❝ နေဝင်းမြင့် ❞
( ယာခရိုး က ရွှေချိုးကူသံ )
ပထမဦးဆုံး က ရုပ်မြင်သံကြားစက် များ ၊ နောက်တော့ ဗီဒီယိုပြစက် ၊ ထို့နောက် ဗီစီဒီ ၊ ဒီဗွီဒီ ၊ ကွန်ပျူတာ စသည် ဖြင့် နည်းပညာဖွံ့ဖြိုးမှု နှင့် အတူ လူထု ဆက်သွယ်ရေးပစ္စည်း တို့ အလျှံပယ် ပေါကြွယ်ဝ လှသော ၂၀ ရာစု အကုန် ၂၁ ရာစု အကူး သည်ဘက်ပိုင်း နှစ်ကာလတွေ ထဲ မှာ တစ်ခါက ကျွန်တော်တို့ ၏ ရုပ်ရှင်ရုံများ တိတ်ဆိတ် ခြောက်ကပ် သွားခဲ့သည် က တော့ အမှန်ပဲ ဖြစ်ပါသည် ။
လူတွေ ရုပ်ရှင်ရုံ ရှိ ရာ ကို သိပ် မသွားကြတော့ ။ ကော်ဖီ သောက်ရင်း ၊ မီးပူ တိုက်ရင်း ၊ အာလူး ခွာရင်း ၊ နောက်ဖေး အိမ်ရှေ့ ဖြတ်သွား ဖြတ်လာ လုပ်ရင်း ကိုယ့် အိမ် ထဲ က ရုပ်မြင်သံကြား ဖန်သားပြင် ၊ ဒါမှမဟုတ် ကွန်ပျူတာ မော်နီတာ ဆီ သွားခလုတ် လာခလုတ် လှမ်း ကြည့်ရုံ နှင့် ရသ ခံစား ကြသော ခေတ် ဖြစ်ရာ ကျွန်တော် ကိုယ်တိုင် လည်း ရုပ်ရှင် မကြည့်ဖြစ် သည် မှာ ကြာပါပြီ ။
ရှားပါးသည့် ရှေး ရုပ်ရှင်ကား တချို့တလေ ၊ ဒါမှမဟုတ် ရုပ်ရှင်ရုံကြီး များ မှာ အရသာ တွေ့နိုင်မည် ဟု ယူဆ မိသော ဇာတ်ကားများ ရုံ ဝင် သည့် အခါတွင် မှ သာ ရုပ်ရှင်ရုံ ထဲ သို့ ကျွန်တော် ဝင် ဖြစ် ပါတော့သည် ။
ရှားရှားပါးပါး သည် နှစ် ထဲ မှာ ရုပ်ရှင်ရုံ ထဲ သို့ ကျွန်တော် ရောက် သွားပါသည် ။ ကြိုးတန်း ကို ကြည့် ဖို့ ။ မခင်ခင်ထူး ရေးသည့် ဝတ္ထုတို ကို နေဝင်းမြင့် က ဇာတ်ညွှန်း ခွဲ ထားသည့် ဇာတ်ကား ဖြစ်သဖြင့် ကြည့်ချင် စိတ် ပေါ် လာသောကြောင့် ပင် ဖြစ် ပါသည် ။
တကယ်တော့ သည် ဝတ္ထုတိုကလေး ကို ကျွန်တော် ဖတ်ဖြစ်ခဲ့သည် မှာ ၁၀ နှစ် လောက် ရှိခဲ့ပြီ ။ ဝတ္ထု က ၁၉၉၉ ခုနှစ် တုန်း က ဝတ္ထု ။ အခု ရုပ်ရှင် က ၂၀၀၉ ခုနှစ် အတွက် ဇာတ်ကား ။ ၁ဝ နှစ် ။ သို့သော် ဝတ္ထု တုန်း က လည်း ကြိုးတန်း ၊ ရုပ်ရှင် ကျတော့ လည်း ကြိုးတန်း ၊ ကျွန်တော် က ရုပ်ရှင်ရုံ ထဲ မှာ ထိုင် နေရင်း ကိုနေဝင်းမြင့် ကို ဖျတ်ခနဲ ဖျတ်ခနဲ ဆို သလို သတိရ နေ မိတာ က တော့ အမှန်ပဲ ဖြစ် ပါလေသည် ။
°°°°°° °°°°° °°°°°°°
ကြိုးတန်း ကို ရုံ မတင်မီ ၂၀၀၉ ခုနှစ် သင်္ကြန်ရက် များ အကြိုကာလ တွေ ထဲ မှာ ကိုနေဝင်းမြင့် ရန်ကုန် ကို ခပ်စိပ်စိပ် ရောက်လာ ပါသည် ။ City Star ဟိုတယ် ၌ ခဏ ခိုနားကာ သူ့ ပြည်ဝင်ခွင့် ကိစ္စ ( Visa ) များ ဆောင်ရွက်စဉ် ကျွန်တော် နှင့် နှစ်ကြိမ် သုံးကြိမ် ဆိုသလို တွေ့ဖြစ် ပါသည် ။ City Star ဟိုတယ် ဧည့်ခန်းဆောင် ထဲ မှာ ဟို အကြောင်း သည် အကြောင်း တွေ ပြော ကြရင်း ကျွန်တော်တို့ စကားဝိုင်း က ကြိုးတန်း ဘက် ကို ရောက် ရောက် သွားပါသည် ။
“ ခင်ဗျား ရုပ်ရှင် ဖြစ်အောင် တော်တော် ဖွရမယ် ထင်တယ် ကိုနေဝင်းမြင့် ရဲ့”
“ ဖွ ရ တာပေါ့ ကိုချို ရဲ့ ၊ အများကြီး ဖွ ပစ်တာ ၊ ဒါပေမဲ့ ရုပ်ရှင် ရိုက်တော့ ကျွန်တော့် ဇာတ်ညွှန်း ထဲ က တချို့ အခန်းတွေ ဖြုတ် ပစ် တယ်ဗျ ။ ကျွန်တော် လည်း ပြော မနေတော့ပါဘူး ဗျာ ”
တကယ်တော့ မခင်ခင်ထူး ဝတ္ထု က Satire ကလေး ဖြစ် ပါသည် ။ သရော်ပုံ လှပသည့် ဝတ္ထုကလေး ။ ဧရာဝတီ မြစ်ရေ ကျ သွားချိန်များ မှာ ပေါ်လာ တတ်သည့် သောင်ကတုံးကလေး ပေါ် က တံငါ တဲကလေး နှစ်လုံး ၊ မိသားစု နှစ်စု ၏ ဘဝ ပြဿနာ ။
လှေဦး စို တော့ စို ၊ လှေဦး ခြောက် တော့ ခြောက် ရှာ စား ကြရသည့် ဘဝတူ တွေ ဖြစ်ကြပြီး မိသားစု နှစ်ခုလုံး ၏ အိပ်မက် က မြစ် အရှေ့ဘက်ကမ်း ကိုချစ်တီး ဆိုင် က အပေါင်ဆုံး ကက်ဆက်ဟောင်းကလေး ။
နောက်တော့ သည် တဲကလေး နှစ်လုံး ကြား မှာ မစ္ဆရိယ စိတ် တွေ ၊ သံသယ တွေ ဝင် လာသည် ။ တစ် တဲ မှာ ငါးကြီး ငါးကောင်း ရ တော့ တစ် တဲ က မကျေနပ် ။
နောက်တော့ တစ် တဲ မှာက ငါး ပျောက် ၊ တ စ်တဲ မှာ က ပိုက်ကွန်တွေ အဖျက်ဆီး ခံရ ၊ မိန်းမသားချင်း ခွန်းကြီး ခွန်းငယ် တွေ ပြောကြ ။ နောက်ဆုံး မှာ တော့ တဲ နှစ်လုံး ကြား မှာ ကြိုးတန်း တစ်တန်း တန်း ပစ် လိုက်ကြသည် ။ ကြွပ်ကြွပ်အိတ်တွေ ကို ကြိုးတန်း မှာ တန်းစီ ပြီး ချည်နှောင် ထား လိုက်ရာက အခေါ်အပြော အဆက်အဆံ မလုပ်ကြတော့ ။ ယောက်ျား နှစ်ယောက် က လည်း အရက် အတူ မသောက်ဖြစ် ကြတော့ ။
စီးပွား ပြိုင် ကြတာပေါ့ ဟူ၍ မခင်ခင်ထူး က ခပ်ငေါ့ငေါ့ အဆုံးသတ် ထားသော ဝတ္ထုတိုကလေး ဖြစ်ပါသည် ။
သည် ကြိုးတန်း ရုပ်ရှင်ပိတ်ကား ပေါ် ရောက်သွားသည့် အခါ မှာ တော့ ဇာတ် က မြိုင်သွား ဆိုင်သွား သည် ။ တံငါသည် မိသားစု တစ်ခုချင်း ၏ မေတ္တာဇာတ်လမ်း တွေ ပါ လာ သည် ။ လှေ အခိုး ခံရတာတွေ ၊ မယ်ဒလင် ပျောက်တာတွေ ၊ အိပ်မက်ခန်းတွေ ၊ ဆရာတော်ဘုရား က လာရောက် နားချတာတွေ ၊ ယောက်ျား နှစ်ယောက် သတ်ပုတ်ခန်းတွေ ။
“ သောင်ကတုံး ကိုယ်တိုင် က ဘာမှ မမြဲတဲ့ နေရာ ကိုချို ရယ် ၊ ရေ တက် လာတော့ မြုပ် မှာ ၊ အဲဒါကို ကြိုးတန်း တန်း ထား သေးတယ် ၊ ဘယ်အထိ တန်း မှာလဲ ၊ သံသရာ အထိ ဆက် တန်းနေဦး မှာ လား ”
သူ က ဆက်တီ မှာ ဖိုင့်ဖိုင့်အိုင့်အိုင့်ကြီး ထိုင် ရင်း ကွမ်းတမြုံ့မြုံ့ ကြား က တတွတ်တွတ် ပြော နေပါသည် ။ မန္တလေး သို့ ရောက်သွား ပြီး ကတည်း က ကိုနေဝင်းမြင့် တော်တော် ပြောင်းလဲ သွား ပါသည် ။ ဟိုး အရင် အင်းစိန် မှာ သူ့အိုး သူ့အိမ် ရှိစဉ် က ပုံရိပ်တွေ ကို ကျွန်တော် အမှတ်ရ နေ မိသည် ။
ရှပ်အင်္ကျီ လက်တိုကလေး ၊ ချည်လုံချည် အနွမ်းကလေး ၊ လွယ်အိတ် က စုတ်စုတ်နုပ်နုပ် ။ ခေတ်ပြိုင် စာမျက်နှာ တွေ ပေါ် မှာ သူ့ စားကျက် ကို သူ ဖွေရှာ နေသည့် နှစ်ကာလများ ။
ကိုစိုးမြင့်လတ် ၊ ကိုတင်ဆင့် ၊ ကိုခိုင်မာ ၊ ကိုဖေမြင့် ၊ နောက်တော့ ဆရာရှမ်း ( မောင်လင်းယုန် / ရှမ်းပြည် ) စသည်ဖြင့် အ - စ - အ - စ ( အင်းစိန်အုပ်စု ) ဟု ချစ်စနိုး အမည် ပေး ထားခဲ့ကြသည် ။
လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေးတွေ ၊ ကျဉ်းမြောင်းသည့် မဂ္ဂဇင်းဂျာနယ် ရုံးခန်းကလေးတွေ ၊ ကျပ်ခဲသည့် ဘတ်စ်ကားမှတ်တိုင်တွေ ၊ အပေါစား ထမင်းဆိုင်ကလေးတွေ ။ သည်တုန်း က သူ အခု လောက် မဝ ။ နာရီကလေး သော် မှ ကောင်းကောင်းကန်းကန်း ပတ် မထား ။
အခုတော့ သူ တော်တော့် ကို ဝ သွားပြီ ။ ဝမ်းဗိုက်ကြီး က အိုးစရည်းကြီး နှယ် လုံးလုံးခုံးခုံးကြီး ။ မျက်ခွံကြီး တွေ က လေးလေးတွဲရဲ ။ လက်ကိုင်ဖုန်း ကို နွားခလောက် ဆွဲ သလို လည်ပင်း မှာ ဆွဲ ထားသည် ။ ရွှေဆွဲကြိုး က နက်ပြာသော သူ့ အသား မှာ ဝင်း နေသည် ။ မဇ္ဈိမ ဒေသ က မဟာရာဂျာကြီး တစ်ဦး နှယ် မိန့်မိန့်အိန့်အိန့် ၊ ကွမ်း ကတော့ တစ်ယာ နှင့် တစ်ယာ ကြား မှာ သိပ် မပြတ်လှ ။
ကိုနေဝင်းမြင့် ကွမ်း စား ပုံ က မြိန်ရေ ရှက်ရေ နိုင်လွန်း လှ ပါသည် ။ ကွမ်း စားဖို့ ဘယ်တုန်း က မှ စိတ်ကူး ထည့်၍ မရခဲ့ သော ကျွန်တော် တို့ လို လူမျိုး ကို ပင် သွားရည် ယို လာအောင် စား နေသည့် အစား ဖြစ် ပါသည် ။
သူ က ကွမ်းယာကလေး တစ်ယာ ကို ဖြေလိုက် ၊ အဆင်သင့် ဖျော်စပ် ထားသည့် ဆေးဘူး ထဲ က ဆေးမွှေးအရည်တွေ ကို နို့စိမ်း ပေါက် သလို ပေါက် လိုက် ၊ သူ့ လက် တုတ်တုတ်ခဲခဲကြီးတွေ ကြား ထဲ မှာ ပျောက်သွားတော့ မတတ် ကွမ်း ကို ပြန် ယာ နေလိုက် ၊ နောက်တော့ တဖြောက်ဖြောက် တထောက်ထောက် ဝါးစား နေလိုက် ။
“ ကွမ်း စားရတဲ့ အရေး က လည်း မလွယ်ဘူး ကိုချို ရဲ့ ၊ မန္တလေး မှာ ဂေါဝိန် ဆိုတာ ရှိတယ် ၊ ကိုချို သိ ပါတယ် ။ အဲသည့် ဂေါဝိန် က ကွမ်း မှ ကိုယ် က လည်း စား ရတာ ၊ ကွမ်း စားဖို့ ဘယ်လောက် ကုန် လဲ တွက် ပြမယ် ။ အိမ် မှာ အလုပ် လုပ်တဲ့ ကောင်မလေး တစ်ယောက် ရှိတယ် ၊ အဲဒါ သူ့ ကို စက်ဘီး နဲ့ တစ်ထောင် ပေးပြီး ဂေါဝိန် ကို လွှတ် ရတယ် ။
ဂေါဝိန် ကို ရောက်ပြီ ၊ အဲတော့ ကွမ်းယာ က နှစ်ထောင့်ငါးရာ ဖိုး ၊ အဲဒါ အိမ် ပြန် ရောက်တော့ ကောင်မလေး ကို ဒီနေ့ စောပြန် ဆိုပြီး မန္တလေး အဝေးပြေးဂိတ် ကို လွှတ် ရော ၊ ကား က ရန်ကုန် ကို ကွမ်းယာထုပ် သယ်ခ နှစ်ထောင့်ငါးရာ ၊ ကိုချို တွက် နော် ၊ ဒါ မပြီးသေးဘူး ၊ မထူး က ရန်ကုန် ကို ဖုန်းဆက် အကြောင်း ကြား ရသေးတာ ၊ ဆရာနေ ဘယ်ကား နဲ့ ကွမ်းယာ ပို့ လိုက်ပြီ ဘယ်ဂိတ် မှာ သွား ယူပါ ။
အဲဒီတော့ အောင်ဆန်းကွင်း က လက်မှတ်အရောင်းဂိတ် ကို ဘာ နဲ့ သွား ယူမလဲ ၊ တက္ကစီခ က တစ်ထောင် ၊ သည်တော့ အသွား အပြန် မှာ မတတ်နိုင်တော့ဘူး ကိုချို ရယ် ၊ တစ်ကြောင်း ပေါ့ ၊ တစ်ထောင် ပဲ သုံး တော့တယ် ။ တစ်ကြောင်း က ခြေကျင် ၊ ကွမ်း တစ်ခါ စားဖို့ တစ်သောင်း လောက် ရှိမှ ဆိုတဲ့ သဘောပေါ့ ”
တကယ်တော့ မခင်ခင်ထူး ကိုယ်တိုင် ကလည်း ကွမ်းသမား ပဲ ဖြစ်ပါသည် ။ မန္တလေး မှာ တစ်ခေါက်စ နှစ်ခေါက်စ ဆိုသလို ကျွန်တော် နှင့် ဆုံဖူးရာ သူ့ နှုတ်ခမ်း မှာ ကွမ်းစ ကွမ်းန တွေ နှင့် ။
“ မထူး က လည်း သူ့ စားပွဲ မှာ သူ ထိုင်ပြီး တဖြောက်ဖြောက် ဝါး နေတာပဲ ကိုချို ရဲ့ ၊ ကျွန်တော် က လည်း ကိုယ့် စားပွဲ နဲ့ ကိုယ် တဖြောက်ဖြောက် ပေါ့ ”
ကိုနေဝင်းမြင့် က ပြောရင်း ဆိုရင်း မှာ ကို ပဲ ကွမ်း ကို တဖြောက်ဖြောက် ဝါး နေ ပါသည် ။ ကျွန်တော် က သူ အမေရိကန်ပြည်ထောင်စု သို့ သွားမည့် ကိစ္စ နှင့် ပတ်သက်ပြီး စကား စ ဖြစ် ပါသည် ။
“ ကျွန်တော့် ကို ဖိတ်တာ က Amitav Ghosh က အဓိက ကိုချို ရဲ့ ၊ သူ့ စာအုပ် ကို ဘာသာပြန် နေတဲ့ လူ ဆိုပြီး စိတ်ဝင်စားပုံ ရတာပါပဲ ဗျာ ”
Amitav Ghosh က The Glass Palace ကို ရေးသော စာရေးဆရာ ဖြစ်ပါသည် ။
သီပေါမင်း ၏ နန်းကျ နှစ်ကာလများ ကို အခြေခံ ကာ မဟာဆီ မဟာသွေး တို့ ၏ နေ့စဉ် ဘဝများ နှင့် မြန်မာ့နိုင်ငံရေး အခြေအနေ တို့ ကို ယက်ရှယ် အကွက်ဆင် ရေးဖွဲ့ ထားသော ဝတ္ထု ဖြစ်ပါသည် ။ ဒါကို ကိုနေဝင်းမြင့် က ရွှေအမြုတေ မဂ္ဂဇင်း မှာ ရေကန်သာ ကြာတိုင်းအေး ဟု အခန်းဆက် ပြန်ဆိုခဲ့ခြင်း လည်း ဖြစ် ပါသည် ။
သည် စာအုပ် ကို “ ထိပ်တင်သက် ” က လည်း မကြာသေး မီ က ပင် “ သမိုင်းက ပြောတဲ့ မှန်နန်းတော် ” အမည် ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ပြီး ဖြစ်ရာ ကျွန်တော် က The Glass Palace ကို ရေကန်သာ ကြာတိုင်းအေး ဟု လုပ်ထားခြင်း ကို ဝေးလွန်း မနေဘူးလား ဟု စောကြော မိသည် ။
“ ကိုချို ရဲ့ ၊ ပြင်စည်မင်းသားကြီး ရဲ့သီချင်း ခင်ဗျား ကြားဖူးမှာပါ ။ ရွှေပြည်တော် မျှော်တိုင်းဝေး ရေကန်သာ ... ကြာ ဟာ ဟာ ဟာ ကြာတိုင်းအေး ”
ကိုနေဝင်းမြင့် က မဟာဂီတ ရနံ့ ရသည် အထိ သီချင်း ကို ဟဲ နေရာ ဖြတ်သွား ဖြတ်လာ လူတွေ က အညာ ဘက် က ဆင်း လာသည့် နောက်ပိုင်းမင်းသားကြီး ဟု များ ထင်သွား ကြလေသလား မသိ ၊ ကျွန်တော်တို့ ဝိုင်း ကို ပြုံးစိစိ ဖြင့် ကြည့်သွား ကြသည် ။
ပြင်စည်မင်းသားကြီး က ထီးရိပ်နန်းရိပ် နှင့် ဝေး ရာ မှာ တစ်ခဏ နေရစဉ် သည် သီချင်း ကို ရေးခဲ့ခြင်း ဖြစ်ရာ ရွှေပြည်တော် မျှော်တိုင်းဝေး တို့ ဘာတို့ သီချင်း ထဲ ပါနေသည် မှာ မဆန်းပါ ။
ရေကန်သာ ကြာတိုင်းအေး ထဲ က ကြာ ကို ကျွန်တော် က ကြာပန်း ( lotus ) ဟု ထင် နေမိခြင်း ဖြစ် ပါသည် ။
" လောတပ်စ် ( lotus ) မဟုတ်ဘူး ကိုချို ရဲ့ ၊ long time အချိန် ကြာ တာ ကို ပြောတာ ၊ ရေကန် ရဲ့ နံဘေး မှာ ကြာ လေလေ အေး လေလေ အေး လေလေ ။ ရတနာဂီရိ ရောက် နေတဲ့ သီပေါဘုရင် ရဲ့ ဘဝ ဗျာ ၊ ဒါကြောင့် ကျွန်တော် ရေကန်သာ ကြာတိုင်းအေး လုပ်ထားတာ ”
The Glass Palace ထဲ မှာ ဖိုမကိစ္စ ခပ်ကြမ်းကြမ်း ရေး ထားသော အခန်းတွေ ပါသည် ။ နောက်တော့ ဇာတိနတ်မောက် မကွေးခရိုင် သိကြများ ခုတိုင် အစဉ်အဆက် အနံ့ အသက် တွေ ပါသည် ။ ဘယ်လို လုပ်မှာလဲ ဟု မေးတော့ တချို့ ကို တော့ ချန်ပြီး ပြန်ရမှာပဲ ဗျာ ဟု ဆို သည် ။
“ အင်္ဂလိပ်လူနာ လည်း ပြီးသွားပြီ ဗျ "
ကျွန်တော် သူ့ ကို အံ့သြ သွားသည် ။ English Patient က ဆရာမြသန်းတင့် ကွယ်လွန် သွား သဖြင့် နွယ်နီမဂ္ဂဇင်း မှာ ဘာသာပြန် လက်စ တန်းလန်း ကျန်ရစ် ခဲ့သော လက်ရာ ။ ဒါကို ဆက်ပြီး ဘာသာပြန် ဖို့ ဆရာ့ ဆရာ တော်တော်များများ က လက်ရှောင် ကြသည် ။ ဘာကြောင့်လဲ တော့ မသိ ။
အခု ကိုနေဝင်းမြင့် က သည် အင်္ဂလိပ်လူနာ ကို ဆက်လက် သယ်ဆောင် ၍ ပြီးသွားပြီ ဟု ဆိုရာ ဖတ် ကြည့်ချင်စရာ ကောင်းသည် က တော့ အမှန်ပဲ ဖြစ် ပါသည် ။ ဆရာမြသန်းတင့် ၏ အင်္ဂလိပ်လူနာ နှင့် ကိုနေဝင်းမြင့် ၏ အင်္ဂလိပ်လူနာ က တစ်ယောက် တည်း လား ၊ ဒါမှမဟုတ် တစ်ယောက် စီ သတ်သတ်လား ။
°°°°° °°°°°°° °°°°°°
ကိုနေဝင်းမြင့် နှင့် ကျွန်တော် ဟောပြောပွဲ စင်မြင့်တွေ ပေါ် မှာ နှစ်ခါ သုံးခါ လောက် တွဲ ဟောဖူးပါသည် ။ အနီးကပ် တွဲ လိုက်တော့မှ သူ့ စွတ်စိုသော ဟာသ ကို ကျွန်တော် ပိုပြီး သတိထား မိ သွားသည် ။
တစ်ခါက စံကားဝါမြေ ခေါ် ပုပ္ပားတောင်ခြေရင်း က ကျောက်ပန်းတောင်း မြို့ကလေး မှာ သူ နှင့် အတူ ဟောရ ပါသည် ။ သူ စင်ပေါ် ကို တက် သွားတော့ ပရိသတ် က တခိခိ ရယ် နေကြပါသည် ။
ကျောက်ပန်းတောင်း ပရိသတ် မှာ ယဉ်ကျေးပျူငှာသည့် မြန်မာ ဆန်သော ပရိသတ် ဖြစ်ရာ ကိုယ့် မြို့ ကို ရောက်လာသည့် စာရေးဆရာကို သရော်လှောင်ပြောင်သည့် အနက် ဖြင့် ရယ် နေခြင်း မဟုတ်ဘဲ ၊ ချစ်ခြင်းမေတ္တာ နှင့် ယှဉ်ကာ တိတ်တခိုး ရယ်ရာ က အုပ်မရ ဆိုင်းမရ သဖြင့် အသံ ထွက်လာသည့် ရယ်သံ ငွေ့ငွေ့ သာ ဖြစ်ပါ သည် ။
ကိုနေဝင်းမြင့် အသားအရောင် က အမှောင်ဘက်ခြမ်း ကို တော်တော်ကလေး လု ပါသည် ။ သည်တုန်းက သူ ဝတ် ထားသည့် အင်္ကျီ က နက်ပြာရောင်ကြီး လား မသိ ။ သည်တော့ စံကားဝါမြေ က လူတွေ တခိခိ ဖြစ်နေကြသည် မှာ ဘာမျှ မဆန်း ။
“ ဘာ ရီ ( ရယ် ) နေကြတာလဲ ”
ဒါက သူ့ ပထမဦးဆုံး နှုတ်ခွန်းဆက် စကား ။ ပရိသတ် က မီး ကို ရေ ဖြင့် သတ်လိုက် သလို ရှဲခနဲ တိတ် သွားသည် ။ ကြွရောက်လာကြတဲ့ စာပေမြတ်နိုးသူများ ခင်ဗျား တို့ ၊ မင်္ဂလာ ရှိတဲ့ ညချမ်း ဖြစ်ပါစေ တို့ လို ကြား နေကျ စကားမျိုး မဟုတ်သည့် အတွက် နည်းနည်းကလေး အံ့သြ သွားပုံ ရသည် ။ သူ့ အသံ နှင့် သူ့ ဌာန် က ကျောင်းအုပ်ဆရာကြီး က တပည့်ကလေးတွေ ကို ငေါက် လိုက်သည့် ဟန် မျိုး ။
“ မည်းမည်းကြီး ဆိုပြီး အထင် သေး မနေနဲ့ ၊ ကျောက်ပန်းတောင်း ထန်းလျက် က မည်း ပေမယ့် ချိုတယ် ဗျ ၊ မှတ်ထား ”
ပရိသတ် ၏ ဝေါခနဲ ပွဲ ကျ သွားသံ နှင့် လက်ခုပ်သံတွေက ခန်းမကြီး တစ်ခု လုံး လျှံထွက် သွားပါသည် ။ ကျောက်ပန်းတောင်း ပရိသတ် ကို ဟာသ နှင့် ငြိ သွားအောင် လှမ်း ချိတ်ထားလိုက်ပြီး နောက် သူ့ အဟောအပြော နှင့် အဟဲတွေ အချွဲတွေ နောက် မှာ လှုပ် မရတော့ အောင် ထိန်းထား လိုက်ပုံ က သူ့ ဝစနာလင်္ကာရ အစွမ်း ပင် ဖြစ် ပါသည် ။ ယာခရိုး ဆီ က ရွှေချိုးကလေး တစ်ကောင် ကူ လိုက်သလို ချိုပြီး လွမ်းစရာ ကောင်းသည့် စာရေးဆရာ ပါ ကလား ။
“ ကိုနေဝင်းမြင့် စကား ပြောပုံ က ဗျာ မှုန် နေတာပဲ ယောက်ျား ချင်း တောင် တွယ်တာ ချင် သလို ဖြစ် လာတယ် ”
ဒါက စာချစ်သူ တစ်ဦး ၏ သူ့ နှုတ်ဖျား မှာ အညှို့ ခံခဲ့ရ ပုံ ။
“ နောက် နှစ် စာရေးဆရာ နေဝင်းမြင့် ထပ် ခေါ်ရင် ငါ တစ်ယောက် တည်း တစ်သိန်း ထည့် မဟေ့ ”
ဒါက ဟင်္သာတ ဟောပြောပွဲ အပြီး မှာ အလှူရှင် အမျိုးသမီးကြီး တစ်ဦး ၏ ကြွေးကြော်သံ ။
မှန်ပါသည် ။ ဆရာ နန္ဒာသိန်းဇံ ၊ ဆရာ ချစ်ဦးညို ၊ ကိုနေဝင်းမြင့် နှင့် ကျွန်တော် တို့ တွဲ ဟောခဲ့ကြသည့် ထို နှစ် ဟင်္သာတ စာပေဟောပြောပွဲ မှာ ဝက်ဝက်ကွဲ အောင်မြင် ခဲ့သည့် ပွဲ ဖြစ်ပြီး အလှူငွေ သိန်း ဆယ်ဂဏန်း လောက် အထိ ဝင်သော ပွဲ ဖြစ်ရုံ မျှ မက စာရေးဆရာ မည်းမည်းကြီး ကို မြို့ က စွဲ သွားခဲ့သည့် ပွဲ လည်း ဖြစ် ပါသည် ။
°°°°° °°°°°°° °°°°°°
တကယ်တော့ ကိုနေဝင်းမြင့် က ဟင်္သာတနယ် နှင့် စိမ်းသူကြီး တော့ လည်း မဟုတ်ပါ ။ သူ သည် အရပ် မှာ ခဏတာ မြှုပ်နှံခဲ့ဖူးပါသည် ။
ဟင်္သာတ နှင့် မလှမ်းမကမ်း က ယုန်သလင်း ဆိုသည့် ရွာကလေး ။ သည် ရွာကလေး က မန်းဘခိုင် ရွာ ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ ကျဆုံးခဲ့ ရသည့် အာဇာနည် ခေါင်းဆောင် တစ်ဦး ဖြစ်သူ မန်းဘခိုင် ၏ ဇာတိ ယုန်သလင်း ။ သည် ရွာကလေး မှာ ကိုနေဝင်းမြင့် ခဏ လာ နေပြီး မန်းဘခိုင် အတ္ထုပ္ပတ္တိ ကို ပြုစုပြီး ခဲ့သည် မှာ ဆယ်စုနှစ် တစ်ခု စွန်း ရော့မည် ။ စာအုပ် တော့ ဖြစ် မလာသေး ။
“ အကြောင်း အမျိုးမျိုးတွေ ပေါ့ ကိုချို ရယ် ” သူ က ဟိုး ဝေးဝေး ကို ငေးရီ ၍ နေပြန်ပါသည် ။
ကိုနေဝင်းမြင့် က လူ နှင့် မလိုက်အောင် ခံစားတတ်သူ ဖြစ်ပြီး သူ့ စကားပြေ က လွမ်းစရာ ကောင်းသော စကားပြေ ဟု ကျွန်တော် ယူဆ သည် ။ တစ်ခါက လေလှိုင်း ထဲ က အမေးအဖြေခန်း တစ်ခု မှာ ဆရာမောင်သာနိုး ပြော သွားသော စကား တစ်ခွန်း မှာ တော်တော် အရေးကြီး ပါသည် ။
ဝတ္ထု ရေး သူ တို့သည် ဇာတ်လမ်း အချက်အလက် တွေ ကို သာ လျှောက် ရေး နေကြပြီး ဘာသာစကား ကို ဖွံ့ဖြိုး အောင် မလုပ်ကြ ဟူသော စကား ဖြစ် ပါ သည် ။
ကိုနေဝင်းမြင့် က တော့ ဘာသာစကား ကို ဖွံ့ဖြိုးအောင် ၊ စကားပြေ ကို လှအောင် ရေးသူ ဟု ကျွန်တော် က သဘော ရ ပါသည် ။ ကျွန်တော့် မှာ ကိုနေဝင်းမြင့် ၏ အက်ဆေး စာအုပ် ဖြစ်သော မြို့ပြပိုးမွှားများ အပိုင် ရှိ ပါသည် ။ ကျွန်တော့် မှာ အခုထိ အစ အဆုံး မဖတ် ဖြစ် ။ ရှေ့ဆုံး တစ်ပုဒ် ကို ပြန် ပြန် ဖတ်ရင်း မဝ သဖြင့် ရှေ့ ကို မတက် နိုင် ။ ကျွန်တော့် ကို ဖမ်းစား တာ က သူ့ အကြောင်းအရာ မဟုတ် ။ သူ့ စကားပြေ အဖွဲ့အနွဲ့ ၊ ညက်ပြီး မှုန် နေသော စကားပြေ က ရင် ထဲ ကို လျှောခနဲ လျှောခနဲ ဝင် လာသည် မှာ အမှန်ပဲ ဖြစ် ပါသည် ။
“ စာ ရေးတယ် ဆိုတာ အားထုတ် ရပါတယ် ကိုချို ရယ် ။ စာ တစ်ပုဒ် ကောင်း ၊ မကောင်း သုံးသပ်တဲ့ အခါ တစ်ခုခု ကို ထိုးနှက် လိုက်တာ နဲ့ စာ ကောင်း လို့ သတ်မှတ်တာ မျိုး ကို ကျွန်တော် တော့ သဘော မကျချင်ဘူး ။ အနုပညာ တန်ဖိုးတော့ လည်း ရှိဦး မှ ပေါ့ ကိုချို ရယ် ၊ မဟုတ်ဘူးလား ”
သည် အယူအဆ ကို တော့ ကျွန်တော် က လည်း သဘော မျှ ပါသည် ။ အနုပညာ ဆို ပါ မှတော့ လှဦးမှ ပေါ့ ။
“ နောက် စီစဉ်သူ ဆိုတာ ကို လည်း တချို့ ကျွန်တော် သဘော မကျချင်ဘူး ကိုချို ရဲ့ ၊ လက်လှမ်း မီ တဲ့ အပုဒ် ကောက် ထည့် လိုက်တာမျိုး တော့ မလုပ်သင့်ဘူး ပေါ့ ”
သူ့ အတွေးအမြင် ကို ကျွန်တော် သဘော တူ ပါသည် ။ ဆရာ မင်းသုဝဏ် ကဗျာ ကို ရွေးပြီ ဆိုမှတော့ သူ့မှာတမ်း ၊ ပျဉ်းမငုတ်တို ၊ ဖိုးမောင်လာပြီ ၊ သပြေညို ရွေးပေတော့ပေါ့ ။ ဆရာဇော်ဂျီ ကဗျာ ရွေးပြီ ဆိုလျှင် လည်း ပိတောက်ပန်း ၊ ဗေဒါလမ်း ရွေးပေတော့ပေါ့ ။ ဆရာဒဂုန်တာရာ မှ ဆိုလျှင် လည်း မတ်လတော်လှန်ရေး ၊ တဟီတီ သွားရအောင် ရွေးလေ ပေါ့ ။ သို့မဟုတ်ဘဲ ကိုယ် နဲ့ လက်လှမ်း မီ ရာ လွယ်ရာ ကို လက်ရွေးစင် ဟု ဆိုကာ ကောက်ကောက် ထည့် နေသည့် စီစဉ်သူတွေ ကို သူ တော်တော် စိတ်ပျက် နေ ပုံ ရ ပါသည် ။
°°°°° °°°°°° °°°°°°°
ကိုနေဝင်းမြင့် က ရေနံချောင်းသား ဖြစ် ပါသည် ။ သူ့ ကို ကျွန်တော် စ သိတော့ အင်းစိန် အုတ်စက်ရုံ က ဝန်ထမ်း ။ အင်းစိန် သည် ပဲ သူ့အိုး သူ့အိမ် ။ နောက်တော့ အလုပ် မှ ထွက်ကာ စာပေလောက ထဲ ခြေစုံပစ် ဝင် လိုက်သည် ။ အထူးသဖြင့် ဓန တို့ ၊ မြန်မာ့ဓန တို့ ခေတ် ကောင်းစဉ် ကာလတွေ မှာ သူ က မျက်နှာဖုံးဆောင်းပါး ရေး သူ ။ အောင်မောင်း ဆိုသည် က သူ ၏ ထင်ရှားသော ကလောင် ခွဲ ။ ဝတ္ထုတို လက်ရာတွေ က လည်း အမြောက်အမြား ။
သူ့ ဝတ္ထုတိုတွေ က လေးနက်ရုံ မျှ မက အညာရနံ့ကလေး တွေ ပါ သင်းမွှေး နေတတ် ပါသည် ။ ဥပမာ - နက်စ်ကော်ဖီ ကို ကြည့် ၊ ရေအိမ် ကို ကြည့် ၊ သီပေါခင်ကြိုင် ကို ကြည့် ။
နောက်ပိုင်း ကျတော့ ကိုနေဝင်းမြင့် မန္တလေး မှာ အနေ စိပ် လာသည် ။ ကျွန်တော် မန္တလေး သို့ တက် သွားတိုင်း သူ့ ကို မန္တလေး က လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဆိုင် မှာ တွေ့ရ တတ်သည် ။ မိန့်မိန့်ကြီး ထိုင်လို့ ။ လက် ထဲ မှာ ကက်ဆက်ခွေ နှစ်ခွေ လောက် နဲ့ Walkman ကက်ဆက် ပေါက်စကလေး တစ်လုံး နဲ့ ။ စီးကရက် တစ်ဘူး နဲ့ ။
“ ဟေ့ လူတွေ ၊ ကိုချို့ ရှေ့ မှာနော် ၊ တောင်တောင်အီအီတွေ မပြောကြနဲ့ ”
သူ က သည်လို ပြောတော့ မန္တလေးသား စာရေးဆရာတွေ က ပြုံး ကြသည် ။ ကိုသိုက်ထွန်းသက် ၊ ကိုဆူးငှက် ၊ ကိုငြိမ်း စသည် ။ နောက်တော့ သူ မန္တလေး မှာ အပြီးအပိုင် ခြေ ချ လိုက် ပါသည် ။
မကြာသေးသော အချိန်တွေ ထဲ မှာ တော့ သူ့ စာပေဆုရ ဝတ္ထုတိုပေါင်းချုပ် ဖြစ်သော အိမ်ကလေး ၁၆ လုံး ကို ကျွန်တော် ဖတ် ဖြစ်သည် ။ ဝတ္ထု အချို့ က ပရလောက ကို အခြေခံ ကာ ကျော စိမ့် အောင် ရေး ထားသော ဝတ္ထုတိုကလေး တွေ ဖြစ် ပါသည် ။ ကျွန်တော် က သူ နှင့် တွေ့စဉ် ချစ်စနိုး စ မိသည် ။
“ ကိုနေဝင်းမြင့် ၊ ခင်ဗျား သရဲလိုင်း ထဲ ကိုများ ဝင်ဦး မလို့လား ”
“ အယ် ... ကိုချို က လည်း လုပ် တော့မယ် ၊ ဝိညာဉ် လောက ကို ယုံကြည်သူ တွေ ရှိတယ် ကိုချို ရဲ့”
သူ က ကျစ်လျစ် နေအောင် ယာ ထားသည့် ကွမ်းယာကလေး ကို ပါးစပ် ထဲ ထိုး ထည့်ကာ ပုံ့ပုံ့ ကြီး ပြောနေ ပြန်ပါသည် ။
ဪ ... ခုတော့ ကဗျာဆရာ ကိုခိုင်မာ မရှိတော့ ။ ပန်းချီဆရာ ယဉ်မင်းပိုက် နှင့် ကိုစိုးမြင့်လတ် က လည်း တစ်လ နေလို့ တစ်ခါ မတွေ့ ။ တစ်ခါ တစ်ခါ ဆရာမောင်လင်းယုန် ( ရှမ်းပြည် ) နဲ့ ကိုတင်ဆင့် တို့ ကို တော့ တွေ့ရ တတ် သည် ။
သည်အခါတွေ မှာ ကိုနေဝင်းမြင့် နှင့် အတူ အင်းစိန် ကို ကျွန်တော် လွမ်း သွား မိသည် ။ ဪ ... ရွှေတိဂုံဆံတော်ရှင် ခြေတော်ရင်း ဆီ ကနေ မဟာမုနိမြတ်စွာဘုရား ရှေ့တော် မှောက် သို့ ရောက် သွားသည့် စာရေးဆရာ ကို ကျွန်တော် က လွမ်းတ လိုက် ရ ပေသည် ။
◾ မောင်သာချို
📖 စတိုင်သစ်မဂ္ဂဇင်း
ဇွန်လ ၊ ဩဂုတ်လ ၊ ၂၀၀၉ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment