Friday, February 3, 2023

သပ်သပ် ရှိတယ်


 

❝ သပ်သပ် ရှိတယ် ❞

ကျွန်တော့် မှာ အားနည်းချက် တစ်ခု ရှိသည် ။ စာအုပ် မိတ်ဆက်ပွဲ ၊ ရုပ်ရှင် ကန်တော့ပွဲ ၊ ဟို နှစ်ပတ်လည်ပွဲ ၊ သည် ရွှေရတု ငွေရတုပွဲ … ဘယ်လို ပွဲမျိုး သွားသွား ကျွန်တော် နဲ့ ခွင် မတည့် ။ တွေ့ တဲ့ လူ နဲ့ ကြုံတဲ့ ဝိုင်း မှာ ထိုင်ပြီး အလိုက်အထိုက် စကား လက်ဆုံ ကျသည် မျိုး မရှိ ၊ ခပ်တည်တည် နှင့် ငေါင်စင်းစင်း ဖြစ် နေ တတ်သည် ။ ကျွန်တော့် အား ဆီး၍ စတတ် ၊ နောက်တတ် ၊ ဝေဖန်တတ် သော မိတ်ဆွေ တစ်ဦးဦး နှင့် တွေ့မှ သာ အပြန်အလှန် ငြင်းခုံ စနောက် ရင်း ဖြင့် နေသား ကျ သွားလေ့ ရှိသည် ။ ဒီလို မနေတတ် မထိုင်တတ် ကြောင့် ပဲ ပွဲတွေ အသွား ကျဲ လာသည် ။ ကျွန်တော့် ကို လည်း သိပ် မဖိတ်ကြတော့ ။ မဖိတ် မဖြစ် ၊ မသွား မဖြစ် ပွဲများ ကို သွား လျှင်လည်း ခန်းမ ထဲ အဝင် ဘယ်ဝိုင်း သွား ရမှန်း မသိ ခြေလှမ်း ပျက် နေ တတ်သည် ။ ဘယ်တော့မှ “ ရစ်သမ် ” မကိုက် ။ ကိုမင်းလူ တစ်ယောက် ကျွန်တော့် အရင် ရောက် နှင့် နေလျှင် တော့ ဆေးလိပ်တို ညှပ်ထားသော လက်လေး မသိမသာ မြှောက် ပြပြီး ကျွန်တော့် ကို ဖိတ်ခေါ် သည့် သဘော လုပ် ပြလေ့ ရှိသည် ။ “ ဒီ လူ ဆေးပေါ့လိပ် အသစ် ဝယ် မသောက်ဘဲ သူများ အတို လက်ကြား ညှပ် လာတာလား ၊ ခင်ဗျား ကို တွေ့ ရင် ဒီ အတို နဲ့ ပဲ ” လို့ ပြော ပစ် လိုက်မည် ဟု ကျွန်တော့် ဘာသာ ကျွန်တော် စိတ်ကူး နဲ့ ပြောရင်း သူ ရှိရာ ချဉ်းကပ် သွား လိုက်သည် ။

“ ကွန်ပျူတာ ထဲ က ရှာပြီး သား ပုံ ကို ခလုတ်ကလေး တစ်ချက် နှစ်ချက် နှိပ်ပြီး ပြင် ပေး လိုက်ရင် မျက်နှာဖုံး တစ်ဖုံး ရတာများ အလုပ် များ ချင် ယောင် ဆောင် ပြီး ဘာလို့ ဒီလောက် နောက်ကျ နေရတာလဲ ” ဟု သူ က ပြောသည် ။

“ ကွန်ပျူတာ ဘယ်လောက် ပေးရပြီး ဘယ်လောက် ခက်တယ် ဆိုတာ ခင်ဗျား သိ လို့လား ။ ခင်ဗျား လို ငါးကျပ်တန် ဘောလ်ပင် တစ်ချောင်း နဲ့ သမီး ဗလာစာအုပ် အကျန်လေး လေးငါးရွက် နဲ့ ပိုက်ဆံ ဖြစ်တာ မဟုတ်ဘူး ”

“ ဟ … မင် တစ်စက် က တိုင်းပြည် အတွက် ဘယ်လောက် အရေး ကြီးတယ် ဆိုတာ ခင်ဗျား မသိဘူး မဟုတ်လား ” 

“ အဲဒါဆို ခင်ဗျား ကလောင်နာမည် ကို မင်းလူ ကနေ မှင်လူ လို့ ပြောင်းလိုက် ”

“ ဘာလဲ ခင်ဗျား က ခင်ဗျား နာမည် မြင့်မောင်ကြာ ဖြစ်သွားတာ မကျေနပ်လို့ ၊ သူများ နာမည် ကို ပါ လိုက် ပြောင်းဖို့ ကြိုးစား နေတာပေါ့လေ ”

စသည်ဖြင့် ပွဲ သာ ပြီး ရော ၊ ပြန်သာ ပြန်ရော အပြန်အလှန် စကားနိုင် လု ငြင်းခုံ ရန်ဖြစ် လို့ မဆုံး ။ ဒီတော့ ကျွန်တော် ခွင်ကျ သွားသည် ဟု ဆိုရမည် ။ ကျွန်တော် တို့ ရန် ဖြစ်သည် ကို တစ်ခါတစ်ရံ ကျွန်တော်တို့ နှင့် တစ်ဝိုင်း တည်း ရှိတတ် သည့် မချိုရီ က စိုးရိမ်သည့် မျက်နှာ ဖြင့် “ တော်ကြတော့ တော်ကြပါတော့ တကတည်း ” ဟု ပြောလျှင် ကိုဝဏ္ဏ က “ မစိုးရိမ်နဲ့ ၊ ဒီ ငတိ နဲ့ ငါတို့ နဲ့ ဆက်ဆံရေးက သပ်သပ် ရှိတယ် မင်း မသိဘူး ” ဟု ပြောလေ့ ရှိသည် ။ မည်သည့် ပွဲ မဆို ကိုမင်းလူ ဇနီး မရှန် သည် လည်းကောင်း ၊ ကျွန်တော့် အမျိုးသမီး မအေးထိုက် သည် လည်းကောင်း လိုက်လာလေ့ မရှိ သောကြောင့် ကျွန်တော် တို့ နှစ်ယောက် က ဘယ်သူ့ မျက်နှာ မှ မထောက်ထား ဘဲ လွတ်လွတ်လပ်လပ် ပြောချင် ရာ ပြောကြ ၊ ရန်ဖြစ် ကြသည် ။ ပွဲ တစ်ပွဲ သွားတော့မည် ဆိုလျှင် ဟို ရောက်ပြီး ကိုမင်းလူ နှင့် တွေ့လျှင် ဘာ ပြောလိုက်မည် ။ သူ က ဘာ ပြန် ပြောမလဲ စသည်ဖြင့် တွေးရင်း ကြိုတင် စိတ်ကူး နေ ဖြစ်သည် ။

သူများတကာတွေ ( ၈၈ ) နှစ်ပတ်လည် ပွဲ လုပ်တော့ လည်း ကိုမင်းလူ နှင့် ကျွန်တော် က ရှစ်ဆယ့်ရှစ် ၊ ကိုးဆယ် က အကြောင်းတွေ ပြန် ပြောရင်း ရန် ဖြစ်သည် ။ ဘာတွေဖြစ်ကုန်ကြပြီလဲ လက်ကမ်းစာစောင် အမှုတွဲ တွင် ကိုမျိုးမြင့်ညိမ်း ၊ ကိုမင်းလူ ၊ ကိုစိန်လှိုင် အဖမ်း ခံရသည် ။ ထောင် ကျသည် ။ ကျွန်တော့် ကို “ ခင်ဗျား က ဖြူဖတ်ဖြူရော်လေး နဲ့ ဆိုတော့ ထောင် ထဲ ရောက်လည်း ငို နေမှာပဲ ဆိုပြီး ထောက်လှမ်းရေး ၊ စစ်ကြောရေး အဆင့်ဆင့်မှာ ကျုပ်တို့ က ခင်ဗျား ကို လွတ်အောင် ရှောင်ပြော ပြီး ချန်ထားခဲ့တာ ” ဟု ကိုမင်းလူ က ပြောသည် ။

ကျွန်တော် က လည်း “ ထောင် ကျတဲ့ လူ ကို ပဲ ဝိုင်းပြီး ဂုဏ်ပြု နေကြတာ ။ အပြင် မှာ ကျန်ခဲ့ပြီး ထောင်ဝင်စာ တွေ့ ရတဲ့ လူတွေ ဘယ်လောက် ဒုက္ခ ရောက် နေသလဲ ဆိုတာ ဘယ်သူ မှ အရေး လုပ်ပြီး မရေးကြဘူး ။ ခင်ဗျားတို့ ကို ရုံးချိန်း ယောင်ယောင် ဘာယောင်ယောင် နဲ့ စတီးဝပ် အချုပ်ခန်း မှာ လာ စောင့် ရတာ ကျွန်တော် ဘယ်လောက် ဒုက္ခ ရောက်တယ် မှတ်လဲ ။ ခင်ဗျားတို့ ကို ထောင်ဝင်စာ တွေ့ ရတာ တစ်ပတ် တစ်ပတ် ဘယ်လောက် ကုန်တယ် ၊ ဘယ်လောက် ဒုက္ခ ရောက်တယ် မှတ်လဲ ။ ခင်ဗျား တို့ အမဲကြော် သုံးလေးခု လောက် စားရဖို့ ကျုပ်တို့ က နှစ်ပိဿာ လောက် သွင်း ယူ ရတယ် ။ အဲဒီ ခေတ် က အပြင် မှာ ငွေ ရှာ ရတာ ဘယ်လောက် ခက်တယ် မှတ်လဲ ။ အပြင် မှာ ကျန်ခဲ့တယ် ဆိုပေမယ့် အစိုးရ နဲ့ ပေါင်းတဲ့ လူတွေ လောက် ပဲ ငွေရ လွယ်တာ ။ ခင်ဗျားတို့ က ငွေ ရှာရတဲ့ သူတွေ မဟုတ်ဘူး ။ ထောင် ထဲ မှာ အဆင်သင့် ထိုင် စောင့်ပြီး ပေးကမ်း စွန့်ကြဲနေကြတာ ။ အလကား နှစ်တွေ ကြာအောင် အထဲ မှာ ထပ်ထပ်ပြီး ဆန္ဒပြ ပြ နေကြတယ် ” ဟု အားကျမခံ ပြန်ပြီး ပြော ပစ် လိုက်သည် ။ အဲဒီ နေ့ က အနားမှာ ရှိတဲ့ လူတွေ ရယ်ကြ သဖြင့် ကိုမင်းလူ ကျွန်တော့် ကို ပြုံးပြုံးကြီး အရှုံး ပေးသည် ။

ယုတ်စွအဆုံး ကိုဝဏ္ဏ ကို လူမမာ သွား မေးသော နေ့ က ပင် အိမ်ပြင် ရောက်တာ နဲ့ ကိုမင်းလူ နှင့် ရန် ဖြစ် ပြန် ခဲ့သည် ။

ကိုမင်းလူ နှင့် စကားနာ ထိုး ၊ စကားနိုင် လု ပြောသမျှ ဂဃနဏ ပြော ရလျှင် ဆုံးမည် မထင် ။ အခုတော့ ကျွန်တော့် အဖြစ် က ကိုမင်းလူ ၏ ဝတ္ထု တစ်အုပ် ထဲ က လို ဖြစ် နေသည် ။

ပုဂံလမ်း မှာ ပေါ့ ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် တွေ့တိုင်း ဘုဘောက် ကျသည် ။ အကြီးအကျယ် ရန် ဖြစ်သည် ။ တစ်ယောက် နှင့် တစ်ယောက် မတွေ့ အောင် ရှောင်သည် ။ ကောင်လေး သေ သွားသည် ။ ကောင်မလေး က ဒါကို မသိ ။ မတွေ့တာ ကြာတော့လည်း တစ်ယောက် တည်း စိတ်ကူး နှင့် ရန် ဖြစ်သည် ။

ဒီနှစ် ရွှေအမြုတေ စာပေဆုပေးပွဲ တွင် ကျွန်တော် နောက်ဆုံး စားပွဲ တစ်နေရာ မှာ ငေါင်စင်းစင်း ဖြစ်နေ တုန်း မဝိုင်း ( ကံ့ကော်ဝတ်ရည် ) က လာပြီး နှုတ်ဆက် သည် ။

“ ဘာလဲ … ကိုမင်းလူ နဲ့ ရန် ဖြစ် နေတာလား ”

ဟု မေးသည် ။

ကျွန်တော် က

“ အင်း … ကိုမင်းလူ က ဘာ ပြောတယ် ထင် သလဲ ။ ဟောဒီ ဘောကွင်းကြီးတွေ က တကယ့် ဘောကွင်းတွေ ဆိုပေမယ့် ခင်ဗျား ခန္ဓာကိုယ် ဆိုရင် တော့ နစ် မှာ သေချာတယ် ”

ဟု ကျွန်တော့် ဆယ်ပေါင် လောက် တိုး လာသော ဗိုက် ကို လက်ညှိုး နဲ့ ထိုး ပြီး ပြောသည် ။ ကျွန်တော် က ဒီလို ပြန် ပြောသည် ။

“ အင်းလေ … ဒါပေမဲ့ ခင်ဗျား အတွက် လည်း ပေါက် နေတဲ့ ဘောကွင်း တစ်ခု ရှာလာတယ် ။ မနစ် မှာ မပူနဲ့ ကိုယ့်လူ ”

ဟု ရောက်လေရာ အရပ် မှာ ငေါင်စင်းစင်း ဖြစ် နေတိုင်း ကိုမင်းလူ ကို အာရုံ ထဲ မှာ ပေါ်လာပြီး ရန် ဖြစ်သည် ။

ဒီလိုနှင့် ဒီနှစ် တစ်နှစ် လုံး မရှိတော့သည့် လူများ နှင့် အပြန်အလှန် စကား ပြော ကြည့်သည့် အကျင့် ရ လာသည် ။ တစ်ခါ တစ်ခါ ကိုမောင်မောင်သိုက် နှင့် စကား ပြောသည် ။ တစ်ခါတစ်ခါ ကိုဝသုန် နှင့် ။ တစ်ခါတစ်ခါ ကိုခင်မောင်မြင့် နှင့် ပါ ပြောဖြစ် နေသည် ။

ဘယ်တော့မှ သေ မသွားသော အကြောင်း အကျိုး ဆက်စပ်တရားများ က လည်း ကျွန်တော့် ပတ်ဝန်းကျင် တွင် တဝဲလည်လည် ရှိ နေသည် ။ ထို့ကြောင့်ပင် အနုပညာသမား တိုင်း တွင် ဘယ်တော့ မှ မသေသော ကလောင်အမည် တစ်ခု ပိုင်ဆိုင် ထားခြင်း ဖြစ်ပေသည် ။

ကိုဝသုန် ငါးနှစ်ပြည့် အမှတ်တရပွဲ တွင် ကျွန်တော် စကား ပြော ဖို့ အလှည့် ကျတော့ ကျွန်တော့် စကား ၏ နိဂုံးပိုင်း က “ ဒီမှာ အင်ကြင်း ရဲ့ ၊ မင်းတို့ လွန်ခဲ့တဲ့ ငါးနှစ် က သင်္ဂြိုဟ် လိုက်တာ ကိုယ်တို့ နဲ့ ဖက် သောက် နေတဲ့ ကိုခင်လှ သာ ဖြစ်သည် ။ ဝသုန် အစစ် က ဘယ်တော့မှ မသေဘူး ။ အခုပဲ ကျွန်တော် နဲ့ ထိုင် ပြီးတော့ စကားတွေ အများကြီး ပြော ဖြစ် သွားပြီ ” ဟုပင် ဖြစ်သည် ။

အခုလည်း ယုယ ကို ပြော ချင်သည် ။ ယုယ တို့ မိသားစု သန်းခေါင်စာရင်း ထဲ က ကိုဉာဏ်ပေါ် ထွက်သွား လို့ ရသည် ။ မင်းလူ ကတော့ ကျွန်တော် နှင့် ရန် ဖြစ် ကောင်းတုန်း ၊ မင်းလူ စာအုပ်တွေ ကလည်း အကြောင်းအကျိုး ဆက်စပ် ထွက်ပေါ် နေဦးမည် ပေါ့ ။ မင်းလူ ဆို တာ ကတော့ ဘယ်တော့ မှ မသေ …  ။

သပ်သပ် ရှိ နေသည် ။

◾မြင့်မောင်ကျော်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment