“ ကဲ ... ကျွန်တော်ပဲ ဆိုတော့မယ်ဗျာ ” ဆိုပြီး မယ်ဒိုလင် ကို ပိုက်ကာ အနောင်စာ လုပ်နေတဲ့ ဒေါ်မြတင်ကြီး ဆီ ကမန်းကတမ်း သွားပြီး ...
“ ကျွန်တော့် သီချင်း ထဲ မှာ စကား တစ်ပိုဒ် ဝင် ပြောပေးစမ်းပါ ”
ဆိုတော့ ဒေါ်မြတင် က မိုက်ခွက်ကြီး ကိုင်ပြီး ယောင်တောင်တောင် နဲ့ ခေါင်းညိတ် ကာ ...
“ အင်းအင်း ... ဘယ် အချိန်မှာ ပြောရမှာလဲ ”
“ ဟိုလေ ကျွန်တော် မျက်စ ပစ် လိုက်ရင် ပြောတော့ ”
ဆိုတော့ ဒေါ်မြတင် လည်း ခေါင်းညိတ်တယ် ။
ဇော်ဝိတ်ကြီး က မယ်ဒိုလင် ပိုက်ပြီး စင်ရှေ့ ပြန် ထွက် လာကာ ...
“ ကျွန်တော် အခု သီဆိုမယ့် သီချင်း ကတော့ ဟင်္သာတထွန်းရင် ရဲ့ စကားပြောသော အသည်းနှလုံး ဖြစ်ပါတယ် ... ရှုစားနားဆင်ပေးကြပါ ”
စိတ် မပျက်ကြပါဘူး ။ အားလုံး လက်ခုပ်တီး အားပေးကြသေးတယ် ။
ဘာလို့လဲ ဆိုတော့ ဇော်ဝိတ် ရဲ့ ဘဝ က အဲဒီ သီချင်းစာသား နဲ့ အလွန် ကိုက်ညီခဲ့တာကိုး ။
အဖြစ် က ဒီလို ။
ဇော်ဝိတ် ငယ်စဉ်က ချောတုန်း လှတုန်း အချိန် ။ ခေတ် အမြင်ရှိပြီး ယောက်ျား မှန်ရင် အလေး မ ရမယ် ဆိုတာ သူ တစ်ယောက် တည်း သိပြီး ဂဝံကျောက်တုံး နှစ်တုံးကို အုန်းဆံကြိုး နဲ့ ချည်ထားတဲ့ ခြင်းတောင်းကြီး ထဲ ထည့်ပြီး ဝိတ် မနေတုန်း အချိန် မှာ ပေါ့ ။
တစ်ရွာလုံး က ပျိုပျိုအိုအို ကာလသမီးများ ကြိုက်ကြပါလေရဲ့ ။ နို့ပေမယ့် ဇော်ဝိတ် က ရွာနား က မြက် ရွာနွား မစားဘူး ဆိုတဲ့ စကား အတိုင်း တစ်ဖက်ရွာ က မြက်နု ဖြစ်တဲ့ “ ဝပု ” ဆိုတဲ့ ကလေးမ ခိုးချ လာပါရော့လား ။ ဝပု ဆိုတဲ့ ကလေးမ က လည်း ချောလှတော့ ဇော်ဝိတ် ခမျာ သဘော ကျခဲ့ပုံ ရတယ် ။ ဒါကြောင့် အိမ် မှာ ချိတ်ဆွဲ ထားတဲ့ နတ်အုန်း အလား ကိုးကွယ်ထားပြီး ပွတ်သီးပွတ်သပ် နဲ့ အရာပေး ချစ်ရှာခဲ့တယ် ။ နာမည် ကိုတောင် ဝပု လို့ ပြတ်ပြတ်ကြီး ခေါ်ရင် အချစ် လျော့တယ် ထင်မှာစိုးလို့ “ ဝပုရာဘရာလာတီပု ” ဆိုပြီး သံစဉ်ကလေး နဲ့ ခေါ်တယ် ... ။ လူ က “ အလေး ” မ တဲ့ အပြင် အနုပညာ က လည်း အနုပညာသမား ကိုး ဗျ ။
ဒါပေမယ့် ရုပ်ကလေး သာ လှပြီး စိတ် ထား မလှတဲ့ ဝပုမ ဟာ ဇော်ဝိတ် မရှိချိန် ဇော်ဝိတ် အမေ ဒေါ်ဝင်းတင်ကြီး ကို အိမ် မှာ အို လှ ဆိုပြီး မောင်းချ လိုက်ပါလေရောလား ။ ရက်စက်တဲ့ လုပ်ရပ်ပေါ့ ။ ဒါကိုတောင် ဇော်ဝိတ် ခမျာ ဝပုမ ကို အပြစ် မမြင် ချစ်ခင် ရှာတုန်း ။ ဝပုရာဘရာလာတီပု နေတုန်း ။
နောက်ဆုံးတော့ မိခင် ဒေါ်ဝင်းတင်ကြီး ခမျာ သား စိတ် နဲ့ ဆုံးသွား ရှာတယ် ။ ဇော်ဝိတ် အမြင်မှန် ရချိန် မတော့ သူ့ ရဲ့ ရှုမငြီးတဲ့ အသည်းကျော် ဝပုမ က သူ့ အိမ် ရှိတာ အကုန် ရောင်းချပြီး ငယ်ချစ်မောင် ကျော်ကိုကို ဆိုတဲ့ ကု,လားလင်းတလေး နဲ့ နောက်တစ်ကြိမ် လင်နောက် လိုက်သွား ရှာပြီ ။ လင်နောက် မလိုက်လို့ လည်း မရတော့ဘူးလေ ။ ဇော်ဝိတ်ကြီး က လက်ပူးလက်ကြပ် လက်ဆုပ်လက်ကိုင် မိ သွားတာ ကိုး ။ ကု,လားလင်းတ မောင်ကျော်ကိုကို က ဒဂူးကူကူး ဆော့နေတာပါ ဆိုပြီး ညာတယ် ။
ဒါပေမယ့် ဒီ အဆင် နဲ့ ဒီ အဆင် ဒဂူးကူကူးဆင် မှ မဟုတ်ဘဲ ။ အဲဒီတော့ အရှက် မကွဲခင် ပြေးရပြီပေါ့ ။
ဒီလိုနဲ့ ဇော်ဝိတ် ခမျာ လောက ကို စိတ်နာပြီး ရှိသမျှ အကုန် ဖြတ်မဟဲ့ ကြုံးဝါးရင်း ဖြတ် ခဲ့တာ ခေါင်းပေါင်း တစ်ရာ ကျော် ရှာပေါ့ ။ ( ဆံပင် ပြော တာ နော် ) ။ အဲဒီ ထဲ က ဆံသဆရာ အဖြစ် အရိုး ထုတ်ရင်း ရှိရှိ သမျှ
ဖြတ် ခဲ့တာ ယခု အချိန် ထိ ပဲ ဆိုပါတော့ ။
အဲ ... အခုတော့ တိုင်ကီ လေးလုံးစင် ပေါ်မှာ ခန့်ခန့်ညားညား နဲ့ ဆုံး သွားတဲ့ အမေ ကို အောက်မေ့ သတိရစွာ နဲ့ “ စကား ပြောသော အသည်းနှလုံး ” သီချင်း ကို ဟစ်ကြွေးမဟဲ့ ဆိုတော့ ပရိသတ် က ရွှေဘောတော် ကျ သထက် ကျတော့တာပေါ့ ။ နွေရာသီ ကိုး ... ။ ဟယ် ... ဘာဆိုင်လို့လဲ ။
ဟော ... လာပြီဗျာ ။ မယ်ဒိုလင်သံ ကြားရပြီ ။ ကြည့်စမ်း မယ်ဒိုလင် ကို လွှမ်းသွားအောင် ထွက် လာတဲ့ ကိုဇော်ဝိတ် အသံ ။
“ ရွှေရုပ် နဲ့ နှိုင်းလို့ ... ရွှေရုပ်ပင် ရိုင်းလေမလားကွယ် ... ငွေလ နဲ့ နှိုင်းရင် ငွေလပင် ရိုင်းမှာလားကွယ် ... ချစ်တဲ့သူ အလှရယ် သာလိမ့်မယ် ထင်တယ် ”
ပရိသတ် အားလုံး ကိုဇော်ဝိတ် ရဲ့ သဒ္ဒ ပေါ် မှာ ငြိမ်ကျ သွားတယ် ။ အသံကြီး က ကြီးကြီး ဩဩ တုန်တုန် နဲ့ လေးလေးပင်ပင် ရှိလှပါရော့လား ။
“ သံယောဇဉ်သမား တစ်ဦးမှာကွယ် ... မင်း အတွက် ဆိုရင် တကယ် ဖြစ်လိုရာ ဖြစ်ပါစေကွယ် ”
ကိုဇော်ဝိတ် သီချင်း ဆိုရင်း နဲ့ အမေ့ ကို သတိ ရ တာလား ။ ချစ်ခဲ့ရသူ ဝပုမ ကို သတိ ရ တာလား မသိ ၊ မျက်နှာ က ပြိုတော့မယ့် မိုးလို မှိုင်းညို့ သွားတယ် ။
“ ကြင်နာမြတ်နိုးလွန်းလို့ ... အရိပ်တကြည့်ကြည့် နေသူမယ် ... မျက်နှာ ငယ်မှာ စိုးတယ် ... နှစ်ယောက်သား မနီးကြမှာ ပူပန် တွေးတောရင်းသာရယ် ... ချစ်သူဝေးသော အခါများ မဖြစ်လိုပြီ တကယ် ”
ကိုဇော်ဝိတ် ရဲ့ အသံဩဇာ အောက်မှာ ပရိသတ် က ဖီလင် အပြည့် နဲ့ မျော ကုန်ပြီ ။ ကိုဇော်ဝိတ် အသံ က တကယ့် လွမ်းလွမ်းဆွေးဆွေးကြီး ။
“ တစ်နေ့သော အခါမယ် ... ချစ်တဲ့သူ လှနွဲ့နှောင်း က ... မောင် တကယ် ချစ်ရဲ့လားတဲ့ ကွယ် ”
ဆိုရင်း ဆိုရင်း နဲ့ ဇော်ဝိတ်ကြီး ငိုသံ စွက်လာတယ် ။ မျက်ရည်တွေ ရစ်ဝိုင်း လာတယ် ။ မောင် တကယ် ချစ်ရဲ့လား ဆိုတဲ့ အပိုဒ် မှာ အလို မကျဟန် ရှိုက်သံလေး ထည့် လိုက်တော့ ပရိသတ် ပို ထိ သွားတာပေါ့ ။
“ ချစ်စကားများ သက်သေထားကာ ... အခက်ကြီးကြုံ ရမ္မက်မီးပုံ ပွားနေတာက ”
ပရိသတ်တွေ သူ့ အသံ မှာ မျောပါရင်း အတိတ် က မောင်ဇော်ဝိတ်လေး နဲ့ မဝပုမလေး တို့ရဲ့ ဖျတ်ဖျတ်လူး အချစ် ဇာတ်လမ်းလေး ကို သတိရ သွား သလို မျက်ရည် ဝိုင်း သွား ကြတယ် ။ ဇော်ဝိတ်ကြီး မျက်ဝန်း ကလည်း မျက်ရည် ပေါက်ကနဲ ကျ လာတယ် ။
“ အခုမှ ခက်လှပါပြီကွယ် ... မာတာမိခင်ကြီး ရဲ့ အသည်းနှလုံး ကို မှ သူက လိုချင်တယ် ”
အဲဒီ အပိုဒ်မှာ အထိ ဗျာ ။ မာတာမိခင်ကြီး ရဲ့ အသည်းနှလုံး ကို မှ သူက လိုချင်တယ် အပိုဒ် မှာ ရင်ခေါင်းသံကြီး ကို ငိုသံ စွက်ပြီး ဆိုချ လိုက်တာ အောက် က စိတ် မနိုင်သူ ပရိတ်သတ်တွေ ဆီက မျက်ရည် ဖြိုက်ကနဲ ကျ ကုန်တယ် ။
ပွဲခင်း တစ်ခုလုံး ရုတ်ချည်း အခြေအနေ ပြောင်း သွားတော့တယ် ။ ဆို တဲ့ သူ ကလည်း ငို ၊ ပရိသတ် က လည်း လိုက် ငို နဲ့ အတော့် ကို လွမ်းစရာ ကောင်းတာကလား ။ ဆိုတဲ့ သူ ကလည်း ကွယ်လွန်သူ မိခင်ကြီး ကို လွမ်း လို့ ငို ၊ ပရိသတ် ကလည်း သီဆိုသူ အကြောင်း ကို သိ လို့ ငို ။ ပွဲခင်း တစ်ခုလုံး ရင်ကွဲနာ ကျနေသလား အောက်မေ့ ရတယ် ။
အဲဒီ အချိန် မှာ မှ ဖြစ်ချင်တော့ ...
“ အောင်မလေး ... ကိုဇော်ဝိတ်ကြီး ရဲ့ ... ဒါတွေဟာ ကျွန်မ ရဲ့ အပြစ်ပါ ... ဟောဒီ ... ဝပုမ ရဲ့ အပြစ်ပါ ... ဟီး ”
ဆိုတဲ့ ငိုသံ ကြား လို့ လှည့် ကြည့် လိုက်တော့ ဇော်ဝိတ် ရဲ့ မယားဟောင်း ဝပုမ ။ သူ့ ခမျာ မနေနိုင် လို့ သာ တစ်ဖက်ရွာ က ပွဲ လာ ကြည့်တာ ။ လူ သိမှာ စိုးလို့ ခေါင်းမြီးကြီး ခြုံ ထားသေး ။ အခုတော့ ဇော်ဝိတ် ရဲ့ အနုပညာဈာန် ကို မခံနိုင်လို့ ထင်တယ် ။ ဗြဲကနဲ ထ ငိုတော့တာ ကိုး ဗျ ။ ဝပုမ ကို မြင်တော့ ဇော်ဝိတ် ရဲ့ သီချင်းအကြောင်း အရာမှာ မျောပါ နေတဲ့ ရွာသား အားလုံး တင်း သွားပြီး ...
“ ဟင် ... ဒီကောင်မ ... တို့ အဆိုတော်ကို နှိပ်စက်သွားတဲ့ ကောင်မ ... ပါး ကို ချ ပစ်မယ် ”
“ ဟုတ်တယ် ... ဇော်ဝိတ် အမေ ရဲ့ အသည်းနှလုံး ကို လိုချင်တဲ့ ကောင်မ ကို ချပစ် ”
ဆိုပြီး အသည်း နာနာ အကဲပါပါ နဲ့ ဝပုမ နား ဝိုင်း နေကြတယ် ။ ဒါကို ဝပုမ က လည်း ဖြိုင်ဖြိုင် ကျ နေတဲ့ မျက်ရည် ကြား က နေ ...
“ ရိုက်ကြပါ ... ရိုက်ကြပါ ... ကိုဇော်ဝိတ်ကြီး ဒီလောက် ခံစားရအောင် ရက်စက်မိတဲ့ ဝပုမ ကို ခွင့်မလွှတ်ကြပါနဲ့ ... ရိုက်နှက်ပြီး ဆုံးမကြပါ ”
ဇာတ်ရှိန် က အတော် မြင့် နေပြီ ။ ဒီ အနေအတိုင်း ဆို လူသတ်မှု မလွဲမသွေ ဖြစ်တော့မှာ ။ လူတိုင်း ရဲ့ မျက်ဝန်းတွေ က ဝပုမ ပေါ် မီးဝင်းဝင်း တောက်နေပြီ ။ အဲဒီ အချိန်မှာပဲ ...
“ တမှိုင်မှိုင် တတွေတွေ ... ”
မိုက်ခွက် က တစ်ဆင့် ထွက် လာတဲ့ ကိုဇော်ဝိတ် ရဲ့ ကြည်မြပီသတဲ့ အသံ ကြားတော့ ပရိသတ် အားလုံး ရဲ့ အာရုံ က စင်ပေါ် ပြန် ရောက်သွားကြတယ် ။
“ နေ့စဉ်ရက်ဆက် လွမ်း ... မျိုသိပ်ကာ ထားပေမယ့် ... သားချစ် တဲ့ မေမေ မေးလာသည့် ခဏမယ် ”
အားလုံး ဇော်ဝိတ် ကို ပြန် ကြည့်ကြတယ် ။ ဇော်ဝိတ် က လည်း ရင်ကွဲအိုနာ ကျနေတဲ့ အသံကြီး နဲ့ ဆက် ဆို တယ် ။
“ ခုမဆိုင်းပါ ... တုမနှိုင်းသာ မေတ္တာ များ နဲ့ ဓားထက်ထက် ရင်ကို ခွဲ ... သားချစ်သူ ကို ပေးစေကြောင်း အသည်းနှလုံး ကို ထုတ်ကာ ... ခန္ဓာစဲ လို့ မြေသို့ လဲရှာတယ် ”
မိခင်ကြီး ခန္ဓာ ကိုယ် ကို ခွဲ အသည်း ကို ထုတ်ပေးပြီး မြေပြင် သို့ လဲကျ သွားတယ် ဆိုတာ ကြားတာ နဲ့ ခုနက ငြိမ်နေတဲ့ ပရိသတ်ကြီး အကုန်လုံး ဝမ်းနည်းပြီး ထ ငိုကြ ပြန်ရော ။ သီချင်း စာသား အဓိပ္ပါယ် က လည်း ရင်ကွဲနာ ကျချင်စရာကြီး ကိုး ။
သား ရဲ့ ချစ်သူ က လိုချင်တယ် ဆိုလို့ ကိုယ့် ရဲ့ခန္ဓာ ကိုယ် မှ မငဲ့ညှာ အသည်းနှလုံး ကို ထုတ်ပြီး ပေးရဲတဲ့ မိခင် ရဲ့မေတ္တာ ကို အပြည့်အဝ ဖော်ကျူးထားတော့ မငိုရ မနေနိုင်တွေ ဖြစ်နေတယ် ။ ဘယ်သူ့ ကြည့်လိုက် ကြည့်လိုက် ပွဲခင်း တစ်ခုလုံး တရှုပ်ရှုပ်တွေ ဖြစ်နေတယ် ။ ဇော်ဝိတ် မိန်းမဟောင်း ဝပုမ ဆို ငိုရင်း နဲ့ တက်နေ သလား တောင် အောက်မေ့ ရတယ် ။ မြေပြင် ပေါ် အတောင့်လိုက်ကြီး လူးလှိမ့် လို့ ။
လာပြီဗျာ ... ။ သီချင်း ရဲ့ အထွတ်အထိပ် အပိုဒ် ၊ ဒီ အပိုဒ်မှာ မိခင် ရဲ့ အသည်းနှလုံး စကားသံ ကို ကြို ခံစားပြီး ယူကြုံးမရ ဖြစ်နေကြသူတွေ အများကြီး ။ သီချင်း ဆို နေတဲ့ ဇော်ဝိတ်ကြီး ခမျာတောင် လွမ်း လွန်းလို့ ငိုသံ ကို အနိုင်နိုင် ထိန်းပြီး သီချင်း ကို ဖတ်သီဖတ်သီ နဲ့ ဆက် ဆို နေရတယ် ။ လမိုင်း က လည်း မထင်မှတ်အောင် လွှတ် ကပ် နေတာကိုး ။ စင်ပေါ် စင်အောက် တစ်သားတည်း ကို ကျ လို့ ။
“ မွေးမေ ပေးသော အသည်း ကို ယူကာ ... ကလျာနွဲ့နှောင်း ဆီ အပြေးလာ ခိုက်မယ် ... ခရီးလမ်း မ ဘွေ အလယ် ခလုတ်ကန်သင်းတိုက်ကာ လဲ ... အမေ့ အသည်းနှလုံး လွင့်ကာကျတယ် ”
ကိုယ် ကိုယ် တိုင် ခလုတ်များ တိုက်မိသလား ထင်ရတယ် ။ ကိုဇော်ဝိတ် အသံ က အဲဒီ အသံ က အဲဒီ နေရာ မှာ ငိုသံကြီး နဲ့ ဆောင့်ပြီး ထွက် လာတာ ။ အသည်းနှလုံး က လည်း တကယ် လွင့် ကျပြီး လိမ့် သွားတဲ့ အတိုင်း ပဲ ။
နောက် ဒါ ပြီးရင်လည်း ဒေါ်မြတင်ကြီး ရဲ့ စကား ပြောရမယ့် အပိုဒ် မို့ ဇော်ဝိတ်ကြီး ဒေါ်မြတင် ကို ကြိုပြီး မျက်ရိပ် ပြထားတယ် ။ ဒေါ်မြတင်ကြီး ကလည်း ခေါင်း တဆတ်ဆတ် ညိတ်ပြတယ် ။ သူ သိပါတယ် ပေါ့ ။ ဒါကြောင့် ဇော်ဝိတ် လည်း ရင်ကွဲအိုနာ အကျဆုံး အသံနဲ့ သီချင်း ဆက် ဆို လိုက်တယ် ။ အောင်အောင်လှိုင်လှိုင် ကွဲကွဲကြီး ...
“ အမေ့ အသည်းနှလုံး လွင့်ကာ ကျတယ် ... အသည်းနှလုံး က စကားပြော လာပြီကွယ် ”
ဇော်ဝိတ်ကြီး ဒေါ်မြတင် ကို မျက်ရိပ် ပြတယ် ။
ဒီနေရာ မှာ ဒေါ်မြတင်ကြီး စကား ပြောရမယ့် အပိုဒ် ။ မိုက်ခွက် က ထွက်လာတဲ့ အသံကြီး က ...
“ ကျုပ် က ဘာ ပြောရမှာလဲ တော် ... ” တဲ့ ။
“ ဟင် ”
မဆီမဆိုင် ထွက် လာတဲ့ ဒေါ်မြတင် စကား ကြောင့် အငို ကူ ပြီး သီချင်း ဆိုနေတဲ့ ဇော်ဝိတ်ကြီး ကြောင်ပြီး ရပ် သွားတယ် ။ ခုန လွမ်းလွမ်းဆွေးဆွေး နဲ့ ငိုနေတဲ့ ပရိသတ် လည်း ပါးစပ်တွေ ဟ ကုန်တယ် ။
အမှန်တော့ ...
“ အမေ့ အသည်းနှလုံး လွင့်ကာကျတယ် ... အသည်းနှလုံး က စကားပြောလာပြီကွယ် ”
ဆိုရင် အမေ့ ရဲ့ လွမ်းလွမ်းဆွေးဆွေး အသံကြီး နဲ့ ...
“ သား လူလေး ဘယ်နား နာသွားလဲ သားရယ် ”
ဆိုပြီး ရင်ကွဲနာ အပြည့် ပေးရမှာ ။ အခုတော့ ... လေကျ ကြီး နဲ့ ...
“ ကျုပ် က ဘာ ပြောရမှာလဲ တော် ”
ဆိုပြီး ဖြစ်သွားတော့ အားလုံး ကြောင် သွား တော့တာပေါ့ ။ နောက်မှ ဇော်ဝိတ်ကြီး သတိရ သွားပြီး ...
“ အာ ... ဘာ ပြောရမှန်း မသိရင်လည်း ... အစ ထဲ က မေးထားပါလား ... တောက် ... ”
ဆိုပြီး မယ်ဒိုလင် ကို ဂလုံကနဲ ပစ် ချပြီး ရှူးရှူးရှားရှား နဲ့ စင်နောက် ပြေး ဝင်သွားတယ် ။ ဟုတ်တယ်လေ ။ အသည်းနှလုံး က စကား ပြောမယ့် အမေ တောင် “ ကျုပ် က ဘာ ပြောရမှာလဲ တော် ” ဆိုပြီး ဖြစ်ရ လောက်အောင် ပြောစရာ မှ မရှိတော့ သူ လည်း ဘာ ဆက်ဆိုစရာ ရှိတော့မှာလဲ ။
အဲဒီတော့မှ ခုန ငို နေတဲ့ ပရိသတ်ကြီး လည်း ဆက်ပြီးတော့ပဲ ငို ရ မလား ၊ ထ ပြီး တော့ပဲ အော်ရယ် ရ မလား ဖြစ် နေတယ် ။ ခုနက တက်မတတ် ချက်မတတ် ငို နေတဲ့ ဝပုမ လည်း အတက် ရပ်ပြီး ခေါင်းပေါ် ပုဝါလေး ပြန် ခြုံပြီး ဘယ် လစ်သွားမှန်း ကို မသိဘူး ။ ဘေးနား က လူကြီးတချို့ က မှတ်ချက် ပေး ရှာတယ် ။
“ တောက် ... ဒါကြောင့် သူ့ မိန်းမ နောက် လင်ငယ် ယူတာ ”
“ ငါ ဆို လည်း နှစ်ပြန်တောင် ယူ ပစ်ဦးမယ် ” တဲ့ ... ။
••••• ••••• ••••• •••••
ဒီ လိုနဲ့ စတိတ်ရှိုး မအောင်မြင်တော့ အားလုံးက ပြဇာတ် ကို ဆက် မက တော့ဘူး လုပ် နေတယ် ။ အားလုံးက ဘယ်သူ့ ကို ဘယ်လို အပြစ် တင်ရမှန်း မသိပေ့မယ့် ရှက်ပြီး ဇာတ် ကို ဆက် မကချင်ကြတော့ဘူး ။ ပရိသတ် က စိတ်ပျက်ပြီး ထ ပြန်တဲ့ သူ ပြန် ကုန်ပြီ ။ မပြန်သေးဘဲ ဇွဲကောင်းကောင်း နဲ့ စောင့် နေသေးတဲ့ ပွဲငတ်သူ တချို့တော့ ရှိသေးပေါ့ ။ သူတို့ က လည်း ဘာပဲဖြစ်ဖြစ် တစ်နှစ် တစ်ခါ မှ ဖြစ်တဲ့ ပွဲ မို့ မိုး အလင်း ကြည့်မယ် ဆိုပြီး အားခဲ ထား ကြတာ ။ ပွဲ ကတဲ့ သူတွေ က သာ ဆက် မကတော့ဘူး လုပ် နေတာ ။
ဇော်ဝိတ်ကြီး ကတော့ စိတ်နာ လွန်းလို့ သူ့ ဗလကြီး နဲ့ စင် ကို တွန်းဖြို ဖို့ တောင် လုပ် နေပြီ ။ ဒီလိုနဲ့ ရွာ မှာ နည်းနည်း ဩဇာ ရှိတဲ့ ကျွန်တော့် အဖေ က ပဲ ...
“ မင်း တို့ ဇာတ် ကို ဆက် က ဖြစ်အောင် က ပါ ။ ပွဲ လုပ်မယ် ဆိုတုန်းက မင်း တို့ ပဲ ရွပိုး ထိုးပြီး ဘယ်သူမှ မခိုင်းဘဲ လုပ်ခဲ့တယ် ။ အခုမှ တစ်ယောက် နဲ့ တစ်ယောက် အဆင် မပြေလို့ မကတော့ဘူး ဆိုတာဖြင့် သဘာဝ မကျဘူး ။ ဒါကြောင့် ပွဲ ကိုတော့ ပြီးအောင် ဆက် က ကြပါ ”
သူတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး ။ ဟုတ်လည်း ဟုတ်တယ်လေ ။ တစ်နှစ် မှ တစ်ခါ ဖြစ်တဲ့ ပွဲ ။ ဒီ ပွဲ ကို မှ ပြီးအောင် မကနိုင်ကြဘူး ဆို အစဉ်အလာ ပျက်ပြီ ပေါ့ ။ ဟုတ်ဘူးလား ။ ဒါကြောင့် ပွဲ ကို မပြီး ပြီးအောင် ကို ဆက် က ခိုင်း တာ ။
အဖေ ကိုယ်တိုင် ဆင်း ပြောတော့ ဟိုလူတွေ လည်း ဘာမှ မတတ်နိုင်တော့ဘူး ။ ပွဲ ကို မက မဖြစ် ဆက် က ရတာပေါ့ ။ သရုပ်ဆောင် က လည်း လေးငါးယောက် ပဲ ဆိုတော့ ပြဿနာ မရှိလောက်တော့ဘူး ထင်တာပေါ့ ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment