Wednesday, February 22, 2023

ကြမ္မာကြောင့်လား ... လူကြောင့်လား


 ❝ ကြမ္မာကြောင့်လား ... လူကြောင့်လား ❞


အခါတိုင်း အမှတ် ( ၁ ) အေးရှားဝေါလ်တံတား သို့ အမြဲ ဆိုက်ကပ်ခဲ့သော MV OCEAN ARROW သင်္ဘော သည် တံတား အားလပ်မှု မရှိသဖြင့် ယနေ့ အမှတ် ( ၉ ) ဘော်ယာ သို့ ဆိုက်ကပ် ချည်နှောင်ခဲ့ရသည် ။ 


ဦးကျော်မင်းအောင် သည် လက်ထောက် တစ်ဦး နှင့် အတူ မော်တော်ဘုတ်လေး ဖြင့် သင်္ဘော ပေါ် သို့ တက်ရောက် ကာ အဝင် စာရွက်စာတမ်း ကိစ္စများ ကို ဆောင်ရွက် ပြီး နောက် ရုံးသို့ ပြန်ရောက်လာခဲ့၏ ။ ထိုစဉ် တယ်လီဖုန်း ဝင် လာသည် ။ 


“ OCEAN ARROW သင်္ဘော မှာ တာဝန်ကျတဲ့ အေးဂျင်း နဲ့ စကား ပြော ချင်လို့ပါ တဲ့ ”


“ ဟုတ်ကဲ့ ... အမိန့်ရှိပါ ၊ ကျွန်တော် ကျော်မင်းအောင် ပါ ” 


“ OCEAN ARROW ကို တာဝန်ယူ ထားတဲ့ အေးဂျင်း ဟုတ်ပါသလား ရှင် ” 


မိန်းကလေး တစ်ဦး ၏ ချိုလွင်ကြည်မြသော အသံ ။ 


“ ဟုတ်ပါတယ် ” 


“ ဦး တို့ သင်္ဘော .. ဘယ်နေ့လောက်များ တံတား ကပ် မှာလဲ ဟင် ” 


“ မနက်ဖြန် ( ၁ ) နာရီ လောက် မှာ အေးရှားဝေါလ် အမှတ် ( ၁ ) တံတား မှာ ဆိုက်ကပ် မှာပါ ခင်ဗျာ ”


“ ကျေးဇူးတင်ပါတယ် ရှင် ”


မိန်းကလေး ဘက် မှ ဖုန်း ပြန် ချ သွား၏ ။ ဦးကျော်မင်းအောင် သည် မိန်းကလေး ၏ နာမည် ကို ပင် မေးလိုက်ချိန် မရ ။ နားဝင်ချိုမြသော ဖုန်း ထဲ မှ အသံ သည် ဦးကျော်မင်းအောင် ၏ နား တွင် စွဲငြိ ကျန်ရစ်ခဲ့သည် ။


နောက် တစ်နေ့ သင်္ဘော တံတား ကပ်သော အခါ ကုန်သေတ္တာ တင်, ချမှု အခြေအနေ ကို သင်္ဘောရေယာဉ်မှူး နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက် ဦးကျော်မင်းအောင် ဖိုင်တွဲ တစ်ခု ကို ပွေ့ ပိုက်လျက် အေးရှားဝေါလ်တံတား ဂိတ်ဝ မှ အပြင် သို့ထွက် လာစဉ် ..


“ ဦး က အေးဂျင်းရုံး က ပါလား ရှင် ”


အမျိုးသမီး တစ်ဦး ၏ လှမ်း မေး လိုက်သော အသံ ကြောင့် အသံရှင် ရှိရာ ဘက် သို့ လှည့်ကြည့် လိုက်၏ ။ ဤ အသံ ကို ယမန် နေ့ က ဖုန်း တွင် ကြားမိဖူးသလိုလို ရှိသည် ဟု ဦးကျော်မင်းအောင် ၏ စိတ် တွင် ဇဝေဇဝါ ဖြစ် နေ၏ ။ 


“ ဟုတ်ပါတယ်  ၊  ဦး က , အေးဂျင်း က ပါ ” 


“ မနေ့ က ဦး ဆီ ကို သမီး ဖုန်း ဆက်သေးတယ်လေ ... ဦး နာမည် က ဦးကျော်မင်းအောင် , ဟုတ်ပါတယ် နော် ”


“ ဟုတ်ပါတယ် ”


သူ့ နှုတ် မှ “ ဟုတ်ပါတယ် ” ဟု ဖြေလိုက်သော်လည်း မျက်လုံး အစုံ က မူ အမျိုးသမီး ၏ ဝင်းဝါချောမွတ်သော မျက်နှာ ဆီ သို့ ရောက် နေ၏ ။ အမျိုးသမီး ကား အသက် ( ၂၅ ) နှစ် ပင် ပြည့်သေးမည် မထင် ။ အပြော ချို သလောက် ၊ ရုပ်ရည် အလွန် ချောမော လှပသည် ။ ကိုယ်လုံး ကိုယ်ပေါက် က လည်း စွဲမက် ဖွယ် ။


“ ဒါထက်, သမီး က ဦး ကို အေးဂျင်း က မှန်း ဘယ်လို လုပ် သိသလဲ  ”


အမျိုးသမီး က ဦးကျော်မင်းအောင် ၏ ဘယ်ဘက် ရင်ဘတ်တွင် တပ်ဆင် ထားသော တံဆိပ် ကို ညွှန်ပြရင်း ..


“ အဲဒီ တံဆိပ်ကြောင့်ပေါ့ ” ဟု ဆိုလိုက်သည် ။


မှန်သည် ။ အေးရှားဝေါလ်တံတား အတွင်း သို့ ဤ တံဆိပ် တပ်ဆင် ထားသော ဆိပ်ကမ်းဝန်ထမ်း မှ လွဲ၍ မည်သူ တစ်ဦး တစ်လေ မျှ ဝင်ရောက် ခွင့် မရှိ ။ ဤ တံဆိပ် ကို တပ်ဆင် ခွင့် ရှိသူများ မှာ အေးဂျင်းအဖွဲ့ သာဖြစ်ကြောင်း ထို အမျိုးသမီးလေး သိရှိ နားလည်ထားဟန် တူသည် ။


“ ဟုတ်ပါပြီ .. ဒါဆိုရင် သမီး ကို ဦး က ဘာ ကူညီ ပေးရမလဲ ”


“ အဲဒီ သင်္ဘော က တတိယအရာရှိ အပြင် ထွက်ဖို့များ ရှိသလားလို့ပါ ၊ ဖြစ်နိုင် ရင် ဦး အနေနဲ့ သူ့ ကို ကျေးဇူးပြုပြီး ခေါ်ပေးလို့ ရမလား ရှင် ” 


နေ့ခင်းနေ့လယ် အချိန် နေ က ခြစ်ခြစ်တောက် ပူ နေ သဖြင့် ဦးကျော်မင်းအောင် သည် အပြင်သို့ ထွက်ပြီး မှ အထဲ သို့ ပြန် ဝင်လို စိတ် မရှိ ။ တစ်ကြိမ်တစ်ခါ မျှ ပင် ခင်မင်ရင်းနှီးမှု မရှိသော အမျိုးသမီး တစ်ဦး က ဤ သင်္ဘော မှ သင်္ဘောသား တစ်ဦး အား ယခု ချက်ချင်း ခေါ်ပေးရမည့် ကိစ္စမျိုး ကို မည်သည့် အေးဂျင့် က မှ လုပ်လေ့ လုပ်ထ မရှိ ။ ဤ အမျိုးသမီး သည် ဤ အချက် ကို နားလည်ဟန် မတူ ။ ထို့ကြောင့် ဦးကျော်မင်းအောင် က စကား လှအောင် ပြောခဲ့ရသည် ။


“ တော်ကြာရင် ဦး ရဲ့လက်အောက် က ကြီးကြပ်ရေးမှူး တစ်ယောက် ထမင်း စားဖို့ အပြင် ထွက်လာ လိမ့်မယ် ။ သူ့ ကို ပဲ အခေါ် ခိုင်း လိုက်တော့ ၊ ဦး က မှာတယ် လို့ ပြော ။ အခု ကိစ္စ တစ်ခု အရေးကြီး နေလို့ ဦး ရုံး ကို ပြန်တော့မှာ ၊ သမီး သူ့ ကို ဂိတ်ဝ က ပဲ စောင့် နေ ပေတော့ ။ ကဲ ဦး သွားပြီ ”


နှုတ်ဆက်ပြီး ရုံး သို့ ချက်ချင်း ပြန်လာခဲ့သည် ။ အမျိုးသမီး ၏ နာမည် ကို မေး ရန်ပင် သတိ မရခဲ့ ။


•••••   •••••   •••••   •••••


MV OCEAN ARROW သင်္ဘော သည် စင်္ကာပူ သို့ ထွက်ခွာ သွားပြီး နောက်များ မကြာမီ မှာ ပင် အေးရှားဝေါလ်တံတား သို့ ပြန်လည် ဆိုက်ကပ် လာပြန်၏ ။ ဦးကျော်မင်းအောင် ရုံး မှ ထွက်၍ သင်္ဘော ဆီ သို့ လာခဲ့စဉ် -


“ ဪ , ဦး ပါလား အထဲ ဝင် မလို့လား ”


ယခင် တစ်ကြိမ် သင်္ဘော ဝင်စဉ် တုန်း က ဆုံတွေ့ ခဲ့သော အမျိုးသမီးလေး နှင့် ပင် ဂိတ်ဝ ၌ ပြန်လည် ဆုံတွေ့ခဲ့ပြန်၏ ။


“ ဟုတ်တယ် ၊ သင်္ဘော ဆီ သွား မလို့ မှာစရာများ ရှိလို့လား ” 


“ မှာစရာ ဆိုလို့ .. အဲ .. ဦး သင်္ဘော ရောက်လို့ တတိယအရာရှိ နဲ့ တွေ့ ရင် သမီး ဒီ ဂိတ်ဝ မှာ စောင့်နေတယ် လို့ ပြောပေးပါ နော် ”


“ ဒါထက် ဘယ်သူ စောင့် နေတယ်လို့ ပြောပေးရမှာလဲ ”


“ ခင်စောအေး လို့ ပြောရင် သူ သိပါတယ် ” 


ခင်စောအေး တဲ့ ။ ဦးကျော်မင်းအောင် မမေးရဘဲ နှင့် အမျိုးသမီး ၏ နာမည် ကို သိခွင့် ရခဲ့၏ ။ “ ခင်စောအေး ” ဆိုသော အမျိုးသမီးလေး နှင့် သင်္ဘော မှ တတိယ အရာရှိတို့ ၏ ဆက်ဆံရေး ကို သိချင်လာ မိသည် အကြောင်းကတော့ တတိယအရာရှိ သည် နိုင်ငံခြားသား ဖြစ် နေ သောကြောင့် ပင် ။


သင်္ဘော ပေါ် သို့ ရောက်သော အခါ ဦးကျော်မင်းအောင် သည် တတိယ အရာရှိ ကို ရှာဖွေကာ ဂိတ်ဝ တွင် အမျိုးသမီး တစ်ဦး စောင့် နေကြောင်း ၊ သူမ ၏ နာမည် ကို ပါ ပြောပြလိုက်ပြီး ရေယာဉ်မှူး ရုံးခန်း ထဲ သို့ ဝင်လာခဲ့သည် ။ တတိယ အရာရှိ သင်္ဘော ပေါ် မှ ဆင်းသွားသည် ကို ဖြတ်ကနဲ မြင်လိုက်ရသည် ။ ဦးကျော်မင်းအောင် သင်္ဘော ပေါ် မှ ပြန်၍ ဆင်း လာတော့ “ ခင်စောအေး ” ကို ဂိတ်ဝ တွင် မတွေ့ရှိရတော့ ။


ထိုနေ့မှ စ၍ ခင်စောအေး နှင့် ထပ်မံ မတွေ့ဆုံ ဖြစ်တော့ ။ နှစ်လခန့် ကြာသော အခါ သင်္ဘောကိုယ်စားလှယ်ရုံး သို့ ကြေးနန်းစာ တစ်စောင် ဝင် လာ၏ ။ ကြေးနန်းစာ တွင် ဤ အခေါက် သင်္ဘော ဝင် လျှင် အဆိုပါ သင်္ဘော မှ တတိယအရာရှိ အား မြန်မာနိုင်ငံ တွင် ဆင်း စေ၍ နေရပ် ထံ သို့ ပြန်လည် ပို့ ပေးရန် နှင့် လိုအပ်သည်များ ကို ဆက်လက် ဆောင်ရွက် ပေးရန် သင်္ဘောပိုင်ရှင် မှ မိမိ အား မေတ္တာရပ်ခံ ထားသည် ။ ကြေးနန်း တွင် ပါသော သင်္ဘောသား ၏ အမည် စာရင်း ကို သေချာစွာ စစ်ဆေး ကြည့် လိုက်သောအခါ ဆင်းမည့် တတိယအရာရှိ မှာ ခင်စောအေး နှင့် ပတ်သက်နေသူ ဖြစ် နေကြောင်း တွေ့ရှိရတော့၏ ။


ထို ကြေးနန်းစာ လက်ဝယ် ရရှိပြီး ချိန် မှ စ၍ ဦးကျော်မင်းအောင် သည် သင်္ဘော ဆိုက်ကပ် လာလျှင် တတိယအရာရှိ အား အဆင်သင့် ဆွဲချနိုင်ရန် လိုအပ်မည့် စာရွက်စာတမ်းများ ကို ပြင်ဆင်ရတော့၏ ။ နိုင်ငံခြားသား သင်္ဘောသား တစ်ဦး သင်္ဘော မှ ဆင်းခြင်း ( sign off ) ပြုလုပ် လို လျှင် ၎င်း သင်္ဘောသား မိမိ နေရပ် သို့ မပြန်မီ အချိန် အတွင်း မြန်မာနိုင်ငံ တွင် ခေတ္တ နေထိုင်ခွင့် ( STAY PERMIT ) ကို ဤ ဌာနခွဲ မှ တစ်ဆင့် အဆင့်ဆင့် တင်ပြ တောင်းခံ ရသည် ။ သည်လိုနှင့် MV OCEAN ARROW သင်္ဘောကြီး ဆိုက်ကပ် လာပါသည် ။


လိုအပ်သည့် စာရွက်စာတမ်းများ နှင့် ခွင့်ပြုမိန့်များ ကိုင်ဆောင် ထားသော ဦးကျော်မင်းအောင် သည် သင်္ဘော ဆိုက်ကပ်လာသော နေ့ မှာ ပင် အကောက်ခွန်အရာရှိ တစ်ဦး ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိ နှစ်ဦး နှင့် အတူ အဆိုပါ တတိယအရာရှိ အား သင်္ဘော မှ ဆွဲချခဲ့ပြီး အေးရှားဝေါလ် ဂိတ်ဝ သို့ ထွက်လာခဲ့သည် ။ ဂိတ်ဝ တွင် ခင်စောအေး အား အဆင်သင့် စောင့်ဆိုင်း နေသည်ကို တွေ့ ရှိရလေ၏ ။


“ ဒါပြီးရင် ဦးတို့ ဘယ်ကို ဆက်သွားကြမှာလဲ ရှင် ” 


“ အရင်ဆုံး သွားမှာ က ခြောက်ထပ်ရုံး ၊ ပြီးရင် အကောက်ခွန်ရုံး ၊ ပြီးရင် ဗိုလ်အောင်ကျော်လမ်း မှာ ရှိတဲ့ ဂရင်း ( ဒ် ) ဟိုတယ် ကို ဆက် သွားကြမှာပါ ” 


“ သမီး လည်း အငှားကား တစ်စီး နဲ့ ဂရင်း ( ဒ် ) ဟိုတယ် ကို လိုက်ခဲ့ပါမယ် ” 


ဦးကျော်မင်းအောင် သည် ခင်စောအေး အား အံ့ဩဟန် ဖြင့်ကြည့်ရင်း အကောက်ခွန်အရာရှိ ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ ကို ခေါ်ကာ အငှားကား တစ်စီး ဖြင့် ခရီး ဆက်ခဲ့သည် ။


ဆောင်ရွက်ရန်ကိစ္စများပြီးစီးတော့ ဂရင်း ( ဒ် ) ဟိုတယ် တွင် ခင်စောအေး ကို အသင့် တွေ့ရှိရသည် ။ ခင်စောအေး က သင်္ဘောသား တည်းခိုရန် အခန်း ကို ပင် စီစဉ် ပြီးနှင့် နေပြီ ။ ဦးကျော်မင်းအောင် ဟိုတယ် မှ ထွက်မည် ပြုစဉ် ခင်စောအေး က  ..


“ ဦး က အခု ရုံး ပြန်တော့မှာ လား ” 


“ ဟုတ်တယ် သမီး ... မနက်ဖြန် သူ့ ကို လေဆိပ် ပို့ ဖို့ အစီအစဉ် ရှိသေး တယ်လေ ၊ သူ့ ကို တီဂျီ ခုနစ်နာရီခွဲ ဖလိုက် ( ဖ် ) နဲ့ ပို့ရမှာ ဆိုတော့ လေယာဉ်လက်မှတ် စီစဉ်ရအောင် ဦး အခု ရုံး ပြန် မှ ဖြစ်မယ် ”

 

“ လေယာဉ်လက်မှတ် အတွက် ဦး ပူ မနေနဲ့တော့ ၊ လေယာဉ်လက်မှတ် နှစ်စောင် သမီး ဝယ်ထားပြီးပြီး ၊ သမီး က သူ နဲ့ တစ်ပါတည်း လိုက်သွားမှာ ဟောဒီမှာ ” 


“ ဟေ .. ”


ဦးကျော်မင်းအောင် တအံ့တသြ ဖြစ်သွားသည် ။ 


“ သမီး သူ နဲ့ လိုက်သွားမှာ ဆိုတော့ ပတ်စ်ပို့ အဆင်သင့် ဖြစ်ပြီလား ၊ နောက်ပြီး သမီး ရဲ့မိဘတွေ ကကော သဘော တူ ရဲ့လား ၊ သူ ကရော လူလွတ် ဟုတ်ရဲ့လား ” 


ဦးကျော်မင်းအောင် က သူ တစ်ပါး ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ တွင် စိတ်ပါဝင်စားခြင်း အလျင်း မရှိသော်လည်း သားသမီးချင်း ကိုယ်ချင်းစာနာစိတ် ၊ စိုးရိမ်စိတ် နှင့် မေး လိုက်သည် ။


“ သမီး မှာ မိဘ မရှိတော့ဘူး ဦးရယ် ၊ မိဘတွေ က ငယ်ငယ်လေး ကတည်း က ဆုံးသွားကြပြီ ၊ သမီး က နယ် က ပါ ၊ အခု ရန်ကုန် မှာ အဒေါ် တစ်ယောက် နဲ့ နေတယ် လေ ၊ အဒေါ် က လက်လုပ်လက်စား ဆိုတော့ သမီး ရှာလို့ ရတဲ့ အထဲ က အဒေါ် ကို ထောက်ပံ့ရသေးတယ်  ၊ သူ့ အိမ် မှာ နေတာကိုး  ၊ အားကိုးစရာ မရှိတဲ့ သမီး ရဲ့ ဘဝ မှာ ကံကြမ္မာ က သူ့ ကို ပဲ အားကိုးခွင့် ပြုထားတယ်လေ  ၊ သူ ကလည်း သမီး ကို လိုလိုလားလား နဲ့ ခေါ် နေတယ် ဆိုတော့ သမီး လည်း ပတ်စ်ပို့ လျှောက်ပြီး သူ နဲ့ တစ်ပါတည်း လိုက်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ ”


ခင်စောအေး ဘာ အလုပ်တွေ လုပ်ကိုင် နေ သလဲ ။ နိုင်ငံခြားသား သင်္ဘော အရာရှိ တစ်ဦး နှင့် ဘယ်လို ဆက်နွယ် နေသလဲ  ။ 


ဦးကျော်မင်းအောင် သည် ခင်စောအေး ကို ငေးကြည့် နေရင်း သက်ပြင်း ကို သာ အကြိမ်ကြိမ် ချလိုက် လေတော့သတည်း ။


•••••   •••••   •••••   •••••


နှစ်နှစ် ခန့် ကြာသော အခါ ဦးကျော်မင်းအောင် ၏ ရုံး လိပ်စာ ဖြင့် စာ တစ်စောင် ရောက် လာသည် ။ ဦးကျော်မင်းအောင် စာအိတ် ကို ဖောက် ဖွင့် ကြည့် လိုက်သည် ။ 


သို့ ..

       အေးဂျင်းကြီး ဦးကျော်မင်းအောင် ရှင့်  ... ဂျာကာတာမြို့ တစ်နေရာ မှ ဤ စာ ကို ရေးလိုက်ရပါတယ် ။ ဦး နဲ့ နောက်ဆုံး လေဆိပ် မှာ နှုတ်ဆက်ပြီး တဲ့ နောက် အဲဒီ ညနေ မှာ ပဲ သမီးတို့ ဗန်ကောက် မှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ ကို ရောက်ရှိခဲ့ပါတယ် ။ ရောက်စ ကတော့ သူ့ မိဘ အိမ် မှာ ပဲ တည်းခဲ့တာပါ ။ သူ က သမီး ကို ရန်ကုန် က အသိမိတ်ဆွေ တစ်ယောက် ဒီမှာ အလုပ် လုပ်ဖို့ လာတာပါ လို့ ပြောထားတော့ သူ့ မိဘတွေ က လည်း သမီး ကို လိုလေသေး မရှိအောင် ဖော်ဖော်ရွေရွေ နဲ့ ဧည့်ခံ ပြုစုခဲ့ပါတယ် ။ အဲဒီမှာ ဆယ်ရက် လောက် နေပြီးတဲ့ နောက် သမီး ကို သူ ငှါးထားတဲ့ အခန်းကလေး တစ်ခု ဆီ ခေါ် သွားပြီး အဲဒီမှာ သူ နဲ့ အတူ နေခဲ့ရတာပေါ့ ။ သမီး လည်း ကိုယ် မရောက်ဘူးတဲ့ အရပ်ဒေသ မှာ စားလိုက် သောက်လိုက် ၊ လည်လိုက်ပတ်လိုက် နဲ့ တော်တော်ပဲ ပျော်ခဲ့ရတယ် ။ အဲဒီမှာ နှစ်လ သုံးလ လောက် ကြာတော့ သူ မကြာခဏ ဆိုသလို ပျောက်ပျောက် သွားပါတယ် ။ တစ်ခါတစ်လေ တစ်ပါတ် လောက် ပျောက်သွားပြီး မှ ပြန် လာလို့ သမီး က မေးတဲ့အခါ သူ့ အမေ နေမကောင်း လို့ သွားပြီး ပြုစုနေရတယ် လို့ ဖြေတော့ သမီး လည်း ဘာမှ မပြောသာတော့ဘူး လေ ။ နောက် တစ်ခု က သမီး နဲ့ သူ နဲ့ က ကိုးကွယ်တဲ့ ဘာသာချင်း မတူကြတာပဲ ၊ ဒါတွေ ထားပါတော့လေ ... ဒီလိုနဲ့ တစ်နှစ် ကျော် လောတ် ကြာတဲ့ အခါ ၊ တစ်နေ့ သူ အိမ် ကနေ ထွက်သွား လိုက်တာ တစ်လ တိတိ မပေါ်လာတော့ဘူး ။ သမီး လည်း စိတ် ပူပြီး သူ့ မိဘတွေ ဆီ မှာ သတင်း မေး ကြည့်တော့ သူ သင်္ဘော လိုက်သွားပြီ ဆိုတဲ့ အကြောင်း သူ့ ဇနီး က သူ့ မိဘ ထံ လာ သတင်း ပို့ တဲ့အကြောင်း သိလိုက်ရတော့ ၊ သမီး ရဲ့ ခေါင်း ကို မိုးကြိုး အပစ်ခံ လိုက်ရသလို ခံစား လိုက် ရတယ် ... 


သမီး သူ့ ကို အစ က အိမ်ထောင် မရှိတဲ့ လူလွတ် တစ်ယောက် အနေနဲ့ သိ ထားတာ ၊ သမီး သူ့ ကို ချစ်လွန်းလို့ ကိုယ့် အမိ နိုင်ငံ ကို တောင် စွန့်ပြီး သူ့ နောက် ကို လိုက်ခဲ့တာပါ ဦးရယ် ။ အခုလို ဒီ အကြောင်းတွေ သိ လိုက်ရတော့ သမီး ဘယ်လို ခံစားရမလဲ ဆိုတာ ဦး ကိုယ်ချင်းစာ ကြည့်ပေးပါ ။


ဒါကြောင့် သမီး ဒီမှာ လည်း အကြာကြီး မနေချင်တော့ ပါဘူး ၊ သမီး အိမ်ထောင်ဘက် ရွေးချယ်ရာ မှာ ဦးနှောက် နဲ့ ဆုံးဖြတ်ရမယ့် အစား နှလုံးသား နဲ့ ဆုံးဖြတ်ခဲ့ မိတာကြောင့် နောင်တ ကြီးစွာ ရခဲ့ပါတယ် ။ ဒါကြောင့် ဒီလ ၂၅ ရက် နေ့ မှာ တီဂျီဖလိုက်စ် နဲ့ ရန်ကုန်ကို အပြီး ပြန်လာခဲ့ ပါမယ် ၊ ဦး လေဆိပ် မှာ သမီး ကို လာကြိုပေးပါနော် ...  ။


သတိရလျက်

     ခင်စောအေး

     ခေတ္တ ၊ ဂျာကာတာမြို့ 

     အင်ဒိုနီးရှားနိုင်ငံ ၊


ခင်စောအေး ၏ ဝတ္ထုဇာတ်လမ်း ဆန် လွန်းသော ရွှေပေလွှာရှည်ကြီး ကို ဖတ်ပြီး နောက် ဦးကျော်မင်းအောင် သည် ငေးငိုင် တွေဝေ၍ နေမိသည် ။ တစ်ခါတုန်း က ခင်စောအေး ပြောဖူးသည့် စကား တစ်ခွန်း ကို ပြန်လည် ကြားယောင် မိ လိုက်သည် ။


“ အားကိုးစရာ မရှိတဲ့ သမီး ရဲ့ ဘဝ မှာ ကံကြမ္မာ က သူ့ ကို ပဲ အားကိုးခွင့် ပြုထားတယ်လေ ”  တဲ့ ယခု ခင်စောအေး ၏ ကြေကွဲဖွယ် ဖြစ်ရပ်သည် ကံကြမ္မာ ကြောင့် လား  “ ခင်စောအေး ” ဆိုသည့် ‘ လူ ’ ကြောင့်လား  ... ဒါမှ မဟုတ်လျှင်  ..


မည်သို့ဆိုစေ  ... 


‘ ခင်စောအေး ’ ၏ အကြောင်း ကို တော့ သူ့ ပတ်ဝန်းကျင် မှ နိုင်ငံခြား အထင်ကြီး ကိုးကွယ်ချင်သည့် အသိ မိတ်ဆွေ မိန်းကလေးများ ကို တစ်ဆင့် ဖောက်သည် ချ ရန် ဦးကျော်မင်းအောင် ဆုံးဖြတ် လိုက်သည် ။


◾ရွှေမြိုင် [ အောင်သန်းလင်း ]


📖 အလင်္ကာရပ်ဝန်း

      ဝတ်ထုတိုစာစု ( ၇ )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment