❝ ဉာဏ်စမ်းပုစ္ဆာ ❞
ရှေးလူကြီးများ တော်တော် ပညာ ပြ ချင်တတ်သည် ။ နှောင်းလူတွေ ကို ဆုံးမ ချင်တာ ၊ မှာခဲ့ ချင်တာ ရှိသော အခါ တိုက်ရိုက် တည့်တည့် ပြော လိုက်လျှင် ရလျက်သား နှင့် ပဟေဠိ စကားထာတွေ နဲ့ ဦးနှောက် စား အောင် လုပ် တတ်သည် ။ သိုက်စာ ၊ အတိတ် ၊ တဘောင်တွေ ဆိုလျှင် ဘယ် အရပ် ကနေ မြောက်စူးစူး ကို ခရီးတာ ဘယ်လောက် သွား ၊ ဘာ ပင် တွေ့ လိမ့်မယ် ... အဲဒီ ကနေ အရှေ့တောင် ကို ခြေလှမ်း ငါးဆယ် လှမ်း ၊ ကျောက်ဂူ တွေ့မယ် ... ဒီလို မဟုတ်ပဲ အဓိပ္ပါယ် ဖော် ရ ခက်အောင် ကွယ်ဝှက်ပြီး ရေး ထားတော့ ရှာဖို့ ခက်သွားတာပေါ့ ... စ ကတည်း က မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်း စာ ရေး နေသေးလဲ ၊ ရှေး ဘာဖြစ်မယ် ဆိုတာ ဟောကိန်း ထုတ်ချင် ရင် လည်း တည့်တည့် ပြောပါလား ... ဘာဖြစ်လို့ တဘောင်တွေ ၊ စနည်းတွေ လုပ် နေရတာလဲ ။
အဂ္ဂိရတ် မှာ လည်း ဒီလိုပဲ ။ ဓာတုဗေဒပညာ လို ပုံသေနည်းတွေ ၊ ညီမျှခြင်းတွေ နဲ့ တိတိကျကျ မပြောကြ ။ လင်္ကာတွေ ၊ စာချိုးတွေ နဲ့ မျက်စိ လည်အောင် လုပ် တတ်သည် ။ ဆေးညွှန်း ပေး တာတောင် စကားထာ ဝှက် သလို လုပ် ချင်သည် ။ သွားကိုက် ပျောက် ဆေးနည်း တစ်ခု မှာ “ ငါးပိ လက်လေးသစ် ” တဲ့ ။
ဘယ့်နှယ် ... ငါးပိ လက်လေးသစ် ဆိုတော့ သွား မှာ သိပ်ဖို့ နေနေသာသာ ပါးစပ် ထဲ တောင် ထည့် ဖို့ မလွယ် ။ အမှန်က ပါဝင်သော ဆေးအမယ်များ မှ ပထမ စာလုံးများ ဖြင့် အတိုကောက် မှတ်ထားခြင်း ဖြစ်၏ ။ င = ငရုတ်ကောင်း ၊ ပိ = ပိတ်ချင်း ၊ လက် = လက်ချား ၊ လေး = လေးညှင်း ၊ သစ် = သစ်ကြံပိုးခေါက် တို့ ဖြစ်သည် ။ ဒီနေရာ မှာ အဓိပ္ပါယ် အကောက် လွဲ သွား နိုင်သည် ။ “ င ” ကို ငရုတ်သီး ၊ “ လက် ” ကို လက်ထုတ်ကြီး ၊ “ သစ် ” ကို သစ်ဆိမ့်သီး ဆိုပြီး မှား ထင် မိလျှင် ဘယ်လို လုပ်မလဲ ။ ကိုယ် မရှိတော့တဲ့ အချိန်မှာ သားသမီးတွေ လိမ်မာ အောင် ၊ ဒုက္ခ မရောက်အောင် မှာကြား ဆုံးမ ရာ မှာတောင် ဇဝေဇဝါ ဖြစ်အောင် လုပ် ခဲ့ သေးသည် ။
ပုံပြင် တစ်ခု တောင် ရှိ သေးတယ် လေ ။ သူဌေးကြီး သေဆုံးတော့ သူ့ သား ကို မှာ ခဲ့တာ က …
( ၁ ) ခေါင်းတစ်ရာသား စားပါ ။
( ၂ ) အိမ် နောက်ဖေး ဈေးဆိုင် တည်ပါ ။
( ၃ ) ခေါင်းသုံးလုံး နဲ့ ပညာရှိ ကို ဆည်းကပ်ပါ ။
ဒီတော့ သား လုပ်တဲ့ သူ က ကြက် ၊ဘဲ ၊ သိုး ၊ ဆိတ် ၊ ဝက် ၊ အမဲ စသည် ဖြင့် အကောင် တစ်ရာ ဝယ် ပြီး ခေါင်းဖြတ် စားသည် ။ ငွေ တွေ သောက်သောက် လဲ ကုန် သည် ။ အိမ် နောက်ဖေး ဈေးဆိုင် ဖွင့် ရောင်းသည် ။ ဘယ်သူ မှ လာ မဝယ်သဖြင့် အကြီးအကျယ် ရှုံးသည် ။
နောက်ဆုံး ခေါင်းသုံးလုံး နဲ့ ပညာရှိ ကို လိုက် ရှာသည် ။ အသက်အရွယ် အိုမင်း လွန်း သဖြင့် ခါး ကိုင်း နေပြီး ဆောင့်ကြောင့် ထိုင် နေသော အခါ ဦးခေါင်း က ဒူး နှစ်လုံး ထဲ ရောက် နေသော အဖိုးအို တစ်ယောက် ကို တွေ့ ရ၏ ။ ရုတ်တရက် ကြည့် လိုက်လျှင် ဦးခေါင်း သုံးလုံး ဟု ထင် ရ၏ ။ ထို အဖိုးအို ကို မေး ကြည့်တော့ မှ သူ့ အဖေ မှာ ခဲ့သည့် အချက်များ ၏ ဆိုလိုရင်း ကို သိ ရလေသည် ။
“ ခေါင်းတစ်ရာသား ကို စားပါ ” ဆိုတာက ဈေး သက်သာသော ငါးသေးငါးဖွဲ တွေ ကို စားခိုင်းခြင်း နှင့် “ အိမ် နောက်ဖေး ဈေးဆိုင်တည် ” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ် လေ၏ ။ စောစောစီးစီး က မသိ သဖြင့် သား ဖြစ်သူ မှာ အချိန် ကုန် ၊ ငွေ ကုန် ၊ လူပန်း ၊ ဦးနှောက် ခြောက် ဖြစ် ခဲ့လေသည် ။
တကယ်တော့ ခုလို ရှေးလူကြီးတွေ ကို ဝေဖန် မိတာ က လည်း သူ့ အဖေ ကြောင့် သာ ဖြစ်၏ ။ သူ့ အဖေ သည် သူ့ ခေတ် သူ့ အခါ ကတော့ ခေတ် အမြင် ရှိသူ ဖြစ်၏ ။ အသက် ကြီး လာသော အခါတွင် မှ ရှေးလူကြီး ဖြစ် သွားခဲ့သည် ။ သူ့ အဖေ ဆုံးခါနီး တွင် သူ့ ကို စာအိတ် တစ်အိတ် ပေး သွား ခဲ့သည် ။ အထဲ မှာ စာ တစ်စောင် ပါ သည် ။ စာ ထဲ မှာ လမ်းညွှန် မှာ ကြားချက်တွေ ရေး ထားသည် ။ ရှေးလူကြီး မပီသ မှာ စိုးလို့လား မသိ ၊ ပဟေဠိ ဆန်ဆန် ရေး ထားသည် ။
ပထမ လမ်းညွှန်ချက် က ...
“ နို့ အလုံးတစ်ရာ ကို စို့ ပါ ”
တကယ်ပဲ နို့ အလုံးတစ်ရာ ကို စို့ခိုင်းခြင်း တော့ မဟုတ်တာ သေချာသည် ။ ကိုယ့် သား ကို ပါး အချက် တစ်ရာ အရိုက် ခံရအောင် လို့ ဘယ် အဖေ မှ ချောက် တွန်း မှာ မဟုတ် ။ ဒါဖြင့် ဘာ အဓိပ္ပါယ် လဲ ။ ဘာကို ဆိုလိုတာလဲ ။ သွား စို့ လို့ ပါး ရိုက် မခံရ နိုင်တာက နွားမ တွေ ပဲ ရှိသည် ။ ဒါတောင် ချည်းကပ်နည်း မမှန်လျှင် အကန် ခံရနိုင်သည် ။ နွားမပေါင်း များစွာ က နို့များ ကို စုပေါင်းပြီး ချက် ထားသော နို့ဆီ ကို များပြော တာလား ... မဖြစ်နိုင် ။ ဟိုအရင် ကတည်း က လက်ဖက်ရည် ကို တစ်နေ့ သုံးခွက် လောက် သောက် ခဲ့တာပါ ။ လက်ဖက်ရည် သောက် တိုင်း နို့ဆီ ပါ နေခဲ့တာပဲ ။ စဉ်းစားလို့ မရသဖြင့် ခေါင်း ရှင်း သွားအောင် ရုပ်မြင်သံကြား ထိုင် ကြည့် နေ လိုက်သည် ။ အရေး ထဲ ကြော်ငြာတွေ က များ လိုက်တာ ၊ ဒီထဲ က မှ ကြော်ငြာတစ်ခု ကို သတိ ပြုမိ၏ ။ မိုးဒီ နှင့် စိုးမြတ်နန္ဒာ တို့ ပါဝင် သရုပ်ဆောင် ကြသော ကြော်ငြာ ၊ ဒီတော့မှ ဉာဏ် အလင်း ရ သွားသည် ။ သူ သည် ပဲနို့ရည် ကို ဝယ် သောက်လေတော့သည် ။
တစ်နေ့ တစ်ပုလင်း မှန်မှန် သောက် သည် ။ ပဲနို့ရည် မှာ ပရိုတင်းတွေ ၊ လိုင်ဆင်းတွေ ပါ နေသဖြင့် ကျန်းမာ ပြီး ဝဖြိုး လာလေတော့သည် ။
ဒုတိယ အချက် ကတော့ ...
“ အိမ် နောက်ဖေး မှာ ဘဏ်တိုက် ဆောက်ပါ ”
သူ့ အိမ် နောက် က ကွက်လပ်ကလေး မှာ ဘဏ်တိုက် နေနေသာသာ... အပေါင်ဆိုင် ဆောက် ဖို့ လောက်တောင် ကျယ်ဝန်းတာ မဟုတ် ။ ပြီးတော့ သူ့ ဝင်ငွေ ကလည်း ဘဏ် မှာ အပ်ပြီး စုဆောင်း ထားရအောင် ပိုလျှံ နေတာ မဟုတ် ၊ ဝင်ငွေ နဲ့ စားသောက်စရိတ် မျှတရုံ လောက်ပဲ ။ စုဆောင်းစရာ ဆိုလို့ ... အဲ ... ဟုတ်ပြီ … စားလိုက်တဲ့ အစာတွေ က ပျောက်ပျက်သွားတာ မဟုတ် … အသွင် ပြောင်း ပြီး ပြန်ထွက် လာတာလေ ။ ဒါတွေကို စုဆောင်း ထားဖို့ အတွက် အိမ်နောက်ဖေး ကွက်လပ်မှာ အိမ်သာ တစ်လုံး ဆောက် လိုက်သည် ။
တတိယ အချက် မှာ ...
“ ငရဲပြည် နှင့် ဆက်သွယ်ပါ ”
ငရဲပြည် ဆို တာ လူ ကိုယ်တိုင် သွားဖို့က လွဲပြီး ဆက်သွယ် နိုင်သည့် တခြား နည်းလမ်း မရှိ ၊ တယ်လီဖုန်း ဆက် လို့ ရတာ လည်း မဟုတ် ။ ဖက်စ်တွေ မေးလ်တွေ ပို့လို့ ရတာ လည်း မဟုတ် ၊ တစ်နည်း ပဲ ရှိသည် ။ မြေကြီး ကို ဖောက်ပြီး အဝီစိ ရောက် အောင် တူးဖို့ ။ ဒီလိုလျှောက် တွေးကြည့်မှ အဖြေပေါ် လာသည် ။ အဝီစီတွင်း တစ်တွင်း တူး လိုက်သည် ။ သူတို့ ရပ်ကွက် မှာ ရေ ရှား သည် ။ ထို့ကြောင့် အဝီစိတွင်း ရေ ကို ရောင်း စားသော အခါ တွက်ခြေ ကိုက် ကြောင်း တွေ့ရ၏ ။
ကဲ ... နောက် တစ်ခု ...
“ ခြေထောက် အရောင်းအဝယ် ပြုလုပ်ပါ ”
ဒါဟာ ဝက်ခြေထောက် စွပ်ပြုတ် ရောင်း ခိုင်းတာတော့ မဖြစ်နိုင် ။ ချိုင်းထောက် လုပ်ရောင်း လို့ လည်း စီးပွား ဖြစ် မှာ မဟုတ် ။ ထိုစဉ်မှာ သူငယ်ချင်း တစ်ယောက် ကားလေး နှင့် ရောက် လာသည် ။ လက်ဖက်ရည်ဆိုင် ထိုင် ကြရင်း သူ က ပြောသည် ။
“ ဟိုတစ်ခါ လာ တုန်းက ဒီ ကား မဟုတ်ပါဘူး ... ”
“ ဟို ကားလေး က မြတ်လို့ ရောင်း လိုက်ပြီ ၊ ဒီ ကား ကလည်း ဈေး ချောင် လို့ ဆွဲထားတာ ၊ ဝယ်ရောင်း လုပ်တာ မဆိုးဘူး ကွ ၊ လုပ်တတ် ကိုင်တတ် ရင် ဝင်ငွေ လည်း ရတယ် ၊ ခြေထောက် လည်း ရတာပေါ့ ... ”
“ ဘာ .. ခြေထောက် ... ဟုတ်လား ... ”
“ အေးလေ ….. ငါတို့ လောက မှာတော့ ကား ဝယ်စီးတာ ကို ခြေထောက် တပ်တယ်လို့ ခေါ်တယ် ... မင်း လည်း ခြေထောက် တပ်သင့်တယ်ကွ ... ”
“ အင်း …. ဟုတ်တယ် ... ငါ သဘော ပေါက်ပြီ ... ”
သူ သည် အောက်ကားလေး တစ်စင်း ကို စ ဝယ်၍ ပြုပြင် မွမ်းမံပြီး ပြန် ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရ သည် ။ လုပ်တတ် ကိုင်တတ် သွားတော့ အောက်ဈေး နှင့် ရှာ ဝယ်ပြီး တက်ဈေး မှာ ပြန် ရောင်းရင်း စီးပွားရေး အခြေအနေ တိုးတက်မှု ရှိ လာသည် ။
“ ကျင်ငယ်ရည် ထုတ်လုပ်သည့် စက် တည်ပါ ”
အဖေ ကတော့ အတော် ပေါက်ပေါက် ရှာရှာ ခိုင်းတာပဲ ဟု သူ တွေးသည် ။ အဓိပ္ပါယ် တော့ ဖော်လို့ မရ ၊ ကျင်ငယ်ရည် ဆိုတာ တစ်ခုခု ကို တင်စားထားတာပဲ ဆိုတာ ရိပ်မိသည် ။ ဘာလဲ ဆိုတော့ စဉ်းစားရ ခက်နေသည် ။ ထို့ကြောင့် အာရုံ အပြောင်းအလဲ ဖြစ်အောင် လမ်း ထွက် လျှောက်သည် ။ လမ်း မှာ ရပ်ကွက် ထဲ က ဝါရင့် ယမကာ သမားကြီး တစ်ယောက် နှင့် တွေ့သည် ။
“ ဘယ် သွားမလို့လဲ ကွ ... ”
ဟု မေးသဖြင့် သူ က ...
“ ပျင်းပျင်းရှိလို့ ထွက် လာတာပါ ... ဘီယာစတေရှင် သွား ထိုင်ရ ကောင်းမလားလို့ ...လိုက်ချင် လိုက်ခဲ့ပါလား ... ကျွန်တော် တိုက်ပါ့မယ် ... ” ဟု ပြောတော့ ယမကာသမားကြီး က ...
“ တော်ပါပြီကွာ ... ငါ က ဘီအီး က လွဲ ရင် ဘာမှ မကြိုက်ဘူး ... မင်း ဘီယာ က အများကြီး သောက် ပြီး မှ နည်းနည်းလေး မူးတာ ... ဆီး ခဏခဏ သွားရတာပဲ အဖတ် တင်တယ် ... ”
သူ့ ခေါင်း ထဲမှာ လက်ခနဲ အကြံ ရ သွားသည် ။ ဘီယာ သောက် လျှင် ဆီးရွှင် စေသည် ။ ကျင်ငယ်ရည် ထုတ်လုပ်သည့်စက် ဆိုတာ ဒါပဲကိုး ။ သူ သည် စည်ဘီယာဆိုင် ဖွင့် လိုက် လေသည် ။
နောက်ဆုံး အချက် ကတော့ ...
“ ဦးနှောက် မပါသော ပညာရှိ ကို ဆည်းကပ်ပါ ”
ဘယ်လိုလဲ ။ပညာရှိ ပါ ဆိုနေမှ ဦးနှောက် မပါလို့ ဖြစ် မလား ။ သာမန် လူပြိန်းတွေ တောင် ဦးနှောက် ကတော့ ပါ ကြတာပဲ ။ လူ မပြော နဲ့ ... တစ်ချို့ တိရစ္ဆာန်တွေ တောင် ဦးနှောက် ရှိကြသည် ။ လူ ရယ်လို့ ဖြစ်လာတာ လည်း တိရစ္ဆာန်တွေ ထက်ပိုပြီး အဆင့် မြင့် တဲ့ ဦးနှောက် ကို ပိုင်ဆိုင်ခဲ့ရလို့ပဲ မဟုတ်လား ။ ဒီ ဦးနှောက် ကို အားကိုး ပြီးတော့ပဲ ကမ္ဘာကြီး ကို မောင်ပိုင် စီးခဲ့တာ မဟုတ်လား ။ ဘာပဲဖြစ်ဖြစ် ဆိုလိုရင်း အဓိပ္ပါယ် ကိုတော့ ရအောင် ရှာ ရမည် ။ လူတို့သည် ဦးနှောက် ရှိသောကြောင့် တွေးတောကြသည် ။ ဒီအခါမှာ ကောင်းတာရော မကောင်း တာပါ တွေးမိသည် ။ တရားတာရော မတရားတာရော ကြံစည် စိတ်ကူးမိကြသည် ။ ထို့ကြောင့် ဦးနှောက် မရှိတာ က မှ ခပ်ကောင်းကောင်း ဟု ဆိုလိုချင်တာလား ။
မဖြစ်နိုင် ၊ ဦးနှောက် မရှိလျှင် အဆိုး သာမက အကောင်း ကိုပါ တွေးတော ဆင်ခြင်နိုင် မှာ မဟုတ်တော့ ။ တီကောင် တွေ ၊ ပိုးမွှား တွေ လို အဆင့်နိမ့် သတ္တဝါများ နှင့် ဘာ ထူးတော့မှာလဲ ။ ပဟေဠိ ရဲ့ အဖြေ ကို ရဖို့တောင် ဦးနှောက် ကို သုံးပြီး စဉ်းစား နေရတာပဲ လေ ။ ဒါဖြင့် ဦးနှောက် မပါတဲ့ ပညာရှိ ဆိုတာ ဘယ်လို ဟာလဲ ။ ဦးနှောက် မပါဘူး ဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့ ။ သက်မဲ့ပဲ ဖြစ်ရမည် ။
သက်မဲ့ အရာဝတ္တု တစ်ခု က ပညာရှိ ဖြစ်နိုင်သလား ၊ သက်မဲ့အရာဝတ္တု တစ်ခု ကို ဆရာ တင်ပြီး ဆည်းကပ် သင့် သလား ။ ပညာရှိ ဆိုလျှင် မေးသမျှ ဖြေ နိုင်ရမည် ။ အကြောင်းအရာမျိုးစုံ ကို ခြုံငုံ သိရှိ နားလည်ရမည် ။ ဒါဆိုလျှင် …
သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည် ။ ကွန်ပျူတာ တစ်လုံး ဝယ်ဖို့ပင် ဖြစ်လေ၏ ။
◾မင်းလူ
📖 နှလုံးသား ၃၈၀ / ၅၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment