❝ ဖြူစင်ခြင်း အနုပညာ ❞
[ သူ့ အမည် က ပန်းချီ ရာဟုလာ ။
ရာဟုလာ ဆိုတာ ဗုဒ္ဓဝင် မှာ မြတ်စွာဘုရား ရဲ့ သားတော် အမည် ။ ဗုဒ္ဓဝင် မှာ ထင်ရှားလှတဲ့ အမည် ကို ခံယူထား တာ မို့ “ ရာဟုလာ ” ဆိုတဲ့ သူ့ အမည် ကို ကြားသိခါစ လူ အတွက် တွန့်ချင် စရာပါ ။
မုတ်ဆိတ်မွေးဖြူတွေ နဲ့ အစဉ်အမြဲ ပြုံးရယ် နေတတ်တဲ့ ကိုရာဟုလာ ( ၆၁ နှစ် ) ကို တွေ့ ဖူးသူတိုင်း က ရင်းနှီး ခင်မင် သွားကြတယ် ။ သူ က ရိုးသားဖြူစင်တယ် ။ နေထိုင်ပုံ အေးချမ်းတယ် ။
မန္တလေးမြို့ ရဲ့ အထက် ၊ ဧရာဝတီမြစ် ရဲ့ အနောက်ဘက် ကမ်း ပေါ် မှာ မင်းကွန်းရွာကလေး ရှိတယ် ။ မင်းကွန်း ဟာ ပုထိုးတော်ကြီး ၊ ခေါင်းလောင်းကြီး တို့ကြောင့် လူသိ များတယ် ။ ဘုရား ဖူး ရင်း လည်ပတ် ရင်းလာတဲ့ ဧည့်သည် များတယ် ။ နိုင်ငံခြားသား ခရီးသွားတွေ လည်း မင်းကွန်း ကို လာကြတယ် ။
ဆရာရာဟုလာ က မင်းကွန်းပုထိုးတော်ကြီး အနီး မှာ နေပါတယ် ။ သူ့ အိမ်ကလေး က ခပ်သေးသေး ပါ ။ အိမ် ရှေ့ခန်း မှာ ပန်းချီကားတွေ နဲ့ ပြည့် နေတယ် ။ မင်းကွန်း ပုထိုးတော်ကြီး ရှေ့ မှာ လည်း သူ့ ပန်းချီပြခန်း ရှိတယ် ။ ပန်းချီပြခန်း အနီးအနား မှာ အမြဲတမ်း ရွှင်ပြုံး နေ တဲ့ ကိုရာဟုလာ ကို တွေ့ နိုင်တယ် ။
ပုထိုးတော်ကြီး တောင်ဘက် ၊ လူနေရပ်ကွက်ကလေး ထဲ က သူ့ အိမ် ကို လိုက် သွားပြီး ပြခန်း မှာ မချိတ်တဲ့ သူ့ စိတ်တိုင်းကျ ပန်းချီကား အချို့ကို ကြည့်ရင်း သူ့ ဘဝဇာတ်ကြောင်း ကို ကျွန်တော် မေးပါတယ် ။ ]
••••• ••••• ••••• •••••
ကျွန်တော့် နာမည်ရင်း က အောင်မြင့် ။ အဖေ က ဦးတင်မောင် ၊ အမေ က ဒေါ်အုန်းကြည် ။ ဇာတိ က ရွှေဘို ။
ကျွန်တော် ရှစ်နှစ် ၊ ကိုးနှစ်သား လောက် မှာ အဖေ က နောက် အိမ်ထောင် ပြု သွားတယ် ။ ကျွန်တော့် အမေ ကျောင်းဆရာမ က အဖေ နဲ့ သားသမီး တွေ ကို မထည့်လိုက်ဘူး ။ အဖေ က နောက် အိမ်ထောင် နဲ့ ဆေးလိပ်ခုံ ထောင်တယ် ၊ စံပြ တဲ့ ။ အဖေ ကြီးပွား သွားတယ် ။
ကျွန်တော် က ကိုးတန်း တစ်နှစ် ဖြေပြီး ကျတယ် ။ အချိန် က ၁၉၆၂ ခု ၊ ၁၉၆၃ ခု ။ မန္တလေး ပန်တျာကျောင်း သွား တက်ပါတယ် ။ ပန်တျာကျောင်း လည်း ပြီးအောင် မတက်လိုက်ရပါဘူး ။ နောက် ရွှေဘို ပြန် ရောက် လာတယ် ။
ကျွန်တော် က ပညာ တစ်ပိုင်းတစ်စ နဲ့ ဘာ လုပ်ရမှန်း မသိဘူး ။ ဆိုင်းဘုတ် ရေးမယ် ဆိုပြီး အိမ် မှာ ပန်းချီဆိုင်လေး စ ထောင်တယ် ။ ပြီးတော့ တီးဝိုင်း ထဲ လိုက် ။ သူ့ ( ဇနီး မမြဝင်း ) တွေ့ ။ သူ က တီးဝိုင်း မှာ အဆိုတော် ၊ ကိုယ် က ဆက်ဆိုဖုန်း မှုတ်တာ ။ အဖေ က သူ နဲ့ သဘော မတူဘူး ။ မမြဝင်း က အဖေ့ ဆေးလိပ်ခုံ က ဆေးလိပ်သမ ။ ကျွန်တော် က ခိုး ပြေး တာပေါ့ ။
ကျွန်တော် ဆိုက္ကား နင်းတယ် ။ ပုံဆွဲစက္ကူ နဲ့ ဆေးဗူးတွေ ဆိုက္ကား ဖင်ထိုင်ခုံ အောက် ထည့် ၊ နင်း ချင် ရာ နင်း သွား ၊ အောက်ဒိုး ထွက် ဆွဲတာပဲ ၊ အဖေ က ခြံဝယ် ပေးမယ် စိုက်ပျိုးရေး မွေးမြူးရေး လုပ် တဲ့ ။ ကျွန်တော် က လည်း မလုပ်ချင်ဘူး ။ သည်တော့ ပစ် ထား တာ ပေါ့ ။ ကျွန်တော် က ဆိုက္ကား နင်း အသွား ၊ အဖေ က ကား နဲ့ အလာ တွေ့ တဲ့ အခါ ကျွန်တော် က အဖေ့ ကို အမွေ လိုက် လိုက် တောင်း တယ် ။ ဒါကြောင့် သူငယ်ချင်းတွေ က ကျွန်တော့် ကို ရာဟုလာ လို့ ခေါ်တယ် ။
ပန်းချီ ဆွဲ တော့ အောင်မြင့် ဆိုတဲ့ နာမည်ရင်း နဲ့ ဆွဲတယ် ။ ကျွန်တော့် ဆရာ ဦးသောင်းဖေ က မင်း နာမည် ပြောင်း ကွာ တဲ့ ။ အောင်မြင့်ထွန်း တို့ အောင်အောင်မြင့် အောင်မြင့် နာမည်တူ တွေ ထပ် နေတာကိုး ။ ဒါနဲ့ ရာဟုလာ ဆိုတဲ့ နာမည် ယူလိုက် ကွာ ။ ကောင်းလိုက်တာ ။
ရွှေဘို မှာ ဘယ် ပန်းချီဆရာ မှ မလုပ်တဲ့ အလုပ်တွေ ကျွန်တော် က အကုန် လျှောက် လုပ် နေတာ ။ ကျွန်တော် ရေးချင်တာ တွေ ပဲ လျှောက် ရေး နေတာ ။
စီးပွားရေး အရ တော့ မအောင်မြင်ဘူး ။ လူ တွေ က တော့ ရူးတယ် ပြောကြတာပေါ့ ။ အောင်မြင့် ဆိုတဲ့ ကောင် ရောင်းရမယ့် ကား တော့ မရေးဘဲ ဘာတွေ လျှောက် ရေး နေလဲ မသိဘူး ပြောတာ ။ ပန်းချီဆရာ ဆိုတဲ့ ပုဂ္ဂိုလ်တွေ က ကျွန်တော့် ကို ဆိုက္ကား နင်း တာ ရပ်ပြီး ဆိုင်းဘုတ် စာလုံး တစ်လုံး နှစ်လုံး ဝင် ရေး ငါးကျပ် ပေးမယ် ပြောတာ ။ ဟာ .. လွယ်လှချေလား ။ ကိုယ် က လည်း ငါးကျပ် ၊ တစ်ဆယ် မှ မရှိတော့ ဝင် ရေး ရတာပေါ့ ။
ဆိုက္ကား နင်းပြီး သွား ချင် ရာ သွား ၊ အောက်ဒိုး ထွက် ၊ ရေးချင် ရာ ရေးခြင်း ရဲ့ အကျိုးအမြတ် ကို ဒီနေ့ ခံစားရတာပါပဲ ။ ကျွန်တော့် ကို နားလည်ပြီး အားပေးတဲ့ လူ နှစ်ယောက် တော့ ရွှေဘို မှာ ရှိတယ်ဗျ ။ ကိုတင်အောင် နဲ့ ကိုထွန်းရွှေ ။ ကျွန်တော့် ကား နှစ်ချပ် လောက် ရောင်း ရတယ် ။ အဲသည် ခေတ် က ဆိုတော့ တစ်ရာ့ငါးဆယ် လောက် ရတာပေါ့ ။ ၇၂ ခု လောက် က ။ ကျန်တာတော့ ဟို လူ ယူ သည် လူ ယူ ယူသွား ကြတာ ။
ရန်ကုန် မှာ ပြပွဲ တစ်ပွဲ လုပ် လိုက်တော့ ထိုက်သင့် သလောက် အောင်မြင် သွားတယ် ။ ဒါနဲ့ မင်းကွန်း ရွှေ့လာပြီး ပန်းချီ ဆွဲ နေတာ ။ မင်းကွန်း ကို ဧည့်သည် တွေ လာတယ် ။ အေးလည်း အေးချမ်းတယ် ။
အဲသည်တုန်း က များ ဆိုရင် ပိုက်ဆံ က မရှိဘူး ။ ကင်းဘတ်စ က ပေါက်ပြဲ နေတာ ။ အသစ် လည်း မဝယ်နိုင်ပါဘူး ။ ဒါကို အိမ် ရှိတဲ့ အပ်ချည် နဲ့ ရက်ပြီး ချုပ်တယ် ။ ပြီးတော့ အပေါ် က ဆေး သုတ်ပြီး ရေးဟာ ။ တော်တော် ကောင်းတဲ့ ကား တစ်ချပ် ဖြစ် သွားတယ် ။ ဒါကို ပြင်သစ် က ဝယ်တယ် ။
သားအမိ နှစ်ယောက် လာ တာ ။ ပြခန်း ထဲ ဝင်လာ ကတည်း က ကား ကို ကိုင် ပြီး လက် က မချတော့ဘူး ။ ခြောက်ဆယ် နဲ့ လား မသိဘူး ၊ တည့် ရော ။ ဝယ်မယ် ဆိုခါ မှ နောက် လှန် ကြည့်တော့ အပ်ချုပ် နဲ့ ရက်ပြီး ချုပ် ထားတာ တွေ့ ရော ။ နောက်ထပ် လည်း လဲစရာ က မရှိ ၊ ကား ကို လည်း ကြိုက် နေတော့ ဈေး လည်း မလျှော့ခိုင်းပါဘူး ။ ယူချ သွား ရော ။ ( အားရပါးရ ရယ်ပါတယ် ။ ) ဟိုတုန်းက နွမ်းပါးတော့ ရရာ ပိတ် နဲ့ ရေး ရတာ ။ ပိတ်ပါး နဲ့ လည်း ရေးရတာပဲ ။ ကျွန်တော့ကား ကို လိုချင်တယ် ငွေ သိပ် မပါဘူး ဆိုတဲ့ လူ ကို လည်း ပေး လိုက်တယ် ။
ရန်ကုန် ဆီဒိုးနား ဟိုတယ် မှာ ဝမ်းမင်းရှိုး ပြ ဖြစ်တာ ဇော်ဝင်းထွဋ် ကြောင့် ။ ညီထွဋ် က မင်းကွန်း မှာ ကျောင်း လာ ဆောက် ရင်း ခင် သွားတာ ။ ဆီဒိုးနား ဟိုတယ် မင်းတုန်းခန်းမ မှာ ၂ဝဝ၄ ခု အောက်တိုဘာ ၃ဝ က စ ပြတာ ။ တစ်နှစ်လုံး ယူပြီး ပြ ထားတာ ၂၀၀၅ နှစ်ကုန် ထိ ရော ။ ဆီဒိုးနား မှာ ပြ ရလို့ ဝမ်းသာ တယ် ။ ညီထွဋ် ကို လည်း ကျေးဇူး တင်တယ် ပေါ့ ။ လွတ်လပ်မှု ကတော့ မရှိဘူး ။ ဒါ ကျွန်တော် မကြိုက်ဘူး ။ Public Show မဖြစ်ဘူး ပေါ့ ။
ဆီဒိုးနား မှာ ပြပွဲ လုပ်ဖို့ ရန်ကုန် ဆင်း တော့ ညီထွဋ် ရဲ့ မန်နေဂျာ ကိုဖိလစ် က လာ ကြိုတယ် ။ ပြီးတော့ ဟိုတယ် တစ်ခု ကို ကား မောင်းချ သွားတယ် ။ ဟိုတယ် ရောက် တော့ ဒါ ဘာလုပ်တာလဲ မေး တော့ ဒီမှာ တည်းရမယ် တဲ့ ။ မတည်းနိုင်ဘူး ဆိုတော့ ညီထွဋ် က စီစဉ်ထားတာ တဲ့ ။ ကျုပ် ကို ထောင်ပြန်ချတာ နဲ့ အတူတူပဲ ။ ဟိုတယ် ဆိုတာ ကျွန်တော် တည်းဖူးတယ် ။ ခြေထောက် နင်း ရတာ ကို က ကိုယ့် ခြေထောက် က သဲတွေ ပါလာမှာ လား ။ စိတ်ညစ်စရာ တော်တော် ကောင်းတဲ့ နေရာ ဗျ ။ ကျုပ် ရေးချင် နေတဲ့ ပန်းချီ ရေးချင် နေတာ ဆိုတော့ ကိုဖိလစ် က ဒါဖြင့် ဘယ် သွားမှာလဲတဲ့ ။ ဘုန်းကြီးကျောင်း ပို့တော့ ပြောတာနဲ့ ညီထွဋ် ကို ဖုန်း ပြန် ဆက်တယ် ။ သူ ကျေနပ်မဲ့ ဟာ လုပ်ပေးပါ တဲ့ ။ စမ်းချောင်း ထဲ မှာ တိုက်ခန်း တစ်ခန်း ငှားပြီး ပို့ထား ပေးတယ် ။ ၁၄ - ၅ ရက် ပဲ နေပြီး မင်းကွန်း ပြန် ခဲ့တယ် ။ မင်းကွန်း မှာ နေရတာ လွတ်လပ်မှု လည်း ရှိတယ် ၊ အာရုံ ရတာလည်း မတူဘူး ။ ညီထွဋ် က သူ့ ခြံ ထဲ အိမ် တစ်လုံး ဆောက် ပေးပြီး အဲဒီမှာ နေပြီး ရေး ပါလား ပြောတယ် ။ ရှုတ်ရှက်ခတ်ပြီး အာရုံ မရဘူး လို့ ။
ကျွန်တော် တို့ က လွတ်လွတ်လပ်လပ် နေတဲ့ အကောင် ။ ဆီဒိုးနားဟိုတယ် မှာ ဘိနပ် အသစ် စီး ၊ တိုက်ပုံအင်္ကျီ ဝတ် နဲ့ စိတ် က ညစ် ရော ။ ညီထွဋ် ရေ မဖြစ်ဘူး ဆိုပြီး ပြပွဲ ကို လေး - ငါးခေါက် ပဲ သွားတယ် ။
ကျုပ် က လည်း ရွတ်တွတ်တွတ် ရယ် ။ ပန်းချီကားတွေ ကို လည်း လမ်း ဘေး ပလက်ဖောင်း မှာ ချပြ ချင်သေးတယ် ။ လုပ်ချင် လုပ်ဦးမှာ ။ စိတ် ထဲ ပေါ် လာတာ ရှိသေးတယ် ။ ရန်ကုန် မှာ ပြမှာ လား ။ ရန်ကုန် တောင် မှ မြို့လယ်ခေါင် လာ ဖို့ တော်တော် ခက်တဲ့ ဆင်းရဲသားတွေ မကြည့်ရပါဘူး ။ မြို့တော်ကြီး သွားပြ ၊ ဂျာနယ် ၊ မဂ္ဂဇင်းတွေ ထဲ အုတ်အော်သောင်းနင်း ပါပေမယ့် ရာဟုလာ မသိတဲ့ လူ တွေ အများကြီး ပါ ။ ပိုက်ဆံ တော့ မရှိသေးဘူး ။ နယ်ပြပွဲတွေ လုပ်ချင်တယ် ။ ရောင်း ချင် မှ ရောင်းရ မှာပေါ့ ။
ဆိုက္ကား နင်းရင်း ကျုပ် ရေး နေတဲ့ အချိန် က ခပ်ညံ့ညံ့ ရယ် ။ ဗင်းဆင့်ဗန်းဂိုး ဆိုတာ ဘယ်သူမှန်း မသိဘူး ။ ဘာ စာအုပ် မှ လည်း မဖတ်ဖူးဘူး ။ ဂေါ်ဂင် တစ်ချပ် စ နှစ်ချပ် စ သူများ ပြလို့ မြင် ဖူးတယ် ။ အဲဒီ ကာလ မှာ ကိုယ် ရေး ချင် သလို ရေးခဲ့တာပဲ ။
မင်းကွန်း ပြောင်း လာတဲ့ နောက် ကိုယ့် ရှေ့ က ပန်းချီဆရာတွေ က ရီယယ်လစ်ဇင် ၊ အက်ပရက်ရှင် ၊ ကျူဗစ်ဇင် ၊ ဘာညာပေါ့ ဗျာ လာ ပြော ကြတယ် ။ ဘာတွေ ပြောတာလဲ ဟ ။ မင်းတို့ ပြော နိုင်ရင် ငါ ဘာလို့ မပြောနိုင်ရမှာလဲ ၊ စာအုပ် တွေ ဝယ် ဒိုင်းဒိုင်းဒိုင်း နဲ့ ဖတ် ။ သိလာတဲ့ အချိန် မှာ ရေး တဲ့ ကားတွေ က မကောင်းတော့ဘူး ဗျာ ။ သိ လာတော့ ညာ တော့ တာပဲ ။ ဒါကြောင့် အိမ် မှာ ကျွန်တော် စာ ရေး ကပ်ထားတယ် ။ ရိုးသားပါစေ ။ သူများ ကို ညာလို့ ရပေမယ့် ကိုယ့် ကိုယ် ကို ညာလို့ မရဘူး ။
သိပြီး ရေးတာ ထက် မသိခြင်း နဲ့ ရေးတာ က ပိုပြီး Art ဖြစ်တယ် ။ အနုပညာ မြောက်တယ် ။ ကျွန်တော်တို့ ပန်းချီ မှာ ပဲ ပြောတာ နော် ။ ဒါကြောင့် ကျွန်တော့် ရှိ တဲ့ စာအုပ်တွေ ယူသွားတော့ ကွာ ၊ ပေး ပစ် လိုက်ပြီ ။
ပန်းချီ ရေး တဲ့ အချိန် မှာ ရိုးသား သန့်စင်ဖို့ လိုတယ် ။ ငါ ကွ ဆိုတဲ့ မာန်မာနတွေ ၊ သူများ အပေါ် မလိုမုန်းထားမှု ၊ မနာလို ဝန်တိုမှုတွေ မွေး နေ လို့ ကတော့ ပန်းချီကား မဖြစ်ဘူး ဗျာ ။ သွားရော ။ ကျွန်တော့် ကိုယ်တွေ့ ။ သန့်စင် နေတဲ့ အချိန် မှာ ကောက် သာ လုပ်လိုက် ပေ တော့ ။ ရတယ် ၊ ဖြစ်တယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment