❝ ကြိုဆိုပါသည် ❞
ကျွန်တော်တို့ စုံတွဲ လမ်းလျှောက် လာ လျှင် လုပ်ဖော်ကိုင်ဖက်များ က ဘဲဥ ကျီးကန်း ချီ လာသည် ဟု နောက်ပြောင် ကြသည် ။ ပြောလည်း ပြောစရာ ပင် ။ ကျွန်တော် က ညိုသည့် အဆင့် မှ ကျော်၍ မည်းသည့် အဆင့် သို့ ရောက် သည် ။ တချို့က ဆိုလျှင် မညှာမတာ ဖြင့် “ သပိတ်ရောင် ထနေသည် ” ဟု ချိုးချိုးဖဲ့ဖဲ့ ပြောကြသည် ။ ဟုတ်မှန် နေ သဖြင့် ဒေါသ ထွက်ရန် ခက်ခဲ လှသည် ။ ကျွန်တော့် ဇနီး ပြုံး က ကျွန်တော် နှင့် ဆန့်ကျင်စွာ ဖြူဖွေး သည် ။ အကြောစိမ်းလေးတွေ မြင်ရလောက် အောင် ဖြူ သည် ။ တချို့သော အသား ဖြူသူ များ သည် အသားအရေ ပွစိစိကြီး ဖြစ်သည် ။ ပြုံး က သည်သို့ မဟုတ် နုညက်အိစက် ၍ ဖြူ သည် ။
ယင်းကြောင့် တချို့က ကျွန်တော်တို့ စုံတွဲ ကို ဘိုလိုမှုတ် ၍ စ ကြသည် ။
“ ဘလက်အင်ဝှိုက် ” ဟူ၍ ။
••••• ••••• ••••• •••••
အဖြူအမည်း ဆန့်ကျင် နေ သလို မွေးဇာတိများ မှာ လည်း တောင် နှင့် မြောက် ကွာလှမ်း လှသည် ။ ကျွန်တော် က အညာသား ၊ မင်းဘူးသား ။ ပြုံး က အောက်သူ ၊ တနင်္သာရီသူ ။
နဖူးစာ ရွာလည် ဟု ဆိုလေမည်လား ။
အစိုးရ အလုပ် တာဝန်ဖြင့် တနင်္သာရီမြို့ သို့ ကျွန်တော် ပြောင်းရွှေ့ ရသော အခါ ပြုံး တို့ အိမ် တွင် ထမင်းလခ ပေး၍ စား ဖြစ်သည် ။ ဤတွင် ပြုံး နှင့် တွေ့သိ၏ ။
ပြုံး ကို မြင်လျှင် မြင်ချင်း ချစ်ခဲ့သည် ဟု ဆိုရပါမည် ။
ကျွန်တော် သည် ချစ်ရမည် ကို ဝန်မလေး သော်လည်း ချစ်စကား ပြော ကြားရန် မူ အလွန် ဝန်လေးသည် ။ မိန်းကလေးများ နှင့် စကား ပြောရမည် ကို ကြောက်တတ် သော စိတ္တဇ လည်း ကျွန်တော့် တွင် ရှိသည် ။ ရိုးရိုးသားသား စကား ပြောလျှင် မထစ် သော်လည်း ဆန်းဆန်းပြားပြား ချစ်စကား ဆိုတော့ မည် ကြံလျှင် စကားတွေ ထစ် နေ တော့၏ ။ ပြောဖို့ မဆိုထားဘိ ၊ နာမည် ခေါ် ရန်ပင် အလွန်အမင်း အားအင် စိုက် ရသည် ။
ကျွန်တော့် သတ္တိ ကို ဤမျှ လောက် ဖော်ပြ လျှင် သိလောက်ပါပြီ ။ ပြုံး ၏ သတ္တိ ကို လည်း ကြည့်ပါဦး ။ အေးချမ်း ငြိမ်သက်သော တနင်္သာရီမြို့လေး တွင် အိမ်သား တစ်စုံ တစ်ဦး မပါဘဲ အပြင် ထွက် လမ်း မလျှောက်ဖူးပါ ဟု ဆိုသည် ။ မဝေးလှသော ဈေး သို့ တစ်ယောက် တည်း မသွားရဲ သလို အလှမ်း မကွာသော တနင်္သာရီမြစ် ထဲ သို့ ဆင်း၍ ရေ မချိုးဝံ့ ။ အရှက်အကြောက် ကြီး သဖြင့် အိမ် တွင် ပင် သစ်သား စည် ထဲ မှ ခပ် ချိုးသည် ။
ပြုံး ကို အနုံ အ အ မလေး ၊ အပျင်းအိုးလေး ဟု မထင်ကြပါ နှင့် ။
အလွန် အလုပ် လုပ်သော ကောင်မလေး ဖြစ်သည် ။ အိမ်ပြင် မထွက်ဝံ့ သူ မို့ အိမ်တွင်း တာဝန်များ သည် ပြုံး ခြေ ပြုံး လက် နှင့် မကင်းပေ ။ ပြုံး တို့ မှာ မောင်နှမသားချင်း ကိုးယောက် ရှိသော အိမ်ထောင်ကြီး ဖြစ်သည် ။ ဤ မိသားစု စားဖို့ နှင့် ကျွန်တော်တို့ စားဖို့ အတွက် နေ့စဉ် နှင့် အမျှ စီမံချက်ပြုတ် သူ မှာ ပြုံး ဖြစ်သည် ၊
ပြုံးတို့ တစ်အိမ်သားလုံး တွင် ကိုယ်ပိုင် စီးပွားရေး ရှိသည် ။ အဖေ ၊ အမေများ က ကွမ်းသီးခြံ နှင့် ကော်ပတ် ( ရော်ဘာ ) ခြံများ ပိုင်ဆိုင်သည် ။ ပြုံး ၏ အစ်ကို အစ်မများ တွင် အရောင်းအဝယ် လုပ်ငန်း ကိုယ်စီ ရှိသည် ။
ပြုံး ကလည်း မခေ ပေ ။ သူတို့ အိမ် တွင် ဖွင့် ထားသော ကက်ဆက်ခွေ အငှားဆိုင် မှာ ပြုံး ၏ ကိုယ်ပိုင် ဖြစ်သည် ။ သည့် အပြင် မိန်းမဝတ်အင်္ကျီ နှင့် ကလေးဝတ်အင်္ကျီ အပ်ထည်များ ကို လည်း လက်ခံ ချုပ် လုပ်သေးသည် ။ ပြုံး မို့သာ အလုပ်များ ကို ဇယ်ဆက် သလို မပြတ်တမ်း လုပ်နိုင်ပါပေသည် ။ မရှက် မကြောက် ဝန်ခံရလျှင် ပြုံး နှင့် ညားပြီး သည့် နောက်ပိုင်း တွင် ကျွန်တော့် ဆံပင် ကို ပင် ပြုံး ကိုယ်တိုင် ညှပ်ပေး ပါသည် ။
မယုံ မရှိပါနှင့် ။ အပြင် ဆိုင် တွင် ညှပ်ရသည် ထက် ပြုံး ညှပ် ပေးသည့် ဆံပင် ပုံစံ က ပို ကောင်းသည် ။
••••• ••••• ••••• •••••
ပြုံး နှင့် ကျွန်တော် မည်သို့ မည်ပုံ ချစ်သွားသည် ကို သိလျှင် အလွန် အံ့သြကြမည် ။
ပြုံး သည် အချက်အပြုတ် တာဝန် ကို သာ ယူ သည် ။ စားပွဲ ထိုး တာဝန် ကို မယူ ။ စားပွဲထိုးခြင်း ကို ပြုံး ၏ ညီမငယ် နှင့် မောင်ငယ် တို့ သာ လုပ်ဆောင် သည် ။ ကျွန်တော်တို့ ထမင်း သွား စား လျှင် ပြုံး ကို တွေ့ ရသည် မှာ စက်ခုံ ပေါ် တွင် သာ ဖြစ်၏ ။ ကလေးတွေ မအားမလပ် မှ သာ ပြုံး က တာဝန်ယူ လုပ် ဆောင် ပေးသည် ။ ထိုအခါ အရှက်အကြောက် ကြီးသော ပြုံး သည် စကား တစ်လုံး မပြော ။ မျက်လွှာလေး ချ လို့ ၊ ကျွန်တော် တို့ လည်း မျက်လွှာလေးတွေ ချ လို့ ။
ကျွန်တော့် သူငယ်ချင်း နှစ်ယောက် မည်သည့် နေရာသို့ ကြည့်သည် တော့ ကျွန်တော် မသိ ။ ကျွန်တော် က မူ မျက်လွှာ ချ လျက်နှင့် ပြုံး ၏ ခြေဖမိုး ဝင်းဝင်းဝါဝါလေး ကို ကြည့်နေ မိသည် ။ မျက်လွှာ ချထားသည် မို့ လား ထို့ ထက် အထက် တက် ကြည့်၍ မရပေ ။ မြင် နေရသော ခြေဖမိုး နှင့် ခြေချောင်းလေး တွေ က ပင်လျှင် အတော်လေး တပ်မက်စရာ ကောင်းသည် ။ ခြေဖမိုးလေး က ခုံးမို့တက် နေသည် ။ ခြေချောင်းလေးများ မှာ အရိုးအဆစ် ကင်းသည့် အလား ပြေပြစ်လုံးချော နေသည် ။ သဘာဝ အတိုင်း နီတာ နေသော ခြေသည်း လေးများ က ရှည်သွယ်သွယ်လေးတွေ ဖြစ်သည် ။
ကျွန်တော့် သူငယ်ချင်း နှစ်ယောက် သည် နည်းနည်းပါးပါး သောက် တတ်သည် ။ သူတို့ သောက်မည့် ညနေ ဆိုလျှင် ပြုံးတို့ အိမ် သို့ လိုက် ၍ ထမင်း မစားတော့ပေ ။ ချိုင့်ယူ စားသောကြောင့် ကျွန်တော် တစ်ယောက် တည်း သွား စားရသည် ။ ( ဤသို့ အသောက်အစား ကင်းခြင်းသည် ပင် လျှင် အခြား နှစ်ယောက် ထက် ပို၍ ကျွန်တော် က အမှတ်များ ရ သွားကြောင်း ညား ပြီးသည့် နောက်ပိုင်း တွင် ပြုံး ပြောပြ၍ သိ ရသည် ။ )
တစ်ခုသော ညနေခင်း တွင် ကျွန်တော့် သူငယ်ချင်း နှစ်ယောက် လည်း အဖော် ကောင်း၍ အသောက်ဘက် ပါ သွားသဖြင့် ထမင်း လိုက် မစား ။ ပြုံး ၏ ညီမငယ် နှင့် မောင်ငယ်များ လည်း မြိတ် သို့ တက်သော ကာလ ။ ထမင်းစား ခန်း ထဲ တွင် ပြုံး နှင့် ကျွန်တော် သာ ရှိသည် ။
ထုံးစံအတိုင်း ကျွန်တော်တို့ နှစ်ယောက် စလုံး မျက်လွှာလေး တွေ ချ ၍ မိမိ လုပ်စရာ ၊ စားစရာ ရှိသည်တို့ ကို သာ လုပ်ကြ၏ ၊ ပြုံး သည် ဟင်း လာ ထည့် ရုံ သာ အနား လာသည် ။ တစ်ကြိမ် တွင် အတို့အမြှုပ် ပန်းကန် ထဲ မှ နွမ်း နယ် နေသော အရွက် တချို့ ကို ရွေးချယ်ဖယ်ရှား ၍ အသစ် လဲလှယ် ထည့်နေ ရသဖြင့် ပြုံး သည် အချိန် အနည်းငယ်မျှ ကြာမြင့် အောင် ရပ် နေသည် ။
ကျွန်တော့် စိတ် တွင် မည်သို့ ဖြစ်လာသည် မသိ ။ ပြုံး ၏ ခြေချောင်းလေး များ ကို ထိတို့ ချင် စိတ် ပေါ်ပေါက် လာသည် ။ ထို့ကြောင့် ကျွန်တော့် ခြေချောင်း များ ကို ပြုံး ၏ ခြေချောင်းနား မသိမသာ တို့ ထိကြည့် သည် ။ ရင်တွေ ခုန်၍ လက်တွေ တုန် နေသည် ။ ပြုံး က ကျွန်တော့် ကို တစ်ချက် စွေ ကြည့်ကြောင်း သိ လိုက်သည် ။ ပြုံး က ဘာမှ မပြောသဖြင့် ထပ် တိုး၍ ထိ လိုက်သည် ။ ဖော့ ဖယောင်း နှင့် ထိ ရ သလို နူးညံ့ အိစက်သော အတွေ့အထိ ကို ရရှိသည် ။ ပြုံး စိတ်ဆိုး သွားမှာ စိုးထိတ် မိသည် ။ ခြေချောင်းချင်း မခွာသေးဘဲ ပြုံး ကို မရဲ တရဲ မော့ ကြည့် လိုက်သည် ။ ပြုံး မျက်နှာပြင် တွင် စိတ်ဆိုးသော လက္ခဏာ ကို မတွေ့ရပေ ။ အရည် လဲ့ နေသော ပြုံး ၏ မျက်လုံးအိမ် ထဲ တွင် ချစ်ရိပ်ချစ်ငွေ့ တို့ကို ရှာဖွေ မိသည် ။
ရှက်သွေး ကဲ ၍ ရဲ နေသော မျက်နှာလေး ကို ကွယ်ဝှက် ၍ ပြုံး သည် အနားမှ ထွက်ခွာ သွားသည် ။ ပြုံး ၏ သဘော ကို ကျွန်တော် သိ သလို ကျွန်တော့် မနော ကို လည်း ပြုံး ရိပ်စားမိ သွား သဖြင့် ကျေနပ်သည် ။ ( ထိုနေ့ က ထမင်း ကို ဆက်လက် စား ခဲ့ သော်လည်း ဝမ်း ထဲ သို့ မည်သို့မည်ပုံ ဝင် သွား ကြောင်း ကျွန်တော် မသိလိုက်ပါ ။ )
နောက်နောင် ကြုံကြိုက် တိုင်း ( လူ လစ်တိုင်း ) ဤသို့ ခြေချောင်းချင်း ထိတွေ့ သည် ။ မျက်လုံး ချင်း ကြည့် ကြသည် ၊ ထို့ထက်မူ နှစ်ဦး စလုံး မပိုကြ ။
နှုတ် အားဖြင့် စကား တစ်လုံး မဆိုကြ သော်လည်း ကျွန်တော် ချစ်ခွင့် ပန် နေ သံ ကို ပြုံး ကြားသိ နိုင်သည် ။ ပြုံး ၏ ချစ် အဖြေ ပေးသံ ကို လည်း ကျွန်တော့် စိတ် ထဲ တွင် အလိုလို ကြား သိ နေ မိသည် ။
ကျွန်တော်တို့ ဤ သို့ ခြေချောင်းချင်း ချစ် စကား ပြောသည် ကို မည်သူ မျှ မရိပ်မိကြပေ ။ ကျွန်တော်တို့ ချင်း ကတော့ အတော် ဟုတ်နေ ကြပြီ ။
••••• ••••• ••••• •••••
ပြုံး နှင့် ကျွန်တော် ချစ်နေပြီ ဆိုသည့် အကြောင်း ကို ကျွန်တော့် သူငယ်ချင်း နှစ်ဦး အား ပြောပြသော အခါ အလွန် အံ့သြ ကြသည် ။ လုံးဝ မယုံကြည် ကြပေ ။ ကျွန်တော် က ကျွန်တော်တို့ ၏ လျှို့ဝှက်ချက် ကို ဖွင့် ပြောသော အခါ အတော မသတ်အောင် ရယ်ကြ၏ ။ ချီးမွမ်းသြဘာ ပေးကြ၏ ။
ထိုမှ တစ်ဆင့် ပြုံး မိဘများ ထံ ကျွန်တော့် ရုံး မှ သက်ဆိုင်ရာ လူကြီး များ နှင့် အတူ သွားရောက်၍ တောင်းရမ်း သည် ။ ကျွန်တော့် အကြောင်း အတော်အတန် သိသော ပြုံး မိဘများ က သဘောတူ ကြည်ဖြူကြသည် ။
ဤသို့ဖြင့် လက်ထပ် ဖြစ်သည် ။ ကျွန်တော့် မင်္ဂလာပွဲ သို့ ကျွန်တော့် မိဘများ မလာရောက်နိုင်ပေ ။ ကျွန်တော့် မိဘများ သည် ကား စီးလျှင် မူးဝေ အော့အန် တတ် သည် ။ လာမည် ဆိုလျှင် မင်းဘူး မှ မကွေး သို့ မော်တော် ဖြင့် ကူး ရမည် ။ မကွေး မှ ရန်ကုန် သို့ ကား စီးရမည် ။ ရန်ကုန် မှ မြိတ်သို့ ကမ်းရိုးတန်း သွား သင်္ဘော ဖြင့် ဖြစ်စေ ၊ လေယာဉ်ပျံ ဖြင့် ဖြစ်စေ သွားရမည် ။ မြိတ် မှ တနင်္သာရီ သို့ စက်လှေ ဖြင့် ခရီး ဆက်ရ ဦးမည် ။ မူးမော် တတ်သော ကျွန်တော့် မိဘများ မှာ ထို ခရီးရှည်ကြီး ကို လာရန် မဖြစ်နိုင်ပေ ။ ကျွန်တော့် ယောက္ခမ များ က နားလည် ခွင့်လွှတ်ကြပါသည် ။
မင်္ဂလာပွဲ သို့ ရေနံချောင်းမြို့ တွင် ကျောင်းဆရာ ဖြစ်နေသော ကျွန်တော့် အစ်ကို အကြီးဆုံး လူပျိုကြီး သာ မိဘများ အစား လာ ရောက်သည် ။
ရည်းစား စကား ပြော နိုင်မှ ၊ ရည်းစားစာ ပေးရဲသော သတ္တိ ရှိ မှ မိန်းမ ရမည် ဆိုလျှင် ကျွန်တော့် တစ်သက် တွင် မိန်းမ ရတော့မည် မဟုတ်ပေ ။ အရှက်အကြောက် တရား ကြီးမား သော ရွက်ပုန်းသီး အလှ ပိုင်ရှင် ပြုံး သည် လည်း ကျွန်တော့် လို နူးညံ့ညင်သာသော ချစ်သင်္ကေတ ဖြင့် ချစ်ကြောင်း သရုပ်ဖော် ပြမည့်သူ မရှိလျှင် ဤတစ်သက် တွင် ယောက်ျား ရ တော့မည် မဟုတ် ။
နဖူးစာ ရွာလည် ၍ တနင်္သာရီ သို့ ရောက် လာသည် ။ နတ် ရေးသည့် ဖူးစာ ကြောင့် ပြုံး နှင့် ကျွန်တော် ပေါင်းဖက် ရသည် ။
ကျွန်တော့် ခေါင်း တွင် ဗွေ နှစ်လုံး ပါသောကြောင့် ကျွန်တော် ငယ်စဉ် က သူငယ်ချင်းများ က “ ဗွေ နှစ်လုံး ၊ စုန်းမယောက်ျား ” ဟု စခဲ့ကြဖူးသည် ၊ မင်းဘူး မှ ငယ်သူငယ်ချင်းများ ကို တွေ့လျှင် လက်ခမောင်း ခတ်ကာ ကြွေး ကြော် လိုက် ချင်ပါသည် ။
“ ဟေ့ .. ဗွေ နှစ်လုံး ပြုံးကြည်လှ ယောက်ျား ကွ ”
ပြုံး ၏ နာမည် အရှည် မှာ ပြုံးကြည်လှ ဖြစ်သည် ။ ကျွန်တော် က “ ပြုံး ” ဟု သာ ခေါ်၏ ။ ကျွန်တော့် နာမည် မှာ မြတ်ထိုက် ဖြစ်သည် ။ ပြုံး က ကျွန်တော့် ကို “ ကိုထိုက် ” ဟု ခေါ်၏ ။
ပြုံး ရေ ၊ ကိုထိုက် ရေ ဟူသော သံစဉ်လေး သည် အလွန်အမင်း နားဝင် ပီယံ ဖြစ်လှသည် ။ ကျွန်တော်တို့ နှစ်ယောက် သည် တစ်သက် တွင် တစ်ယောက် သာ ချစ်ဖူးသည့် အချစ်ဦး ချင်း ပေါင်းဖက်ရသောကြောင့် နှစ်ကိုယ့် တစ်စိတ် ဖြစ်သည် ။ ချစ်စကားတွေ တတွတ်တွတ် ရွတ်ဆို၍ နှစ်ရှည်လများ ချစ် လာသော ချစ်သူများ မဟုတ်သော်လည်း မျက်စိ အောက် က အပျောက် မခံနိုင်အောင် ချစ်သည် ။
တစ်ဦး ပျောက်လျှင် တစ်ဦး က ပတ်ချာလှည့် ရှာကြသောကြောင့် ပတ်ဝန်းကျင် က ရယ်မောကြသည် ။
••••• ••••• ••••• •••••
အိမ်ထောင် ကျပြီး တစ်နှစ် ကျော် အကြာတွင် ပြုံး ၌ ကိုယ်ဝန် ရှိလာ သည် ။ ယခင် က လို ပြုံး ကို အိမ် အလုပ်များ မလုပ်စေတော့ ပေ ။ နားနားနေနေ အနေ ခိုင်း ရ၏ ။
ဆောင်းဦး နံနက်ခင်း တစ်ခု တွင် ကိုယ်ဝန်ဆောင်သည် ပြုံး ၏ လက် ကို ဆွဲကိုင်၍ တနင်္သာရီမြစ် ကမ်းနား တစ်လျှောက် လမ်းလျှောက် ခေါ်ခဲ့သည် ။
မြစ်ရေ သည် နွေ နံနက်ခင်း တွင် ချိုး လျှင် အေးချမ်းမှု ကို ပေး၍ ဆောင်း နံနက်ခင်း တွင် ချိုးလျှင် နွေးထွေးမှု ကို ပေးသည် ။ ယင်းကြောင့် နံနက်ခင်း ဖြစ်သော်လည်း မြစ် ထဲ ရေချိုးသူ ၊ ရေခပ်သူများ ဖြင့် တနင်္သာရီမြစ်ကမ်း တစ် လျှောက် စည်ကားသည် ။ မြစ်ဘေး ဝဲယာ တွင် တောင်စဉ် တောင်တန်း အထပ် ထပ် က မှိုင်းညို့ နေသည် ။ တောင်ကုန်း ဆင်ခြေလျှော တစ်လျှောက် ၌ ကွမ်းသီးပင်များ စိုက်ပျိုး ထားသည် ။
မြို့ရိုး အောက်ခြေ တွင် ခေတ္တ ရပ်နား ၍ နှင်းဖြူ တို့ ကာဆီး ထား သဖြင့် ထိပ်ပိုင်း ကို မမြင်ရသော ရိုးမ အလှ ကို ကြည့် သည် ။ ဆောင်းလေအေး ကြောင့် ပါးအို့လေးတွေ နီရဲ လာ သည့် ပြုံး ကို အိမ်ပြန်ကြရအောင် ဟု ခေါ် လိုက်သည် ။ ပြုံး က ပြုံး ၍ ခေါင်းညိတ် ပြသည် ။
တနင်္သာရီမြို့ ထဲ တွင် ကတ္တရာလမ်း မရှိပေ ။ မြေလမ်း သာ ရှိ၏ ။ လမ်း ဘေး ဝဲယာ တစ်လျှောက် ၌ ဖြန့်လှန်း ထားသော ကွမ်းသီးများ ဖြင့် ပြည့်နေ သည် ။ မြေကွက်လပ် အလွတ် ဟူ၍ လုံးဝ မကျန် ။ နောက်ဆုံး ကျောင်းဝိုင်း ထဲ ပင် လျှင် ကွမ်းသီးများ ဖုံးလွှမ်း နေသည် ။
ကျောင်း ကို ဖြတ်ကျော်လာ သော အခါ ရှင်မအောင်သာ ကျောက်တိုင် သို့ ရောက်သည် ။
“ ကိုထိုက် .. ခဏ ထိုင်ရအောင် နော် ”
“ ထိုင်လေ ၊ ပြုံး မောပြီလား ”
“ မမောပါဘူး ကိုထိုက် ရယ် ၊ ရှင်မအောင်သာ ကျောက်တိုင် တွေ့တော့ ပြုံး ရင် ထဲ မှာ ဝမ်းနည်း သလို ဖြစ်လာလို့ ”
ကျွန်တော် သည် ရှင်မအောင်သာ ကျောက်တိုင် ကို သမင်လည်ပြန် လှည့် ကြည့်မိသည် ။ ရှင်မအောင်သာ ဟူသော အမျိုးသမီး သည် ကိုယ်ဝန် ဆောင် ထားစဉ် ကွယ်လွန် ၍ နတ် ဖြစ်သည် ဟု အရပ်ပြော စကားအရ ယေဘုယျ သိ ရှိသည် ။
ပြုံး ၏ ပခုံးလေး ကို ဖေးမ ကိုင်တွယ်၍ သစ်မြစ်ဆုံ ပေါ် သို့ ညင်သာ စွာ ထိုင်စေ လိုက်သည် ။ ဆောင်း နေခြည် သည် ကျွန်တော်တို့ ၏ နောက် ကျော ကို နွေးထွေး စေသည် ။
“ ပြုံး လေ ကိုထိုက် နဲ့ သေကွဲ ကွဲ ရမှာ သိပ် ကြောက်တာပဲ ”
“ အို ... ပြုံး ကလည်း ကွာ ၊ အလကား လျှောက် တွေး နေတယ် ။ နိမိတ် မရှိ နမာ မရှိ တဲ့ စကားတွေ ပြောမနေပါ နဲ့ ။ လာလာ ပြန်ကြရအောင် ”
ပြုံး ကို ဆွဲထူ လိုက်သည် ။
“ ပြုံး လည်း ဘာမှ မဖြစ်စေရဘူး ၊ ကိုထိုက် လည်း ဘာမှ မဖြစ်ဘူး ၊ ပြုံး က သားတွေ သမီးတွေ မွေးမယ် ။ သာယာတဲ့ အိမ်ထောင်ကြီး ထူထောင် မယ် ၊ အိုအောင် မင်းအောင် ပေါင်းဖက်ကြမယ် ဟုတ်လား ။ စိတ်ညစ်စရာ မတွေး နဲ့ ပြုံး ”
ပြုံး ၏ ပခုံး ပေါ် တွင် ရွဲ့စောင်း နေသော သိုးမွေးအင်္ကျီ ကို ပြန် တည့် ပေး လိုက်သည် ။ ပြုံး က ခပ်ယဲ့ယဲ့ ပြုံး ပြသည် ။ ပြုံး ကို နွေးထွေးသော အပြုံး တစ်ပွင့် ပြန် ပေး လိုက်ရသော်လည်း ပြုံး စကားကြောင့် ကျွန်တော့် ရင် မှာ မပေါ့ ပါးတော့ ။
စိတ် ထဲ မှ တိုးတိုးတိတ်တိတ် ရေရွတ် ဆုတောင်းမိသည် ။
“ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ”
••••• ••••• ••••• •••••
ပြုံးသည် ဖေဖော်ဝါရီလ ၂၅ ရက် တွင် သားဦးရတနာ ကို ချောမော စွာ မွေးဖွား သန့်စင်သည် ။
လ များစွာ တင် နေသော သောက ဝန်ထုပ်ကြီး ကျ သွားသည် ။ ထိုအခါ မှ သက်ပြင်းရှည်ကြီး တစ်ခု ကို ကျွန်တော် ချ နိုင်သည် ။ ပြုံး သာ မတော်တဆ တိမ်းပါး သွားခဲ့လျှင် ကျွန်တော် ရူး ရ မည် ။
သား သည် ကျွန်တော် နှင့် တူသည် ။ အသား ညိုသည် ။ သား ကို “ ထိုက်သက် ” ဟု အမည် ပေးသည် ။ ကျွန်တော် မြတ်ထိုက် ၏ အသက် နှင့် ထပ်တူ ထပ်မျှ ချစ် ရသော သား ဟူသည့် အဓိပ္ပာယ် ကို ဆောင်ယူပါသည် ။
သား ကို ပွေ့ ၍ မဝ ၊ ရှု ၍ မငြီး ချိန် တွင် ကံ ဇာတ်ဆရာ သည် ကျွန်တော် တို့ မိသားစု ကို ကျီစယ်သမှု ပြု၏ ။
ကျွန်တော် သည် ရာထူး တစ်ဆင့် တက်၍ ပုသိမ်မြို့ သို့ ပြောင်းရွှေ့ရန် အမိန့်စာ ရောက်ရှိ လာသည် ။
ဘာ ခက်သနည်း ။ ပုသိမ်မြို့ သို့ ပြောင်းမည် ။ သျှောင်နောက် ဆံထုံး ပါ ၍ ပြုံး နှင့် သား တို့ လိုက် လာမည် ၊
ကျွန်တော် တွေးထင် သလို ဖြစ် မလာပေ ။
“ ကိုထိုက် ရယ် ၊ ဘယ်ကိုမှ မသွားပါနဲ့နော် ။ ပြုံး တို့ နဲ့ အတူ နေပါ ။ ကိုထိုက် အလုပ် ထွက်လိုက်ပါလား ဟင် ။ ပြုံး တို့ မှာ ကြေးပြား ( ပိုက်ဆံ ) ရှိ ပါ တယ် ။ ကိုထိုက် ကို စိတ်ချမ်းသာအောင် ထား ပါ့မယ် ။ ပြုံး လုပ်ကျွေးပါ့မယ် ကိုထိုက် ရယ် ”
ပြုံး က သာ သည် စကား ဆိုသည် မဟုတ် ။ ပြုံး မိဘများ က လည်း အလုပ် ထွက်ရန် တိုက်တွန်းကြသည် ။ ပြုံး တို့ ဘက် က စေတနာ ရှေ့ ထား၍ ကျွန်တော့် ကို သား အရင်း လို ခင်မင် သဖြင့် မသွားစေချင် မှန်း ကျွန်တော် သိသည် ။ သို့သော် လိုက်နာရန် ခက်ခဲလှချေ၏ ။
ကျွန်တော် ချစ်သော ပြုံး နှင့် သား ကို မခွဲနိုင် သလို အလုပ် ကို လည်း မစွန့်လွှတ် နိုင် ။
ကျွန်တော် သည် ဤ အလုပ် ကို ဖြေဆိုသူ လေးငါးထောင် ထဲ တွင် လေးငါးယောက် ရွေးချယ် သည့် အထဲ ပါဝင် အောင် ဖတ် လိုက်ရသည့် သဘောတရားတွေ ၊ မှတ် လိုက်ရသည့် ဗဟုသုတတွေ ၊ ကျက် လိုက်ရသည့် ဆောင်ပုဒ်တွေ ၊ တောင်ပုံ ရာပုံ ။
ထို့ပြင် ကျွန်တော် ဘွဲ့ တစ်ခု ရဖို့ အရေး ကိုလည်း ကျွန်တော့် မိဘများ သည် ပင်ပန်းဆင်းရဲစွာ ရှာဖွေ၍ ကျောင်းထား ခဲ့ရသည် ။ ကျွန်တော်တို့ ဒေသ တွင် ပြုံး တို့ ဒေသလို စီးပွား ရှာရ မလွယ်ကူပေ ။ ငွေတွင်း အလွန် နက် သည် ။ ကြက်ယက် သလို မြေ ပေါ် တွင် တပင်တပန်း ရှာဖွေ ပါ မှ တစ်ကျပ်တစ်ပြား ရ သည် ။
သားသမီး ငါးဦး ထဲ တွင် ဘွဲ့ရပညာတတ် ဟူ၍ ကျွန်တော် တစ်ယောက် တည်း သာ ရှိသည် ။ အစ်ကိုကြီး သည် မက်ထရစ် အောင်ပြီး နောက် ပညာ ဆက် မသင်တော့ဘဲ ကျောင်းဆရာ ဝင် လုပ်သည် ။ အစ်မကြီး သည် ကိုးတန်း သာ အောင် ခဲ့၍ သမဝါယမဆိုင် တွင် အရောင်းစာရေး ဖြစ် နေသည် ။ ကျွန်တော့် ညီ မှာ စောစီးစွာ အိမ်ထောင် ကျ ၍ မန်းရေနံမြေ တွင် အလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင်သည် ။ ညီမလေး သည် စာမေးပွဲ ကျ လွန်း သဖြင့် ကျောင်း မနေတော့ ဘဲ အမေ နှင့် အတူ ရက်ကန်း ရက်သည် ။
ထို့ကြောင့် ကျွန်တော့် ဘွဲ့ နှင့် ကျွန်တော့် ရာထူး သည် မိဘဆွေမျိုးများ အလယ် တွင် ဂုဏ်ယူစရာကြီး ဖြစ်သည် ။ အမေ က ဆိုလျှင် “ ငါ့ သား က တစ်မိ ပေါက် တစ်ယောက်ထွန်း ဟဲ့ ” ဟု မကြာခဏ ချီးကျူးတတ်သည် ။
ကျွန်တော် သာ အလုပ် မှ နုတ်ထွက် လိုက်လျှင် ပင်ပန်းကြီးစွာ ရှာဖွေ ၍ ပညာသင် ပေးသော မိဘများ ကို စော်ကားရာ ကျပေမည် ။ မ ဘက် ပါ၍ အမိုက် ဖက်သည် ဟု ပြောဆိုမည် မှာ မလွဲပေ ။
တကယ် ဆိုလျှင် ပြုံး သည် ကျွန်တော် ပြောင်းရွှေ့ရာ သို့ လိုက် သင့် သည် ။ လိုက်နိုင်သော အခြေအနေ လည်း ရှိသည် ။ ပြုံးသည် တစ်ဦးတည်း သမီး လည်း မဟုတ် ။ ပြုံး မရှိလျှင် ပြုံး မိဘ ကို ပြုစု လုပ်ကျွေးမည့် မောင်နှမ ရှစ်ဦး ကျန် သေးသည် ။
ပြုံး မိဘများ သည် ပြုံး လုပ်စာ ကို ရ မှ စားရသောက်ရမည့် ဘဝ အခြေ အနေလည်း မဟုတ် ။ သူတို့ တစ်သက် စား မကုန်သော ငွေကြေး ရှိသည် ။ ကွမ်းသီးခြံများ ကို ထားဦး ။ ကော်ပတ်ခြံ ပင် လျှင် ဆယ်နံပါတ် ရှိသည် ။ တစ်နံပါတ် တွင် အပင် ၃၅၀ ရှိ၏ ။
ဤ အခြေအနေ ရှိပါလျက် ပြုံး သည် ကတ်တီးကတ်ဖဲ့ လုပ်နေသည် ။ ပြောမရ ၊ ဆိုမရ ၊ စည်းရုံးမရ ၊ ချော့မရ ၊ ချောက်မရ ။
“ မိဘ ဝတ္တရား မှာ ထိမ်းမြားခြင်း ဟာ နောက်ဆုံး ပဲ ပြုံး ။ လက်ထပ် ပြီး ရင် တစ်အိုး တစ်အိမ် ထူထောင်ရမှာပေါ့ ။ လင်ရယ် မယားရယ် အတူတကွ နေတာ ဟာ သဘာဝ ကျ ပါတယ် ။ ယောက်ျား ယူပြီး မိဘ နဲ့ မခွဲနိုင်ဘူး ဆိုတာ ဟာ သဘာဝတရား ကို လွန်ဆန်တာပေါ့ ။ ကဲ .. ပြုံး ကို ကိုထိုက် နောက်ဆုံး မေးမယ် ။ ကိုထိုက် ကို ချစ်သလား ၊ ပြုံး မိဘ ကို ချစ်သလား ”
“ နှစ်ဖက်စလုံး ကို ပြုံး ချစ်တယ် ”
“ နှစ်ခု မရဘူးလေ ၊ တစ်ခု ခုကို ပိုပြီး ချစ်ရမယ် ”
“ ဘယ်ဟာမှ ပြုံး မပိုဘူး ”
“ ဟေ့ .. ပြုံး ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ်ကွ ”
“ ဒါဖြင့် ကိုထိုက် ကော .. ပြုံး နဲ့ ကိုထိုက် ရဲ့ အလုပ် ကို ဘယ်ဟာ ပိုချစ်လဲ ”
“ နှစ်ခုစလုံး ကို ချစ်တယ် ”
“ မရဘူးလေ ၊ ကိုထိုက် တစ်ခုပဲ ချစ်ရမယ် ”
ဤသို့ဖြင့် ပြဿနာကြီး သည် အဖြေ မရခဲ့ပေ ။ ဝေ့လည်ကြောင်ပတ် ဖြင့် ပြီးဆုံး သွားသည် ။
ကျွန်တော် အလုပ် ထွက်ပြီး ပြုံးတို့ မိသားစု ထဲ ဝင်မည် ဆိုပါစို့ ။ ကျွန်တော် ဘာ လုပ်မည်နည်း ။ ပြုံး လုပ်စာ ကို ရေသာခို ၍ စားသောက်ရမည် လော ၊ ပြုံး ၏ ကက်ဆက်ခွေ အငှားဆိုင် တွင် စာရင်းစာအုပ် ကိုင်၍ အငှား ၊ အအပ် ရေးသွင်း နေမည် လော ။ ပြုံး ချုပ် ထားသောအင်္ကျီများ တွင် ကြယ်သီးတံတပ် ခြင်း ၊ ကြယ်ကွင်းပေါက် ချုပ်ခြင်း ပြုလုပ်ရမည်လော ၊ ထိုသို့ ဆိုလျှင် တို့ နဖူး မှ ချွေး ခြေမ ကျအောင် လုပ်ပြီး သင်ထားသည့် ပညာများ နှင့် လားလား မျှ မထိုက်တန် ။
ပြုံး လုပ်စာ ကို ထိုင် စားသည် ဆိုသော် ငြား လည်း လင်မယား နှစ်ယောက် တည်း နေသော အိမ် ၌ မယား လုပ်စာ ကို လင် က စားရခြင်းမျိုး မဟုတ်ပေ ၊ ပြုံးတို့ မိဘမောင်ဖားများ စုပေါင်း နေထိုင်၍ တစ်အိမ် လုံး အလုပ် ကိုယ်စီ ရှိ နေသော အိမ်တွင် ငုတ်တုတ် ထိုင်၍ စားရမည့် ကိစ္စ မှာ အလွန် မျက်နှာ ပူစရာ ကောင်း ပါသည် ။
ဆူးကြား က ဘူးသီး ၊ ကျွန်တော် မလူးသာ မလွန့်သာ ဖြစ်ရ၏ ။ တမင် စိမ်းခြင်း မဟုတ်သော်လည်း တစ်ဖက်သို့ မူ ယိမ်း ရတော့မည် ။
ကျွန်တော် မည်သို့ ဆုံးဖြတ်ရမည်နည်း ။
••••• ••••• ••••• •••••
နောက်ဆုံးတွင် ကျွန်တော် သည် အသည်းနာနာ ဖြင့် လက်လျှော့ လိုက် ရသည် ။ ချစ်သော ပြုံး နှင့် သား ကို ထားခဲ့၍ တာဝန် ကျရာ ပုသိမ် ကို ထွက် ခဲ့၏ ။
မိန်းမသား ဖြစ်သော ပြုံး အဖို့ မည်သို့ ခံစားရမည် မသိ ။ ကျွန်တော့် မှာ မူ ယောက်ျားတန် မဲ့ ပဋာစာရီ ဖြစ်ရသည် ။ မိန်းမ လည်း ဆုံး၏ ။ သား လည်း ဆုံး၏ ။
တနင်္သာရီတိုင်း သည် မြန်မာပြည် တွင် မိုး အကောင်းဆုံး ဒေသ ဖြစ်သည် ။ ကျွန်တော့် ဘဝ တစ်သက်တာ တွင် တနင်္သာရီမြို့ ၌ မျက်ရည်မိုး တို့ အစိုစွတ်ဆုံး ရွာသွန်း ခဲ့သည် ။ ယောက်ျား တစ်ဦး မို့ ပြုံး ကဲ့သို့ လူရှေ့သူရှေ့ တွင် ပေါ်ပေါ်ထင်ထင် မျက်ရည် ကျခွင့် မရ သဖြင့် လူ ကွယ်ရာ ချောင်ကြား တွင် တား မရသော မျက်ရည်တို့ တာ ကျိုး သလို ကျစီးခဲ့ ရသည် ။
ပုသိမ်မြို့သည် သာယာပါ၏ ။ သို့သော် ကျွန်တော့် ကို မူ သာယာ အေးချမ်းမှု မပေးနိုင်ပေ ။ ပြုံး နှင့် နှစ်ကိုယ့် တစ်စိတ် နေခဲ့ သူ ကျွန်တော့် မှာ တစ်ကိုယ်တည်း နေရသောအခါ စိတ် တို့ သည် နှစ်ခြမ်း ကွဲ ရ၏ ။ တစ်ခြမ်း သော စိတ် သည် ပြုံး နှင့် သား ထံသို့ ထာဝရ ရောက်နေ၏ ။
လိုရာ ဆန္ဒ မပြည့်ခဲ့ သူ မို့ စိတ် သွားတိုင်း ကိုယ် မပါပေ ။ ဟာတာတာ ယောင်တောင်တောင် ဖြင့် သာ အချိန် ကုန်ဆုံး ခဲ့သည် ။ ပြုံး နှင့် သား ၏ ကိုယ်ပွားလေးများ ဖြစ်သော သက်မဲ့ဓာတ်ပုံ တို့ကို နှလုံးသား နှင့် အနီးဆုံး နေရာ တွင် ထား၍ လွမ်းဆွေးမှု ဝေဒနာ ကို ကြိတ်မှိတ် ခံစားရသည် ။
ပုသိမ် ရောက် မှ ပြုံး ထံ သို့ စာ တစ်စောင် သာ ရေး ဖြစ်သည် ။ ပြုံး နှင့် သား ကို တုနှိုင်း မပြသာအောင် ချစ် သော်လည်း ချွဲချွဲပျစ်ပျစ် မပြောတတ် ၊ ပလီပလာ တီတာတာ ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးတတ် ။
ကျွန်တော် တက္ကသိုလ်ကျောင်းသား ဘဝ က အိမ် သို့ တစ်လ တစ်စောင် ရေး နိုင်ရန် အလွန်အမင်း ကြိုးစားရသည် ။ မိဘများ က လည်း ကျွန်တော့် စာ ဆိုလျှင် အလွန် ဖတ်ချင်သည် ။ “ ကျွန်တော် ကျန်းမာသည် ။ အဖေ အမေ တို့ ကျန်းမာပါစေ ၊ နေ့စဉ် သတိရသည် ။ ငွေ ပို့ပါဦး ” စသည့် လက်ဖဝါး တစ်ဖက်စာ လောက် သာ ရေးစရာ ရှိသည် ။ တစ်လ လာလည်း သည် စာ သား ၊ နောက် တစ်လ လာလည်း သည် စာသား မို့ နောက်ပိုင်း တွင် စာ ကို မဖောက်မီ ကတည်း က ပါဝင်မည့် အကြောင်းအရာ ကို အဖေ တို့ သိ နေသည် ။ ကျွန်တော် အိမ်ပြန် ရောက်လျှင် ကား မိဘများ ကို ခြေဆုပ်လက်နယ် ပြုသည် ။ ထမင်း ဟင်း ကို ကိုယ်တိုင် ခူးခပ် ကျွေးသည် ။
ဆိုလိုသည် မှာ ကျွန်တော် သည် ချစ်ကြောင်း ကို လက်တွေ့ သာ ပြ တတ်သည် ။ စာကြောင်း ဖြင့် သရုပ် မဖော်တတ် ။
ပြုံး ထံ မှ စာတွေ ရောက် လာသည် ။ ပြုံး သည် ကျွန်တော့် ထက် စာ အရေးအသား တော်သည် ။ လွမ်းကြောင်း ဆွေးကြောင်း တွေ ဖွဲ့နွဲ့ ထား သည် ။
ပုသိမ် သို့ ရောက်ပြီး လုပ်ငန်းများ လွှဲပြောင်း ယူနေရသည် က တစ်ကြောင်း ၊ နယ် သို့ ခရီး ထွက် လိုက်ရသေးသည် က တစ်ကြောင်း ကြောင့် ပြုံး ထံ ပြန်စာ မရေးဖြစ်ခဲ့ပေ ။
နယ် မှ ပြန်ရောက်လာသော အခါ ပြုံး ၏ စာ တစ်စောင် ရုံးခန်း ထဲ တွင် အသင့် ကြိုဆိုနေသည် ။ ရှေ့ပိုင်း တွင် သား အကြောင်းများ ပါသည် ။ နောက် ပိုင်း တွင် ..
“ ကိုထိုက် နဲ့ ခွဲခွာ နေရမှ အတူ နေစဉ်က ဘဝ ကို သိပ်ပြီး သတိရတယ် ။ ရှင်မအောင်သာ ကျောက်တိုင် နား မှာ ပြုံး ပြောခဲ့ဖူးတဲ့ စကား တစ်ခု ကို ကိုထိုက် အမှတ်ရသေးရဲ့ လား ။ ပြုံး လေ ကိုထိုက် နဲ့ သေကွဲ ကွဲ ရမှာ ကို သိပ် ကြောက် တယ် ဆိုတာလေ ။ အခုတော့ ရှင်ကွဲ ကွဲနေကြရတယ် နော် ၊ ပြုံး မှာ နေ့စဉ် နဲ့ အမျှ မျက်ရည် နဲ့ မျက်ခွက် ပါ ပဲ ။ အဖေ တို့ က ပြုံး ကို ငို မနေနဲ့ ။ လိုက် ချင် လိုက်သွား လို့ တိုက်တွန်းကြတယ် ”
“ ကိုထိုက် ပြုံး ကို စိတ်နာသွား သလား ဟင် ၊ သျှောင်နောက် ဆံထုံး မပါ တဲ့ ပြုံး ကို စိတ်ဆိုးမယ် ဆိုလည်း ဆိုးစရာပါပဲလေ ။ ဒါကြောင့် ကိုထိုက် ပြုံး ဆီ စာ မရေးတာပေါ့ ။
ပြုံး က လိုက်လာချင်ပေမဲ့ အဖေ တို့ က သွား ဆိုပေမဲ့ ကိုထိုက် ရဲ့ သဘောက ဘယ်လိုမှန်း မသိလို့ ဘာမှ ပြန် မပြောခဲ့ဘူး ။ ကိုထိုက် ပြုံး တို့ သားအမိ ကို မေ့နေပြီလား ဟင် ။ ပျော်စရာ ၊ အဖော်သစ်တွေ ရှိနေပြီလား လို့ ပူ မိတယ် ကိုထိုက် ရယ် ”
ပြုံး ၏ စာ ကို ဖတ်၍ ကျွန်တော် သည် ဝမ်းနည်း ဝမ်းသာ ဖြစ်ရသည် ။ ဝမ်းသာ သည် မှာ ပြုံး လိုက်လာမည် ဆိုသောကြောင့် ။ ဝမ်းနည်းသည် မှာ ကျွန်တော့် သဘောထား ကို မေးမြန်း နေသော ကြောင့် ။
ကျွန်တော် သည် ပြုံး ကို မချစ်လို့ ခွဲခွာလာသည် မှ မဟုတ်ဘဲ ။ မတတ် သာ ၍ ခပ်ခွာခွာ နေခဲ့ခြင်းသာ ဖြစ်သည် ။
ကျွန်တော်သည် အချစ်ကြီး ချစ်တတ် သော်လည်း အမုန်းကြီး မမုန်း တတ် ၊ တစ်ချုံ ကွယ် လျှင် လည်း တစ်မယ် မမေ့တတ် ။ လှေကား သုံးထစ် မက အထစ် သုံးဆယ် ဆင်းပြီး စေဦး ၊ လူပျို လူလွတ် ဟူ၍ သဘော မထား ။ ပြုံး ကို သေတစ်ပန် သက်တစ်ဆုံး ချစ်သွားမည့် သူ ဖြစ်ကြောင်း ပြုံး သိစေချင်ပါသည် ။ ကျွန်တော့် မေတ္တာ ကို ပြုံး သံသယ မရှိစေလို ။
ပြုံး သည် ယခု စာ ကို နောက် နောင် အနှစ် နှစ်ဆယ် ၊ သုံးဆယ် ကြာ မှ
ရေး ပါ စေ ။
ပြုံး နှင့် ပတ်သက်လျှင် ကျွန်တော့် ရင်ခွင် တံခါးဝ တွင် စာတန်း တစ်ခု ကို အမြဲ ထာဝရ ချိတ်ဆွဲ ထားပါသည် ။
“ ကြိုဆိုပါသည် ” ဟူ၍ ။ ။
◾ကိုရိုးကွန့်
📖 စန္ဒာ ရုပ်စုံမဂ္ဂဇင်း
မေ ၊ ၁၉၈၄
( ဆရာ ကိုရိုးကွန့် ၏ ပထမဦးဆုံး ဝတ္ထု ဖြစ်ပါသည် ။ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment