Saturday, February 4, 2023

ကျွန်ုပ် နှင့် လုံးပျော့ကျပ်လျော့များ


 ❝ ကျွန်ုပ် နှင့် လုံးပျော့ကျပ်လျော့များ ❞ 


“ ဘလယ်ဒီဖူး ဘယ့်နှယ် လုပ်မှာ လဲ အိုင်အိုဒင်းကိုကိုကြီး ။ သေဆုံးသူ တရုတ်မကြီးဒေါ်နု ဟာ သင်္ချိုင်း မှာ အရိုး တောင် ဆွေး နေ လောက်ပြီ ။ တရားခံ ကို မိ ဖို့ မပြောနဲ့ ။ ဘယ်သူ သ,တ်တယ် ဆိုတာ တောင် မသိသေးပါလား ။ ဒီ ကြား ထဲ လူသတ်တရားခံ အဖြစ် တရားရုံး တင် ထားတဲ့ ဘိုကြည် ကို အမှု စစ် နေတုန်း ဟို ဖီလိုဆိုဖီ မောင်ပါစီ ဆိုတဲ့ လူ က ဝင်ရောက် နှောင့်ယှက် နေသေး ။ ဘယ့်နှယ် လုပ်ရမလဲ မစ္စတာ အိုင်အိုဒင်းကိုကိုကြီး ”


အင်္ဂလိပ်အင်စပက်တော် မစ္စတာကလင့်ရစ်ချ် စကား ကြောင့် ကျွန်ုပ် မိန့်မိန့်ကြီး ပြုံး မိသည် ။ ကျွန်ုပ် ပြုံး နေသည် ကို ကြည့်ပြီး မစ္စတာကလင့်ရစ်ချ် မှ ..


“ ဘာတွေ သဘောကြပြီး ပြုံးနေတာလဲ မစ္စတာကိုကိုကြီး ။ ဒီမှာ လူသတ်တရားခံ မမိရလို့ စိတ်ညစ်နေရတဲ့ အထဲ ” 


အင်စပက်တော် ၏ စကား ကြောင့် ကျွန်ုပ် ပို၍ ပြုံးချင် သွား၏ ။ ပြီးမှ သူ့ ကို စိုက် ကြည့်ကာ


“ လူသတ်တရားခံ ဟာ ခင်ဗျားတို့ ရှေ့ မှာ အကြာကြီး ရှိခဲ့ပြီး မှ ဖမ်း မမိတာ ကို တွေးမိ လို့ ပြုံးမိတာပါ ” 


“ ဘယ်လို ”


ကျွန်ုပ် ၏ စကား ကို အင်စပက်တော် မှ အံ့ဩတကြီး ဖြစ်သွား၏ ။


“ ဟုတ်တယ်လေ လူသတ်တရားခံ ဟာ ခင်ဗျားတို့ ရဲ့ မျက်စိ ရှေ့ မှာ တင် မျက်စိ မှောက် အောင် လုပ်သွားတာ ” 


အင်စပက်တော် မှာ ပို၍ အံ့အား သင့် သွားသည် ။


“ ဒါဆို လူသတ်တရားခံ ဟာ ကျုပ်တို့ မျက်စိရှေ့ က ဘယ်သူလဲ ” 


သူ ၏ အမေး ကို ကျွန်ုပ် မိန့်မိန့်ကြီး ပြုံးပြီး ...


“ သေသူ ကို သိတယ် ။ သတ်တဲ့ အချိန် မှာ ရှိတယ် ။ ဘာကြောင့် သတ်လဲ သိတယ် ။ လူသတ်တရားခံ ကို သိတယ် ။ ဒါပေမယ့် သူ မပြော နိုင်ဘူး ဆို ကတည်း က လူသတ်တရားခံ ဟာ ဘယ်သူ ဖြစ်မလဲ ....”


အင်စပက်တော် မှာ ယောင်နန ဖြင့် ...


“ သူ ပဲ ဖြစ်မှာပေါ့ ”


ကျွန်ုပ် မှာ လည်း မှင်မောင်း အပြည့်နှင့် မိန့်မိန့်ကြီး ပြုံး၍ ၊ ခေါင်း ကို တဆတ်ဆတ် ညိတ် ရင်း ...


“ ဟုတ်ပဗျာ ။ ဖီလိုဆိုဖီမောင်ပါစီ ဟာ ဖီလိုဆိုဖီ နည်း နဲ့ ခင်ဗျား တို့ လို လုံးပျော့ကျပ်လျော့တွေ ကို တစ်ဖက် လှည့် နဲ့ လိမ် သွားတာ ” 


ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ... 


“ ဟင် ဒါဆို ဖီလိုဆိုဖီမောင်ပါစီ ဟာ လူသတ်တရားခံ ပေါ့ ”


ကျွန်ုပ် ၏ ခေါင်း ညိတ်ပြ လိုက်သည် ။ ပြီးမှ ...


“ မောင်ရင်တို့ လို လုံးလျော့ကျပ်လျော့တွေ သာ ခံ ရတာ ။ ကျွန်ုပ် လိုလုံးပြည့်ကျပ်ပြည့် နဲ့ တွေ့လို့ ကတော့ ”


ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ရှုံ့မဲ့ပြီး 


“ လုံးပျော့ကျပ်လျော့တွေ လုံးပြည့်ကျပ်ပြည့်တွေ အင်း အဲဒါ အသာ ထား ပါဦး အိုင်အိုဒင်းကိုကိုကြီး ဖီလိုဆိုဖီမောင်ပါစီ ကို ဘယ်လို ဖမ်းမှာတုံး ”


ကျွန်ုပ် လည်း ရုတ်တရက် မဖြေသေးဘဲ မိန့်မိန့်ကြီး ပြုံးနေ လိုက်သေး၏ ။ အတန်ကြာ မှ ...


“ အိမ်း ။ သူ က ဖီလိုဆိုဖီနည်း နဲ့ တစ်ပတ် လှိမ့် သွားတယ် ဆိုတော့ ကျွန်ုပ်တို့ က လည်း သူ့ ကို ဖီလိုဆိုဖီ နည်း နဲ့ ပဲ ပြန် အနိုင် ယူ ရပေမပေါ့ ” 


ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ အားကိုးတကြီး ဖြင့် ...


“ ဘယ်လို လုပ်မှာလဲ ”


ကျွန်ုပ် က လည်း အသေအချာ စဉ်းစားပြီး ...


“ ဒီလို လုပ် ။ သူ့ ကို သတင်းစာ က နေ အလို မရှိပါ ဆိုပြီး ကြော်ငြာ လိုက် ။ ဒီတော့မှ သူ့ ကို အလို မရှိ မှန်း သိသွားပြီး သူ လူတော ထဲ ပြန် ထွက်လာ ။ ဒီတော့မှ ကျွန်ုပ်တို့ အသာလေး ဖမ်း လိုက် ကြတာပေါ့ ” 


ကျွန်ုပ် ၏ စကား ကြောင့် အင်္ဂလိပ်အင်စပက်တော် ၏ မျက်နှာ မှာ ဝင်းလက် သွားပြီး ...


“ ဂွတ် အိုင်ဒီယာ ။ အလို မရှိပါ လို့ ကြော်ငြာပြီး သူ အေးအေးဆေးဆေး နေတော့ မှ ကြက်ကလေး ငှက်ကလေး ဖမ်းသလို အသာလေး ဝင်ဖမ်း ၊ သိပ် ကောင်းတဲ့ ဖီလိုဆိုဖီ နည်း ။ ဒါကြောင့် အိုင်အိုဒင်းကိုကိုကြီး ဆိုပြီး နာမည် ကြီး နေတာ ”


ဟု ဆို၍ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့် နေသဖြင့် ကျွန်ုပ် လည်း ကျေကျေနပ်နပ် ပြုံးမိချေတော့သည် တမုံ့ ။


     •••••   •••••   •••••   •••••


နောက် တစ်နေ့ ခရော်နီကယ် သတင်းစာ တွင် ခေါင်းကြီးပိုင်း မှ ကြော်ငြာ ထားသည် မှာ ...


    အလိုမရှိပါ ။ ဆုငွေလည်း မပေးပါ ။


     ဖီလိုဆိုဖီ မောင်ပါစီ သည် တရုတ်မဒေါ်နု အသတ် ခံရသည့် အမှု နှင့် လားလားမျှ မသက်ဆိုင် ၍ သူ့ အား လုံးဝ အလို မရှိပါ ။ အကယ်၍ ဖီလိုဆိုဖီ မောင်ပါစီ ကို ဖမ်းဆီးသူ အား ဆုငွေ လည်း မပေးပါ ။ သူ ဘယ်မှာ ရှိသလဲ ဟု သတင်း ပေးလျှင် လည်း ဂရု မစိုက်ပါ ။ ထို့ အပြင် လမ်းမှာ တွေ့လျှင် ပင် လှည့် မကြည့်ပါ ။

                 အမိန့်အရ


ထိုသို့ ကြော်ငြာ လိုက်ပြီး နောက် တစ်နေ့ မှာ ပင် ကျွန်ုပ်တို့ ရုံး သို့ ပစ်စာ တစ်စောင် ရောက်ရှိ လာ လေသည် ။ ထို စာ တွင် ရေးထားသည် မှာ ...


လူကြီးမင်း ခင်ဗျား ။


     အခုလို သတင်းစာ မှာ အကျယ်တဝင့် ကြော်ငြာ ပေးသည့် အတွက် အထူးတလည် ကျေးဇူး တင် မိပါတယ် ။ နောင် ပြစ်မှုများ တွင် လည်း ဤကဲ့သို့ ကြော်ငြာ ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါ

တယ် ။

      အခုတော့ ကျွန်တော် ပြေးပြီ ။ တာ့တာ ။

       လေးစားစွာဖြင့် ဖီလိုဆိုဖီမောင်ပါစီ ။


“ ဘလယ်ဒီဖူး ။ ဘယ့်နှယ် လုပ်မလဲ မစ္စတာကိုကိုကြီး ။ ခင်ဗျား ပြောတဲ့ အတိုင်း သတင်းစာ က နေ ကြော်ငြာ လိုက်လို့ တရားခံ ဖီလိုဆိုဖီမောင်ပါစီ ပြေးပြီ ။ ဘယ့်နှယ် လုပ်မတုံး ။ သူများတွေ ကို ကျတော့ ခင်ဗျား က လုံးပျော့ကျပ်လျော့ တွေ တဲ့ ။ အခု ခင်ဗျား ကျ တော့ ရော ” 


အင်စပက်တော် မှာ မကျေမနပ် ဖြစ်လွန်းလှ ပြီး အံကြိတ် ကာ မျက်နှာကြီး နီရဲ လာ သဖြင့် ...


“ ဒါကတော့ မပွားသော ပွဆေး ၊ မပေသော ရွှံ့ဗွက် ဆိုသလို ပေါ့ ... ” 


“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား လုပ်ပါ ” 


ကျွန်ုပ် လည်း မိန့်မိန့်ကြီး ပြုံးပြီး ...


“ အတူတူပဲလေ ။ ဒါပေမယ့် လူသတ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို မိဖို့ နည်းလမ်း တစ်ခု ကျွန်ုပ် မှာ ရှိတယ် ” 


“ ရှိပြန်ပြီ ရှိပြန်ပြီ ဘယ်လို လုပ်မှာလဲ ”


အင်စပက်တော် ၏ အလောတကြီး အမေး ကို ကျွန်ုပ် အဖြေ မပေးသေးဘဲ အတန်ကြာ မှ ... 


“ မကြာခင် သိရပါလိမ့်မယ် ”


     •••••   •••••   •••••   •••••


ဖီလိုဆိုဖာ မောင်မြယာ ကို ဖမ်းလိုက်ပြီ ...


“ ကိုင်း  ... မောင်နှင်း ရေ ၊ တရားခံ ဖမ်းဖို့ ပြင်ဆင်ထား ကွယ့် ” 


ကျွန်ုပ် ၏ စကား ကို အရှင်လတ်လတ် ကြားရသော တပည့်ကျော် မောင်နှင်းလေး မှာ မျက်လုံးလေး ကလယ်ကလယ် နှင့် 


“ ဘယ်သူ့ ကို ဖမ်းမှာလဲ ။ တောင်ဘက်ပိုင်း မှာ ထဘီတွေ လိုက် ခိုး နေတဲ့ သူခိုး ငပိန် အောင်စိန် ကို လား ”


“ တယ်လေ ။ ထဘီသူခိုး ဖမ်းတဲ့ ခပ်ညံ့ညံ့ စုံထောက် များ မှတ် နေလား ။ လူသတ်တရားခံ ကို ဖမ်းရမှာ ကွ ။ လူသတ်တရားခံ ကို ဖမ်း ရမှာ ... ” 


ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ ရုတ်ခြည်း ကြောက်ရွံ့တုန် လှုပ် ဟန် ပြောင်း သွားပြီး


“ ကျွန်တော်  ... ကျွန်တော် နေ မကောင်းလို့ မလိုက် ” 


“ တိတ် ”


“ ခင်ဗျာ ”


ကျွန်ုပ် ၏ တစ်ခွန်းတည်း သော ငေါက်ငမ်းသံ ကြောင့် နဂို ကြောက်ရွံ့ ရိုသေသော မောင်နှင်းကလေး မှာ ဘာမှ မပြောနိုင် အောင် ကြက်သေ သေ သွား၏ ။ ကျွန်ုပ် လည်း ဤမျှ အကြောက်တရား ကြီး သော တပည့်ကလေး နောင် တစ်ချိန် အရေး ရင်လေး မိ၍


“ လူသတ်တရားခံ ကို ငါ့ အဘ ကိုယ်တိုင် ဖမ်းရမယ် ။ ဘာ ကြောင့်လဲ ဆို တော့ လူသတ်တရားခံ ဟာ နှယ်နှယ်ရရ လူ မဟုတ်ဘူး ” 


ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ တုန်ရင်သော အသံ ဖြင့်


“ ဘယ်  ... ဘယ်သူလဲ အဘ ”


သူ ၏ တုန်ရင်သော အမေး ကို ကျွန်ုပ် တစ်လုံး ချင်း ပြန် ဖြေလိုက်သည် မှာ ... 


“ ဖီလိုဆိုဖီမောင်ပါစီ ” 


“ ဖီလိုဆိုဖီမောင်ပါစီ ”


“ အိမ်း  ... ဟုတ်သကွယ့် ။ ဒီကောင့် ကို ဖမ်း နိုင်ဖို့ ငါတို့ ရုပ် ဖျက် သွား ရမယ် ”


“ ရုပ်ဖျက် သွားရမယ် ။ ဟုတ်လား အဘ ”


“ အိမ်း ... ဟုတ်တယ်ကွယ့် ။ ဘာကြောင့်လဲ ဆိုတော့ ဖီလိုဆိုဖီမောင်ပါစီ ဟာ ငါတို့တွေ ကို တွေ့တာ နဲ့ ငါတို့ ရဲ့ကျော်စောတိက္ကမ ကြီးမားပုံ ကို သိပြီး သူ မုချမသွေ အဖမ်း ခံရမှာကို ကြောက်ရွံ့လို့ ထွက် ပြေး တိမ်းရှောင် သွားနိုင်တယ် ”


ကျွန်ုပ် ၏ ကြွားလုံး အနည်းငယ် ပါသော စကားကို မောင်နှင်း မှ အသေအချာ စဉ်းစားပြီး ...


“ ကျွန်တော် အကြံ ရပြီ အဘ ”


ကျွန်ုပ် လည်း မောင်နှင်း ၏ စကား ကို စိတ်ဝင်စား သွားပြီး 


“ ဘယ်လို အကြံမျိုးလဲ ”


ကျွန်ုပ် ၏ အမေး ကို မောင်နှင်းလေး မှာ နောင် တစ်ချိန် တွင် သူ တုပမည့် ကျွန်ုပ် ဟန် အတိုင်း မိန့်မိန့်ကြီး ပြုံးပြီး ...


“ ကျွန်ုပ်တို့ ရုပ်ဖျက် သွား ရင်တောင် အလှ ပျက် နေဦးမယ် ။ အလှ လည်း မပျက် ၊ တရားခံ လည်း မျက်စိ လည် သွားအောင် လုပ် ရမယ် ... ”


“ ဘယ်လို လုပ်ရမလဲ ”


ကျွန်ုပ် ၏ အမေး ကိုမောင်နှင်း မှ အိုင်တင် အပြည့် နှင့် ... 


“ နာမည် ပြောင်း လိုက်ရုံပေါ့ အဘ ရယ် ။ အဘ က လည်း အိုင်အိုဒင်း ကိုကိုကြီး ကနေ အိုးအိုင်တင် မောင်မောင်လေး လို့ နာမည် ပြောင်း လိုက် ၊ ကျွန်တော် က လည်း မောင်နှင်း က နေ မောင်နွေ လို့ ပြောင်း လိုက် ရင် သူတို့ မျက်စိ လည် ကုန်ပြီး မှတ်မိတော့မယ် မဟုတ်ဘူး ” 


“ ဟေ့ကောင် ” 


“ ခင်ဗျာ ”


ကျွန်ုပ် ၏ ငေါက်ငမ်းသံ ကြောင့် မောင်နှင်း မှာ တုန်ရင် သွားလေသည် ။


“ နာမည် ပြောင်း လိုက်ရုံ နဲ့ မင်း ကြီးတော် ယောက်ျား က ဒီ မျက်ခွက်ကြီးတွေ ကို မမှတ်မိဘဲ နေမလား ”


“ ကျွန်တော့် ကြီးတော် ယောက်ျား နဲ့ ငယ်ငယ်လေး ကတည်း က ကွဲသွားတာ ဆိုတော့ မှတ်မိမယ် မထင်ဘူး အဘ ” 


“ အား ... ဒီကောင် တိတ်စမ်းကွာ... ”


“ ခင်ဗျာ ”


ကျွန်ုပ် ၏ ဒေါသသံ ကြောင့် မောင်နှင်း မှာ တုန်ရင်စွာ ငြိမ် ကုတ် သွား၏ ။ ကျွန်ုပ် လည်း တပည့်ကလေး ကို ကြည့်ပြီး ကရုဏာ သက်မိ သော်လည်း နောင် တစ်ချိန် အရေး ကို မျှော်တွေး ၍ 


“ မင်း ရုပ်ဖျက် သွားရမယ် ။ ကဲ .. လူတွေ မင်းကို မမှတ်မိအောင် ဘယ်လို ဖျက် သွားမလဲ ”


မောင်နှင်း သည် ကျွန်ုပ် ၏ စကား ကို မှားသွားမည် စိုး၍ ထင့် အတန်ကြာ စဉ်းစားပြီး ...


“ ကျွန်တော် ဒုံးပျံ လို ရုပ်ဖျက် သွားမယ် အဘ ” 


“ ဒုံးပျံ လို ”


ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ အားတက်သရော ဖြင့် ...


“ ဟုတ်တယ်လေ အဘ ၊ အင်္ဂလိပ်တွေ သုံးတဲ့ ဒုံးပျံ လို ” 


“ ဘယ်လို လုပ်မှာလဲ ”


ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ ဟန်ပါပါ ဖြင့် 


“ ဒါများ လွယ်ပါတယ် အဘ ”


ဟု ဆိုပြီး ခေါင်း ပေါ် လက်နှစ်ဖက် ယှက်တင်ပြီး ... 


“ ဒါက ဒုံးပျံထိပ်ဖူး ”


ပြီးနောက် ဆောင့်ကြောင့် ထိုင် လိုက်ပြီး ...


“ ဒါက ဒုံးပျံခြေထောက် ”


ဟု ဆိုပြီး


“ ဒုံးပျံဖင် မီးခိုး ထွက်တာ ကြည့်ဦးမလား အဘ ”


ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဒေါသ ထွက် သွားပြီး ... 


“ ဟေ့ကောင် မင်း ဘာ လုပ်တာလဲ ”


ကျွန်ုပ် ၏ ဒေါသတကြီး အမေး ကို မောင်နှင်း မှ ယောင်နန ဖြင့် 


“ ဒုံးပျံပုံ လုပ်ပြတာလေ အဘ ။ ဖင် မီးခိုး မထွက်သေးလို့ မယုံသေးဘူး မှတ်တယ် ”


ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဆက်လက် သည်းမခံနိုင် တော့ဘဲ 


“ အာ ... ဒီကောင် ... ကဲကွာ  ... ကဲကွာ ”


“ ဖုန်း  ... ဖုန်း ” 


“ အောင်မလေး ... အဘရဲ့ ။ ကြောက်ပါပြီ ”


ကျွန်ုပ် လည်း လွန်စွာ ဒေါသ ထွက်သွားရပြီ မို့ ချစ်လှစွာသော တပည့်လေး ၏ တင်ပါးဆုံ ကို နှစ်ချက်မျှ ဆင့် ကန် ထည့် လိုက် ရချေတော့သည် တမုံ့ ။ ကြည့်လေ သူ လုပ်ပြသည့် ပုံ ။ 


( နောင်လာ နောင်သားများ မှတ်သားနိုင် ရန် အလို့ငှာ မောင်နှင်း ကျွန်ုပ် အား သရုပ်ပြခဲ့သည့် ဒုံးပျံပုံ )



“ ကိုင်း နားထောင် မင်း က မင်း ရုပ် နဲ့ လိုက်တဲ့ သူဖုန်းစား လို ရုပ် ဖျက် ၊ ငါ က လည်း ငါ့ ရုပ် နဲ့လိုက် တဲ့ ကုဋေကြွယ် သူဌေးကြီး လို ရုပ် ဖျက် မယ် ။ ကြားလား ”


မောင်နှင်း မှာ ကျွန်ုပ် ၏ စကား ကို အလို မကျ သော်လည်း နဂို ကြောက်ရွံ့ရိုသေ သူ မို့ ဘာမှ မပြောတော့ဘဲ ခေါင်း သာ တဆတ်ဆတ် ညိတ် နေချေတော့သည် ။


     •••••   •••••   •••••   •••••


◾  ဘဘ အကုန် သိတယ်


“ ဒုန်း  ... ဒုန်း ... ဒုန်း ”


“ ယခု အမှု တွင် သေဆုံးသူ တရုတ်မကြီးဒေါ်နု နှင့် လူသတ်တရားခံ အဖြစ် စွဲချက် အတင်ခံ ထားရသော ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ သည် လူသတ်မှု ကျူးလွန်ရန် အလိုတူ အလိုပါ အဖြစ် လည်းကောင်း ၊ ကိုယ်တိုင် ပါဝင် ပတ်သက်နေသည် ဟု လည်းကောင်း စစ် ဆေး တွေ့ရှိရပါသည် ။ ထို့ကြောင့် ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ အား ရာဇသတ်ကြီးပုဒ်မ ( ၃၀၂ ) အရ လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှား သဖြင့် ဤ ရုံးတော် မှ အမိန့်ချမှတ် ရ ပေမည် ။ ထို့ကြောင့် ဤ အမှုတွင် မောင်မြယာ အနေ နဲ့ ငြင်းချက် ထုတ်ချင်သေးပါ သလား ”


“ တရားသူကြီးမင်း ခင်ဗျား ။ ဒီ အမှု ကိုကျွန်တော် လုံးဝ မကျူးလွန်ခဲ့ကြောင်း ကျွန်တော် ငြင်းချင်ပါတယ် ”


မြယာ ၏ စကား ကြောင့် တရားသူကြီး မျက်မှောင် ကြုတ် သွား၏ ။


“ ဒါဆို မောင်မြရာ ဘက်က ငြင်းချက် ထုတ်နိုင် လောက်အောင် သက်သေသက်ကန်များ ရှိပါ သလား ”


တရားသူကြီး ၏ အမေး ကို မြရာ အဖြေ မပေးမီ ... 


“ သိတယ် ။ ဘဘ အကုန် သိတယ် ” 


တုန်ရင်ချည့်နဲ့ သော အသံ ။


တရားရုံး တစ်ခု လုံး လှုပ်လှုပ်ရွရွ ဖြစ် သွား၏ ။


“ ကဲ သိတယ် ဆို ၊ အစစ် ခံ ရအောင် ရှေ့သို့ ကြွခဲ့ပါ ”


အသက် ( ၆ဝ ) ကျော် ခန့် အဘိုးအို တစ်ဦး တုန်ရင်ချည့်နဲ့ စွာ ရုံး ရှေ့သို့ တစ်လှမ်းချင်း လှမ်း ထွက်လာ၏ ။ တရားသူကြီး မှ ထို လူကြီး ကို မျက်မှောင်ကြုတ် ကြည့်ပြီး ...


“ အသတ်ခံရတဲ့ တရုတ်မဒေါ်နု ကို သိလား ”


ထို လူကြီး မှာ မဆိုင်းမတွေ ပင်.. 


“ သိတယ် ။ ဘဘ အကုန် သိတယ် ”


“ သူ အသတ်ခံ ရတဲ့ အချိန်မှာ ခင်ဗျား ရှိတယ် ပေါ့ ”


“ ရှိတယ် ။ ဘဘ အကုန် သိတယ် ”


“ တရုတ်မဒေါ်နု အသတ် ခံရတာ ရော ခင်ဗျား မြင်တယ်ပေါ့ ” 


“ မြင်တယ် ။ ဘဘ အကုန် သိတယ် ”


ထို လူကြီး ၏ စကားကြောင့် တရားသူကြီး မှ အားတက်သရော ဖြင့်


“ ဒါဆို တရားခံ ဟာ ဘယ်သူလဲ ”


တရားသူကြီး ၏ စကား ကို လူကြီး မှ ... 


“ သိတယ် ။ ဒါပေမယ့် အခု မပြောနိုင်ဘူး ”


“ ဟာ ”


“ ဟင် ”


“ ဘယ်လို လူပါလိမ့် ”


ထို လူကြီး ၏ စကားကြောင့် တစ်ရုံး လုံး အာမေဋိတ်သံများ ဆူညံ သွားလေတော့၏ ။ ထိုစဉ် ထို လူကြီး နား သို့ စုတ်စုတ်ပြတ်ပြတ် သူတောင်းစား တစ်ဦး ထ လာပြီး လက်ထိတ် ဆွဲ ခတ် လိုက်လေသည် ။ စုတ်စုတ်ပြတ်ပြတ် လူ မှာ စီအိုင်ဒီ မှ ပုလိပ်လက်သစ်ကလေး မောင်နှင်း ဖြစ် လေသည် ။ မောင်နှင်း မှ မိန့်မိန့်ကြီး ပြုံးရင်း ...


“ ကိုင်း ဖီလိုဆိုဖီမောင်ပါစီ ဒီ တစ်ခါ တော့ ပြေးလို့ လွတ်ဦးမလား ”


ဟု ဆိုလိုက်ရာ လူကြီး မှ ...


“ ဟေ့ကောင် မင်း ဘယ်လို လုပ်တာလဲ ။ ငါ ဖီလိုဆိုဖီမောင်ပါစီ မဟုတ်ဘူး ”


ဟု ဆိုလိုက်ရာ မောင်နှင်း မှ လူကြီး ၏ နားရင်း ကို ဖြန်းခနဲ နေ အောင် အုပ်ချ လိုက်ပြီး ...


“ အခုချိန် ထိ လိမ်ချင် နေ တုန်းပဲ လား ။ ခင်ဗျား ဘယ်လောက် ရုပ် ဖျက်ဖျက် ကျုပ် မှတ်မိတယ် ... ”


ဟု ဆိုလိုက်ရာ လူကြီး မှ နားရင်း အအုပ် ခံရ၍ အသား တဆတ် ဆတ် တုန် အောင် ဒေါသ ထွက် သွားပြီး


“ ဟေ့ကောင် မင်း ... မင်း လွန်လာပြီ နော် ”


ဟု ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း မောင်နှင်း မှာ အပြုံး မပျက်ဘဲ နောက် တစ်ချက် နားရင်း ကို ‘ ဖြန်း ’ ခနဲ အုပ်ကာ ... 


“ ကိုင်း  ... မှတ်ပလား ။ ထပ် လိမ်ရင် ထပ် နာမယ် ” 


“ ခင်ဗျား ရဲ့မုတ်ဆိတ်မွေး အတု ၊ နှုတ်ခမ်းမွေး အတု ဆွဲ ချွတ်လိုက်စမ်း ”


ဟု ဆိုလိုက်ရာ လူကြီး မှ အသား တဆတ်ဆတ် တုန် လောက် အောင် ဒေါသ တကြီး ဖြင့် ...


“ ဘာ အတုလဲ ကွ ။ မင်း  ... မင်း နော် ”


လူကြီး ၏ ဒေါသတကြီး စကား ကို မောင်နှင်း မှ ဂရုမစိုက် ဘဲ ‘ ဖြန်း’ ခနဲ နားရင်း တစ်ချက် ထပ် အုပ်ပြီး


“ ကိုင်း  ... ဒီလောက် လိမ်ချင်တဲ့ လူကြီး ”


ဟု ဆို၍ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးများ ကို အတင်း ဆွဲ နုတ် ရာ


“ ဟာ ဟေ့ကောင် ။ နာတယ်ဟ ။ ဟေ့ကောင် ... မလုပ်နဲ့လေ ။ အား ... အောင်မာလေးဗျ ”


ဟု အော် ၍ မောင်နှင်း ၏ လက် ထဲ တွင် မုတ်ဆိတ်မွေး ဆွဲ နုတ် ခံရ၍ ကြိုး ပြတ်တုန်း စွန်ကြိုး ကို ဆောင့် ဆွဲ ခံရ သလို  ဝေ့လည် လည် နေတော့၏ ။ မောင်နှင်း မှာ မုတ်ဆိတ်မွေး ကို ဆွဲနုတ် မရ၍ ထို လူကြီး ၏ မျက်နှာ ကို ဆွဲ ခွာ လိုက်ရာ ...


“ ဟာ ” 


“ ဟင် ”


“ အို ”


“ ဘယ်လို ဖြစ်တာပါလိမ့် ”


ပရိသတ် အားလုံး ၏ အာမေဋိတ်သံ ။ မောင်နှင်း မှာ လူကြီး ကို လှည့် မကြည့်သေးဘဲ သူ ၏ လက် ထဲ ပါ လာသော မျက်နှာ အတု ကို ဟန် ပါပါ ကိုင်ကာ ပရိသတ်များ ကို မိန့်မိန့်ကြီး ပြုံး ကြည့်ပြီး


“ ကိုင်း  ... ခင်ဗျား အခုတော့ ဘာ လိမ် ... ”


ဟု ဆိုပြီး စကား မဆုံးမီ လူကြီး ဘက် သို့ လှည့် လိုက်ရာ ... 


“ ဟင် ... အဘ ဆရာ ”


လက်ထိတ် အခပ် ခံရ၍ အသား တဆတ်ဆတ် တုန်လောက် အောင် ဒေါသ ထွက် နေသော ကျွန်ုပ် ကို မြင်သည် နှင့် မောင်နှင်း မှာ ကြက်သေ သေသွား၏ ။ အမှန်မှာ ခုနက နားရင်း အုပ်လိုက် ၊ မုတ်ဆိတ် မွေး ဆွဲ နုတ်လိုက် လုပ် နေသူမှာ တရားခံ ဖမ်းရန် အတွက် ရုပ်ဖျက် လာ သော ကျွန်ုပ် ပင် ဖြစ်ချေတော့၏ ။ ကျွန်ုပ် လည်း လူကြား ထဲ ဤကဲ့ သို့ တပည့် မှ မတော်တရော် လုပ်နေသည် ကို လွန်စွာ လည်း ရှက် ၊ ဒေါ သလည်း ထွက် ရသည် မို့ ချစ်လှစွာသော တပည့် ထံ ပြေးဝင် သွားပြီး 


“ ကိုင်း ... ဒီလောက်တောင် အသုံးမကျတဲ့ ကောင် ။ ကဲကွာ ကဲကွာ ”


ဟု ဆို၍ မောင်နှင်း ၏ တင်ပါးဆုံရိုး ကို တဖုန်းဖုန်း နှင့် နှစ်ချက် မျှ ဆင့် ကန် လိုက်ရာ မောင်နှင်း မှ ...


“ အောင်မလေးဗျ ... ကြောက်ပါပြီ အဘရဲ့ ”


ဟု ဆိုပြီး ကျွန်ုပ် ၏ ခြေချက် ထပ် မထိစေရန် တရားရုံး အတွင်း ပတ်ပြေး နေသည် ။ တရားရုံး တစ်ရုံးလုံး ကျွန်ုပ်တို့ အဖြစ် ကို ကြည့်ပြီး တဝါးဝါး နှင့် ပွဲကျ နေကြလေ၏ ။


ထို သူများ ရယ်သံ ကြောင့် ကျွန်ုပ် ၏ ရှက် ဒေါသ မှာ အထွတ် အထိပ် ရောက် သွားရပြီ မို့ နှစ်ချက်မျှ ဆင့်ကန်ရုံ မျှ နှင့် မကျေနပ်နိုင် တော့ ဘဲ မောင်နှင်းကလေး နောက် ဒေါသတကြီး ပြေး လိုက်မိလေတော့ သည် ။ ကျွန်ုပ် ပြေးလိုက်သည် ကို မြင်သည် နှင့် မောင်နှင်းကလေး ကြောက်ကြောက်လန့်လန့် နှင့် အရှေ့ က ပြေး သည် ။ ကျွန်ုပ် လည်း ဒေါသ လွန်စွာ ထွက်နေသည် မို့ နောက် က အတင်း လိုက်၏ ။ 


လူကြား ထဲ ပတ် ပြေးသည် ။ 

ကျွန်ုပ် နောက် မှ လိုက်သည် ။


ပရိသတ် က တော့ ကျွန်ုပ်တို့ နှစ်ယောက် ကို ကြည့် ကာ တဝါးဝါး ။


မောင်နှင်း ရှေ့နေ ခုံပေါ် သို့ တက် ပြေးသည် ။ ကျွန်ုပ် က ထက် ကြပ် မကွာ ... ဟင်း . . ဘယ်ရမလဲ ဒင်းထက် လည်လို့ ဒင်း ဆရာ လုပ် နေတာ ... ။


တရားခံ ဝက်ခြံ ထဲ ဝင် ပြေးသည် ။ ကျွန်ုပ် က လည်း ကပ်လျက် ။ 


နောက်ဆုံး တရားသူကြီး စားပွဲခုံ ပေါ် သို့ တက် အပြေး ။ ကျွန်ုပ် လည်း ဒေါသတကြီး မီရာ လှမ်း အဆွဲ မောင်နှင်း မှာ လည်း ကျွန်ုပ် လက် ထဲ မပါစေရန် ကြောက်ကြောက်လန့်လန့် နှင့် မီရာ လှမ်း အဆွဲ ...


“ ဟာ ”


“ ဟင် ”


“ အို ”


ပရိသတ်များ ၏ အာမေဋိတ် အသံများ ။


ကျွန်ုပ် လက် ထဲ တွင် ကား မောင်နှင်း ၏ လုံကွင်း ။ တရားသူကြီး ခုံ တွင် တမင် ကြော်ငြာ ထား သလို မှောက်လျက်သား နှင့် မောင်နှင်း ။ သူ ၏ လက် ထဲ တွင် တရားသူကြီး ၏ နှုတ်ခမ်းမွေး တစ်ဆုပ် ။ အားလုံး ကြက်သေ သေလျက် ။ နှုတ်ခမ်းမွေး မရှိတော့သော တရားသူကြီး ကို ကြည့် လိုက် ရာ ... 


“ ဖီလိုဆိုဖီ မောင်ပါစီ ” 


“ ဖီလိုဆိုဖီ မောင်ပါစီ ”


သူ ၏ တပည့် မြယာ ကို အမှု မှ လွတ်အောင် အမိန့်ချ တရားစီ ရင် ရန် တရားသူကြီး ဟန်ဆောင် ၍ ရုပ်ဖျက် နေရာ ဝင် ယူထားသူ မှာ ဖီလိုဆိုဖီမောင်ပါစီ ။


အားလုံး ကြောင်ငေး နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လျင်မြန်စွာ ခုန် ထပြီး ထွက်ပြေး ရန် စားပွဲ ပေါ် မှ ခုန်ချ လိုက်ရာ ကြက်သေသေ ၍ ငေး ကြောင်ကြည့် သော ကျွန်ုပ် ၏ လက်ထဲ မှ မောင်နှင်း ၏ လုံကွင်း ထဲ စွပ်ခနဲ ကျ လာလေသည် ။ ကျွန်ုပ် လည်း ရုတ်တရက် မို့ ကြောက်လန့် ပြီး အနောက် သို့ ခုန် ဆုတ်ရာ ဖီလိုဆိုဖီမောင်ပါစီ ၏ ခြေထောက် ကို ချိတ်ဆွဲ သလို ဖြစ် သွားပြီး ‘ ဝုန်း ’ ခနဲ ပြုတ်ကျ သွားလေတော့သည် ။ ကျွန်ုပ်လည်း ရရှိသည့် အခွင့်အရေး ကို လက်လွတ် မခံဘဲ ဖီလိုဆိုဖီမောင်ပါစီ ၏ မျက်နှာ ကို မောင်နှင်း ၏ လုံချည်ဖြင့် ပတ် ထား လိုက် ပြီး ...


“ ဟေ့ကောင် မောင်နှင်း ။ လက်ထိတ် ခတ်လိုက် ”


ဟု ဆို လိုက်ရာ မောင်နှင်း မှာ ကျွန်ုပ် ၏ အဖြစ် ကို ငေးကြောင် ကြည့်နေရာမှ ကြောက်ကြောက် လန့်လန့် နှင့် 


“ လက်ထိတ် အဘ ကို ခတ် ထားတယ် ။ မရှိတော့ဘူး အဘ ” 


ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း သတိ ရပြီး မည်သို့ လုပ်ရမည် မသိ ဖြစ် နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လှစ်ခနဲ ကျွန်ုပ် ဘက် ပြန်လှည့်ပြီး မြင်း ကန် သလို ကန် လိုက်ရာ သေးကွေးကြုံလှီ လှသော ကျွန်ုပ် ကို မထိမိဘဲ ကျွန်ုပ် နှင့် ကြည့် မကောင်း လောက်အောင် အဆမတန် ကြီးမား နေသော ကျွန်ုပ် ၏ တိုက်ပုံအင်္ကျီ လက် ထဲ သူ ၏ ခြေနှစ်ဖက် စွပ်ခနဲ ဝင် သွားလေသည် ။


“  မိပြီ ” 


ဖီလိုဆိုဖီမောင်ပါစီ မည်သို့မျှ မလှုပ်နိုင်တော့ ။


သူ့ ကို မိ ချိန်ဝယ် ကျွန်ုပ် သည် လည်း အင်္ကျီကျွတ် နှင့် ။ မောင်နှင်းကလေး မှာ လည်း လုံချည်ကျွတ် နှင့် ။ ဖီလိုဆိုဖီမောင်ပါစီ မှာ အပေါ်ပိုင်း တွင် လုံချည် နှင့် ဖြစ်နေပြီး ခြေ နှစ်ဖက် မှာ လက် နှင့် စွပ်မိ နေပြီး ပြေး လို့ လည်း မရ ။ လှုပ် လို့လည်း မရ နှင့် လွန်စွာ ကိုးရိုးကားရား နိုင်လှပေသည် ။ ပရိသတ်များ က သာ ကျွန်ုပ်တို့ ဤကဲ့သို့ သက်စွန့်ဆံဖျား တရားခံ ဖမ်း နေသည် ကို မငဲ့ညှာဘဲ အငြိမ့်လူရွှင်တော် ပြက်လုံး ကြား နေ ရ သလို တဝါးဝါး တဟားဟား နှင့် ပွဲကျ လို့ မဆုံး ။


မည်သို့ပင် ဖြစ်စေ ဤမျှ ဉာဏ် များ လှသော လူသတ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို လက်ရ ဖမ်းဆီးနိုင်သည့် အတွက် ချီးကျူး ထောမနာ ပြု၍ မဆုံးတော့ ။


◾အကြည်တော်


📖 အိုင်အိုဒင်းကိုကိုကြီး နှင့် ...


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment