွေ ထဲ ပတ်ကာ ဟင်းသီးဟင်းရွက်များ ကို ဖောက်သယ် ယူရသည် ။ မနက် ကျီး မနိုးခင် အိပ်ရာ က ထပြီး အမေ က ခေါင်းရွက် အဖေ က အထမ်း ဖြင့် မြို့ဈေးဖွင့် အမှီ သွား ကြရသည် ။
တစ်နေ့ တစ်နေ့ နားချိန်ရယ် လို့ မရှိသော မိဘတွေ ကို ကြည့်ပြီး ကျွန်မ အကြိမ်ကြိမ် ကြိတ် ငိုခဲ့ရသည် ။ မိုးကျခါ နီးတိုင်း အိမ် အမိုးအကာ အတွက် စိတ်ညစ် ပူပန်ရသည် က လည်း အဖေ နဲ့ အမေ ။ အငယ် နှစ်ယောက် ကျောင်းစရိတ် အတွက် ရုန်းကန်ရသည် နှင့် ပင်ပန်းသော် လည်း ကောင်းကောင်း မစားရသော မိဘတွေ ရဲ့ဘဝ ကို ရင်နာ မိသည် ။
“ အဖေ သမီး လည်း ဈေး လိုက် ရောင်းမယ် ” လို့ ပြောတိုင်း “ သမီး အိမ် မှာ ညီမလေး နဲ့ မောင်လေး ကို သာ ဂရုစိုက် ။ အဖေ တို့ အိမ် ပြန်လာချိန် သမီး ချက်ထားတဲ့ ထမင်းဟင်း ကို စား ရရင် ကို အဖေ တို့က ကျေနပ်နေပြီ ” ဆိုတဲ့ အဖေ ။ အမေ က တော့ သူ့ ပုံစံ အတိုင်း ဘာမှ ဝင် မပြော ။ အဖေ့ က ဒါဆို သဘော အတိုင်းပင် ။
ကျွန်မ က မိသားစု ကို သည် ဒုက္ခတွေ ကြားမှ ဆွဲထုတ် ချင်သည် ။ မိုးလုံလေလုံ နှင့် ခိုလုံ စရာ အိမ်လေး ထဲ မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် စေချင်သည် ။ သားအဖ နှစ်ယောက်မှာ ကိုယ့် ပေတံ နှင့် ကိုယ် ၊ ကိုယ့် အတိုင်းအတာ နှင့် ကိုယ် ကိုယ်စီ မှန် နေကြ သော်လည်း နောက်ဆုံးမှာ အဖေ က သာ အလျှော့ ပေးလိုက်လျောခဲ့၏ ။
အဖေ ပြောခဲ့ သလို ကျွန်မ ဘာတွေ ဖြစ်နေပြီး ဘယ်လို ခံစား နေရလဲ ဆိုတာ အဖေတို့ မသိပေ ။ ထိုနည်းတူစွာပဲ ကျွန်မလည်း မိသားစု သတင်း ဘာမျှပင် မသိရ ။ သည်လို အချိန်မျိုး ဆို အဖေ လို့ ခေါ်ပြီး အားရအောင် ငို ပစ် လိုက်ချင်သည် ။ အဖေ နဲ့ စကားတွေ ပြောချင်သည် ။ သို့သော် ...
“ ဖုန်း မကိုင်ရ .. နားရက် မပေး ” ဟူသော အမိန့် အောက် မှာ အသက်ရှင် နေပါလျှက် စိတ်ဓာတ်တွေ အချိုးနှိမ်ခံ ဘဝ ဖြင့် နေခဲ့ရသည် မှာ ( ၂ ) နှစ် ပြည့် တော့မည် ။ သည် ကာလတွေ အတွင်း အဖေ နှင့် ဖုန်း ပြောရသည် က နှစ်ကြိမ် ပင် ။
အဲဒီနေ့ က “ သမီး ... အဖေတို့ အားလုံး နေကောင်းကြတယ် ၊ သမီး သာ ဂရုစိုက် နော် ၊ အဖေလေ ... သမီး ပို့ လိုက်တဲ့ ပိုက်ဆံတွေ ကို သမီး ဖြစ်စေချင် သလို သေချာ လုပ်ထားပေးတယ် ။ သမီး ပြန်လာရတော့မယ်လေ အဖေတို့ တွေးပျော်နေကြပြီ ” တဲ့ ။
စိတ်ဆင်းရဲ လူပင်ပန်း နှင့် နေ့ရက်များ ကို ပင် မမှတ်နိုင်သော ကျွန်မ ။
“ သမီး ပြန်လာရတော့မယ် ဆိုတဲ့ စကား ကြောင့် အံ့ဩမှင်သက်ခဲ့ရသည် ။ ကိုယ့် လုပ်အားခ ကိုယ် မြင်ခွင့် မရသော အခြေအနေ မှာ အဖေ တို့ ဆီ ပိုက်ဆံ ရောက်တယ် ဆိုတာ သိရတာ ကြောင့်လည်း ပျော်ရွှင်မိရပြန်သည် ။ သူဌေးမ ပေးထားသော ငွေလွှဲပြေစာများ ကို ပြန် ပြန်တော့ ကြည့် မိပြီး ကျေနပ်ရပြန်သည် ။ ထို စိတ်ကြောင့် လည်း အားတင်း ထားနိုင်ခဲ့ခြင်း ပင် ။
••••• ••••• ••••• •••••
အဝေးပြေး လမ်းမကြီး တွင် တရွေ့ရွေ့ လှုပ်ရှားမောင်းနှင် နေသော ကားမှန်တံခါး ကို ဖွင့်ကာ အပြင်သို့ အတန်ကြာ ငေးမောမိ နေ၏ ။ ဆောင်းရာသီ ကြောင့် ထင်ပါရဲ့ ... တိုက်ခတ်လာသော လေ မှာ လည်း အေးမြလတ်ဆတ်လို့ ပင် ။ ထိုင်ခုံ နောက်ဘက် ဆီ သို့ မှီကာ မျက်လုံး ကို မှိတ်ရင်း ညင်သာစွာ ရှူရှိုက်လိုက်သည် ။ လမ်း တစ်လျှောက်တွင် အံ့မခန်း လှပထူးဆန်းသော ယာဉ် သွားလာရန် ဆောက်လုပ်ထားသည့် တံတားကြီးများ ၊ မြစ်ကူးချောင်းကူးတံတားကြီးများ ၊ လှပသော ပန်းခင်းကြီးများ ကို ငေးမောရင်း ငြိမ်သက် နေမိသည် ။
ကားဂိတ် သို့ ရောက်ပြီမို့ ကား ပေါ် မှ လူများ ကိုယ်စီ ဆင်း နေကြသည် ။ ကျွန်မ မှန်ပြတင်းပေါက် ဆီ မှ အပြင် ဘက် ရှိ လူအုပ်ကြီး ကြား တွင် အဖေ့ ကို ရှာ လိုက်၏ ။ မတွေ့ရ သဖြင့် မျက်လွှာ ချ ခေါင်းငုံ့ မိလျှက် သာ ။ ရုတ်တရက် ဆိုသလို ရင်ဘတ် ဆီ မှ သိမ့်ခနဲ တုန်ခါမှုကြောင့် မျက်ဝန်းအိမ် တွင် မျက်ရည်များ တွဲခို လာတော့၏ ။ ပြတင်းပေါက် အား ကျောခိုင်း လိုက် ချိန် မှာ တော့ ...
“ သမီး ... သမီး ... အဖေ ဒီမှာ ”
စူးရှကျယ်လောင်သော အသံဖြင့် အော် ခေါ်ရင်း လက်မြှောက် ပြ နေသော အဖေ့ ကို တွေ့ လိုက် ရသည် ။ ကျွန်မ လည်း မျက်ရည်များ နှင့် ပြုံးမိ သွားသည် ထင်၏ ။ တစ်ချိန်တည်း မှာ လည်း ကား ပေါ် မှ ပြေး ဆင်းကာ အဖေ့ ရင်ဘတ် ဆီ တိုးဝှေ့ ဖက်ထား လိုက်သည် ။ အဖေ က တော့ ပြုံးရွှင်သော အကြည့် တို့ဖြင့် ကြည့်ရင်း ...
“ သမီး ... . မငိုနဲ့တော့ ၊ လာအဖေတို့ အိမ် ပြန် ရအောင်... သူတို့ မျှော်နေကြတယ် ၊ သမီး ပြန်လာမယ် သိ လို့ ညည်း အမေလေ သမီး ကြိုက်တဲ့ ဟင်းတွေ ချက်ပြီး စောင့်နေလေရဲ့ ... ဟင်းဟင်း ”
“ ဟုတ်ကဲ့ အဖေ ... သမီး လည်း ... လွမ်းလှပြီ ”
မလှမ်းမကမ်း မှ လှမ်းမြင်နေရသော မြင်ကွင်း က … ကျွန်မ ကို ဒွိဟ ဖြစ်စေသည် ။ အဖေ့ ဆီ မော့ကြည့် ပြန်တော့ အဖေ က ပြုံး လျှက် သာ ။ ဘာမျှ မပြောပေ ။ တဖြေးဖြေး နီးကပ်လာသော မြင်ကွင်း ကြောင့် အံ့ဩမှင်သက် သွားရသည် အထိ ငေးငိုင်လို့ပင် ။
“ အဖေ ... ဒါ သမီးတို့ အိမ်ကြီးလား ဟင် ...”
“ သမီး ...”
ကျွန်မ မေးနေစဉ် အမေ က အိမ် ထဲ မှ ပြေးထွက် လာပြီး ဖက် ထား တော့သည် ။
“ ဟုတ်တာပေါ့ သမီး သမီး ပို့ တဲ့ ပိုက်ဆံတွေ အမေတို့ သေချာလုပ် ထားရတာ ၊ အမေတို့ သမီး ကို သူများ နိုင်ငံ မှာ အကြာကြီး မနေစေ ချင်လို့ပေါ့ သမီးရယ် ”
အမေ က ပြောရင်း ငိုတော့ ကျွန်မ လည်း မျက်ရည် က ထိန်းမနိုင် ။
“ ကဲ ... အိမ်ထဲ ဝင်ကြစို့ ”
သွပ်မိုးပျဉ်ထောင် နှစ်ထပ်အိမ်ကြီးကို အောက် ထပ် တွင် အုတ်ပတ် ကာ ထားသည် ။ အောက်ထပ် တွင် အမေ က ကုန်စုံဆိုင် အလတ်စားလေး ဖွင့် ထား၏ ။ ခဏ အကြာ တွင် အိမ် အပေါ် ထပ် ဆီသို့ သွား တက်ကြည့် သည် ။ ပြတင်းပေါက် ဆီ မှ စိုက်ခင်းများ ကို ငေး ကြည့်ရင်း သဘာဝလေ ၏ အရသာ ကို လည်း ခံစားလို့ ရသည် ။ ခန္ဓာကိုယ် တစ်ခုလုံး လေ ထဲ က ဂွမ်းပမာ ပေါ့ပါးလို့ပင် ။
“ မမ... အဲ့ဒီ စိုက်ခင်း က အဖေ စိုက်ထားတာ ၊ ကြည့်နော်
ချဉ်ပေါင်တွေ ငရုတ်တွေ ကောင်းချက် ၊ မမ ပြန်လာရင် စားလို့ ရအောင် တဲ့ အဖေ က ... ခိခိ ”
“ အင်းနော် ”
ကျွန်မ ခါး ကို အနောက် က နေ ဖက်ရင်း ပြောသော ညီမလေး ရဲ့ စကား ကို ထောက်ခံ လိုက်သည် ။ ရုတ်ချည်း ဆိုသလို ညီမလေး က ရယ် ရင်း မှ ခဏ တည်ငြိမ် သွားပြီး မျက်လွှာ ချ လိုက်သည် ။ သက်ပြင်း ကို လည်း ချ ပြန်သည် ။ ပြီးမှ ကျွန်မ ဆီ ကြည့်ကာ ...
“ မမ နိုင်ငံခြား သွားတော့လေ အဖေ ရယ် ငိုတာ ။ ညီမလေး ကို မြင်တော့ မျက်ရည်တွေ သုတ် ပစ်တယ် ”
ကျွန်မ ဘာစကား မှ ပြော မထွက်မိ ။ ရင်ဘတ် ထဲ မှ ပူနွေး သွားသလို ဖြစ်ကာ မျက်လွှာ ချမိသည် ။ ညီမလေး က သာ ဆက် ပြောနေ ပြန်သည် ။
“ အခုကျတော့ အဖေ လေ ပျော်လို့ ... ဟိ ”
“ ကြည့် အရူးမလေး ... အဖေ့ အတင်းတွေ ပြောနေတယ် ”
“ ဟားဟား ... အဖေ မသိစေနဲ့ မမ ”
ပြောရင်း က ရယ်နေ ပြန်သော ညီမလေး ကို ကြည့်ရသည် မှာ “ ငိုအားထက် ရယ်အားပိုသန် ” ဆိုသလို စောစောက နာကျင်မှုတွေ အစား ကျွန်မ ပြုံးမိသည် ။
“ သမီးတို့ ... ထမင်း စား ရအောင် လာ ... လာ ”
“ ဟုတ်ကဲ့အမေ ”
အမေ့ လက်ရာလေး စားရတော့မည် မို့ အပေါ် ထပ် မှ ပြေးဆင်းခဲ့သည် ။ ထမင်းဝိုင်း တွင် မိသားစု လူစုံ နေသည် က စိတ် ကို ကိုင်လှုပ် လိုက် သလိုလို ။ မျက်ရည်တို့ နှင့် အားငယ် နာကျင်မှုတို့ ကြား က မြင်ယောင် တမ်းတ ခဲ့ရသော ထမင်းဝိုင်းလေး ကို ပြန် ရ ခဲ့ပြီ ။
“ သမီးစား ... အားရပါးရသာစား ” ဆိုသော ချိုမြသော အပြုံး တို့ နှင့် … ဟင်းတွေ ပန်းကန် ထဲ ပြည့် နေအောင် ထည့် ပေး နေသည် ကို ကြည့်ရင်း က
“ ရော့ ... ဒါ နင့် အတွက် ... သွား ... အနောက် မှာ စား ”
ဆိုတဲ့ မလောက်မင စေတနာ မပါသော အစား အတွက် ထက် ပို၍ ဝမ်းနည်းစွာ ခံစား ရသည် ။ ထမင်း ပန်းကန် ထဲ သို တိုးဝင်သွားသော ငုံ့ ထားတဲ့ မျက်နှာ ဆီ မှ မျက်ရည် တို့ ကို မာန်တင်းကာ ပုတ်ထုတ် ပစ်လိုက်သည် ။
“ အခု ငါ ရောက် နေတာ .. အစိမ်း နံရံတွေ ကြား မှ မဟုတ်တော့ပဲလေ ။ ကိုယ့် အသိုက် ကိုယ် ရောက် နေပြီပဲ ၊ နာကျည်းစရာတွေ အားလုံး အဲ့ဒီ နံရံတွေ ကြား မှာပဲ ထားခဲ့ရမှာ ”
ဟု ကိုယ့် ကိုယ် ကို အားတင်း လိုက်သည် ။ ပြီးနောက် ပျော်ရွှင်စရာ သည် ထမင်းဝိုင်းလေး ကျွန်မ ကြောင့် ပို စိုပြေစေဖို့ ရယ် မောရင်း အားရပါးရ ငုံ့ကာ စားလိုက်တော့သည် ။
◾သဇင် ( ဇလွန်မြေ )
📖 နှလုံးသားဖြင့် စီရင်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment