❝ ကိုတာ❞
( ဆင်စွယ်နန်းတော် တံခါး အဝ က စာရေးဆရာ တစ်ယောက် )
ကဗျာဆရာကြီး ဆရာဇော်ဂျီ က သင် သေသွားသော် ဆိုသော ကဗျာ ကို ဖွဲ့ခဲ့ပါသည် ။ ထို ကဗျာ ကို ၁၉၃၅ ခုနှစ် ၊ ဒီဇင်ဘာလ တွင် ထုတ်ဝေခဲ့သော အိုးဝေမဂ္ဂဇင်း ထဲ တွင် စတင် ဖော်ပြခဲ့ပြီး ကျွန်တော် တို့ အလယ်တန်းကျောင်းသား ဘဝ က ကျောင်းသင်ခန်းစာ တစ်ပုဒ် အဖြစ် ကျက်မှတ်ခဲ့ကြရသည် ။ အခု သည် ကဗျာ ကို တက္ကသိုလ်ဝင်တန်း ကဗျာသင်ရိုး ထဲ မှာ ထည့်သွင်း ပြဋ္ဌာန်းထားခဲ့ ပြန်ပါသည် ။
၂၆ - ၉ - ၉ဝ ၌ ဆရာဇော်ဂျီ ကွယ်လွန်ပြီး ၂၈ - ၉ - ၉၀ ၌ ဈာပနပွဲ ကျင်းပသော အခါ ထို ပွဲ တွင် ကမ်းသော ယပ်တောင် ၌ သင်သေသွားသော် ကဗျာ ကို ရိုက်နှိပ်ထားခဲ့သည် ။
ကဗျာ အပြည့်အစုံ က ဤသို့ ဖြစ်ပါသည် ။
◾ သင်သေသွားသော်
ဪ လူ့ပြည်လောက ၊ လူ့ဘဝကား
အိုရ နာရ ၊ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား ၊ သင်သေသွားသော်
သင်ဖွားသောမြေ ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ၊ ကျန်ကောင်းသင့်၏ ။
သင်၏မျိုးသား ၊ စာစကားလည်း
ကြီးပွားတက်မြင့် ၊ ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ ၊ အမျှဝေရာ
စေတီသာနှင့် ၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
ထို သင်သေသွားသော် ကဗျာ ထဲ က သင်၏မျိုးသား စာစကားလည်း ၊ ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏ ဆိုသော အဖွဲ့က ကိုယ့် လူမျိုး ထွန်းကား အောင် လုပ်လိုသော ကိစ္စ အတွက် တော်တော့် ကို အရေး ပါ ပါသည် ။ ကျွန်တော် တို့ ၏ စာပေ ၊ ကျွန်တော် တို့ ၏ စကား ဖွံ့ထွားအောင် လုပ်ဆောင်ကြသော လုပ်ငန်း တွင် ကဗျာဆရာ ၊ စာရေးဆရာများ ၊ ဘာသာရပ်စာပေပညာရှင်များ နှင့် အတူ စာအုပ်တိုက်တွေ က လည်း တစ်ခန်း တစ်ကဏ္ဍ က ပါဝင်ခဲ့ကြသည် မှာ ငြင်းမရ သော အချက် ဖြစ်ပါသည် ။
တစ်ချိန်က စာအုပ်တိုက် တချို့ကို ကျွန်တော် အမှတ်ရ နေမိတာ ရှိပါ သည် ။ ပုဂံ ၊ နံ့သာ ၊ သစ္စာ ၊ နှလုံးလှ ၊ ဟံသာဝတီ ၊ သင့် စသည် စသည် ။ သည် စာအုပ်တိုက်ကြီးများ က ထုတ်ဝေသော စာအုပ်ပေါင်း များစွာ ကို ဖတ်ကာ ကျွန်တော်တို့ လူလား မြောက်ခဲ့ကြရသည် ။ ဆူလွယ်နပ်လွယ် စာအုပ်များ ၊ အပေါစား အပျော်ဖတ် စာအုပ်များ ကို ထို စာအုပ်တိုက်ကြီးတွေ က ဘယ်တော့မှ မထုတ်ဝေခဲ့ ။
အခု ထို စာအုပ်တိုက်ကြီးများ ၏ နေရာ ကို စာအုပ်တိုက် အသစ် အသစ် တွေ က ဝင်ရောက် လာခဲ့ကြသည် ။
ရာပြည့် ၊ မုံရွေး ၊ စိတ်ကူးချိုချို ၊ စာအုပ်ဈေး ၊ Unity Quality သီဟ ရတနာ စသည် စသည်များ ။ အင် နှင့် အား နှင့် ထုတ်ဝေ နေသော စာအုပ် တိုက်ကြီးများ ဖြစ်ကြပေရာ ကျွန်တော်တို့ အတွက် ဖတ်စရာ အသစ်တွေ ကို တစ်ပုံတစ်ပင် ပေးလာ ပါသည် ။
သည် အထဲမှာ မုံရွေး စာအုပ်တိုက် ကို ပဲ့ကိုင် ထား သူ က ကိုတာ ။ သူ က ထုတ်ဝေသူ မည်ကာမတ္တ မဟုတ် ။ စာ လည်း ရေးသူ ၊ သို့မဟုတ် စာရေးဆရာ ။ အရိုး အထူးကု ဆရာဝန် ဒေါက်တာ သန့်လွင်မောင် ။ သူ က မုံရွေး မှာ မွေးပြီး မုံရွေး အပေါ် သံယောဇဉ် တော်တော် ကြီးသူ ဖြစ်ရာ သူ့ စာအုပ်တိုက် ကို မုံရွေး ဟု အမည် ပေးလိုက်သည် မှာ သိပ်တော့ မဆန်းကြယ်လှ ။
ထို ကိုတာ နှင့် ကျွန်တော် တို့ ထိတွေ့ဆက်စပ် မိခဲ့ကြသည် မှာ အခု ဆို ဆယ်စုနှစ် တစ်ခု ပင် စွန်း လုပြီ ။
••••• ••••• ••••• •••••
ဆရာကိုတာ့ ကို ကျွန်တော် စ တွေ့ဖူးသည်မှာ ၁၉၉၇ ခုနှစ် ၊ ဒါမှမဟုတ် ၁၉၉၈ ခုနှစ် တစ်နှစ် နှစ် ဖြစ်မည် ။ ထို နှစ်များ အတွင်းက သမီးဖတ်ဖို့ ဆောင်းပါး များ ကို ကျွန်တော် အမြောက်အမြား ရေးဖြစ် ခဲ့ရာ ထို ဆောင်းပါးများ ကို ရည်ညွှန်းလျက် ဖြူး မိတ်ဆွေများ စာကြည့်အသင်း က ကျွန်တော့် အား ဆု ပေး ပါသည် ။
ထို ဆုပေးပွဲ ကို ထိုစဉ်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဘေး တွင် ဖွင့်ထား သော နေမျိုးဆေး ၏ ကော်ဖီဆိုင်ကလေး ၌ အခမ်းအနား နှင့် တကွ ကျင်းပခြင်း ဖြစ်ရာ ကျွန်တော် တက်ရောက်ခဲ့ ရသည် ။ ပွဲ အပြီး အခန်းအပြင် ကို ထွက် လိုက် တော့ အယ်ဒီတာ ဆရာဝန်ကလေး တစ်ဦး ကို ကြားခံ လျက် ဆရာကိုတာ နှင့် ကျွန်တော် မိတ်ဆွေ ဖြစ် သွား မိသည် ။
သူ က တွေ့တွေ့ချင်း မှာ ပင် လျှင် ကျွန်တော့် ကို ပါးတွေ ဆွဲလိမ် ၊ နှာခေါင်း တွေ ဆွဲလိမ် နှင့် ဆုံကြရအောင် ဟု ချိန်းဆို လာ ရာ နောင်အခါ တွင် ထို ဆုံကြ ရအောင်များ မှာ ဘယ်နှကြိမ် ဘယ်နှခါ ဆိုတာ ရေတွက်၍ မရနိုင်ပါလေ တော့ ။
••••• ••••• ••••• •••••
ကိုတာ ဆိုသော လူ တစ်ယောက် ကို စာရေးဆရာ ဟု ခေါ်မလား ။ ဒါမှ မဟုတ် မခေါ်ဘူးလား ဆိုသည့် ကိစ္စ မှာ တော်တော့် ကို အငြင်းပွား ဖွယ်ရာ ကိစ္စ ဖြစ်ပါသည် ။ စာရေးဆရာ ဆိုတာ ဘာလဲ ။ ဟိုတုန်း က တော့ ဆရာ ဒဂုန်တာရာ တို့ က စာရေးဆရာ ကို ( က ) ( ခ ) ခွဲခြား ခဲ့ ဖူးသည် ။
ကဗျာ ၊ ဝတ္ထု ၊ ပြဇာတ် ၊ အက်ဆေး ရေးသည့် အနုပညာ ဖန်တီးသူ ကို စာရေးဆရာ ( က ) ။ အနုပညာ မပါသည့် အမြန် သူဌေးဖြစ်နည်း လို ၊ ကိုယ်ကာယ အလှပြင်နည်း လို ၊ ဟင်းချက်နည်း ၅ဝဝ လို စာအုပ်မျိုး ရေးသူ က စာရေး ဆရာ ( ခ ) ။ အခု သည်လို မဟုတ် ။ ဘာ စာ ရေးရေး စာရေးဆရာ ၊ ဒါဆို ကိုတာ က စာရေးဆရာ လား ။
ကိုတာ ကိုယ်တိုင် က မူ သူ ၏ ရယ်ရွှင်ဖွယ် နှင့် အခြားစာတမ်းများ စာအုပ် တစ်နေရာ တွင် ...
ကျွန်တော် ဟာ အိမ်ဆောက်ပစ္စည်း ရောင်းသူ ၊ ကန်ထရိုက် ၊ ကုန်သည် ၊ မန်နေဂျာ ၊ ပတ်ဘလစ်ရှာ ၊ စာရေးဆရာ ၊ အိမ်ထောင်ရှင် ၊ ဖခင် ဖြစ်ပါသည် ။ ကျန်သော အလုပ်များ ကို ပြော၍ ဘာမျှ မဖြစ်ပါ ။ စာရေးဆရာ ဟု ဝါစာကမာ လေးငါးပုဒ် လောက် ရေးရုံ မျှ နှင့် ပြောရသော အခါ အများ မကျေနပ်ကြလျှင် စာရေးသူ ဟူ၍ ပြောင်းလဲပြီး ပြော ပါမည် ။
စသည်ဖြင့် သူ့ ကိုယ် သူ ပြန် သုံးသပ် ထားသည် ။ စာရေးဆရာ ပဲ ဖြစ်ဖြစ် ၊ စာရေးသူ ပဲ ဖြစ်ဖြစ် ဆရာ ကိုတာ ရေး ခဲ့သော စာအုပ်တွေ မှာ မနည်းလှတော့ ။
ရယ်ရွှင်ဖွယ်နှင့် အခြားစာတမ်းများ ၊ ဖြန့်ထွက်တွေးခြင်း ၊ လှည်းဘီး တစ်စီး ၊ တွေးသူများ ၊ ကျွန်တော်သည် မျောက်က ဆင်းသက်၏ ၊ စိမ်းတဲ့မြေသို့ အပြန် ၊ တောင်ရောက်မြောက်ရောက် ဆရာဝန် ၊ ပြတင်းပေါက်မှ ကြည့်သူ၏ စိတ်ကူးများ ၊ ကိုရင်တာနှစ်ပါးသွားများ ၊ စာရေးဆရာတစ်ယောက်ရဲ့ မှတ်စု ၊ နီရူဒါ၏ ကဗျာများ စသည် စသည် ။ အရေအတွက် အားဖြင့် မနည်းလှတော့ ။
ထို မနည်းလှသော စာအုပ်များ ကို ၁၉၉ဝ ပြည့်နှစ် အလွန် နှစ်ကာလ များ ကို ရောက်တော့ မှ သူ က အင်တိုက်အားတိုက် ရေးချခဲ့ခြင်း ဖြစ်ပါသည် ။ သို့သော် သူ့ စာပေချစ်စိတ် ကတော့ ဟိုး ငယ်ငယ်ကလေး တည်း က ။
••••• ••••• ••••• •••••
၁၉၉၈ ခုနှစ် ၊ နိုဝင်ဘာလတုန်း က ၂၉ ရက် အမေမာ့ မွေးနေ့ပွဲ အပြီး ကျွန်တော်တို့ မန္တလေး က ပြန် လာတော့ ရန်ကုန် သို့ တိုက်ရိုက် မပြန်ဘဲ တောင်ငူ ကို ခဏ ဝင် သည် ။ ကျွန်တော် ၊ ရာပြည့်ဦးစိုးညွန့် ။ ဆရာကြီး ဦးလွဏ်းမောင် ၏ အိမ် အပေါ် ထပ် မှာ ဖျာကြီးတွေ ခင်းပြီး ဂျာနယ်အဟောင်း တွေ ကို ဖွကြခြင်း ဖြစ်ပါသည် ။ သတင်းစာ အဟောင်း တွေ ကလည်း အထပ်လိုက် အပုံလိုက် ။
“ ဟေ့ - ဒီမှာ ဒီမှာ ကြည့်လိုက်ကြဦး ”
ရာပြည့်ဦးစိုးညွန့် က ညိုညစ် နေသည့် သတင်းစာ အဟောင်း တစ်နေရာ ကို လက် နှင့် ထောက်ပြသည် ။ လူငယ်ကလေး နှစ်ယောက် ၏ ဓာတ်ပုံ ။ လူရည်ချွန် ဝတ်စုံကလေးတွေ နှင့် ။ မောင်သန့်လွင်မောင် နှင့် မောင်သန့်စင်မောင် တဲ့ ။ လူရည်ချွန် ညီအစ်ကို နှစ်ယောက် ။ ထို မောင်သန့်လွင်မောင် ဆိုသူ က အခု စာရေးဆရာ ကိုတာ ။
“ ကိုတာ က ဆေးကျောင်းသား ဘဝ မှာ ကတည်း က ဆေးတက္ကသိုလ် မဂ္ဂဇင်း စာမျက်နှာ တွေ ပေါ် မှာ လက်စွမ်း ပြခဲ့တာဗျ ”
ကဗျာဆရာ တစ်ဦး ၏ မှတ်ချက် စကား ။
နောင် ရန်ကုန်မြို့ တစ်နေရာ တွင် ဆရာကိုတာ နှင့် ဆုံခိုက် သူ့ ငယ်ဘဝ လူရည်ချွန် ကိစ္စတွေ ကို စကား စ မိသောအခါ သူ က ရှက်ကိုးရှက်ကန်း ကြားမှပင် ကျုပ် က လူရည်ချွန် ကို အထပ်ကွမ်း ရ ခဲ့သေးတာဗျ ဟု ဖွင့်ဟ နေပြန်ပါလေသည် ။
••••• ••••• ••••• •••••
စာရေးဆရာ ဆိုတာ တိုက်ပုံကလေး နှင့် ၊ သို့မဟုတ် ပုဆိုးအင်္ကျီနွမ်းနွမ်း ကလေး နှင့် ၊ တစ်ခါတစ်ခါ ဘတ်စ်ကား မှတ်တိုင်မှာ ၊ တစ်ခါတစ်ခါ အပေါစား ယမကာဆိုင်ကလေးတွေ ထဲ မှာ ၊ တစ်ခါတစ်ခါ ဆင်ခြေဖုံး ရပ်ကွက် ထဲ က လမ်းကြို လမ်းကြားကလေးတွေ ထဲ မှာ ဟု သရုပ်ဖော် ရေးခြစ်ကြ စတမ်း ဆိုလျှင် ကိုတာ ဆိုသော စာရေးဆရာ အတွက် က တော့ အကုန် အလွဲချည်းပဲ ဖြစ်ပါသည် ။
သူ ဝတ်လေ့ ရှိသော ဘောင်းဘီအတို က ဒူးလောက် ပဲ ရှိသည် ။ အင်္ကျီ က T-shirt ၊ ရွှေငွေလက်ဝတ်လက်စား နာရီ ဘာညာ သူ ပတ်လေ့ မရှိ ။ ပါဂျရို ( pajero ) ကား ကို စီး ကာ လက်ကိုင်ဖုန်း ကို ကိုင်လျက်က အင်းလျားကန် နှင့် မလှမ်းမကမ်း ကား မရှိသူ နေလို့ မရသော ရပ်ကွက် ထဲ ကနေ သူ ထွက် လာ တတ်သည် ။
ဟမ်ဘာဂါဆိုင်တွေ ၊ အဆင့်မြင့်ကော်ဖီဆိုင်တွေ ၊ ဂျော်နီ လမ်းလျှောက် တွေ ၊ ရေကူးကန်တွေ တစ်ဝိုက် မှာ သူ နှင့် ကျွန်တော် စကား ပြော ရသည် ။ သူ စိတ်ပြေလက်ပျောက် ခရီး ထွက် သွားတတ်သည် က ပြင်သစ် ၊ သို့မဟုတ် အမေရိက ၊ သို့မဟုတ် ဩစတြေးလျ ၊ သို့မဟုတ် စင်ကာပူ ။
“ကျုပ် ကို အီလစ် လို့ ပြောတယ် ဗျ ”
ဘင်္ဂလားပင်လယ်အော်ကြီး ထဲ က တက် လာသည့် လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေသည့် ချောင်းသာကမ်းခြေ တစ်နေရာ မှာ ဆရာကိုတာ က ကျွန်တော့် ကို ဤသို့ ရင် ဖွင့်သည် ။ အီလစ် ၊ အင်္ဂလိပ်စကားလုံး Elite ၊ ကျွန်တော် က လူ့မလိုင်ခဲ ဟု ဘာသာ ပြန် လိုက်သည် ။
“ ဆရာတာ က လူ့မလိုင်ခဲ ဆိုရင် ကျွန်တော်တို့ က လူ့မလိုင်ခဲ ဘေး က ပုရွက်ဆိတ်တွေ လို့ များ အပြော ခံရလေမလား ”
သည်တော့ သူ က ထုံးစံအတိုင်း သူ့ မျက်လုံးတွေ ပိတ်သွားသည် အထိ ရယ် သည် ။ တကယ်တော့ ဆရာ ဒဂုန်တာရာ ၊ ဆရာ ပါရဂူ ၊ ဆရာကြီး ဒေါက်တာသန်းထွန်း ၊ ရာပြည့် ဦးစိုးညွန့် ၊ ဒေါက်တာဇော်သန်း ၊
ဂျူး ၊ ဒေါက်တာကလေး ၊ ကျွန်တော် တို့ အားလုံး သူ နှင့် ဆက်စပ်မိကြသည် မှာ စာပေ ချစ်
စိတ် ဖြင့် ဆက်စပ် မိခဲ့ကြခြင်း သာ ဖြစ်ပါသည် ။ နောက်ကွယ် က ဘဝတွေ နှင့် ဘာမျှ မဆိုင် ။ ဘာမျှ မပတ်သက် ။ ဘာမျှ လည်း မတူညီနိုင် ။ သူ့ အိမ် က သူ့ တစ်ကိုယ်တော် စာဖတ်ခန်း က ကျွန်တော့် အိမ် ထက် ကြီး သည် ။ သူ စီးသော ကား က ကျွန်တော့် အိမ် ၁၀ လုံး စာ မက တန် သည် ။ သို့သော် ကျွန်တော် တို့ ကြား မှာ ဒါ အရေး မကြီး ။
ကလော နှင့် အောင်ပန်း ကြား က ကမ္ဘောဇ ခရီး တစ်နေရာ မှာ ဆရာမကြီး ဒေါ်ခင်ဆွေဦး က ...
“ ကိုတာ့ ကို လေ ကျွန်မ က အစ က ကြောက် နေတာ ၊ ခုတော့လည်း သွားလာ ပြောဆို မိတော့ ခင်လာ ပါတယ် ” ဟု ပွင့်ပွင့် ပဲ ဖွင့် ပြောသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ တစ်တွေ စာပေ ကြောင့် ချစ်မိကြခြင်း ဖြစ်ပါသည် ။ ဘဝ ချင်း ၊ ခံစား ချက် ချင်း မတူညီ နိုင်ကြ ။
တစ်ညနေခင်း ဆရာကိုတာ့ အိမ်ရှေ့ မြက်ခင်းပြင် မှာ ဆရာဒဂုန်တာရာ ၊ ဆရာပါရဂူ တို့ အပါအဝင် စကား ဝိုင်းဖွဲ့ ဖြစ်ကြရာ ကျွန်တော့် ကို ကဗျာ ရွတ် ခိုင်း သည် ။ ကျွန်တော် က ကဗျာဆရာ အောင်ချိမ့် ၏ လမ်း ကဗျာ ကို ရွတ် ပြပါသည် ။
မိသားစုများ အခန်းကဏ္ဍ
ကမ္ဘာဦးပုံသဏ္ဌာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ ။
ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ် ။
ကားတစ်စင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီ့ လောကမှာ ။
တစ်ယောက် ပြန်အလာ ကို တစ်ယောက် က မျှော်ကြရသည့် မြို့ပြခေတ် ဆင်ခြေဖုံး မိသားစု တို့ ၏ ဘဝ ကို ဖွဲ့သော ကဗျာ ၊ ကမ္ဘာဦး က အတိုင်း ဘေးဘယာ မရှိ ကိုယ့် အသိုက်အမြုံ ရှိရာ ကိုယ် ပြန်လာဖို့ မျှော်ကြရသော ကဗျာ ။
သည် ကဗျာ ကို ဆရာဒဂုန်တာရာ က မကြိုက် ။ သူ့ ရင် ထဲ ကို သိပ် မရောက် ဟု ဆိုသည် ။ ဒါက အဖွဲ့အနွဲ့ နှင့် ဆိုင်မည် ထင်သည် ။
ဆရာပါရဂူ က လည်း မကြိုက် ။ ဆရာပါ က ကဗျာ နှင့် ဝေး၍ ဖြစ်မည် ။ ဆရာကိုတာ ကလည်း မကြိုက် ။ ဒါကျတော့ ဘဝ နှင့် သွား ဆိုင် သည် ။ ဆိုင်တာ ကို လည်း ဆရာကိုတာ က ဘွင်းဘွင်းပဲ ကျွန်တော့် ကို ပြော သည် ။
“ ကျွန်တော် မခံစားရဘူး ၊ ခံစားရ စရာ အကြောင်းလည်း မရှိဘူး ၊ ခင်ဗျား စဉ်းစားကြည့် ၊ ကျွန်တော့် ကား နဲ့ ကျွန်တော် ပြန်တယ်ဗျာ ၊ ကဲ ... ဘာကို ပူပြီး ဘာကို မျှော်ရမှာလဲ ”
ဒါတော့ ဟုတ်ပါသည် ၊ မြို့ အစွန်အဖျား စက်ရုံအလုပ်ရုံကြီး တွေ ဆီ က နေ ထမင်းချိုင့်ကလေးတွေ ဆွဲ ပြီး ကျောချင်းကပ် ရင်ချင်းအပ် နေသည့် ဘတ်စ်ကား တွေ ကို စီးကာ လောက အစွန်အဖျား ရပ်ကွက်ကလေး များ ဆီ ပြန်ကြ ရသော ဗင်းဆင့်ဗန်ဂိုး ၏ အာလူးစားသူများ ခံစားမှု ကို ဆရာကိုတာ မခံစားနိုင် သည် မှာ အဆန်းတော့ လည်း မဟုတ်ပါ ။
••••• ••••• ••••• •••••
လွန်ခဲ့သော ဆယ်နှစ် မရှိတရှိ လောက် ကတော့ ပုဂံ ည တစ်ည မှာ ဆရာကိုတာ နှင့် ကျွန်တော် တို့ အချိန် တော်တော်ကြာကြာကလေး စကား ပြောဖြစ်ကြသည် ။ သည်တုန်းက ကျွန်တော် က ပုဂံ သို့ ကိုယ့် ကိစ္စနှင့် ကိုယ် ရောက်နှင့် နေခဲ့ ခြင်း ဖြစ်ပါသည် ။
ရွှေစည်းခုံဘုရား ခြေရင်း က တပည့် တစ်ယောက် ၏ အိမ် တွင် ကျွန်တော် ရှိ နေတုန်း အိမ် ရှေ့ကို ပေါင်မုန့်ကားကလေး တစ်စီး ထိုးဆိုက် လာသည် ။ နောက်တော့ ကားဆရာ က ကျွန်တော့် နာမည် ကို မေး ရင်း အိမ် ထဲ သို့ ဝင် လာ ပါသည် ။
“ ဆရာချို ရောက်နေတယ် လို့ သတင်း ရလို့ စုံစမ်းပြီး လိုက်လာတာ ဗျ ၊ မြရတနာ မှာ ဆရာတာ တို့ ၊ ဆရာပါ တို့ စောင့်နေ ကြတယ် ”
မြရတနာ ဆိုတာ ဝက်ကြီးအင်း နား က စားသောက်ဆိုင်ကလေး ဖြစ်ပါ သည် ။ ကျွန်တော် လိုက်သွားတော့ ဆရာပါရဂူ ၊ ဆရာကိုတာ ၊ ရာပြည့်ဦးစိုးညွန့် စသည် တို့ Breakfast စားနေကြ ဆဲ ဖြစ်ပါသည် ။
“ ဟေ့လူ လာ ၊ Breakfast စား လိုက် ၊ ညကျမှ ထန်းရိပ်ညို မှာ အေးအေးဆေးဆေး ထပ် ဆုံကြတာပေါ့ ”
ဆရာကိုတာ က ထုံးစံ အတိုင်း မျက်လုံးတွေ မှိတ်ပြီး မျက်နှာကြီး တစ်ခု လုံး အစ်သွား သည် အထိ ရယ်မောလျက် ကြို ပါသည် ။ သူ့ အပြုံး က ဂန္ဓာလရာဇ် ဆန်သည် ။
ဤသို့ဖြင့် ည ရောက်တော့ ပုဂံမြို့သစ် ထန်းရိပ်ညို အနုပညာခြံဝင်းကလေး ထဲ မှာ အစားအသောက် ဝိုင်းကလေး တစ်ခု လုပ်ဖြစ်သည် ။ မန္တလေး က ပန်းချီဆရာ ဦးမျိုးခင် ပိုင်သော ထန်းရိပ်ညို ။ မန္တလေး ထန်းရိပ်ညို လို မျိုး ပုဂံ ထန်းရိပ်ညို ။
ပုဂံ ည က ဆောင်းရက် တွေ ၏ အောက် မှာ အေးခဲလို့ နေသည် ။ ဆိတ်ငြိမ် ရပ်ကွက်ကလေး ထဲ က မြသား အတိ စိမ်းနေသော မြက်ခင်းပြင် ပေါ် မှာ စားပွဲတွေ ချထား သည် ။ ကိုတာ့ ဇနီး မမအေး က လိုအပ်နိုင်စရာ အကုန်လုံး ကို စားပွဲ ပေါ် တွင် ပြင်ဆင် ပေးထားပြီး သည့် နောက် အားလုံး ကို နှုတ်ဆက်ကာ အိပ်ရာ ဝင်သည် ။
ညနက်လေလေ နှင်းတွေ က ကျလာလေလေ ။ မြက်ခင်းပြင် ပေါ် မှာ နှင်း ၊ မြူရွက်တွေ ပေါ် မှာ နှင်း ။ ကျွန်တော် က လွဲ လျှင် ဆရာပါ ၊ ဆရာကိုတာ ၊ ရာပြည့် ဦးစိုးညွန့် အကုန်လုံး ဦးထုပ် ကိုယ်စီ နှင့် ။
“ ကျွန်တော် ဟိုတစ်လော က မုံရွေး ပြန်သွားသေးတယ် ဗျ ၊ အဲဒါ သူငယ်ချင်း တစ်ယောက် နဲ့ သွား ဆုံတာ ၊ မြန်မာစာ ကျူရှင် ပေးနေ သတဲ့ ၊ ကျွန်တော် က ပြောလိုက်ရတယ် ၊ မြန်မာစာ တော် လို့ ဘာမှ မဖြစ်ဘူးလို့ ၊ အင်္ဂလိပ်စာ တော်အောင် လုပ်ရမှာ လို့ ”
ဘယ်သူ က မှ ဆရာကိုတာ့ စကား ကို မငြင်း ကြ ။ သို့သော် ကျွန်တော် က တော့ စိတ် ထဲ မှာ နည်းနည်းကလေး ခုတုတု ဖြစ်သွား မိသည် ။ ကိုယ်တိုင် စာ ရေးနေသူ တစ်ယောက် ၊ ပြီးတော့ စာအုပ်တိုက် တစ်တိုက် ကို ဦးဆောင် နေသူ တစ်ယောက် ၊ ထို့ပြင် မဂ္ဂဇင်း တော်တော်များများ ကို လည်း တည်းဖြတ် ထုတ်ဝေခဲ့သူ တစ်ယောက် ၊ ထိုသို့သော လူ တစ်ယောက် က မြန်မာစာ အရေး မပါ သလို ပြောချလိုက် သော အခါ သူ့ ကို ကျွန်တော် အံ့သြ သွား မိသည် ။
နောက် ဆယ်စုနှစ် တစ်ခု နီးနီး လောက် ကြာသွားပြီး သော အခါ အင်္ဂလိပ် စာတတ် ကဗျာဆရာ တချို့ ၊ မျက်မှောက်ကာလ မဂ္ဂဇင်း စာမျက်နှာများ ပေါ် က ကဗျာဆရာ တချို့နှင့် ဆက်နွှယ်ပြီး ရန်ကုန်မြို့ တစ်နေရာ ၌ စကား ပြော ဖြစ်ကြ သော အခါ ဆရာကိုတာ ပေါက်ကွဲ နေ ပြန်ပါသည် ။
“ သွားစမ်းပါဗျာ ၊ ဒီမှာ ဟေ့လူ ကျုပ် ပြောမယ် ၊ ကိုယ့် မိခင် ဘာသာ စကား ကို မှ ကောင်းကောင်း မတတ် ၊ ကိုယ့် ဘာသာစကား ရဲ့ အလှ ကို မှ ကောင်း ကောင်း မခံစားနိုင်ဘဲ နဲ့ ခင်ဗျား ဘာမှ မဖြစ်ဘူး ။ ဆရာ ၊ ဆရာမတွေ ကိုယ်တိုင် က ခံစားတတ်ဦး မှ ဗျ ။ အဓိပ္ပာယ် သိအောင် ရှင်းပြ နေရုံနဲ့ ၊ သွားစမ်း ပါဗျာ ”
ကိုတာ ကား မိခင်ဘာသာစကား ဘက် မှ အနာကြီး နာ နေ ပြန်ပါသည် ။ ရှမ်းတောင်တန်းများ ပေါ် တွင် ခရီးသွား နေကြတုန်း က ဆရာဒဂုန်တာရာ ၏ နွေနှောင်းရက်ကျန် သီချင်း ကို ဟိုနား က ဖြတ် ညည်းလိုက် ၊ သည်နား က ဖြတ် ညည်းလိုက် နှင့် ။
“ လှလိုက်တာ ဗျာ ၊ ဆရာတာရာ ဘယ်လိုများ သည်လို ရေးဖို့ စိတ်ကူး ထွက် လာတာလဲ မသိဘူး ။ ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာ မြူမှုန်လိမ်းကျံတဲ့ ညှိုးပြောင်းရွက်ညှာ ရွှေရောင်ရော်ဝါ ... လှလိုက်တာ ဗျာ ၊ သန္တာ ကို မြညို နှောကာ ကြွေလျောကုန်လု ပုရစ်နုညှာစီ နှောင်းနွေသန်လု စက်ရာဆီမှာ တဲ့ ၊ တကယ့် Buutiful Myanmar ဗျာ ”
သူ က စကားလုံး တစ်လုံးချင်း ကို ခံစား နေပြန်ပါသည် ။ Beautiful Myanmar တဲ့ ။ နောက်တော့ ထို Beautiful Myanmar ကို ဘင်္ဂလားပင်လယ်အော်ကြီး ရဲ့ ကမ်းစပ် ၊ ချောင်းသာ ည လှိုင်းတသောသော လေတဝေါဝေါ ထဲ အထိ သူ ယူလာ ပြန်ပါသည် ။ ကျွန်တော့် ကို ထို Beautiful Myanmar နောက်ခံ ဖြင့် ဆွေးနွေးခိုင်းခြင်း ဖြစ်ပါသည် ။
နားထောင်သူများ က သူ့ SILTA LUMBINI ( လုမ္ဗိနီသူငယ်ဥယျာဉ် ) ကျောင်း က ဆရာ ၊ ဆရာမများ ။ ကျွန်တော် က အသံချိုချို နှင့် ကဗျာကလေး တွေ ရွတ်လိုက် ၊ ဘာသာစကား အလှ ကို ပြော လိုက် ။ ဆရာ ကိုတာ သဘောကျ နေပုံ ရသည် ဟု ကျွန်တော် ထင် မိ သည် ။
“ ဟေ့လူ ဆရာကြီးဂျက် ၊ ကျုပ် ကို ခင်ဗျား တစ်ခု ကူညီဗျာ ၊ လှတဲ့ မြန်မာစာလေးတွေ ရွေးပေး စမ်းပါ ၊ ဆရာမင်းသုဝဏ် ရဲ့ ဝင်္ကပါလို ကဗျာ ဖြစ်ချင် လည်း ဖြစ်မယ် ၊ ဝေဿန္တရာ ဇာတ်ဝတ္ထု ထဲ က ကောက်နုတ်ချက် ဖြစ်ချင်လည်း ဖြစ်မယ် ၊ အဓိက က ဘာသာစကား အလှ ကို ခံစားရင်း မြန်မာစာ ဟာ ဘာလဲ လို့ သိသွား စေချင်တာ ။ ကိုယ့် ဟာ ကိုယ် ဘာမှန်း မသိရင် သွားစမ်း ၊ ဟေ့ကောင် မင်း သွားစမ်း ၊ လုပ်ဗျာ ၊ ကလေးတွေ သင် ဖို့ ”
နွေ ည ၏ ငွေရောင်လမင်း က ပင်လယ်လှိုင်း တွေ ပေါ်မှာ ဖိတ်စဉ် ကွဲကြေ နေသည် ။ ကမ်းခြေ ကို ဂငယ်ကွေ့ကွေ့ထားသည့် အုန်းပင်တွေ က လေ မှာ တရှဲရှဲ ။ ဟိုး ခပ်လှမ်းလှမ်း ပင်လယ်ရေပြင် ထဲ တွင် ရှိနေသည့် သဲဖြူကျွန်း ဆီ က မီးရောင် က လင်းခနဲ လက်ခနဲ ။
“ မြန်မာစာ သင်မယ့်သူ တစ်ယောက် လောက် လိုချင်တယ်ဗျာ ၊ ဆရာမ ဆို ပို ကောင်းမယ် ထင်တယ် ၊ အသက်ကြီး ပင်စင်စား ပါမောက္ခဟောင်း တွေ ဘာတွေ ဆို ပို ကောင်းမယ် ဗျ ။ ကလေးတွေ နဲ့ ရင်းရင်းနှီးနှီး နေဗျာ ၊ နောက် မေတ္တာဓာတ် များများလေး ရှိပေါ့ ၊ တွေ့ရင် ပြောစမ်းပါ ”
သည်လိုကျတော့ လည်း မိခင်ဘာသာစကား ၏ အရေးပါ ပုံကို သူ လက်ခံ ကာ ကလေးတွေ ကို ပျိုးထောင်ဖို့ စိတ်အား ထက်သန်လှပါကလား ဟု ကျွန်တော် သူ့ ကို တစ်ချက် ငေးမိ လိုက် ပြန်ပါသည် ။
SILTA LUMBINI တဲ့ ။
ကျေနပ်ပြီး ပျော်ရွှင်နေသောသူများ ၊ စွမ်းသောသူ ကောင်းသောသူများ မွေးမြူ ဖို့ ဆိုသည့် အသံ ကို ပေးကာ ကလေးတို့ အတွက် ဥယျာဉ်ကျောင်းကလေး တွေ ကို သူ ဖွင့်သည် ။ ကျောင်း နာမည် တွင် လုမ္ဗိနီ ဟူသည့် အမည် ကို ထည့်သွင်း မှည့်ခေါ် ထားလို့ လား မသိ ။
ကွယ်လွန်သူ ဆရာကြီးဒေါက်တာသန်းထွန်း က -
"ဪ မောင်တာ မောင်တာ ၊ ဘုရား တစ်ဆူတည်း ပွင့်တာ မလောက်လို့ အများအပြား ထုတ်မလို့ ထင်တယ်”
ဟု ကလိ ဖူးသည် ။
ကျွန်တော် က တော့ လုပ်သူ ကို ရော ကောက်ချက် ချသူ နှစ်ဦး စလုံး ကိုပါ သဘောကျ သွား မိပါသည် ။
••••• ••••• ••••• •••••
“ ဟေ့ လူ ၊ စာရေးဆရာ ဆိုတာ ဘာမှ မဟုတ်ဘူးဗျ ၊ စာ ရေးတတ်တယ် ဆိုတာကလေး တစ်ခု ပဲ ၊ သူများ ထက် စာ ပိုရေးတတ်တယ် ပေါ့ ၊ ဒါပဲဗျာ ၊ သူ မသိတာတွေ အများကြီး ၊ အဲဒါဗျာ ၊ သူ့ ကျ မှ လေးစားရမယ် ဆိုတော့ ဗျာ ၊ ဘယ်လို ပြောရမလဲ ဗျာ ”
“တစ်ခါတစ်ခါ ကဗျာဆရာတွေ ကို စိတ်ညစ်တယ် ဗျာ ၊ ကဗျာ ကို ရှေ့ဆုံး မှာ မထည့်လို့ တဲ့ ၊ ကျုပ် မဂ္ဂဇင်း နဲ့ ကျုပ် ... ကျုပ် ထည့်ချင်တဲ့ နေရာ မှာ ထည့်မှာပေါ့ ဗျ ၊ ကျုပ်ကတော့ ကျုပ် ရပ်ချင်တဲ့ အချိန် ကျုပ် မဂ္ဂဇင်း ရပ် မှာ ပဲ ၊ ဂုဏ်သိက္ခာ အရ ဘာ အရ မရပ်ဘူး ၊ ဘာညာ မရှိဘူး ၊ မလုပ်ချင်တဲ့ အချိန် ရပ်မှာ ပဲ ”
ရန်ကုန်မြို့ ပေါ် က လက်ဖက်ရည်ဆိုင် ပေါင်းစုံ ၊ စားသောက်ဆိုင် ပေါင်းစုံ မှာ ဆရာကိုတာ နှင့် ကျွန်တော်တို့ မကြာမကြာ ထိုင်ဖြစ်တတ်ကြရာ သည် စကားမျိုးတွေ ကို မကြာမကြာ ကြားရမြဲ ဖြစ်သည် ။ တစ်ခါ တစ်ခါတော့ ဆဲသံ ဆိုသံ ကလေးတွေ နှင့် ။ စာပေလောက အပေါ် သူ ဘာတွေများ အလိုမကျ နေရော့ သလဲ ။ ဘာပဲဖြစ်ဖြစ် မြန်မာစာပေလောက ထဲမှာ အမှိုက်တွေ အညစ် အကြေးတွေ ချသူများ ထဲတွင် တော့ ဆရာကိုတာ မပါ ။ မိုး ၊ စတိုင်သစ် ၊ အခု နောက်ဆုံး ချင်းတွင်း ။ သူ လုပ်သမျှ မဂ္ဂဇင်းတွေ က သန့်ရှင်းပါသည် ။ မိန်းမ ရုပ်ပုံတွေ ၊ မင်းသမီးမင်းသားပုံတွေ ဘာမျှ မပါ ။ တောက်တိုမည်ရ သတင်းတွေ ဘာမျှ မထည့် ။ စာချည်း ပဲ အသန့် ။ အခန့် ။
မုံရွေးတိုက် က ထုတ် သမျှ စာအုပ်တွေ ကလည်း စာဖတ်သူ အတွက် အကျိုး ရှိရာ ရှိကြောင်း စာ တွေ ချည်း ။ ဥပမာ ဒေါက်တာသန်းထွန်း ၏ အရင် ဧကရာဇ် အခု လူ ။ ၂၀၀၃ ခုနှစ် ဆောင်းရက်တွေ ထဲ မှာ တော့ ကလော ၊ အောင်ပန်း ၊ ပင်းတယ ဘက် ကို ဆရာကိုတာ နှင့် တွဲပြီး စာပေဟောပြောပွဲ ထွက် ဖြစ်သည် ။ ဒေါ်ခင်ဆွေဦး နှင့် မသန်းမြင့်အောင် တို့ လည်း ပါသည် ။ ရေ ခဲ မတတ် အေးလွန်းသော ကြောင့် နေ့ခင်း ကြောင်တောင် မှာ ဟော ရသော ကမ္ဘောဇ ၏ စာပေစင်မြင့်များ ပေါ် တွင် သူ့ ကို ကျွန်တော် အကဲခတ် ရသည် ။
တော်တော် စကားပြော မကောင်းသော စာရေးဆရာ တစ်ယောက် ။ သူ က စင်ပေါ် က နေ သူ ရေးခဲ့သော စာအုပ်အချို့ ကို ထောင် ထောင် ပြရင်း ဟော ပါသည် ။ ပရိသတ် အများစု က သူ့ စာအုပ်တွေ ကို မသိ ။
“ လူဦးရေ သန်း ၆ဝ ဗျာ ၊ စာအုပ် တစ်ထောင် မနည်း ရောင်းနေရတယ် ”
“ဒါတော့ မပြောနဲ့ ဆရာတာ ၊ ကျွန်တော် က မြန်မာစာ နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင် မှာ နေတာ ၊ ဆရာမ တစ်ယောက် က နတ်နွယ် ဆိုတာ ဘာတွေ ရေးတာလဲ တဲ့ ။ ကျောင်းသား အများစု က မောင်ထင် ၊ ရွှေဥဒေါင်း ၊ လူထု ဒေါ်အမာ ၊ မကြားဖူးကြဘူး ”
“ အဲဒါ ဘာလို့ ဖြစ်ရတာလဲ ခင်ဗျား သိလား ၊ ခင်ဗျား သိရဲ့လား ။ စာ ဖတ်တာကို ချစ်အောင် မလုပ်တဲ့ ပတ်ဝန်းကျင် မှာ ... ”
ဆရာကိုတာ ကား ဆဲဆို နေပြန်ပါလေသည် ။ ကျွန်တော် က စာပေ ဟောပြောပွဲ ခရီးစဉ်တွေ ကို တစ်ခါ တစ်ခါ ညည်း မိသည် ။ ခရီးလမ်း ကြမ်းတမ်းမှု ၊ လူတွေ ၏ စာပေ တပ်မက်စိတ် ခြောက်ခန်း လာ မှု ။
“ ဟေ့လူ ဆရာကြီးဂျက် ၊ သွားရမယ် ဗျ ။ ကျုပ် က ကြိုက်တယ် ၊ ကိုယ့် စင် ကိုယ် ထိုး တယ် ဗျာ ၊ ကိုယ် ဖိတ်ချင်တဲ့ စာရေးဆရာ ဖိတ်တယ် ဗျာ ၊ ကိုယ် နားထောင်ချင်တာ နားထောင်တယ် ဗျာ ၊ အဲဒါကို ကြိုက်တာ ”
ဆရာကိုတာ က စာ ရေးတာ လွတ်လပ် သလို သွားလာ နေထိုင်မှု ပုံစံ ကလည်း လွတ်လပ်သည် ။ စာပေဟောပြောပွဲ စင်မြင့် ပေါ် တက်ဖို့ သူ ပြင်ဆင် ထားပုံက Walking shoe နှင့် ၊ ဘောင်းဘီရှည် နှင့် ၊ အားကစားအင်္ကျီ နှင့် ။ ကျွန်တော် က ကောင်းပါ့မလား ဟု စကား စ ရုံ ရှိသေး ။ သူ က ပေါက်ကွဲပါပြီ ။
“ ကျုပ် နေတာ ထိုင်တာ သည်ပုံ အတိုင်းပဲ ၊ အဲဒါကို လက်ခံရင် ဖိတ် ၊ လက်မခံရင် မဖိတ် နဲ့ ၊ ကျုပ် ကတော့ သည် အတိုင်းပဲ ”
စာပေဟောပြောပွဲ စီစဉ်သူတို့ သည် ကား ပါးစပ် အဟောင်းသား ဖြစ်ကာ သူ့ ကို ငေးကြည့် နေ လျက် ။
••••• ••••• ••••• •••••
ပင်လယ်လှိုင်း တွေ က ဘန်ဂလို အောက် ဘက် သဲသောင်ပြင် ကို တဝေါ ဝေါ ရိုက်ခတ် လျက် ရှိသည် ။ ဘန်ဂလို ရှေ့ လသာဆောင် မှာ စားပွဲ တစ်လုံး နှင့် ဆရာကိုတာ ။ သူ့ ရှေ့ မှာ စာရွက်စာတမ်းတွေ ၊ စာအုပ်တွေ ။
အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုး Al Gore ၏ An inconvenient Truth ။ နောက် James Trefil ၏ A scientist at the seashore ပင်လယ်ကမ်းခြေ က သိပ္ပံပညာရှင် တစ်ယောက် ။ နောက် ကျွန်တော် တို့ ရောက် နေသော ရက်များ အတွင်း ချောင်းသာကမ်းခြေ ဒီရေ အတက်အကျ ဇယား ။
“ ရေတက်ရေကျ ဇယား က ဗြိတိသျှရေတပ် က လုပ်ထားတဲ့ ဇယား ၊ Internet ကနေ Download လုပ် ယူ လာတာ ”
သူ့ အနား မှာ သူ့ ကျောင်း က ဆရာမကလေး တွေ ဝိုင်း နေသည် ။ ပင်လယ်ရေ က ဘာလို့ ငန် တာလဲ ။ ပင်လယ်ကြီး က သက်တမ်း ဘယ်လောက် ရှိပြီလဲ ။ လှိုင်းတွေ က ကမ်းခြေ ကို ဘာကြောင့် ထောင့်မှန် ရိုက်တာလဲ ။ ကမ်းခြေ မှာ ဘာကြောင့် အမြှုပ်တွေ ထ နေတာလဲ ။ သူ က ဦးဆောင်ပြီး ဆွေးနွေး နေသည် ။ သူ က လူတွေ ကို သိပ္ပံစာတတ် တွေ ဖြစ်စေ့ ချင် နေသည် ။
တစ်ခါက တက္ကသိုလ်ဆရာများ ၏ စကားဝိုင်း တစ်ခု မှာ သိပ္ပံဆရာ တစ်ယောက် က မုံရွေး လို စာအုပ်တိုက် ရှိ လာတာ ကျွန်တော်တို့ အတွက် ဖတ် စရာတွေ ပို ရှိလာတယ်ဗျာ ဟု ကျေးဇူးစကား ဆိုသံ ကို ကျွန်တော် ကြားခဲ့ ရသည် ။
တကယ်လည်း မုံရွေး က သိပ္ပံစာအုပ်တွေ ကို အုံနှင့် ကျင်းနှင့် ထုတ်ဝေ ခဲ့ခြင်း ဖြစ်ပါသည် ။ ဒေါက်တာခင်မောင်ဝင်း ၊ ဒေါက်တာတင်လှိုင် ၊ ဦးဧမောင် ၊ ဦးစံသာအောင် ၊ တက္ကသိုလ်ကြယ်ပွင့် ၊ ကျော်ဇေယျာ ( ပုသိမ် ) ၊ စိုးစိုး ( အင်္ဂပူ ) ၊ ဗန်းမော်တင်အောင် ၊ လွဏ်းမောင် ၊ ညွန့်ဝေ ( ဆေးသိပ္ပံ ) စသည့် စာရေးသူ အမည်များ ကို ကြည့်ရုံ နှင့် သိပ္ပံစာပေ အတွက် မုံရွေး က အားထုတ် ပုံ ကို တွေ့နိုင် ပါသည် ။
“ ဟေ့လူ ဆရာကြီးဂျက် ၊ ရော့ - ချောင်းသာ အစီအစဉ် ”
ချောင်းသာ သို့ သွားကြစဉ် က သူ က ကျွန်တော့် ကို စာရွက်စာတမ်းတွေ ဝေသည် ။ Chaung Tha schedule တဲ့ ။ Departure ထွက်ခွာချိန် ၊ Arrival ရောက်ရှိ ချိန် ၊ Lunch နေ့လယ်စာ စားချိန် ၊ off - hours နားချိန် ၊ Dinner ညစာ စားချိန် ၊ Discussion ဆွေးနွေးချိန် စသည် ဖြင့် ခွဲ ထားသည် ။ ပြီးတော့ ဈေးဝယ် ၊ ချက်ပြုတ် ၊ ပန်းကန်ဆေး ၊ အိပ်ရာခင်း စသည် စသည် ဖြင့် အဖွဲ့ တွေ လည်း ခွဲထား လိုက် သေးသည် ။
အချိန်ကလေး နည်းနည်း ရလျှင် ပင်လယ် ထဲ မှာ ရေဆင်း စိမ်မြဲ ။ ဘင်္ဂလားပင်လယ်အော်ကြီး က ဆရာကိုတာ နှင့် ကျွန်တော့် ကို အတူတူ လုပ်ပစ် လိုက်ပုံ ရ ပါသည် ။
••••• ••••• ••••• •••••
“ ဟေ့လူ ၊ ဘီယာကလေး ဘာလေး သောက်ရင်း စကား ပြောကြရ အောင် ၊ ရေ အရင် သွား ကူးမယ် ”
ရန်ကုန်မြို့ ပေါ် မှာ လည်း သူ က ရေကူး ဖို့ ပဲ ပြော တတ်သည် ။ သို့သော် ကျွန်တော့် အတွက် က မဖြစ်နိုင် ။ ရန်ကုန် ဆို တာ ချောင်းသာ မဟုတ် ။ ဘင်္ဂလား ပင်လယ်အော်ကြီး လို အလကား မရ ။ သို့သော် ပါဂျရိုကား ၏ ခေါ်ဆောင်ရာ နောက် သို့ ဆရာကိုတာ နှင့် အတူ လိုက်ပါ သွား ရသည် ။ ကန်တော်ကြီး ကို မေးတင် ထားသည့် အဆင့်မြင့် ဟိုတယ်ကြီး ၏ ရေကူးကန် ထဲ မှာ ကူးခပ် နေသော စာရေးဆရာ ကို ရှုငေး စောင့်စား ရသည် ။ ပြီးလျှင် ဆိုင် တစ်ဆိုင် ကို ရောက်သွား တတ် မြဲ ။
“ ဂျူး ရဲ့ ဝတ္ထုတွေ က နောက်ပိုင်း မှာ knowledge နဲ့ ဖမ်းစား လာ သလို ပဲဗျာ ၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ဗျာ ၊ ကချင်ဒေသန္တရ နဲ့ ဖမ်းစားတယ် ၊ တိမ်နဲ့ချည်တဲ့ကြိုး ဗျာ ၊ ချင်းဒေသန္တရ နဲ့ ဖမ်းစားတယ် ။ ခံစားမှု လျော့ လာ သလိုပဲ ”
သူ က မိတ်ဆွေကဗျာဆရာ တစ်ဦး ၏ စကား ကို လက်မခံ ။
“ ဟေ့လူ ၊ ခင်ဗျား အဲဒါ သွား မကြည့်နဲ့လေဗျာ ၊ ဂျူး က သူ ပြောချင် တာ ကို ပြောလို့ ရအောင် လုပ် နေတာ ၊ Dramatic ဖြစ်အောင် တော့ လုပ်ရ မှာ ပေါ့ ၊ ဘာကြောင့် ဖြစ်ဖြစ်ဗျာ ၊ လူတွေ စာ ဖတ်ရင် ကောင်းတယ် ၊ ဟယ်ရီပေါ်တာ ဆိုတာ ဘာမှ မဟုတ်ဘူး ။ ဒါပေမဲ့ ဟယ်ရီပေါ်တာ ကြောင့် ကလေးတွေ စာ ဖတ်ဖြစ် ကြတယ် ဆိုတာ ကောင်းတာ ပဲ ”
ကြိုက်သည် ၊ သို့သော် ပါဘလိုနီရူဒါ ဘာသာပြန် ကို တော့ မကြိုက် ။ ကဗျာ သည် ကိုတာ့ ကိစ္စ မဟုတ် ဟု ထင် မိသည် ။ ဒါကြောင့် ကဗျာ ကို တော့ မလုပ်ပါနှင့် ဟု တား မိသည် ။ မရ ၊ သူ လက်မခံ ။
“ ခင်ဗျား သေသေချာချာ ဖတ်ပါဗျ ၊ အသော့ မနှင်ပါနဲ့ ၊ အသော့ မနှင် လိုက်ပါနဲ့ ။ ခပ်နှေးနှေး အရသာ ခံပြီး ဖတ်စမ်းပါ ”
ကျွန်တော် အသော့ မနှင်ဘဲ သူ့ ပါဘလိုနီရူဒါ ကို ပြန် ဖတ်သည် ။ မရ ။ လွန်ခဲ့သော နှစ်နှစ် လောက် က တော့ ရန်ကုန်မြို့ ပေါ် မှာ နေစရာ အိမ် ၊ သို့မဟုတ် အခန်း တစ်ခု ခု ကို ရှာ နေတုန်း ဆရာကိုတာ နှင့် လမ်း ပေါ် မှာ သွား တွေ့ ရာ က တစ်နေရာ မှာ ထိုင် ဖြစ်သည် ။
“ အိမ် တို့ အခန်း တို့ အပိုင် ဝယ်တယ် ဆိုတာ မလွတ်လပ်တာ ၊ မဖွံ့ဖြိုး တာဗျ ။ အနောက် ကမ္ဘာ မှာ ကိုယ် စိတ်ပါတဲ့ အလုပ် ပြောင်း လုပ် ၊ ကိုယ် နေချင်တဲ့ မြို့ ပြောင်းသွား ၊ လွတ်လွတ်လပ်လပ် ပါ ဗျာ ၊ တစ်နေရာရာ မှာ ဘယ်တော့မှ ချည်နှောင် မထားဘူး ”
ဝင်ဒါမီယာ ထဲ က သူ့ အိမ်ကြီးမဟာ ကို မကြာခဏ ရောက် ရောက်သွား တတ်သော ကျွန်တော် က သူ့ ကို ဘာ ပြန် ပြောရမှန်း မသိ ။ ဟို တစ်လောလေး က တော့ သူ ၊ မိတ်ဆွေ တစ်ဦး နှင့် ကျွန်တော် တို့ တစ်ခါ ဆုံဖြစ်သေးသည် ။ ထုံးစံ အတိုင်း သူ ရေကူးရာ က အပြန် လှည့် ဝင် လာခြင်း ဖြစ်သည် ။
“ အနုပညာသမား က နှစ်မျိုး ရှိတာဗျ ၊ တချို့က လွှတ် ထားတာ ၊ ဘာမှ သိပ် မထိန်းတာ ။ ဥပမာ ဗျာ ဗန်ဂိုး တို့ လို ၊ မောင်ချောနွယ် တို့ လို ... ဒါလည်း ကောင်းတာပါပဲ ။ တချို့ကတော့ ထိန်းထိန်းကွပ်ကွပ် နေရင်း လုပ် သွားတာ ။ ဆရာဇော်ဂျီ တို့ လို ၊ ဆရာမင်းသုဝဏ် တို့ လို ။ ဒါလည်း အနုပညာ ထွက် လာ တာပါပဲ ”
ဆရာကိုတာ က ကော ဘယ်လို စာရေးဆရာ လဲ ။ ဆရာ ပါရဂူ က တော့ ပါဂျရို နှင့် စာရေးဆရာ ဟု တံဆိပ် ကပ် သည် ။ ထိုနေ့ က လည်း ပါဂျရို နှင့် ရောက်လာ ကာ ပါဂျရို နှင့် ပြန် ထွက်သွားသော ဆရာကိုတာ ကို ၃၅ လမ်း ထိပ် မိုး နှင့် ဝေဝါး နေသော ရန်ကုန်မြို့ ၏ မှောင်စပျိုး မှာ ကျွန်တော် နှင့် မိတ်ဆွေ တစ်ဦး က နှုတ်ဆက် လိုက်ရ ပေသည် ။
◾ မောင်သာချို
📖 မိုးဂျာနယ်
သြဂုတ်လ ၊ အောက်တိုဘာလ ၊ ၂ဝဝ၇ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment