❝ ဂျူး ❞
( ဉာဏ်ပညာ အပေါင်း ချစ်ခြင်းမေတ္တာ စွယ်တော်ရွက်လေး တစ်ရွက် )
စာပေဟောပြောပွဲ ကိစ္စ နှင့် ပတ်သက်ပြီး နောက်ထပ် တစ်ကြိမ် ထပ်မံ ဖိတ်ကြား သည့် မြို့ရွာတွေ ကျွန်တော့် မှာ တော်တော်ကလေး ရှိပါသည် ။ တောင်ငူ ၊ ကျောက်ပန်းတောင်း ၊ ရွှေတောင် ၊ ဟင်္သာတ ၊ နိဗ္ဗာန် ၊ ပဲကြီးကျွန်း ၊ မြန်အောင် စသည် ဖြင့် ။
၂ဝဝဝ ပြည့်နှစ် လွန်စ ကျွံစ နှစ်တွေ ထဲ မှာ စံကားဝါမြေ ၊ ဒါမှမဟုတ် ကျောက်ပန်းတောင်း သို့ ပထမဦးဆုံး အကြိမ် ကျွန်တော် ရောက်သွားဖြစ်ခဲ့ရာ ကိုနေဝင်းမြင့် ၊ ကိုဆူးငှက် ၊ အဏ္ဏဝါစိုးမိုး ၊ ကိုနွမ်ဂျာသိုင်းတို့ နှင့် ဖြစ်ပါသည် ။ နောက် တစ်နှစ် ကျောက်ပန်းတောင်း မှာ စာပေဟောပြောပွဲ ဆက်လုပ်တော့ ဆရာဖေမြင့် ၊ ဆရာချစ်ဦးညို ၊ ဆရာမဂျူး တို့နှင့်အတူ ကျွန်တော့် ကို ထပ် ဖိတ် ပြန်ပါသည် ။ သည်မှာတင် စံကားဝါမြေ ပုပ္ပားတောင်ခြေရောက် စာရေးဆရာမ ဂျူး ကို အလယ်ရိုးမ တောင်စွယ်တောင်ညွန့် အကွန့်အလွန့်များ နှင့် အတူ တွဲစပ် ထိတွေ့ ခဲ့ခြင်း ဖြစ်ပါသည် ။
တောင်တွေ အကြောင်း ကို တော်တော် ရူးသွပ်ခဲ့သည့် စာရေးဆရာမ ဂျူး
••••• ••••• •••••
မိတ္ထီလာ ၊ ကျောက်ပန်းတောင်း ကားလမ်း အတိုင်း ကျောက်ပန်းတောင်းမြို့ အဝင် ကားလမ်း ၏ ဘယ်ဘက် တွင် အမြောက်တပ် တစ်တပ် ရှိပါသည် ။ ထို အမြောက်တပ် ၏ နောက်ကျော ဘက်မှာ တောင်စွယ်တောင်ညွန့်ကလေးတွေ က လွန့်လွန့်လူးလူး ။ အဲဒီ တောင်စွယ်ကလေး တစ်ခု ပေါ် မှာ စေတီကလေး တစ်ဆူ ကို ခက်ခက်ခဲခဲ တည် ထားသည် ။
ကျွန်တော်တို့ ကျောက်ပန်းတောင်း ကို ရောက်တော့ တာဝန်ရှိသူ တွေ ရော မြို့ခံတွေ က ပါ ကျွန်တော်တို့ ကို ထို စေတီကလေး ရှိရာဆီ လိုက် ပို့သည် ။ ဘယ်လောက်ပဲ နိမ့်နိမ့် တောင် ဟု အမည် တပ်ထား မှ တော့ နည်းနည်းတော့ တက်ရပါသည် ။
ကျွန်တော် က ရှေ့ က ၊ မဂျူး က နောက် က ။
ကျွန်တော် နောက် ကို တစ်ချက်လှည့် ကြည့် လိုက်တော့ တောင်တက် လမ်း အကွေ့ကလေး တစ်ခုမှာ မဂျူး တန့် နေသည် ။ တော်တော် နှင့် ဆက် မတက် ။
“ ဆရာမ ရရဲ့လား ”
“ မောတယ် ဆရာရယ် ၊ ရရင်လည်း တက်မယ် ၊ မရရင်လည်း ထိုင် ကျန် နေခဲ့တော့မယ် ”
“ ဆရာမ က လည်း ၊ ဝတ္ထု ထဲ မှာကျတော့ တောင်ပေါ်လမ်းတွေ မှာ စွန့်စားလိုက်တာ ”
“ အဲဒါက ဝတ္ထု ၊ ဒါနဲ့ မဆိုင်ဘူး ”
မဂျူး က သူ့ အဖြစ် ကို သူ သဘောကျ သွားဟန် ဖြင့် လွတ်လွတ်လပ်လပ် ကြီး ကို ရယ်မော နေပြန်ပါသည် ။ သူ့ ရယ်မောဟန် က အပြစ် ကင်းသည့် ကလေး တစ်ယောက် ၏ ရယ်မောဟန်လို ကြည်လင် နေသည် ။ တစ်ပိုင်း တစ်စ အရယ် အမော မဟုတ် ။ အပြည့်အဝ အပြုံး ။
နောက်တော့ စာရေးဆရာမ က ကျွန်တော်တို့ အားလုံး ရောက်သည့် နေရာ အထိ ရောက်အောင် ကို တက်လာ ခဲ့ ပါသည် ။
••••• ••••• •••••
ဂျူး ၏ ဝတ္ထုရှည်တွေ ထဲ တွင် တောင်နံ့ သင်းသည့် ဝတ္ထုရှည်တွေ လည်း ပါဝင် ပါသည် ။ လျှို့ဝှက်သောနှင်း ဟူ၍ ရုပ်ရှင်ပိတ်ကား ပေါ် ရောက် လာသော ဝတ္ထု က ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ပဲ ဖြစ်ပါသည် ။
ဖုန်ကန်တောင် ၊ ခါကာဘိုရာဇီတောင် စသည့် မြောက်ဖျား ကချင်။တောင်တန်းကြီးများ ကို နောက်ခံ ထား ကာ ဇာတ်အိမ် ဖွဲ့ထားသည့် ဝတ္ထု ၊ နှင်းမုန်တိုင်းတွေ ကြား မှာ ပျောက်ဆုံး သွားခဲ့ရသည့် လိပ်ပြာသုတေသီ ကထိက ဦးပြေသိမ်း ၏ အလောင်း ကို သား ဖြစ်သူ ဥက္ကာ က ပြန် ရှာသော ဇာတ် ။
ဘယ်ညာ ယိမ်းနွဲ့ နေသည့် ကြိုးတံတားတွေ ၊ အသူတစ်ရာ မြင့်သည့် တောင် ပေါ် လမ်းတွေ ၊ ကျောက်ကြိုကျောက်ကြား က တဝေါဝေါ စီးသွန်နေသည့် မြစ်တွေ ချောင်းတွေ နှင့် အတူ ကချင်လမ်းပြကြီး ဦးဖီရမ် ၊ သား ဖုန်ဒီးရမ် တို့ နှင့် အတူ ဥက္ကာ ၏ စွန့်စားခန်းတွေ ကို ဖွဲ့ထား ခဲ့သည် ။
နောက် တစ်ပုဒ် က တိမ်နဲ့ချည်တဲ့ကြိုး ။ ကလေး ၊ ဟားခါး ၊ ဖလမ်း ၊ ချင်းတောင်တန်းများ ပေါ် က ဝတ္ထု ။
တောင်ဇလပ်ပန်းတွေ ၊ နှင်းတွေ ၊ အောက်ချင်းငှက်တွေ နောက်ခံ ထား ကာ တောင်ပေါ်ရောက် ငွေဝန်းသော်တာ တို့ ၊ ပိုင်စိုး တို့ နှင့် တကွ သူတို့ တောင်တန်း ကို ဖွံ့ဖြိုးစေချင်သော ချင်းတိုင်းရင်းသား တို့ ၏ ရင်ခုန်သံ ကို ထင်ဟပ် ထားသည် ။
သို့သော် သည် ဝတ္ထုတွေ က ကျွန်တော့် ရင် ထဲ သို့ သိပ်မရောက်လှ ။ ကျွန်တော် နှင့် စိမ်းသော နာမည်တွေ ၊ အစားအစာတွေ ၊ အရပ်ဒေသတွေ ၊ ဓလေ့ထုံးစံတွေ ကြောင့် ထူးဆန်းအံ့သြမှု ဖြင့် သည် ဝတ္ထု စာမျက်နှာတွေ ကို တစ်ရွက် ပြီး တစ်ရွက် လှန်လှော ဖြစ်ခဲ့ခြင်းများ လား ဟု ကျွန်တော့် ကိုယ် ကျွန်တော် မကြာခဏ မေးခွန်း ထုတ် မိသည် ။ ပွင့်ပွင့်လင်းလင်း ဝန်ခံ ရ လျှင် သူ့ ပထမပိုင်း လက်ရာတွေ ၊ ဝတ္ထု မဟုတ်သော ( Non - fiction) စာပေအရေးအသား တွေ လောက် ကျွန်တော် မစွဲမက်လှ ။
ဒါကို မြင်း လို ကဆုန်စိုင်း တတ်သည့် ကျွန်တော့် မိတ်ဆွေ ကဗျာဆရာ က လည်း သဘော တူပုံ ရပါသည် ။ ဒါကြောင့် လည်း -
“ ဂျူး က နောက်ပိုင်း မှာ Knowledge နဲ့ ဖမ်းစားလာတာဗျ ”
ဟု ဆိုခဲ့ဖူးရာ စာရေးဆရာ ကိုတာ က ဒါကို မကျေနပ် ။
“ ဟေ့လူ ရဲ့ ၊ ဂျူး က သူ ပြောချင်တာ ပြောဖို့ ဇာတ်လမ်း လုပ် နေရတာဗျ ၊ Dramatic ဖြစ်အောင် တော့ လုပ်ရမှာပေါ့ ၊ ပြောနေတာ ကိုပဲ ကျေးဇူးတင်ပါဦး ”
ဘာပဲ ဖြစ်ဖြစ် ဟောပြောပွဲစင်မြင့် တစ်ခု ပေါ် က နေ နာမည်ကျော် စာရေးဆရာမ ဂျူး ကို ကျွန်တော် က ကျီစယ် ရ ပါသည် ။ စာရေးဆရာ တွေ ကို မယုံဖို့ ။ တောင်ပေါ် ဇာတ်လမ်းတွေ ကိုရေးသည့် စာရေးဆရာမ တောင်ပူစာကလေး ပေါ် သို့ ပင် မတက်ဝံ့ကြောင်း စသည် စသည် ။ သည်တော့ လည်း သူ က ကြည်ကြည်လင်လင် ကို ပဲ ရယ်မော နေပြန်ပါသည် ။
••••• ••••• •••••
အမျိုးသမီး စာရေးဆရာမ တော်တော်များများ နှင့် ကျွန်တော် သိကျွမ်းပါသည် ။ ဒေါ်ခင်ဆွေဦး ၊ မမစမ်း ( သာယာဝတီစမ်းစမ်းနွဲ့ ) ၊ မမမိုး ( မိုးမိုးအင်းလျား ) ၊ ဒေါ်ကလျာ ၊ မသန်းမြင့်အောင် ၊ မိချမ်းဝေ ၊ မနုနုရည် ( အင်းဝ ) ၊ နောက် ခက်မာ ၊ သင်းသင်းသာ ၊ သွန်းနှင်းအိမ် အများကြီးပဲ ဖြစ်ပါသည် ။ အမျိုးသမီး ဆိုမှ တော့ အမျိုးသမီး အငွေ့အသက် ရှိစမြဲ ဖြစ်ပါသည် ။ ဝတ်တာ စားတာ ၊ ပြင်တာ ဆင်တာ ၊ ဖြီးတာ လိမ်းတာ ။ သို့သော် ဂျူး ကတော့ တစ်ဘာသာ ဟု ကျွန်တော် ခံစား ရသည် ။
တစ်ခါတွင် စမ်းချောင်း ဘက် က သူ့ တိုက်ခန်းကလေး ရှိရာဆီ သို့ ကျွန်တော် ရောက် သွားသည် ။ စာပေဟောပြောပွဲ ကိစ္စ ။ အဝေးပြေး ကားဂိတ် သို့ ဆင်းရန် သူ့ ကို ဝင် ကြိုရခြင်း ဖြစ်ပါသည် ။
ကျွန်တော် ရောက် သွားတော့ သူ အဆင်သင့် မဖြစ် ။ အလုပ် တစ်ခုခု လက်စတန်းလန်း ဟု ကျွန်တော် ထင်သည် ။ စာရေး နေ တာလား ၊ ဒါမှမဟုတ် စာဖတ် နေ တာလား ။
“ ဆရာ ၊ ခဏလေးစောင့် ”
သူ က ကျွန်တော့် ကို လှမ်း ခွင့်ပန်ပြီး ခရီး သွား ဖို့ ပြင် ပါသည် ။ ငါးမိနစ် လောက် ပဲ ကြာမလား မသိ ။ ထို ငါးမိနစ် လောက် အချိန်ကလေး မှာ ပဲ သူ့ အခန်း ကို ကျွန်တော် မြင်နေခွင့် ရခဲ့ ပါသည် ။ အားလုံး ဉာဏ်ပညာ နှင့် ပတ်သက်သော ပစ္စည်းတွေ ချည်း ။ ရုပ်မြင်သံကြား နှင့် စီဒီစက် ၊ ကွန်ပျူတာ ၊ စာအုပ်စာတမ်း ၊ စားပွဲရှည်ကြီး တစ်လုံး ဒါပဲ ဖြစ်ပါသည် ။
သီချင်း ၊ သို့မဟုတ် ရုပ်ရှင် သူ ကြည့်ရှု နားထောင် ချင် နားထောင် မည် ။ အင်္ဂလိပ် ၊ ဒါမှမဟုတ် ပြင်သစ် ဘာသာစကား သူ လေ့ကျင့်ချင် လေ့ကျင့်မည် ။ စာရေး ၊ စာဖတ် ၊ ဘာသာပြန်ဆို ။ Key Board တွေ ၊ Mouse တွေ ၊ CD Rom တွေ ၊ Memory Stick တွေ ၊ Printer တွေ ၊ Scanner တွေ ။
ခဏလေး အတွင်း မှာ ပဲ သူ က ပြီးပြီ ဟု ဆိုကာ ထွက်ချ လာပါသည် ။ ကျွန်တော် ဝင်လာခါ စ က အိမ်နေ အဝတ်အစားအတိုင်း ။ ရွှေ ငွေ ဝတ်ဖို့ အသာ ထား ၊ နာရီကလေး ကို သော် မှ သူ မပတ် ။ အိတ်ကလေး တစ်လုံး ကို ဆွဲ လို့ ။ မိတ်ကပ် ၊ နှုတ်ခမ်းနီ သူ့ မျက်နှာ ပေါ် မှာ ကျွန်တော် ရှာလို့ မတွေ့ ။ ခေါင်း ကို ပင် အသေအချာ ဖြီး မနေဘဲ လက် ဖြင့် ဟိုသပ် သည်သပ် လုပ်ကာ သွားလို့ ရပြီ ဟု ဆိုပြီး ထွက်ချ လာသော စာရေးဆရာမ ကို ကျွန်တော် အံ့သြ နေ မိသည် ။
လွတ်လပ် ပေါ့ပါး တာ လား ၊ ယောက်ျား ဆန် တာ လား ၊ သည် ကိစ္စ ကို ကျွန်တော် နာမည် မပေးတတ် ။ သို့သော် ခရီး တစ်ခု အတူတူ သွားကြရာမှ လွတ်လပ် ပွင့်လင်း သွားတာ က တော့ အမှန် ပဲ ဖြစ်ပါလေသည် ။
••••• ••••• •••••
မဂျူး ဝတ္ထု ထဲ က အမျိုးသမီး တော်တော်များများ က တော်တော့် ကို စမတ် ကျ ပါသည် ။ မရှိမဖြစ်မိုး ထဲ က ခင်မိုးမြင့် တို့ ၊ ကြာတော့သည်လည်း မောင့်စကား ထဲ က တင်တင်ဇော် တို့ စသည် စသည် ။
ကျွန်တော့် စိတ် ထဲ စာရေးဆရာမ ၏ ကိုယ်ပွားတွေများ လား ဟု ထင်မှတ် ထားခဲ့ ဖူးသည် ။ မဟုတ် ၊ စာရေးဆရာမ က သတ်သတ် ၊ သူ့ ဇာတ်ဆောင်တွေ က သတ်သတ် ။
ခရီး တစ်ထောက် ထမင်းဆိုင်ကလေး မှာ မော်တော်ကား ခဏ နားတော့ ရန်ကုန် - မန္တလေး ကားလမ်းမကြီး ပေါ် မှာ အမှောင်ထု က ကြီးစိုး နေခဲ့ပြီ ။
“ ဆရာမ ငါးပိရည် ကြိုက်လား ”
“ သိပ်ကြိုက်ပေါ့ ”
မဂျူး က ပြောပြောဆိုဆို ပင်လျှင် ထမင်း ကို ငါးပိရည် ဆမ်းကာ ဆမ်းကာ အားရ ပါးရ စားနေပါလေသည် ။
သည်တုန်းက ကျောက်ပန်းတောင်း ကား သည် ပြည်လမ်းဘက် က မသွားဘဲ မန္တလေးလမ်း အတိုင်း သွားခဲ့ခြင်း ဖြစ်ရာ မိတ္ထီလာမြို့ အထွက် တွင် ခဏ နား ပြန်ပါသည် ။
မနက် သုံးနာရီ လောက် ကား ခရီး တစ်ထောက် နား တော့ သူ့ ကို နှိုးဖို့ ကြည့် ရာ နှစ်နှစ်ခြိုက်ခြိုက်ကြီး ကို ပဲ အိပ်ပျော် နေပါသည် ။
ကျွန်တော် နှင့် ဆရာဖေမြင့် က နောက် မှာ တစ်ယောက် တစ်ခုံ စီ ။ မဂျူး ကို တော့ မိန်းကလေး မို့ လွတ်လွတ်လပ်လပ် နေနိုင်အောင် ကျွန်တော် တို့ ရှေ့ က နှစ်ခုံတွဲ ကို ပေးထားခဲ့ရာ သူ က ထို နှစ်ခုံတွဲ ပေါ် ကန့်လန့် လှဲချကာ ကွေးကွေးကလေး အိပ်ပျော် နေခဲ့ခြင်း ဖြစ်ပါသည် ။ ဖြစ်သလို အိပ် နေသော သူ့ ကို ကြည့်ကာ ကျွန်တော့် စိတ် ထဲ ကိုယ့် ညီမတစ်ယောက် လို ကရုဏာ သက် သွား မိသည် ။
“ ဆရာမ .. မဂျူး ... ထ ထ ”
သည်တော့လည်း ဆတ်ခနဲ ပင် သူ ထ လာ ပါသည် ။ ကား ရပ်နားရာ ဆိုင်ကလေး အပြင်ဘက် နှင်းတွေ ကြား ထဲ မှာ ပဲပလာတာ စားကြ ဆိုတော့လည်း အားရပါးရ ကို စား နေ ပြန်ပါသည် ။
“ ဆရာမ အပေါ့ သွားလိုက်ဦး ”
“ မသွားတော့ပါဘူး ဆရာ ရယ် ၊ အိမ်သာ က ”
ဖြစ်သလို ဆောက်ထားသည့် ဖရိုဖရဲ အိမ်သာ က စိတ်ပျက်စရာ ကောင်းနေတာ က တော့ အမှန်ပဲ ဖြစ်သည် ။ သို့သော် လည်း ...
“ သွားလိုက် ဆရာမ ရဲ့ ၊ မိတ္ထီလာ - ကျောက်ပန်းတောင်း ကား က နှစ်နာရီ လောက် မောင်းရဦးမှာ ၊ ဖြစ်အောင်သာ သွား ”
သည်တော့လည်း လက်နှိပ်ဓာတ်မီးကလေး တလက်လက် ဖြင့် ဆူးဖြူပင်တွေ ၊ ကန္တာရပင်တွေ ကြား ထဲ က ယိုင်နဲ့နဲ့ အိမ်သာကလေး ရှိရာဆီ သူ ထွက်သွား ပါသည် ။ အမျိုးသမီးစာရေးဆရာမ ဆိုပြီး ဘာမှ ညာမှ လုပ် မနေဘဲ ဘဝ ကို ထုသား ပေသား ကျကျ နေတာ ကို ကျွန်တော် သဘော ကျ သည် ။ ဘဝ ဆိုတာ ဝတ္ထု လား ၊ ဒါမှမဟုတ် ဝတ္ထုဆန် သလား ။ တော်တော့် ကို စိတ်ဝင်စားဖို့ ကောင်းသည့် ကိစ္စ တစ်ရပ် ဖြစ်ပါသည် ။
••••• ••••• •••••
ဂျူး ၏ ဝတ္ထုများ ကို အကုန်လုံး နီးပါးလောက် ကျွန်တော် ဖတ်ဖူးပါသည် ။ နည်းနည်း ကြိုက်တာ နှင့် များများ ကြိုက်တာ သာ ကွာခြား ပြီး အားလုံး လိုလို က ရင် ထဲ သို့ ရောက်လာတာတွေချည်း ပဲ ဖြစ်ပါသည် ။ မြန်မာအမျိုးသမီး စာရေးဆရာ တို့ မရေးရဲတာ ၊ သို့မဟုတ် ရေးလေ့ မရှိသော အကြောင်းအရာ နယ်ပယ် ထဲ က ဇာတ်ဆောင် နှင့် ဇာတ်တို့ ကို ကိုင်တွယ်လေ့ ရှိသည် ဟု ကျွန်တော် က သဘော ရ မိသည် ။
ဥပမာ အမှတ်တရ ။ အရေး ကြမ်းသည် ဟု ဆိုကာ စာမျက်နှာ တွေ ပေါ် မှာ ဆူညံ ဆူညံတွေ ဖြစ်စေခဲ့သော ဝတ္ထု ဖြစ်ပါသည် ။ မန္တလေး နန်းရှေ့ က သီးသန့် ဘော်ဒါဆောင်ကလေး ရှိရာ မှာ ဆုံလေ့ ရှိကြသည့် လွတ်လပ်ပွင့်လင်းသော ချစ်သူ နှစ်ဦး ၏ ဘဝ ကို ရေးခြစ်ထားခဲ့ခြင်း ဖြစ်ရာ ပြင်းထန်သော ဝေဖန်ရေးဆရာ က ရာဇဝင်ထဲမှာ ဂျူး ကို ထားရစ်ခဲ့ စသည် ဖြင့် ပင် တို့ထိ ထားခဲ့ဖူးသည် ကို ကျွန်တော် အမှတ်ရ နေမိသည် ။
ထို့ပြင် ကြာတော့သည်လည်း မောင့်စကား ။
ချစ်ခြင်း မေတ္တာ ထက် အထင် ကြီးသော စိတ် ကြောင့် ရန်ကုန် ရောက် ကျောင်းနေဖက် သူငယ်ချင်း နန္ဒ ၏ အခန်း သို့ ရန်ကုန် ရောက် တိုင်း သွားကာ အလို လိုက် မိသော တင်တင်ဇော် ၏ ဘဝ ကို ဖွဲ့ ထားသည့်ဝတ္ထု ဖြစ်ရာ တစ်ခါ တစ်ခါ နန္ဒ က သူ့ ဆီ သို့ လာလျှင် လက်သည်း ညှပ် ခဲ့ ဖို့ နှင့် တင်တင်ဇော် ၏ လက်သည်း တို့ က သူ့ ကျော ကို စူးကြောင်း ရေးပုံမျိုးတွေ မှာ တချို့က ပခုံး တွန့် ကြပုံ ရပါသည် ။
မရှိမဖြစ်မိုး ထဲ က ခင်မိုးမြင့် ကိုလည်း ကျွန်တော် က အမှတ်ရ နေ မိသည် ။ မိသားစု ကို တော့ ငြင်းပယ် လို့မရသော အရာတဲ့ ။ အဆိုးအကောင်း မျက်လုံး စုံ မှိတ်ပြီး လက်ခံ ထားရတာ တဲ့ ။
ငွေ မက် ၍ အမေ့ ကို ယူထားပုံ ရသော အဖေ ၏ နောက်ကွယ် က မသိုးမသန့် စိတ် သဘာဝတွေကို စိတ်ပျက် နေသော ခင်မိုးမြင့် က ချစ်သူ ကို တော့ စိတ်ကြိုက် ဘဝ တစ်ခု တည်ဆောက်မှု အတွက် ရွေးချယ် ထားတာပါ ဟု ဆိုထား သည့် အပြင် ချစ်သူ က လက်သည်း ကို အမြဲတမ်း တိတိပပ ညှပ်ထားတတ်ပြီး ရင်ဘတ် နှင့် လက်ကြယ်သီးများ ကို တပ်ထားလေ့ ရှိကြောင်း အဖွဲ့ ကောင်း ထားခဲ့ ပေရာ ကျွန်တော် တို့ ပင် လက်သည်း ကို အချိန် ပေးညှပ် ၍ အင်္ကျီကြယ်သီး တွေ ရှိသမျှ အကုန် တပ်ရ ကောင်းမလား အတွေး ဝင် သွားခဲ့ဖူးသည် ။
နောက်တော့ ကြေမွသွားသောတိမ်တိုက်များအကြောင်း ၊ နောက်တော့ ပင်လယ်နှင့်တူသော မိန်းမများ ၊ နောက်တော့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ၊ နောက်တော့ သူ မင်းကို ဘယ်တော့မှ စသည် စသည် ။
တကယ့် တကယ်တမ်း ဂျူး ကို ကျွန်တော် ပို ကြိုက်မိသည် က ဝတ္ထုတို တွေ ဖြစ် ပါသည် ။ ခံစားမှု အလွန် တွင် တွေးစရာတွေ တသီတတန်းကြီး ဖြစ် ဖြစ် သွားရသည် က သူ့ ဝတ္ထုတို တွေ ပဲ ဖြစ်ပါသည် ။ ထို့ကြောင့်လည်း သူ့ ဝတ္ထုတိုတွေ ကို အကြိမ် တော်တော်များများ ကျွန်တော် ( Appreciation ) လုပ်ခဲ့ဖူးပါသည် ။ နောက်တော့ ကျွန်တော့် ဆောင်းပါးတွေ စုပြီး ပိုးပင်လယ်ပေါ် ကတ္တီပါရွက်လွှင့် အမည် ဖြင့် စာအုပ် ထုတ် ဖြစ်ရာ သူ့ ဆီ သို့ ကျွန်တော် ပို့ပေး လိုက်သည် ။
“ ကျွန်မ ရေးတာ ညံ့နေလို့လား ဆရာ ”
မဂျူး ဖုန်း ထဲ ကနေ သည် စကား တစ်ခွန်း ကျွန်တော့် ကို ပြော ပါသည် ။ မဟုတ် ၊ စာဖတ်သူ တစ်ဦး က အခြား စာဖတ်သူ တစ်ဦး ကို လက် တို့ လိုက်ချင်သည့် ဆန္ဒ ပဲ ဖြစ်ပါသည် ။ ဒါကို ကျွန်တော် က ရှင်းပြ လိုက်တော့ သူ လက်ခံသွားပုံ ရပါသည် ။
ကျွန်တော် က ဝတ္ထု ဖတ်ခြင်း ကို လည်း ပညာရေး ၏ အခန်းကဏ္ဍ တစ်ရပ် အဖြစ် လက်ခံ ထားရာ နည်းနည်းပါးပါး သင် ပေးစရာ လိုမလား ဟု စဉ်းစား မိသည် က လည်း အမှန်တကယ် ပင် ဖြစ်ပါသည် ။
••••• ••••• •••••
တစ်ခါကတော့ ပုပ္ပားတောင်ခြေ က သစ်တောဌာန ဧည့်ရိပ်သာ ထဲ မှာ မဂျူး ကို ကျွန်တော် ဝိုင် တိုက်ဖူးသည် ။ ပထမ တော့ သူ မသောက် ၊ နောက် ကျွန်တော် ဇွတ် သောက်ခိုင်း တော့ မှ မူး မှာ ကြောက် လို့ ဟု ဆိုသည် ။
နောက်တော့ ကျောက်ပန်းတောင်းမြို့ခံသူ များ ကို စတော်ဘယ်ရီသီး နည်းနည်း ခူးခိုင်းကာ သူ့ ဝိုင်ခွက် ထဲ ကို ညှစ်ထည့် ပြီး သောက် ခိုင်းတော့ သူ အရသာ တွေ့ သွားပုံ ရ ပါသည် ။
သို့ဖြင့် ဝိုင် ၏ အိပ်ရာဝင် တေးမှာ သူ မှေးစက် သွားပုံ ရပါသည် ။ အိပ်ခန်း ထဲ ဝင် သွားကာ ပြန် ထ မလာတော့ ။
သို့ဖြင့် ဆရာဖေမြင့် ၊ ဆရာချစ်ဦးညို တို့ နှင့် အတူ ပုပ္ပား က နေ ကျောက်ပန်းတောင်း ကို ပြန်တော့ မဂျူး ကို ထားခဲ့ကြရသည် ။
ကျွန်တော် တို့ တစ်တွေ က ကျောက်ပန်းတောင်း မှာ ဟော နှင့် ။ နိုး တော့ မှ မဂျူး ကို ခေါ်လာဖို့ အစီအစဉ် ။
သို့သော် သိပ် အချိန် မနှောင်းဘဲ သူ ရောက်လာပါသည် ။ ဆရာဖေမြင့် အပြီး မှာ ဒုတိယ ဟောပြောသူ အဖြစ် စင်ပေါ် တက် ပါသည် ။ စင်ပေါ်က ဆင်းသည် နှင့် ပြန်ဖို့ အဆင် သင့် ။
ညကြီး မိုးချုပ် ကား စီးရသည် မှာ အဆင် မပြေနိုင် သော်လည်း ကျောက်ပန်းတောင်း က နေ ပြည် ကို တစ်ဖြတ် ၊ ထို့နောက် ပြည် က မှ ရန်ကုန် သို့ တစ်ဖြတ် စီးလေ မတဲ့ ။ နိုင်ငံရပ်ခြား အတွေ့အကြုံ တော်တော်များများ ရှိထားလို့ လေလား မသိ ။ သူ ဘာကို မှ ကြောက်ပုံ မရ ။
••••• ••••• •••••
ဂျူး ကိုင်တွယ်သည့် ဝတ္ထုဇာတ်လမ်း နှင့် ဇာတ်ဆောင်တွေ က ယေဘုယျ ပြော ရလျှင် ဉာဏ်ပညာ နှင့် အချစ် ကြီးသော နေရာ က နေ အထိုင် ချပြီး ရေးထားသည့် ဇာတ်လမ်း နှင့် ဇာတ်ဆောင်တွေ ပဲ ဖြစ်ပါသည် ။
ဆိုကြပါစို့ ၊ ချစ်သူလား စကားတစ်ပွင့် ထားခဲ့တယ် ဝတ္ထု ၊ ကျွန်မ ၏ သစ်ပင် ဝတ္ထု ၊ နံရံ ၏ အခြားတစ်ဖက် ဝတ္ထု ၊ လ ရဲ့အောက်ဘက် မိုင်အဝေး မှာ ဝတ္ထု အများကြီး ။
တစ်ခါက နိုင်ငံခြားဘာသာတက္ကသိုလ် တွင် ပြင်သစ်ဘာသာ တက်ရင်း ပြင်သစ်သံရုံး မှာ ပါ ပြင်သစ်စာ လေ့လာ နေသည့် တပည့်မ တစ်ယောက် ကို မည်သူတွေ လာရောက် ကာ တင်ဆက်သူ ( Presenter ) အဖြစ် ဦးဆောင်တတ် သလဲ ဟု မေး မိသည် ။ တပည့်မ က “ ဆရာမဂျူး ” တဲ့ ။ ရှားရှားပါးပါး ပြင်သစ်စာ ဝါသနာ ထုံသည့် စာရေးဆရာမ ။
ဂျူး စာအုပ် တွေ ထဲ မှာ Non - Fiction ခေါ် ဝတ္ထု မဟုတ်သော စာအုပ်တွေ က လည်း တော်တော့် ကို များ ပါသည် ။ ရုပ်ရှင်ခံစားမှု ဆောင်းပါးတွေ က ကျွန်တော်တို့ ကို ရုပ်ရှင် ပို ကြည့် တတ်အောင် လုပ်ပေးသည် ဟု ကျွန်တော် ယူဆသည် ။
ကျွန်မ ဖတ်ခဲ့သော စာအုပ်များ လို ဆောင်းပါးတွေ က ကျတော့ စာ နှင့် ပတ်သက်သည့် သူ့ ဝမ်းစာ ကို ကျွန်တော်တို့ တစေ့တစောင်း လှမ်း မြင်ရသည် ။ ကျွန်မ ချစ်သောမြို့ တစ်မြို့ ၊ ကျွန်မ ချစ်သော နိုင်ငံ ၊ ကျွန်မ ချစ်သော ကမ္ဘာ လို စာအုပ် တွေ က ကျတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ( Environment ) ကိစ္စတွေ ပေါ် မှာ အခြေစိုက် ထားသည့် သူ့ စိတ် ကို ကျွန်တော်တို့ ခန့်မှန်း နိုင်သည် ။ တစ်ခါတလေ ကျ ပြန်တော့ ဘာမှ မဟုတ်ဘူး ထင် ရသည့် ဆောင်းပါး အတိုကလေး တစ်ပုဒ်တလေ က ပင်လျှင် စိတ် မှာ လာ ငြိနေကာ ဘဝ ကို မှင်တက်မိ နေ တတ် တာမျိုး ရှိတတ်ပါသည် ။
ဥပမာ “ ရှုံးသူ မရှိလျှင် နိုင်ချင်ပါသည် ” လို ဆောင်းပါး မျိုး ။ ထီ ထိုး ရမှာ ကို ရှက် သလိုလို ဖြစ်နေသော စိတ် နှင့် မည်သူ့ မှာ မျှ အထိအခိုက် မရှိဘဲ အောင်မြင်သော အလုပ်မျိုး ကို လုပ်လိုသည့် စိတ်တွေ က ကျွန်တော် တို့ စိတ် နှင့် တိုက်ဆိုင် သလို ဖြစ် နေ ပြန်ပါသည် ။ အခြား ဆောင်းပါးတစ်ပုဒ် မှာ ကျ ပြန် တော့ မဂျူး က VCD တွေ က စိတ်ကူးစိတ်သန်း ကို သတ်ပစ်ကြောင်း ရေးထားရာ ငြင်း မရ နိုင်တော့ ။
မစိမ်းစိမ်း ၏ “ ရွှေမန်းဆီသို့ ” သီချင်း နှင့် အတူ မန္တလေး နန်းတော်ကြီး ကို ရိုက်ပြ ထား လိုက်ပုံမျိုး ကို သူ ခံစား၍ မရနိုင်ကြောင်း ၊ မရောက်ဖူးဘူးသေးသည့် မန္တလေး ကို စိတ်ကူး နှင့် မှန်းဆပြီး ခံစား ကြည့်ရသည် မှာ အရသာ ပျက် ကြောင်း သူ ရေး ဖူးသည် ။ ရှည်လျား ထွေပြား လှစွာသော ဝတ္ထုရှည် တွေ ထက် ပင် သည်လို ဆောင်းပါး တွေ က ကျွန်တော့်ကို လာ ညှို့ ထား တတ်သည်မှာ အမှန်ပင် ဖြစ်ပါသည် ။
လွန်ခဲ့သည့် သုံးလေးနှစ် လောက် က တော့ ဟင်္သာတမြို့ စာပေဟောပြောပွဲ ကို အတူ သွား ဖြစ်သည် ။ ဆရာ မောင်ကြည်သစ် ၊ ကိုအော်ပီကျယ် ၊ မဂျူး နှင့် ကျွန်တော် ။
ထုံးစံအတိုင်း မဂျူး က ပေါ့ပေါ့ပါးပါး ။ အညာဖြစ် ချည်အင်္ကျီ လက်တိုကလေး နှင့် ။ အေးလို့ မွှေးလို့ ပါ ။
“ အဖေ က ကျန်းမာရေး သိပ်မကောင်းချင်ဘူး ”
မဂျူး က မိသားစု တာဝန်ဝတ္တရား ကို သက်ပြင်းငွေ့ငွေ့ နှင့် ပြောတော့ သူ့ ဝန်ထုပ်ဝန်ပိုး ကို ကျွန်တော် ကိုယ်ချင်းစာ မိသည် ။ သည် ကြားထဲ က ပညာရေး နှင့် ကျန်းမာရေး အခြေခံသော ပရဟိတ တစ်ပိုင် တစ်နိုင် လုပ်ငန်းတွေ ထဲ မှာ သူ ပါဝင် ဆောင်ရွက်နေကြောင်း သိ ရတော့ သူ့ ဘဝ ကို ကျေနပ်ဖွယ် ကောင်းသော ဟု ဝိသေသ ပြု မိသည် ။
ဟို ရက်ပိုင်းတွေ တုန်း ကတော့ လူငယ် စာရေးဆရာ တစ်ယောက် ၏ ဝတ္ထု စာအုပ် မိတ်ဆက်ပွဲ လုပ်ရာ City Star ဟိုတယ် မှာ တစ်ခါ ၊ ပန်းအလင်္ကာမဂ္ဂဇင်း နှစ်လည်ပွဲ ကျင်းပရာ Traders' Hotel မှာတစ်ခါ ဖျိုးခနဲ ဖျတ်ခနဲ ဆုံလိုက်မိပါ သေးသည် ။ ပုလဲပုတီးတွေ ဘာတွေ ဆွဲလို့ ။
ဉာဏ်ပညာ နှင့် အချစ် ကို ဘဝ မှာ အချိုး ကျကျ ဖျော်စပ် ထားတတ်သော သူ့ ဘဝ ကို သူ့ စာမျက်နှာ တွေ ပေါ် မှာ သွန်ချနေသော စာရေးဆရာမ ဟု ကျွန်တော် က အသိအမှတ် ပြုလိုက်မိပေသည် ။
◾မောင်သာချို
📖 စတိုင်သစ်မဂ္ဂဇင်း
မတ်လ ၊ မေလ ၊ ၂၀၀၉ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment