Tuesday, February 21, 2023

လမ်းမှန်သူ


 ❝ လမ်းမှန်သူ ❞


တစ်ရံရော အခါ က လယ်သမား လင်မယား တွင် ဘုမ အမည် ရှိ သော သမီးပျိုကလေး တစ်ယောက် ရှိလေ၏ ။ ဘုမ အား မေတ္တာ သက်ဝင် ချစ်ကြိုက် နေသော အိမ်နားနီးချင်း ဘတုတ် သည် ဘုမ တို့ အိမ် သို့ ညနေတိုင်း အလည် လာလေ့ ရှိ၏ ။ တစ်နေ့ သော ညနေ တွင် ဘုမ တို့ အိမ် သို့ ဘတုတ် အလည် လာ ရာ တောရွာ ဓလေ့ အတိုင်း လက်ဖက်ရည်ကြမ်း အမဲခြောက်ဖုတ် နှင့် ဧည့်ခံ ရန် မိခင် ဖြစ်သူ က သမီး ဖြစ်သူ ဘုမ အား အမဲခြောက်ဖုတ် ဆီဆမ်း ယူ လာရန် စေခိုင်း လိုက်လေ၏ ။ 


ဘုမ သည် အမဲခြောက် ဖုတ်ပြီးသား ကို ဆီ ဆမ်းရန် မီးဖိုချောင် သို့ ဝင် သွားရာ ဆီအိုး အပေါ် မှ မီးဖို ထရံ တွင် ရဲဒင်း တစ်ခု စိုက် နေသည် ကို တွေ့ရ သဖြင့် “ အမလေး ... ရဲဒင်းကြီး စိုက် နေပါကလား ။ တကယ်လို့ ငါ နဲ့ ဘတုတ် နဲ့ လက်ထပ် ပြီး လို့ ကလေး ရရင် ငါ့ သားလေး ကို ဒီလို ဆီ ယူခိုင်း လိုက်တဲ့ အခါ ဒီ ရဲဒင်းကြီး ဟာ ငါ့ သားလေးခေါင်း ပေါ် ကို ပြုတ်ကျ လာမှ ဖြင့် ငါ့ သားလေး ဟာ သေရရှာမှာပါလား ” ဟု တွေးတော ကာ ရှိုက်ကြီးတငင် ငိုကြွေး လေတော့၏ ။ 


ဘုမ ၏ မိခင် သည် ဘတုတ် အား ဧည့်ခံ စကား ပြော နေရာ မှ သမီး ဖြစ်သူ အမဲခြောက် ဖုတ် ဆီဆမ်း သွား သည် မှာ ကြာ လှ သဖြင့် အိမ် နောက်ဖေး မီးဖိုချောင် သို့ လိုက် သွား လေရာ ဆီအိုး နားတွင် ရှိုက်ကြီးတငင် ငိုကြွေး နေသော သမီး အား တွေ့ရ သဖြင့် ထိတ်လန့် သွားပြီး “ ဟဲ့... သမီး ဘာဖြစ်လို့ ငိုနေတာလဲ  ” ဟု မေးသော အခါ ဘုမ က “ အမလေး ... အမေ ရဲ့ဆီအိုး ပေါ် က ထရံ မှာ ရဲဒင်းကြီး စိုက် နေတာ ကို ကြည့်ပါဦး ။ တကယ်လို့ ကျွန်မ နဲ့ ဘတုတ် ဟာ လက်ထပ် ပြီး လို့ ကလေး ရတဲ့ အခါ ကျွန်မ သားလေး ကို ဒီလိုများ ခိုင်း လိုက် မိရင် ထရံ မှာ စိုက် နေတဲ့ ရဲဒင်းကြီး ဟာ ကျွန်မ သားလေး ရဲ့ ခေါင်း ပေါ် ကို ပြုတ်ကျ လာမှ ဖြင့် ကျွန်မ သားလေး သေသွား မှာ ကို တွေး မိလို့ပါ အမေ ရဲ့ ” ဟု ပြန် ပြောရာ ဘုမ ၏ အမေ က လည်း “ အေးဟဲ့ ... ကြောက်စရာကြီးပါ ကလား  ” ဟု ဆိုကာ သမီး ဖြစ်သူ နှင့် အတူ ထိုင်၍ ငိုကြွေး လေ တော့၏ ။ 


အမဲခြောက်ဖုက် ဆီဆမ်းရန် သွား သော သမီး ဖြစ်သူ ဘုမ ကြာလှ သဖြင့် အမေ လိုက် သွားပြန် လည်း အမေ ရော ၊ သမီး ပါ မပေါ်လာ သဖြင့် ဖခင် ဖြစ်သူ သည် မီးဖိုချောင် သို့ လိုက်သွား ပြန်ရာ မီးဖိုချောင် ထဲ ၌ သမီး ရော အမေ ပါ နှစ်ဦး စလုံး ငိုကြွေး နေကြသည် ကို တွေ့ရ သဖြင့် လယ်သမားကြီး သည် စိုးရိမ် ကြီးစွာ နှင့် ငိုကြွေး ရသည့် အကြောင်း ကို မေးရာ ဘုမ ၏ အမေ ဖြစ်သူ က အထက်ပါ အတိုင်း ပြန်ပြောပြသောအခါ “ ဟာ ... ဟုတ်သားပဲ ” ဟု ဆိုကာ လယ်သမားကြီး ပါ ဘုမ တို့ သားအမိ နှင့် အတူ ရော၍ ငိုကြွေး ပြန် လေ၏ ။ 


အိမ်ရှေ့ခန်း တွင် ဘတုတ် သည် အိမ်ရှင် ဖြစ်သူများ ကို စောင့်မျှော် နေ သော်လည်း မည်သူ မှ မပေါ်လာ သဖြင့် “ ဘာများ ဖြစ်နေလို့များ ဒီလောက် ကြာနေပါလိမ့် ” ဟု တွေးတော ရင်း အိမ် နောက်ဖေး သို့ လိုက် သွားရာ လယ်သမားကြီး လင်မယား နှင့် သမီး ဖြစ်သူ ဘုမ တို့ သုံးဦး သည် ဆီအိုး ဘေးနား တွင် ထိုင် လျက် ငိုကြွေး နေကြသည် ကို တွေ့ရ သဖြင့်အကျိုးအကြောင်း ကို မေးမြန်းရာ လယ်သမားကြီး က အထက်ပါ အတိုင်း ပြန် ပြောပြပြီး သုံးဦး သား ငိုမြဲ ငို နေကြ လေ၏ ။ ထိုအခါ ဘတုတ် က “ အလိုလေးဗျာ ... ကြံကြံဖန်ဖန် တွေးပြီး စိုးရိမ်တတ်ပလေ ။ ခင်ဗျားတို့ လို ထူ ၊ အ မိုက်မဲ တဲ့ လူမျိုး ဒီ လောကကြီး မှာ ရှိ ဦးမလား ဆိုတာ ကို ကျုပ် လိုက်ရှာ ဦးမယ် ။ ခင်ဗျား တို့ ထက် ထူ အ ၊ မိုက်မဲ တဲ့ လူမျိုး ဒီ လောက မှာ ရှိသေးတာ ကို တွေ့ ရ မှ ခင်ဗျားတို့ ရဲ့ သမီး ကို လက်ထပ် နိုင်မယ် ” ဟု ပြောဆို ကာ ဘတုတ် သည် လယ်သမားကြီး တို့ အိမ် မှ ထွက်ခွာ သွား လေ၏ ။


ဘတုတ် သည် သူ ၏ ချစ်သူ ဘုမ နှင့် မိဘများ မိုက်မဲ ၊ ထူအ ပုံ ကို မနှစ်သက် သဖြင့် ခရီး ထွက် လာ ခဲ့ရာ ရွာ တစ်ရွာ အဝင် ၌ မြက်ပင်များ ပေါက် နေသည့် တဲ ခေါင်မိုး ကို လှေကား ထောင် ၍ နွား တစ်ကောင် ကို တဲခေါင် ပေါ်သို့ တက်ရန် တွန်းတင် နေသော မိန်းမကြီး တစ်ယောက် ကို တွေ့ရ၍ ဘတုတ် သည် အလွန် အံ့ဩစွာ နှင့် “ အို ... အဒေါ်ကြီး ဘာကြောင့် နွားကြီး ကို တွန်းတင်နေပါသလဲ ” ဟု မေး လေရာ အဒေါ်ကြီး က တဲခေါင်မိုးပေါ် တွင် ပေါက် နေသည့် မြက်ပင် များ ကို ကျွေးရန် အတက် ခိုင်း နေခြင်း ဖြစ်သည် ဟု ပြန် ပြောလေ၏ ။ ထိုအခါ ဘတုတ် က “ ခဲခဲယဉ်းယဉ်း နွား ကို အတတ် ခိုင်း နေရ သလား ဗျာ ။ ခေါင်မိုး ပေါ် က မြက်တွေ ကို တက် ရိတ်ပြီး အောက် မှာ ချ ကျွေးပါတော့လား ” ဟု ပြော သော် လည်း မိန်းမကြီး သည် ဘတုတ် ၏ ပြော စကား ကို နား မထောင် ဘဲ နွားကြီး ကို တဲခေါင်မိုး ပေါ် သို့ တွန်းတင်မြဲ တင် လျက် နေရာ နောက်ဆုံး ၌ နွားကြီး သည် တဲ ခေါင်မိုး ပေါ် သို့ ရောက် သွား လေ၏ ။ 


နွားကြီး သည် တဲခေါင်မိုး ပေါ် ၌ ပေါက် နေသော မြက်များ ကို စား နေစဉ် မိန်းမကြီး သည် ကြိုး တစ်ချောင်း နှင့် နွားကြီး ၏ လည်ပင်း မှာ ချည်နှောင်ပြီး ကြိုးစ တစ်ဖက် ကို တဲခေါင်မိုး အပေါက် တစ်ခု မှ အိမ် ထဲ သို့ ချ ၍ ဆင်း လာ ကာ တဲ ခေါင်မိုး ပေါ် မှ နွားကြီး လိမ့်ကျ မသွားစေရန် တဲ ခေါင် အပေါက် မှ အိမ် ထဲ သို့ချ ထားသည့် ကြိုးစ ကို ခါးတွင် ပတ်ချည် ၍ ထမင်း ချက် ရန် အိုး ဆေး နေခိုက် တဲခေါင် ပေါ် ၌ မြတ် စားနေသော နွားကြီး သည် ခြေ ချော်ပြီး လိမ့်ကျ သွားရာ မိန်းမကြီး သည် ကြိုး နှင့် ဆွဲ တင် လိုက်ဘိ သကဲ့သို့ အထက် သို့ မြောက် တက် သွား ကာ အိမ်ခေါင်မိုး ၌ ထိကပ် နေ တော့၏ ။ နွားကြီး မှာ လည်း မြေပြင် ပေါ် သို့ ကျ မသွားဘဲ ကြိုး တန်းလန်း နှင့် တွဲလောင်းကြီး ဖြစ် နေသည့် အခြင်းအရာ ကို ဘတုတ် တွေ့မြင် ရလေရာ “ ဪ … ဒါဟာလည်း မိုက်မဲမှုကြီး တစ်ရပ်ပါ တကား ” ဟု ညည်းတွား ပြောဆိုကာ ထိုနေရာ မှ ဆက်လက်၍ ခရီး ထွက် သွား လေ၏ ။ နေဝင်မှောင်စ ပြုချိန် ရောက်သော် ဇရပ် တစ်ဆောင် ကို တွေ့ သဖြင့် ဘတုတ် သည် ထို ည အဖို့ အနား ယူ အိပ်စက် ရန် ဇရပ် ပေါ် သို့ တက် သွားရာ ထို ဇရပ် ပေါ် တွင် မိမိ အရင် လူ တစ်ယောက် ရောက် နှင့် နေသည် ကို တွေ့ ရ လေ၏ ။ 


နံနက် မိုးသောက် အလင်း ရောက် သော် ဘတုတ် သည် ခရီး ဆက်လက် ထွက်မည် အပြု တွင် ယမန် နေ့ ည က မိမိ အရင် ဇရပ် ပေါ် သို့ ရောက် နှင့် သော လူ သည် ရှမ်းဘောင်းဘီ တစ်ထည် ကို ဇရပ် တိုင် နှစ်ခု ကြား တွင် တစ်ဖက် တစ်ချက် ကြိုး နှစ်စ နှင့် ဆွဲချည် ထားပြီး ဘောင်းဘီ ခြေ နှစ်ဘက် ထဲ သို့ အဝေး မှ ပြေး လာကာ ခုန်၍ ခုန်၍ ဝင် နေသည် ကို တွေ့မြင် ရလေ၏ ။ အဆိုပါ လူ သည် ကြိမ်ဖန်များစွာ ကြိုးစား၍ ဘောင်းဘီခြေ ထဲ သို့ သူ ၏ ခြေထောက် များ ဝင် ရန် ခုန်၍ သွင်း ပါ သော်လည်း အချည်းနှီး ဖြစ်ကာ နောက်ဆုံး ၌ မောပန်းလာ သော ကြောင့် “ ဒါလောက်တောင် အဝတ် ရ ခက်ခဲသော လုံချည်မျိုး ကို တီထွင်တဲ့ လူတွေ ဟာ အရူးတွေ ထင်ပါရဲ့ ။ အံ့ဩပါရဲ့ဗျာ ။ ကျုပ် မှာ ဖြင့် နေ့စဉ် မနက်တိုင်း ဒီ အဝတ် ကို ဝတ်ဖို့ရာ ကြိုးစား လိုက်ရ တာ သေရချည်ရဲ့ ” ဟု ပြောပြော ဆိုဆို ဘတုတ် အား “ ဒီမှာ မိတ်ဆွေ ဒီ ဟာ ဝတ်နည်း ကို သိရင် ပြခဲ့စမ်းပါဗျာ ” ဟု ပြောသဖြင့် ဘတုတ် သည် အံ့ဩငေးမော ကြည့် နေရာ မှ ဟက်ဟက်ပက်ပက် ရယ်မော ကာ ထို လူ အား ရှမ်းဘောင်းဘီ ဝတ်နည်း ကို ပြသခဲ့ပြီး “ အင်း ... တတိယ အကြိမ် တွေ့ ရတဲ့ မိုက်မဲခြင်း တစ်ရပ်ပါ တကား ” ဟု ညည်းတွား ပြောဆို၍ ထို နေရာ မှ ခရီး ဆက်လက် ထွက်ခဲ့ပြန်လေ၏ ။ 


နေရောင် ပျောက်ကွယ်၍ လမင်းကြီး ထွက်စ ပြုချိန် တွင် ဘတုတ် သည် ရွာကလေး တစ်ရွာ နား သို့ ရောက်ရှိ သွားရာ ထို ည အဖို့ ထို ရွာ ၌ ရပ်နား အိပ်စက် ရန် ရွာ ထဲ သို့ ဝင်သွား လေ၏ ။ ရွာထိပ် ရှိ ရေအိုင် တစ်ခု တွင် ရွာသား တစ်စု သည် တူရွင်း ၊ ပေါက်တူး ၊ ပေါက်ပြားများ ကိုယ်စီ ကိုင် ၍ ရေအိုင် ထဲ မှ တစ်စုံ တစ်ခု ကို တူးဖော် ဆယ်တင် နေကြသည် ကို ဘတုတ် တွေ့မြင် ရ၍ ထို လူစု အား အကျိုးအကြောင်း မေးမြန်း ကြည့် ရာ အဆိုပါ ရွာသား တစ်စု က “ အို ... သော်တာလမင်းကြီး သည် ဤ ရေအိုင် ထဲ သို့ ကျနေသည် ကို အသင် မမြင်ပါ သလော ။ ကျွန်ုပ် တို့ သည် ရေအိုင် ထဲ မှ လမင်းကြီး ကို ဝိုင်းဝန်း ဆယ်တင် နေခြင်း ဖြစ်ပါသည် ” ဟု ရွာသားများ ၏ ပြော စကား ကို ဘတုတ် ကြားသိ လေသော် ဘတုတ် သည် ခွက်ထိုးခွက်လန် အားပါးတရ ရယ်မောပြီး သည့် သကာလ ၊ ကောင်းကင် သို့ လက်ညှိုး ထိုး ပြပြီး လမင်းကြီး သည် ကောင်းကင် ၌ ရှိ ၍ ဤ ရေအိုင် ထဲ တွင် လမင်းကြီး ၏ အရိပ် ထင်ပေါ် နေခြင်း သာ ဖြစ်ကြောင်း ရွာသားများ အား ရှင်းလင်း ပြောပြသော်လည်း ရွာသားများ သည် ဘတုတ် ၏ ပြော စကား ကို မယုံကြည်ဘဲ ရေအိုင် ထဲ က အရောင် တောက်ပ ပေါ်လွင် နေသည့် လမင်းကြီး ၏ အရိပ် ကို သာ သဲသဲမဲမဲ ဆယ်တင် လျက် ရှိကြကုန်၏ ။ 


ထို အခြင်းအရာ ကို တွေ့မြင်ရသော ဘတုတ် သည် “ အင်း ... ဤ လောက မှာ လယ်သမား လင်မယား မိသားတစ်စု ထက် မိုက်မဲသူတွေ ရှိကြပါသေး ကလား ” ဟု ပြောဆို တွေ့မြင် သိရှိ ကာ ထို နေရာ မှ မိမိ ရွာ သို့ ပြန်သွား ပြီး လျှင် လယ်သမား လင်မယား ၏ သမီး ဘုမ အား ထိမ်းမြား လိုက် လေ သတည်း ။ 


◾မင်းဇော်


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၆ ခု ၊ ဧပြီ လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment