❝ လှလှ ❞
မိတ်ဆွေ ပန်းချီဆရာ တစ်ဦး မမာမကျန်း သဖြင့် တလော က ခဏ ခဏ ရောက်ခဲ့သည် ။ ယခု မရောက်သည် မှာ ကြာပေပြီ ဖြစ်ရာ သွားလေဦးမှ ပဲ ဟု အောက်မေ့ ၍ မိတ်ဆွေ ရှိရာ အလုံ ဘက် သို့ မော်တော်ဘတ် “ လှေ ” ကို စီး ကာ လိုက်ပါ သွားလေသည် ။
နေမင်း ဝင်ပြီ ဖြစ်ရာ အနောက်ဘက် တစ်ခို တွင် နီသွေးစစမျှ ကျန် တော့သည် ။ ရောင်နီလျှမ်း နေသည် မှာ နေဝင် စ က ကဲ့သို့ လွင် ၍ ကား မနေ ။ သို့သော် ဖျော့တော့သည် ဟူ၍ လည်း မဆိုနိုင် ။
မီးရထား တွဲရှည်များ နှင့်တကွ အဝေး က ညို့ မှိုင်းဆိုင်းအုပ် နေသော သစ် ၊ ဝါး ၊ တိုက်တာ ၊ အိမ်ရာ တို့ မှာ မှောင်၍ နေသည် ။ မမည်းလှ သေးချေ ။ ထို အမှောင် ပေါ် တွင် အပြာရောင်ကလေး က အုပ်လျက် အထက် တစ်ခွင် မူ ကား ရီတီတီ နှင့် ။ အကျည်းတန် လှချိန် ဖြစ်လေရကား ကြည်နူးဖွယ်ရာ ပေပင် ။
ဦးစွာသော် ကား နေမင်း အဝင်တွင် အရောင် လျှမ်း ၍ နေသော ကျက်သရေ ကို အာရုံ မစောမိ ၊ အကြောင်းမူကား ဒိဋ္ဌလက်ငင်း ခံစားရသော ဘတ်ကား ဆောင့်ခြင်း ၏ ဝေဒနာ မှာ ထို အာရုံ ကို ဖုံးလွှမ်းလျက် ရှိသည် ။ ထိုမှတစ်ပါး လည်း လေ တဟူးဟူး တွင် တဝီဝီ မြည် ၍ နေသော မော်တော် စက်သံကို နာခံရင်း လည်း စိတ်ကူး ထုတ် နေ မိသည် ။ ဘာကို စိတ်ကူး မှန်း ကို မူ အလျင်း မသိချေ ။ တွေးတောခြင်း နယ် တွင် မေ့မြော၍ နေဟန် တူ၏ ။
ဤသို့ တွေဝေ နေ ဘိစဉ် ရှေ့ခုံ တွင် ထိုင် နေသော လူကြီး တစ်ယောက် က “ ဪ အနောက်ဘက် က နီရောင် လျှမ်း လို့ ၊ တယ်လည်း လှတဲ့ လောကကြီး ပဲ ” ဟု လွှတ်ခနဲ ပြောလိုက်သည် တွင် မှ ပြောသူ ကို မကြည့်သေးဘဲ အနောက် ဘက်သို့ မျက်မှန်း တန်း လိုက်သည် ။ တစ်ဖန် လှည့်၍ စကားရှင် ကို ကြည့် မိရာ ထို သူ မှာ အသက် ငါးဆယ် ခန့် ၊ ရုပ်ရည် သန့်ပြန့်သော ကုန်သည်မျိုးရိုး ထဲ မှ ဖြစ်တန်ရာ၏ ဟု အထင် ရောက်၏ ။ “ အင်း ၊ သူတို့ လို ရောင်းရေး ဝယ်တာ ကုန်သွယ်ဖောက်ကားခြင်း ပြု၍ အသက်မွေးသူ များ လည်း အလွမ်းတတ်သား ပေ ကပဲ ။ ငါတို့ ကဲ့သို့ ပင် လျှင် လောက ၏ အဆင်အသွေး ပြေပြစ်ပုံ အာရုံကို ခံစားနိုင်ပေသေး၏ တကား ” ဟု စိတ် ထဲ တွင် ချီးမွမ်း အံ့သြ မိ လေသည် ။
လှပါဘိ သ နှင့် ။ နေရီရီ တွင် ရောင်နီ တို့ အသွေး အမျိုးမျိုး ဖြင့် တင့် တယ် ထည်ဝါလျက် ရှိကြကုန်၏ ။ အရောင် မှာ နီ လည်း မနီ လွန်း ၊ မှောင် လည်း မမှောင် လွန်း ။ အသွေးများ ကူးစပ် ရောယှက် နေပုံ မှာလည်း ပြေပြစ် လှစွာ၏ ။ တစ်ခုသော နေရာ ကို လက်ညှိုး ညွှန်၍ ဤ အရောင် သည် ဘာရောင် ပဲ ဟု ခွဲခြား ပြော နိုင်ရန် ခဲယဉ်းလောက် အောင် အရောင်များ ယှက်သန်း ၍ နေလေသည် ။
ညနေခင်း ထွက်ပေါ် လာသော ကြယ်ကလေး မှာ လည်း ခြွေရံသင်း ပင်း မရှိဘဲ တစ်ဦး တည်း ထွန်း ချင် တိုင်း ထွန်း ၊ ဝင်း ချင် တိုင်း ဝင်း ၊ တောက် ချင် တိုင်း တောက် ၊ ပ ချင် တိုင်း ပ ၍ နေသည် ။ လာလတ္တံ့ သော အမိုက်တိုက် ကို အကူအညီ မခေါ်ဘဲ တစ်ဦး တည်း ဇွဲသန်သန် နှင့် တွန်းလှန် ဖြိုဖျက်အံ့ သကဲ့သို့ ရှိလှ၏ ။
ဆူပါပင်လမ်း ( ငုဝါလမ်း ) ထောင့် ရောက်သော် ကား ပေါ် မှ ဆင်း၍ မိတ်ဆွေ ရှိရာ လမ်း သို့ ဝင်၏ ။ မိတ်ဆွေ အိမ် ရောက်သော် မိတ်ဆွေ အား လန်းဆန်းစွာ တွေ့ ရ၍ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြီး လျှင် ရောဂါဘယ ၏ အခြေအနေ ကို ဆွေးနွေးကြ၏ ။ စကားစဉ် တို့ မှာ တစ်ခု နှင့် တစ်ခု မည်သို့ မျှ ဆက်သွယ်ခြင်း မရှိ ။ မည်သို့ ရောက်၍ သွားသည် ကို လည်း အမှတ် မရကြ ။
တောင်စဉ်ရေ မရ လျှောက် ၍ ပြော ကြသည် ။ ပန်းချီခန်း သို့ ရောက် သွား၏ ။ မိတ်ဆွေ ကိုပန်းချီ လည်း ပန်းချီ ၏ အကြောင်း ၊ ပန်းချီ ၏ အရသာ ၊ ပန်းချီ ဆရာ တို့ ၏ ဂုဏ်ရည် စသည် တို့ ကို ဟောပြောလေ၏ ။
ပန်းချီ ဆရာ လေးမျိုး ရှိ၏ ။ ဝတ္ထုပစ္စည်း ပန်းချီ ၊ အရောင် ပန်းချီ ၊ အသွေးပန်းချီ ၊ စိတ်ကူးပန်းချီ ဟူကုန် သတည်း ။
ထို လေးမျိုး တို့ ကို ပုံဥပမာ တို့ဖြင့် နားလည် စေ၏ ။ မိမိ စိတ်သန်ရာ သို့ ရောက် လာသော ကိုပန်းချီ မှာ မိမိ သူနာ ဖြစ်ကြောင်း ကို သတိ မရတော့ ချေ ။ မိမိ သည် လမ်းလျှောက် လျှင် ချည့်နဲ့နဲ့ နေသည် ဟူ၍ လည်းကောင်း ၊ စကား ပြောလျှင် လေအား မရှိ ဟူ၍ လည်းကောင်း စောစောက လမ်းကြောင်း ထားသော စကားရပ် တို့ ကို အလျဉ်း မေ့လျော့သွား ပြီး လျှင် ပန်းချီ စိတ် သည် ဝေဒနာ ခံစားရခြင်း ဒုက္ခကို ချိုးနှိမ် လိုက်လေ သတည်း ။
ဝတ္ထုပစ္စည်း တွင် ကောင်းသော ပန်းချီဆရာ ကား ပုံ နှင့် ပန်း ကို ခွဲခြား ၍ သိ၏ ။ နိုင်၏ ။ ရုပ်လုံး ပေါ်အောင် သရုပ်ဖော် တတ်၏ ။ အရောင် ကောင်း သော ပန်းချီဆရာ မှာ ဆေးရောင် ကစားခြင်း ဖြင့် ရုပ်လုံး ပေါ် စေ၏ ။ လိုရာ အဓိပ္ပာယ် ကို ရ စေ၏ ။ အသွေး ကား အရောင် နှင့် ကွဲပြားသည် ။ ဖြူ ၊ နီ ၊ နက် ၊ ပြာ ၊ စိမ်း ၊ ဝါ ၊ ညို ၊ မည်း တို့ မှာ အရောင် ပင် တည်း ။ ထို အရောင် တို့ ကစား ကြ လျှင် ရုပ်သေ သည် ရုပ်ရှင် ဖြစ် လာ၏ ။ အရောင် ဖြင့် ခြယ်လှယ် သော ပန်းကလေး တို့ မှာ တကယ့် ပန်း နှင့် တူရုံ မျှ သာ မဟုတ် ၊ အသက် ရှိသည် ထင် ရ၏ ။ ဒြပ် ပေါ် ၍ လာ၏ ။ အဆိုပါ အရောင် အမျိုးမျိုး တို့ ၌ အသွေး အမျိုးမျိုး ရှိပြန်သည် ။ အနက်ရောင် ၌ အသွေးများ အပျော့ ၊ အလတ် ၊ အမာ စသည် ဆင့်ကဲ ဆင့်ကဲ ရှိသည် ။ ထို အသွေး တို့ ကို ကစား စေ ပြန်လျှင် လည်း ရုပ်သေ မှာ ရုပ်ရှင် ဖြစ်ရ ပြန်သည် ။ ဤ ရုပ်ရှင် ကား အရောင်စုံ ရုပ်ရှင် မဟုတ် ။ တစ်ရောင် တည်း ဖြင့် လိုရာ အလင်း ၊ အမှောင် ၊ အရောင်အသွေး တို့ကို ဖန်တီး ရသည် ဖြစ်လေရာ စိတ် ကြည်နူးဖွယ် ၊ လွမ်းဆွတ်ဖွယ် စသည့် ရသ တို့ကို ဖော်စေရာ၌ အကဲ တန်လှ ချေသည် ။ ညနေခင်း ကို ညနေခင်း ၏ အရောင် ဖြစ်သော ဆေးနီ ကို မသုံးဘဲ ဆေးနက် နှင့် ပင်လျှင် ထို ညနေခင်း ၏ အာရုံ ကို ကြည့်ရှု သူ စောမိ ၊ သိမိ ၊ မှတ်မိ အောင် ဖန်တီး ပေး ရသော ပန်းချီ အတတ်မျိုး ဖြစ် ပေသည် ။
“ ယခု မြန်မာပြည် မှာ ထွန်းကား နေတဲ့ ၊ တွင်ကျယ် နေတဲ့ ပန်းချီ မျိုး က ရုပ်လုံးဖော်ပန်းချီ နှင့် အရောင်ပန်းချီ ပဲ ရှိသေးတယ် ဗျ ။ အသွေး နိုင်တဲ့ လူ တယ်ပြီး မတွေ့ မိသေးဘူး ။ ဟော သည် ဟာ ထက် တစ်ဆင့် တက် တာ က စိတ်ကူးပန်းချီ တဲ့ ဗျ ။ ကျုပ် အခေါ် က ကြံဖန် ခေါ်ရလို့ ခင်ဗျား နားလည် ချင် မှ လည် မှာ ပဲ ။ ဆိုလိုရင်း ကတော့ မိမိ စိတ် ထဲ ၌ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းခြင်း ၊ ဝမ်းမြောက်ခြင်း ၊ လွမ်းဆွတ်ခြင်း ၊ ပူဆွေးခြင်း စတဲ့ ဘာဝတွေ ၊ မရဏသဘော ၊ ဝေဒနာသဘော ၊ သင်္ခါရသဘော ၊ လောက ၏ အဆုံး အစ မရှိခြင်းသဘော ၊ ကာလ ၏ အဆုံး အစ မရှိခြင်း သဘော ။ အဲဒီ သဘော သဘာဝတွေ ကို ပေါ်လွင်အောင် ရေး နိုင်တဲ့ ပန်းချီ မျိုး ဗျ ။ ရုပ်လုံး က ဘယ်လို နေ နေ လေ ၊ ဆွဲထားတဲ့ ကား ကို ကြည့်လျှင် တရုတ် ဖြစ်ဖြစ် ၊ ကု,လား ဖြစ်ဖြစ် ၊ မြန်မာ ဖြစ်ဖြစ် ၊ အင်္ဂလိပ် ဖြစ်ဖြစ် ၊ နီဂရိုး ဖြစ်ဖြစ် ထို ကား ရဲ့ ရည်ရွယ်ချက် အဓိပ္ပာယ် ကို တညီတညာ တည်း သိစေရမယ် ။ မြန်မာ့ မျက်စိ မှာ မရဏာနုဿတိ ပွားစရာ ဖြစ်လာတဲ့ ကား ဟာ ကု,လား မျက်စိ မှာ ပျော်ပွဲကြီး လို့ မထင်မှတ် ရဘူး ။ မရဏ သဘော ကို ပဲ တွေးတောမိ စေ ရမယ် ။ အဲသည်လို ရေး နိုင်တဲ့ ပန်းချီ မျိုး မှ ပန်းချီ ဗျ ။ ဒီ ဟာမျိုးတွေ ကို ဖြစ်လာစေဖို့ အရေး ကလည်း အဆိုပါ အဆင့် သုံးဆင့် ကို တက်ခဲ့ပြီး သူ မှ ဖြစ်နိုင်မှာပဲ ။ သူတို့ ကလည်း ဘာဖြစ်လာသလဲ ဆိုတော့ ပန်းချီဆရာ မဟုတ်တော့ဘူး ဗျ ။ ပန်းချီ ပညာရှိ တွေ ဗျ ။ ဆိုပါတော့ဗျာ … ဆေးခြယ်သမား ၊ ဆေးသုတ်သမား ဘဝ ကို ကျော်လွန်လာတဲ့ သူတွေ ပေါ့ ” ဟု ကိုပန်းချီဆရာ သည် တံတွေး ထွေး ရန် ထွေးခံ ကို ရှာရင်း လက်ပြ ခြေပြ ၊ ခေါင်းညိတ် လည်ညိတ် နှင့် ပန်းချီတရား ဟော လေ၏ ။
“ ကျုပ် ပန်းချီ ရေးရတာ ကတော့ အလှ ရှာဖို့ပဲ ဗျ ။ ပန်းချီပညာ ၏ ရည်ရွယ်ချက် က လည်း စက္ခုပသာဒ ဖြင့် ခံစားနိုင်သော လှခြင်း ကို ရှာဖို့ကိုး ဗျ ။ အလှ ကို တွေ့ ပြန် တော့ အလှ ဆိုတာ ဘာလဲ ၊ ဟုတ်စ ။ အလှ ဟာ ဘယ် အပေါ် မှာ တည်သလဲ ၊ ဟုတ်လား ။ ဘာကြောင့် လှသလဲ ၊ ဟုတ်သလား ခင်ဗျာ ။ အဲသလို ဆန်းစစ်ရတာ ကိုး ။ လှတယ် ဆိုတာ အခြား မဟုတ်ဘူးဗျ ။ ပုံပန်း ချည်း နှင့် ပဲ လည်း အလှ မတည်နိုင်ဘူး ။ ဥပမာ ဗျာ …… ဟောဒီ ကျောက်ရုပ် ရဲ့ ပုံပန်း ဟာ အဆင် မပြေလားဗျာ ။ လူ နှင့် တထေရာ ပဲ လို့ ခင်ဗျား ဆိုလိုချင် မှာပဲ ။ မျက်နှာ တစ်ခြမ်း တည်း အလင်း ဟပ်ပုံကလေး က ကြည်နူးစရာပဲ နော် ။ လျှော ကျသွား တဲ့ အဝတ်ကလေး ကို ငုံ့ပြီး ကောက် နေတော့ အဝတ် မရှိတဲ့ ကျောပြင် ပေါ် မီးရောင် နီနီမြန်းကလေး က လွှမ်း နေတော့ မလွမ်းမိဘူးလား ၊ အလွန် လှတာပဲ နော် ။ မဟုတ်ဘူးလား ခင်ဗျာ ။ အဲဒီ ပုံ ကို ပဲ ထိန်ထိန်လင်း နေတဲ့ နေ့ အခါ မှာ ကြည့်စမ်း ၊ ကျောက်သားပကတိ ၏ ဇာတိ ပေါ်လာ လိမ့်မယ် ။ အလင်းအမှောင် ၊ အရောင်အသွေး မရှိတော့ ပြားပြားကြီး နေလိမ့်မယ် ။ ပြားပြားကြီး ဆိုတာ က အရုပ် က ပြား နေတာ မဟုတ်ဘူးဗျ ။ အရုပ် မှာ ရှိတဲ့ ဒြပ်တွေ ၊ ဟိတ်တွေ ငုပ်သိမ် သွားတာ ကို ပြောတာ ။ အဲဒါ ကြောင့် လှခြင်း ဟာ ဘာလဲ ဆိုတော့ ဟော … အရောင်အဆင်း ၊ အလင်း အမှောင် တို့ ပေါ် မှာ တည် တာကိုး ဗျ ။ လှပခြင်း ရဲ့ ဇစ်ငုတ် ကို စစ်ထုတ်လိုက် တော့ ဟော ... လှတယ် ဆိုတာ ဘယ်မှာလဲ ၊ ဘယ်မှာမှ မရှိဘူးဗျ ။ ဟေ့ ... မိန်းမ ၊ အာခေါင် ခြောက်သကွာ ၊ ရေ တစ်ခွက် လောက် ”
“ အင်း အင်း ၊ သုခ ကို ဆန်းစစ်တော့ သုခ ပျောက်သလို ၊ အလှ ကို ဆန်းစစ်တော့ အလှ ပျောက်တာပေါ့ ” ဟု ကျွန်ုပ် စိတ် ၌ တွေး မိ၏ ။ ကိုပန်းချီ ၏ ဇနီး လည်း ရေ တစ်ခွက် ယူ လာ၍ ကိုပန်းချီ အား လက်တော် ရောက် ဆက်၏ ။ ကိုပန်းချီ လည်း ကျိုက်၍ ချလိုက်သည် ။
စကားဆက် ပြတ် သွား၏ ။ နှစ်ဦး သား ခုံ ပေါ် ရှိ မှန်အိမ် ကို ကြည့် ရင်း တုဏှိဘော နေကြလေ၏ ။
ကျွန်ုပ် က တစ်ဖန် စကား ဆက်စေ လို၍ “ ဪ ကိုပန်းချီ ရဲ့ မိန်းမပျိုကလေး လှတယ် ဆိုတာ လည်း အလှ တစ်မျိုး ပေါ့ ။ သူ နှင့် ယှဉ်ပြီး ကြည့်မိ တာ နဲ့ ဖားပြုပ် ကို အရုပ် ဆိုးတယ်လို့ ခေါ်နိုင်တော့ မလား ” ဟု ထောက် လိုက်၏ ။
“ အဲ ဟုတ်တယ်ဗျ ၊ မခေါ်နိုင်ပေဘူး ။ ဖားပြုပ် ကလည်း အလှ တစ်မျိုး ပေကိုး ။ သူ့ အဆင့်အတန်း ၊ သူ့ အမျိုးအရိုး ထဲ မှာ ဆိုလျှင် သူ လည်း မိန်းမပျို ကလေး လှ သလို လှတာပေါ့ ။ ဒါကြောင့်ပေါ့ဗျ ၊ အလှ ပျောက် တာ ။ လောက မှာ အရုပ် ဆိုးတယ် ၊ အကျည်း တန်တယ် ဆိုတာ ဘယ် ရှိမလဲ ။ ကျုပ်တို့ ပန်းချီ မျက်စိ မှာ ဘာမျှ မရှိဘူး ။ အလကားပဲ ဗျ ။ အတူတူချည်းပဲ ”
ထို အတွင်း ပန်းချီဆရာကတော် သည် ပူနွေးသော ကော်ဖီ တစ်ခွက် ကို ကိုင်၍ တစ်ဖန် ဝင်လာ ပြန် လေသည် ။ ကော်ဖီပန်းကန် ကို ရှေ့သို့ ချပြီး လျှင် လက်ဖက်ရည်ကြမ်းအိုး ကို အနား သို့ တိုး ပေးသည် ။ မော်၍ ကြည့်မိ လိုက် သည် ။ ကျွန်ုပ် စိတ် ၌ ဆရာကတော် ကို အချိုးအစား ကျသည် ဟု တစ်ခါ ဖူး မှ မထင်မှတ် မိခဲ့ ။ ယခု မူ ကား မရိုင်းလှပေဘူး ဟု အောက်မေ့ မိ ပြန်သည် ။ မီးရောင် ဟပ် သဖြင့် ဝင်း နေသော မျက်နှာဝန်း မှာ ဝန်းဝိုင်းသော မျက်စိ တို့ ၏ အထောက်အပံ့ ဖြင့် ပိုမို ၍ လှသည် ။ ဖွားရရား ကျ နေသော ဆံစ တို့မှာ နဖူးစ တွင် ပျံဝဲကာ အလှဂုဏ် မောက်၍ က နေကြ ဟန် တူ၏ ။ လင့် ဘက် သို့ စောင်းငဲ့ကာ လင်သည် ၏ လန်းဆန်းထက်မြက် သန်မာလာပုံ ကို ကြည့်ရင်း သဘော တွေ့ သောကြောင့် သွား မပေါ် တပေါ် ပြုံး လိုက်သည် မှာ လင်သည် မောင့် ဘဝင် ကို ရေခဲစိမ် ပေး သကဲ့သို့ ရှိချေမည် ။ စင်စစ် ထို အပြုံးကလေး မှာ ဆရာကတော် ၏ မပြေပြစ်သမျှ တို့ ကို ဖုံးလွှမ်း၍ ပြေပြစ်သမျှ တို့ ကို သရုပ် ဖော်ကာ အလှဂုဏ် ဆောင် ၍ နေလေသည် ။ ကျွန်ုပ် ရောက်စ က မြင်လိုက် သော ဆရာကတော် နှင့် ကွာ လှ ပေသည် ။ ထို ဆရာကတော် ကား ဘေးစောင်း လှဲ၍ ကလေး နို့တိုက် နေသော ဆရာကတော် တည်း ။
နှာခေါင်း အလယ် က ပိ ၍ အဆုံး တွင် မို့နေပုံ နှင့် မျက်ရိုးမောက်ပုံ ၊ မျက်ကွင်းကြီးပုံ တို့မှာ အလင်းရောင် အကျ မှား သဖြင့် မပြေပြစ်ခြင်း သဘော ကို ပိုမို ထင်ရှား စေ၏ ။ မီးရောင် သည် ကား စင်စစ် ထို မပြေပြစ်သော အဆစ် အဖု တို့ ကို ဋီကာ ချဲ့ကာ အရွဲ့ တိုက်လျက် ရှိ ချေသည် ။ အလင်း နှင့် အမှောင် ကို ဆန့်ကျင်ပြုကာ အပြိုင်အဆိုင် စစ်ခင်း နေသောကြောင့် ဆရာကတော် ၏ ထောင့်မှန် ကျသော ပါးရိုး မှာ နဂို က ငေါထွက် နေသည် ထက် ပိုမို၍ ငေါနေ သည် ဟု ထင်မှတ်ရ၏ ။ မေးစေ့ကလေး မှာ ချစ်စရာကလေး ပင် ။ သို့သော် မျက်နှာ နှင့် စာလျှင် သေးလွန်းလေ မလား ၊ မေးစေ့ ချွန်လွန်းသည် ဆိုရ လေ မလား ။ လျောင်း ရာ က ထ ထိုင်၍ ဒူး နှစ်ဖက် ကား ကာ ကလေး ကို ပိုက်ချီ ထား သည် မှာ ကျက်သရေ ဆောင်သော စံ ပယ်ခြင်း မဟုတ် ဟု ချင့်ချိန် မိသည် ။ ယောက်ျား ရှုံး လောက် အောင် ကြီးသော ခြေကြီး လက်ကြီး တို့ မှာ လှ သလိုလို ထင် ရသော မျက်နှာ တစ်ခုလုံး ၏ ဂုဏ် ကို ချိုးဖဲ့ ဖျက်ဆီး လိုက် လေသည် ။ စိတ်ပျက်ဖွယ် ။ “ အလှ ရှာတဲ့ ကိုပန်းချီ နှယ် ၊ သူ့ သဘော က အလှ ဆိုတာ သည် ဟာ မျိုး လို့ ထင်လေ သလား ။ အဲလေ ၊ ဒါကြောင့် လှခြင်း သည် နေရာ ကို လိုက်၍ ဖြစ်သည် ဟု သူ ပြောတာပါပဲ ” စသည် ဖြင့် တွေးမိသည် ။
အိမ် အပြန် တစ်လမ်း လုံး တွင် ကိုပန်းချီ ၏ အလှ အကြောင်း ပိဏ္ဍတ္တ ၊ အဝယဝတ္တ အဓိပ္ပာယ်စု တို့ ကို ကြားယောင်ယောင် ရှိ၏ ။ အလှ ၊ လှခြင်း ၊ လှလှ ဆိုသည် ကား အဘယ်နည်း ။ စင်စစ် ရှာကြည့် ၊ ရှာလေ မတွေ့ လေဘဲ ။ ကော်ရင်ဂျီ မျက်စိ မှာ ကော်ရင်ဂျီမ သည် ဘရဏီ နတ်သမီး ပင် ဖြစ်သည် ။ သို့သော် ငါတို့ မှာ ၎င်းတို့ ၏ အလှ အရသာ ကို မခံစားနိုင် ။ တစ်ဦး သဘော နှင့် တစ်ဦး မတူ ။ တစ်ဦး အကြိုက် နှင့် တစ်ဦး မတူ ။ အချို့ က ပိန်ပိန်ပါးပါး ၊ နွဲ့နွဲ့နှောင်းနှောင်း ဆိုလျှင် လှသည် ခေါ်သည် ။ တချို့ က ဝဝ ၊ တစ်တစ် ၊ ဖိုင့်ဖိုင့် ။ တချို့ က ပုပု ၊ ကွကွ ကို မှ သဘော ကျသည် ။ အိအိ ကို မှ အလှ ဟု မှတ်သည် ။ တချို့ က ထောင်ထောင်မောင်းမောင်း မှ ကြိုက်သည် ။ တချို့ က မျက်နှာဝိုင်းဝိုင်း ကို မှ ရွေး၍ သဘော ကျသည် ။ တချို့က မျက်နှာ သွယ်သွယ် ၊ တချို့ က မျက်နှာ ချွန်းချွန်း ၊ တချို့ က မျက်နှာ ပြားပြား ၊ တချို့ က မျက်နှာ ခွက်ခွက် ၊ အင်း .... အမျိုးမျိုး ပေပဲ ပေါ့ ။ စင်စစ် ၎င်းတို့ မှာ ပုံပန်း ၏ အလှများ ဖြစ် လေရာ လူ တစ်ကိုယ် အယူအဆ တစ်မျိုး နှင့် ဖြစ်၍ အဘယ် အရာ သည် လှခြင်း ဖြစ်သည် ကို ယတိပြတ် ဆုံးဖြတ် နိုင် ရန် ခဲယဉ်းသည် ။ စင်စစ် လှသည် ဆိုသည် မှာလည်း အရောင်အဆင်း ကြောင့် ဖြစ်သည် ။ အဆင်း ဆိုသည် မှာ လည်း အလင်း ကို မှီ၍ ဖြစ်ရချေသည် ။ အင်း ၊ အင်း ၊ ဒါကြောင့် ကိုပန်းချီ က အလှပျောက်တယ် လို့ ပြောပေတာပဲ ။
ဤသို့လျှင် စက္ခုပသာဒ တွင် လှခြင်း ဟူသော ဓာတ်လုံး ကို သမာဓိ ဟူသော လုံ တွင် ပိတ်၍ စဉ်းစားခြင်း ဟူသော ဖားဖို တွင် ထည့် ပြီးလျှင် ဓာတ် ခွဲ ၍ ကြည့်ရာ ဓာတ်လုံးကလေး မှာ အရည် ပျော်၍ ပျောက်ပျက်ရရှာ သတည်း ။ ဤသို့ ဓာတ်ခွဲ ကြည့် စဉ် မိမိ ကိုယ် ကို မိမိ အာသဝေါ ကင်း ဘိသော ရဟန္တာ ထေရ်အရှင် ကဲ့သို့ ထင်မှတ် ကာ စိတ်ကြီး ဝင်ပြီး လျှင် ဘယ်ကို မျှ မကြည့် မိ ဘဲ ကတ္တရာစေး လမ်းမကြီး ကို စူးစိုက်ကာ ဓာတ်မီးရောင် ဟပ်၍ ဖြာခနဲ ၊ မိုက်ခနဲ ၊ လင်းခနဲ ၊ မှောင်ခနဲ ဖြစ်၍ သွားသည် ကို သာလျှင် ဂရု ထား မိ တော့သည် ။
အိမ် သို့ ရောက်သော် ပန်းအိုးကလေး တွင် မိမိ စိုက်ထားခဲ့သော နှင်း ဆီပွင့် တစ်ပွင့် ကို မြင် မိသည် ။ နှင်းဆီပန်းများ ကို ဘာကြောင့် ချစ်မိသည် မသိ ။ ဤ မြင်သော နှင်းဆီပွင့်ကလေး မှာ ညှာတံတိုကလေး ဖြစ်သောကြောင့် လေပြည် အဖြူး တွင် နွဲ့ ချင် တိုင်း မနွဲ့ ရဲ ။ ယိမ်း ချင် တိုင်း မယိမ်း ဝံ့ ။ မခို့တရို့ ကလေး နေရှာသည် မှာ သနားစရာ ပေ ပင် ။ နီတွေးသော ပွင့်ချပ်ကလေးများ ပေါ် တွင် မီးရောင် နှင့် မှန်ရောင် မှာ နေရာ လု ၍ နေ ကြသည် ။ ကတ္တီပါ ၏ နူးညံ့ သိမ်မွေ့ ခြင်း ဖြင့် သိမ်မွေ့ နေကြကုန်သော ပွင့်ချပ်များ မှာ အလှ ၏ အဓိပ္ပာယ် ကို လင်းကျင်း နေကြကုန်၏ ။ စိတ် ၏ အကြည်ဓာတ် ယိုဖိတ် လာလေသည် နှင့် ကျွန်ုပ် သည် အသာ ငုံ့ ၍ နမ်း လိုက် မိသည် ။ ရနံ့ကလေး က သင်းပါဘိသနှင့် ။ ထို အတွင်း ကိုပန်းချီ ၏ အသံ ကို ကြား ယောင်ယောင် ရှိမိ ပြန်သည် ။ နှင်းဆီပန်းအိုးကလေး ကို အသာ ဖက် လိုက်သည် ။ နှင်းဆီပန်း ကလေး မှာ လန်းလန်းဆတ်ဆတ် နှင့် သနားလည်း သနား စရာ ၊ ချစ် လည်း ချစ် စရာ ။ မိမိ မှာ ကား အလှ ၏ အရသာ ကို ငြီးအောင် မြည်း ပြီးသည် ၏ အခြား မဲ့ ၌ ထို အရသာ ၏ အကျိုးအပြစ် တို့ ကို သိပြီး ၍ ထို ရသာ ကို ဖယ်ရှား သုတ်သင်တော် မူပြီးထသော ရဟန္တာ လည်း မဟုတ် ။ အလှ အရသာ ကို မခံစားတတ်သော နွား လည်း မဟုတ် ။ ဤသို့ နှင်နှင် ဖြစ်လေ ရကား ရွှေနှင်းဆီ နီနီတွေး ကို ယုယစွာ လျှင် ရင်ဝယ် ပိုက်၍ ထပ်လောင်း ကာ မွှေး လိုက်မိပြန် သတည်း ။
◾မောင်ထင်
📖 ဂန္ထ လောက
မတ် ၊ ၁၉၃၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment