ငယ် ငယ်တုန်းကပေါ့ ... ။
နယ်တွေ ဆို ခဏခဏ ပြောင်း ဖူး တယ် ။ တစ်နေရာ ခြောက်လ ကနေ အလွန်ဆုံး နေခဲ့တဲ့ ဘီလူးကျွန်း မှာ ခြောက်နှစ် အထိ ပေါ့ ။
နယ် ပြောင်းရတာ ပျော်စရာတော့ ကောင်းပါတယ် ။ နယ်ပြောင်း ပြီ ဆို ပါနေကျ မီးခိုးကြောင့် မဲတူး နေတဲ့ ဒန်အိုးစုတ်ကြီး နှစ်လုံးကို လုံချည် နဲ့ထုပ် ၊ စစ်ခြင်ထောင်ဟောင်းကြီး တစ်ထည်ကို ဖျာလိပ် ထဲ ထည့် ၊ အဝတ်အစား စုတ်တွေ စောင် နဲ့ချည် ။ ဒီလိုပဲ ခေါင်းရွက်ပြီး ပြောင်း ကြရတာ ။ ဇိမ်ခံပစ္စည်း ဆိုလို့ ထိုင်ခုံ မပြောနဲ့ သေတ္တာ တောင် မပါဘူး ။ ယခုခေတ် ဝန်ထမ်းများ လို တီဗီ ၊ ရေခဲသေတ္တာ ဝေးရော ... ။ ဝတ်ရတာ က လည်း မြင်းခေါင်းစွပ်ကျယ် နဲ့ သင်တိုင်း တစ်ထည် စီ ပဲ ရှိတယ် ။ ပြောရဦးမယ် ... အဝတ်အစား အကြောင်း ... ။
ငယ်ငယ်တုန်း က ဆို အင်္ကျီ အသစ် ဆိုတာ တစ်ခါမှ မဝတ်ဖူးခဲ့ဘူး ။ အဖေ က သူ အချိန် တိကျခဲ့တဲ့ သူ့ သားသမီးတွေ ထဲ က အကြီးဆုံး တစ်ယောက် ကို ပဲ အသစ် ဝယ် ပေးတယ် ... ။ အဖေ က အဲဒီမှာ လည်း တိကျ ပြန်ရော ။ ဇယား ဆွဲ ပြီးတော့ကို ပလန် ချခဲ့လေသလား ပဲ ... ။
အကြီးဆုံး တစ်ယောက် ကို အင်္ကျီအဝတ်အစား ဝယ်ပေးတယ် ။ နှစ်နှစ် ကြာရင် နောက် တစ်ယောက် တက် လာရင် အဲဒီ အဝတ် ကို သူ ယူ ဝတ် ။ ကွက်တိပဲ ။ သူပြီး နောက် တစ်ယောက် ။ သူပြီး နောက် တစ်ယောက် ။
အဲ ... အဲဒီမှာ အကြီးဆုံးတွေ က ပြဿနာ မရှိပေမယ့် ကျွန်တော်တို့ အငယ်တွေ ကျတော့ ပြဿနာ ရှိပြန် ရော ... ။
မချော က သူ့ အလှည့် က တော့ သူ က မိန်းမ ကိုး ... ။
ရ လာတဲ့ လုံချည်တွေ ကို အထက်ဆင် တွေ တပ် ၊ ဒေါက်တွေ တပ် ပြီး ဝတ်တော့တာ ပေါ့ ... ။ ကျွန်တော် တို့က သူ့ အငယ်တွေ ဆိုတော့ သူ့ ဆီ က ကျ လာတာတွေ ကို အထက်ဆင်တွေ ဖြုတ် ၊ ဒေါက်တွေ ဖြုတ် ပြီး ဒီအတိုင်း ပြန် ဝတ်ရတာ ။
ဒါကြောင့် ကျောင်း နေတုန်း က ဆို ဆရာမတွေ ရဲ့ အရိုက် ခံရရင် ကျွန်တော် တို့ က ပို အရိုက် ခံရတယ် ... ။ ဟုတ်တယ်လေ ... ။
“ ရုပ် ကြည့်တော့ ကျောက်ရုပ် မျိုး ၊ ဖင် မှာ ကြည့်တော့ ဒေါက်ချုပ် ရိုး ” ဆိုတော့ ဆရာမ က သူ့ ကို
နောက်ရပါ့မလား ဆိုပြီး ကြိမ် နဲ့ ကို ပို ဆွဲ တာ ... ။
••••• ••••• ••••• •••••
ဪ ... ။
ငယ်ဘဝ အကြောင်းကလေး ပြန် တွေးရင်း နေခဲ့ရတဲ့ နယ်လေးတွေ လွမ်း လိုက်တာ ။ အဲဒီ နေရာကလေး မှာ ကျွန်တော်တို့ နေတုန်းက လမ်းပန်းဆက်သွယ်ရေး က အခုလို မဟုတ်သေးဘူး ။ တစ်ပတ် နေ မှ ကား တစ်စီး အဝင်အထွက် ရှိတာ ... ။
ဈေး မရှိဘူး ။ သမဝါယမဆိုင် မရှိဘူး ။ ရုပ်ရှင်ရုံ မရှိဘူး ။ ရွာ မှာ နေတဲ့ လူတွေက ကိုယ် စားချင်တဲ့ အပင် ကိုယ် စိုက် ။ ကိုယ် စားချင်တဲ့ ကောင် ကိုယ် မွေး ပဲ ... ။ များသောအားဖြင့် ကြက်တွေ ဝက်တွေ မွေးကြတာပေါ့ .. ။
အောင်မာ ... ဝက် မွေးတာ တောင် ဘယ်လို မွေးလဲ သိလား ... ။
အစာ ကျွေးရင် ဝက်ကြီး ကျော ကို သပ် ပြီး ...
“ ဟေ့ကောင်ကြီး ... စားထား နော့ ... ဝအောင် စား ၊ အေး ... နင် စားတုန်း ငါ စိတ် မဆိုးဘူး ... ။ အေး ... ငါ စား ရင်လည်း နင် ပြန် စိတ်မဆိုးရဘူး နော့ ... ။ အေး ... ငါ ကျွေးတုန်း ... နင် ... ဝအောင် သာ စားထား ”
အဲဒီလို ... ။
ဪ ... အခုများ ။ ကျွန်တော် က စာရေးဆရာ ဖြစ်လာတော့ ဧည့်ခံပွဲတွေ ၊ စာပေဟောပြောပွဲတွေ ဖိတ်ပါတယ် ။ ထမင်း လည်း ကျွေးကြပါတယ် ။ အဲဒါကို စိတ် မဆိုးဘူး ။ ဒါပေမယ့် ကိုယ် စား နေတုန်း အလှူရှင် က ကျော လာ သပ်ပြီး ...
“ အကြည်တော်ကြီး စား ထား နော့ ... ဝအောင် သာ စား ... အားမနာနဲ့ သိလား ... ” လို့ အာလာပ သလ္လာပ လာ ပြောရင် တော့ ကိုယ့် မှာ ရွာ က ဝက်ကြီး ပဲ ပြေးပြေး မြင်ပြီး ထမင်း နင် တယ် ... ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment