Thursday, February 16, 2023

ငရဲသို့ ( ၃ )


 

အောင်ကျော် ဆိုသော ငနဲ သည် ကျွန်တော် စိတ်ရှုပ်သည် ထက် ရှုပ်အောင် လုပ်၍ နေပါသည် ။ ကျွန်တော် စိတ် မရှည်ပါ ။ ထို့ကြောင့် ငယ်ငယ် က လိုပင် သူ့ အား ဆဲရေးတိုင်းထွာ ကာ အကြောင်းရင်း တို့ ကို တိုတို နှင့် လိုရင်း ရောက်အောင် အပြော ခိုင်း ပါသည် ။

ကျေးအုံ နှင့် လိုက် ပြေးသော မြို့ကြီးသား ပွဲစား ဆိုသည်မှာ အောင်ကျော် အကဲခတ်သည့် အတိုင်း လူပွဲစား ဖြစ်ပါသည် ။ ၎င်း လူပွဲစား လက်ထဲ တွင် ကျေးတောသူမကလေး ကျေးအုံ သည် ရွှေပုံ ပေါ် ၌ စံ နေရသော သူဌေးသမီး ပမာတမျှ သုံးလေးလ လောက် စံ ခဲ့ပါသည် ။ ကျေးအုံ မှာ အတတ နတတ နှင့် မို့ သူ့ ယောက်ျား ညည အပြင် ထွက် ၍ ပိုက်ဆံ ရှာသည့် အလုပ် ကို ဘာ အလုပ်ဟု မသိ ၊ ကျေနပ် ၍ နေလေသည် ။ သို့သော် ညစဉ် ညတိုင်း လို ပင် အပြင် ထွက်ပါ များ လေသော် ကျေးအုံ သည် နေမထိ ထိုင်မသာ ဖြစ်၍ လာပြန် သည် ။ ထို့ကြောင့် သူ့ လင် အပေါ်  ကနွဲ့ကလျ လုပ်ကြည့် သည် ။ သို့သော် လင်တော်မောင် လူပွဲစား အဖို့ ကျေးအုံ ၏ ကြာခြည် သဘာဝ တို့ မှာ အနုပညာ မြောက်လှပြီ ဟု မယူဆ နိုင်ချေ ။ ထို့ကြောင့် ထို ည က လင်မယား စကား များ ရာ မှ အငှား ထည့် လိုက်သော ကိန်းသို့ ဆိုက်ရောက် ခဲ့သည် ။

သို့သော် ကျေးအုံ မှာ အလွန် ကံကောင်း လှ သည် ။

အောင်ကျော် ၏ ပိရိသော အကြံအစည် နှင့် စီမံမှု တို့ ကြောင့် ပြည့်တန်ဆာမ အလောင်းအလျာ ဖြစ်သော ကျေးအုံ သည် လူမသမာ တို့ ၏ လက်ထဲ မကျရောက် ဘဲ အောင်ကျော် ချိတ်ဆက် လုပ်ထားသည့် ကာလသားများ လက် ထဲ သို့ ရောက် ခဲ့သည် ။ ယင်းသို့ ရောက်သည် နှင့် တစ်ပြိုင်နက် အောင်ကျော် သည် သူ့ မွေးစားနှမ ကျေးအုံ ကို ရွာ အရောက် ပြန်၍ ခိုးလာ သည် ။

“ ဒါတွေ ငါ စီစဉ်တာ ငါ စွမ်းလှလို့ မဟုတ်ဘူး ။ ငါ့ မိတ်ဆွေ ဆဗ် အင်စပက်တော် တစ်ယောက် ရဲ့ ဉာဏ်စွမ်း ကြောင့်ပါပဲ ။ သူ့ ကို ကျေးဇူး တင် လို့ မဆုံးပါဘူး ကွယ် ။ ကျေးအုံ ရဲ့ လူပွဲစား ငနဲ က သူ့ မယား ကို ခိုးပါတယ် ဆိုပြီး ငါတို့ ကို ဂတ်တိုင် ဖို့ လုပ် သေးတယ် ။ အဲဒီတုန်း ကတော့ ကျေးအုံ ဟာ သူ့ လင့် အကြောင်း ကို သူ မသိသေးဘဲ သူ့ လင် ဘက် ကို ပါရင် ဒီ အချိန် မှာ ငါ ထောင် ထဲ က ထွက်ရဦး မှာ မဟုတ်ဘူး ။ ကျေးအုံ က အခု မှ အကြောင်း သိ တော့ သူ့ လင် ကို သူ စိတ်နာနာ နဲ့ ဖြစ်သမျှ အကြောင်း ကို ဂတ် မှာ ဖွင့် ချတယ် ။ ဒီတော့ လူကုန်ကူးသူ မြို့ကြီးသား လည်း သူ့ အပြစ် သူ နားလည်ထားတော့ ငါတို့ ကို ဒုက္ခ မရှာတော့ဘူးကွယ့် ”

အောင်ကျော် က ဤသို့ ပြောပါသည် ။

ထိုအခါ စိတ် မရှည်နိုင်သော ကျွန်တော် က “ မင်း နှယ် ကွာ ၊ ကိုယ့် နှမ ကိုယ် သူတစ်ပါး လက် ထဲ က ပြန် ခိုးခဲ့ရပြီး တဲ့နောက် ကိုယ့် ဟာ ကိုယ် ပဲ ယူထား လိုက်ပါတော့လား ” ဟု ပြော မိသည် ။

“ ဟေ့ သာဝေ မင်း ပါးစပ်ပုပ်ကြီး နဲ့ မပြောစမ်းနဲ့ ။ သူ ဟာ ငါ နဲ့ ဘာမှ သွေးသား မစပ်တော့ ငါ ယူမယ် ဆိုရင် ယူသင့်ပါရဲ့ ။ ဒါပေမယ့် အရပ် ကို လည်း အားနာရသေး သကွယ့် ။ ဒီ အထဲ မှာ ကျေးအုံ က သူ့ လင် ဆီက ရောဂါ ပါလာလို့ ခြောက်လ လောက် အလူးအလဲ ခံ ရတယ် ”

“ အဲဒီတော့မှ မင်း စိတ်ပျက်ပြီး ငတိုး ကို လှည်းကျိုး ဝင် ထမ်း ခိုင်းတယ် မဟုတ်လား ”

“ ပြောတာ ဆုံးအောင် နားထောင်ပါဦး ကွာ ။ ခြောက်လ လောက် ငဖောင်ရိုး လို ဖြစ် နေပေမယ့် ငါ ဟာ ကျေးအုံ အပေါ် စေတနာ မချို့ခဲ့ပါဘူး ။ ငါ ကိုယ်တိုင် ဗိန္ဓောဆရာ လုပ်ပြီး သူ့ ကို ကုပေးရသေးတယ် ။ မင်း မှတ်မိ တယ် မဟုတ်လားကွာ ၊ တို့ ပဇ္ဇောတာရုံ မှာ တုန်းက ဦးပဉ္စင်း ဦးနန္ဒိယ ရဲ့ ဆေးမီးတို လကွယ် ။ ဟင်းရိုင်း ၊ ကန့် ၊ ဒုဋ္ဌာ ၊ ဇဝက်သာ ပါတဲ့ ဆေးကွာ ။ သတ္တက္ခတ္တံ လေ ။ အဲဒါနဲ့ ငါ ကု လိုက်တာ ပြဒါးတွေ ဘာတွေ ထွက်ပြီး သွားတွေ တောင် အကုန် ကျွတ်ကျရော အောက်မေ့ တယ် ။ နောက် ပြဒါးခိုး သေ သွားတော့ ဟော အခု မင်း မြင်တဲ့ အတိုင်းပဲ ”

မှန်၏ ။ ကျွန်တော် မြင်သည့် အတိုင်း ဝဝဖြိုးဖြိုး နှင့် ကျေးအုံ မှာ ရေ ဆေးပြီးသား ငါးရံ့ ပမာ တမျှ ။

ကျွန်တော် ၏ စိတ် တို့သည် အမှန်ပင် ဗရောက်ဗရက် ဖြစ်လာ ပါသည် ။ ကျွန်တော်တို့ နှစ်ဦးသား စကား ပြော နေစဉ် ကျေးအုံ သည် ကျွန်တော့် ကို ခိုး၍ ကြည့် သည် ။ သူ ခိုးကြည့် သည် ကို ကျွန်တော် ခဏခဏ လက်ပူးလက်ကြပ် မိ ပါသည် ။ မမိလျှင် ခံနိုင်ပါ့မလား ။ ကျွန်တော် ကိုယ်တိုင် ကလည်း သူ့ ကို ခိုး၍ ကြည့်မိတာ ကိုး ။

အောင်ကျော့် အပြော မှာ ကျေးအုံ ကျန်းမာလာသည့် အချိန် အတွင်း ငတိုး ကို တောင်းပန်တိုးလျှိုး ပြောဆို ၍ ကျေးအုံ နှင့် နေရာ ချ လိုက်သည် ဟု ဆိုပါသည် ။

ကျွန်တော် သည် ကျေးအုံ ကို ပြန် တွေ့ ခိုက် ၌ မူလ က ခပ်အမ်းအမ်း ဖြစ်နေ စေကာမူ ဓာတ်သိ ချင်း ဖြစ်သော ကြောင့် ရွာ ရောက်ပြီး တစ်လ လောက် ကြာ လျှင်ပင် ရှေးက ကဲ့သို့ပင် ပြန်၍ ရင်းနှီး သွားပါသည် ။ ကျွန်တော် က ကျေးအုံ ကို တွေ့သည့် အခါတိုင်း ခန်းဝင်ပစ္စည်း ဝယ်ရင်း မတ်တတ် ကုန်ကူး မိသည့် အမှား ကို သူ စိတ် ကျေအောင် တောင်းပန် မိသည် ။ သို့သော် ကျေးအုံ အဖို့ကား ထို ပြီးခဲ့သော ကိစ္စ ကို အနည်းငယ် မျှ ဂရုစိုက် ပုံ မပေါ် ။ ကျွန်တော့် အား အချစ်ဦးကြီး ၊ ရည်းစားဦးကြီး ပမာ တမျှ ထား၍ တမ်းတ လွမ်းဆွေး သော အမူအရာ လည်း မရှိ ။

သို့သော် သူ့ လင်တော်မောင် ငတိုး နှင့် လည်း အလွန် နှစ်သက်အားရ ကျေနပ်လှပြီ ဟူသော အမူအရာ ကို လည်း မပြ ။ ငတိုး မှာ မူလ က ပင် လျှင် သူ တစ်ပါး ခိုင်းသမျှ ကို သာ နာခံတတ် သူ ဖြစ်ရာ ကျေးအုံ ၏ လက်ခုပ် ထဲ တွင် ရေပမာ ဖြစ်နေ ရှာသည် ။

ကျေးအုံ က “ ဟင်း ” ဟု တစ်ချက် ငေါက်လျှင် ငတိုး သည် နားရွက် ကုပ် ၍ သွား တတ်သည် ။

ကျွန်တော် က သည် ကဲ့သို့ လင် နိုင်သော သဘာဝ ကို မကြိုက် ။ ထို့ကြောင့် “ ကျေးအုံ ရယ် ၊ ကိုယ့်လင် ကိုယ့်သား ဖြစ်လာတဲ့ နောက် နင် ငတိုး ကို မနိုင်ချင်စမ်းပါနဲ့ ။ ငါ့ လက်အောက် မှာ ငတိုး ဟာ ဟဲ့ လို့ မှ အငေါက် မခံရဖူးပါဘူး ” ဟု ပြော မိသည် ။ ထိုအခါ ကျေးအုံ သည် ထဘီ ကို စွန်တောင် ဆွဲ ကာ ကျွန်တော့် ကို ပါ ရန်တွေ့ လေတော့သည် ။

“ တော်ပါ မောင်ကြီး သာဝေ ရဲ့  ၊ မောင်ကြီး လူ ကို ထိတာ နာရင် ပြန် ခေါ် သွားပါ ။ တော့် လူ က လူ မှ မဟုတ်ဘဲ ။ သစ်တုံးကြီး တော့ ၊ သစ်တုံးကြီး ”

ကျေးအုံ ဤသို့ ပြောပြီး ငိုပါတော့သည် ။

ကျွန်တော် လည်း သူ့ အနား မှာ မနေတတ် မထိုင်တတ် ဖြစ်လာ သဖြင့် အောင်ကျော် ၏ မိဘများ ရှိရာ သို့ စကားရော ဖွဲရော လုပ်ကာ လှည့် ထွက် လာခဲ့သည် ။

ကျွန်တော် ယခုလို မြန်မြန် လှည့်ထွက် လာသည်မှာ ကောင်းသည် ။ သို့မဟုတ် လျှင် ကျွန်တော် သည် ကိုယ့် စိတ် ကို ကိုယ် ထိန်းနိုင်ဖို့ ခဲယဉ်းလိမ့် မည် ။

ကျွန်တော် သည် ကျေးအုံ ၏ ရူပါရုံ ရေယဉ်ကျော တွင် မျောနေ ခဲ့ သည် ။ ကျွန်တော် ဤသို့ မျော နေသည် ကို ကျွန်တော့် မိန်းမ ရိပ်မိလိမ့်မည် ဟု မထင်ခဲ့ ။ သို့သော် မိန်းမ ဆိုသဟာ ဘယ်လို ဟာမျိုး လည်း မသိ ။ ကျွန်တော်တို့ ယောက်ျားများ က ဘယ်သူမှ မသိနိုင် ဟု ယူဆသော ကိစ္စ ကို သူတို့ ပေါက် ပေါက် ရှာရှာ သိ တတ်သည် ။ ထို့ကြောင့် ကျွန်တော် နှင့် ကျေးအုံ တို့ နှစ်ဦး သား အောင်ကျော် ၏ မိဘများ အိမ် မှာ မကြာခဏ ဆုံတွေ့ကြသည် ကို ကျွန်တော့် မိန်းမ ရိပ်မိ သွားသည် ။ ရိပ်မိရုံ မျှ မက ကျွန်တော်တို့ နှစ်ဦးသား ရှေးဟောင်း နှောင်းဖြစ် စကား ပြော နေကြသည် ကို ပင် ကျွန်တော့် မိန်းမ မိ သွားသည် ။

ကျွန်တော် သည် ကျေးအုံ ၏ ရူပါရုံ ညွှတ်ကွင်း သို့ သက်ဆင်းခဲ့ မိသည် မှန် သော်လည်း ဒု သ န သော ကို အမှန် ကြောက်တတ်သူ ဖြစ်ပါသည် ။ အောင်ကျော် နှင့် ငတိုး တို့ ကိုယ်တိုင် ကျွန်တော် ၏ သမာဓိ ကို ဒွိဟ မရှိခဲ့ပါ ။ သို့သော် ကျွန်တော့် မိန်းမ ၏ ဒွိဟ ကို မူ ကျွန်တော် က ပြေအောင် မဖြေနိုင်ပါ ။ ထို့အတွက် ကြောင့် ကျေးအုံ ၏ ရူပါရုံ ထောင်ချောက် မှ ဝေးရလေအောင် ကျွန်တော့် မိန်းမ ၏ မိဘ ရပ်ဌာန် ကို ပြန်ကြပါသည် ။

ကျေးအုံ နှင့် ဤတွင် ရေစက် ကုန် ခဲ့လျှင် ကျွန်တော် စိတ်ချမ်းသာ မည် ။ သို့ရာတွင် နဖူးစာ ဆိုသည် မှာ အတော် ခက်သည် ။ ပြန်လည် ဆုံတွေ့ လို သော ဆန္ဒ ရှိလျှင် ဆုံတွေ့ ရဖို့ ခက်ကောင်း ခက်မည် ။ မဆုံချင် ပြန်သော အခါ၌ ကား ပြန်၍ ဆုံရ တတ်သည် ။

အကြောင်းမှာ မူ ကျွန်တော် သည် ကျေးအုံ နှင့် တကွ အောင်ကျော် ကို ပါ ကျွန်တော့် မိန်းမ မိဘများ ၏ ရွာ ၌ ပြန်လည် ဆုံတွေ့ ရရုံ မျှ မက သူတို့ နှစ်ဦးသား ကို ပင် တစ်လ သေသေ တစ်လ ဆန်းဆန်း ကျွေးမွေး ထားရသည့် အခြေ သို့ ဆိုက်ခဲ့ ခြင်းကြောင့် ဖြစ်သည် ။

ကျေးအုံ ၏ လင် မှာ ငတိုး ဖြစ်သည် ။ သို့သော် ယခု အောင်ကျော် သည် ကျေးအုံ နှင့် တွဲ၍ ကျွန်တော် ၏ အိမ်ပေါ် သို့ ပိုင်စိုးပိုင်နင်း တက်လာသည် ။ စာရှုသူတို့ စိတ် ထဲ မှာ အတော်ပင် ဇာတ်လမ်း ရှုပ်ထွေး သွားလိမ့်မည် ထင်ပါ သည် ။ စင်စစ် ကျွန်တော် ကိုယ်တိုင် လည်း ကိုယ့် ဇာတ်လမ်း ကို ကိုယ် မမှတ်မိ နိုင်လောက် အောင် ဖြစ်သွားပါသည် ။ ထို့ကြောင့် သူတို့ နှစ်ဦးသား ကျွန်တော့် အိမ် ပေါ် တက်လာကြသော အခါ ကျွန်တော် က ပင် စတင် ၍ -

“ နေပါဦးကွ အောင်ကျော် ရ ၊ ကျေးအုံ့ ယောက်ျား ကော ဘယ်မှာလဲ ”

ဟု မေးမိသည် ။

အောင်ကျော် ဆိုသော ငနဲ က စပ်ဖြဲဖြဲ လုပ် နေသည် ။ “ ဒီမှာပေါ့ကွ ၊ ဒီမှာ ” ဟု အောင်ကျော် က သူ့ ကိုယ် သူ လက်ညှိုး ထိုး ပြသည် ။

ထိုအခါ ကျွန်တော့် မိန်းမ က “ ဒီမယ် ကိုအောင်ကျော် ၊ ရှင်တို့ ဥစ္စာ ရှုပ်ရှုပ်ပွေပွေ နိုင်လှချည့်လား ” ဟု ဝင် တော လိုက်သည် ။

ကျွန်တော် သည် ကျွန်တော် ၏ ငယ်သူငယ်ချင်း ကို ကျွန်တော့် မိန်းမ က မရှုစိမ့်ဘိ သကဲ့သို့ ပြောခြင်း ကို မနှစ်သက်ပါ ။

“ ဟေ့ ဟေ့ မချစ်စု ၊ ဒီမယ် မိန်းမ ရဲ့ ။ မင်း အတွက် ကြောင့် သူငယ်ချင်း မေတ္တာ မပျက်ပါရစေနဲ့ ။ မင်း သတိထား စကား ပြောပါ ” ဟု ငေါက် လိုက်သည် ။ ကျွန်တော့် မိန်းမ က “ အမလေး ၊ ကျွန်မ က ရှင်တို့ သူငယ်ချင်း စပ်ကြား ကို ဝင်ပြီး ကုန်းတိုက်တဲ့ အစား မဟုတ်ပါဘူး ရှင် ။ ကိုသာဝေ ၊ ရှင် ချစ်စု အကြောင်း မသိသေးဘူးလား ဟင် ။ လင် က ကြည်ဖြူ တာ ကို ကျုပ် လည်း ကြည်ဖြူနိုင်ပါသတော့ ။ အခု ရှင် ပြောပုံက ကိုရင်အောင်ကျော် ကို ကျုပ် က မလိုတမာ ရှိလို့ ပြော သလိုလို ဖြစ်နေပါ ပကော ။ အမှန်တော့ ကျုပ် က ဇာတ်ရှုပ်ကြီး ကို နား မလည်လို့ နားလည်အောင် ရှင်းပြ စေချင်သတော့ ” ဟု ကျွန်တော့် အား ကက်ကက်လန် အောင် ရန် တွေ့ ပါသည် ။

အောင်ကျော် က သက်ပြင်း ဟီးခနဲ ချ လိုက်သည် ။

“ မချစ်စုရယ် ၊ အပြစ် တင် ရင် လည်း ခံ ရမှာပဲ ။ အခု ဖြစ်သမျှ ဟာ စေတနာ အကျိုးပေးချည်းပါပဲ ကွယ့် ။ ကံ ပစ်ချတဲ့ အတိုင်းမို့ စိတ် လည်း မဆိုးနဲ့ ဟေ့ ။ တို့ အကြောင်း ပြောရင် ပုဂံရာဇဝင် တုတ်ထမ်း ပြောရတာ ထက် ကဲ လိမ့်မယ် ”

အောင်ကျော် သည် ဤသို့ နိဒါန်း ချီပြီး သူ အဖြစ် ကို ဇာတ်ကြောင်း လှန်သည် ။ လှန်သမျှ ဇာတ်ကြောင်း မှာ ကြည့် မကောင်းလှပါ ။ ကျွန်တော်တို့ ရွာ မှ ပြန်လာပြီး သည့် နောက် ကျေးအုံ သည် သူ့ လင် ငတိုး အပေါ်  ပို ၍ အနိုင်ကျင့်သည် ဟု အောင်ကျော် က ပြောပါသည် ။ “ ဟဲ့ သစ်တုံးကြီး ၊ ဟဲ့ ငုတ်တိုကြီး ” ဟု ငတိုး ကို မှိုချိုး မျှစ်ချိုး ချိုး လာ ပါသည် ။ ဤသို့ ချိုးရုံ မျှ မက ငတိုး ကို ညဉ့်အိပ် ညဉ့်နေ တစ်ရွာ တစ်ကျေး သို့ ထွက်၍ အလုပ် လုပ် ခိုင်းသည် ။

ငတိုး အိမ် ၌ မရှိသည့် အခါ ကျေးအုံ ၏ အိပ်ခန်း မှ ည ည ချွတ်ချွတ်သံ ကြား ရသည် ။

တစ်ည တွင် ကျေးအုံ ၏ အိပ်ခန်း ထဲ သို့ လူ တစ်ယောက် ဝင်သွား သယောင်ယောင် အောင်ကျော် မြင် လိုက်သည် ။ အောင်ကျော် စိတ် ထဲ ၌ ငတိုး ပြန်လာသည် ဟု ထင်သည် ။ သို့သော် နံနက် လင်း ၌ ငတိုး ပြန် မလာပါ ။

သည်တွင် မှ အောင်ကျော် သင်္ကာမကင်း ဖြစ်လာ၍ ည အခါ ချောင်း ဖမ်းသည် ။ ကျေးအုံ ကို ခိုးထုပ် ခိုးထည် နှင့် မိ ပြန်သည် ။ ကျေးအုံ ၏ လင်ငယ် မှာ အခြား မဟုတ် ၊ သူကြီးသား လူပျိုပေါက်စလေး ဖြစ်သည် ။

“ ငါ က မိ ပေမယ့် ကျေးအုံ အပေါ် စေတနာ မကွက်နိုင်သေးဖူး ကွယ့် ။ သူ ဒီ အကျင့် ရှိတယ် ။ ရှိတာဟာ သူ့ လင် ကို က အဟုတ်ဘဲ သစ်တုံးကြီး လို ၊ သစ်ငုတ်တိုကြီး လို မလှုပ်မယှက် သမားမို့ ပဲ လို့ ငါ တွေးမိတယ် ။ အခုလို ခိုးထုပ် ခိုးထည် နဲ့ မိတာ ကို ငါ က ရပ်သူရွာသား ကြား အောင် အော်ကျယ် အော်ကျယ် လုပ်ရင် ကျေးအုံ တို့ လင်မယား သက်သက် အချင်း များမယ် မဟုတ်လား ။ ဒီတော့ ငါ က သင်းတို့ အပေါ် စေတနာဗရပွ ထား ပြီး လင်ငယ် နောက်ဖေး ပေါက် က ဆင်းသွားတာ ကို ခလုတ် တိုက် လဲ မှာ စိုးလို့ မှန်အိမ် ဆွဲပြီး ပြ လိုက်သေး သကွ ”

အောင်ကျော် က ယင်းသို့ ပြောပြီး တံတွေး ပြစ်ပြစ် ထွေး ကာ တောက် ခေါက် လိုက်သည် ။

“ ထွီ ၊ ငါ က စေတနာ ထားပါလျက် က နဲ့ လူတွေ ကလည်း သောက် သုံး မကျပါဘူးကွာ ။ ဟို ခွေးမသား သူကြီးသား က ပါးစပ်မောင်း ခတ် သကွယ့် ။ ကျေးအုံ ကို သူ ရတယ် ဆိုပြီး သင်းတို့ ကာလသား အချင်းချင်း လျှောက် ပြောတယ် ။ ပြောတဲ့ အထဲ မှာ ငါ ကပဲ အလိုတူ အလိုပါ မို့ မီးခွက် ကိုင်ပြီး အောက်စောင့် လုပ် သလိုလို ပြောတယ် ။ အဲဒါကို ကိုယ်တော်မြတ် ငတိုး က ကြားတော့ တုတ်တပြက် ဓားတပြက် နဲ့ ။ ငါ ထိုင်ပြီး ရှိခိုး ရ မလောက် ရှင်းပြရ သေးတယ် ။ ဒါပေမဲ့ လွန်တဲ့ ဟာ အဖတ် ဆယ် မရတော့ပါ ဘူး ကွယ် ။ ဒါနဲ့ပဲ ငတိုး လည်း ငါ ရှိခိုးဦးတင် တောင်းပန် တဲ့ ကြား ထဲ က ကျေးအုံ ကို စွန့်ပြီး ပြေးပါလေရော ။ ငါတို့ မလည်း ကျေးအုံ ကြောင့် တစ်ရှက် က နှစ်ရှက် ကွဲခဲ့ကြရတာ ချည်းပဲ ။ အဲဒီ အထဲ မှာ ငါတို့ ကို မိဘ နှစ်ပါး က မျက်နှာ လွှဲခဲ့ပြန်ပြီ ”

“ ဘယ်လိုလဲ ဟ ၊ ဘကြီး နဲ့ ကြီးဒေါ် တို့ ရွာ မှာ ရှိတယ် မဟုတ်လား ”

“ မနှစ်က ကတည်း က ဆုံးတယ် ။ မင်း ကို တောင် အကြောင်း မကြား နိုင်ပါဘူး ကွယ် ။ သူတို့ နှစ်ဦးစလုံး ဆုံးတော့ ငါတို့ မှာ မောင်နှမ နှစ်ယောက် လို နေတာပဲကွယ့် ။ ဒါပေမဲ့ ငါ့ မှာ စေတနာ အလျှောက် မီးတိုင် ကိုင် ပြတဲ့ အောက်စောင့် ဘဝ ကို ခဏခဏ ရောက်ရဖို့ ကိန်း ကြုံကြုံ လာတယ် ။ ဒီတော့ ကြာရင် ကျေးအုံ ဟာ အဖတ် ဆယ်လို့ ရမှာ မဟုတ်တော့ဘူး ။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် ငါ့ စေတနာ ဖြူစင် ရင် ပြီးတာပဲ ။ ခုမှတော့ မထူးပါဘူး ဆိုပြီး ငါ လည်း ငါ့ မွေးစား နှမ ကို ငါ ယူမယ် လို့ ငါ့ ဟာ ငါ စိတ်ကူး ပေါက်ပြီး ရွာမိရွာဖတွေ ကို ဖိတ်ကြား လို့ မို့ တင့်တောင့် တင့်တယ် မင်္ဂလာ ဆောင် လိုက်တာပဲ ”

“ သာဓုကွယ် သာဓု ၊ မင်း ဒီလို အဖတ်ဆယ် လိုက်လို့ ကျေးအုံ လည်း လူ နဲ့ ပြန်ပြီး တူ လာရတာပေါ့ ” ဟု ကျွန်တော် က အောင်ကျော် အား ထောက်ခံ မိပါသည် ။ ထိုအခါ အောင်ကျော် က ကျွန်တော့် ကို မသင်္ကာ သော မျက်နှာ ထား နှင့် ကြည့်၍ -

“ အေး ၊ ငါ့ ကို ရပ်ရွာလူကြီးတွေ က ပထမ တော့ ဒီလို ပြောတာပဲကွ ။ နောက်တော့ ခွေးမသား အောင်ကျော် ဟာ ကိုယ့် မွေးစား နှမ ကို ကိုယ် ဖျက်ပြီး တစ်သက်လုံး မွေး ထားတဲ့ ကြက် တစ်မနက်တည်း နဲ့ သတ်စားတယ် လို့ ပြောကြတယ် ။ ပြောရုံ မကဘူး ဟေ့ ၊ မင်္ဂလာ ဆောင် ပြီးတဲ့ နောက် ခဲ ခုနစ်ရက် ဆက် ကျတယ် ။ ဒါကြောင့် ငါ မနေနိုင် လို့ ဟိုဘက် ရွာ ကို ရွှေ့ နေ ရတယ် ။ အဲဟိုမှာ တစ်လ ကိုးသီးတင်း နေလို့ အသား လည်း ကျရော ကျေးအုံ လည်း စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို ဖြစ်လာတာပဲ ။ အရင် ရောဂါငုတ်ကလေး က ပြန် ပေါ်တယ် ထင်ပါရဲ့ ကွယ် ။ ဒါကြောင့် မင်းတို့ ဆီ ကို လာပြီး ကု,လား ဆရာဝန် နဲ့ ကု မလို့ ကြံစည်မိတယ် ”

အောင်ကျော် သည် ကျွန်တော် နှင့် ကျွန်တော့် မိန်းမ အား ယင်းသို့ ရှင်းပြလိုက်သော အခါ ၊ အထူးသဖြင့် ကျွန်တော့် မိန်းမ က အောင်ကျော် ၏ စေတနာ ကို ရိုသေသော အား ဖြင့် အနူးအညွတ် ခွင့်လွှတ်ကာ သူတို့ လင်မယား နှစ်ဦး ကို အိမ်ဦးခန်း ၌ တင်၍ ပြုစုပါသည် ။

အောင်ကျော် လည်း ကျွန်တော့် အိမ် ၌ တစ်လ ကိုးသီတင်း နေထိုင် ပြီး လျှင် အိမ်ခွဲ ၍ နေပါသည် ။

ယခုအခါ ကျေးအုံ သည် လည်း စင်၍ လာပါပြီ ။ ကျွန်တော် အကဲခတ် ကြည့် သည် ။ ကျေးအုံ မှာ ယခင် က နှင့် များစွာ မတူတော့ပါ ။ ငယ်ရွယ်စဉ် အမိုက် ဘဝ က မှားခဲ့ သမျှ ကို ပြန်၍ နောင်တ တရား ရ နေဟန် ရှိ ပါသည် ။

သူတို့ ၏ စီးပွားရေး မှာ လည်း မခေလှပါ ။ ယခု သူတို့ လင်မယား နှစ်ဦး ကုန်စုံဆိုင်ကလေး ဖွင့်ထား နိုင်ပါပြီ ။ စင်စစ် သူတို့ ဆိုင် သည် ကျွန်တော်တို့ ရွာ ထဲ တွင် အရောင်းရဆုံး ဖြစ်သည် ။ အထူးသဖြင့် လူပျိုကာလသားများ ဝိုင်းအုံ ၀ယ်ခြမ်းရာ ဒေသဖြစ် သည် ။

ကျေးအုံ ၏ စပါးကြည့် ကြည့်ခြင်း သည် ရပ်ရွာ ရှိ ကာလသား တို့ ကို ဆွဲငင် ၍ ထား ပါသည် ။ ထို့ကြောင့် သူ့ ဆိုင် ရောင်း ကောင်း ပါသည် ။

ယခု တစ်နှစ် နှစ်နှစ် အတွင်း မှာပင် သူတို့ လင်မယား သည် ကိုယ်ပိုင် မြေယာ ၊ ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် ဆိုင်ခန်း နှင့် ဖြစ် နေ ပါပြီ ။ ထို့ကြောင့် ကျွန်တော် ၏ သူငယ်ချင်း မောင်အောင်ကျော် သည် အသက် သုံးဆယ် ကျော် ခါ မှ မိန်းမ ရသည့် ကံ က ထူးလှပါပေသည် ဟု ဆိုလိုက်ချင်ပါသည် ။ သူတို့ နှစ်ဦး မှာ ငယ်စဉ်က ပင်လျှင် မောင်နှမ အရင်းအချာ ကဲ့ သို့ နေလာကြ၍ တစ်ယောက် အကြောင်း တစ်ယောက် အစဉ်း သိ ဖြစ်ပြီး လျှင် တစ်ဦး ၏ အနွံအတာ ကို တစ်ဦး ခံ၍ သင့်မြတ်စွာ နေထိုင်နိုင်ကြ ပေလိမ့်မည် ။ ထို့ကြောင့် လည်း အောင်ကျော် မှာ စိတ်အေးချမ်းသည့် ရုပ် ကို ဆောင်ရသည် မဟုတ်ပါလော ။

ကျွန်တော် တို့ နှစ်ဦး သည် ယခုအခါ အသက် လေးဆယ် နား နီး လာ ကြပြီ ။ မိမိတို့ အလုပ် နှင့် မိမိ တို့ တစ်ဦး နှင့် တစ်ဦး များစွာ ဆုံတွေ့ခဲ လှသည် ။ ထို့ကြောင့် အောင်ကျော် နှင့် တစ်နေ့သ၌ တွေ့ သော အခါ အောင်ကျော် သည် အနည်းငယ် ပိန် ၍ မျက်တွင်း ဟောက် နေသည် ကို ကျွန်တော် ဂရု ပြု မိပါသည် ။

“ ဟေ့ အောင်ကျော် ရ ၊ မင်း က စီးပွား ဖြစ်ချင်လွန်းတဲ့ ဇော နဲ့ လောဘ သိပ် မကြီး နဲ့ သူငယ်ချင်း ရဲ့ ။ ဝီရိယ လွန်အားကြီးတော့ ကျန်းမာရေး ထိခိုက်လိမ့်မယ် ” ဟု ကျွန်တော် က အောင်ကျော် အား သတိ ပေး မိပါသည် ။

ထိုအခါ အောင်ကျော် က ကျွန်တော့် ကို ပြန် ပြောသည် ။

“ ဟေ့ ငါ့ မှာ စီးပွားရေး လောဘ သိပ်မရှိဘူး ဆိုတာ မင်း အသိဆုံးပါ ကွ ။ ငါ ငါးဖောင်ရိုး လို ဖြစ် နေတာ ကို မင်း က အကြောင်းရင်း မရိပ်မိ ဘူးလား ဟ ။ ဟေ့ ငါ့ မှာ သောကတွေ ဗရပွေ နဲ့ နေ့စဉ် နှင့် အမျှ ငရဲ ကြီး နေရ သကွယ့် ”

ကျွန်တော် သည် ခေါင်းနားပန်း ကြီး သွားသည် ။

“ ဟဲ့ သူငယ်ချင်း ရ ၊ ဘယ်လို သောကတွေ ပွေ နေတာတုံး ”

“ မင်းနှယ် ကွာ ၊ ကျေးအုံ ရဲ့ ဆိုင် မှာ လူပျိုတွေ လက်ပံပင် ဆက်ရက် ကျ သလို ကျနေပါ လျက် က နဲ့ ကျေးအုံ အကြောင်း အစဉ်း သိ ဖြစ်တဲ့ ငါ ဟာ သင်း ကို စိတ်ချ လက်ချ လွှတ်ထား နိုင်ပါ့မလား ကွယ့် ။ ဟေ့ မင်း မသိဘူး နော် ၊ ဒီ အပူ လောက် ပူ တဲ့ အပူ ဟာ ဘယ် အပူ မှ မရှိဘူးလဟ ။ ဟေ့ ငတိုး ရဲ့ မိန်းမ နဲ့ ပတ်သက်လို့ ငါ က ကြား ထဲ က ဝင်ပြီး သဘော ကြီးကြီး ထားလို့ မို့ မှန်အိမ် ကိုင် ပြ နိုင်ပေမယ့် ၊ အောင်ကျော် မိန်းမ နဲ့ ပတ်သက် လာ တဲ့ အခါကျ တော့ ဒင့်မေကလွှား နည်းနည်းလေး မှ အောင်ကျော် က စိတ် မချနိုင်ဘူး ဟေ့ ။ ဒါ့ကြောင့် ငါ ဟာ နေ့စဉ် နဲ့ အမျှ စိတ် ဆင်းရဲ နေတယ် ။ စိတ် ဆင်းရဲ တဲ့ ဘဝ ဟာ ငရဲ ကျ တဲ့ ဘဝ ပါပဲ ”

စင်စစ် ကျေးအုံ သည် ယခုအခါ အရင် က လောက် မဆိုးတော့ပါ ။ အောင်ကျော် ၏ စေတနာ ကြောင့် အဖတ် ဆယ် ၍ ရ နေပါပြီ ။ သို့သော် ကျေးအုံ ၏ စရိုက် ကို အစဉ်းသိ ဖြစ်သော အောင်ကျော် သည် စေတနာ ၏ အကျိုးဆက် ကြောင့် ငရဲ သို့ လား နေသည် ကို လည်း မယုံကြည်စရာ မရှိ ဟု မပြောနိုင်ပါ ။ ယခု ကျွန်တော် ဤ အကြောင်း ကို ပြောပြနေဆဲ ခဏ၌ ပင် လျှင် ကျေးအုံ သည် အောင်ကျော် ကို ရှေ့ ထား၍ ရန်ကုန် မှ ပြန် လာသော တက္ကသိုလ် ကျောင်းသားလေး တစ်ဦး ကို ပြီတီတီ လုပ် နေပါသည် ။

◾မောင်ထင်

📖 ရှုမဝ
      နိုဝင်ဘာ ၊ ၁၉၅၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment