Friday, February 24, 2023

ဘာဆိုင်လို့လဲ


 

❝ ဘာဆိုင်လို့လဲ ❞

ကျောင်းသားကြီး တစ်ဦး က အချိန် ပြောင်း ဂလိုင် လှုပ် လိုက်၏ ။ ဒါဆို နောက် နာရီဝက် သာသာလောက် ရှိလျှင် မနက် ထမင်းစား လွှတ်ပေတော့မည် ။

ငယ်ငယ် ဆာလှပြီ ။ ကျောင်းမြန်မြန် လွှတ် မှ နံနက်စာ ထမင်း မြန်မြန် စားရပေမည် ။ ကျောင်းရယ် လွှတ် ပါတော့ ။

ဆုတောင်းနေဆဲ အတန်း ထဲ သို့ ဆရာမလေး ဝင် လာသည် ။ ဆရာမလေး နာမည် က ဒေါ်ပြုံးပြုံးလွင် တဲ့ ။ ငယ်ငယ် သိတာပေါ့ ။ နေ့တိုင်း တွေ့ နေ ရတဲ့ ဆရာမလေး ပဲ ဟာ နော် ။ ဆရာမလေး က ငယ်ငယ့် ကို ပြုံးပြ ခဲ့ သေး၏ ။ ပြုံးလိုက်တော့ ပင်ကို က လှသော ဆရာမလေး ၏ မျက်နှာကလေး ဘယ်လို ချစ်စရာကောင်း သွားမှန်း မသိ ။ ငယ်ငယ် က သည် ကျောင်း မှ ဆရာမတွေ ထဲ မှာ သည် ဆရာမလေး ကို အချစ်ဆုံး ။ အစ်မ အရင်း သာ ဖြစ်ပါစေတော့ လို့ဆုတောင်း ခဲ့သည် မှာ အကြိမ်ပေါင်း မနည်းလှပြီ ။

အတန်း ထဲ သို့ ဝင်ပြီး သူ့ စားပွဲ ရှိရာ သို့ သွားနေပုံ ကို ငယ်ငယ်ငေး ကြည့် နေမိသည် ။ ဆရာမလေး က ကြိမ်ခြင်းကလေး ကို စားပွဲ ပေါ် သို့ တင် လိုက်သည် ။ ကြိမ်ခြင်း ထဲ မှ ဖတ်စာအုပ် တစ်အုပ် ၊ မြေဖြူ တစ်တောင့် နှင့် ကျောက်သင်ပုန်းဖျက် ကို ထုတ်ယူ လိုက်၏ ။ ဆရာမလေး ၏ လှုပ်ရှားမှု မှန်သမျှ ကို ငယ်ငယ်မျက်ခြည်ပြတ် မခံ ။ ထိုအခိုက် ဆရာမလေး ဆံထိုး တွင် ကပ် ပန်ထားသည့် နှင်းဆီပန်းလေး ပြုတ်ကျ သွား၏ ။

“ ဆရာမ ... ပန်း ပြုတ်သွားပြီ ”

ငယ်ငယ် လွှတ်ကနဲ ပြော လိုက်မိ၏ ။ အရှေ့ဆုံးတန်း တွင် ထိုင် နေသည့် ခင်သီတာ က ငယ်ငယ့် ကို “ ဘာဆိုင်လို့လဲ ” ဟူသော မျက်နှာထား ဖြင့် မျက်စောင်း ထိုး ကြည့် လိုက်၏ ။ အိုး ... ဘာရမလဲ ၊ ငယ်ငယ် ပဲ ။ ဒီလိုနဲ့ သူများ ရန်လိုတာ ကို ခံနေလေ့ ရှိတာ မှ မဟုတ်ပဲ ။ ဖြတ် ဆို ပြန် မျက်စောင်း ထိုး ပစ် လိုက်၏ ။ ဒါတင်မက မေးကို ဆတ်ကနဲ ငေါ့ ကာ အရေးမစိုက်ပေါင် ဟူသော မျက်နှာပေး ကိုပါ အဆစ် ထည့် လိုက်သေး၏ ။ ခင်သီတာ က လည်း မခေ ။ သူတို့ အတန်း မှာ စာလည်း တော် ၊ လိမ် လည်း လိမ္မာသူ မို့.ဆရာတွေ ၊ ဆရာမတွေ ချီးမြှောက် ထား သဖြင့် မာနခဲ ပေ ပဲ ။ ပေတံ ထောင် ပြ ရင်း လျှာ ပါ ထုတ်ပြ လိုက်၏ ။ ပြီးတော့ ငယ်ငယ့် ကို မကြည့်တော့ဘဲ ဘေး က ကောင်မလေး နှင့် စကား ပြော နေလိုက်ရာ ငယ်ငယ် ဆတ်ဆတ်ခါ သွား တော့၏ ။ ဟိုက သူ့ ကို မကြည့်တော့ဘဲ အနိုင် နှင့် ပိုင်း သွားသည် မဟုတ်ပါလား ။ နေနှင့်ဦး မိသီတာ ။ ညည်း သိမယ် ဟင်း ...  ။

ဆရာမလေး က တော့ ငယ်ငယ်တို့ ဖြစ်နေပုံ ကို လုံးဝ မသိရှာ ။ ပြုတ်သွားသော ပန်း ကို ဆံညှပ် ဖြင့် ပြန် တွယ်ပြီး ကျောင်းသင်ခန်းစာ ကို စ ရန် ပြင်ဆင် နေ၏ ။

“ ဒီနေ့ တော့ ကလေးတို့ ဖတ်စာအုပ် ထဲ က မိရိုးဖလာ စကားထာ များ ဆိုတာကို သင်မယ် နော် ၊ ကောင်းကောင်းနားထောင်ကြ နော် ။ ဟေ ၊ နီနီကျော် ၊ ဘာဖြစ်လို့ မုန့်စား နေရတာလဲ သမီး ရဲ့ ၊ စာသင်ချိန် မှာ မုန့် မစားရဘူး လို့ ဆရာမ ပြောထားတာ မေ့ သွားလို့လား ၊ မစားနဲ့ နော် ။ ခဏ နေရင် ကျောင်း လွှတ်တော့မှာ ပဲ ဟာ ၊ နောက်ကို အတန်းထဲ မုန့်ယူ ထားရင် ဆရာမ အားလုံး ယူစား ပစ် လိုက်မှာနော် ၊ သိလား ”

ဆရာမလေး လေသံ က ခြောက် သလိုလို ၊ ချော့ သလိုလို ။ အိမ် က မေမေ တို့ နှင့် တော့ ကွာပါ့ ။ မေမေ က တော့ တစ်ခုခုလေး စိတ်တိုင်း မကျ နှင့် ၊ တုတ် နှင့် ကျော တွေ့ပြီ သာ မှတ်ရောပဲ ။ မှတ်မှတ်ရရ ငယ်ငယ် တစ်ခါ က ဆာ လွန်း၍ ငှက်ပျော်သီး နှစ်လုံး ခိုးစား ဘူးသည် ။ ဘာပြောကောင်းမလဲ မေမေ ဒေါသ ထွက်လိုက်ပုံများ ၊ မြင်ရုံ နှင့် ကြောက်ဒူး တုန် ကာ သေးဖြန်းဖြန်း ပါသည် ။ နောက် ခိုးစားဦးမလား ၊ ခိုးစားဦးမလား နှင့် မေးရင်း ရိုက်ရင်း မေးလိုက် ၊ ရိုက်လိုက်သည် မှာ တံမြက်စည်းတစ်ချောင်းလုံး အစိတ်စိတ် အမြွှာမြွှာ ဖြစ်သည် အထိ ။ မစားတော့ပါဘူး မေမေ ရဲ့ ၊ မစားတော့ပါဘူး ဟု နောင်တ ကြီးစွာ နှင့် ဖြေသည် ကို ပင် မကြားတော့ ထင်ပါ၏ ။ မှတ်မှတ်ရရ တစ်ခါ ပါ ပဲ ။ နောက်နောင်များ တော့ ငယ်ငယ် တို့ ကိုယ်ထိလက်ရောက် ခိုးစားဖို့ ဝေးရော ၊ စိတ်ကူး ထဲ မှာ ပင် မခိုးမိတော့ပေ ။

“ မရိုက်လို့ မဖြစ်ဘူး အဖေကြီး ရဲ့ ၊ မကောင်းတဲ့ အကျင့် ဆိုတာ ခုလို။ငယ်တုန်း ကတည်း က အရေခွံ ခွာချ ထား မှ ”

ဖေဖေ က တံမြက်စည်း ကျိုးသည် အထိ ရိုက် ၍ ကန့်ကွက်သည် ထင်ပါ၏ ။ မေမေ က ထိုအတိုင်း ပြန် ပြောသည် ကို ငယ်ငယ် ကြားခဲ့ရပါ၏ ။

“ ကဲ ... မေးမယ်နော် ၊ သိတဲ့လူ ဖြေကြ ။ ရိုက်တော့ ချာချာလည် ၊ ကြိုးကို ဆွဲ၍ ငိုရှာသည် ” တဲ့ ။ အဲဒါ ... ဘာလဲ ၊ ကလေးတို့ သိကြလား ”

အတန်း ထဲ တွင် တွတ်တွတ်တွတ်တွတ် နှင့် ညံသွားတော့သည် ။ တယောက် နှင့် တယောက် အဖြေ ညှိ နေကြသည် ။ ငယ်ငယ် လည်း ဘာများပါလိမ့် ဟု စဉ်းစား ကြည့်နေမိသည် ။ မျက်မှောင်ကလေးကုပ်ပြီး စဉ်းစား နေသည့် ငယ်ငယ့် ကို မြင်သော် ဆရာမကလေး က ကြင်နာစွာ ပြုံးပြပြန်သည် ။

“ သိပြီ ဆရာမ ၊ အဲဒါ .. ကလေး ”

“ အို ... မဟုတ်သေးဘူး ခိုင်ခိုင် ၊ အရိုက် ခံရတိုင်း ကလေးမဟုတ်ပါဘူး သမီးရဲ့ ၊ ကလေး က သူ့ ကို ရိုက်ရင် ချာချာလည် နေပါ့မလား ကွယ့် ။ အမေရေ ကြောက်ပါပြီ ၊ နောက် မလုပ်တော့ပါဘူး ဆိုပြီး အိမ် ပတ် ပြေးတတ်တာ မဟုတ်လား ကွယ့် ။ နော့ ဖိုးဇော် မင်း တနေ့ က အရိုက် ခံရတုန်းက ချာချာလည် မနေဘူး ဟုတ်လား ”

ဖိုးဇော် က ပါးစပ်ပေါက် နား သို့ ရောက်လုဆဲဆဲ ဖြစ် နေသည့် နှပ်ချေးများ ကို နှာခေါင်း ထဲ ပြန် ရှုံ့ သွင်း လိုက်ရင်း ရှက်နေသည် ။

“ ကဲ .. ကဲ ဘယ်သူမှ မသိကြဘူး ထင်တယ်နော့ ။ ဒါဖြင့် ဆရာမ ပြောပြမယ် ။ ရိုက်တော့ချာချာလည် ၊ ကြိုးကိုဆွဲ၍ ငိုရှာသည် ဆိုတာ ကြေးစည် ကို ပြောတာကွယ့် ၊ ကလေးတို့ အိမ် မှာ ကြေးစည် ရှိတယ် မဟုတ်လား ။ ဖေဖေ တွေ မေမေ တွေ ဘုရား ရှိခိုးရင် ကြေးစည် တီးတယ် မဟုတ်လား ။ အဲဒီတော့ ချာလည်ချာလည် နဲ့ ကြိုးကလေး ကိုလည်း တွဲလောင်းလေး ဆွဲ လို့ မဟုတ်လား ”

“ ဟုတ်တယ် ဆရာမ ၊ ဟုတ်တယ် ”

သုံးလေးယောက် က ပြိုင်တူအော် လိုက် ကြ၏ ။

“ ဟုတ်ပြီ ၊ ဒါဖြင့် နောက် တခု မေးမယ် ။ “ ကျူပင်ကြို ကျူပင်ကြား လောင်းကလေး နဲ့ သွား ” တဲ့ ၊ အဲဒါ ... ဘာလဲကွယ် ၊ ကျော်ကျော် ဖြေပါအုံး ”

ဖြတ်ကနဲ စဉ်းစားလိုက်၏ ။ ငယ်ငယ် ချက်ချင်း အဖြေ ရသည် ။ ဒါများ အလွယ်ကလေး ။ ငယ်ငယ်တို့ အရင် အိမ်တုန်းက အမြဲ တွေ့ နေခဲ့ရတာပဲ ။ သိ တာပေါ့ ။ သိပ် သိတာပေါ့ ၊ ဘာများ ခက်လို့လဲ ။

တစ်တန်းလုံး က တော့ တုတ်တုတ်မျှ မလှုပ် ။ တစ်ယောက် နှင့် တစ်ယောက် တီးတိုးတိုင်ပင်သံ ပင် မကြားရ ။ ငြိမ်ချက်သား ကောင်းလှသည် ။ အခါတိုင်း ကျောင်းစာ မေးလျှင် လက်ညှိုး တထောင်ထောင် နှင့် ဦးအောင် ဖြေ လိုက် ရမှ ကျေနပ်လေ့ ရှိသူ ခင်သီတာ တို့ ၊ ဝါဝါရွှေစင် တို့လည်း ငြိမ် ၊ နေမင်းထွန်း တို့ ကျော်မြင့်ဌေး တို့ လည်း ငြိမ် ။ တတန်းလုံး တွင် ဖိုးဇော် ၏ နှပ်ချေးရှုံ့သံ တရှုံ့ရှုံ့ ကို သာ ကြားနေ ရသည် ။

“ ဟော့တော် ၊ ကလေးတွေ တစ်ယောက် မှ မသိဘူးလားကွယ့် ။ နည်းနည်းလေး မှ စဉ်းစားလို့ မရတော့ဘူးလားကွယ် ”

ဆရာမလေး က ရယ်သံကလေးဖြင့် ပြောရင်း စိတ်ပါဝင်စားခြင်း ကြီးစွာ ဖြင့် နှုတ်ခမ်းကလေး တလှုပ်လှုပ် ၊ ကိုယ်ဟန်ကလေး တကြွကြွ ဖြစ် နေသည့် ငယ်ငယ့် မျက်နှာကလေး အပေါ် သို့ မျက်စိ ရောက် လာ၏ ။ ငယ်ငယ် က တော့ သူ့ ကို များ လက်ညှိုးထိုး မေး လိုက်တော့မည်လား ဟု ရင် တထိတ်ထိတ် နှင့် မျှော်လင့်နေမိသည် ။ မေးစမ်းပါ ဆရာမ ရယ် ။ ငယ်ငယ့် ကို မေး လိုက်စမ်းပါ ။ ငယ်ငယ်လေ ဖြေချင်လွန်းလို့ပါ ။ ဒါမှလေ အမြဲတမ်း စာ ရသူ ဆိုပြီး မာနတက် နေ တဲ့ ခင်သီတာ တို့ ၊ ဝါဝါရွှေစင် တို့ ကို ငယ်ငယ် အနိုင် ရ မှာ သိလား ။ ငယ်ငယ့် ကို များ မေး လိုက်ရင်လေ တခါတည်း အပြတ် ဖြေချပစ် လိုက်မှာ ။

သည်တစ်ခါ လည်း ငယ်ငယ့် ဆုတောင်း မပြည့် ပြန် ။ ဆရာမလေး က ကျော်မြင့်ဌေး တို့ အုပ်စု ဆီ သို့ စိတ် ရောက် သွားပြန်သည် ။

“ ကဲ ... ကဲ ကျော်မြင့်ဌေး ကော မဖြေနိုင်ဘူးလား ကွယ် ”

ကျော်မြင့်ဌေး က လက်မ စုပ်နေရာ က ကမန်းကတန်း ဖြုတ်ပစ်ပြီး။“ မသိဘူး ဆရာမ ” ဟု မပီမသ ဖြေလိုက်၏ ။ ပြီး ... ရှေ့သွားလေး ကျိုးနေသည် ကို ကပျာကယာ လက် ဖြင့် အုပ်ထား လိုက်၏ ။

“ ဒါဖြင့် နောက်ခုံ က မောင်စိုးသူ ကော ”

စိုးသူ က အူကြောင်ကြောင် ဖြင့် ခေါင်းယမ်း ပြ လိုက်၏ ။

“ ဆရာမ မေး ရင် ပါးစပ် က ဖြေရမယ်လို့ ပြောထားတယ်လေ ၊ ကဲ ... ထ ၊ ပါးစပ် နဲ့ ကောင်းကောင်း ဖြေ ”

“ ဂျလောက် ဂျလောက် ”

“ အဟိ ... ဟိ ... ဟိ ”

“ ခစ် .. ခစ် …. ခစ် ”

တတန်းလုံး ရယ်သံ လွှမ်းသွားတော့၏ ။ မရယ်ပဲ နေနိုင်ကြရိုးလား ။ စိုးသူ က ဆရာမ စကား ကို နာခံပြီး နှုတ် မှ ဖြေရန် ကြိုးစား လိုက်ရာ ပါးစပ် ထဲ မှ ဆီးငန်စေ့များ ထွက်ကျ လာသောကြောင့် ပင် တည်း ။

“ အဟစ် ... ဟစ် ... ဟစ် ”

ငယ်ငယ် က လည်း ရယ်ချင်စိတ် ကို မမျိုသိပ် နိုင် ။ စိတ် ရှိ လက် ရှိ ပင် ရယ်ချ ပစ်လိုက်မိ၏ ။

“ ဟဲ့ ကောင်မလေး နင် က ဘာလို့ ရယ်နေရတာလဲ ၊ သိမယ် ဟင်း ”

စိုးသူ က ငယ်ငယ့် ကို လှမ်း ကြိမ်း လိုက်၏ ။

“ အောင်မယ် မောင်စိုးသူ ရယ် ၊ မင်း လုပ်ပုံ မဟုတ်တာတော့ မပြောဘူး ၊ ရယ် တဲ့ လူ အပြစ် တင် နေရတယ် လို့ ။ အေး နော် ၊ မင်းတို့ တွေ ကြပ်ကြပ် သတိထား ။ အတန်း ထဲ မှာ မုန့်ချည်း ခိုးစား နေကြတာ ။ နေဦး ၊ တစ်နေ့ မှ အမိ ကို ဖမ်း ဦးမယ် ။ ဟဲ့ ... ဟဲ့ ကောင်လေး နှစ်ယောက် ဘာ ဖြစ်နေကြတာလဲ ”

လုဟယ် ၊ တွန်းဟယ် ဖြစ်နေကြသည့် အေးကို နှင့် ခင်မောင်ထွန်း တို့ တန့် သွား၏ ။

“ အေးကို ဆီ မှာ နေကြာစေ့တွေ  ခင်ဗျ ”

“ မဟုတ်ဘူးဗျ ... သူ့ ဟာတွေ ”

တိုင်သံ တောသံ ကို ပြိုင်တူပင်  ကြား လိုက်ရ၏ ။

“ ကဲ ... ယူခဲ့စမ်း ၊ ဘယ်သူ့ ဟာ ဖြစ်ဖြစ် ။ မင်းတို့ က သိပ် ပြောရတာပဲ ကွယ် ။ ကလေးတွေ လိမ်လိမ်မာမာ နေကြစမ်း ဟယ် ”

ငယ်ငယ် က တော့ ဆရာမလေး ကို သနား သွားမိပြန်သည် ။ ဟုတ်ပါရဲ့ ။ စာ လည်း သင်ပေးရ ၊ ပြော လည်း ပြောရသေး ၊ တကယ့် ကို မော နေ မှာပဲ ။ ကြည့်ပါဦး ။ ခုပဲ မော သွားဟန်ဖြင့် မတ်တတ် ရပ် နေရာ က သူ့ ကုလားထိုင် တွင် အသာအယာ ဝင် ထိုင်လိုက်ပါပြီ ။

“ နားထောင်ကြနော် ၊ ကျူပင်ကြို ကျူပင်ကြား လောင်းကလေးနဲ့ သွား ဆိုတာ တခြားဟာ မဟုတ်ဘူး ကလေးတို့ ရဲ့ ။ ယက်ကန်း ရက်တဲ့ အခါ ထည့်ပြီး အသုံးချ ရတဲ့ လွန်း ကို ခေါ်တာ ။ စာအုပ် ထဲ ကို ကြည့် လိုက်ကြစမ်း ၊ တွေ့လား ၊ သူ့ ပုံစံက လှေကလေး လို ပဲ လေ ။ ယက်ကန်း ယက်တဲ့ အခါ ချည်မျှင်တွေ ကြား မှာ သူ က ဟိုဘက် သည်ဘက် လူးလာခတ် နေ ရတာကွယ့် ။ ယက်ကန်းစင် ကို ကလေး တို့ မျက်မြင် တွေ့ ရရင် ပို သိလာလိမ့် မယ် နော် ။ ကဲ ... စာအုပ်တွေ ပြန် ပိတ် လိုက်အုံး ၊ နောက် တစ်ခု မေးမယ် ”

ဆရာမလေး ၏ စကားကို စိတ်ဝင်စား နေမိသည့် ငယ်ငယ့်ကို တစ်စုံ တစ်ခု သော ဝေဒနာက လှုပ်နှိုး ပစ် လိုက်၏ ။

“ အား ... ကျွတ် ... ကျွတ် ၊ နာလိုက်တာ ”

ပါး ဖောင်းဖောင်းကလေး ကိုလက် ဖြင့် ဖိထား လိုက်မိ၏ ။ ထိုအခါ သွားကိုက် ဝေဒနာ က သက်သာ သွား သလိုလို ။ သည်လ အတွင်း မှာ ကို ငယ်ငယ့် သွား တွေ ကျိုး တာ နှစ်ချောင်း ရှိ ခဲ့ပြီ ။ အပေါ် က သွားတွေ ကျိုးပြုတ် ထွက်ကုန်ပြီး အောက် က သွားလေးတွေ ပင် ပြူတစ် ပြူတစ် ပေါ် လာပါပြီ ။ သည် တစ်ချောင်း ကျိုးထွက် သွား လျှင် ကော သူ့ နေရာ မှာ အသစ် တစ်ချောင်း ပေါက်လာပါဦး မလား မသိ ။ မပေါက်ခဲ့ လျှင်တော့ သူများတွေ က “ သွားကျိုး ... သွားကျိုး ” နှင့် စ ကြတော့မှာ ပဲ ။

“ ဖြေလေ ကလေးတွေ “ ငါ့ နွားတကောင် ဘို့တထောင် ” တဲ့ ၊ စဉ်းစား နော် ၊ ဒီတခါ မှန်အောင် ဖြေနိုင်တဲ့ လူ ကို ဆရာမ က ခဲတံ တစ်ချောင်း ဆု ချမယ် ”

ဆရာမလေး လက် ထဲ က ခဲတံလေး ကို ငယ်ငယ် မက်မောနှစ်သက်စွာ လိုက် ကြည့် နေမိသည် ။ ငယ်ငယ် လိုချင်လိုက်တာ နော် ။ ခဲတံ အသစ်ကလေး သာ ရရင် ငယ်ငယ် ရိုရိုသေသေ သိမ်းထား မှာပါ ။ ဆရာမ ပေးတဲ့ ဆု ကို ငယ်ငယ် သိပ် လိုချင်တာပဲ ။ ဒီတခါ တော့ ငယ်ငယ် ဖြေ လိုက်တော့မယ် ။ ခင်သီတာ တို့ ၊ ဝါဝါရွှေစင် တို့ မျက်စောင်း ထိုးလည်း ခံ လိုက်တော့မယ် ။ ငယ်ငယ် က အဖြေ ကို သိတာပဲ နော် ဆရာမ ရယ် ။ အဖြေ မှန်တဲ့ လူ ကို ဆရာမ က ဆု ချမယ်လို့ ပြောထားတာပဲ ၊ မဟုတ်ဘူးလား နော် ။ ဒါမှ ခဲတံ အသစ်ကလေး ရမှာ မဟုတ်လား ။ ခဲတံလေးကလဲ လှလိုက်တာ ။

ဆေးရောင်စုံ အရုပ်ကလေးတွေ ခြယ်ထားတာ သိပ်လှတာပဲ ။ ဟိုတစ်ခါ မမ ပေး ထားတဲ့ ခဲတံလေး က တိုတိုလေး ပဲ ရှိတော့တာ ။ ရေး လို့ တောင် သိပ် မကောင်းတော့ဘူး ။ ဆရာမ ခဲတံလေး ရ ရင်တော့ ပွ တာပဲ ။

“ ကလေးတွေ ... ကလေးတွေ ... ဖြေကြလေ ကွယ် ။ သမီး သီတာ မဖြေနိုင်ဘူးလား ၊ စဉ်းစားပါဦး ကွယ် ။ ငါ့ နွားတစ်ကောင် ဘို့ တစ်ထောင် တဲ့ ၊ သိရင်ပြောကြ ။ ဒီမှာ ဆု ကအဆင်သင့် ရှိတယ် ”

ဆရာမလေး မျက်လုံးသူ့ ဆီရောက်လာ ပြန်တော့ ငယ်ငယ် ရုတ်ခြည်း အားရှိ သွားသည် ။ ဖြတ် ဆို လက်ညှိုးလေး ထောင်လိုက်ပြီး ...

“ သိတယ် ဆရာမ ၊ သိတယ် ။ အဲဒါ ... ကြက်ဟင်းခါးသီး ”

ကသုတ်ကရက် ဖြေ လိုက်မိ၏ ။ သူ့ ထက် သူများ ဦး သွားမှာ စိုးရိမ်လွန်း သဖြင့် မြန်မြန် ကြီး ဖြေလိုက်မိ၏ ။ ပြီးတော့ မျက်လုံး က ခဲတံကလေး ဆီ မှာ ။

“ အို ... သူ နဲ့ ဘာ ဆိုင်လို့လဲ ၊ ဆရာမ ၊ သူ နဲ့ မဆိုင်ဘူး နော် ။ သွား နင် ဖြေစရာ မလိုဘူး ”

ဝါဝါရွှေစင် က သူ့ ခုံ မှ ဖြတ် ဆို ထ ကာ ငယ်ငယ့် ကို လှမ်း ရန်တွေ့ လိုက်၏ ။

“ ဆိုင်တယ် ၊ ဆိုင်တယ် ။ ငါ သိလို့ ငါ ဖြေတာ ၊ ဆရာမ က သိတဲ့ လူ ဖြေ တဲ့ ၊ မှန်တဲ့ လူ ကို ခဲတံ ပေးမယ် ပြော ထားတာနော် ဆရာမ ... နော် ”

“ အိုး ... ရှက်လဲ မရှက်ဘူး ၊ သူကဖြင့် ...  ”

ခင်သီတာ က မဲ့ကာ ရွဲ့ကာပြော၍ မဆုံးသေး ။ ကျောင်းဆင်း ခေါင်းလောင်းသံ ကြား လိုက်ရသည် ။ ဆရာမလေး က ငယ်ငယ့် ဆီ လျှောက် လာ ကာ ကြင်နာပြုံး ဖြင့် ...

“ သမီး က ဒီ ခဲတံ လိုချင်လို့လား ကွယ့် ”

“ ငယ်ငယ် မှန်အောင် ဖြေနိုင်တဲ့ဟာ ပဲ ”

“ အေးပါကွယ် ... ဟုတ်ပါတယ် ။ ဆရာမ က လဲ ပေး မလို့ မေး တာပါ ။ ကဲ ... ရော့ ယူလိုက်တော့ နော် ”

ခဲတံ ကို မက်မက်မောမော ကိုင်ကာ ဖင်ပြန် ခေါင်းပြန် ကြည့်နေမိသည် ။ ဟာ ... ဒီ နီနီလေး က ပန်းသီးလေး တွေ ၊ ဒီ ဝါဝါတွေက လိမ္မော်သီးလေးတွေ ၊ ဒါလေးတွေ က စပျစ်သီး ၊ ဒါလေးတွေ က နာနတ်သီး ။ အရောင်လေးတွေ က စုံ နေတာပဲ ၊ ပျော်လိုက်တာ နော် ။ ပျော်လွန်း၍ စောစော က ထမင်း ဆာ ခဲ့သည် ကို ပင် မေ့ နေတော့၏ ။

“ ဟဲ့ ... ငယ်ငယ် ၊ ငါ ထမင်းဆာလှပြီ ဟ ”

လှည့် ကြည့် လိုက်တော့ မမ ။ မမ နောက် မှာ ရှုးသိုးသိုး နှင့် ရပ် နေသူ က မောင်မောင် ။ မမ က ခြောက်တန်း ။ မောင်မောင်က သုံးတန်း ။

ငယ်ငယ် က သူ့ ခြေရင်း တွင် ချ ထားသည့် ခြင်းတောင်း ကို အသာ မ ယူ လိုက်၏ ။ ခြင်း ထဲ မှာ သုံးဆင့်ချိုင့် တစ်ခု ၊ လိမ္မော်သီး နှစ်လုံး ၊ သကြားလုံး လေးလုံး ။

“ မမ ငယ်ငယ့် ကို ဆုံးမ ထားအုံး ၊ သူ အားကြီး မိုက်ရိုင်းတယ် ”

ငယ်ငယ် ကြောက် သွားသည် ။ မောင်မောင် ဘာဖြစ်လို့ သည်လို တိုင်မှန်း တွေး မရတော့ ။

“ သူ မောင်မောင်တို့ ဆရာမ က မေးတာတွေ ကို ဝင် ဝင် ဖြေတယ် ၊ ခင်သီတာ က လေ သူ နောက် တခါ ဒီလို ဝင် ဖြေရင် ”

“ အောင်မယ် သူ ကများ ၊ ရိုက်ရဲ ရိုက်ကြည့်ပါလား ၊ ငါ က လည်း ပြန် တွယ် ပစ်မှာပေါ့ ။ ဟင်း ... သူ့ ကို များ ငါ က ကြောက်လိမ့်မယ် မှတ်နေလား ”

တကယ် လည်း မကြောက်ပါ ။ ခင်သီတာ က ငယ်ငယ့် ထက် ပို၍ စာ တော်သည် ၊ လူချစ်လူခင် များသည် ၊ အဝတ်အစားသစ် ပေါသည် ၊ နှုတ်စွာသည် ထားဦး ။ တကယ်တမ်း လက်တွေ့ တွယ်ကြ ၊ ချကြစတမ်း ဆိုလျှင်တော့ ငယ်ငယ့် လို ကျောက်ဒိုးကလေး လို အကြမ်းပတမ်း ခံနိုင်သူ ကို ခင်သီတာ လို ပျော့ပျော့နွဲ့နွဲ့ လှလှပပကလေး နေသူ က ဘယ်မှာ နိုင်နိုင် ပါ့မလဲ ။ ထို့ကြောင့် ငယ်ငယ် ခင်သီတာ ကို နည်းနည်းကလေးမျှ မကြောက် ။

“ ငါ တို့ အတန်း ထဲ မှာ စာ မေးတာ ၊ နင့် ကို မေးတာ မှ မဟုတ်ဘဲ ၊ နင် နဲ့ ဘာဆိုင်လို့လဲ ”

“ ဟုတ်သားပဲ ၊ ငယ်ငယ် ကလည်း နင် နဲ့ ဘာဆိုင်လို့လဲ ။ နောက် ကို ထမင်း လာ ပို့ရင် စာသင်ခန်းတွေ နား မလာနဲ့ ၊ ကျောင်းပေါက်ဝ က သစ်ပင် အောက် မှာ စောင့်နေ ၊ ကြားလား ။ မဆိုင် တဲ့ နေရာ ဝင်ဝင် မရှုပ်စမ်း နဲ့ ။ မေမေ့ တိုင် လိုက်ရင် နင် အရိုက် ခံရမှာ ။ နားလည်လား ”

စောစောက ရှိနှင့်သည့် ပျော်ရွှင်မှုတွေ ၊ ကြည်နူးမှုတွေ ၊ မာန်တွေ အစား ငယ်ငယ့် ရင် ထဲ သို့ အားငယ်မှုတွေ ၊ ဝမ်းနည်းမှုတွေ တိုးဝင် လာသည် ။

“ ဘာဆိုင်လို့လဲ ” တဲ့ ။

“ ဘာဆိုင်လို့လဲ ” တဲ့ ။

ချက်ချင်းပင် မျက်ရည်တွေ ဝေ့ လာသည် ။ မောင်မောင် တို့ အတွက် ထမင်း ပြင် ပေး နေသည့် ငယ်ငယ့် လက်ကလေးတွေ တုန် လာသည် ။

“ ဟဲ့ ကောင်မလေး ၊ ငါ ပြောတာ ကြားလား ”

“ ဟုတ် ... ဟုတ်ကဲ့ မမ ”

“ အမယ်လေး ၊ ဒီလောက်ကလေး ပြောတာ နဲ့ မျက်ရည် က ကျရ ပြန်ပြီ ။ ကတည်း ... အဖြစ် သည်း နေလိုက်တာ ။ တိတ်စမ်း လူမြင် မကောင်း သူမြင် မကောင်း ”

မမ က ကြိတ် မာန်၏ ။

“ ပုစွန်ထုပ် က တစ်ယောက် နှစ်ကောင် ထဲ လား ၊ ဝက်သားလုံး က ကော တစ်ယောက် လေးလုံး ထဲ လား ။ မှန်မှန် ပြောစမ်း ၊ လမ်း မှာ နင် ခိုးစားခဲ့သေးလား ”

“ ဟင့်အင်း ... မစားပါဘူး မောင်မောင် ရယ် ”

“ ယုံပေါင် ... ကျိန်ပြောရဲလား ”

“ ရဲပါ့ ... ဆယ်ခါပြန် ကျိန်ရဲသေး ”

ငိုသံပါလေးနှင့် ညည်းညူရင်း မျက်ရည်တွေ က ငယ်ငယ့် ပါးပြင် ပေါ်သို့ အလိုက်ကန်းဆိုး မသိတတ်စွာ လိမ့်ဆင်း ကျလာပြန်တော့၏ ။

◾ကြူကြူသင်း

📖 တစ်ကမ္ဘာလုံး နှင့် တစ်ယောက်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment